အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၃)

December 2, 2017

● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၃)
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၇

● ဘုရားသုံးဆူ နေ့ရက်များ (၁၁)
ဘုရားသုံးဆူ ၁၀၂ စခန်းမှာ တောင်ယာခုတ်ပြီး ကျောက်ဖရုံသီး အကြီးအကျယ် စိုက်ကြတယ်။ ဦးဆောင်သူတွေကတော့ တပ်ရင်း ၁၀၂ က ခေါင်းဆောင် ကိုတိုးကြီးနဲ့ ကိုရဲမွန်၊ ကျန်သူတို့ရဲဘော်တွေပဲ။ ကိုတိုးကြီးက ဂျီတီအိုင် ကျောင်းသား ဟောင်း၊ စိတ်ရင်းကောင်းတယ်။ လူချစ်လူခင်လည်း ပေါတယ်။ ဒါပေမယ့် ပြဿနာက စကားမပီတာ၊ ‘တ’ နဲ့ ‘သ’ နဲ့ မကွဲ ဘူး။ ဒါကြောင့် ကျနော်တို့က သူ့ကို စနောက်ကြတယ်။ “ကဲ… တိုတိုတိပ်တိပ်နဲ့ တေတေတပ်တပ် သွားကြမယ်။” တို့၊ “ဝက်သားကွာ အတစ်တစ်လေးတွေတုံးပြီး ချက်ထားတာ၊ တိုးလို့ တံမံတလင်းပေါ် တွန်လိုက်ရတယ်” ဆိုတာမျိုးပေါ့။ ကိုရဲမွန်ကလည်း အသက်ကြီးတဲ့ ဂျီတီအိုင်ဆင်း ကျောင်းသားတယောက်ပဲ။ သူတို့က တပ်ရင်း (၁၀၂) မှာ တထောင့် တနေရာ ဦးဆောင်မှု ယူထားကြတယ်။

တရက်မှာ ကိုတိုးကြီးက ကြွားလာတယ်။ သူတို့ တောင်ယာစိုက်ထားတဲ့အကြောင်း။ ဘုရားသုံးဆူဒေသမှာက ကျောက်ဖရုံသီးက တလုံးကို ၅ ဘတ်ဈေးရတယ်။ ကျောက်ဖရုံသီးက ရေရှည်အထားအသို ခံပြီး၊ မပုတ်မသိုးတတ်တဲ့အတွက်ကြောင့် အိမ်တွေအတော်များများကလည်း ရေရှည်ရိက္ခာအတွက် ဝယ်ယူစုဆောင်းကြတယ်။ တကယ်တော့ ကျောက်ဖရုံသီးကို မြို့ဈေးက လာဝယ်တာ နည်းနည်းပါးပါးပဲရှိတယ်။ ဒေသဈေးကွက် စားသုံးမှုအတွက် လောက်သာ ဝယ်ယူနေကြတာ။ သူတို့က တပ်ရင်း ၁၀၂ နောက်ကျော တောင်ကုန်းကို တောင်ယာခုတ်လိုက်တယ်။ အဲဒီ တောင်ယာမှာ ကျောက်ဖရုံသီး၊ ရွှေဖရုံသီးတွေ စိုက်ထားတယ်။ သူတို့က တွက်ရေးတော့ စက်သူဌေး။

“အောင်သူ ရ.. ဒီလိုကွ၊ ကျောက်ဖရုံသီးက တပင်ကို ၁၀ လုံးထွက်မယ်။ ငါတို့က အပင် ၁၀၀၀၀ ကျော် စိုက်ထားတာ။ အဲသည်တော့ ကျောက်ဖရုံသီး အလုံး ၁၀၀,၀၀၀ (တသိန်းရမယ်)။ ကျောက်ဖရုံသီးတလုံးကို ၅ ဘတ်ဆိုရင်ကွာ ဝင်ငွေက ၅ သိန်းရမယ်။ လျော့လျော့ပေါ့ပေါ့ ၄ သိန်းတွက်ကွာ။ ဒီအချိန်မှာ အေကေသေနတ်တလက်က ၅,၀၀၀ ဘတ်ပဲ ရှိတယ်။ ဒါဆိုရင် သေနတ်ဝယ်ရင် အလက် ၈၀ ရမယ်။ ကျည်တွေဘာတွေတော့ ထပ်ဝယ်ဖို့ လိုသေးတာပေါ့။” သူတို့တွက်ကိန်းနဲ့ သူတို့ အလုပ်ဖြစ်နေကြတယ်။ အဲဒီကာလမှာ နယ်စပ်မှာ လက်နက်မှောင်ခိုတွေက ရှာရသိပ်မခက်လှဘူး။ အေကေ သေနတ်တလက် ၅,၀၀၀ ဆိုတာလည်း လူတိုင်းသိတဲ့ ဈေးလိုဖြစ်နေတယ်။ ကမ်ဘောဒီးယား ပြည်တွင်းစစ်ပြီးလို့ အဲဒီ ဖက်ကနေ ပိုလျှံလာတဲ့ လက်နက်တွေက ထိုင်းနယ်စပ်ဖက်ကို မှောင်ခိုလမ်းကြောင်းနဲ့ ရောက်လာကြတယ်။ တကယ် တော့ ကျောက်ဖရုံသီးဆိုတာ လူတိုင်းလိုချင်နေတဲ့ ရှားပါးပစ္စည်းမှ မဟုတ်ဘဲ။ ကိုတိုးကြီးတို့ တွက်ထားသလို အလုပ်မဖြစ် ကြောင်း ပြလာတယ်။ အစောပိုင်းမှာ ကျောက်ဖရုံသီး ဝယ်လက်ရှိတယ်။ ခဏနေတော့ ရွာအတွက်က နေ့ဖို့ညစာ ရှေ့ရေး အတွက် ကျောက်ဖရုံသီးက ဖူလုံသွားခဲ့ပြီ။ အဲဒီအခါမှာ ဘုရားသုံးဆူဈေးက မဖြူ -မနီတို့ဆိုင်မှာ ကျောက်ဖရုံသီးနဲ့ ကော်ဖီ ဘာတာစနစ်နဲ့ ဖလှယ်သောက်ကြရတယ်။ ကျောက်ဖရုံသီး တလုံး ၅ ဘတ်- ကော်ဖီတခွက် ၅- ဘတ်။ တပ်ရင်း ၁၀၂ က ရဲဘော်တွေက ကျောက်ဖရုံသီးတလုံးသယ်သွား၊ ၅ မိုင်လောက် ခရီးကိုလမ်းလျှောက်၊ ပြီးတော့ မဖြူ-မနီကို ပိုးပန်းရင်း လက်ဖက်ရည်-ကော်ဖီတခွက်ကို ကျောက်ဖရုံသီးတလုံးနဲ့ လဲလှယ်သောက်။ ပြီးတော့ ပြန်လာ။

ဒီလိုနဲ့ ဟိုဆိုင်မှာလည်း ကျောက်ဖရုံသီးတွေ ပုံလာပြီ။ ကျောက်ဖရုံသီး ၂-လုံး ၅ ဘတ်ဖြစ်လာတယ်။ အရင်က တလုံး ကော်ဖီတခွက်ဆိုရင်၊ နောက်တော့ ကျောက်ဖရုံသီး ၂-လုံးပေးမှ ကော်ဖီတခွက်ရတော့တယ်။ စခန်းဂိုဒေါင်ထဲလည်း ကျောက်ဖရုံသီးတွေပုံလို့။ ဒါနဲ့ ဘုရားသုံးဆူဒေသကို ရန်သူ့စစ်ကြောင်းက ထိုးစစ်ဆင်လာတော့မယ်ဆိုတော့ ကိုတိုးကြီး တို့က “တို့ ကျောက်ဖရုံသီးတွေကို လိုချင်လို့ လာလုတဲ့စစ်ပွဲပဲ။ ‘ကျောက်ဖရုံသီးစစ်ပွဲ’ လို့ သမုတ်ကြတယ်။

စစ်ပူလာတော့မယ်ဆိုတော့ တပ်ရင်း ၁၀၂ စခန်းအနား ကျောက်တောင်မှာ အခြေချတဲ့ အမေရိကန် ဘုန်းကြီးကလည်း နှုတ်ဆက်တယ်။ “ဒီနေရာမှာ မငြိမ်းချမ်းတော့ဘူး၊ သူထွက်သွားရတော့မယ်” လို့ ပြောတယ်။ တပ်ရင်း ၁၀၂ စခန်းချရာ အနီး ကျောက်တောင်ဂူထဲမှာ အမေရိကန်ဘုန်းကြီးတပါး သီတင်းသုံး စခန်းချနေခဲ့တယ်။ သူ့အကြောင်း သေသေချာချာ မသိရသလို၊ ကျနော်တို့ကလည်း စပ်စုပြီး မမေးဖြစ်ခဲ့ကြဘူး။ သတင်းကြားဖူးတာတော့ တခါက သူက လေယာဉ်မှူးဖြစ်ခဲ့ ဖူးတယ်လို့လည်း ဆိုတယ်။ လေယာဉ်ပျံဆင်းဖို့ တခါ ခက်ခဲနေချိန်မှာ လေယာဉ်ပျံတောင်ပံပေါ်မှာ မြန်မာပြည်က ရဟန္တာ ဘုန်းကြီးတပါးကို တွေ့ရတယ်။ နောက်တော့ လေယာဉ်ရှောရှောရှုရှု ဆင်းသက်သွားနိုင်တယ်ဆိုတဲ့ ပုံပြင်တပုဒ်ကြားရဖူး တယ်။ ဒီဘုန်းကြီးဟာ အဲဒီပုံပြင်ဇာတ်လမ်းထဲက လေယာဉ်မှူးလို့လည်း ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ် ဒီအမေရိကန် ဘုန်းကြီးက ဝိနည်းစောင့်လွန်းတယ်။ မနက်ဆွမ်းခံရင် ဖိနပ်မစီးဘူး။ မျက်လွှာကိုချထားတယ်။ သတ်မှတ်ထားတဲ့ ခြေလှမ်းက လွဲလို့ ရှေ့ကိုမကြည့်ဘူး။ ဆွမ်းခံတဲ့အချိန်အခါမှာလည်း သတ်မှတ်အရေအတွက်ရှိတဲ့ အိမ်ကိုပဲ ဆွမ်းခံတယ်၊ ရရင်ဖုန်းပေးတယ်။ မရခဲ့ရင်လည်း မရတဲ့အတိုင်း အငတ် ဥပုသ်စောင့်တယ်။ ကျနော်တို့စခန်းက ရဲဘော်တွေလည်း တခါ တလေ ဆွမ်း၊ စားဖွယ်သွားကပ်လှူဖူးတာ ရှိတယ်။ ကျနော်ကတော့ သူတခါငှက်ဖျား ဖျားနေလို့ ဆေးသွားချိတ်ပေးဖူး တယ်။ အခုတော့ ဒီဒေသဟာ မငြိမ်းချမ်းတော့ဘူး ဆိုပြီး ထွက်သွားတော့တယ်။

ဒီအချိန်မှာ ကျနော်တို့စခန်း ရဲဘော်တွေအတွက် စစ်ကြောင်းတက်လာရင်တောင် ခုခံဖို့ သေနတ်မရှိဘူး။ ဒီလိုနဲ့ ဘန်ကောက်တက်ပြီး ကျနော်တို့ ကျောင်းသားအဖွဲ့တွေကို အကူအညီပေးနေကြ အဖွဲ့အစည်း၊ မိသားစုတွေဆီကို အလှူခံ ကြရတယ်။ ပြောရရင် ဘန်ကောက်မှာ အဖွဲ့အစည်းအချို့က ကျောင်းသားအဖွဲ့အစည်းတွေကို ကူညီရေးနဲ့ ထောက်ပံ့ရေး လုပ်ဆောင်နေကြတယ်။ တခုကတော့ ကုလသမဂ္ဂ ဌာနတခုက အရာရှိ ဒေါက်တာတင်မြင့်ဦး ဦးဆောင်တဲ့ အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေအဖွဲ့ (Emergency Relief Fund– ERF) အဖွဲ့ပဲ။ သူတို့မိသားစု နေထိုင်ရာ တိုင်ပင်းတာဝါ (Taipen Tower) အဆောက်အဦကို စွဲလို့၊ “အိမ်ကြီး” လို့လည်း ခေါ်ကြတယ်။ နောက်တဖွဲ့ကတော့ ဦးမောင်မောင်ဆွေ၊ ဒေါက်တာ ခင်မောင်ကြွယ်၊ ဒေါ်ပြုံးနဲ့ ဦးစိုင်းထွန်းတို့ ဦးဆောင်တဲ့ (United States of Burma–USB) အဖွဲ့ပဲ။ သံရုံးတခု မှာ အလုပ်လုပ်နေတဲ့ ဦးစိုးပိုင်တို့ မိသားစုကလည်း ကူညီကြတယ်။ ဦးအောင်နု ဦးဆောင်တဲ့ (ဒညတ) အဖွဲ့ကတော့ ယခင်က စခန်းတွေကို ကူညီတယ်။ နောက်ပိုင်း သူတို့လည်း နိုင်ငံရေးအသင်းအဖွဲ့ တခုဖြစ်လာပြီးတဲ့နောက်မှာ သူတို့နဲ့ အလွမ်းသင့်သူတွေကိုပဲ ကူညီတော့တယ်။ ကျနော်တို့စခန်းကို USB အဖွဲ့က ဘတ်ငွေတသိန်းကျော် ကူညီတာနဲ့ တပ်စိတ် တစိတ်စာ သေနတ်တွေ ချက်ချင်ဝယ်ယူ တပ်ဆင်နိုင်လိုက်တယ်။ (တပ်စိတ် တစိတ်စာဆိုတဲ့နေရာမှာ လူ ၁၀ ယောက် အတွက် လက်နက်ငယ် ၉ လက်၊ ကျည်နဲ့ RPG-2 ခွင်းဒုံးတလက် ပါဝင်တယ်။) အဲဒီအချိန်မှာ ကျန်စခန်းအသီးသီးက လည်း ငွေရှာကြတယ်။ ဗဟိုပြန်ကြားရေးဌာနက ကိုကိုလေးလည်း ငွေတွေနဲ့ ပြန်လာတယ်။ မွန်ပြည်သစ်ပါတီဆီက သေနတ်အချို့ဝယ်ယူ၊ တပ်ရင်း (၁၀၂) ကို တပ်ဆင်ပြီး သူလည်း ရှေ့တန်းဆင်းဖို့ လုပ်တယ်။

ကျနော်တို့ ဘုရားသုံးဆူစခန်းကို စတက်လာခဲ့တဲ့ မုက္ကနင်ကျေးရွာမှာ နောက်ပိုင်းတော့ အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ အစိုးရစစ်တပ် ခလရ (၁၀၆) က တပ်ရင်း ထိုင်နေခဲ့တယ်။ တပ်ရင်းမှူးကတော့ နောက်ပိုင်း နာမည်ကြီးလာမယ့် ဒု-ဗမက သီဟသူရ သူရစစ်မောင်ပဲ။ အခု ဘုရားသုံးဆူထိုးစစ်ကိုလည်း သူကပဲ ဗျူဟာမှူးလုပ်ပြီး ထိုးစစ်ဆင်လာမယ်။ တပ်ရင်း ၃ ရင်း ပါမယ်လို့ဆိုတယ်။ အဲဒီအချိန်မှာ မွန်မဟာမိတ် ခေါင်းဆောင်တွေက အမျိုးမျိုး သုံးသပ်နေကြတုန်းပဲ။ အရင်တုန်းက လည်း ဘုရားသုံးဆူဒေသကို လာပြီး ထိုးစစ်ဆင်ခဲ့ဖူးတာ ရှိတယ်။ သို့သော်လည်း အခြေချသိမ်းပိုက် စခန်းထိုင်ထားတာ မျိုး မရှိခဲ့ဘူး။ စခန်းတွေကို သိမ်းပိုက်၊ မီးရှို့ဖျက်ဆီးပြီး ပြန်ဆင်းသွားကြတာ များတယ်။ အကြောင်းကတော့ နောက်တန်း ကနေ ထောက်ပံ့ရတာ ထောက်ပံ့ရေးလမ်းကြောင်း ရှည်လှတယ်။ အခု အချိန်မှာလည်း အရင်လိုပဲ တခဏတာ လာရောက်သိမ်းပိုက်တဲ့ ထိုးစစ်မျိုး ဖြစ်မယ်လို့ မှန်းဆကြသူတွေလည်း ရှိတယ်။ ဒါပေမယ့် ကေအဲန်ယူဒေသက စခန်းတွေ ကိုလည်း တခုပြီးတခု ထိုးစစ်ဆင်သိမ်းပိုက် တိုက်ခိုက်နေပြီ၊ ဒီတခါ ဘုရားသုံးဆူစခန်းရရင် လက်လွှတ်ဖွယ် မရှိဘူး၊ အတည်တကျ စခန်းချသွားနိုင်တယ်လို့ သုံးသပ်နေသူတွေလည်း ရှိတယ်။ စစ်သတင်းကြောင့် စည်ကားစ ကျေးရွာလူထု တွေလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ကုန်ကြတယ်။ တရက်မှာ ဘုရားသုံးဆူအနီးက သစ်စက်မှာ လူအချို့ရန်ဖြစ်ကြတယ်။ ရန်ဖြစ်တဲ့ ဝရုန်းသုန်းကား သတင်းကြောင့်ပဲ ရွာလန့်ပြီး ပြေးတယ်။ ဘုရားသုံးဆူကျေးရွာ ခြောက်ကပ်သွားတယ်။

မွန်ပြည်သစ်ပါတီကတော့ မွန်အမျိုးသားနေ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အချိန်။ ဒီနှစ်ပွဲကို စစ်ကြောင်းလျှောက်၊ ချီတက် အလေးပြုမယ်။ ဘုရားသုံးဆူရွာက ကွင်းမှာ ကျင်းပမယ် ပြင်ဆင်ထားလို့၊ မုတ်ဦးတွေလည်း ရွာလမ်းမမှာ ပြင်ဆင်ထားကြ တယ်။ ရွာလူထုတွေ မလန့်ရအောင်လည်း ရွာထဲမှာ လော်စပီကာနဲ့ လှည့်ပြီး ဗမာ-မွန်-ကရင် ဘာသာတွေနဲ့ ကြေညာ တယ်။ “မိဘပြည်သူများ ခင်ဗျား၊ ရန်သူ့ရဲ့ ထိုးစစ်အပေါ် ဘာမှ စိုးရိမ်ကြောက်လန့် မရှိကြပါနဲ့။ ကျနော်တို့ အောက်ခြေက ရွာတွေမှာ ခံစစ်တွေ သေချာပြင်ဆင်ထားပြီး ရှိနေပါတယ်။ မွန်ပြည်သစ်ပါတီ အင်အား… မည်မျှ၊ ကေအဲန်ယူနဲ့ ကေအဲန် ဒီအို ကာကွယ်ရေးတပ်ဖွဲ့… အင်အား မည်၍မည်မျှ၊ ကျောင်းသားတပ်ဖွဲ့… အင်အား မည်၍မည်မျှ… ခုခံစစ်ကို သေချာ ပြင်ဆင်ထားပါတယ်၊ မစိုးရိမ်ကြပါနဲ့…. ” စပီကာနဲ့ လှည့်ပြီး ကြေညာသံတွေကို ကြားနေကြရတယ်။ ဒါပေမယ့် ရွာက ခြောက်ကပ်နေခဲ့ပြီ။ လူတွေ မရှိတဲ့အခါ ခွေးတွေက အစာရလိုရငြား ကျနော်တို့ သွားလေရာနောက်ကို တကောက် ကောက် လိုက်နေကြတယ်။ အရင်လို မဟောင်နိုင်တော့ဘူး။ ကျနော်တို့ဆီက တခုခု စားရနိုးနဲ့ နှာခေါင်း တရှုံ့ရှုံ့၊ အသနားခံတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတတ်ကြတယ်။

ဒီအချိန်မှာ ကျနော်တို့ ဖတ်ဖူးတဲ့ “ပါရီကျဆုံးခန်း” ဝတ္ထုကြီးက ပိုလို့ ပီပြင်လာသလိုပဲ။ ပြင်သစ်လွှတ်တော်ထဲမှာ အမတ် မင်းတွေက လက်သီးလက်မောင်းတန်း ဆွေးနွေးနေကြပုံကို မြင်ယောင်လာတယ်။ “ကျနော်တို့ဟာ ဂျာမန်ရဲ့ ထိုးစစ်ကို ရိုက်ချိုးနိုင်ပါတယ်။ ဟစ်တလာရဲ့ တပ်တွေဟာ ပြင်သစ်တပ်မတော်ရှေ့မှောက်မှာ ဒူးထောက်ခစားရမှာ။ ပြင်သစ်တွေဟာ သူတို့ရဲ့ နီမောင်းတဲ့ သွေးတွေ၊ သတ္တိတွေကို ပြသဖို့ အချိန်တော်ပါပြီ” စသည်ဖြင့် ကြားယောင်လာတယ်။ ပြင်သစ် လွှတ်တော်ထဲ ဝိုင်အရက်ခွက်တွေ မြှောက်ရင်း၊ ကခုန်ပွဲ အခမ်းအနားတွေကို ရှုစားရင်း။ တချိန်တည်းမှာ စစ်မတိုက်ချင်ဘဲ ရှေ့တန်းကို လိုက်သွားရတဲ့ ကွန်မြူနစ် “လူဆန်း” အဖြစ်ကိုလည်း ကျနော်တို့ မြင်ယောင်နေကြတယ်။
“ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ်မဟုတ်ဘူး။ ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ်မဟုတ်ဘူး။ ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ် မဟုတ်ဘူး။” ဒီလို ရေရွတ်ရင်း လူဆန်းတယောက် ရှေ့တန်းကို တရွတ်တိုက် ပါသွားရပုံ။

ဘုရားသုံးဆူ ထိုးစစ်မတိုင်ခင်မှာ ပူးတွဲစစ်ဆင်ရေး ညှိနှိုင်းဖို့ အစည်းအဝေးခေါ်တယ်။ မွန်ပြည်သစ်ပါတီက ဖိတ်ခေါ်တယ် ဆိုပေမယ့် မွန်ပြည်သစ်မှာ ရှိတဲ့ ဗိုလ်သင်တန်းကျောင်းကို ဦးစီးနေတဲ့ တိုင်ဝမ်လူမျိုး မစ္စတာရပ် (Mr. Yap) က ဖိတ်ခေါ် တာ။ မွန်ပြည်သစ်ပါတီ ဌာနချုပ်အနားမှာ ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်း ခမ်းမဆောင် တခုမှာ ဒီအစည်းအဝေးကို ကျင်းပတယ်။ ဒီသင်တန်းကျောင်းကတော့ သစ်လုံးတွေကို ခံတပ်တွေသဖွယ် ကာရံထားပြီး၊ ဘူးသီးငပေါင်းကြော်လို တရုတ်စာတွေကိုလည်း စကောချပ်ကြီးတွေပေါ် ရေးလို့ ဆိုင်းပုတ်တွေသဖွယ် ကပ်ထားသေးတယ်။ အစည်းအဝေးကို မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ရွှေကျင်၊ စစ်ဦးစီး ဗိုလ်ချုပ်ထောမွန်တို့ တက်ကြတယ်။ ကေအဲန်ယူ ခေါင်းဆောင်တွေဖက်က ဗိုလ်ချုပ် တာမလာဘော၊ ဖူးတာအယ်၊ ဗိုလ်မှူးတူးတူးလေး နဲ့ အချို့ တက်ကြတယ်။ ကျနော်တို့ ကျောင်းသားအဖွဲ့တွေ ဖက်ကတော့ ကျနော်၊ ဦးမြင့်လှိုင် (၁၀၁ ခွဲ ၂)၊ ကိုသီရီညွန့်၊ ကိုတိုးကြီး၊ ကိုဝင်းမိုး (၁၀၂)၊ ဆရာကျော်တင့်၊ ကိုသန်းနိုင် (၁၀၁) တို့ တက်ကြတယ်။

မစ္စတာရပ်က အမှာစကား စပြောတယ်။ အင်္ဂလိပ်လို။ “အခု အခြေအနေမှာ ရန်သူဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် က စစ်ဗျူဟာ (၂) ဦးဆောင်ပြီး တက်လာတယ်။ ခလရ (၃၁)၊ ခလရ (၁၀၁)၊ ခလရ (၁၀၆) တပ်ရင်းတွေပါတယ်။ ရန်သူ အင်အားနဲ့ မွန်၊ ကရင်၊ ကျောင်းသား အင်အားပူးပေါင်းလိုက်ရင် ကျနော်တို့ဖက်က အင်အားကလည်း မငယ်လှဘူး။ ကျနော်တို့ ညီညွတ်ရင် ဒီထိုးစစ်ကို ရိုက်ချိုးနိုင်မယ်” မိန့်ခွန်းတွေ ခြွေနေတယ်။ သူက မော်စီတုန်းရဲ့ ပြောက်ကျားစစ် ဗျူဟာတွေ ဖြစ်တဲ့ “ရန်လာ ငါနား၊ ရန်နား ငါရှုပ်၊ ရန်ဆုတ် ငါတိုက်၊ ရန်ပြေး ငါလိုက်” စတဲ့ ဗျူဟာတွေကို ကိုးကားပြော သေးတယ်။ အမှည့်ချွေစစ်၊ ခံစစ်ထဲက ထိုးစစ် စသဖြင့် သီအိုရီတွေကိုလည်း ရွတ်နေတယ်။ နည်းနည်းကြာတော့ ဥက္ကဋ္ဌ နိုင်ရွှေကျင်က ကြည့်လို့မရတော့ဘူး ထင်တယ်။ “မစ္စတာရပ်… ခင်ဗျားတော်သင့်ပြီ၊ ကျနော်တို့ အရေးပေါ်နေပြီ၊ ကျနော် တို့ချင်း ဆွေးနွေးပါရစေ” လို့ ပြောတယ်။ မစ္စတာရပ်လည်း ငြိမ်သွားတယ်။ ကေအဲန်ယူဖက်ကတော့ ကိုယ်ဖက်ကိုယ်သာ လုံအောင်ကာ ဆိုတဲ့ သဘောထားမျိုး ပေးတယ်။ တိတိကျကျ ပူးပေါင်းဆောင်ရွက်မှုမျိုး သိပ်မတွေ့ရဘူး။ အရေးပေါ် စက် ဆက်သွယ်ရေးအတွက် စကားဝှက် စက်လိုင်းလဲလှယ်တာလောက်တောင် မတွေ့ရဘူး။ အစည်းအဝေးက ဒီလိုပဲ ပြီးသွားခဲ့ တယ်။ ကျနော်တို့လည်း သူတို့ တိုင်ဝမ်အဖွဲ့ရုံးက ကျွေးမွေးတဲ့ တရုတ်စာ စားကောင်းသောက်ဖွယ်တွေကို စားပြီး ပြန်လာခဲ့ ကြတယ်။ လူသူရှင်းနေတဲ့ ကျေးရွာ ဖုန်ထူထူလမ်းမထဲ ကားဖြတ်မောင်းပြီး ရွာထဲဝင်လာခဲ့တယ်။ ဖိုးဝီးကား နောက်ပွင့် တွေအပေါ်မှာ သေနတ်တွေ တထောင်ထောင်နဲ့ ကောင်းဘွိုင်တွေလို။

“ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ်မဟုတ်ဘူး။ ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ်မဟုတ်ဘူး။” ကျနော်တို့ ရဲဘော်တွေလည်း ပါရီ ကျဆုံးခန်းထဲက လူဆန်းလို ရေရွတ်ရင်း ရှေ့တန်းကို ဆင်းသွားကြတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်