fbpx

စန်းသူ့မောင် – မြပုရစ်မြိုင်

December 12, 2017

ပန်းချီမမွှေး (သူ့ဖေ့စ်ဘွတ်က)

– မြပုရစ်မြိုင်
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၇
အဆောင်တာဝန်ယူရမည်ဆိုတော့ စိတ်ထဲစနိုးစနောင့်။ ကျွန်မ ကိုယ်ပိုင်အားလပ်ချိန်ကို ကျွန်မစိတ်ကြိုက် ပုံစံလေးများဖြင့်သာ ကုန်ဆုံးချင်သည်။ ကျွန်မ စာရေးချင်ရေးမည်။ စာဖတ်ချင်ဖတ်မည်။ သစ်ပင်စိုက်ချင် စိုက် မည်။ တစ်ခါတစ်ရံ ဝရန်တာတွင် ထိုင်၍ တွေးချင်ရာကို အဆုံးမဲ့တွေးနေချင်ပြီး၊ တစ်ခါတစ်ရံ ငေးချင်ရာကို အဓိပ္ပါယ်မဲ့ အဓိပ္ပါယ်ပြည့် ငေးနေချင်ခဲ့မိသည်။ တစ်ခါတစ်ရံ သီချင်းတွေဖွင့်ပြီး အားပါးတရ လိုက်ဆိုကောင်း ဆိုမည် (သို့မဟုတ်) ခပ်ဖွဖွလေး ညည်း၍ ရသ အပြည့်နှင့် စီးမျောချင်စီးမျောမည်။ တစ်ခါတစ်ရံ ကျောင်းဝန်းကျင် တစ်ဝိုက် တစ်ယောက်တည်းလမ်းလျှောက်ချင် လျှောက်မည်။ သည်အခိုက်အတန့်လေးသည် ကျွန်မနှင့် ဩကာသ လောကကြီးသာရှိနေသည့်အဖြစ်။ အေးချမ်းလေစွ။ နှစ်လိုဖွယ်ကောင်းလေစွ။ သဲဖြူဖြူလမ်းကလေး ဝဲယာရှိ တောတန်းစိမ်းစိမ်းလေးသည် လောကအလှကို လာဖြည့်စွက်ပေးနေသည်။ သည်လိုအေးချမ်းလွတ်လပ်မှုမျိုးကို ဆုံးရှုံးရမှာ နှမြောနေမိသည်။

ပြီးတော့ ဆရာမဆောင်ရှိ ကျွန်မအခန်းလေး။ သည်အခန်းလေးသည် ဘေးအစွန်ဆုံးအခန်းမို့ ကြားအခန်း တွေထက် ပိုသာသည်။ ကျွန်မ အခန်းဝတွင် စံပယ်ပင်လေးတွေ စိုက်ထားသည်။ ဆရာမအဆောင်ကို နောက်ဆုံး ရောက်လာသူဆိုပေမယ့် ကျွန်မအခန်းမှ စံပယ်ပင်တို့သည် အခြားခန်းမှ စံပယ်ပင်များနည်းတူ ပွင့်၏။ မွှေး၏။ ဖြတ်သန်းသွားလာသူတို့ ရင်ကို အေးစေခဲ့၏။ သည်တော့ ကျွန်မအခန်းလေးကိုလည်း ကျွန်မ သံယောဇဉ် တွယ် နေပြီ။

ဒီတော့ အချိန်ပြည့်အာရုံထဲထည့်ထားနေရတဲ့ အဆောင်တာဝန်ကို မယူချင်တော့။ ဒါပေမဲ့ တာဝန်က တာဝန်ဖြစ်နေပြီ။ ငြင်းဆန်၍မရ။ ကျရာအဆောင်ကို ကျွန်မ တာဝန်ယူခဲ့ရပြီ။ အဆောင်က အဆောင်သစ်။ အဆောင်သူများကလည်း အသစ်။ ပထမနှစ်ကျောင်းသူတွေ။ အဆောင်သစ်ဆိုတော့ ခြံစည်းရိုးကအစ လုံ-မလုံ စစ်ရသည်။ အဆောင်တံခါးတွေ အံကျ-မကျ သေချာစေ့ငုရသည်။ အဆောင်သူတွေ အဆောင်မဝင်ခင် လိုတာတွေ တစ်ခါတည်း ဖြည့်စွက်ထားရသည်။ အဆောင်ဝန်းကျင်တွင် ကျွန်မကြိုက်သော အရိပ်ရပင်၊ ပန်းပင် များ စိုက်သည်။ သည်တော့ ကျွန်မအဆောင်တွင် တာဝန်ကျသူများ မသက်သာကြ။

ကျောင်းသားရေးရာမှ ပို့လိုက်သော အဆောင်သူများကို နွေးထွေးစွာ ကြိုဆိုဂရုစိုက်ပေးဖို့တော့ လိုပါသည်။ နယ်စုံမှ လာကြမည့် ကလေးတွေ၊ အဆောင်သူအသစ်တွေဆိုတော့ ကျွန်မရော သူတို့ပါ ရင်ဆိုင်ရမည့်က အများသား။ အိမ်နှင့် ခွဲလာခဲ့ကြရသူများ၊ နေရာသစ် ပတ်ဝန်းကျင်သစ်နှင့် စတင်ထိတွေ့ရသူများ၊ နေရာသစ် တွင် အထာမကျသေးသူများ။ ဒါတွေက ကြီးကျယ်သော ပြဿနာတော့မဟုတ်ပါ။ ပထမနှစ်ဝက်မကုန်ခင် အဆင်ပြေသွားကြတာများပါသည်။ သည်နေရာတွင် အဆောင်မှူး၏ အခင်းအကျင်းက အရေးပါပါသည်။

“ဆရာမတို့နော် အဆောင်မှူးဆိုတာ အပျိုကြီးတွေပေမဲ့ ကလေးထိန်းတော်လို့ အဆောင်မှူးခန့်တာ ကြိုးစားကြ”

အားပေးစကားလေးများ။

တာဝန်အရ အချိန်အတိုင်းအတာ တစ်ခုအတွင်း တွေ့ကြဆုံကြရပေမဲ့ စေတနာထား၍ ပြုစုစောင့်ရှောက် ပေးလိုပါသည်။ စိတ်စေတနာမှန်ရင် ကုသိုလ်ဖြစ်သည်ဟု ခံယူထားမိသောကြောင့်။ အဆောင်ကို ဝင်လာပြီဆို သည်နှင့် ကျောင်းစည်းကမ်း၊ အဆောင်စည်းကမ်း၊ စားသောက်ဆောင်စည်းကမ်းတို့ကို သေသေချာချာဖတ်ရှု သိထားစေရသည်။

“သမီးတို့ အခု အဆောင်ကိုရောက်လာပြီ။ အဆောင်ဆိုတာ အိမ်မဟုတ်ပေမဲ့ အရမ်းစိမ်းစိမ်းကြီး မတွေး လိုက်ပါနဲ့။ မခံစားလိုက်ပါနဲ့။ ပထမဆုံးအနေနဲ့ကတော့ အဆောင်စည်းကမ်းကို သေသေချာချာ ဖတ်ပါ။ လိုက်နာ ကြပါ။ နေရတဲ့အခိုက်အတန့်လေးမှာ ကိုယ်ကျန်းမာအောင်၊ စိတ်ချမ်းသာအောင် နေကြပါ။ တီချာ့ကို မကြောက် ပါနဲ့။ အိမ်နဲ့ ဝေးနေတုန်းမှာ သမီးတို့ မိဘတွေကိုယ်စား သမီးတို့ကို စောင့်ရှောက်ပေးမဲ့ အခက်အခဲတွေကို ဝိုင်းဖြေရှင်းပေးမဲ့ မိတ်ဆွေတစ်ယောက်လို သဘောထားပေးပါ။ အားလုံးဘာမဆို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေး လို့ရပါတယ်။ သမီးတို့ကို အခု မိဘတွေက ဒီကိုလွှတ်လိုက်တာဟာ ကဲ-သွားကြ နင်တို့ အိမ်မှာမရှိရင်ပြီးရော ဆိုပြီး လွှတ်လိုက်တာလား။”

“မဟုတ်ပါဘူး”

“ဒါပေါ့၊ ပညာအရာမှာ တိုးတက်စေချင်လို့။ ပညာရှာဖို့ လွှတ်လိုက်တာ။ ဟုတ်ပြီနော်။ ကျောင်းအနေနဲ့ ကလည်း သမီးတို့ကို အသိပညာအလိမ္မာတွေတိုးပြီး ရည်ရည်မွန်မွန်လေးတွေ ဖြစ်စေချင်တာပဲ။ သမီးတို့ ကြားဖူး မှာပါ။ A child is father of the man ဆိုတဲ့ ကဗျာစာသားလေး။ တီချာတော့ အရမ်းကြိုက်တယ်။ ဒါကြောင့် သမီးတို့ကို တန်ဖိုးထားပါတယ်။ တီချာ တန်ဖိုးထားသလို မိမိကိုယ်တိုင်လည်း အဖိုးတန်လေးတွေဖြစ်အောင် နေကြပါ။ ဒီတော့ မိဘတွေဆန္ဒပြည့်ဝအောင်၊ ကျောင်းရဲ့ရည်ရွယ်ချက်လည်း ပေါက်မြောက်အောင် သမီးတို့က လည်း ကြိုးစားပါ။ တီချာကလည်း သမီးတို့ကို ဗလငါးတန် ဖွံ့ဖြိုးတဲ့ ကလေးတွေဖြစ်အောင် ဝိုင်းကူပံ့ပိုးပေးပါ့ မယ်။
ပြီးတော့ မိမိကိုယ်မိမိ ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ကျန်းမာဖို့၊ ပညာရေးတိုးတက်ဖို့၊ သိက္ခာမြင့်မားဖို့ ဒါတွေဟာ ကိုယ်ကိုယ်တိုင် ဖော်ဆောင်ရမယ့် အရာတွေပဲ။ ဘာပဲလုပ်လုပ် မိဘတွေမျက်နှာ၊ မိမိဘဝတန်ဖိုး၊ ကျောင်းတော်ရဲ့သိက္ခာ၊ အဆောင်ရဲ့သိက္ခာ ဒါတွေကို အမြဲထည့်တွေးပြီး ရပ်တည်နေထိုင်ရမယ်။
နောက်ပြီး ပေါင်းသင်းဆက်ဆံရေး။ အချင်းချင်း ခင်ခင်မင်မင် ရိုင်းပင်ချစ်ကြည်စွာ နေကြပါ။ တစ်ကိုယ် ကောင်းမဆန်ပါနဲ့။ သူ့ဘက်ကိုယ့်ဘက် မျှမျှတတလေးနဲ့ နေသွားရင် ပျှော်ရွှင်ချမ်းမြေ့ကြမှာပါ။ မိသားစုစိတ်ဓာတ် နဲ့ပေါ့။ သမီးတို့ ဖတ်ဖူးကြမယ် ထင်ပါတယ်။ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ကျောင်းတိုက်စည်းမျဉ်း (၁၀)ချက် ထဲမှာ ပထမဆုံးအချက်က “စိတ်ကောင်းရှိဖို့”တဲ့။ ဒီစည်းမျဉ်းစည်းကမ်းပဲခေါ်ခေါ်၊ သီလပဲခေါ်ခေါ် “စိတ်ကောင်း နှလုံးကောင်းလေး” ရင်မှာကိန်းထားရင် ကိုယ်ရော၊ ကိုယ့်ပတ်ဝန်းကျင်ရော အကျိုးများလှပါတယ်။
ပြီးတော့ သမီးတို့ဒီမှာ ငါက ချမ်းသာပြည့်စုံတဲ့ မိသားစုကပဲဆိုပြီး မောက်မာဝင့်ဝါချင်တဲ့စိတ်တွေ မမွေး ပါနဲ့။ ငါက ချို့တဲ့တဲ့ ဘဝကပဲဆိုပြီးတော့လည်း အားငယ်တဲ့စိတ် မမွေးပါနဲ့။ ပုံမှန်စိတ်ဓာတ်နဲ့ နေကြပါ။ အားလုံး ဟာတပြေးညီပဲ။ တီချာစီမံခန့်ခွဲတာ မမျှတဘူးထင်ရင် အချိန်မရွေး လာဆွေးနွေးပါ။ ပြဿနာအနည်းဆုံးနဲ့ အအေးချမ်းဆုံးနေရာလေး ဖြစ်ချင်တယ်။ ထပ်ပြောပါတယ်။ လိုအပ်တာ တီချာကို လာဆွေးနွေးပါ။ တီချာ အမြဲ တံခါးဖွင့်ထားပါတယ်။
ကဲ-သမီးတို့ ဘာပြောစရာ၊ ဘာမေးစရာများ ရှိမလဲ။ ပြောပါ- မေးပါ။ အခုမပြောဖြစ်လည်း တီချာ့ဆီ တစ်ဦးချင်း လာပြောလည်း ရပါတယ်။ အခုပြောဖို့ မေးဖို့ မရှိသေးလဲ ရှိတဲ့အချိန် ပြောပါ။ တီချာတို့ ပူးပေါင်း ဆောင်ရွက်ကြတာပေါ့။ စိတ်ချမ်းသာအောင် နေကြပါ။ အဆောင်စည်းကမ်းကိုတော့ တိတိကျကျ လိုက်နာပေး ပါ။ ဒါဆို တီချယ်တို့ သိပ်အခက်အခဲမရှိတော့ပါဘူး။ ဘာပြောစရာရှိသေးလဲ သမီးတို့။”

“မရှိပါဘူး”

“ဟုတ်ပြီ၊ ဒါဆို နားကြပါ။”
_ _ _ _ _

“တီချာ – သမီးဘီးစိပ် ပျောက်နေလို့ လိုက်ရှာတာ သူတို့ဆီမှာတွေ့တယ်။ ယူသုံးပြီးတော့ သန့်သန့်ရှင်းရှင်း ပြန်ဆေးမထားဘူး”

“ရေချိုးခန်းမှာ တွေ့လို့ ယူသုံးလိုက်မိတာ။ ခေါင်းလဲ အရမ်းယားနေလို့။ ဆေးပေးမလို့ပါပဲ။ သမီး မေ့သွား လို့”။

“ကဲ-ဟုတ်ပါပြီ။ တီချာ ဘာမှမပြောခင် သမီးတို့ ကိုယ့်ဘာသာ စဉ်းစားကြည့်စမ်း။ ဘယ်သူ့မှာ တာဝန် ရှိလဲ”။

ခဏတိတ်ဆိတ်သွားပြီးမှ-

“သမီး နည်းနည်းမှားသွားပါတယ် တီချာ။ ယူသုံးတာကတော့ ရေချိုးခန်းမှာ အလွယ်တကူ အဆင်သင့် တွေ့လို့ပါ။ ပြန်ရေမဆေးပေးမိတာ သမီး မှားသွားပါတယ်”။

“ဟုတ်ပြီ – နောက် ဒီလို အမှားမျိုး ထပ်မမှားမိပါစေနဲ့နော်။ ဟုတ်ပြီလား။ သမီးက ဆံပင်ရှည်တော့ ကိုယ့်ဘာသာကိုယ်ပိုင် ဘီးစိပ်ဝယ်ထားလိုက်တာ ပိုကောင်းပါတယ်။”

“ဟုတ်-တီချာ”

သူတို့ ပြန်မည်လှည့်အထွက်

“သမီး မအူပင် ခဏနေဦး”
အဆောင်မှာက ကိုယ်ပိုင်နာမည် မသုံးဖြစ်ကြ။ မြို့နာမည်တွေသာ ခေါ်ဖြစ်ကြသည်။ ချောက်၊ ဘီးလင်း၊ လယ်ဝေး စသည်ဖြင့်။ ဤသည်ကိုက ကျွန်မတို့အတွက် ချစ်စရာ၊ ရင်အေးစရာလေးတစ်မျိုး။ သူတစ်ယောက်တည်း ရှိနေပြီမို့-

“သမီးကော ပြောစရာဘာမှ မရှိဘူးလား”။

“ရှိတာပေါ့ တီချာ။ မပြောချင်လို့။ ရွှေတွဲလဲ ငွေတွဲလဲဝတ်ပြီး ဘီးစိပ်လေးတစ်ချောင်းတော့ မဝယ်ဘူး။ ပြောလိုက်ရင် စာအကြောင်းမပါဘူး။ ရွှေအကြောင်း ငွေအကြောင်း သူ့အိမ်ချမ်းသာကြောင်းတွေပဲ။”

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ပြီးတော့ကော”

“ရှိတာပေါ့ သူ့ဘဲအကြောင်း”

ကျွန်မ လက်ကာပြလိုက်သည်။ သူ့စကားအရပ်-

“ဒါတွေက သူ့ကိုယ်ရေးကိုယ်တာတွေလေ သမီးရယ်။ နောက်ကို သမီးလည်း ကိုယ်ပစ္စည်းကို ကိုယ်သေသေချာချာသိမ်းဖြစ်အောင် သတိလေးထားပေးနော်၊ ဟုတ်ပြီလား။ ကဲ-ကဲ ထမင်းစားချိန်လွန်သွားဦး မယ်။ သွားစားတော့။ ဟိုမှာ သမီးအဖွဲ့တွေ စောင့်နေပြီ။”

တချို့က မေးကြသည်။ အဆောင်ကိုင်ရတာ စိတ်မညစ်ဘူးလားတဲ့။ စိတ်ညစ်စရာတွေရှိသလို ပျော်ရွှင် ကြည်နူးစရာ ပီတိဖြစ်စရာလေးတွေ ရှိနေပါသည်ဟု ရိုးသားစွာ ဆိုရပါမည်။ ဘဝ အရောင်စုံ၊ နယ်မြေအစုံမှ ဒီတစ်နေရာတည်းတွင် လာတွေ့ဆုံဖြစ်ကြသောအဖြစ်။ အခက်အခဲကြီးမဟုတ်သော်လည်း လုံးဝချောမွေ့သည် တော့မဟုတ်။ သို့သော် သူတို့လေးတွေ ဘဝကို ရင်ဆိုင်ရာတွင် ရင်ဆိုင်ပုံရင်ဆိုင်နည်း မှန်ကန်စေဖို့၊ ဘဝအားမာန် တွေ တိုးတက်လာစေဖို့၊ ဗလငါးတန်ဖွံ့ဖြိုးစေဖို့ စောင့်ရှောက်ပေးနေရသည်မို့ ကုသိုလ်ရနေသည်ဟုပင် ဆိုချင် ပါသည်။

_ _ _ _ _

“တီချာ- ယဉ်မိုးမောင် ဖျားနေလို့”

“ဆေးခန်းသွားရမှာပေါ့။ သင်းသင်း သမီးလိုက်သွားနိုင်မလား။
မျက်လွှာချပြီး ခေါင်းခါသည်။ တကယ်တော့ သူတို့က အဖွဲ့။ ဒါပေမဲ့ ခုပုံက စိတ်ကောက်နေကြပုံ ပေါ် သည်။

“ကဲ – လာ လာ တီချာနဲ့ပဲ သွားလိုက်မယ်”

“တီချာ – တီချာ အတန်းရှိရင် သမီးတို့ လိုက်ပို့လိုက်မယ်လေ”

ထွန်းရင်တို့အဖွဲ့။ သူက ဟင်္သာတသူ။ ဒါပေမဲ့ အဆောင်မှာ ကိုယ်ပိုင်နာမည်ထက် သည်နာမည်က ပို လူသိများနေသည်။

“ရှိတယ်။ ဒါဆို အဆင်ပြေသွားတာပေါ့။ ဆေးရုံတက်ဖို့လိုရင် တီချာကို လာပြောဦး”

ထိုညက ကျွန်မတို့ အိပ်ရေးပျက်ကြသည်။ ယဉ်မိုးမောင်က အဖျားမကျ။ ရေအေးပတ်ကပ်ရင်း ကျွန်မတို့ ပြုစုကြသည်။

“တီချာ – သွားအိပ်ပါ” ဆိုသော်လည်း ကျွန်မ စိတ်မချနိုင်။ မိုးလင်းပိုင်းမှ အဖျားကျသွားသည်။ ဒါကိုပဲ ဝမ်းသာနေရပါသည်။ ဒီတစ်ဆောင် တစ်မိုးအောက်မှာ ရှိနေသော အဆောင်မှူးနှင့်တကွ အဆောင်သူများ သည်လို ရိုင်းပင်းပါမှ အဆင်ပြေ ချောမွေ့ပါမည်။

_ _ _ _ _

“တီချာ – သီတာတို့ သစ်ပင်ပေါ်က ပြုတ်ကျလို့”

သတင်းလာပို့သူက “အိုးရှင်း”။ ပြေးလာရတော့ ရင်တွေဖိုလှိုက်ပြီး မောဟိုက်နေပြီ။

“ဟဲ့ – ဘယ်သစ်ပင်ပေါ်ကလည်း ဘာသွားလုပ်ကြတာလဲ”

“စာသွားကျက်တာ”
“စာကျက်တာနဲ့ သစ်ပင်ပေါ်က ပြုတ်ကျတာ ဘယ်လို…”

ကျွန်မ မတွေးတတ်။ အဖြေမရ ဖြစ်နေဆဲ

“သူက ကဲတာလေ။ သစ်ပင်ပေါ်တက် စာကျက်တယ်။ အဲဒါ…”

“အခု ဘယ်မှာလဲ”

“သူ့ထမီ စုတ်သွားလို့ သမီး လာယူပေးတာ”

“မေးတာဖြေစမ်းပါ။ အခုဘယ်မှာလဲ။ ဘာတွေဖြစ်သွားသေးလဲ။ ဒုက္ခပဲ အစည်းအဝေးလည်း တက်ရ ဦးမယ်”

“တီချာ အစည်းအဝေးရှိရင် သွားပါ။ သမီး လိုက်သွားလိုက်ပါ့မယ်။
နှင်းနှင်းနီ ဝင်ကူသည်။ ဒါပေမဲ့ မဖြစ်သေး။

“သူ အခု ဘယ်မှာလဲ၊ ဘာတွေ ကျိုးပဲ့ကုန်ပြီလဲ”

“ဘာမှမဖြစ်ဘူး တီချာ၊ ခြေထောက်နည်းနည်း နာသွားတယ်”

“ကဲ – နှင်းနှင်းရေ လိုက်သွားပြီး လိုရင် တီချာ့ကိုသာ လာပြောပါတော့၊ တီချာ အစည်းအဝေးခန်းမှာ ရှိမယ်။ ဆေးရုံပို့သင့်လဲ ပို့ရမယ်”

အစည်းအဝေးက အရေးကြီးသည့် အစည်းအဝေးမို့သာ တက်ရသည်။ ဘယ်လို စိတ်ဖြောင့်မည်လဲ။ ပြူတင်းပေါက်ကို ဖြတ်ပြီး ရှေ့တူရူတွင် မြင်နေရသော ကျွန်မ အဆောင်သွားရာလမ်းကို မကြာမကြာ လှမ်းကြည့်နေမိပါသည်။

_ _ _ _ _

စနေ၊ တနင်္ဂနွေ ဆိုပေမဲ့ ကျွန်မ အိမ်မပြန်ဖြစ်။ အမေကတော့ အပတ်စဉ် အိမ်ပြန်လာစေချင်သည်။ တကယ်တော့ စနေ၊ တနင်္ဂနွေ ဆိုသည်မှာ သာမန်အခြေအနေတွင် အားလပ်ရက်။ ဒါပေမဲ့ အဆောင်ကိုရော၊ သူတို့ကိုရော ကျွန်မ စိတ်မချ။ အိမ်ပြန်ပြီး အဆောင်ကို စိတ်ပူနေရတာထက်တော့ အဆောင်မှာပဲနေလိုက်ရတာ စိတ်ချမ်းသာသည်။ အဆောင်နည်းပြကလည်း သူ့မိဘ နေမကောင်းဟုဆိုကာ ခွင့်ယူထားသည်။

စနေတစ်ရက်။ ကျွန်မ ဝတ္ထုတိုလေးတွေပါသော မဂ္ဂဇင်းတချို့ စာကြည့်တိုက်တွင်ရှိသည်ဟု သတင်းရ ထားသည်။ သည်နေ့ စာကြည့်တိုက်တွင် စာအုပ်စာရင်းများ ပြုစုနေကြသည်ဟု ကလေးတချို့က သတင်းလာ ပို့သဖြင့် စာကြည့်တိုက်ဘက် ခြေဦးလှည့်မိသည်။ စာကြည့်တိုက်ပင် မရောက်သေး မျက်နှာချင်းဆိုင်မှလာနေ သော ကျောင်းသားတချို့က-

“တီချာ – ဟိုမှာ ဟိုမှာ တီချာ့ အဆောင်ဘက်က မီးခိုးတွေ။ ကျောင်းသူတွေလဲ အော်ဟစ်နေလို့ပါလား”

အဆောင်ဘက် ခြေဦးပြန်လှည့် ကျွန်မ မာရသွန်အပြေးသမား ချက်ချင်းဖြစ်သွားရသည်။

“တီချာ – လာပါ လာပါ မာလာ့ ကုတင်ဘက်က ဖြစ်တာ”

စိတ်ထဲမှာတော့ အဆိုးဆုံး တွေးနေမိပြီ။ ဟိုကျတော့
“ဘာဖြစ်တာလဲ သမီး”

သူ ဘာမှမဖြေနိုင် တုန်ယင်နေသည်။ ကျွန်မ အဆောင် အပြင်ထွက်တာမြင်တော့ သူငယ်ချင်းတွေကို ကော်ဖီတိုက်ချင်၍ ရေနွေးကျိုသည်တဲ့။ ပလပ်က ရေစိုသွားပုံပေါက်သည်။ ရှော့ဖြစ်သည်ဆိုပဲ။
တာဝန်ရှိသူ ဆရာများလည်း ရောက်လာသည်။ တော်သေးသည်။ လူကို ဘာမှမထိခိုက်။ မီးကြိုးများ ပြင်ရုံနဲ့ ပြန်ကောင်းသွားသည်။ နေ့လည်တွင် မာလာကို ခေါ်တွေ့ရသည်။ ကျွန်မ သူတို့ကို အပြစ်တင်လေ့မရှိ။ သူတို့ကိုယ်သူတို့ ဆန်းစစ် အဖြေထုတ်စေလေ့ရှိသည်။ ထို့ကြောင့် သူမကိုသာ လှမ်းကြည့်နေမိသည်။

“တီချာ – သမီး မှားသွားပါတယ်”

“သမီးရယ်၊ မလုပ်ပါနဲ့ဆိုတာကို မလုပ်ပါနဲ့၊ ဒါဆိုရင် ဘယ်သူမှ ရင်ပူစရာ မလိုတော့ဘူး”

“ဟုတ် – တီချာ”

ဒါပေမဲ့ သမီး ဒီမှတ်တမ်းမှာ ဝန်ခံကတိတော့ လက်မှတ်ထိုးပေးခဲ့နော်။
_ _ _ _ _

မတတ်နိုင်ဘူး။ အမှန်အတိုင်း ပြောပြရမှာပဲ။ ဒီနေ့ အစည်းအဝေးမှာ ကျောင်းသူအဆောင် (၄)ဆောင် ထမနဲထိုး ပြိုင်ရမယ်တဲ့။ ကျောင်းသားဆောင်တွေက မောင်နှမဆောင်တွေအဖြစ် ဝိုင်းကူရမယ်တဲ့။ ပြဿနာနှင့် တည့်တည့်တိုးရခြင်း။ ကျွန်မက ကောက်ညှင်းနှင့်ပတ်သက်ပြီး မကျွမ်းကျင်။ ကြိုက်သော်လည်း ငယ်စဉ်ကတည်း က မတည့်၍ မစားဖြစ်သည်က များသည်။ ဒါပေမဲ့ ပြိုင်ရမှာက ပြိုင်ရမှာပဲ။ ညနေ အဆောင်မှာ အစည်းအဝေး ခေါ်ရသည်။

“သမီးတို့ ဒီသောကြာ night pass မရဘူး။ ရန်ကုန်ပြန်မဲ့သူတွေ စနေနေ့မနက်မှ ပြန်လို့ရပါမယ်။ သောကြာနေ့ ညနေမှာ တီချာတို့ အဆောင်(၄)ဆောင် ထမနဲထိုး ပြိုင်ရမယ်တဲ့။ မောင်နှမဆောင်တွေက ဝိုင်းကူ ကြရမယ်တဲ့။ အခုထဲက ကြိုပြောထားမယ်နော်။ တီချာကလည်း ကောက်ညှင်းနဲ့ မကျွမ်းဘူး။ အဆိုးဆုံး တွက်ထားရရင် တီချာတို့အဆောင်က စတုတ္ထလို့ပဲ မှတ်ထားလိုက်ရအောင်။”

“ဟာ – တီချာကလဲ ဘာဖြစ်လို့လဲ ပထမရအောင် ထိုးမှာပေါ့”

“တီချာ ထမနဲ မထိုးတတ်ဘူး၊ မကျွမ်းကျင်ဘူး။ ထမနဲ တစ်ဒယ်ကို (၄)ပြည် ထိုးရမယ်တဲ့။ ထည့်ရမဲ့ ပစ္စည်းအချိုးအစားကတော့ တီချာဆောင်းပါးတစ်ပုဒ်မှာ ဖတ်ဖူးတယ်။ ကူးထားတာ ရှိတယ်။ ဆုရ-မရထက် စားလို့ ဖြစ်အောင်တော့ ထိုးရမှာပေါ့။ သမီးတို့လဲ ထိုက်သင့်သလောက် ထိုးရင်ထိုးတတ်ကြမှာပဲလေ။ မောင်နှမ ဆောင်တွေကလည်း အကြံÓဏ်တွေ ရနိုင်သေးတာပဲ။ စုပေါင်းပြီး ကြိုးစားကြတာပေါ့။”

သည်လို အဆိုးဆုံးတွေးထား စိတ်ကိုပြင်ဆင်ထားပြီး ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ စိစဉ်ရသည်။

ပြိုင်ပွဲနီးလာပြီ။

ကလေးတွေ နိုးကြားတက်ြွကကြသည်။ ကောက်ညှင်းရွေးမည့်သူ။ မြေပဲရွေးမည့်သူ။ အုန်းသီးဆံ လှီးမည့်သူ စသည်ဖြင့်။ တကယ်ပြိုင်ကြတော့ ဆရာတစ်ဦးကလည်း ဝိုင်းကူပါသည်။ စိုးရိမ်မိတာက ကောက်ညှင်း (၄)ပြည် လုံးထိုးထားတာ စားမရဖြစ်မှာဘဲ စိုးပါသည်။ ဆုမရလည်း ပြဿနာမရှိ။ ကိုယ့်အဆောင်မှ ထိုးသည့် ထမနဲလေးတော့ ဝေငှချင်သည်။

ပွဲနေ့တွင်-

မောင်နှမဆောင်မှ ကလေးများက ချွေးဒီးဒီးကျ ထိုးကြပါသည်။ ဒိုင်အဖွဲ့မှ ကြီးကြပ်သူ ဆရာတစ်ဦးက လိုက်ကြည့်နေသည်။

“တီချာ – လုပ်ပါဦး၊ သူတို့အဆောင်က ထမနဲ ကျက်သွားပြီ၊ ဒိုင်တွေစားပွဲကို သွားတင်နေပြီ။ သမီးတို့ အိုးကို မီးပြင်းပြင်း ထိုးခိုင်းလိုက်မယ်နော်”

“မရဘူး သမီး။ မီးပြင်းပြင်းထိုးတိုင်း မဖြစ်ဘူး။ စိတ်အေးအေး ထားကြပါ”

“ကဲ-ဆရာမရေ မြည်းတော့”

“မြည်းပါ၊ ဆရာတို့ပဲ မြည်းလိုက်ပါ”

“တီချာ မြန်မြန်လုပ်ပါ၊ ဒိုင်တွေဆီ မြန်မြန်သွားတင်ရအောင်”

“ကျွန်မ အထင်တော့ နည်းနည်းနပ်ဖို့ လိုသေးလားလို့”

“မလိုပါဘူး တီချာရယ်၊ ပေး – ပေး”
ကလေးတစ်ယောက်က ထမနဲတစ်ပွဲပြင်ပြီး အပြေးအလွား ဒိုင်တွေဆီ သွားတင်သည်။

“ကြည့် – တီချာ လုပ်တာနဲ့ သမီးတို့ နောက်ဆုံးဖြစ်နေပြီ”

ခမ်းနားကြီးကျယ်သော ပွဲမဟုတ်ပေမဲ့ ကလေးတွေဆိုတော့ ပြိုင်ပြီဆိုကတည်းက နိုင်ချင်ကြသည်ပေါ့။ ဘုရားတသူကတ။ ဆုကြေညာမည့် ဒိုင်စားပွဲနား သွားနားစွင့်သူစွင့်။ သည်လိုနှင့် ဆုကြေညာတော့မည်။ ကျွန်မ ကတော့ အဆောင် (၄)ဆောင်ပြိုင်တာ စတုတ္ထမှန်းထားပြီးသားမို့ ထူးမမျှော်ပေ။
ဒိုင်အဖွဲ့က စည်းကမ်းချက်များနှင့်အညီ စိစစ်အမှတ်ပေးကြောင်း ရှင်းပြသည်။ ဆုကြေငြာပြီ။ စတုတ္ထဆု ကစပြီး ကြေညာပါသည်။

“စတုတ္ထဆု ” …..” ဆောင်”

ကြေငြာသံအဆုံးတွင် “ဟေး” ဟူသော ဝမ်းသာအားရ အသံများ လှိုက်ထွက်လာသည်။ ကျွန်မ အဆောင်သူများ ကျွန်မကို လာဖက်ကြသည်။

“ဟဲ့ – ဟဲ့ ဘယ်အဆောင်?။ တို့အဆောင်မဟုတ်ဘူးလား”

“မဟုတ်ဘူး – တီချာ၊ မဟုတ်ဘူး၊ အမယ်လေး – ဘုရား ဘုရား၊ ဒုတိယလောက်ရရင် ကောင်းမယ်”

စတုတ္ထဆု မဟုတ်တော့ဘူးဆိုကတည်းက ကျွန်မအဆောင်သူတွေ ပျော်နေကြပြီ။

“သမီးတို့ တည်ငြိမ်ကြစမ်းပါ။ ဘာတွေဘယ်လို ဖြစ်ကုန်တာလဲ။”

နောက်မှ သိရသည်က စတုတ္ထရသည့်အဆောင်က ထမနဲကို တစ်ပြည်လျှော့ထိုးမိသည်ဆိုပဲ။ သူတို့ အဆောင်က (၆)ပြည်ထိုးမှာ။ ထမနဲထိုးမကျွမ်းကျင်လို့ တစ်ဒယ်ကို (၃)ပြည်နှုန်းနဲ့ ထိုးတာတဲ့။ သူတို့လဲ ဝေငှချင် လိုတဲ့။ ဒါပေမဲ့ အနည်းဆုံး တစ်ဒယ်ကို (၄)ပြည်ထိုးရမယ်ဆိုတဲ့ အမှတ်ပေးစနစ်နဲ့ သွားငြိနေပြီး စတုတ္ထဖြစ်သွား ရတာတဲ့။

“ကဲ”
_ _ _ _ _

မနက်ဖြန်ပို့ချချက်အတွက် ပြင်ဆင်လို့ ကောင်းနေဆဲ

“တီချာ”

“ဪသာ် – အေး သမီးတို့လာကြ၊ လာကြ၊ ကဲ – ဆို”

“တီချာ အဲဒီလူတွေကို သီချင်းမဆိုနဲ့လို့ ပြောပေးပါ”

“ဘာပြောတယ်”
နားစွင့်ကြည့်လိုက်တော့ ထူးအိမ်သင်ရဲ့ “အမေ့အိမ်” သီချင်း။

“…အိမ်ပြန်ချင်တယ် ဟူး – ဟူး အငြိမ်းချမ်းဆုံး အမေ့အိမ်”

သိလိုက်ပါပြီ။

“သမီးတို့ရယ် သူတို့အားလပ်ချိန် သူတို့ကြိုက်တာဆိုပါစေလား။ ဘယ်လောက်ကောင်းလဲ။ တီချာတို့ အတွက် ဖျော်ဖြေနေသလိုပေါ့။ တီချာတော့ အဲဒီသီချင်း အရမ်းကြိုက်တယ်”

“ကြိုက်လို့ ပြောနေတာပေါ့။ ဒါပေမဲ့ ခုချိန်မှာတော့ ဘယ်လိုမှ နားမထောင်နိုင်ဘူး”
ကျွန်မ လက်ခံသဘောတူရပါမည်။ ပထမနှစ်ကျောင်းသူတွေ။ ဖရက်ရှာတွေပဲ။ အိမ်နဲ့ ခွဲကာစ အိမ်လွမ်း ကောင်းတုန်းအချိန် ဘယ်နားထောင်နိုင်ပါ့မလဲ။ နေ့လည်စာ စားချိန်ဆိုလဲ ကျွန်မ စိတ်မကောင်းဖြစ်မိသည်။ နေ့လည်စာက အသားငါးမပါ။ ဒီတော့ စားနေပုံလေးတွေက ခပ်လေးလေး ခပ်မှိုင်မှိုင်။ ညနေစာက အသားငါး တစ်မျိုးမျိုးပါ၍ တော်ပါသေးသည်။

“အိမ်လိုတော့ ဘယ်ဟုတ်မလဲ သမီးတို့ရယ်။ ဒါပေမဲ့ ဆာနေတုန်းစားရင်း စားမြိန်တာပါပဲ။ သမီးတို့ တွေ့မှာပါ။ တီချာလဲ ဒီထမင်း ဒီဟင်းပဲ စားတာပဲ။ စားနေကျသွားရင် အဆင်ပြေသွားမှာပါ။ အိမ်ကပါလာတာတွေ ရှိရင်လည်း အချင်းချင်း မျှတစားကြပေါ့ ဟုတ်လား”

ခုလဲ လာပြန်ချေပြီ။ ခပ်လှမ်းလှမ်း အဆောင်သစ်တွင် ဆေးသုတ်နေသည်။ ဆေးသုတ်လုပ်သားများ ယင်းအဆောင်တွင်ပင် စောင့်ကြ၊ အိပ်ကြပုံရသည်။ သူတို့ကလည်း သူတို့။ တခြားသီချင်းဆိုပါတော့လား။ အိမ်နှင့် ခွဲကာစ ကလေးတွေ ဒီသီချင်း၏ လှုပ်ခတ်မှုကို ဘယ်ခံနိုင်ပါ့မလဲ။ ကျွန်မသည်ပင် ဒီသီချင်းကို အေးအေးဆေးဆေး နားထောင်ဖြစ်တိုင်း ရေးဖွဲ့သီဆိုသူရဲ့ နေရာကို နင့်နင့်နဲနဲဝင်ခံစားနာကျင်ရသည်ပဲ။

“ကဲ – ဒီလိုလုပ် – ဒီညလဲ ဒီသီချင်းသူတို့ ဆိုပြီးပြီဆိုတော့ ထပ်ဆိုမယ် မထင်တော့ပါဘူး။ နောက်ညတွေ တော့ ဒီသီချင်းမဆိုဖို့ တီချာပြောပေးပါ့မယ်။ ဟုတ်လား။ ခုဟာက အချိန်မရှိတော့ဘူးလေ။

“မဟုတ်ဘူး တီချာ၊ သီချင်းကို မဆိုနဲ့လို့ပြောပေးပါ။ အရင်ညတွေထဲက တီချာကို လာပြောမလို့၊ မပြော ဖြစ်တာ”

လာပြန်ပြီ တစ်ယောက်။

“သမီး – ကောလင်း ဘာဖြစ်လို့လဲ။ သူတို့ဘာသာဆိုတာ ဆိုပစေပေါ့”

“တီချာကလဲ မဆိုပါစေနဲ့ဆို အဟင့်…ဟင့်”

ဒီတော့ ကြားဖြတ်သတင်း တစ်ယောက်ကပို့သည်။ အမယ်လေး သူတို့အိမ်မှာ တစ်ချို့ညတွေမှာ သူတို့ အဖေက မယ်ဒိုလင်တီးပြီး၊ အမေရော သူတို့မောင်နှမတွေရော သီချင်းဆိုကြတာတဲ့။ မှတ်ကရော။ ဂီတသံလွှမ်းတဲ့ သူတို့အိမ်ကလေးကို ပြန်သတိရနေမှာပေါ့”

“ဪသာ် – ဟုတ်ပြီ – ဟုတ်ပြီ၊ သီချင်းမဆိုဖို့ တီချာ ပြောပါ့မယ်”

ကံကောင်းထောက်မပါသည်။ နောက်နေ့မနက်တွင် ဆေးသုတ်သမားလေးတွေ လုပ်ငန်းသုံးပစ္စည်းတွေ၊ ဆေးပုံးတွေ ကားပေါ်တင်နေတာ တွေ့ရသည်။ သူတို့လုပ်ငန်းပြီး၍ အိမ်ပြန်ပြီတဲ့။

ဪသာ် ပြဿနာတစ်ခုတော့ အေးပေါ့။
_ _ _ _ _

ညနေ (၆)နာရီဆို အဆောင်တံခါးပိတ်ပြီ။ ညနေစောင်းသည်နှင့် အဆောင်တွင်းသို့သာ မဝင်တာ။ အပြင် မှာက လှမ်းကြည့်ရုံနှင့်ပင် မြင်နေရသည်။ြွေမတွေ။ ကံကောင်းသည်က အဆောင်များအတွင်းသို့ ဝင်လေ့မရှိ။

“တီချာ – ချောက် ငိုနေတယ်။ သူ့အိမ်ကို လွမ်းလို့တဲ့”

ဟုတ်လောက်သည်။ အဆောင်မှာက ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားလာနေကြရသည်ပဲ။ မိဘက သားသမီးကို ယုယဂရုစိုက်သလိုတော့ အခြေအနေမရှိ။ အဆောင်မှူးအနေနှင့်လည်း အတတ်နိုင်ဆုံး ဂရုစိုက်ပါ သည်။ သို့သော် အိမ်သည်အိမ်။ ကျောင်းသည်ကျောင်း။ အထူးသဖြင့် သူက တစ်ဦးတည်းသောသမီး။ အများနှင့် မရောနှောတတ်။ တခြားကလေးများကလည်း သူ့ကို ဂရုစိုက်ပါသည်။ ဒါပေမဲ့ မလုံလောက်။ ကျွန်မသူ့ဆီ ရောက် သွားတော့-

“ချောက် – ဘာဖြစ်လဲသမီး”

“ကြောက်တယ်၊ြွေမတွေနဲ့”

“ဪသာ် – သူ့ဘာသာ အပြင်မှာ ရှိနေတာပဲ”

“ပြန်ချင်တယ် တီချာ။ မနေချင်တော့ဘူး။ မနက်ဖြန် အမေတို့ကို ဖုန်းဆက်ပြီး လာခေါ်ဖို့ ပြောတော့မယ်”

“ဟုတ်ပါပြီ သမီးရယ်၊ ခုတော့ တိတ်တော့။ ခေါင်းကိုက်နေဦးမယ်။ ထမင်းစားပြီးပြီလား။

ခေါင်းခါသည်။ ဘယ်တော့မှ ထမင်းစားဆောင်မှာမစား။ ချိုင့်လေးနှင့် သူငယ်ချင်းတွေကို အမြဲသယ်ခိုင်း နေကြ။ ကြာတော့ ဒီသတင်းက ကျွန်မဆီ ရောက်လာသည်။

“တီချာ စဉ်းစားကြည့်။ နေထိုင်မကောင်းရင်တော့ တစ်မျိုးပေါ့။ ခုဟာက နေ့တိုင်း အနပ်တိုင်း သယ်ခိုင်း နေတာ ယူမပေးချင်တော့ဘူး။

“ဟုတ်တယ် – တီချာ” တစ်ယောက်ကပါ ဝင်သဘောထားပေးသည်။

“သမီးတို့ရယ် နည်းနည်းစိတ်ရှည်ပေးပါ။ တီချာတို့ တွဲခေါ်ကြတာပေါ့။ ခုထိတော့ ပါမလာသေးဘူး။ သမီးတို့လို အခြေအနေကို ခပ်ပေါ့ပေါ့ပါးပါးလေး ရင်ဆိုင်တတ်ရင် ကောင်းတာပေါ့။ အိမ်လွမ်းတာကို ရှေ့တန်း တင်နေရင် အဆင်မပြေနိုင်ဘူးလေ။ ခုပဲ ကျောင်းဖွင့်တာ တစ်လကျော် နှစ်လနီးပါး ရှိနေပြီပဲ။ ခဏလေး သည်းခံပေးပါဦး၊ အဆင် ပြေသွားမှာပါ”

သည်လိုနှစ်သိမ့်ထားရသည်။ ခုလဲ-

“ကဲ – သမီး ထမင်းစားလိုက်ဦးနော်။ တကယ်တော့ သမီးရယ် ထမင်းစားဆောင်မှာ စားရင် ထမင်းဟင်း ပူပူနွေးနွေးနဲ့ သူငယ်ချင်းတွေနဲ့ ပျော်စရာကြီးသမီးရဲ့။ တီချာလဲ ထမင်းစားဆောင်မှာပဲ စားတာပဲ။ နောက်နေ့ အိမ်မပြန်ခင် သွားစားကြည့်လိုက်ပါဦး ဟုတ်လား”

“ဟုတ် – တီချာ”
_ _ _ _ _

“ဆရာမ ဖုန်းလာတယ်”

“ဟုတ်ကဲ့ – ပြောပါ။ ဟုတ်တယ် ပြန်မယ်ပဲ ပြောနေတယ်။ ကျွန်မတို့လဲ အတတ်နိုင်ဆုံး ဝိုင်းဂရုစိုက်ပေး နေပါတယ်။ ဟုတ်ပါပြီ။ ဒီအစီအစဉ်ကောင်းပါတယ် ဟုတ်ကဲ့၊ ဟုတ်ကဲ့”

ချောက် ၏ မိဘများ။ ဖုန်းဆက်ပြီး ပြန်ဖို့လာခေါ်ခိုင်းထားတာတဲ့။ ပြန်မခေါ်ချင်ပါဘူး ဆရာမတဲ့။ သူ့ကို ၂-ပတ်၊ ၃-ပတ်လောက်နေရင် လာခေါ်မယ် ပြောထားတာတဲ့။ အဲဒါ ဖျောင်းဖျပေးပါဦးတဲ့။ ကျောင်းရောက်လာ တဲ့ ကလေး ပြန်သွားတာတော့ မဖြစ်စေချင်ပါဘူး။ တတ်နိုင်သမျှ ပွေ့ပိုက် ဂရုစိုက်ပေးမြဲပါပဲ။ ဂရုမစိုက်လို့လဲ မဖြစ်။ အဆောင်ဝင်လာတဲ့ ပုံရိပ်တွေကို မျက်ကွယ်ပြု၍ မရနိုင်ခဲ့။ မိဘတွေအနေနဲ့ကလည်း ပညာရေးအတွက်မို့ လွှတ်လို့သာ လွှတ်ရတာ စိတ်မချနိုင်၊ စိတ်မအေးနိုင်ကြ။

“ဆရာမရယ် သမီးကလေ အိမ်မှာ အငယ်ဆုံးဆိုတော့ …”
“ဆရာမရယ် ကလေးက ကျန်းမာရေးမကောင်းလို့ …”

“ဆရာမရယ် အိမ်နဲ့ တစ်ခါမှ မခွဲဘူးတဲ့ ကလေးမို့ …”

စသည်ဖြင့် စိုးရိမ်ကြောင့်ကြ များစွာဖြင့် အပ်နှံကြသည်။

“စိတ်ချပါ ကျွန်မ အတတ်နိုင်ဆုံး စောင့်ရှောက်မှာပါ၊ တခြားကလေးတွေလည်း ရှိနေတာပဲ။ သူတို့ ပျော်သွားမှာပါ၊ စိတ်မပူပါနဲ့” ဟု သူတို့အပူတွေကို သက်သာငြိမ်းအေးစေခဲ့ရသည်။
_ _ _ _ _

သည်နှစ်ဆရာကန်တော့ပွဲအတွက် ဖျော်ဖြေရေး အစီအစဉ်မှာ ကျွန်မ အဆောင်က အစီအစဉ်တစ်ခုမှ စာရင်းမတင်နိုင်သေး။ အဆောင်သူတွေနှင့် ညှိရသည်။ မကချင်ဘူး။ မကတတ်ဘူး။ မဆိုချင်ဘူး။ မဆိုတတ်ဘူး ချည်းပဲ ဖြစ်နေသည်။ ပထမနှစ်ကျောင်းသူတွေ။ နှစ်စပိုင်းဆိုတော့ ကျွန်မကလည်း သူတို့အထာကို မသိသေး တစ်နည်းနည်းတော့ စီစဉ်ရပေဦးမည်။ သည်အခိုက် –

“တီချာ – သမီးတို့ ကမယ်”

“ဟယ် – ဟုတ်ပြီ၊ ကောင်းတယ်၊ တီချာတို့ အဆောင်က တစ်ခုမှ မတင်နိုင်သေးလို့ တီချယ်လည်း လက်ချိုး ခြေချိုးသိပ်မလိုတဲ့ ယိမ်းလေးဘာလေး တင်မလားလို့။”

“ခုလဲ ယိမ်းပဲ တီချာ။ “ပန်းမျိုးတစ်ရာ” သီချင်းနဲ့ကမှာ။ သင်္ကြန်ယိမ်း”

“ဪသာ် – ဟုတ်ပြီ၊ ဟုတ်ပြီ။ ဒါဆို တီချာတို့ အဆောင်က ယိမ်းကမယ်လို့ စာရင်းပေးလိုက်မယ်နော်။ ဘယ်နှစ်ယောက်ကမလဲ”

“ခြောက်ယောက် တီချာ”

“ဟုတ်ပြီ – လိုတာပြောပါ။ တီချာ လုပ်ပေးပါ့မယ်။ သမီးတို့ ကဖြစ်တာပဲ တီချာ ဝမ်းသာပါတယ်”

ညနေကျတော့-

“တီချာ သေတော့မသေချာသေးဘူး၊ နောက် အစီအစဉ်တစ်ခု ထပ်ထည့်လို့ရမလား”

“ရပါတယ်၊ ဘာဖြစ်လို့လဲ”

“မသေချာသေးလို့”

“ဟုတ်ပြီလေ၊ ကတာ မညီသေးလို့လား၊ ကမဲ့သူက က-မက မသေချာသေးလို့လား”

“နှစ်မျိုးစလုံးပဲ တီချာ”

“ဘာကလဲ”
“တေးသရုပ်ဖော်”

နောက်နေ့နံနက်တွင် စဉ်းစားမနေတော့ဘဲ တေးသရုပ်ဖော်ကိုပါ စာရင်းပေးလိုက်သည်။

“သမီးတို့ တေးသရုပ်ဖော်က ဆက်ဆက်တက်ရမယ်နော်၊ တီချာ စာရင်းပေးလိုက်ပြီ”

အံ့ဩကုန်နိုင်ဖွယ်။ ကဲ-မယုံချင်နေ ဖြစ်နေပြီ။ ကမဲ့သူက အင်းတကော်နဲ့ ချောက်တဲ့။ “ထမင်းမြိန်မြိန် စားချင်တယ်” တေးသရုပ်ဖော်တဲ့။

“အမယ်လေး ဘယ်လိုစည်းရုံးလိုက်ကြတာလဲ။ ကောင်းလိုက်တာ။ ချောက် ကျေးဇူးပဲသမီး၊ ခုလို အဆောင် ကိုယ်စား ဆောင်ရွက်ပေးတာ”
_ _ _ _ _

ပွဲနေ့ရောက်ပြီ။ အစီအစဉ်တွေ တစ်ခုပြီးတစ်ခု တင်ဆက်နေသည်။ ကလေးတွေ တော်ကြပါသည်။ အနုပညာ အရည်အသွေး မနည်းကြ။ သည်လိုနှင့် ပန်းမျိုးတစ်ရာ ယိမ်းအလှည့် ရောက်လာသည်။ သည်ယိမ်း ကလည်း ကောင်းပါသည်။ အဆောင်အတွက် စိတ်လိုလက်ရ ရပ်တည်ပေးကြသည်မို့ အဆောင်မှူးအနေနဲ့ ဝမ်းသာ ကျေနပ် ကျေးဇူးတင်ရပါသည်။ ပန်းကုံးစွပ်သူ၊ ဆုငွေချီးမြှင့်သူတွေနှင့်။
သည်ယိမ်းပြီးပေမဲ့ တေးသရုပ်ဖော်အတွက် စိတ်ပူနေရသည်။ ရောက်လာပြီ။ ထမင်းမြိန်မြိန်စားချင်တယ်။ ချောက်တို့အတွဲ စင်ပေါ်တက်လာကတည်းက လက်ခုပ်သံတွေ လှိုက်ထွက်လာသည်။ သူတို့သူငယ်ချင်း အချင်းချင်း ပြင်ပေးကြသည်ဆိုပေမဲ့ အရမ်းအဆင်ပြေပါသည်။ ချောက်က ပါးကွက်လေးနှင့် ဆံပင်နှစ်ဘက်ခွဲနှင့်။ အမျိုးသားအဖြစ် သရုပ်ဆောင်သူ အင်းတကော် ကလည်း စတိုင်အပြည့်နှင့်။ အေးဆေးငြိမ်သက်သော ဆရာ များပင် ပြုံးရွှင်လန်းဆန်းလာကြသည်။

“ဟာ – ဆရာမရေ ချောက်ပါလား”

အမြဲလိုလို မှုန်ကုပ်ကုပ်နေလေ့ရှိသော၊ အလွမ်းမင်းသမီးလေးပမာ မကြာခဏ ငိုပွဲဆင်လေ့ရှိသော၊ အိမ်ပြန် မည်ဟု တစ်ချိန်လုံးြွေကးကြော်နေသော “ချောက်”။ စင်ပေါ်မှာတော့ သူမဟုတ်သလိုပင်။ မျက်နှာပေးကအစ ပီပြင်လှသည်။ ပန်းကုံးများ၊ ဆုငွေများလည်း မနည်းကြ။ မထင်မှတ်သော ဆရာများကပင် ဆုငွေများ ချီးမြှင့်ကြ ပါသည်။

အိမ်ပြန်ဖြစ်-မဖြစ် မသေချာသေးသော်လည်း၊ အဆောင်ကိုယ်စား ပါဝင်လှုပ်ရှားပေးနေသည်ကို ကျွန်မ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရ၊ အသိအမှတ်ပြုရပါတော့သည်။

ကြည့် – ကနေရင်း ကျွန်မထိုင်နေရာဆီသို့ မခို့တရို့ လှမ်းပြုံးပြနေချေသည်။ ကျွန်မ ခေါင်းညိတ်ရင်း အပြုံးဖြင့် ပြန်အသိအမှတ်ပြုလိုက်ရပါချေတော့သည်။
_ _ _ _ _

“စာမေးပွဲ time table တွေ ထွက်ပြီဟေ့၊ မြန်မြန် ဖြေချင်လှပြီ၊ မြန်မြန်ဖြေ၊ မြန်မြန် အိမ်ပြန်မယ် ဒါပဲ”

“ငါ အိမ်ပြန်ပြီးရင် ပြန်လာဖြစ်ပါ့မလား မသိဘူးဟယ်၊ အိမ်ပြန်ရောက်ရင် စိတ်က တစ်မျိုးပြန်ဖြစ်ဦးမှာဟ”

“ငါကတော့ အိမ်အရင်မပြန်သေးဘူး။ ထီးလင်းကို လိုက်လည်ဦးမယ်”
ဆန္ဒလေးတွေ အမျိုးမျိုးနဲ့။

“ချစ်ချစ် – သမီး ကရော”

“ဟင် – သမီးကတော့ ပြန်လာဖြစ်မှာပါ”

ဝ၀ကစ်ကစ်လေး။ အဆောင်တွင် တမူထူးသော နေထိုင်ပုံလေးနှင့်။ ချစ်ချစ် မျက်နှာသည် သနပ်ခါးထူထူ လေးဖြင့် အမြဲဖွေးလှနေသည်။ တီဗွီလာချိန်တွင် ချစ်ချစ်ကို တခြားသွားမရှာနှင့်။ တီဗွီရှေ့တွင် အမြဲတွေ့ရသည်။ အစီအစဉ်ကောင်းနှင့်တွေ့လျှင် သူက တခြားသူများကို လိုက်နှိုးဆော်လိုက်သေးသည်။

“သမီး ဘာဖြစ်လို့ တစ်ယောက်တည်း သွားလာနေတာလဲ”

“သမီး ပိုက်ဆံ သိပ်မသုံးနိုင်ဘူး တီချာ”

“မသုံးနိုင်လို့မသုံးတာ ပြဿနာမဟုတ်ဘူး။ အဆင်ပြေသလို သူငယ်ချင်းတွေနဲ့ သွားသွားလာလာ နေပါ သမီးရဲ့။

တခြားသူများကလည်း သူ့ကို ခင်ကြပါသည်။
_ _ _ _ _

“တီချာ – သမီးတို့ မပြန်ခင်ညမှာ နှုတ်ဆက်ပွဲလေး လုပ်ချင်လို့”

“လုပ်လေ – တီချာ ကျောင်းသားရေးရာကို သတင်းပို့ထားပါ့မယ်။ အစားအသောက်ကရော”

“တီချာ အအေးနဲ့ မုန့်လေးပဲ”

“ဟုတ်ပါပြီ”

ထိုညက အဆောင်မှူးကျွန်မကို သူတို့လေးတွေ ကန်တော့ကြပါသည်။ လက်အုပ်ချီကန်တော့ရုံ ကန်တော့ ရန် ကျွန်မ ပြောထားရသည်။ ကျွန်မသိသည်။ တချို့ကလေးတွေ ငွေပြတ်နေပြီ။

“ကဲ – သမီးတို့ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ။ ဘေးရန်ကင်းကင်းနဲ့ အိမ်ကို ချောချောမွေ့မွေ့ ရောက်ပါစေ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ လိုရာဆန္ဒပြည့်ကြပါစေ။ ဒုတိယနှစ်ဝက်အမီ ပြန်ရောက်လာမဲ့ သမီးတို့ ကို တီချာ မျှော်နေပါ့မယ်”

“တီချာ – တီချာ တစ်ယောက်တည်း ကျန်ခဲ့မှာ။ ညစောင့်ကလည်း ခြံဝမှာရှိတာ ဘယ်လိုလုပ်မလဲ”

“ရပါတယ်၊ တီချာ တစ်ခုခုစီစဉ်ပါ့မယ်။ တီချာ့ အမေလဲ လာလည်မယ်။ တီချာလဲ အိမ်ပြန်ဦးမယ်လေ”

“ဪသာ်”

“ကဲ – နောက်အစီအစဉ်တစ်ခု ဆုမွန် စမယ်”

“ဪသာ် ဆိုကြဦးမယ်ပေါ့”

အဆောင်မှာ ဆုမွန်လေးက ဂစ်တာတီးကျွမ်းသည်။ သူ့ကြောင့် ပွဲက ပိုမြိုင်လေ့ရှိသည်။

“ဟုတ် – တီချာ၊ မေသက်ခိုင်၊ စန္ဒာအောင်ချမ်း၊ ထွန်းရင် စမယ်”

“ဘာ သီချင်းနဲ့ စမလဲ”

“တီချာ့ သီချင်းနဲ့ စမယ်”

“ကောင်းတယ်”

“နားဆင်တော့ကွယ် …မင်းပေးတဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ …ပြင်းလွန်းတဲ့ မီးတောက်တွေထဲ…” “တီချာ – တီချာ ပါဆိုပါ”

ကျွန်မ အကြိုက်သီချင်းနဲ့ စထားပြီပဲ။ ကျွန်မပါ ဝင်ဆိုရသည်။ သတိထားလိုက်မိသည်။ ကျွန်မလက်မောင်း ကို တစ်ယောက် လာဆုပ်ကိုင်ထားသည်။ ကြည့်လိုက်တော့ “ချောက်”။ လွမ်းမျက်ရည် သီသီဝေ့နေသည်။ နောက်တစ်ယောက် ကျွန်မပုခုံးကို သူ့ခေါင်းလေးနှင့် လာမှီသည်။ ဪသာ် – အိ ပါလား။ ကျွန်မ ပြန်ဖက်ထားမိ သည်။ တဖြည်းဖြည်း ကျွန်မအနားမှာ သူတို့လေးတွေ။

“တီချာ သမီးတို့တော့ တီချာ့ကိုရော၊ အဆောင်ကိုရော လွမ်းနေတော့မှာပဲ”

ရှိုက်သံသဲ့သဲ့လည်း ကြားရပါသည်။
_ _ _ _ _

တကယ်တော့ သူတို့လေးတွေဟာ မိဘဆရာတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာမွန်လေးတွေပါပဲ။ သည်လိုနဲ့ တဖြည်းဖြည်း လောကလူ့အသိုင်းအဝိုင်းထဲသို့ သူတို့ ဝင်ကြရတော့မည်။ အတွေ့အကြုံအရ ရင့်ကျက်မှု မရှိကြသေးသူများ။ နုနယ်သောအတွေး ပျော့ပြောင်းသော နှလုံးသားလေးတွေနှင့်။ သည်တော့ လောကဓံကို ခံနိုင်ရည်မရှိကြသေး။ နုပျိုလတ်ဆတ်သော၊ ပြစ်မျိုးမှည့်မထင်သော ပုရစ်ဖူးသစ်စ ဘဝလေးတွေ။ ဒါကြောင့်လဲ သည်ကလေးတွေ ခိုလှုံနေတဲ့ သည်အဆောင်လေးဟာ စိမ်းစိုရွှန်းလဲ့သော ရွက်သစ်နုတွေနဲ့အတိ ပြီးတဲ့၊ အေးချမ်းစိုပြည်တဲ့ “မြပုရစ်မြိုင်”လေးဟု ကျွန်မ တင်စားခံယူနေမိပါသည်။
သည်မြိုင်လေးထဲမှာ ကျွန်မတို့ အချိန်ကာလတစ်ခုကို ဖြတ်သန်းကြရပါမည်။ သူတို့၏ ဘဝတလျှောက် လုံးကိုတော့ ကျွန်မ လက်လှမ်းမမီနိုင်။ သည်လက်ရှိ အခိုက်အတန့်လေးမှာ အထူးသဖြင့် ကျွန်မ စီမံခန့်ခွဲတာဝန် ယူနေချိန် ကာလလေးမှာတော့ သည်ပုရစ်ဖူးသစ်လေးတွေဟာ မည်သည့်လောကဓံဆိုးမျိုးကိုမျှ မကြုံတွေ့စေလို ပါ။ လောကဓံရိုက်ခတ်မှု အနည်းဆုံးဖြင့် သူတို့လေးတွေ၏ ဘဝခရီး တွင်စေချင်ပါသည်။
အနာအဆာကင်းစင်သော၊ ထူးချွန်ထက်မြက်သော၊ တင့်တယ်လှပ ကျက်သရေရှိသော ရွက်သစ်နုလေး များဖြစ်အောင် ကျွန်မ အတတ်နိုင်ဆုံး စောင့်ရှောက်ပြုစုသွားရပါမည်။
ဒါကြောင့်လည်း ကျွန်မတို့ရဲ့ ပစ္စုပ္ပန်ကို စည်းကမ်းတကျနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပုံဖော်နေ ကိုင်တွယ်နေမိပါသည်။ ဒီနေ့ ကျွန်မတို့ရဲ့ ပစ္စုပ္ပန်သည် အနာဂတ်အတွက် အတိတ်ဖြစ်သွားမှာလေ။ အဲဒီအချိန်မှာ “မြပုရစ်မြိုင်”ကို ဘယ်လိုပဲခံစားခံစား တင့်တယ်ကျက်သရေရှိသော၊ ကြည်နူးချမ်းမြေ့ဖွယ်တို့လွှမ်းသော၊ အပြစ် အနာအဆာအနည်းဆုံးဖြစ်လောက်သော အတိတ်တို့ဖြင့် ခြယ်မှုန်းပြီးသား ဖြစ်စေလိုလှပါသည်။

ကျွန်မ ကြိုးစားပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)