ဆလိုင်းနံရံ- ခြေရာတွေဆီ. . .

November 26, 2017

ခြေရာတွေဆီ. . . 
ဆလိုင်းနံရံ
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၇

(၁)

မနက်
ဖုန်းဝင်လာတယ်။ ကြည့်လိုက်တော့ နီနူတဲ့။ မနက်ဆိုပေမယ့် ကိုးနာရီထိုးနေပြီ။
နာရီတီထွင်ခဲ့သူက တမျိုးတဖုံတီထွင်ခဲ့ရင်တော့ ၉- နာရီဟုတ်ချင်မှဟုတ်မယ်။
နေ့လည်ကို မနက်လို့ ဘိုးဘွားတွေသာပြောခဲ့ကြရင် နီနူဆီက ဖုန်းနေ့လည်လောက်မှာဝင်လာတယ်လို့ ပြောရမှာပေါ့။

လက်ဖက်ရည်သောက်ရအောင်တဲ့။
ကြိုသိပြီးသားအရာတခုသူပြောတာပဲ။ မပြောခဲ့ဘူးဆိုရင်တော့ ကြိုသိခဲ့တဲ့အရာမှားတယ်လို့ ဝန်ခံရမှာပဲ။ ဟားခါးဟာ သိပ်ချမ်းတယ်။ ငါ ခံစားရတာကိုပဲပြောတာပါ။ တကယ်လို့ မင်းသာငါ့နေရာမှာဆို သိပ်ချမ်းတယ်လို့ပဲပြောမှာပါပဲ။
ဟားခါးက ချမ်းတာတော့မဟုတ်ဘူး။ ရာသီဥတုကသာ ချမ်းနေတာပါ။ ဟားခါးကလည်း ချမ်းတဲ့ရာသီဥတုကြားရောက်နေတာပါ။

(၂)

မြူကို မိန်းကလေးလို့ထင်ချင်စရာပဲ။ နာမည်က မြူ ။ ‘ ဝူ ‘ တို့၊ ‘ ယွင်း’တို့နာမည်သာပေးကြည့်ရင် ဟားခါးမြို့ဟာ ‘ဝူ’ထူတယ် လို့ပြောရမလားပဲ။
ဟုတ်တယ်ပြောရမှာပဲ။ ဒါ အများလက်ခံကြတာပဲ။ အမှန်တရားတော့မဟုတ်ဘူး။
သူ့မှာ နာမည်ရှိပုံမတူဘူး။ လူတွေပြောလို့ မြူလို့ ငါတွေးမိတာပဲ။ ငါ့ဘေးက ခွေးကလေးအတွက် ဒါ မြူမဟုတ်လောက်ဘူး။ သူတို့ ဘယ်လိုခေါ်ကြလဲမသိဘူး။
မခေါ်ပဲနေရင်လည်း နေကြမှာပဲ။ ဒါဆို ကမ္ဘာဟာ ကမ္ဘာဆိုတာ စကြာဝဠာအမှန်တရားမဟုတ်ဘူး။ ဒီလိုတော့လည်း အရာရာဟာ ဗလာ ကြီးပါလား။
အမှန်တရားလို့ထင်ရင် အမှန်တရားလို့ နာမည်ပေးလိုက်။ မင်းမမှားဘူး။ ဒါဆိုငါဟာ ဘူနိန်မဟုတ်ပဲ ဂီဂီသာဖြစ်ကြည့်၊ ငါဟာ ငါဖြစ်နေ တုန်းပဲ။
ငါလက်ခံပါတယ်။ မြူဟာ ဗလာကြီးနဲ့တည်နေတယ်။

(၃)

တခါတလေတော့ စိတ်ဟာကိုယ်နဲ့မကပ်ဘူး။ မကပ်ဘူးဆိုတာကလည်း စိတ်နဲ့နှလုံးသားဟာ ပိုရင်းနှီးလို့ပဲ ဖြစ်ဟန်ရှိတယ်။ နှလုံးသားကတော့ စိတ်ကိုနားလည်သလိုပါပဲ။ စိတ်နဲ့နှလုံးသားဟာ တခုတည်းလို့ ယုံချင်စရာကောင်းသလိုလို တခါတလေတော့လဲ သီးခြားစီပါ။
ငါ့စိတ်ဟာ ငါ့ကိုယ်နဲ့ တနေရာတည်း သိပ်တွေ့ရလေ့မရှိဘူး။ အခု မကွေးမှာ ငါ့စိတ်နဲ့ငါဆုံတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်း ဟောင်းတယောက် ပြန်တွေ့သလို ကိုယ့်ကိုကိုယ်ဖက်လိုက်မိတယ်။

(၄)

ထောင်လှေ။ မွေးရာပါခင်လာကြသူမဟုတ်ဘူး။ မူလတန်းတုန်းက ကမ္ဘာပေါ်မှာ သူရှိနေလိမ့်လို့ ငါမတွေးဖူးဘူး။ ခုတော့ သူ့ကိုငါသိတယ်။ ဖြစ်သလို နေတဲ့ကောင်တယောက်လို့ ငါသိတယ်။ ဖြစ်သလိုနေတာကလည်း ဟိတ်ဟန်မရှိလို့ပဲ။
ဟိတ်ဟန်နဲ့ခပ်တည်တည်နဲ့ပြတ်ပြတ်သားသား စကားလုံးတွေနဲ့ ဖြစ်နေရင်တော့ ဟိတ်ဟန်တွေနဲ့နေတဲ့ကောင်လို့ ငါသိမယ်။


သူဘာတွေးလဲ ငါမသိဘူး။ သူလုပ်နေတာအချို့ကိုတော့ ငါတွေ့တယ်။ သူတက်တဲ့ကျောင်းကိုငါသိတယ်။ သူရေးတဲ့စာ ငါဖတ်ဖူးတယ်။ ငါသူ့ကိုသိတယ်။ ထောင်လှေ။ တကယ်လို့ငါတို့မသိရင် အခုသူ့ကိုမြင်တဲ့အချိန်မှာ လူငယ်တယောက်ကို ငါကြည့်သလိုကြည့်ရင်ကြည့်မယ်။ ကြည့်ချင်မှလည်း ကြည့်မယ်။ သူ့ဆီကိုငါလာတာပဲ။ ငါတို့အချင်းချင်းသိတယ် ။
မကွေးကို ငါရောက်ဖူးတယ်။ ထောင်လှေနဲ့တွေ့တယ်။ ငါမကွေးရောက်တာ ကြာခဲ့ပါပြီ။ ကြာတာမှ ကြားထဲတောင် ဟားခါးမှာ ဆုံကြ သေးတယ်။ ဧပြီလလောက်ပေါ့ ။ ငါဆေးရုံမတက်ခင်မနက်က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ခဲ့ကြတာတို့ဆေးရုံတက်တော့ ဆေးရုံမှာဆုံခဲ့ကြတာတို့၊ နောက်ပိုင်း မတွေ့တော့ဘူး။ ငါ့ကိုလည်း သူမတွေ့တော့ဘူး။ ပြန်တွေ့တဲ့အခါ ပြန်တွေ့ကြတယ်လို့ ငါရေးမယ် စိတ်ကူးတယ်။

(၅)

တစ်ပတ်ကြာလောက် နေရောင်ခြည်မမြင်ရပဲ နေ့ရက်တွေကိုဖြတ်သန်းမှုဟာ  ဒီနေ့တော့ကောင်းကင်ပြာ ကြီး  ပြန်ပေါ်လာမှုနဲ့ အဆုံးသတ်လိုက်ပါပြီ။
ဘယ်ချိန်ပြန်ပျောက်မလဲတော့ ရင်ထိတ်နေရသေးတယ်။ ဘာဖြစ်ဖြစ် နေရောင်ခြည်တွေ ငါ့အသားရေကိုထိတွေ့တဲ့ခံစားမှုကတော့  အံ့မခန်းပါပဲ။
ဟားခါး ပြန်ရောက် ပြီးကတည်းက နေရောင်ခြည်ပထမဆုံးပြန်မြင်လိုက်ခြင်းပါပဲ။
သွေးတွေအားလုံးအေးခဲရာက ပန်းတွေအားလုံးညှိုးသွားမတတ်ဖြစ်ရာက လမ်းတွေအားလုံး ရွှံ့တွေနဲ့ပြည့်ရာက တလောကလုံး စိုစွတ် ထိုင်း မှိုင်းရာက ကောင်းကင်နဲ့မြေပြင်ကြားတိမ်တွေ အဝေးကိုပျံသန်းသွားကြတဲ့အခါ မြို့သူမြို့သားတွေအနေနဲ့ နေရောင်ခြည်ကို ပြန်ထိတွေ့ရတာဟာ ငယ်ချစ်ဦးနဲ့ပြန်ဆုံရသလိုပါပဲ။


ကြုံဖူးနေကျဆိုပေမယ့်  ဘယ်တော့မှနေသားကျလို့မရတဲ့ ရာသီဥတု။ ဟားခါးကို ကျောင်းပိတ်ပြန်လာတော့  ညကြီးမင်းကြီး ချမ်းစိမ့်စိမ့်နဲ့ကြိုဆိုမှုကိုခံခဲ့ရတယ်။ အရာရာဟာ သိပ်ကိုမှတိတ်ဆိတ်လှတယ်။
အိမ်တချို့မီးလင်းတာကလွဲလို့  လူတွေမှနေကြသေးရဲ့လားဆိုတဲ့တိတ်ဆိတ်မှုမျိုးနဲ့ အိမ်ကိုပြန်ရောက်ခဲ့တယ်၊ ခုနစ်ရက်အကြာထိ နေရောင်မမြင်သေးဘူး။ မနက်ခင်းမြူတွေအပြည့်၊ နေ့လည်လောက်ကျ 
မိုးတွေခပ်စိမ့်စိမ့်ရွာ၊ တိမ်တွေဟာ ကောင်းကင်မှာမနေမြေပြင်လာပြီး တောင်ပေါ်သားတွေကြားရော နေတတ်ကြ၊ ညတွေဟာလည်း မိုးလား နှင်းမိုးလားမသေချာတဲ့ စိုစွတ်မှုတွေ တဖျောက်ဖျောက်ကျနေတယ်။

နေရောင်ခြည်လွမ်းလာရင် လူမှုကွန်ယက်အပ်ပလီးကေးရှင်းမေ့ဆင်ဂျာကနေ နေပြည်တော်ကျန်ခဲ့တဲ့ သူငယ်ချင်းဆီက နေရောင်ခြည်ဓာတ်ပုံ ကို   လှမ်းလှမ်းမှာခဲ့ရတယ်။ ဒီနေ့တော့  ကောင်းကင်ဟာ အပြာရောင်သန်းတဲ့အကြောင်း၊ တိမ်တွေထက်မှာ နေဟာ ထွက်မြဲထွက်နေဝင်မြဲဝင်နေတဲ့အကြောင်း ငါတို့ရဲ့သံသယတွေကင်းသွားခဲ့ပါပြီ။

(၆)

မိန်းကလေးတယောက်ဆီက  စာဝင်လာတယ်။ မိုးကိုမကြိုက်တဲ့မိန်းကလေး၊ ချမ်းလွန်းတာကိုမခံနိုင်တဲ့ မိန်းကလေးဆီက နေရောင် ပြန်ထွက်လာမှုနဲ့အတူ စာတစောင်ဟာ ငါ့ဆီကိုရောက်လာတာပဲ။ မိန်းကလေးရဲ့ပုံတူပန်းချီ ငါ့ဆီရှိတာ  ရက်ပေါင်းရေတွက်ရရင်   စဆွဲပြီးကတည်းကလို့ ဆိုရမှာပဲ။ ဒီနေ့တော့ ပိုင်ရှင်ဆီပို့ပေးဖို့  စာဝင်လာပြီ။ ရာသီဥတုလည်း  ပြန်ကောင်း လာပြီ။

ဆိုင်ကယ်ညစ်ပတ်ပတ်လေးကို  စက်နှိုးပြီးအကြွေးဆပ်ဖို့သွားတဲ့ မိန်းမကြီးတယောက်လို လမ်းပေါ်ထွက်လာတယ်။ ကျောပိုး အိတ်ကြီးကိုလည်း လွယ်ထားသေးတယ်။ ကျန်နေသေးတဲ့တိမ်စတိမ်နတွေ ငါ့ကိုမျက်စောင်းထိုးနေတယ်။ ဒါကိုငါမမှုပါဘူး။ ငါသိတာ မျက်လုံးသိပ်လှတဲ့မိန်းကလေးတယောက်နဲ့တွေ့ ရမယ်ဆိုတာလောက်ပါပဲ။

ပြောရရင်တော့ မိန်းကလေးအိမ်ကို ရောက်သွားခဲ့တယ်ပေါ့။ မိန်းကလေးဟာ နောက်ဆုံးတွေ့ခဲ့တဲ့ မေလတုန်းကထက်  ဆံပင်ရှည် လာတယ်။ လှလည်းပိုလှလာတယ်လို့တော့  လေပိုမမှုတ်ချင်ပါဘူး။ အမှန်က  အရင်ရုပ်အတိုင်းပါပဲ။ မိန်းကလေးရဲ့ပုံတူ ပန်းချီကားကို အနုပညာချစ်တဲ့တဏှာစိတ်နဲ့ ဆွဲပေးတာလို့ပဲပြောရမယ်။ ဘောင်တွေဘာတွေတပ်မထားဘူး။ စာရွက်ပေါ်က ခဲတံခြစ်ရာ တွေနဲ့ပုံဖော်ထားတဲ့မိန်းကလေးကို  မိန်းကလေးရဲ့လက်ထဲထည့်ပေးလိုက်တယ်။ မစ်ရှင်ပြီးပြီ။ ဒါ ငါ့မစ်ရှင်ပြီးတာပဲ။ ကော်ဖီ သောက်မလား အအေးသောက်မလား ဘာသောက်ချင်လဲတဲ့။

တကယ်တော့   ဘာမှမသောက်ချင်ဘူး။ ဒီတခါထပ်သောက်ရင် ဒီနေ့တနေ့မှာကို  သုံးခွက်မြောက်ဖြစ်တော့မယ်။ ဒါပေမဲ့ ကော်ဖီပဲသောက်မယ်လို့ ငါပြောမိလိုက်တယ်။ ပရီးမီးယားသောက်မလား ဆန်းဒေးသောက်မလား နောက်ပြီး နို့ဆီထည့်ရမလား တဲ့။ တံတားလယ်ကို ငါရောက်ခဲ့ပြီ။ တံတားအဆုံးကို ငါဆက်လျှောက်ရတော့မယ်။ ပရီးမီးယားပဲလုပ်ပေးပါလို့ ပြောလိုက်မိပြန်တယ်။ နေ့လည်တုန်းကပဲ  ပရီးမီးယားငါသောက်ပြီးပြီ။ မနက်က ချိုစိမ့်သောက်ခဲ့သေးတယ်။ ငါမငြင်းချင်ဘူး။ နောက်ဆုံးတော့ မိန်း ကလေးဖျော်တာကို ငါသောက်ခဲ့တယ်။ အဆင်ပြေပါတယ်။ စကားဘာပြောရမှန်း ငါမသိဘူး။

တောင်ပြောမြောက်ပြောနဲ့ ရှက်ကန်းကန်းနဲ့ ငါပြန်ခဲ့တယ်။ မိန်းကလေးကတော့ သိမယ့်ပုံမပေါက်ဘူး။ မိန်းကလေးရဲ့အိမ်နံရံမှာ  မိန်း ကလေးရဲ့ရိုးရာဝတ်စုံနဲ့ပုံကြီးချိတ်ထားတယ်။ စိတ်ထဲ သတိထားမိတာလေးပါ။ ဘာပဲဖြစ်နေဖြစ်နေ။

(၇)

ဒီနေ့ဘောလုံးပွဲသွားကြည့်တယ်။ ဝမ်သူမောင်းကွင်းဟာ  အရင်လိုတကွင်းလုံးမှာ လူတွေစိတ်ကြိုက်ထိုင်လို့မရတော့ဘူး။
စိတ်ချရတဲ့အမိုးပါတဲ့ဖက်ခြမ်းမှာပဲ ထိုင်ကြရတယ်။ ကွင်းကြီးရဲ့နေဝင်တဲ့ဖက်ခြမ်းဟာ   သစ်သားတွေယိုယွင်း ဆွေးမြေ့ လာတော့အန္တရာယ်ရှိလာတယ်။
သစ်သားတွေမဆွေးခင်ကဆို မိန်းကလေးကို ငါမကြိုက်သေးဘူး။
စိတ်လည်းမဝင်စားသေးဘူး။ သစ်သားတွေဆွေးလာတဲ့အချိန်မှာတော့ မိန်း  ကလေး ငါကြိုက်နေမိပြီ။ ပြောင်းလဲတတ်တဲ့အရာရာ။ ငါကျတော့ ချစ်တတ်လာပြီး သစ်သားတွေကျ အသုံးမကျဖြစ်သွားကြရော။ အဲ့ဒီနေ့က ငါအားပေးတဲ့ဘောလုံးအသင်းကရှုံးတယ်။ ရှုံးတာမှ ခြောက်ဂိုး နှစ်ဂိုးနဲ့။
မိန်းကလေးနဲ့တွေ့ပြီး နောက်နေ့ ငါအားပေးတဲ့အသင်းစရှုံးတာပဲ။ တိမ်စတိမ်နတွေ ကျန်နေသေးတယ်။ နေတော့ သာတယ်။ မိုးတွေပြန် ရွာမယ့်ရက်တွေ ရှိလာလိမ့်မယ်။
အဲ့ဒီနေ့ညက  ဒင်နာပွဲတခုသွား ဖြစ်တယ်။ ဘောလုံးရှုံးတဲ့အသင်းဖက်က (အားပေးတဲ့အသင်း) ဂိုးသမားဟာလည်း  ဒင်နာပွဲကို ရောက်နေတယ်။ စားပွဲတခုမှာ အတူထိုင်ဖြစ်ကြသေးတယ်။ ဘောလုံးပွဲအကြောင်းပဲ  ငြီးနေတာသတိထားမိတယ်။
ခေါင်ရည်တွေ တခွက်ပြီးတခွက်သူသောက်တယ်။ ငါလည်း  ခေါင်ရည်သောက်ဖြစ်တယ်။

သူမူးတယ် ငါလည်း ခေါင်းနည်းနည်းမူးတယ်။ မိန်းကလေးနဲ့တွေ့ပြီး ပထမဆုံးမူးတာပဲ။
လမ်းကလည်း   ပိုဆိုးလာသလိုခံစားရတယ်။ နွေးထွးမှုတွေတော့  ရင်ထဲကျန်ခဲ့တယ်။ ခေါင်ရည်ကြောင့်ဖြစ်ဖြစ်  မိန်းကလေး ကြောင့်ပဲဖြစ်ဖြစ်။

(၈)

ဟားခါးတက္ကသိုလ်ကျောင်းသားများအဖွဲ့ရဲ့အထွေထွေအစည်းအဝေးပွဲတက်ဖြစ်တယ်။
တကယ်တော့  ဖိတ်စာငါမရဘူး။ အကြောင်းက ငါကိုယ်တိုင် ကျောင်းသားတွေ တအိမ်ပြီးတအိမ်သွား  ဖိတ်စာသွားဝေခဲ့ တုန်းက  ငါ့အတွက်ချန်ဖို့မေ့နေခဲ့တာပဲ။
ဖိတ်စာကိစ္စကို  ငါကိုယ်တိုင် ကန့်ကွက်ခဲ့သေးတယ်။ ဒါကလည်း စိတ်ထင်တဲ့အရာပြောခဲ့တာပါပဲ။ စိတ်ကိုငါယုံတယ်။ စိတ်လေရင် လူလည်းယောင်ချာချာဖြစ်ရော၊ စိတ်ငြိမ်ရင် လူလည်းတည်ငြိမ်နေရော။ စိတ်ဟာ လူသားတယောက်ရဲ့လူနေမှုပဲ။ ငါ့စိတ်ထဲ  မိန်းကလေးရောက်နေတာမျိုးလည်း ငါယုံတာပဲ။ အစည်းအဝေးမတိုင်ခင် ဝတ်ပြုပွဲလေးလုပ်ကြသေးတယ်။

ဟားခါရာသီဥတုက မိုးမရွာတော့ကောင်းတယ်ပြောလို့ရပေမယ့်  အရမ်းချမ်းနေပြန်ရော။ အစည်းအဝေးကို ငါနားမလည်ဘူး။ ညနေကို  အိမ်မပြန်ပဲ သူငယ်ချင်းခေါ်ရာဆိုင်သွားထိုင်တယ်။
ဒါဘဝပဲ။ အရာရာတိုင်းအတွက် ငါတို့အစီစဉ်မဆွဲနိုင်ဘူး။ မိန်းကလေးကို ငါကြိုက်ခဲ့တာလည်း  အစီစဉ်ဆွဲပြီးလုပ်ခဲ့တာမဟုတ်ဘူး။ ညဟာ သိပ်ချမ်းလာတယ်။
ဝိုင်တခွက်သောက်တယ်၊ ပြီးရင်  လိုင်းပေါ်ကနေ မိန်းကလေးကိုသွားနှုတ်ဆက်တယ်။ သူ့ဓာတ်ပုံတွေကြည့်တယ်။ သူ့ကို ကျွန်တော်ကြိုက်တဲ့အကြောင်း ကိုယ့်ကို ကိုယ်တွေးမိတယ်။


လူတွေရဲ့ဘာသာတရားယုံကြည်မှုလိုပဲ ငါယုံကြည်တယ်။ ငါယုံကြည်တယ်ဆိုတာက ငါသူ့ကိုကြိုက်တယ်ဆိုတာကိုပါ။ မိန်းကလေးက ငါ့ကို ဘယ်လိုသဘောထားလဲဆိုတာ  ငါမသိနိုင်ဘူး။ မြေငလျင်ကို တိုင်းလို့မရသလိုပဲ။ လှုပ်ပြီဆိုမှသိရတယ်။ ခန့်မှန်းလို့ မရဘူး။ ညတိုင်း အိပ်မက်လှလှလေးမက်ဖို့  မေ့ဆေခ်ျပို့နေကျအတိုင်း ထပ်ပို့တယ်။ ဒီချိန်ဟာ မိန်းကလေး လိုင်းသုံးနေကျပဲ။ ဒါပေမဲ့  ဒီည မိန်းကလေး ကျွန်တော့် ကို စာမပြန်ဘူး။ ဒီညမှမဟုတ်ပါဘူး သုံးလေးညလောက်ရှိပြီ။ ကျွန်တော်ကျ  ပုံမှန်ပို့ရက်နဲ့ ဘာလို့ပုံမှန်စာမပြန်တာလဲတွေးမိတယ်။ မိန်းကလေး ငါ့ကိုငြီးငွေ့တာလည်း  ဖြစ်နိုင်တယ်။ ဒါပေမဲ့  ငါကျ သူ့ကိုမငြီးငွေ့ ဘူး။


ကံကြမ္မာဘာညာ၊ ဖူးစာဘာညာ၊ ကံတရားဘာညာ၊ ရှေးဘဝဘာညာများရဲ့အကျိုးသက်ရောက်မှုများလား။ ကောင်းကင်အလိုတော် ဘာညာများလား။

(၉)

ဒီနေ့ရာသီဥတု တဖန်ဆိုးလာပြန်ပါပြီ။ အစိုးရနဲ့ပြည်သူကြားကပြဿနာလိုကြားထဲ အဆက်အသွယ်ပြတ်သွားခဲ့တယ်။
နိုင်ငံရေးလှည့်ကွက်လို့ ပြောပြောတဲ့အရာလိုမျိုး ငါနဲ့မိန်းကလေးကြားမှာလည်း ဖြစ်နေတာလား။ သေချာတာက စစ်အေးကာလကို ရောက်နေသလိုခံစားနေရတာပဲ။ ငါပို့နေကျစာတွေ ပြန်ဖတ်တယ်။
ဆန္ဒဖော်ထုတ်ပွဲတွေနဲ့ခပ်ဆင်ဆင်ပဲ။ စာသားတွေနဲ့ စိတ်ထဲကလိုချင်တဲ့အရာတွေကိုပေါ်လွင်အောင် တဖက်သတ်ကြီးတင်ပြနေသလိုပဲ။ seen ပြတယ် ။ Reply မလာတာတခုပဲ။ ဆန္ဒဖော်ထုတ်တာနဲ့ ဘာလို့ဥပမာပေးတယ်ဆိုတာက  ခပ်ဆင်ဆင်လို့ခံစားရတာပဲ။ ခံစားရတယ်ဆိုတာကလည်း စိတ်က ယုံကြည်လို့ပါပဲ။


ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ယုံချင်မှလည်းယုံကြမှာပါ။ မိန်းကလေးကို ငါကြိုက်တယ်။ မိန်းကလေးငါ့ကို  ပြန်ကြိုက်ချင်မှ ပြန်ကြိုက်လိမ့်မယ်။ ငါလည်း မိန်းကလေးကို  ကြိုက်ချင်မှတသက်လုံးကြိုက်မယ်။ ဟားခါးရုန်းတောင်ကြီးပြိုကတည်းက ဖြစ်တတ် တဲ့အရာတွေကို  ကြိုတွက်မိတတ်လာတယ်။
ဆိုင်တော့ မဆိုင်ဘူးပေါ့ ။
ဘဝဆိုတာ ဒီလိုပါပဲ။

နောက်ပိုင်း  ရာသီဥတုဆိုးဆိုးနဲ့ ဟားခါးကို နှုတ်ဆက်ဖြစ်တယ်။
ချစ်တယ်ဆိုတာ ချစ်တာပါပဲဆိုတဲ့ ဒဿန တွေကိုခံယူလိုက်တယ်။
ဆုမတောင်းခင်  ထမင်းစားတာမဟုတ်ဘူး။ ထမင်းမစားခင်ဆုတောင်းတာ၊ ထမင်းစားပြီး ဆုထပ်တောင်းတာ။

ချစ်ပြီးမှတော့ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်မြတ်၌ အာမင်။ 
လူဖြစ်လာမှတော့ 
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်မြတ်၌  အာမင်။

” ဘဝဆိုတာ ဒါပါပဲ ” အဲ့လိုတွေးပြီးပြောမှလုပ်မှ အရာရာအဆင်ပြေမယ်ဆိုရယ်လို့လည်း မဟုတ်ဘူးပေါ့။

ဆလိုင်းနံရံ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, မြန်မာပြည်တွင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)