ကျော်ထင် ● အကြော်မျိုးဆက်ရဲ့ သမိုင်းဦးအစ

November 22, 2017

● အကြော်မျိုးဆက်ရဲ့ သမိုင်းဦးအစ
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၇

● နိဒါန်း
မုံရွာဆိုတာ ဟိုတုန်းကတော့ လှည်းလမ်းကြောင်းပေါ်မှာ ရှိခဲ့တာပါ။ သူလည်း ရွာလေးတရွာပါပဲ။ ချင်းတွင်းမြစ် အရှေ့  ဘက်ကမ်း စစ်ကိုင်းနဲ့ ဗဒုံကြား ကုန်သွယ်လမ်းလေးပေါ်က အကြော်ရောင်းတဲ့ ရွာလေးတရွာပါ။ ဗဒုံကိုတော့ အခု အလုံခေါ် တာပေါ့။ ဗဒုံမြို့ဝန်ကနေ ဗဒုံမင်းတရားကြီးထိ ဖြစ်လာခဲ့တဲ့ ရာဇဝင်ရှိခဲ့တဲ့ ရွာတရွာပါ။ အဲ့ဒီ့လမ်းကြားမှာ ညောင်တပင်လမ်းနဲ့ မြင်းမူလမ်းဆုံတဲ့နေရာမှာ ရှေးတုန်းက ညောင်ပင်အကြီးကြီး တပင်ရှိတယ် ပြောတယ်။

ညောင်ပင်အောက်မှာတော့ ဒေသထွက် ဘူးသီးကြော်၊ ပဲကြော်တွေကို အလျှံအပယ်ရောင်းတဲ့ အကြော်ဆိုင် တဆိုင်ဖွင့်ထား တာ။ အဲ့ဒီ့အကြော်သည်မကို အစွဲထားပြီး မုန့်သည်မရွာလို့ ခေါ်ရာက မုန့်ရွာဖြစ်လာတယ်။ မုန့်ရွာကနေ မုံရွာ ဖြစ်သွားတယ်။ လုပ်ငန်းကို မှီပြီး အရပ်အမည် တွင်သွားတယ်ပြောရမယ်။ ပါးစပ်ရာဇဝင်ပေါ့။ ပါးစပ် ရာဇဝင်တွေဟာ ဟုတ်တာ မဟုတ်တာကို မစိစစ်ခင် နားထောင်လို့ကတော့ အလွန်ကောင်းတာပါပဲ။

(တစ်)
ကျနော်တို့မြို့လည်း ဘာထူးသေးလဲ။ ပါးစပ်ပြောသမိုင်းနဲ့ အတော်ကိုဟုတ်ခဲ့ကြတာပါပဲ။ ပျဉ်းမနားဟာ ပင်မုံနကနေ အသံ ပြောင်းပြီး ဖြစ်လာတာတဲ့။ အချို့ကေစိတွေကလည်း ဗျည်းမနားကနေ ဖြစ်လာတယ် ပြောပြန်တယ်။ ဖြစ်နိုင်တာ ယုတ္တိရှိတာ တွေထက် အချင်းချင်း အလုအယက်ပြောစရာအဖြစ်နဲ့ ပြောခဲ့ကြတယ်။ သူငယ်ချင်းတွေ အချင်းချင်းကြား သူ့ထက် ငါသိဆို တဲ့စိတ်နဲ့ ပြောဆိုခဲ့ကြတာပါ။

ပင်မုံနဆိုတာက ရှမ်းဘာသာစကား။ ဖန်းခါးသီးစခန်းလို့ အနက်ရတယ်။ အရှေ့ဘက်ကနေ ရှမ်းတွေ ပြိုဝင်လာပြီး နေထိုင် သွားရာကနေ အဲ့ဒီ့အမည်တွင်တာပဲ။ မြို့ရဲ့အရှေ့မြောက်ဘက်တွေမှာ ရှမ်းတွေ တည်ထားကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဘာသာ စေတီ ပုထိုးတွေရှိတယ်။ သာယာဝှမ်းနဲ့ ကျည်တောင်ရွာတွေမှာ အဲ့ဒီ့စေတီတွေကို ဖူးမြင်နိုင်တယ်။ သာယာဝှမ်းမှာက ငွေတောင် စေတီ၊ ကျည်တောင်မှာက ရှင်မင်တုပ်ဖြိုးစေတီတဲ့။ အဲ့ဒီစေတီတွေဟာ ရှမ်းတွေတည်ထားကိုးကွယ်ခဲ့တာလို့ ဆိုတယ်။ အဲ့ဒါတွေကို သေချာအောင်တော့ လေ့လာဖို့ လိုပါသေးတယ်။

ပျဉ်းမနားမြို့ပေါ်မှာလည်း ခုထက်ထိ ရှမ်းကန်ဆိုတာ အထင်အရှားမို့  ရှမ်းတွေနဲ့တနည်းမဟုတ်တနည်း ပတ်သက်မှုကတော့ ရှိခဲ့မှာပါပဲ။ တော်တော်ရှေ့ ရောက်တဲ့ကာလတခုကဆိုရင် ရှမ်းကန်ရေပြင်ပေါ်မှာတောင် ရှည်တံရှည်အိမ်တွေဆောက်ပြီး အင်းသားတွေလို နေခဲ့ကြတယ်လို့ အပြောအဆို ကြားခဲ့ဖူးတယ်။ ရှမ်းတွေ နေထိုင်ခဲ့ကြတာတော့ သေချာပါတယ်။ ကျနော် နေတဲ့ရပ်ကွက်ဆိုရင် အရင်က ရှမ်းကျောက်တောင်လို့ ခေါ်ခဲ့ကြတာပဲ။

ကျောက်ခဲ သိပ်ပေါတဲ့တောင်။ ရေချိုထွက်တဲ့တောင်ပေါ့။ ဒီတောင်ကုန်းပေါ်မှာ ရှမ်းတွေ နေထိုင်ခဲ့ကြတယ်။ ဒီသမိုင်းဟာ သေချာတယ်။ ကျနော်တောင် အဲ့ဒီရှမ်းအနွယ်ထဲက ဆင်းသက်လာခဲ့တာ။ ကျနော့်အဘိုးဆို မောင်ကိုတွေများလွန်းလို့ ရှမ်းမောင်ကိုလို့ အညွှန်းတပ် အခေါ်ခံခဲ့ရတာ။ ဦးနုပါတီက ဘကြီးကျတော့ ရှမ်းကိုကြီးတဲ့။

ခုတော့လည်း အဲ့ဒီ့ မူလရှမ်းကြီးတွေ မရှိတော့ပါဘူး။ ကျနော့်အဘိုးဆို ၁၉၈၁ ကတည်းက ကွယ်လွန်တာ၊ ဆယ်စုနှစ်လေးခု နီးပါးရှိပြီ။ အရင်က တောင်ခြေရင်းမှာ ရှမ်းလူမျိုးအိမ်တွေရှိခဲ့သေးတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်၊ နှစ်နှစ်ဆယ်လောက်က ရှမ်းဘိုးဘွားတွေ ကွယ်လွန်အနိစ္စရောက်ကုန်ပြီးကတည်းက အဲ့ဒီ့နေရာဆီ လူသစ်တွေ ရောက်လာကြတာ။ အဲ့ဒီ့လူသစ် တွေဟာ  ရှမ်းဘိုးဘွားတွေရဲ့ မျိုးဆက်တွေပဲလား၊ တခြား ဘာမှမဆိုင်တဲ့လူတွေပဲလားဆိုတာတော့ ဘာမှ မသေချာတော့ ပါဘူး။

အားလုံးဟာ ဒီလိုပဲ ပေါ့ပေါ့ပါးပါးနေထိုင်မှုကြားမှာ ဇစ်မြစ်ဆိုတာတွေလည်း ဟိုလိုလို ဒီလိုလို ပျောက်ကွယ်ကုန်တော့မှာပါပဲ။ ဒါဟာ အမှတ်အသားနဲ့ပတ်သက်ရင် မလုပ်ခဲ့ကြလို့လား။ ကျနော့်အထင်တော့ အမှတ်အသားနဲ့ပတ်သက်ရင် အားနည်းကြ တယ်ထင်တယ်။ ကမ္ဘာဦးကတည်းက မှတ်တမ်းတွေရေးခဲ့ကြတယ်ဆိုပေမယ့် စနစ်တကျဖော်ထုတ်ခံရတာကတော့ တွေ့ရ ခဲပါတယ်။

ဘေးဘိုးတယောက် စနစ်တကျရေးမှတ်ခဲ့တဲ့ အခွန်တော်မှတ်တမ်းဆိုရင် ဒီအတိုင်းဆို တိမ်မြုပ်ပျောက်ကွယ်ရတော့မှာပါ။ ဒါကို အနီးအနားက သူကြီးတွေက စံပြုကြလို့သာ မတိမ်မမြုပ်ပဲ ဥဆောင်းကျမ်းတွေထဲထိ ကျန်ခဲ့နိုင်တာ။ အဲ့ဒီလို အာဂမ ယုတ္တိတွေထဲ ရောက်မသွားတာ ဘယ်လောက်များရှိလိုက်မလဲ။ အာနန္ဒာစေတီရဲ့အင်္ဂတေမှာ လူနို့တွေပါတယ်ဆိုတဲ့အမှတ်အသားမျိုး၊ မင်းလှခံတပ်က ဗမာစစ်သားတွေဟာ ကင်းဝန်ရဲ့အမိန့်ကိုမနာခံပဲ အင်္ဂလိပ်ရေတပ်ကို အမြောက်နဲ့ပစ်ခတ် တိုက်ခိုက်ရာမှာ အမြောက်ဆံနှစ်ရာလုံးဟာ မပေါက်ကွဲဘူးဆိုတာမျိုး၊ ဘာလို့မပေါက်ကွဲသလဲဆိုရင် ယမ်းနေရာမှာ နွားချေး တွေချည်း ထည့်ထားလို့ဆိုတာမျိုး၊ ဒါတွေဟာ ကျနော်တို့ မှတ်သားမထားရင် ဘယ်လိုထင်ကျန်မှာတုန်း။

တနေ့ကတောင် အမှတ်အသားနဲ့ပတ်သက်ပြီးတော့ အလေ့အထုံရအောင် လုပ်ကြဖို့ပြောမိသေးတယ်။ လတ်တလောအမှတ် အသားကို ပြောရရင် ဗမာပြည်မှာရွာတဲ့မိုးကို ကုလားမိုးနဲ့တရုတ်မိုးဆိုပြီး အမှတ်အသားပြုထားတာ။ ဘင်္ဂလားပင်လယ်အော် ကလာတဲ့မိုးတွေဟာ ကုလားမိုးတွေပေါ့။ ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်တွေမှာ ရွာလေ့ရှိတဲ့မိုးတွေပေါ့။ အောက်တိုဘာ လ၀က်ကျော်သွားပြီးရင်တော့ တရုတ်မိုးတွေ ရွာတတ်တယ်။ တောင်တရုတ်ပင်လယ်ကလာတဲ့ မုန်တိုင်းတွေ ကြောင့် အရှေ့ဘက်ခြမ်းကနေ မိုးတွေဝင်လာတာ။ ဒါ ဟာ တရုတ်မိုးပေါ့။ တရုတ်မိုးရွာပြီးပြီဆိုရင် ဆောင်းဝင်ပြီ။ အေးပြီ။

ဒါကို ပလူတွေက သိတယ်။ ဆောင်းရောက်တဲ့အကြောင်းကို ပလူတွေက ထွက်ပြောတယ်။ ညနေခင်း နေဝင် ဖျိုးဖျအချိန်ဆို လမ်းတွေမှာ လည်း ပလူတွေဖွေးလို့။ အိမ်တွေမှာလည်း ပလူတွေခဲလို့။ တအားပါပဲ။ အဲ့ဒီ့ညမှာပဲ ဆောင်းကြိုပုရစ်တွေကလည်း သစ်ရွက်ခြောက်တွေ အောက်က၊ တုံးကြိုတုံးကြားထဲက၊ ဝန်းခြံတိုင်တွေပေါ်က နေရာစုံကနေ ညာသံတွေပေးလို့ဆောင်း-ဆောင်း-ဆောင်း-ဆောင်းနဲ့ အော်မြည်နေသလိုပါပဲ။

ပလူတွေက မိုးကုန်တာကို သိတယ်။ ပုရစ်တွေက ဆောင်းဥတုကို ကြိုတယ်။ ဒီတော့ လူတွေက ပလူတွေ မိုးကုန်တာကို သိ တယ်ဆိုတာ မှတ်သားမထားသင့်ဘူးလား။ ပုရစ်တွေ ဆောင်းကြိုတယ်ဆိုတာကို သိမနေသင့်ဘူးလား။ သိနေသင့်တာပေါ့။

(နှစ်)
ဒီလိုပဲ ကျနော်တို့ရပ်ကွက်ခြေရင်းက အကြော်အကြောင်းလည်း သိနေသင့်တာပဲပေါ့။ ရှမ်းကြော်တဲ့။ ရှမ်းခပေါင်းကြော်တဲ့။ ဒီအကြော်က တော်တော်ရှားတာ။ ရှားဆို တမြို့လုံး ဒီတဆိုင်တည်း ရှိပါတယ်။ ကျနော်ရောက်ဖူးသမျှမြို့တွေမှာလည်း ဒီ အကြော်မျိုး မတွေ့ဖူးပါဘူး။ တွေ့ဖူးသူရှိခဲ့ရင်လည်း ပြောပြကြပါဦး။

ဘာပဲဖြစ်ဖြစ် ကျနော်တို့မှတ်သားတာကောင်းပါတယ်။ ရှမ်းကြော်နဲ့ပတ်သက်ပြီး ကျနော်စိုးရိမ်တာက အဲ့ဒီ့အကြော်မျိုးဆက် ပြတ်တောက် တော့မှာကိုပါ။ အခုရောင်းနေတဲ့ ဒေါ်စမ်းကြီးပြီးရင် နောက်ထပ်ရောင်းမယ့်သူက မရှိတော့ဘူး။ မျိုးဆက်ပြတ် သွားပြီ။ သူ့သမီး အကြီးမနဲ့ သားအကြီးကောင်ကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံး သွားကုန်ပြီ။ ကျန်တဲ့သားတယောက်က ဆံပင်ညှပ်တယ်။ နောက်သားတယောက်က ဆိုင်ကယ်ပြင်တယ်။ ဒီတော့ အကြော်နဲ့ပတ်သက်ရင် သူတို့မှာ တာဝန်မရှိတော့ ဘူး။ စိတ်ဝင်စားကြတော့မှာ မဟုတ်ဘူး။ သူတို့အလုပ်နဲ့ သူတို့ကိုး။

ဟိုတလောကတောင် ဆိုင်ကယ်ပြင်တဲ့အငယ်ကောင်ကို မင်းတို့အမေရောင်းတဲ့ ရှမ်းကြော်အကြောင်းသိရင် ပြောစမ်းပါဆို တော့ အမေမှသိမှာတဲ့။ လမ်းစ မရဘူး။ အိမ်ရောက်တော့ ခပေါင်းဆိုတဲ့ ဝေါဟာရကို လိုက်ရှာကြည့်တယ်။ မတွေ့ရဘူး။ ဒါဆို ရှမ်းကျောက်တောင်ကို အစွဲပြုပြီး အကြော်အမည်ကို ပေးလိုက်တာလား။ မုံရွာဆိုတာ အကြော်သည်မကိုအစွဲပြုပြီး မြို့ နာမည်ဖြစ်လာသလို၊ ရှမ်းကြော်က ရပ်ရွာကိုအစွဲပြုပြီး အကြော်အမည် ဖြစ်လာတာလား။ ရှမ်းတွေနေတဲ့ ရှမ်းကျောက် တောင်ခြေရင်းက အကြော်မို့ ရှမ်းကြော်လို့ခေါ်လိုက်တာလား။

ဒါဆို ရှမ်းခပေါင်းကြော်ဆိုတဲ့အမည်ကကော။ ဘယ်လို အဓိပ္ပာယ်ရလဲ။ စကားလုံးရင်းမြစ်ကိုရှာရင်းနဲ့ ငါးပေါင်းကြော်ဆိုတာကို သွားတွေ့တယ်။ ငါးသေးသေးလေးတွေကို မုန့်နှစ်နဲ့နယ်ပြီး တွဲစပ်ကြော်ထားတဲ့အကြော်ကို ခေါ်တာ။ ဒီဝေါဟာရက လာတာ များလား။ ရှမ်းခပေါင်းကြော်မဟုတ်ဘဲနဲ့ ရှမ်းငါးပေါင်းကြော်များ ဖြစ်လေမလား။ ဒါပေမဲ့ ရှမ်းကြော်မှာက ငါးတော့ မပါဘူး။ ဘူးသီးကို သေးသေးနုပ်နုပ်စင်းပြီး မုန့်နှစ်နဲ့တွဲစပ်ကြော်ထားတာ။ ကြော်ပုံကြော်နည်းတူလို့များ ငါးပေါင်းကြော်ခေါ်လေသ လား။ ရှမ်းကျောက်တောင်ခြေရင်းမှာကြော်တဲ့အကြော်မို့ ရှေ့ကနေ ရှမ်းတပ်လိုက်လေသလား။

ဒါမှမဟုတ် မူလရှမ်းကြီးတွေများ ကြော်ရောင်းသွားလို့ ရှမ်းငါးပေါင်းကြော်ခေါ်ကြတာလား။ အကြော်လေးတကြော်ရဲ့ သမိုင်း အစတောင် ဒီလောက်ခက်ခဲနေတာတွေ့မှ သတ္တလောကကြီး ဘယ်လိုစတယ်ဆိုတာကို ဗုဒ္ဓမဖြေကြားခဲ့တဲ့အဖြစ်ကို သ ဘောပေါက်တော့တယ်။

(သုံး)

အကြော်သည်ဒေါ်စမ်းကြီးဟာ ဒီအကြော်ကို သူ့အမေဒေါ်အေးတင်ဆီက ရခဲ့တာတော့ သေချာသိတယ်။ သူ့အမေဒေါ်အေး တင်ကြော်တဲ့ အကြော်ကို ကာလအထိုက်အလျောက်ကြာတဲ့အထိ ကျနော်စားဖူးတယ်။ အဲ့ဒီ့တုန်းက ပစ္စည်းတွေက မှန်၊ အချိုးအစားကလည်းမှန်ဆိုတော့ သိပ်စားကောင်းခဲ့တယ်။ ဘူးသီးဈေးကြီးလို့ တခါတခါ ဂေါ်ရခါးသီးနဲ့ကြော်လည်း စား ကောင်းတာပါပဲ။

ကြော်တဲ့ဆီဆိုတာကလည်း ပဲဆီ၊ နှမ်းဆီစစ်စစ်တွေကိုး။ ဆန်မှုန့်ထဲမှာ ကောက်ညှင်းဆန်မှုန့်နည်းနည်းရောရတယ်။ အဲ့ဒီ မုန့်မှုန့်ကို ငါးပိနည်းနည်းရယ်၊ ဆားရယ်၊ အချိုမှုန့်ရယ်၊ ရေရယ်နဲ့ခပ်ပျစ်ပျစ်နယ်ရတယ်။ ပြီးတော့မှ ဘူးသီးတွေကို သေး သေးနုပ်နုပ်လှီးထားတာနဲ့ ရောနယ်။ ဒယ်အိုးပြားပြားမှာ အဝိုင်းပုံလုပ်ပြီး ကြော်။ ဒါဟာ အင်မတန်စားကောင်းတဲ့ ရှမ်းကြော်ပဲ။

ခုတော့ အဲ့ဒီ့ရှမ်းကြော်မျိုးဆက်ပြတ်တော့မယ်။ ဒေါ်စမ်းဟာ ရှမ်းကြော်မျိုးဆက်ရဲ့ နောက်ဆုံးမျိုးဆက်။ ဒေါ်စမ်းတောင် အကြော်ကို မရောင်းတလှည့် ရောင်းတလှည့်နဲ့။ သူက ရပ်ကွက်ထဲ သာရေးနာရေး၊ ကုသိုလ်ရေးအဖွဲ့ထဲမှာ အချက်အပြုတ် ဝင်။ အဲ့ဒါတွေရှိတဲ့နေ့ အကြော်ရောင်းမထွက်ဘူး။ ထွက်တဲ့နေ့ဆိုရင်လည်း မနက်စောစောထဝယ်မှ ရတာ။ မနက် (၇)နာရီကျော်ရင် အကြော်မမြင်ရတော့ဘူး။ မီးဖို ငုပ်တုပ်ပဲ တွေ့ရတော့မယ်။

အဲ့ဒီ့ရှမ်းကြော်ရဲ့သမိုင်းဦးအစကို ဒေါ်စမ်းကြီးမလွန်ခင် မေးထားမှဖြစ်မယ်လို့တွေးမိတယ်။ မကြာခင်မှာ ကျနော်တို့မြို့ မြေ ပေါ်ကနေ အကြော်တမျိုးကွယ်ပျောက်သွားတော့မယ်။ နောက်ဆုံးမျိုးဆက် ဒေါ်စမ်းကြီးတောင် အသက် ၆၀ ကျော်နေပြီ။ အကြော်တောင်းကြီး ရွက်ပြန်လာတဲ့သူ့ခြေလှမ်းတွေဟာ အရင်လိုမသွက်တော့ဘူး။

ဒေါ်စမ်းကြီးက သူ့အမေ အမေကြီးဒေါ်အေးတင်ဆီကနေ အကြော်အမွေကို ရခဲ့တယ်။ ဒါဆို အမေကြီးဒေါ်အေးတင်က ဘယ်က ရသလဲ။ ရှေးဦးရှမ်းတွေဆီကလား။ တကယ်မေးကြည့်တော့ အဲ့ဒီ့အတိုင်း ဟုတ်မနေဘူးဆို တာတွေ့ရတယ်။ အမေကြီးဒေါ်အေးတင်ဟာ အမေကြီး ဒေါ်ရွှေသွဲ့ဆီကနေ အကြော်အမွေကိုရခဲ့တာတဲ့။ ဒေါ်ရွှေသွဲ့နဲ့ ဒေါ်အေးတင်တို့က ဘာမှတော့ မတော်ပါဘူး။ ရပ်ဆွေရပ်မျိုး။

ဒေါ်ရွှေသွဲ့ကို ရပ်ဆွေရပ်မျိုးထဲက အိမ်ထောင်သည် အမျိုးသမီးသုံးယောက်က အမြဲအကူအညီပေးလေ့ရှိ တယ်။ အဲ့ဒီ့ သုံးယောက်ဆိုတာက အေးတင်နဲ့အေးခင်ရယ်၊ အေးတုပ်ရယ် သုံးယောက်။ အေးတုပ်ကတော့ ဆန်မှုန့်ထောင်းတဲ့မောင် ထွန်းမွှေးရဲ့ ဇနီးမယား။ သူကတော့ ဒေါ်ရွှေသွဲ့ကြီးနဲ့ စီးပွားဖက်လို့ ပြောနိုင်တယ်။ အေးတင်က မောင်ရွှေဂုဏ်ရဲ့ကြင်ယာတော်။ အေးခင်ကိုတော့ ကျနော်မသိဘူး။

အဲ့ဒီ့တုန်းက ဒေါ်ရွှေသွဲ့ကြီးက အကြော်ကို လမ်းဘေးမှာ ကြော်ရောင်းတာ မဟုတ်ဘူး။ အကြော်က ခရီး သွားလမ်း လာလမ်း သွားကို အမှီပြုပြီး ရောင်းတာမဟုတ်တော့ လမ်းဘေး လူသွားလူလာများရာနေရာဖြစ်ဖို့မလိုဘူး။ အော်ဒါနဲ့ ကြော်ရောင်းတာ။ မြို့ထဲက ရွှေဆိုင်တန်းတွေက နေ့တိုင်း အော်ဒါပေးတယ်။ ဒီတော့ အကြော်က မိုးလင်းတာနဲ့ကုန်ပြီ ကြော်ပြီးတာနဲ့ကုန်ပြီ။ အဲ့လို အနေအထားနဲ့ရပ်တည်ခဲ့တဲ့ အကြော်။ ဒီတော့ လမ်းဘေးမလိုဘူးပေါ့။

လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့တဲ့ လယ်တီဝန်းကြီးထဲမှာ ကြော်တာ။ ကျောင်းဝန်ကြီးထဲမှာ ထန်းပင်ကြီး ရှိတယ်။ မလှမ်းမကမ်းမှာ ဖြောက်ဆိပ်ပင်။ ထန်းပင်ကြီးက ဘယ်ပေါ်မှာပေါက်နေသလဲဆိုရင် ပြိုကျနတဲ့ ဘုရားပြိုကြီးအနီးမှာ ပေါက်နေတာ။ ကျနော်တို့ငယ်ငယ်တုန်းကတော့ အဲ့ဒါကို တောင်ကုန်းလေးလို့ထင်ခဲ့မိသေးတာ။ နောက်မှ တိုက်ပန်းနွယ်တွေ အောက်က အုတ်ပြားကြီးတွေ အထပ်လိုက်ကိုတွေ့ရမှ ဘုရားပြိုကြီးမှန်းသိကြတာ။ အဲ့ဒီ့ဘုရားပြိုကုန်းလေးရဲ့ခြေရင်း၊ ထန်း ပင်ကြီးရဲ့အောက်မှာ အကြော်ကိုကြော်တာ။ မနက် ဝေလီဝေလင်းဆိုကြော်ပြီ။

အဲ့လိုကြော်ပြီဆိုရင် ထန်းပင်ကြီးပေါ်ကနေ လျှာကြီးတန်းလန်းဆင်းလာတယ်။ ဒေါ်ရွှေသွဲ့ကြီးက အကြော်တခု နှစ်ခုထည့် ပေးလိုက်မှ လျှာကြီးက ပြန်တက်သွားတယ်ဆိုတယ်။ ဒီပါးစပ်ပုံပြင် တကယ်ဟုတ်မဟုတ်တော့ မသေချာပါဘူး။ ဒေါ်ရွှေသွဲ့အကြော်ရောင်းတဲ့ခေတ်ကို ကျနော်မမီပါဘူး။ သေချာတာကတော့ ညညဆို ထန်းပင်ကြီး လေတိုးလို့ ဗြန်းဗြန်းမြည်ပြီဆို ကျနော် မော်မကြည့်ရဲဘူး။ လျှာကြီးများလားဆိုတဲ့အသိနဲ့ ဘယာနကရသကို ခံစားမိခဲ့တာ။ အကြောက်တရားဟာ မ ကောင်းဘူးဆိုပေမယ့် လူဆိုတာ ရသာစုံအောင်ခံစားနိုင်လေ ကိုယ်ချင်းစာတတ်လေမဟုတ်လား။

ကျနော်ကတော့ အဲ့လိုထင်တာပဲ။ အဲ့ဒီ့ကြောက်စိတ်ဆိုတာ တသက်လုံးရှိနေတတ်တာမှ မဟုတ်တာ။ တခါတခါ ကြောက် စိတ်ဖြစ်ခဲ့တာဟာ ရယ်စရာတောင် ပြန်ဖြစ်သွားပါသေးတယ်။ ငါငယ်ငယ်က ဒါကိုကြောက်မိပါလားဆိုတဲ့ အတွေးနဲ့ဟာသ ရသတောင် ခံစားနိုင်တတ်တာပဲလေ။ ငယ်ငယ်တုန်းကတော့ မရဘူးပေါ့။ ဒေါ်ရွှေသွဲ့ကြီးတောင် မကြောက်တာ ငါဘာလို့ ကြောက်ရမှာလဲလို့ဘယ်လိုပဲ အားတင်းတင်း ဝီရရသ ဖြစ်မလာခဲ့ပါဘူး။

(လေး)
ဘာပဲပြောပြောပါ။ တကယ်တော့ ဒေါ်ရွှေသွဲ့ရှမ်းကြော်ဆိုတာ သရဲပုံပြင်တပုဒ်စာထုတ်လို့ရတဲ့အထိ ကာလကွာခဲ့ပါပြီ။ ဒေါ်ရွှေသွဲ့က ဒီအကြော်ကို ဘယ်ကရခဲ့သလဲ။ ရှေးဦးရှမ်းတွေဆီက ရခဲ့တာလား။ ရှေးဦးရှမ်းတွေကကော ရှမ်းကြော်ကို ရှမ်း ဆန်နဲ့ကြော်ခဲ့တာလား။ ရှမ်းဆန်နဲ့ကြော်ရင်တော့ ရှမ်းဆန်က စေးထန်းထန်းဖြစ်လို့ ကောက်ညှင်းရောဖို့ လိုမယ်မထင်ပါဘူး။

သူတို့ကကော ရောင်းစားတာလား။ အိမ်မှာပဲ လုပ်စားရုံလုပ်စားတာလား။ အဲ့ဒီ့ကမှ ဗမာမကြီး ဒေါ်ရွှေသွဲ့ဆီရောက်တယ် ဆိုရမလား။ ဒါပေမဲ့ သမိုင်းတွေက မသေချာပါဘူး။ ဘာမှ မရေရာတော့ပါဘူး။ သမိုင်းကွင်းဆက်က ပြတ်သွားပြီ။ အကြော် တမျိုးရဲ့ဇစ်မြစ်က ဒီနေရာမှာတင် နိတ္ထိတံသွားပြီ။ အဲ့ဒီလို သမိုင်းဦးအစတွေ ဘယ်လောက်များ ရှိနေသလဲ။ ကျနော် ဖြည့် စဉ်းစားမိတယ်။ ကျနော် ညံ့တာလည်း ဖြစ်နိုင်ချင်ဖြစ်နိုင်ပါတယ်လေ။

ကျော်ထင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်