စိုးခိုင်ညိန်း ● လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု

November 28, 2017

● လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂ဝ၁၇

ကမ္ဘာပေါ်တွင် ကျွန်တော်တို့နိုင်ငံသည် လက်ဖက်ရည်ဆိုင်အလွန်ပေါသော နိုင်ငံဖြစ်မည် ထင်သည်။ ဘယ်မြို့ ဘယ်အရပ် ဒေသ ရောက်ရောက်၊ ဘယ်လောက်ပင် သေးငယ်သည့်မြို့ဖြစ်ပါစေ လက်ဖက်ရည်ဆိုင်ကတော့ တွေ့ရတတ်သည်။ အခု ချိန်မှာတော့ ရွာတွေမှာပင် လက်ဖက်ရည်ဆိုင်တွေက နေရာယူလာပြီ ဖြစ်သည်။ ကျွန်တော်တို့ လမ်းထိပ်ကိုထွက်တဲ့ လမ်း သွယ်လေးထဲမှာပင် လက်ဖက်ရည်ဆိုင်က ငါးဆိုင်လောက်ရှိသည်။ ဆိုင်တိုင်းမှာလည်း အချိန်ပြည့်နီးပါး လူက အနည်းနှင့် အများတော့ ရှိနေကြသည်သာ ဖြစ်သည်။ လက်ဖက်ရည်ဆိုင်က အလုပ်မရှိပဲ အားနေတဲ့သူတွေအဖို့ အချိန်ဖြုန်းလို့ အလွန် ကောင်းတဲ့နေရာတခု ဖြစ်သည်။ ရပ်ကွက်ထဲမှာ အလုပ်မရှိတဲ့လူငယ်တွေက လက်ဖက်ရည်ဆိုင်ကို အိမ်လို ဝင်လိုက် ထွက် လိုက်လုပ်ပြီး အုပ်စုဖွဲ့ လေပန်းလိုက်၊ လမ်းသွားလမ်းလာတွေကို ငေးလိုက်နှင့် အချိန်ဖြုန်းနေကြတာ တွေ့ရ တတ်သည်။

ကျွန်တော့်သူငယ်ချင်း ကဗျာဆရာကတော့ လက်ဖက်ရည်ဆိုင်ဆိုတာ လူကြီးလူကောင်းတွေရဲ့ ဂေါက်ကွင်းပဲလို့ သူ့ကဗျာ တပုဒ်တည်းမှာ ထည့်ရေးထားတာ ဖတ်ခဲ့ဘူးသည်။ လက်ဖက်ရည်ဆိုင်မှာ အလွှာစုံ၊ အရွယ်စုံ၊ လူကြီး၊ လူငယ်၊ လူလတ် အကြောင်းအမျိုးမျိုးနှင့် လက်ဖက်ရည်ဆိုင်မှာ ကျင်းစိမ်ကြလေသည်။ တချို့လူက တရက်မှာ လက်ဖက်ရည်လေး တခွက် ကိုမှ မသောက်ရရင် မနေနိုင်သည်အထိ လက်ဖက်ရည်ကို စွဲလန်းနှစ်သက်ကာ ထိုင်လေ့ရှိသည်။ တချို့က လုပ်ငန်းကိစ္စ၊ စီးပွားရေးကိစ္စ စသည်အကြောင်းအရာကို တွေ့ဆုံဆွေးနွေး စကားပြောဖို့ ထိုင်ကြတာလည်း ရှိသည်။ တချို့ကတော့ အပြင်း ပြေ အချိန်းဖြုန်းဖို့ ထိုင်သည်။ တချို့ကတော့လည်း ဆိုင်ထိုင်ရတာကို ဝါသနာထုံးလွန်း၍ ထိုင်ကြတာလည်း ရှိသည်။ အ ပေါင်းအသင်း မိတ်ဆွေသူငယ်ချင်းရောက်လာတဲ့အခါ လာဗျာ လက်ဖက်ရည်ဆိုင်သွားရအောင်ဆိုပြီး ဆိုင်မှာထိုင်ပြီး စကား စမြည်း ပြောကြတာက ထုံးစံတခုလို ဖြစ်နေသည်။

အထူးသဖြင့် စာရေးဆရာ ၊ ကဗျာဆရာတွေက လက်ဖက်ရည်ဆိုင်ထိုင်ရတာကို ပိုပြီး ဝါသနာထုံပုံရသည်။ မိမိလေးစားရသည့် စာရေးဆရာကြီးတယောက်နဲ့တွေ့တော့ တရက်မှာ သုံးလေးကြိမ်လောက်တော့ လက်ဖက်ရည်ဆိုင်ထိုင်မိသည်ဟု ဆိုပါ သည်။ ကျွန်တော် မန္တလေးမှာ နေခဲ့တုန်းက တရက်မှာ အနည်းဆုံး မနက် နေ့ ညနေ သုံးခါလောက် လက်ဖက်ဆိုင်ထိုင်ခဲ့ဘူး သည်။ အဲဒီတုန်းက တရက်မှာ တကြိမ်လောက်တော့ မထိုင်ရ မနေနိုင်သည်အထိ ဆိုင်ထိုင်ခြင်းကို စွဲလန်းခဲ့သည်။ အထူး သဖြင့် ဝါသနာတူရာ သူငယ်ချင်းတွေနဲ့တွေ့ပြီး စာအကြောင်း ကဗျာအကြောင်းတွေ ပြောခဲ့ဆိုခဲ့ ဆွေးနွေးခဲ့ကြတာ ဖြစ် သည်။

နောက် ရန်ကုန်ရောက်လာတော့ စာတွေ ကဗျာတွေထဲမှာ ဖတ်ဖူးပြီး ရင်းနှီးနေခဲ့တဲ့ စာရေးဆရာ၊ ကဗျာဆရာတွေ အများစု ထိုင်တဲ့ နာမည်ကျော် လေထန်ကုန်း ကဖေးကို မြို့ထဲရောက်တိုင်း တကူးတက သွားထိုင်ရသည်။ ပြင်သစ်မှာ စာရေးဆရာ၊ ပန်းချီဆရာတွေ ထိုင်ကြတဲ့ ရိုတွန်ကဖေးနာမည်ကြီးသလို လေထန်ကုန်းကလည်း စာရေးဆရာကြားမှာ နာမည်ကြီးပါသည်။ နာမည်ကြီး စာရေးဆရာ၊ ကဗျာဆရာတွေ ထိုင်ကြတဲ့အတွက် စထိုင်ထိုင်ချင်းမှာတော့ ကဗျာလေး မတောက်တခေါက် ရေးခါစ မိမိသည် မဝန့်မရဲနဲ့ ဝင်ထိုင်ခဲ့ရတာ ဖြစ်သည်။ ဆိုင်မှာ ထိုင်နေတုန်းမှာ ဟိုဟာက နာမည်ကြီး စာရေးဆရာ ဘယ်သူ၊ အခုဝင်လာတာက ကဗျာဆရာဘယ်သူ၊ ဟိုလွယ်အိပ်လွယ်ထားပြီး နှုတ်ခမ်းမွှေးနဲ့ လူက ဘယ်သူ စသည်ဖြင့် ရန်ကုန်မှာ အခြေချနေတဲ့ သူငယ်ချင်းကဗျာဆရာက လက်တို့ပြောတဲ့အခါ ကိုယ့်မှာ စိတ်တွေလှုပ်ရှားပြီး ကိုယ်ဖတ်ခဲ့ဘူးတဲ့ စာရေး ဆရာ၊ ကဗျာဆရာတွေကို အရှင်လတ်လတ် မျက်မြင်ကိုယ်တွေ့ မြင်ရတာကြောင့် စိတ်ထဲ ဝမ်းသာစိတ်နှင့် ရင်ခုန်နေခဲ့တာ ဖြစ်သည်။ အထူးသဖြင့် သွားတိုင်း အမြဲတွေ့ရတတ်တာက ဆရာမောင်ရန်ပိုင်ကိုပဲ ဖြစ်သည်။  ဟိုအရင်က စာရေးဆရာတွေ ထိုင်လေ့ရှိတဲ့ ဆိုင်တွေဖြစ်တဲ့ ဝါဇီ၊ ရွှေကြည်အေး စတဲ့ ဆိုင်တွေကိုတော့ စာတွေထဲမှာ ဖတ်ဘူးခဲ့သည်။ အပြင်မှာတော့ မထိုင်ဘူးလိုက်ပါ၊ အခုတော့ လေထန်ကုန်းလည်း မရှိတော့ဘူး ထင်ပါသည်။

အခုတော့ စာရေးဆရာ၊ ကဗျာဆရာတွေ အများစု ထိုင်လေ့ရှိကြတာက ၃၄ လမ်းထိပ်က လပြည့်ဝန်းဆိုင်နှင့် ဆိပ်ကမ်းသာ လမ်းက ပလက်ဖောင်းပေါ်မှာ ကပ်ပြီးဖွင့်ထားတဲ့ဆိုင်ပဲ ဖြစ်သည်။ နောက် ပန်းဆိုးတမ်းလမ်းမှာရှိတဲ့ Super King လက်ဖက် ရည်ဆိုင်မှာလည်း ထိုင်ကြလေ့ရှိသည်။ လပြည့်ဝန်းဆိုင်ကတော့ ကဗျာဆရာ အောင်ဘညို သေသည်အထိ စွဲစွဲမြဲမြဲ ထိုင် သွားခဲ့တဲ့ဆိုင် ဖြစ်သည်။ မိမိ မြို့ထဲရောက်ဖြစ်တိုင်းလည်း ထိုဆိုင်တွေမှာပဲ ထိုင်ဖြစ်သည်။ ထိုလက်ဖက်ရည်ဆိုင်တွေမှာ ထိုင်ရင်း စာရေးဆရာ၊ ကဗျာဆရာတွေကို တွေ့ဆုံရင်းနှီး ခင်မင်ခွင့်ရခဲ့တာပဲ ဖြစ်သည်။

စာရေးဆရာကြီး မြသန်းတင့်က သူတို့ခေတ်က စာရေးဆရာတွေ ထိုင်လေ့ရှိတဲ့ ဗိုလ်မြတ်ထွန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်မှာရှိတဲ့ မက်သဒစ်ကဖေးမှာ သူနှင့်အတူ ထိုင်ခဲ့ဘူးတဲ့ စာရေးဆရာတွေအကြောင်းကို သူရေးတဲ့ “လက်ဖက်ရည် ဆိုင်ထဲမှာ ဖြတ်သန်းစီးဆင်း သွားသောရေအလျဉ်” ဆိုတဲ့ စာတပုဒ်မှာ ဖတ်ခဲ့ဘူးသည်။ သူနှင့် အတူထိုင်ခဲ့ကြတာတွေက ဗန်းမော်တင်အောင်၊ မင်းဆွေ ၊ ဇဝန၊ ပန်းချီအောင်စိုး၊ ပန်းချီလှစိုး၊ မဟာဆွေ၊ သာဓု၊ လင်းယုန်နီ၊ ရွှေစင်္ကြာ၊ သင်္ခါ၊ စသည်တို့ ဖြစ်သည်။  စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာတို့၏ ဘဝဖြတ်သန်းမှုများသည် လက်ဖက်ရည်ဆိုင်တို့နှင့် ကင်း၍မရ၊ စာအကြောင်း ကဗျာအကြောင်း၊ ပန်းချီအကြောင်းစသည့် အနုပညာရေးရာတို့နှင့် ထပ်တူ လက်ဖက်ရည်ဆိုင်တို့၏ အခန်း ကဏ္ဍကလည်း တစိပ်တဒေသ ပါဝင်နေသည်သာ ဖြစ်သည်။

လက်ဖက်ရည်နှင့် ရေနွေးကြမ်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် အရေးပါသော အသုံးအဆောင်တမျိုး ဖြစ်သည်ဟု ဆိုရ မည်။ တကယ်တော့ လက်ဖက်သည် တရုတ်မှ စတင်ခဲ့တာဖြစ်ပြီး မြန်မာပြည်သို့ ဘယ်အချိန်က စတင် ရောက်ရှိလာသည် ဟူ၍ကား မသိချေ။ လက်ဖက်နှင့်ပတ်သက်၍ ပုံပြင်လိုလို စာလေးတပုဒ် ဖတ်ခဲ့ဘူးသည်။ ရှေးနှစ် ရာပေါင်းများစွာက တရုတ် နိုင်ငံတွင် ဘာသာရေး၌ ကိုင်းရှိုင်းလှသည့် ဗုဒ္ဓဝါဒီတဦး ရှိသတဲ့။ ထိုသူသည် ကိုးနှစ်တိုင်တိုင် မအိပ်ပဲ တရားအားထုတ်မည်ဟု အဓိဌာန်ပြုကာ မအိပ်ပဲ တရားအားထုတ်ပြီး နေလာခဲ့ရာ သုံးနှစ်ကြာသောအခါ ရုတ်တရက် အိပ်ပျော်သွားမိသည်။ နိုးလာ သောအခါ ဤမျှညံ့ဖျင်းရပါမည်လောဟု မိမိကိုယ်ကိုမိမိ ဆုံးမသည့်အနေဖြင့် သူ၏ မျက်ခွံများကို လှီးဖြတ်ပြီးလျှင် လွှင့်ပစ် လိုက်ရာ မျက်ခွံများကျရာနေရာ၌ မြေတွင် အမြစ်တွယ်၍ အပင်ကလေး တပင်ပေါက်လာသည်။ ထိုအပင်ကား ကမ္ဘာတွင် ပထမဆုံးပေါက်လာသည့် လက်ဖက်ပင်ပင် ဖြစ်သည်ဟု အချို့သော တရုတ်လူမျိုးများက အစဉ်အဆက် ယုံကြည်ကြသည် တဲ့။

ဥရောပတိုက်တွင်မူ လွန်ခဲ့သော နှစ်ပေါင်း သုံးရာကျော်လောက်ကမှ လက်ဖက်ကို စတင် အသုံးပြုကြသည်တဲ့။ သို့သော် ထိုစဉ်က မင်းစိုးရာဇာနှင့် သူဌေးသူကြွယ်များသာလျှင် လက်ဖက်ရည်ကို သောက်သုံးနိုင်ကြသည်တဲ့ အကြောင်းမူ အလွန်ဝေးကွာသော အရပ်ဒေသမှ အမျိုးမျိုးသော ဒုက္ခအပေါင်းကို ကျော်လွန်၍ ယူဆောင်လာခဲသဖြင့် လက်ဖက်မှာ ထိုအချိန်က အလွန်ဈေးကြီးလွန်းလှသည်ဟု ဆိုသည်။ အချို့မှာ လက်ဖက်ကို မည်သို့ အသုံးပြုရမည်ကိုပင် မသိကြဟု ဆိုသည်။ ယခုအခါတွင်တော့ လက်ဖက်သည် လူတိုင်း သုံးစွဲနိုင်လောက်အောင် ပေါများ၍ နေပေပြီ။ ကမ္ဘာတွင် ရေမှလွဲလျှင် လူတို့သည် လက်ဖက်ရည်ကို အသောက်အများဆုံး အခြေသို့ပင် ရောက်နေသည်ဟု ဆိုသည်။

စိတ်တွေ လေးလံထိုင်းမှိုင်းပြီး အိပ်ချင်နေတဲ့အချိန်မှာ လက်ဖက်ရည် အဖန်ကျကျလေး တခွက် သောက်လိုက်ရရင် စိတ်ထဲ လန်းဆန်းသွားတာ အိပ်ချင်စိတ်တို့ ပြေပျောက် သွားတတ် သည်။ လက်ဖက်ရည်ကို နှစ်သက်ကြသူများတွင် လူကိုလိုက်၍ တယောက်နှင့် တယောက် အကြိုက်ချင်းကား မတူနိုင်ပေ။ တချို့က အဖန်ကဲကဲ တချို့က အဆိမ့်အရသာကို ကြိုက်သည်။ လက်ဖက်ခြောက်တွင် သီးအင်းဓာတ်ပါ၍ ထိုဓာတ်မှာ ကော်ဖီတွင်ပါသည့် ကဖင်းဓာတ်နှင့် အတူတူ ဖြစ်သည်တဲ့။ ထိုဓာတ်သည် သောက်သုံးသူကို အနည်းငယ်ထကြွ အားရှိစေ၍ နည်းလျှင် ဥပါဒ်မဖြစ်ပေမဲ့ များလွန်းလျှင်ကား ဥပါဒ်ပေး တတ်၍ ညဘက်တွင် အိပ်မပျော်နိုင်အောင် ဖြစ်စေတတ်သည်ဟု ဆိုသည်။

လက်ဖက်ရည်၌ ဝါညိုရောင်ရှိခြင်းမှာ လက်ဖက်ရွက်တွင် တန်းနင်းဟုခေါ်သည့် ဓာတ်ပစ္စည်း တမျိုးပါသောကြောင့် ဖြစ်ပြီး ထိုဓာတ်ပစ္စည်း များလွန်းလျှင်လည်း ကျန်းမာရေး ထိုခိုက်တတ်၍ လက်ဖက်ရည်ဖျော်ရာတွင် တန်းနင်းဓာတ်အများအပြား ထွက်မလာစေရန် လက်ဖက်ခြောက်ကို လက်ဖက်ခြောက်ကို အကြာကြီး သာ၍ ကောင်းသည်ဟု ဆိုပါသည်။

ဂျပန်နိုင်ငံတွင်မူ လက်ဖက်ရည်ပွဲတည်ခင်းသည့် အခမ်းအနားမှာ ရှေးအစဉ်အဆက်ကစ၍ ဆင်းသက်လာသော ယဉ်ကျေးမှု တရပ်ဖြစ်သည်။ တည်ခင်းသည့် လက်ဖက်ရည်မှာ လက်ဖက်ရည်ကြမ်းပင် ဖြစ်သည်။ သို့ရာတွင် လက်ဖက်ရည်ဖျော်ပုံ၊ တည်ခင်းပုံ သောက်သုံးပုံမှာ သတ်မှတ်ထားသော အစီအစဉ်များအတိုင်း စနစ်တကျပြုလုပ်ကြရသည်တဲ့။ ဤထုံးတမ်းစဉ်လာ သည် ဂျပန်တို့၏ ပေါင်းသင်းဆက်ဆံရေးတွင် အရေးကြီးသည့် အစိပ်အပိုင်း တခုဖြစ်၍ ရှေးနှစ်ပေါင်း ငါးရာက ဗုဒ္ဓဝါအယူဝါဒီ ရဟန်းတော်များမှ တဆင့် ဆင်းသက်ခဲ့သော အမွေအနှစ် တခုဖြစ်သည်ဟု ဆိုလေသည်။
ကျွန်တော်တို့၏ ပေါင်းသင်း ဆက်ဆံရေးတွင်လည်း လက်ဖက်ရည်ဆိုင်သည် ပါဝင် ပတ်သက်နေသည်မို့ ကင်းကွာ၍ မရနိုင် ချေ။ ကျွန်တော်တို့သည် ကြုံသလိုပင် လက်ဖက်ရည်မှာ ထိုင်ကြရသည်။ အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေတို့ လာ သည့်အခါ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး လွတ်လွတ်လပ်လပ် ပြောဆိုကြရသည်က အရသာတခုပဲ ဖြစ်သည်။ နောက် ဆုံး ဘယ်သူမှ မလာလည်း တယောက်တည်း ဖြစ်နေစေဦးတော့ တရက်မှာ တကြိမ်လောက်တော့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး အတွေးနယ်ချဲ့ချင်ချဲ့ သတင်းစာ ဖတ်ချင်ဖတ်ပြီး အချိန်ဖြုန်းကာ ထိုင်နေဖြစ်သည်သာ ဖြစ်သည်။

စိုးခိုင်ညိန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်