မောင်အောင်မွန် – ဒူးယားတလိပ်နှင့် ကန်တော့ခံ မောင်အောင်မွန်

December 9, 2017

 မောင်အောင်မွန် – ဒူးယားတလိပ်နှင့် ကန်တော့ခံ မောင်အောင်မွန်
ကျွန်တော်တွေးမိသလို ရေးပါမည် (၂၉၉)

(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၇

(၁)

၁၉၄၀ ခု၊ ဆရာပီမိုနင်း ကွယ်လွန်၍ အသုဘတွင် လိုက်ပို့ကြသောစာရေးဆရာများ စုမိကြရာကနေ အကြံရပြီး မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဖွဲ့စည်တည်ထောင်ကြသည်ဟု မှတ်သားဖူးပါ၏။ ရှေး မြန်မာဘုရင်များ လက်ကထက်ကတည်းက နတ်တော်လဆန်း(၁) ရက်နေ့တွင် စာဆိုပညာရှင်များအား ချီးမြှင့်ကြသည်မို့ ထိုနေ့ထို စာဆိုတော်နေ့ဟု သတ်မှတ်ကြ၏။

မြန်မာနိုင်ငံ စာရေးဆရာများအသင်းသည် သီးခြားလွတ်လပ်သော အဖွဲအစည်းဖြစ်သည်။
စာရေးဆရာဆိုသည်မှာ ၀တ္ထု၊ ပြဇာတ်၊ ကဗျာ စသော ရသစာပေး ပြုစုရေးသားကြသူများအား ခေါ်ဆိုခြင်းဖြစ်၏။ ရသာစာပေကို အင်္ဂလိပ်လို Literature ဟုခေါ်ပြီး စာရေးဆရာကို အင်္ဂလိပ်လို Author or Creative Writer ဟုသုံးစွဲကြ၏။ Writer ဟုသုံးလျှင် စာရေးသူဟူသမျှ အကြုံးဝင် အားလုံးပါကုန်၏။ မိန့်ခွန်းရေးသူ Speech Writer ဇာတ်ညွှန်းရေးသူ Script Writer စသဖြင့်၊ သူတို့အား စာရေးဆရာဟု ခေါ်၍မရပါ။

ဟောပြောပွဲမျိုးစုံတို့ရှိ စာရေးဆရာတို့၏ပွဲကိုသာလျှင် စာပေဟောပြောပွဲဟုခေါ်သည်။
လူတယောက်တည်း သတင်းစာဆရာလည်းလုပ် ရသစာပေလည်း ရေးသားသူများလည်းရှိ၏။ ဥပမာ၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ သိန်းဖေမြင့်၊ ဇ၀န။ သူတို့သည် စပေဟောပြောပွဲဆိုလျှင် စာအကြောင်း၊ ပေအကြောင်းသာ ဟောပြောကြစမြဲပင်။ သတင်းစာအကြောင်း မပြော မဟော။
သူ့စည်းနှင့်သူ တားထား ကန့်ထား၏။

(၂)

သတင်းစာတိုက်များမှ အယ်ဒီတာ အဖွဲ့ဝင်များအား သတင်းစာဆရာများ (Journalists) ဟုခေါ်ပြီး သတင်းထောက်များအား Reporter ၍သုံးစွဲသည်။ သတင်းစာတိုက်တတိုက်တွင် သတင်းထောက်များသည် သူတို့ရရှိခဲ့သော သတင်းများကို ရေးသားကာ အယ်ဒီတာထံတင်သွင်းရ၏။ သက်ဆိုင်ရာ အယ်ဒီတာက လိုအပ်သလို တည်းဖြတ် ဖြည့်စွက်ပြီး သတင်းစာထဲထည့်ရသည်။

လုပ်ငန်းသဘောအရ သတင်းထောက်သည် အယ်ဒီတာ၏ လက်အောက်ခံဟု ထင်ရသည်။
သို့သော်လည်း လုပ်ငန်းသဘောသဘာချင်း မတူကွဲပြားသောကြောင့် သတင်းကျင့်ဝတ်အရ အပြန်အလှန်လေးစားမှု (Mutual Respect) နှင့် ဆက်ဆံကြရ၏။ ထို့ကြောင့် မြန်မာနိုင်ငံ သတင်းထောက်များ အသင်းသည်လည်း မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းနည်းတူ သီးခြားလွတ်လပ်သော အဖွဲ့အစည်းပါ။

မိမိတို့စည်းမျဉ်းနှင့် မိမိတို့ဘာသာ ရွေးကောင်တင်မြှောက်သော အမှုဆောင်အဖွဲ့က လုပ်ဆောင်၏။

(၃)

၁၉၆၂ ခု၊ မတ်လ(၂) ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းသည်။

၁၉၆၂ ခု၊ ဇူလိုင်လ(၄)ရက်နေ့တွင် မဆလ ပါတီတည်ထောင်သည်။

၁၉၆၆ ခု၊ တွင် စာပေလုပ်သားအဖွဲ့ ( မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ သတင်းစာဆရာအသင်း၊ သတင်းထောက် အသင်းတို့ ဖျက်သိမ်းခံထားရ၍ အစားထိုးခြင်း) ဖြစ်မြောက်ရေး ကော်မတီကြေညာသည်။

၁၉၇၆ ခု၊ျတွင် စာပေလုပ်သား စည်းရုံးရေးကော်မတီ ဖွဲ့စည်းသည်။

၁၉၈၀ ခု၊ ဧပြီလတွင် တွင် စာပေလုပ်သားအဖွဲ့ ဖြစ်ပေါ်လာသည်။

စာရေးဆရာ သတင်းစာဆရာ ဟူသောဂုဏ်ပုဒ်များကနေ စာပေလုပ်သားဟူသောအဆင့်သို့ ရောက်သွားလေပြီ။ ထို့ပြင် ကမ္ဘာပေါ်၌ပင် မကြားဖူးသော မြို့နယ်စာပေလုပ်သား အဖွဲ့များရယ်လို့ ရှိလာခဲ့ရာ ၁၉၈၇ ခု၊ ဇွန်လတွင် (၁၂၄) ဖွဲ့ရှိကြောင်း မဆလ ပါတီမှတ်တမ်းများကဖော်ပြ၏။

(၄)

စာပေဟောပြောပွဲများလည်း ပြောင်းလဲလာလေပြီ။

ရသစာပေရေးသော စာရေးဆရာများသာမက စာပေလုပ်သားအဖွဲ့ဝင်များလည်း ပါဝင်ဟောပြော၏။ စာပေရေးရာများသာမက မဆလ သဘောတရားရေး တို့လည်းပါလာပြီ။ ပညာပေး စာပေများ ခေတ်စားချိန်မို့ မဆလ စည်းရုံးရေး ဟောပြောပွဲများဖြစ်လာ၏။ ဝေါဟာရ အသစ်များ ထွန်ကားလာသော မဆလ ခေတ်တွင် လူမှန်နေရာမှန် ဟူသောစကားသည် လူပြောများပါဘိ။

စာပေဟောပြောပွဲများတွင်မူ ပြောင်းပြန်လာဖြစ်နေ၏။

တစတစနှင့် လွတ်လပ်စွာ စင်မြင့်ပေါ်တက်ဟောကြလေပြီ။ စာပေဟောပြောပွဲများကို ပါတီ၏ ဦးဆောင်မှု၊ ကောင်စီ၏ ကြီးကြပ်မှုနှင့် ကျင်းပကြရမြဲမို့ စာပေဟောပြောပွဲ နားထောင်ချင်သော စာပေ၀ါသနာရှင်ထက် ပါတီစည်းရုံးရေးသဘောအရ ပရိသတ်စည်ကးဖို့ လုပ်ဆောင်ကြရ၏။ သည်လိုနှင့် တီးဝိုင်းတို့ဘာတို့နှင့် တွဲသည့်နေရာတွင် တွဲလာကြသည်။

ဟောပြောပွဲလည်း နားထောင်–သီချင်းလည်းနားထောင်ပေါ့။

မြန်မာ့အသံမှ အသံလွှင့်သမား၊ ဘောလုံးပွဲများမှ လက်တန်းတိုက်ရိုက်အသံလွှင့်သူ စာရေးဆရာ မောင်အောင်မွန်သည် စာပေလုပ်သားအဖွဲ့ဝင်မဟုတ်။ စာပေဟောပြောပွဲများကိုတော့ နားထောင်လေ့ရှိ၏။ မိမိကြိုက်သော စာရေးဆရာဆို လိုက်နားထောင်၏။

သည်လိုမောင်အောင်မွန်အား အဘယ်သို့သောသူက ကန်တော့ပါမည်နည်း။

(၅)

ကန်တော့ခံအဖြစ် ရောက်စေသည့် ကနဦးကျေးဇူးရှင်က အထောက်တော်လှအောင်ပါ၊ စာစောင်မထုတ် အယ်ဒီတာမလုပ်ရလျှင် အိပ်မပျော် စားမ၀င် အရက်ပင်ဝမ်းတွင်းသို့ ဖြောင့်ဖြောင့်မျိုချ၍ မရထင်ရဲ့၊ ထုတ်ဝေခွင့်ငှါးကာ သောင်းပြောင်းထွေလာထုတ်၏။ မောင်အောင်မွန်လည်း ၀တ္ထုတိုလေးတွေ ၀င်ရေးရင်း သူ၏၀ိုင်းထဲရောက်နှင့် ဆရာစိန်ခင်မောင်ရီကိုသိလိုက်၏။

ဆရာစိန်ခင်မောင်ရီက နာမည်ကျော် ရုပ်ရှင်ဝေဖန်ရေး ဆရာကြီး။

ကြေးမုံသတင်းစာမှာ ကတည်းက လက်သံပြောင်လွန်း၍ မခံနိုင်သူတို့ သတင်းစာတိုက်ပေါ် လာတက်ရိုက်ကြသည့် ဖြစ်ရပ်ပင်ရှိဖူးသည်။ ထိုအချိန် ကြေးမုံသတင်းစာတိုက်မှာ ရှိမနေလို့၊ မဟုတ်ပါက နတ်ပြည်ရောက် နတ်သမီးတဖက် ၅၀၀ စီနှင့် ဇိမ်ကျနေပေလိမ့်မည်။ သောင်ပြောင်းထွေလာ ထုတ်ဝေရာသို့ ပါလာမည်မဟုတ်။

သူ့ဝေဖန်ချက်တခုလည်း မြည်းစမ်းကြည့်ပါ။

ဇာတ်ကား၏ အဓိဇာတ်ဆောင် မင်းသမီးသည် မယ်ဘွဲ့ရထားသူမို့ ကိုယ်လုံးကိုယ်ပေါက် အထူးလှပပြီး ပေါ်လွင်အောင်လည်း ဒါရိုက်တာက ရေကူးဝတ်စုံဝတ်စေသည်။ သို့သော်လည်း မင်းသမီးခမျာ ရေမကူးတတ်ရှာ၍ သောင်ပြင်မှာ ဟိုလျှောက်ပြေး ဒီလျှောက်ပြေးသာ လုပ်ပြရရှာ၏။

ယခု သောင်းပြောင်းထွေလာ တွင်လည်း ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ကြပါခင်ဗျာ –စိန်ခင်မောင်ရီ—-အခန်းကနေ ရေးပြန်သည်။ စာဖတ်ပရိသတ်က ကြိုက်– ရုပ်ရှင်သမားများက ကြောက်ကြပေါ့။ ကာတွန်းငွေကြည်က သရုပ်ပေါ်အောင် ခေါင်းစီးပုံဆွဲပေးသည်။

(၆)

ကျွန်တော့်အား ချစ်သော ဆရာစိန်ခင်မောင်ရီနှင့် ကွဲသွားခဲ့ကြ၏။

သို့သော်လည်း နှစ်အနည်းငယ်ကြာသောအခါ ကျွန်တော်ပြောင်းလာသည့် ၀ဂ္ဂီက ဆရာနေသော ရှောက်ပင်ခြံနှင့် ကပ်လျက်မို့ မကြာခဏဆုံသည်။ ပိုမိုခင်မင်ရင်းနှီးလာကြပြီ။ မဆလ နေညိုချိန်ကာလ လူ ၃ ယောက်ဆို လွတ်လပ်စွာ စကားမပြောရဲကြ။ ၂ ယောက်သား ယုံကြည်စိတ်ချရသူချင်းဆိုမှသာ ပြောလို့ရမည်။ ထို့ကြောင့် သူလာခေါ်လေပြီ။

တိုက်ပုံဝတ်ခဲ့ပါဆို၍ ၀တ်ပြီးလိုက်ခဲ့၏။

စာပေဟောပြောပွဲသို့ မရောက်သေး ပရိသတ်၏ သြဘာသံ လက်ခေါက်မှုတ်သံများ ကြားနေရပြီ။ စင်ပေါ်မှဟောပြောနေသူက မိန်းမချောလေး ၊ လူအုပ်ကြားရပ်ပြီး ဆရာစိန်ခင်မောင်ရီ နောက်ပုံက ကိုအောင်မွန် ခင်ဗျားက မျက်စိကောင်းတော့ ကြည့်စမ်းပါ–ဒဂုန်ခင်ခင်လေး၊ ဂျာနယ်ကျော် မမလေးလား၊ ခင်နှင်းယုလားတဲ့။

ဒါရိုက်တာနှင့် အကြောင်းအပေါင်းသင့်၍ ရုပ်ရှင်ထဲပါဖူးအမျိုးသမီးလေးမို့ ကျွန်တော်က လှိုင်ထိပ်ခေါင်တင်ဖြစ်လိမ့်မယ် ဟုပြန်ဖြေလိုက်၏။ ခုလည်း စာပေလုပ်သားအဖွဲ့နှင့် အဆင်ပြေ၍ တက်ဟောနေဆိုပဲ။ စိန်ခင်မောင်ရီ ၀င်လာသည်ကိုမြင်တော့ရပ်သွားပြီး ‘ဆရာ” ဟုအော်လိုက်ပြီးနောက် လက်အုပ်ချီလိုက်၏။

ရှေ့တန်းတွင် စိန်ခင်မောင်ရီဘေးက ကျွန်တော်လည်း ခပ်ကျုံ့ကျုံ့လေးဝင်ထိုင်ကြချိန်– ကန်တော့ဆရာ-ဆရာ့ကိုကန်တော့ပါတယ်တဲ့၊ ပရိသတ်ကမူ ဘာမှန်းမသိ၍ မင်းသားကိုမျှော်ပုံလေး ပြန်လုပ်ပြဟု တောင်းဆိုကြ၏။ အမူအရာနှင့် သီချင်း ဒီဘက်ကိုလှည့်ဆိုပြပါ စသဖြင့် အော်ဟစ်နေကြ၏။
အိပ်မက်ထဲ မင်းသားနဲ့ချစ်ပုံ ပြန်လုပ်ပြပါ-ဟုအော်လိုက်ရာ–ဟုတ်တယ်-ဟုတ်တယ် စသဖြင့်ညံနေ၏။

ရုပ်ရှင်ဝေဖန်ရေးဆရာကြီး စိန်ခင်ရီဆိုတော့ မကြောက်ဘယ်သူနေမည်နည်း။

ဟောပါ–ဆက်ဟောပါ–အမူအယာ ထပ်လုပ်ပြပါဦး စသဖြင့် အော်ဟစ်တောင်းဆိုနေကြပြန်ပြီ။

ခမျာတုန်ချိစွာ ဆရာ လာမယ်ဆိုတာမသိလို့ပါ–ပြောရင်း လက်အုပ်ချီကာ စင်ပ်ါဟိုဘက်ပြေး ဒီဘက်ပြေးနှင့်–နောက်ဆုံး ကျွန်တော်တို့ နှစ်ယောက်ရှေ့ ပုဆစ်တုပ်ကာ ဦးသုံးကြိမ်ချစဉ် ကျွန်တော်လည်း ခါးဆန့် ရင်ကော့ ခေါင်းမော့ထားလိုက်၏။

လက်အုပ်ချီလျက်နှင့်ပင် ရုပ်ရှင်ဇာတ်ပို့မလေး စာပေဟောပြောပွဲစင်ပေါ်က ဆင်းပြေးသွားသည်။

(၇)

ဟောပြောပွဲအပြီး အပြန်တွင် စိန်ခင်မောင်ရီက ကိုအောင်မွန် ခင်ဗျား ခုလိုကန်တော့ခံဖူးလားဟု မေးရာ ဟာ ကျားသားမိုကြိုးဟူ၍ ပြန်ဖြေလိုက်၏။ ဒါဖြင့် စာရေးဆရာ မောင်အောင်မွန်အဖို့ ဘ၀မှတ်တိုင်ပေါ့၊ ဒါ့ကြောင့် တိုက်ပုံဝတ်လာခိုင်းတာ စသဖြင့်ပြောလာရင်း–ဘတ်စ်ကားမှတ်တိုင်ရောက်လာ၏။

ကွမ်းယာဆိုင်ရှေ့ ရောက်လာကြပြီ။

ကျုပ်ကြောင့် ခုလိုကန်တော့ခံရတာမို့ ကျေးဇူးဆပ်ရမယ်– ဒူးယားတလိပ်ဝယ်ပြီး မေးငေါ့ပြ၍ ကျွန်တော်လည်း စီးကရက်ဖိုးရှင်းလိုက်ရသည်။ ဟိုတုန်းကလို စာပေဟောပြောပွဲ၌ စာရေးဆရာများကသာလျှင် ဟောာကပါက မောင်အောင်မွန်ဝေးလို့ စလေဦးပုံည လာနာထောင်လည်း ကန်တော့ခံရမည်မဟုတ်ဟု တွေးမိကြောင်းပါ။

၂၀၁၇ ခု၊ဒီဇင်ဘာလ(၈) ရက်နေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀င်းအောင်ကြီး, မောင်အောင်မွန်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်