ဖိုးစီ(ရုံးတော)- ဆားတိုင်ကန် ရေတွင်းကျောင်း ဦးပညာဒီပ

November 22, 2017

ဖိုးစီ(ရုံးတော)- ဆားတိုင်ကန် ရေတွင်းကျောင်း ဦးပညာဒီပ
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၇

(၉၀) ခုနှစ်ကျော်က တခုသော နွေရာသီ၏ ညဖက် ညဥ့်နက်အောင် လက်ဖက်ရည်ဆိုင်ထိုင်ကာ အိမ်ပြန် အလာမှာ အမက “နင့် ဘုန်းကြီးက မနက်စော စိတ္တသုခကျောင်းလာခဲ့တဲ့ .. ဆားတိုင်ကန် သွားမလို့ လို့ ပြောတယ်” ဟု ဆီးကာ ဆိုလာ၏။

ဆားတိုင်ကန်ကို သွားမည်ဆိုတော့ ဘဘုန်း၏လက်ဦးဆရာ ရေတွင်းကျောင်း ဆရာတော် ဦးပညာဒီပဆီ သွားမည်ဖြစ်လိမ့်မည်။ ကျနော့်အဖေက ဦးပညာဒီပကို ဘွဲ့အမည် တပ်မခေါ်၊ ဒို့ဆရာ ငါ့ဆရာဟုသာ ညွှန်း တတ်ရာ ငယ်စဉ်ကတည်းက အဖေနှင့် ဘဘုန်း၏ ငယ်ဆရာဟု အမှတ်ပြုကာ အနီးကပ်ဖူးချင်မိလှသည်။

အလှူပွဲကြွလာ ကြုံဖူးခြင်းနှင့် ညဦးဖက်ဝတ်ဖြည့် ကြုံပါသော်လည်း ငယ်လွန်းသေး၍ အနီးကပ်သဘော မနော မရိပ်စားမိခဲ့သေးပါ။ မနက်စောစော စိတ္တသုခကျောင်းရှေ့ရောက်တော့ ဘဘုန်းက မုခ်ဦးမှာပင် ရပ်ကာ စောင့်နေလေရာ သူလည်း စိတ်စောနေပုံရ၏။ လှူဖွယ်မုန့်အချို့နှင့် သင်္ကန်းအိတ်ကိုထမ်းကာ ကားဂိတ်သို့ ဆိုက္ကား မြင်းလှည်း ဘာနဲ့သွားမလဲ ..စူးစမ်းလေသော် ဘဘုန်းက ခြေကျင်လျှောက်ရမည် ဆို လာသည်။ ရွာသား ကျနော့်အတွက် အပမ်းမကြီးလှပါ။ သို့သော် ဘဘုန်းက ဆားတိုင်ကန် ရွာအထိ ခြေလျင် ခရီးဟုမိန့်လေသော် မျက်လုံးပြူးရပြီ။ နားကြားလွဲသည်မှတ်၍ ‘ဘုရာ့’ဟု အထွန့်တက်သော် ဘာမှ ဘုရာ့ မနေနဲ့၊ ဆရာသမားဆီ သွားကန်တော့ရမှာ။ ဘာယာဉ်မှ မသုံးတာ အကောင်းဆုံးဟု ပြတ်ပြတ်ဆို၏။ သွားနိုင်ပါတယ်ဘုရာ့ဟု ဝန်ခံရသော်လည်း မကွေးမြို့လည်မှ မြို့ပြင်ထိ (၁)မိုင်ခွဲခန်၊ နောက်ထပ် (၂) မိုင်ခွဲ ခန့်၊ ပေါင်း (၄)မိုင်ခန်ခရီး နွေမနက်စောဝယ် နေမပူခင် သုတ်ခြေတင်ကြရမည့် ခရီးတကား။

မြို့ပတ်လမ်းကို ကျော်၍ ဆားတိုင်ကန်ရွာဖက်သို့ သွားသည့် လူသွားလမ်းသေးလေးအား မှန်း၍ လိုက်လာခဲ့ ကြကာ နာရီဝက်ခန့် လျှောက်မိသော် ဆွမ်းသပိတ် ဆွမ်းဟင်းဗျပ်နှင့် မောင်ရင်ငယ်နှစ်ပါးအား မျက်နှာချင်း ဆိုင်ရှောင်ရစဉ် ဘဘုန်းက “ဟေ့ ကိုရင်တို့ ဘယ်ကျောင်းကတုန်း”

“ဆားတိုင်ကန် ရေတွင်းကျောင်းကဘုရာ့”ဟု ဖြေ၏။

ကိုရင်နှစ်ပါး ဖြေသံကြားသော် ဘဘုန်းမျက်နှာက မှိုင်းမှုန်ကာ မသာယာနိုင်တော့ပြီ။

သူ့နှုတ်မှ ဘုန်းကြီးကလည်းကွာ….ဟု တိုးတိုးရွတ်သံ ကြားရသည်။

“ဟေ့ ဒီနေ့ ဒို့တူဝရီး နေ့ဆွမ်းပါ ဥပုသ်စောင့်သင့် စောင့်ကြတာပကွာ၊ ရလား”

ရပါတယ်ဘုရာ့ဟု ဆိုလိုက်ရသော်လည်း လမ်းလျှောက်ရသည့် ခရီးအတွက်တော့ ရင်ထဲမှာကျွဲမြီးတိုဆဲပင်။

“မင်း ဘုန်းကြီးကို ဘယ်လောက် သိသတုန်း”

“သိပ်မသိပါဘူးဘုရာ့။ ဘုန်းကြီးတို့ အဖေတို့ စာချဆရာ ဆိုတာလောက်ပဲ။

ရွာ နောက်ဆုံးတခေါက်လာသွားတုန်းက အပြန်မယ် မန်းကျည်းတန်းရွာအတက် ကားချော်ပြီး ကလေး တယောက် စင်ကျတာ မြင်ပြီးကတည်းက သောင်းလှိုင့် မင့်ဆီ နောက်တခါ ငါမလာဘူးလို့ မိန့်သွားတာဆို .. အဲ့နောက် တပည့်တော်လည်း မမြင်ဘူးတော့ပါဘူး”

“အေး… ငါ့ဆရာက လူတမျိုး”ဟု မိန့်ရင်း အသံတိတ်ကာ လျှောက်နေပြန်တော့သည်။

ကျနော်လည်း အဖေ့ဆီက ကြားဖူးထားသည်များကို စဉ်းစားမိပြန်၏။ ဦးပညာဒီပက စာသိပ်တတ်တာ၊ စာတတ်သလောက် ပညာမာန်ကလည်း ကြီးပါ့။ သူတတ်တယ်ဆိုတာ စာမေးပွဲတွေအောင်၊ ဘွဲ့တွေရ တတ်နေတာမဟုတ်ဘူး .. တဲ့။ ငယ်စဉ်က ကျနော်တို့အား ဘဘုန်း ချခဲ့သော အဘိဓမ္မာစာဝါများသည် သူ့လက်ရာဟု ကြားသိထားပါသည်။ လယ်တီ ဆရာတော်ဘုရားကြီး၏ သံခိပ်မူနှင့် အနည်းငယ်ကွဲကာ သူလည်း တမျိုးခေတ်မီသည် ထင်မိပါ၏။

တခါသား မြောက်တိုက် ဦးကုမာရ (နိုင်ငံတော်သံဃာ့မဟာနာယက အကျိုးတော်ဆောင်ချုပ် လုပ်သွားတဲ့ မကွေးဆရာတော်ကြီး ဦးကုမာရ မဟုတ်ပါ) နှင့် စာချနာယက ဆရာတော်ချင်း စာငြင်းကာ နှစ်ဖက်အလျော့ မပေးကြဘူး တဲ့။ ဦးပညာဒီပက မာန်ပိုသည် ထင်ရသည်။ ကိုယ်တော် ရှိတဲ့ဘက် ကျင်ငယ်တောင် လှည့် မစွန့်ဘူးဘုရာ့ဟုဆိုကာ ကျောင်းတိုက်မှ ထွက်လာ၍ ယခု ရေတွင်းကျောင်းမှာ သီတင်းသုံး ကာ မကွေးကို လုံးဝမကြွလေတော့ဘူး တဲ့။ အသက်အရွယ်အရ ဉာဏ်ပညာအလင်းပြ သံဝေဂရသော ကာလဝယ် မာန်ကို နှီမ်ချ၍ ဦးကုမာရ အား ကန်တော့လေအံ့ဟု မကွေးသို့ကြွခါ စိတ္တသုခကျောင်း၌ သင်္ကန်းကြီးကို ခေါင်းမြီးခြုံ ကာ မေတ္တာပို့နေပါလေသတဲ့။ မေတ္တာပို့ခြင်း ဆုံး၍ သင်္ကန်းခြုံကို လှစ်လေသော် ခြေရင်းမှာ ရန်သူတော်ကြီး ဦးကုမာရက တုပ်ပျပ်ဝတ်လျက်သား ကန်တော့နေတာ တွေ့ရပါသတဲ့။

“ဟား ..တပည့်တော် အရှင်ဘုရား ကန်တော့ မေတ္တာပို့နေသာပါ ဘုရာ့”

“တပည့်တော်လည်း အရှင်ဘုရား ကြွလာတယ် ကြားလို့ ကန်တော့ဖို့ လာခဲ့တာဘုရား”

ဒီလိုနဲ့ ပညာသည် နှစ်ပါး ပြန်ပေါင်းထုပ်ခန်း ကြားရတာ ကြက်သီးထဖွယ် ကြည်ညိုခဲ့ရဖူးပါသည်။

……

ထိုစဉ်က မကွေးလေဆိပ်သစ်အတွက် ယာမြေများ သိမ်းဆည်းပြီးစ အချိန်လောက်ဖြစ်မည်ထင်သည်။ ဆေးတက္ကသိုလ်လည်း မဖြစ်ပေါ်သေး သဖြင့် မကွေးနှင့် ဆားတိုင်ကန်အကြား ယာပြင်ကျယ်ကြီးသာ ခြားလျှက်ရှိသေးသည်။

ရေတွင်းကျောင်းက ရွာ့တောင်ဖက်ဆီမှာ ရှိလေရာ ရွာတွင်း ဝင်ရန်မလိုဘဲ ကျောင်းကို တိုက်ရိုက်ရောက် သွားပါသည်။

ကျောင်းနှင့် တခေါ်လောက်အကွာမှာ ဘဘုန်းက ရပ်တဲ့ပြီး …

ဝင်းနိုင်…မင့် ဒီနေ့ ဆရာသမားဆီမှာ စကားတခွန်း တရားတစ လက်မလွတ်စေနဲ့။ အကုန်ရအောင်မှတ်။ လာရခဲ ရောက်ရခဲ နောက်တခေါက်လည်း မလွယ်ဘူး”ဟု သတိထောက်စကား ဆို၏။ သူ ဘယ်လောက် အလေးအနက်ထားနေကြောင်း ပို၍ သတိထားမိလာပါသည်။ ကျနော် ဖောက်သည် ချသမျှ ယုတ္တိကို မကျော် လွန်အောင် သတိဆောင် ပြောပါမည်။

ကျောင်းအဝင်ဝက ခမ်းနားသော မုခ်ဦး မဟုတ်ပါ။ လှည်းလမ်းအကွေ့မှ ဘွားကနဲ ကွေ့ဝင်လိုက်စဉ် ပိန်ပါး သေးလှီလှသည့် ဆရာတော်ကြီးသည် အတက်မဖျင်ထားသော ဝါးစိမ်းတစ်ချောင်းကို ထောက်ကိုင်ကာ အေးချမ်းသော အပြုံးကြီးဖြင့် သူ့တပည့်အား ဆီးကြိုလျက်ရှိ၏။

သောင်းကြိုင် မင့် ငါ့ မသေခင် လာတွေ့တာပေါ့ဟုတ်လား…ဆိုသည်မှာ ပထမဆုံး ကြားရသော ပဋိသန္ဓာရ ဖြစ်လေ၏။ ကျနော့်မှာ တပည့်လက်သားကို ဘွဲ့မည်မခေါ်ဘဲ ကျနော်တို့လို အမျိုးရင်းသာသိသည့် လူနံမည် ကို ခေါ်ခြင်းအတွက် နားထဲဝယ် ဆန်းလှ၏။ အသက် (၆၀)၊ ဝါ (၄၀)ခန့် တပည့် ရဟန်းကို ဝါတော် (၆၀) ကျော် ဆရာတော်ကြီးက ကလေးလို ချစ်ခင်စွာဆက်ဆံတာ မြင်ရတာ ကြည်နူးဖွယ်ရာပင်။

တပည့်လာမည်ကို ကြိုသိနေသည့်အလား ကျောင်းပေါက်ဝမှာရပ်နေတာလည်း မတွေးဘဲ မနေနိုင်အောင် ပင်။

“ဘုန်းကြီးကလည်း ဘယ့်နှယ် မိန့်လိုက်တာလဲ”

“အော် ဟုတ်ပါသကွ။ မင်းနဲ့ငါ ဒါ နောက်ဆုံးတွေ့တာပဲလဟ”

“မဟုတ်သာ ဘုရာ့”

အခြေအနေက ကျောင်းပေါက်ဝ မြေပြင်ပေါ်ဝယ် ဘဘုန်းနှင့် ကျနော်က ဒူးတုပ်ဝတ်ပြုကာ ဆရာတော်ကြီး က ခရိုးခရိုင် ဝါးစိမ်းတုတ်ကို ထောက်ကာ ရပ်လျက်။

လာ…ကျောင်းအောက် သွားစို့ဟု တန်းဖြုတ်လိုက်မှ ကျနော်တို့လည်း လှုပ်ရဲတော့သည်။ အသက်တလျှောက်လုံး ဘုန်းကြီးကျောင်းမှာပင် လူဖြစ်ကြီးပြင်းလာသော ကျနော်က မျက်လုံးတချက်ဝေ့ကာ ရယ်ချင်ပက်ကျိ ရှိရတော့ပြီ။ ခက်နေသည်က ဘုန်းကြီးကြီး (၂)ပါး အခင်းမပါသော ကြမ်းပေါ် ဘာမှမဖြစ် သလို စံနေကြချိန်ဝယ် ခြေရင်းဖက်ကဝင်ရမည့် ကျနော့်အတွက်မူ အလှူခင်း ဖျာကြမ်းကြီးများနှင့် သင်ဖျာများ အချပ်လေးငါးဆယ် ပုံထားသည့်အပေါ် တက်ထိုင် ရမည်သို့ ရှိနေရာ မဝံ့ဘဲ ရှိနေရပါတော့သည်။

“ဟေ့ ထိုင်လကွာ”

သူ့ဆီက အသံထွက်လာပေမဲ့ ကျနော်ကဖြင့် မဝံ့သေး။ ကိုယ့်ဆရာသမား မျက်ရိပ်ကိုသာ တသမတ်တည်း အကဲခတ်နေမိသည်။

ဒီကောင် အကိုကြီးသား ဘုရာ့။ ဘုန်းကြီးတပည့်မှာ သူ့တယောက်ပဲ သားရှိတယ် ဟု မိတ်ဆက်ကာသာပေး ပြီး ထိုင်ဖို့တော့ အခွင့်မလာ။

“သောင်းလှိုင်က သူ့ကိုယ်စား သားလွှတ်ပြီး ငါ့ နောက်ဆုံးတွေ့ချေ ခိုင်းတာထင်ပါ့ကွာ”

(ဒုတိယအကြိမ် ပြောခြင်းဟု မှတ်ထားလိုက်သည်။ )

သောင်းလှိုင်သား …ထိုင်။ ဥစ္စာသယန မဟာသယနဆိုတာ ငါတို့ စောင့်တာ လူကပ္ပိယတွေနဲ့မဆိုင်ဘူးဟု ဆိုသောခဏ ဘဘုန်းက ပြုံစိစိသာလုပ်နေ၏။ သို့ဖြင့် ဘုရားကား အောက်၊ မျောက်ကားအထက် ဆိုဘိ သကဲ့သို့ သက်တော်ကြီး ဝါတော်ကြီး ဆဒေါ်ကြီး ၂ ပါး အနိမ့်မှာထား၍ တသက်နှင့်တကိုယ် တကြိမ်တခါမျှ ထိုင်ခဲ့ရဖူးပေကြောင်း ဤစာရေးရင်း မှတ်တမ်း ပြုပါ၏။

………

မှတ်မှတ်ရရ ၎င်းနေ့သည် တပေါင်းလပြည့်နေ့ ဖြစ်ကြောင်း စာရေးရင်း သတိပြန်ပေါ်ပြီ။ ဥပုသ်နေ့ပင်ဖြစ်လင့်ကစား ကျောင်းသို့ ဥပုသ်ယူ သီလဆောက်တည်ရန်လာသည့် လူဒကာ ဒကာမတဦး တလေမျှ မမြင်ရသေး။ ရွာက သူ့တပည့်ကျောင်းမှာ ဒီအချိန်ဆို ဥပုသ်သည်များ ကျောင်းမဆန့်၍ အသုတ် အသုတ်ခွဲကာ ဦးပဇင်းငယ်များ သီလပေးနေရပြီ။ ဆန်းသည်ထင်ရစရာ ရှိသော်လည်း မဆန်းပါ။ ကျမ်းတတ် သီလဝန္တ ဖြစ်သော်လည်း လူမှုဆက်ဆံရေးက လက်ရှိအမြင်မှာပင် ဒုံးပိတ်ကပ်သပ်ကြီး (တုံးပေကတ်သတ်) မဟုတ်တုံလော။

ဆရာတော်ကြီး၌ အမအရင်း သီလရင်ကြီး ၂ ပါးရှိလေရာ မြသလွန် ဘုရားကုန်းတော်ပေါ်၌ ဝါးတဲကျောင်း ကလေးဖြင့် နေကြ၏။ နှမ်းပေါ်ချိန်တန်လျှင် ရွာစဉ်လှည့်ကာ နှမ်းဆန်ရပ်ရလေရာ ကျနော်တို့ အိမ်မှာတည်း ကျောင်းလုပ်ကာ အခြားရွာများဖက်သို့ ဖြန့်ကာလျှောက်ရင်း နှမ်းဆန် အလှူခံရသည်။ သူတို့ဆီက ကြားဖူး ထားသည်မှာ ငယ်ရွယ်စဉ်က ဆွမ်းဆန်ရပ်ပြီး မောင်ပဉ္စင်းကျောင်းဝင်ကာ လှူဖွယ်များ လှူချင်၏၊ ဘုရားပန်း ရေချမ်း လဲလှယ်ချင်၏၊ သို့သော် သူတို့သဘာဝ စကားတင်းပြောမိကြသည်ကို ဆရာတော်ကြီးကြားလေရာ ဒီအမယ်ကြီးတွေ ကျောင်းလာစကားများ အကုသိုလ်ဖွဲ့နေတာပဲ၊ နောက် မလာခဲ့ကြနဲ့ဟု ငေါက်ကာ မြစ်ထား သဖြင့် မောင်အရင်း ကျောင်းဝင်းသို့ ခြေချခွင့်မရကြသည်မှာ ပျံလွန်သည့်တိုင်အောင် ဖြစ်သောဟူ၏။

ဆိုတော့…သည်လို ဆဒေါ်ကြီး ဘယ်လောက်ပင် ကျမ်းတတ်သည်ဆိုဦးတော့ ဘုန်း သမ္ဘာနည်းတာမြင်ရ ဝမ်းနည်းရုံမှတပါး တိုး၍ ကြည်ညိုရန်သာ ရှိပါသည်။

ဘဘုန်းနှင့် ဆရာတော်ကြီး စကားစမြည်ပြောနေကြစဉ်ဝယ် ကျနော်ထမ်းလာခဲ့သော လှူဖွယ်များကို ထုတ်ကာချ၏။ ဘုန်းကြီးနှစ်ပါးက လှည့်၍မျှပင် မကြည့်။ တတ်နိုင်ပါဘူ့၊ ကိုယ်လည်း ဒါတွေနှင့် အကျွမ်းဝင်ကမင့်ဟု စိတ်သွင်းခါ ကျောင်းတွင်း မျက်လုံးဝေ့ရှာသော် ကိုရင်ငယ် တပါး သင်္ကန်း ပိုသီပတ်သီဖြင့် ရစ်သီရစ်သီလုပ်နေသည်ကို မြင်မှ အစုခွဲကာ သူ့လက်ထဲအပ်လိုက်၏။ ကိုရင်စီမံတတ်ရဲ့လားမေးတော့ ဦးပဉ္စင်း အပ်လိုက်မယ် ဖြေ၏။ ဟင်… ဦးပဉ္စင်း ရှိတယ်။ ကျနော် အတော်ပင် နှလုံးမသာ ဖြစ်သွားပါသည်။ အာဂန္တုဘုန်းကြီးလာသည်ဟု ခရီးဦးကြိုဝတ်လာမဖြည့် မစီမံ၍ပါ။ သို့စင်သော ကိုယ့်ဆရာသမားဆရာတော်ကြီးအား လေးစားဂါရဝ နည်းလှသည်ဟု မှတ်ထင်မိ သည်။

ကျောင်းအောက် ကွပ်ပျစ်ကြီးပေါ်မှာပင် ဆရာအရှင် ၂ ပါး စကားကောင်းနေခိုက်၊ ရှားပါးဥပုသ်သည်ဟု ဆိုရမည့် အသက် (၆၀)ခန့် ဦးကြီးတယောက် လှူဖွယ်ဆွမ်းဝတ် အချိုပွဲများအပြည့်အစုံဖြင့် ရောက်လာကာ ကပ်၏။ (ဆားတိုင်ကန်ရွာတွင်းမှ မဟုတ်တာ မှတ်မိနေပါ သည်။)

ဒါလည်း ဆရာတော်ကြီးက အရေးတယူမရှိပါ။ သောင်းကြိုင် ..ဒီဒကာ သီလပေး လိုက်ပါ ဟု တာဝန်ချလေရာ ဘဘုန်းက တဦးတည်းသော သီလယူပရိသတ်နှင့် ကပ္ပိယကျောင်းသား ကျနော့်အား သီလပေးတရား ချပေး ၏။ ကျနော့်စိတ်ထင် သူ့ဘဝမှာ ဒီတကြိမ်သာ ဒီလို ပရိသတ်အနည်းနှင့် ကြုံဖူးခြင်း ဖြစ်နိုင်ပါသည်။

သီလပေးပြီးနောက် ၎င်းဥပုသ်သည်ဘကြီးနှင့် ကျနော့်ဆရာ ဘဘုန်းလေပေးဖြောင့်နေသည်ကို လက်ဦးမတော့ ဆရာတော်ကြီးက ကွပ်ပျစ်ဦးခန်းမှ ပြုံးအေး ကြည်စွာ ရှိနေသေးသည်။ ထိုစဉ်က မြန်မာ့နိုင်ငံရေးအမှောင်မိုက်ဆုံးကာလဖြစ်ရာ ရင်ဘတ်တူရာလူချင်းစုမိသည်နှင့် ဒီအကြောင်းများမှလွဲ အခြားပြောစရာလည်းမမြင်လေရကား အောင်ဆန်းစုကြည်၊ ဘီဘီစီ၊ ခင်ညွန့် စသဖြင့် လှိုင်ဘောလယ်အောင် ဆွေးနွေးနေကြလေရာ၊ ဆရာတ်ာကြီးက …

“အဟမ်း …သောင်းကြိုင်”

“ဘုရာ့”

“မင့် ဗဟုသုတ အတော် များတာပဲကွ”

“တင်ပါ့ဘုရား “

(ကျနော်တို့အားလုံး မျက်မွေးထော်၍မှမကြည့်ရဲသော ဘဘုန်းသည် သူ့ ဆရာအရှေ့ဝယ် ကိုရင်ငယ်လေးပမာ ပျပ်ဝပ်ကာနေသည်ကို ကျနော့်မှာ ရီချင်လှ၏)

“မင့် မေးပရစေဦး။ မင်း အဲသာတွေ တော်တော်ပဲနားလည်နေတာလား”

“တင်ပါ့။ နိုင်ငံရေး ဆွေးနွေးမိတာပါဘုရား”

“နိုင်ငံရေးဆိုတော့ အများအရေးပေါ့ကွာ။ မင်းတို့ ငဒို့ တောကျောင်းကလေးထဲကနေ သူများအရေးထက် ကိုယ့်အကြောင်းကို စေ့ငုပါလဟ”

“တင်ပါ့”

ဤသည်မှ စ၍ ဆရာတပည့်နှစ်ပါး တရားဆွေးနွေးနေကြရာ စည်သံကြားမှ နားကြတော့၏။

ကိုရင်ငယ်နှစ်ပါးချဉ်းလာ၍ ဆရာတော်များအား ရေချိုးကိုယ်လက်သန့်စင်ရန် ပင့်သွားမှ ကျနော်လည်း ကျောင်းဝန်းအတွင်း လှည့်ကာ ကြည့်မိသည်။ မနက်စောဆီက မကွေးမှအလာ ဆုံခဲ့ရသော ကိုရင်ငယ် အတွဲလည်း ဦးပဉ္စင်း နံဘေးဝယ် ဆွမ်းပွဲပြင်လျက် တွေ့ရပါသည်။ ကျောင်းအနောက်တောင်ထောင့်ဆီ အရောက် ကျနော့မျက်ခုံးပင့်မိသလို ဘဝင်မကျလည်း ဖြစ်သွားမိ၏။ ကျောင်းသားကပ္ပိယမဟုတ်တာ သေချာသောကလေးငယ် အစိတ်သုံးဆယ်ခန့် စီရီငြိမ်သက်စွာ ထိုင်နေကြတာကို တွေ့လိုက်ရခြင်းကြောင့်ပင်။ ဤမျှများပြားသော ကလေး အုပ်ဆီမှ စီစီညံညံဘာသံမှမကြားရတာကိုလည်း အံ့သြနေမိသည်။ ဆွမ်းကပ်မည်ဟု ကိုရင်များ ဥပုသ်သည်ဘကြီးနှင့် ကျနော်တို့ ဆွမ်းပွဲ ကို ပင့်မကပ်လေရာ ဘဘုန်းက များပြားပြည့်စုံသော ဆွမ်းပွဲကိုအံ့အားတကြီးကြည့်လျက်က …

“ဘုန်းကြီး …အတော် ပြည့်စုံလှသာပါကလားဘုရား”

ဆရာတော်ကြီးက ခပ်မဆိတ်။ ဘဘုန်းသည် အလာလမ်းမှာကတည်းက မကျသောဘဝင် ကို ဆရာသခင်အား ရင်ဖွင့်လေပြီ။

“ဒလောက် ပြည့်စုံနေတာဘုရား၊ ကိုရင်လေးတွေ မကွေးဆွမ်းခံလွှတ်နေတယ်။ ဝေးကလည်းဝေး ပူကလည်းပူသနဲ့”

“အမယ်၊ ငါ့ပရိသတ် မင်း မမြင်ရသေးဘဲနဲ့”ဟု ပြန်နှက်လေရာ အကင်းပါးသော ဘဘုန်းလည်း အသံတိတ်သွားတော့၏။

ဆရာတော်များနှင့် ကိုရင်များဘုဉ်းပေးအပြီး ကျနော်နှင့် ဥပုသ်သည်ဘကြီး ကျောင်းသားများစားပြီးကြသည့်တိုင် ဆွမ်းကျန်ဟင်းကျန်များ အတော်များသေး၏။

“သောင်းလှိုင့်သား ဆွမ်းဝေပုံချတတ် လား”

“တတ်ပါတယ်ဘုရား၊ တပည့်တော်လုပ်ပါ့မယ်”ဟု အာမဘန္တေခံကာ ဆွမ်းကျန်များကို မိုးဗြဲဇလုံကြီး ၂ ခုအတွင်း သွန်ချကာ ဟင်းကျန်များနှင့် ပေါင်းနယ်လိုက်ရ၏။ နယ်ပြီးကာမှ ထိုထမင်းဇလုံအတွင်းမှ အသားတုံး၊ ငါးခြောက်တုံးများကို ပြန်ကောက် ဆယ်ကာ နံဘေးမှာ လင်ဗန်းကြီးဖြင့်ချထားလိုက်သည်။ အားလုးပြင်ဆင်၍ပြီးသော် ဆရာတော်ကြီးနှင့် ကိုရင်များက ကျောင်းအောက်သို့ သယ်သွားကာ ဆွမ်းကျန်မျှော်နေသည့် ကလေးအုပ်အား ဆွမ်းချိုင့်အကြီးတလုံးဖြင့် ခပ်၍ခပ်၍ ဝေပေးပါသည်။ အသားတုံးများကိုတော့ ကျနော်ကိုယ်တိုင် လူအရေအတွက်ဖြင့် ညီမျှအောင်ပြင်ကာ ဝေပုံချရသည်။

အနီးကပ်ကာ အနည်းငယ်ရင်းနှီးလာသဖြင့် ကျနော်လည်း အထွန့်တက်ကြည့်သည်။

“ဘုန်းကြီးဘုရာ့ ဒီကလေးတွေက ကျောင်းအိပ်ကျောင်းစားလည်းမဟုတ်၊ ကျောင်း ဝေယျာဝေစ္စလည်း ဘာမှမလုပ်ရပါဘဲ နေ့တိုင်း ဆွမ်းခံကျွေးနေရတာ ဟုတ်သေးပါဘူးဘုရာ့”

“အမယ် ဒါ အနီးချုပ်စပ်က ကလေးတွေ။ ပညာပေးမယ်ဆို မလာဘူး၊ အစားကျွေးမယ်ဆိုကာမှလာသာဗျ”ဟုဆိုမြည်ကာ ခပ်မဆိတ်နေတော့ ထပ်ပြီးအထွန့် မတက် ရဲတော့ပါ။

တပေါင်းလနွေနေ့လည်သည် သွပ်မိုးပျဉ်ကာ ကျောင်းကြီးအပေါ်၌ မခံနိုင်အောင်ပူလှပြီဖြစ်ရကား နေ့လည်ခင်း ဖက် ဆရာတော်ကြီးမည်သို့ စံလေမည်နည်းဟု ကျောင်ဝင်းထဲရောက်ကတည်းက တွေးမိနေတာဖြစ်သည်။ ကျောင်းအောက်ထပ်မှာလည်း ကွပ်ပျစ်တခုကလွဲ မြေပြင်သာ ဖြစ်၏။ ကလေးအုပ်အား ဆွမ်းကျန်ကျွေးပြီးနောက် ဆရာတော်ကြီးက …

“သောင်းကြိုင် လာ ..အောက်ထပ်မှာ အေးတယ်”ဆိုတော့ ကျနော့မှာ ပြုံးစေ့စေ့ ဖြစ်ရသေးတော့သည်။

သို့သော် ဆရာတော်ကြီး မိန့်တာ အမှန်ပင်ဖြစ်သည်။ ကျောင်းကြီးအောက်ထပ် ထောင့်တနေရာမှာ ထန်းလက်ကာ ထန်းလက်မိုး လိုဏ်လေးသဖွယ် ဖန်တီးထား သောနေရာသို့ဝင်ကာ ထန်းလက်ကုလားထိုင်လေးဖြင့်စံလေရာ အတော်ပင်အေးမြလှသော နေရာကလေး ဖြစ်၏။ ထိုအေးမြလှသော စံနေရာကလေးအတွင်းမှာ ကျနော် ဆရာဘဘုန်း ချွေးပြန်ရလိမ့်မည့်အကြောင်းကို ထိုစဉ်က မရိပ်မိခဲ့သေး။

နေ့ဆွမ်းစားပြီးစ ဖြစ်၍ ဆရာတော်များ ကျိန်းစက်လိမ့်မည် ထင်သော်လည်း အိပ်ရာ ခုတင်မဟုတ်၍ပေလား မသိ၊ မကျိန်းကြဘဲ တိုးတိတ်စွာသာနေကြရာ ကျနော်လည်း အလိုက်တသိ ဖျာစုတ်ကလေးတခုယူကာ ထန်းရွက်လိုဏ်ထဲဝင် ထိုင်နေရင်း ငိုက်မျဉ်းလာပါ သည်။

တီ- မြန်မာစံတော်ချိန် နေ့ခင်း ၁ နာရီရှိပါပြီရှင် ..ဟူသော အသံထွက်နာရီမှ မိန်းကလေးတယောက်အသံ ထွက်ပေါ်လာတော့ အသာအယာထိုင်နေသော ဆရာတော်ကြီး၏ မျက်လုံးအစုံက ပြူးကျယ်ကာ နှုတ်ခမ်း နှစ်ခုပွင့်အာလျက် ဘာဖြစ်ပါ လိမ့်ဟု ဆန်းစစ်နေသယောင်။ အသံက ဘဘုန်း လွယ်လာသောလွယ်အိတ်အတွင်းက ထွက်လာခြင်း။ ရုတ်ခြည်းပင် သူနားလည် သွားပုံရ၏။

“သောင်းကြိုင်”

“ဘုရာ့”

“မင့် အတော်ပျက်နေသာပါကလားဟ”

“တင်ပါ့၊ နာရီပါဘုရာ့ အသံထွက်နာရီ၊ နှိပ်လိုက်ရင် အချိန်ဖြေတယ်။ အချိန်ပေးထားရင်လည်း ဖြေတယ်”

“အေးပါ ဟုတ်ပါပြီ။ နာရီတောင် မကြည့်အားနိုင်ဘဲ အသံထွက်တွေ ဘာတွေသုံးပြီး …..”

“တင်ပါ ဘုန်းကြီး၊ တပည့်တော်လည်း အမြဲမသုံးပါဘူးဘုရား။ တရားဟောတုန်းတို့ ..ခရီးသွားတုန်းတို့…”

“ဟယ် ..တရားဟောတုန်း နှိပ်မိမှဖြင့် ဒကာမသံထွက်လာ ခက်ပေ့ဗျာ ..”

ဆရာတော်ကြီးလည်း ပြောစရာအကွက်ရဟန်ဖြင့် တပည့်ဖြစ်သူကို တိုး၍သာ နှိပ်နယ်ဆိုမြည်နေလေတော့ရာ ကျနော်တို့ တပည့်သားမြေးများ အင်မတန်ကြောက်ရသည့်ဘဘုန်းသည် သူ့ဆရာ ရှေ့ဝယ် ရိုးရိုးပင်မထိုင်ဝံ့တော့ပဲ ဒူးနှစ်ဖက်ချကာ ပြောင်းထိုင်လေသဖြင့် ကျနော်ပါ အထိုင်ပြောင်းရလေတော့၏။ (စကားညှပ်၍ ပြောလိုသည်မှာ ဘဘုန်းသည် ထိုခဏမှစ၍ ၎င်းအသံထွက်နာရီအား ဘယ်သောအခါမှ ဆက်မသုံးတော့ပါ)

“ပြောစမ်းပါဦးဗျာ .. ရုံးတော မှာ ဘာတရားတွေဟောနေတုန်း “

ဆရာတော်ကြီးက စကားလမ်းကြောင်းကို တရားပေါ် ဆွဲတင်တော့ပြီ။

“တင်ပါ့ ဒီလိုပဲ ..ပရိသတ်အလိုက်အထိုက် ..အများအားဖြင့်တော့ အဘိဓမ္မာ”

ဘဘုန်းသည် ဆရာ့အကြိုက် ကျစိမ့်သောငှာ မုသားမဟုတ်ပေတည့် ရာနှုန်းပြည့်အာမမခံနိုင်သော အဖြေကို ပေးလျှောက်တာ သတိထားမိပါသည်။

ထိုအခါမှာ စ၍ ဆရာတော်နှစ်ပါး၏ စာစစ်-စာလျှောက် စာမေး-စာဖြေပွဲကြီးတခုကို ဘဝတလျှောက်လုံး တသကြည်ညို ကျန်ရစ်ရ အောင် နဖူးတွေ့ ဒူးတွေ့မျက်မှောက်ပြုခဲ့သည်မှာ အချိန်အားဖြင့် တွက်စစ်သော် (၄)နာရီကျော် ကြာလိမ့်မည် ထင်ပါသည်။

စကားတခွန်း၊ တရားတစ လက်မလွတ်စေနဲ့ဆိုသော အလာလမ်းက သတိပေးစကားက အင်တမန် တန်ဖိုးရှိလှပါပေသည်။ နား မလည်သည်လည်း ရှိ၊ လည်သည်လည်းရှိ။ တခါတရံ အရှိန်မြင့်လာ၍ လေသံများပီကြည်လာသည့်အခါ အသက် (၈၀)နှင့် (၆၀)တန်း ရဟန်းအိုများမှ ဟုတ်ပါလေစဟု ကြက်သီးထခါ တွေးမိသည်အထိပင် ဖြစ်တော့သည် ။

………..

နေ့ခင်း (၃)နာရီကျော်ခန့်အရောက်မှာ နှစ်ပါးဆွေးနွေးနေရာမှ စာကိုးလိုလာလေဟန်ဖြင့် ရုတ်တရက်…

“သောင်းလှိုင့် သား ကျောင်းပေါ်သွား စာအုပ်ယူချေပါ” ဟု လိုချင်သောစာအုပ်အမည် နှစ်ခုသုံးခုရွတ်၍မိန့်လေရာ ကျနော် ဆရာတော်စံရာ ကျောင်းကြီး ပေါ်သို့ တက်လာခဲ့၏။ ပူပြင်းကြွပ်ဆတ်လှသော နွေရာသီနေ့လည်ခင်းဝယ် ကျောင်းအပေါ်ထပ်၌ လူမဆိုထားဘိ ကြောင်ပင်မရှိ၊ တိတ် ဆိတ်နေပုံက ချောက်ချား ဖွယ်ရာရှိလှ၏။

ဆရာတော်ကျိန်းစက်ရာ နေရာခန်းသို့အဝင်မတော့ ကျနော့မှာ အံ့အားသင့်လွန်း၍ ငိုင်ကာသာ အကြာကြီးနေမိတော့သည်။ အထပ်သားခင်းထားသည့် ညောင်စောင်းနိမ့်နိမ့် နေရာကွက်သည် ရဟန်းတပါး လူပုဂ္ဂိုလ်တဦးအမြဲနေသည့် အိပ်ရာနှင့်မတူဘဲ စာအုပ် ပေါင်းစုံ ပရမ်းပတာပြန့်ကြဲကာ အထက်မှာ စာအုပ်၊ ဘေးမှာ ကျမ်းစာအုပ်ဖွင့်လျက်တချို့၊ ခေါက်လျက် ရေးလက်စ အုပ်များတချို့၊ ခြေရင်းခေါင်းရင်း အမှတ်မရှိစာအုပ်သိုက်ကြီး ဖွဲ့ကာထားဘိသကဲ့သို့ မှာလိုက်သည့်စာအုပ်အား ဘယ်ကစ၍ရှာရမည်မသိအောင် ခေါင်းနောက်လှတော့၏။ အနည်းဆုံး စာအုပ်ရေ ထောင်ကျော်ရှိလိမ့်မည်။ ချွေးပြိုက်ပြိုက် ကျအောင်ရှာရင်းက သတိထားမိပြန်သည်မှာ ဆရာတော်ကြီး ကျိန်းစက်ရာ ညောင်စောင်းမှာ စောင် ခေါင်းအုံးမတွေ့ရခြင်းတည်း။ အခင်းနီညိုလေးတခုသာ အောက်သိုးသိုးအနံ့ဖြင့် စံပယ်နေလေရကား ဆရာတော်ကြီး ခေါင်းအုံးမထားဘဲ ကျိန်းစက်သည် ကြားဖူးထားသည်မှာ မှန်ကြောင်း တွေ့ခဲ့ရပါသည်။

ယခုအချိန် ပြန်ပြောင်းစဉ်းစားတော့ ထိုအချိန်က ကျနော့အတွေးထဲမှာ ဖြစ်နေခဲ့သည်က အရှင်နှစ်ပါး ဆွေးနွေးခန်းကို မှတ်တမ်း တင်ထားလိုစိတ်များ ပေါ်နေခဲ့တာဖြစ်သည်။ ဤစာစု၌ ကျနော်ပြနိုင်သည်က ဇာတ်ကြောင်းလှန်ဖြစ်စဉ်ပြ အဖွဲ့သာ။ အနှစ်အသားကို တပါဒမျှ မဖော်ပြနိုင်။ ပညာ့အရှင်တို့ ဖတ်သော် အော် ဒီလိုတဲ့ဟု ဇာတ်ပမာထား မှတ်စရာ စကားမပါနိုင်ခြင်းမှာ ကျနော့်ဉာဏ်တမိုက်ဖြင့် မတန်မရာ တက်ကိုင်ပြလိုခြင်း အမိုက်ကြောင့်သာ ဖြစ်ပါမည်။

ညနေ (၄) နာရီ ခွဲခန့် ရှိလတ်သော် ကျနော်က ဘဘုန်းအား အချိန်လင့်ကြောင်း မဝံ့မရဲမျက်ရိပ်ပြကာ လျှောက်ကြည့်၏။ တဖန် အလာလမ်းမှာကတည်းက ဘဘုန်းပေးအပ်ထားသော နဝကမ္မ ဝတ္ထုငွေ အထပ်ကို စာအိတ်အတွင်းထည့်ကာ ပြင်ဆင်ရပါသည်။ တချောက်ချောက်အသံတိုးကြောင့် ရိပ်မိသွားသော ဆရာတော်ကြီးက ..

“ဘာတုန်းကွ”

ကျနော်မဖြေဝံ့ပါ။ သူရို့ဆရာ/တပည့် ပြောကြစေရန် ငြိမ်နေပါသည်။

“တင်ပါ့ .. အရှင်ဘုရား စာအုပ်ရိုက်ဖို့ ပုံနှိပ်တိုက် စားရိတ် ဝတ္ထုငွေလေးပြင်လာတာ အဲသာ..”

“ဟာ သောင်းကြိုင် ဒါ ဆရာသမားက စွန့်ရတာမျိုး …။ မလုပ်နဲ့”

“မဟုတ်သာ ဘုရာ့၊ ဘာမှလည်း မဖြစ်လောက်ပါ ဘုရာ့” စသဖြင့် ဘဘုန်းက အတော်ပင် နားချလှူဒါန်း၊ ဆရာတော်ကြီး ဖက်ကငြင်း အတော်ကြာသွားပါသည်။ အဆုံးမှ

“အေး မင့်ဝတ္ထု ဘယ်လောက်လဲ”

“၆ သောင်းခွဲ ဘုရာ့” (ထိုစဉ်က အတော်အတန်များသည်ဟု ဆိုနိုင်ပါ၏)

“အေး ငါ ရန်ကုန် … ပုံနှိပ်တိုက်နဲ့ စာအုပ်ကိစ္စ ကျန်နေသေး တယ်”ဟုဆိုကာ ကျနော် ရန်ကုန်ကျောင်းတက်ရန်အပြန်မှာ ဆောင်ရွက်ဖွယ် တချို့ကို မိန့်မှာသဖြင့် ဝတ္ထုငွေများ ပြန်သိမ်းထားလိုက်ရပါ သည်။

ဝတ္ထုငွေကိစ္စ ပြီးသော် ..

“တပည့်တော်တို့ ပြန်ပါဦးမယ်ဘုရာ့၊ မကွေးမှာ ရွာပြန်မဲ့ကားလည်း စောင့်နေရော့မယ်”

“စောင့်မယ်ဆိုမှတော့ စောင့်ကြမှာပေါ့ကွာ ..နာရီတမတ်လောက်တော့နေဦး သောင်းကြိုင်။ မင်းနဲ့ငါ နောက်ဆုံစရာ မရှိတော့ပါဘူး။ ဒီ တဘဝအတွက် ဒါ နောက်ဆုံးပဲကွ” (တတိယအကြိမ် ထပ်ပြီးမိန့်ဆိုခြင်း)

“ဘုန်းကြီးကလည်း မဟုတ်သာ ..ကျန်းကျန်းမာမာကြီး ရှိသေးတာ၊ တပည့်တော်လည်း တခေါက်တကျင်း လာဖူးပါဦးမယ်”

“မင်းမလာနိုင်ပါဘူးကွ” ဟု အသံပြတ်ဖြင့် ပြန်မိန့်လေသည်။

ထို့နောက်တွင်တော့ အရှင်နှစ်ပါး၏ ဘဝဇာတ်အဆုံး သံသရာမိတ်ဆွေများပမာ နှုတ်ဆက်ကြသည့် မြင်ကွင်းကို ထိုစဉ်က ပြန်ချင်အားကြီးနေ၍ အမှုမဲ့ နေခဲ့မိသလောက် နောက်ပိုင်း ပြန်စဉ်းစားတိုင်း ရင်ကိုထိခိုက်လှပါသည်။ မှတ်မိသလောက် ဆရာတော်ကြီးက လေးနက်တည်ငြိမ်သော မျက်နှာထားဖြင့် မတ်တပ်ရပ်လျှက် ဘဘုန်းက ဆရာတော်ကြီး၏ခြေတော်အစုံပေါ နဖူးတင်ကာ ဒူးတုပ်လျက် .. အပြန်အလှန် ခွင့်လွှတ်ကြပါမည့် အကြောင်း မိန့်ဆိုနေကြပုံ။ မျက်နှာထားတည်ငြိမ် ဟန်မပျက်သော်လည်း ဘဘုန်း၏အပေါ်ရုံ သင်္ကန်းတခုလုံး ချွေးများနစ်ကာ စိတ်ထိခိုက် နေကြောင်း သိသာလှပါသည်။

ကျနော်တို့ အပြန်လမ်းအား ကျောင်းဝအနီးထိ လိုက်လျှောက်ကာ ပို့ပြီး ပြန်ဝင်သွားသော ပိန်ပိန်ပါးပါး ရဟန်းတော်တပါးအား ဤ စာရေးနေရင်း မြင်ယောင်မိသေးသည်။ သူက ထူးခြားလှသောပုဂ္ဂိုလ်ကြီးလား ..။ ကျနော့်အမြင်က ပုဂ္ဂိုလ်ထူးကြီးမဟုတ်ပါဟုသာ ဖြေမည်။ အင်မတန်ရိုးသားသော၊ သီလမြဲ သမာဓိ ခိုင်ကျည်သည့် ပရိယတ္တိ ဝန်ဆောင် ကျမ်းတတ်ဆရာတော်တပါးသာ ဖြစ်ပါသည်။

ဘဝလိုအပ်ချက်များအား တတ်နိုင်သလောက်လျှော့ချ ခြိုးခြံ နေထိုင်သွားသည့် ရှားပါးပုဂ္ဂိုလ်ဟုဆိုသော် ရနိုင်ကောင်းပါသည်။ ပညာမုန်ယို အရွယ်ပျိုက မဆိုစလောက် မာန်စောင်မြောက်ခဲ့သည်များကို သမာဓိ ချွန်းအုပ်ခါ ဝန်ချတောင်းပန်နိုင်ခဲ့သည့် စံပြုထိုက်သော ပညာရှိသူတော်ကောင်းဟု အသေအချာ ညွှန်းဆိုနိုင်ပါသည်။ အသိ သတိ မိမိဦးတည်ရာမှ စံတဖဝါးမသွေဘဲ သာသနာ့အမွေစစ်ကို တပည့်အား မြင်စေကြားစေနိုင်ခဲ့သော ဆရာအရှင်တပါးလည်း ဖြစ်သေးသည်။

ယုတ္တိမှလွန်သော အကြောင်းအရာများအား တခုတ်တရပြောလိုသော စေတနာမျိုး ကျနော့်မှာမရှိသော်လည်း အပြန် လမ်းခရီး၌ ငြိမ်သက်လှသည့် ဘဘုန်းအား ..

“ဘုန်းကြီးက ကျန်းကျန်းမာမာကြီး ရှိပါသေးတယ် ဘုရာ့”ဟု အားပေးသလို ပြောမိသည်၌ ဒါပေတဲ့…သူ ခဏခဏမိန့်တာ ထူးတယ်ကွ ဟု ပြောလာသည်ကို အမှတ်ရနေမိတာ ဖောက်သည်ချလိုပါသည်။

လပိုင်းအကြာမှာ ဆရာတော်ကြီးထံမှ သူ့တပည့်ထံ ရေးပို့လိုက်သော စာတစ်စောင်ကို ကျနော်ကိုယ်တိုင် မကွေးမှ လက်ခံယူကာ ရွာပြန်၊ ဘဘုန်းအား ဆက်ကပ်ရပါသေး၏။ ဖတ်ခွင့်တော့မရ၊ သိခွင့်မရပါ။ နောင်နှစ်ပတ်လည် နွေ၌ဆရာတော်ကြီး ပျံလွန်သောသတင်းကိုလည်း ကျနော်ပင် ဘဘုန်းအား လျှောက် တင် အသိပေးခဲ့ရပါသည်။ တူဝရီးနှစ်ယောက် အတန်ကြာ ငြိမ်ဆိတ်နေခဲ့ပြီး ဤစာစု၌ ရေးပြခဲ့သော ဆရာဖူးခရီး အတွေ့အကြုံအား စားမြုံ့ပြန်ရင်း သတိရပူဇော်ခြင်း ပြုခဲ့ရပါ၏ ။

မသင့်မတင့်သည်များ ပြောဆို ရေးမှားရှိခဲ့သော် ကျနော့ဝန်သာ ဖြစ်ပါလိမ့်မည်။

ဖိုးစီ(ရုံးတော)

(၁၃၇၉ ခု တန်ဆောင်မုန်း လပြည့်ကျော် ၁၂ ရက်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာပဒေသာ, ဖိုးစီ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်