အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၈)

November 23, 2017

● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၈)
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၇


● ဘုရားသုံးဆူ နေ့ရက်များ (၆)
ကျနော် စခန်းဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး မကြာခင်မှာပဲ၊ စစ်သင်တန်းဆင်းပွဲ ကျင်းပဖို့ ဖြစ်လာတယ်။ ရက်စွဲ သေချာမမှတ်မိပေမယ့် ၁၉၈၉ ခုနှစ်၊ မတ်လထဲ ဖြစ်ဖို့များတယ်။ စစ်ကြောင်းလျှောက်၊ ဘင်ခရာတပ်ဖွဲ့နဲ့ ချီတက်အလေးပြု ဖို့ ဖြစ်လာတယ်။ အမှန်တကယ်က အခုစစ်သင်တန်းကျင်းပနေစဉ်မှာ ကျနော်ကိုယ်တိုင်လည်း သင်တန်းသားပဲ။ လုပ်အား ထည့်ဝင်မှုကလည်း သာမန်သင်တန်းသား တယောက်လိုပါပဲ။ သို့သော်လည်း ကံတရားအရ သင်တန်းဆင်း စစ်ကြောင်းက စခန်းဥက္ကဋ္ဌ ကျနော့်ကို ချီတက်အလေးပြုရဖို့ ဖြစ်လာတယ်။ ကျနော့်မှာ ယူနီဖောင်းတောင် ကောင်းကောင်းပြင်ဆင်ချိန် မရလိုက်ဘူး။ သိပ်မတော်တဲ့ ပြောက်ကျားယူနီဖောင်းတစုံကို လက်ခေါက်၊ ခြေခေါက်ဝတ်၊ သိပ်မတော်တဲ့ စစ်ဖိနပ်တစုံနဲ့ သင်တန်းဆင်းပွဲ ပြီးသွားတယ်။ သင်တန်းဆင်းပွဲမှာ ဘယ်လိုမိန့်ခွန်း ပေးမိတယ်ဆိုတာ သေချာမမှတ်မိတော့ဘူး။ ကျောင်း သားရဲဘော်တွေကြား ညီညွတ်ရေးနဲ့ မပြီးသေးတဲ့ တော်လှန်ရေးခရီးကို အင်တိုက်အားတိုက် ဆက်လုပ်ကြဖို့ လောက်ပဲ ဖြစ်နိုင်ပါတယ်။

သင်တန်းပြီးတော့ ရှေ့တန်းဆင်းကြဖို့ ပြင်ဆင်မှုတွေ ဖြစ်လာတယ်။ ကျနော်တို့က မွန်ပြည်သစ်ပါတီ ဗဟိုစစ်ရုံးနဲ့ သွား ဆွေး နွေးကြရတယ်။ လက်နက်တွေ၊ ကျည်တွေ ငှားကြရတယ်။ ကျနော်တို့ဖက်က လုပ်ချင်တဲ့ စစ်ရေးအစီအစဉ်ကိုလည်း တင်ပြ ကြရတယ်။ အဲသည်အချိန်က ကျနော်အဓိက ဆက်ဆံရတာက ကျောင်းသားရေးရာတာဝန်ခံ နိုင်ဗညားအောင်နဲ့ စစ်ရေးကိစ္စ ဆိုရင် မွန်ပြည်သစ်ပါတီ ဗဟိုစစ်ကော်မရှင် တွဲဘက်အတွင်းရေးမှူး နိုင်ပန်းသာနဲ့ ဆက်ဆံရတယ်။ သူက အရပ်မနိမ့်မမြင့်၊ ခပ်ပိန်ပိန်ပါးပါးပဲ။ စကားပြောရင် လေအေးလေးနဲ့ ပြောတယ်။ ကျနော်တို့ကိုလည်း တတ်နိုင်သလောက် နိုင်ငံရေးပို့ချဆွေးနွေး မှုတွေ လုပ်တယ်။ ကျနော်လေးစားမိတဲ့ မွန်ခေါင်းဆောင်ထဲမှာပါတယ်။ [နောက်ပိုင်းမှာ သူ လက်နက်ချသွားတယ်ကြားတော့ ကျနော်အတော်အံ့အားသင့်ရတယ်၊ နားမလည်နိုင်ဘူး ဖြစ်မိတယ်။] နောက်ပိုင်းမှာတော့ မွန်ပြည်သစ်ပါတီက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထောမွန် (ယခု ပါတီဥက္ကဋ္ဌ)၊ အဲသည်အချိန်က ဒု-ဥက္ကဋ္ဌ နိုင်ထင် (ကွယ်လွန်) နဲ့ အဓိက ဆက်ဆံရတယ်။ ဥက္ကဋ္ဌ နိုင်ရွှေကျင်ကတော့ မြို့နဲ့ တပ်ပေါင်းစုမှာ နေတာများပြီး၊ တခါတလေမှ ကျနော်တို့ တွေ့ရတယ်။ သူကတော့ လူဖြူဖြူ ကျော့ကျော့၊ အင်္ကျီပုဆိုးဝတ်ရင်လည်း နုတဲ့အရောင်တွေ ရွေးချယ်ဝတ်တတ်တယ်။ တော်လှန်ရေးခေါင်းဆောင် တယောက် ထက်စာရင်၊ မင်းသားတယောက်နဲ့တောင် ပိုတူနေသေးတယ်။

ကျနော်တို့ ရဲဘော် ၂၀ ရှေ့တန်းထွက်ဖို့ လက်နက်၊ ကျည်ရတယ်။ မွန်ရဲဘော်တွေက ပထမပိုင်းမှာ ဒီကျောင်းသားတွေက ဗမာအချင်းချင်းတိုက်ပါ့မလားဆိုတဲ့ သံသယတွေ ရှိနေသေးတယ်။ နောက်ပိုင်း တိုက်ပွဲအချို့ဖြစ်ပြီးမှသာ ယုံကြည်မှုရလာ ကြတယ်။ အဲသလို ရှေ့တန်းထွက်ကြဖို့ လူရွေးကြတဲ့အခါမှာလည်း ပြဿနာကြီးတယ်။ သူလည်း ရှေ့တန်းသွားချင်၊ ကိုယ် လည်း ရှေ့တန်းသွားချင် ဖြစ်နေကြတယ်။ မိန်းကလေးတွေကိုယ်တိုင်ကလည်း ရှေ့တန်းသွားပါရစေ တောင်းဆိုနေကြ တယ်။ နောက်ဆုံး သင့်တော်သူ ရဲဘော် ၂၀ ကို ရွေးလိုက်တယ်။ (ရှေ့တန်းထွက်ဖို့ မပါရလို့ တုန်လှုပ်ခြောက်ခြားရေး အဖွဲ့ ဝင် ရဲဘော်တွေက နောက်ပိုင်းမှာ ဒညတစခန်းဖက်ကို ကူးပြောင်းသွားကြတယ်။) ၁၉၈၉ ခုနှစ်၊ မေလလောက်မှာ စစ် ကြောင်းစထွက်ဖြစ်တယ်။ ကျနော်တို့ရဲဘော်ကြီး ကိုဝင်းနိုင်ဦးက ဆေးမှူးလိုအပ်ချက်အရရော၊ နိုင်ငံရေးအရ ဦးဆောင် ဖို့ပါ။ စစ်ကြောင်းနဲ့ ပါသွားခဲ့တယ်။ ကျနော်တို့ တပ်ရင်း (၁၀၁) က စစ်ကြောင်းတွေကို နာမည်ပေးရာမှာ ရောင်နီ-၁၊ ရောင်နီ-၂ စသည်ဖြင့် ပေးတယ်။ ရောင်နီ-၄ အထိ ရှိခဲ့တယ်။ တပ်ရင်း (၁၀၂) ကလည်း နောက်ပိုင်းမှာ စစ်သင်တန်းတွေ ပြီးသွားတဲ့ အခါ စစ်ကြောင်းတွေ စုဖွဲ့လှုပ်ရှားတယ်။ သူတို့ကတော့ စစ်ကြောင်းတွေကို အောင်ဆန်း-၁၊ အောင်ဆန်း-၂ စသည်ဖြင့် နာမည်ပေးတယ်။ အထူးသဖြင့် မုဒုံဂွင်နဲ့ ကြာအင်းဆိပ်ကြီး တောင်ပေါက် ၂၄ ရွာ မွန်-ကရင် ပူးတွဲအုပ်ချုပ်ရေး ဒေသမှာ စစ် ကြောင်းလှုပ်ရှားကြတာ များတယ်။

မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်နွန်လာ ကွယ်လွန်ခဲ့တဲ့ ၁၉၈၉ သြဂုတ်လ ၈ ရက် (၈၈၈၈) ပထမနှစ်ပတ်လည် အခမ်းအနား မှာတော့ ကိုတင်စိုး နောင်၊ ကိုဝင်းနိုင်ဦးတို့ စစ်ကြောင်းက မုဒုံအပေါ်ဖက် တောင်ကြောမှာ ရှိနေခဲ့တယ်။ သူတို့အစီအစဉ်က မုဒုံ၊ ကမာဝက်မှာရှိတဲ့ တပ်ရင်းစခန်းတခုကို ရော့ကက်နဲ့ ပစ်ဖို့ပဲ။ မွန်ပြည်သစ်ပါတီ တပ်တွေနဲ့အတူ ဗိုလ်ချုပ် ထောမွန်လည်း ပါလာတယ်။ ကိုဝင်းနိုင်ဦးက ပြန်ပြောပြတယ်။ “ကျနော်တို့ တောင်ပေါ်ရောက်တော့ ညနေစောင်းပဲ။ အောက်မှာ မီးရောင်တွေနဲ့ ကားတွေသွားနေတာ၊ တပ်ရင်းစခန်းကို အဆောင်တွေ အစီအရီလေး တွေ့နေရတယ်။ စိတ်ကူးယဉ်နေမိတယ်။ မနက်ဖြန်မနက်ဆိုရင်တော့ အဲဒီအဆောက်အဦးတွေ မီးလောင်ပျက်စီးမှာကို တွေးနေမိတယ်။ ကျနော်တို့ ဆီမှာက 2.75 Rocket launcher တွေ ပါလာခဲ့တယ်။ နက်ဖြန်တော့ အပီ ပစ်ပြီ” သူက ပြန်ပြောပြတယ်။ သူ ပြောတဲ့ 2.75 ရော့ကက်ဆိုတာ မှောင်ခိုဈေးကွက်ထဲ ဖောဖောသီသီ ဝယ်လို့ရတယ်။ ဒေါ်လာ ၁၀၀ အောက်ပဲ ဈေးရှိတယ်။ ဘယ်နိုင်ငံကထုတ်မှန်း သေချာ တော့ မသိဘူး။ အမှန်က လေယာဉ်ပေါ်ကနေ ဝေဟင်၊ လေယာဉ်ပေါ်ကနေ မြေပြင်ကို ပစ်တဲ့လက်နက်မျိုးပဲ။ ဒါပေမယ့် ဒါကို လျှော့တိုက်ပစ်လို့ ရအောင် စီစဉ်တဲ့အခါ ပစ်လို့ရတယ်။ ၁၀-ကီလိုမီတာ ကျော် သွားတယ်။
[ https://en.wikipedia.org/wiki/Folding-Fin_Aerial_Rocket ]

နောက်တနေ့ မနက်ရော့ကက်ပစ်ဖို့ စီစဉ်တော့ သူစိတ်ဓာတ်ကျပုံကို ပြောတယ်။ ရော့ကက်ပစ်ရအောင် လျှောက်မြောင်း၊ ချိန်တွယ်ပစ်ရတဲ့ စနစ်တွေ သေချာပါမလာဘူး။ ရော့ကက်ကို သစ်ပင်မှာ ဖာ့ခယ်မ (ထိုင်းလူမျိုးများဝတ်တဲ့ ခါးပတ် နံငယ် ပိုင်း) နဲ့ ချည်လိုက်တယ်။ ပထမတလုံး ထွက်သွားတယ်။ ဘယ်ကျမှန်း မသိဘူး။ ပစ်မှတ်ထက်ကို အဝေးကြီး ထွက်သွားခဲ့ တယ်။ နောက်တော့ ပြန်ချိန်၊ ပွဲပြီးတော့ ရော့ကက် ၁၁ လုံးလောက်ပစ်တာ ၁ လုံးပဲ စစ်တပ်ဝင်းထဲကျခဲ့ တယ်။ ထိခိုက် ဒဏ်ရာလည်း မရှိလောက်ဘူးထင်တယ်။

နောက်ပိုင်းမှာ ကေအိုင်အို ဥက္ကဋ္ဌ ဦးဘရန်ဆိုင်းက မွန်ပြည်သစ်ပါတီကို ပိုက်ဆံထုတ်ပေးပြီး၊ ဘုရားသုံးဆူဒေသက ကျောင်းသားစခန်းတွေအတွက် လက်နက် (၈၀) ဝယ်ပေးတယ်ဆိုတဲ့ သတင်းမျိုးကြားရတယ်။ ABSDF ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော်လည်း သူ့စာအုပ်ထဲမှာ ဒီအချက်ကို ရေးထားတယ်။ ဟုတ်-မဟုတ်သေချာတော့ မသိဘူး။ သူရေးထားတာ တော့ ဒီသတင်းကြားပြီးနောက် ကိုစိုးလေး (ဘုရားသုံးဆူစခန်း ၁၀၁ က EC)၊ ကိုအောင်ကြည်ဦး၊ ကိုကိုနိုင် (တပ်ရင်း ၁၀၂) နဲ့ မွန်ပြည်သစ်ပါတီဗဟိုကို လက်နက်ထုတ်ဖို့ သွားတယ်လို့ ဆိုတယ်။ မရခဲ့ဘူး။ ပေးပြီးပြီလို့ နိုင်ထင်က ပြန်ပြော လိုက်တယ်။ သူကတော့ အဆိုးမြင်နဲ့ ဖော်ပြထားတယ်။ (ထွန်း၊ စာ ၃၁၂-၃၁၃) ကျနော်တို့ကတော့ သေချာမသိနိုင်ဘူး။ ကျနော်တို့ ၁၀၁-၁၀၂ တပ်ရင်းတွေကို ထုတ်ပေးခဲ့တဲ့ လက်နက်တွေလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သေချာတာက အလက် (၈၀) မရှိတာတော့ ကျိန်းသေတယ်။

ကျနော်တို့ ရဲဘော်တွေကြားထဲမှာ စိတ်အပန်းဖြေစရာ ကိစ္စလေးတွေ ရှိနေတယ်။ စခန်းက ထွက်ခွင့်ရတဲ့အခါ မွန်ဗဟို ထဲက အမျိုးသမီးတပ်ကို သွားလည်တဲ့သူလည်း ရှိတယ်။ မွန်-ကရင်စစ်ပွဲတုန်းက မွန်အမျိုးသမီးတပ်က နာမည်ကြီးပြီး တပ်မှူးမပုက နာမည်ကျော်တယ်။ တပ်အဝင်မှာ သူတို့မွန်စာနဲ့ ဒပ်စမွတ်ဗရဲ (ဒပ်သွပ်ဗြဲ) [အမျိုးသမီးတပ်] လို့ ရေးထား တာကို ကျနော်တို့က ပေါင်းဖတ်လို့ရတဲ့ အသံထွက်အတိုင်း ‘ဒပ်သွပ်ဗြဲ’ လို့ပဲ ခေါ်ကြတယ်။ အဲသလို သွားလည်တဲ့ ရဲဘော်တွေကို ဟိုက ဖမ်းထားပြီး ပြန်လွှတ်မပေးတာလည်း ရှိတယ်။ ကျောင်းသားရေးရာ တာဝန်ခံ နိုင်ဗညားအောင် လိုက်ထုတ်ပေးမှ ဒီရဲဘော်တွေ စခန်းပြန်ကြရတယ်။ နိုင်ဗညားအောင်လည်း အဲသလိုကိစ္စတွေနဲ့ အလုပ်ရှုပ်ရသေးတယ်။

စခန်းအနီးမှာ အရက်ပုန်းရောင်းတဲ့ လောရှမ်း (Lao-Thai) မလေး အမွန်ဆိုတာလည်း ရှိသေးတယ်။ သူက အရက်ရောင်း တော့ သူ့ကို သွားပိုးပန်းချင်သူတွေက အရက်ဝယ်သောက်ပေါ့။ ကျနော်တို့မြို့က (ဗကသ) က လွှတ်လိုက်တဲ့ တပ်မှူးကြီး တွေလည်း အမွန်ဆိုင်မှာ ပွဲကျနေတာ မြင်ရတယ်။ (အသိတွေပါ)။ တရက်မှာတော့ အမွန်က ကျနော်တို့ဆေးရုံကို ရောက် လာတယ်။ သူ့အဖေကို ဘိန်းဖြတ်ချင်လို့ဆိုပြီး လာပြတာ။ ကျနော်လည်း ဘိန်းတခါမှ မဖြတ်ဘူးသလို အတွေ့အကြုံလည်း မရှိဘူး။ ဒီတော့ အစိမ်းဖြတ်ရတယ်။ သူ့အဖေ ဘိန်းဖြတ်လို့ခံစားရတဲ့ ဝေဒနာတွေ သက်သာအောင်၊ ဆားရည်ချိတ်ပေး၊ အကိုက်အခဲ ပျောက်ဆေးပေး၊ စောင့်ကြည့်ဖို့ပဲ လုပ်ရတယ်။ ဒီလိုနဲ့ အစောပိုင်းမှာ ဘိန်းဖြတ်ရင်ဖြစ်တဲ့ လက္ခဏာတွေ သူ့ အဖေမှာ တွေ့ရတယ်။ နောက် ၂-၃ ရက်ကြာတော့ သက်သာလာတယ်။ ကျနော်လည်း ကိုယ့်ကိုယ်ကို ဟုတ်လှချည်လား ဆိုပြီး နည်းနည်းဘဝင်မြင့်မိတယ်။ နောက်တော့မှ သိတယ်။ သူ့သမီး ‘အမွန်’ က ထမင်းချိုင့်လာပို့ရင်း ဘိန်းကိုခိုးပေးနေ တာကိုး။ အဲသည်တော့ လက္ခဏာတွေ ပျောက်သွားတာပေါ့။ ဘိန်းကတော့ မပြတ်ပါဘူး။ အမွန်တို့ဆိုင်မှာလည်း ကျနော် တို့ ရဲဘော်တွေ စက်ကျတယ်။

ဘုရားသုံးဆူစခန်းအကြောင်း ပြောရင်၊ မပါမဖြစ်ကတော့ မွန်ပျိုဖြူချော မဖြူ-မနီပဲ။ သူတို့က ဘုရားသုံးဆူရွာမှာ ကော်ဖီ ဆိုင်လေး ဖွင့်ထားကြတယ်။ သူတို့က နွမ်းပါးပေမယ့်၊ ဣနြေ္ဒသိက္ခာရှိတယ်၊ အနေအထိုင်တတ်တယ်။ သူတို့ကို လာ ပိုးပန်းမှန်း သိပေမယ့်၊ မောင်ကျောင်းသားတွေကို တည်တည်ငြိမ်ငြိမ်ပဲ ဆက်ဆံတယ်။ ဒါနဲ့ပဲ ကျနော်တို့စခန်းက ကျောင်း သားတွေလည်း ခရီးတနာရီကျော် ဘုရားသုံးဆူကျေးရွာဈေးကို ချီတက်၊ ရှိသမျှ ဝတ်ကောင်းစားလှနဲ့ ဟန်ရေး ပြကြရတယ်။ ၁၀၁-၁၀၂ ABSDF တပ်ရင်း ၂ ရင်းပေါင်း စုစပ်ကြိုက်ကြရတယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ဝမ်းနည်းစရာ သူတို့ညီအမ နှစ်ယောက်က ကံကောင်းတာလား၊ ကံဆိုးတာလား မသိဘူး၊ ကျောင်းသားအဖွဲ့က လူတွေနဲ့ မစွံခဲ့ကြဘူး။

ဒီလိုနေစဉ်မှာပဲ တနေ့ ရုပ်ရှင်ရုံရှေ့မှာ ဓါးထိုးမှု ပြဿနာဖြစ်တယ်။ တပ်ရင်း ၁၀၂ က ကိုတင်လှကို တပ်ရင်း ၁၀၁ က ရဲဘော်တယောက်နဲ့ ဓါးနဲ့ထိုးလိုက်တာ။ ဒီဒဏ်ရာနဲ့ ကိုတင်လှသေတယ်။ ကိုတင်လှက ရဲအရာရှိဟောင်းလို့လည်း ဆိုတယ်။ သူက ကိုယဉ်အေး၊ ကိုထွန်းမြင့်တို့ အုပ်စုက။ ဘုရားသုံးဆူဒေသကို ရောက်လာတာ နောက်ကျတယ်။ ရောက် လာတဲ့အခါ သူတို့က တပ်ရင်း (၁၀၂) ကို ဝင်ပူးပေါင်းကြတယ်။ သူတို့အုပ်စုက မြို့ကလာကြတော့ ပြောင်ပြောင်ယောင်ယောင်ရှိတယ်။ အဲဒါအပြင် ရုပ်ရှင်ရုံသွားရင်၊ နမ့်ကိတ်ကော်ဖီဆိုင်ကို သွားရင် စစ်တပ်က အီကွေးမင့်ခါးပတ်မျိုးနဲ့ ဓားမြောင်ထိုးလို့ သွားလာကြတယ်။ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်လူကြီးတွေကတောင် “ခင်ဗျားတို့ဗျာ… ဒီဒေသမှာ အန္တရာယ်လည်း မရှိပါဘူး။ ဓားတွေဘာတွေဆောင် သွားလာဖို့လည်း မလိုအပ်ပါဘူး” လို့ သတိပေးကြသေးတယ်။ ဖြစ်နေကြတာက ကျနော် တို့ (၁၀၁) စခန်းက မုဒုံအုပ်စုတွေ၊ ကျန်ရဲဘော်တွေက သူတို့ကို ကြည့်မရဘူး။ ကိုတင်လှက ထောင် ထောင်မောင်းမောင်းနဲ့ ပိုပြီး မိုက်တီးပုံပေါက်တယ်။ ကျန်တာကတော့ မြို့သား-တောသားကိစ္စတွေလည်း ဖြစ်နိုင်တယ်။ ဒီလိုနဲ့ တညမှာ ရုပ်ရှင်ရုံ မီးရောင်အောက်မှာပဲ ကျနော်တို့ (၁၀၁) စခန်းက ရဲဘော်တယောက်က ကိုတင်လှကို ဓားနဲ့ထိုး လိုက်တယ်။ သေသွားတယ်။ သူဆောင်ထားတဲ့ ဓားမြောင်နဲ့ပဲ သူ့ကိုပြန်ထိုးထဲ့လိုက်တာ။ ရုတ်ရုတ်သဲသဲပဲ။ ကျနော်တို့ စခန်းက ရဲဘော်တွေလည်း ချက်ချင်းပြန်လာကြတယ်။ စခန်းက ဆရာကျော်တင့်ကတော့ စစ်ရေးအတွေ့အကြုံရှိတဲ့ အလျောက် တပ်ရင်း (၁၀၂) က လာတိုက်ရင် ပြန်ခုခံရအောင် ညတွင်းချင်းမှာပဲ၊ ကင်းပုန်းဝပ်တယ်။ ဒါပေမယ့် (၁၀၂) ဖက်က လက်တုံ့ပြန်လာတိုက်တာ မရှိခဲ့တော့ ကံကောင်းတယ်။ ပြီးတဲ့နောက်မှာ ကျနော်တို့စခန်းက ဓားထိုးတယ်လို့ သင်္ကာမကင်းဖြစ်ရတဲ့ ရဲဘော် ၂-ယောက် ကို ဖမ်းလိုက်တယ်။ စခန်းမှာ အချုပ်မရှိတော့ မွန်ပြည်သစ်ပါတီ၊ မော်လမြိုင် ခရိုင်ရုံးမှာ သွားချုပ်ရတယ်။ ကျနော်နဲ့ ကိုသီ ရိညွန့် (တပ်ရင်း ၁၀၂ စခန်းဥက္ကဋ္ဌ) ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့တယ်။ အတွေ့အကြုံလည်း မရှိကြဘူး။ ဒီလိုဘဲ စစ်ဆေးမေးမြန်းတော့ သူတို့ကလည်း ဘူးခံငြင်းနေတယ်။ ၁၉၉၀၊ ဖေဖေါ်ဝါရီလ ဘုရားသုံးဆူထိုးစစ် ဖြစ်လာတဲ့အခါ မွန်ပြည်သစ်ပါတီ ခရိုင်ရုံးက သူတို့အကျဉ်းသားတွေကို မထိန်းသိမ်း နိုင်တော့ဘူး။ ပြန်လွှတ်ပေးလိုက်ရတယ်။

အဲဒီအချိန်မှာ ABSDF ဗဟိုပြန်ကြားရေးအနေနဲ့ ဝါဒဖြန့်ချိရေးနဲ့ နိုင်ငံတကာကို သတင်းပေးနိုင်ဖို့ အရုဏ်ဦး စာစောင် (Dawn journal) ကို အင်္ဂလိပ်လိုနဲ့၊ ဒေါင်းအိုးဝေဂျာနယ်ကို မြန်မာလို ထုတ်ဝေဖြန့်ချိတယ်။ အဓိကကတော့ ကိုကိုလေး က ပြန်ကြားရေးဌာနကို ကိုင်တယ်။ ဒါပေမယ့် အင်္ဂလိပ်စာစောင်ကိစ္စမှာတော့ Burma Issue အဖွဲ့က မက်စ် အက်ဒီဂါ (Max Ediger) ကို ကျေးဇူးတင်ရလိမ့်မယ်။ သူက အသေအချာ စီစဉ်ဆောင်ရွက်ပေးတယ်။ (နောက်ပိုင်း ထိုင်းနိုင်ငံ ပြန်ဝင်ခွင့်မရဘဲ ကမ္ဘောဒီးယားမှာ ကွယ်လွန်သွားတယ် ကြားတယ်။) ကျနော်တို့နဲ့အတူ တောခိုလာတဲ့ ပုသိမ်က ကျောင်းဆရာ မင်းဆန်းမင်း ကတော့၊ ပြန်ကြားရေးဌာနကို ကူမယ်ဆိုပြီး၊ ဘန်ကောက်တက်သွားတယ်။ နောက်ပိုင်း ABSDF နိုင်ငံခြားရေးရုံးကိုရောက်၊ နောက်တော့ နိုင်ငံခြားထွက်သွားခဲ့တယ်။ ကျနော်တို့နဲ့အတူပါလာတဲ့ ရှေ့နေ ကိုမျိုးညွန့်ကတော့ ဘယ်အချိန်ပြန်သွားတယ် မသိဘူး။

စကားမစပ် အဲသည်အချိန်က ဘုရားသုံးဆူကို ကျောင်းသားခေါင်းဆောင်တယောက် ရောက်လာခဲ့တယ်။ သူက ဘုရား သုံး ဆူ ကျေးရွာမှာ ကေအဲန်ယူရဲ့အကောက်ဂိတ်မှာ ဖဒိုနန်းဒိုနဲ့အတူ အလုပ်လုပ်တယ်။ အကောက်ဂိတ်ဆိုတဲ့သဘောအတိုင်း ငွေရွှင်တယ်လေ။ ကျနော်တို့ ABSDF စခန်းကိုလာရင်တော့ ငတ်မယ်။ ပြတ်မယ်။ မျှစ်၊ မျှစ်ချဉ်နဲ့ပဲသာ စားရမယ်။ သူ ဘာ တာဝန်နဲ့ လာသလဲ မသိပါဘူး။ ၃-၄ လလောက်အကြာမှာ တိတ်တဆိတ် ပြန်သွားခဲ့တယ်။ အခု NLD အစိုးရမှာတော့ တာဝန်ကြီးကြီး ထမ်းဆောင်နေတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်