ကျော်နိုင် – MEngC, CQHP, YCDC & P&S အရေးကိစ္စများ – ၂

December 15, 2017
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

– MEngC, CQHP, YCDC & P&S အရေးကိစ္စများ – ၂
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၇

အင်ဂျင်နီယာကောင်စီရဲ့ နည်းဥပဒေများအရ P&S (plumbing AND sanitation) scope ဟာ civil engineer တွေရဲ့ scope ဖြစ်တယ်ဆိုတဲ့ သတင်းမှားတွေ၊ အင်ဂျင်နီယာကောင်စီရဲ့ နည်းဥပဒေတွေအရ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း နဲ့ (YCDC၊ MCDC၊ NCCDC အစရှိသဖြင့်) တွေဟာ မှတ်ပုံတင်အင်ဂျင်နီယာတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ချုပ်ချယ်ပိုင်ခွင့်ရှိတာကြောင့် စည်ပင်တွေက P&S scope ကို civil engineer တွေကိုဘဲ လုပ်ခိုင်းလို့ရတယ် ဆိုတဲ့ သတင်းမှားတွေ အင်ဂျင်နီယာလောကမှာ ပြန့်နေပါတယ်။

အင်ဂျင်နီယာကောင်စီရဲ့ နည်းဥပဒေတွေအရ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း နဲ့ (YCDC၊ MCDC၊ NCCDC အစရှိသဖြင့်) တွေဟာ မှတ်ပုံတင်အင်ဂျင်နီယာတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ချုပ်ချယ်ပိုင်ခွင့်ရှိတယ်လို့ စည်ပင်က အငြိမ်းစား အင်ဂျင်နီယာကြီးတစ်ဦး ရေးထားတဲ့ပို့စ်တစ်ခုကိုလည်း သူ့ wall ပေါ်မှာ ဖတ်ဘူးပါတယ်။ အဲ့ဒီလို ပုဂ္ဂိုလ်မျိုးကရေးတယ်၊ ပြောတယ်ဆိုတော့လည်း အင်ဂျင်နီယာအများစုက ယုံမိကြမှာပါဘဲ။

အင်ဂျင်နီယာကောင်စီရဲ့ ဥပဒေ၊ နည်းဥပဒေတွေအရ အထက်ဖေါ်ပြပါ သတင်းအချက်အလက်တွေဟာ လုံးဝ (လုံးဝ) မှားယွင်းပါတယ်။ မှားယွင်းကြောင်လည်း သက်ဆိုင်ရာ ပုဒ်မတွေကို ကိုးကားပြီး သက်သေပြသွားပါ့မယ်။ အမှန်တကယ်ဆိုရရင် အင်ဂျင်နီယာကောင်စီ နည်းဥပဒေအရ P&S scope ဟာ mechanical engineer ရဲ့ scope ဖြစ်တယ်လို့ အတိအလင်း ဖေါ်ပြထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ နည်းဥပဒေပုဒ်မကို ကိုးကားပြီး သက်သေပြပါ့မယ်။

အင်ဂျင်နီယာကောင်စီ ဥပဒေ၊ နည်ဒဥပဒေ အပြည့်အစုံကို myanmarengc.org website မှာ မြန်မာလိုကော၊ အင်္ဂလိပ်လိုပါ ဝင်ရာက်ဖတ်ရှုနိုင်ပါတယ်။ website ကိုဝင်လိုက်လို့ ပထမဆုံးတွေ့မယ့် page ရဲ့ ညာဘက်အပေါ်က menu bar ကို click လုပ်ရင် menu ပေါ်လာပါလိမ့်မယ်။ (smart phone နဲ့ဆိုရင်တော့ menu bar ကို လက်နဲ့ ဖိလိုက်ပါ) (ပူးတွဲပါ ဓါတ်ပုံ A)။

Menu ပေါ်လာရင် “Laws & Regulation” ကို click လုပ်ပါ။ (smart phone ဆိုရင်တော့ လက်နဲ့ ဖိလိုက်ပါ) (ပူးတွဲပါ ဓါတ်ပုံ B)။


Laws & Regulation အောက်က…
1.01 ဟာ ကောင်စီဥပဒေ (Law) ကို မြန်မာလို ရေးထားတာပါ။
1.02 ဟာ ကောင်စီ နည်းဥပဒေ (Bylaw) ကို မြန်မာလို ရေးထားတာပါ။
1.03 ဟာ ကောင်စီဥပဒေ (Law) ကို အင်္ဂလိပ်လို ရေးထားတာပါ။
1.04 ဟာ ကောင်စီ နည်းဥပဒေ (Bylaw) ကို အင်္ဂလိပ်လို ရေးထားတာပါ။


မြန်မာလိုရေးထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေထဲမှာကော၊ အင်္ဂလိပ်လို ရေးထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေထဲမှာကော P&S ဟာ civil engineer တွေရဲ့ scope လို့ ဖေါ်ပြထားတာ လုံးဝ (လုံးဝ) မပါပါဘူး။ ပါတယ်လို့ ပြောသူတွေအနေနဲ့ ဘယ်ဥပဒေ၊ ဘယ် version (Myanmar or English version)၊ ဘယ်စာမျက်နှာ၊ ဘယ်ပုဒ်မ က ညွှန်းထားတယ်ဆိုတာ အတိအကျ ပြောပေးဘို့ မေတ္တာရပ်ခံပါတယ်။

အလားတူပါဘဲ။ မြန်မာလိုရေးထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေထဲမှာကော၊ အင်္ဂလိပ်လို ရေးထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေထဲမှာကော မှတ်ပုံတင်အင်ဂျင်နီယာ (RE/RSE/PE) တွေရဲ့ လုပ်ပိုင်ခွင့်ကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက (စည်ပင်တွေက) ကန့်သတ်တားမြစ်ပိုင်ခွင့်ရှိတယ်ဆိုတာ လုံးဝ (လုံးဝ) မပါပါဘူး။ ပါတယ်လို့ ပြောသူတွေအနေနဲ့ ဘယ်ဥပဒေ၊ ဘယ် version (Myanmar or English version)၊ ဘယ်စာမျက်နှာ၊ ဘယ်ပုဒ်မ က ညွှန်းထားတယ်ဆိုတာ အတိအကျ ပြောပေးဘို့ မေတ္တာရပ်ခံပါတယ်။

အဲ့ဒီလို သက်သေမပြနိုင်ရင်တော့ မမှန်သတင်းတွေ ဖြန့်ချီနေခြင်းမှ ရပ်ဆိုင်းဘို့ မေတ္တာရပ်ခံပါတယ်။ ကိုယ်ကျိုးစီးပွားအတွက်ဘဲဖြစ်စေ၊ အခြားရည်ရွယ်ချက်တစ်ခုခု ရှိလို့ဘဲဖြစ်စေ၊ ဘာရည်ရွယ်ချက်မှ မရှိဘဲဖြစ်စေ မမှန်သတင်းတွေ ဖြန့်ချီနေတာဟာ အင်ဂျင်နီယာအချင်းချင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေပါတယ်။

အဲ့ဒီလို သတင်းမှားတွေနဲ့ ထင်ယောင်ထင်မှားဖြစ်စေနိုင်တယ်လို့ ကျွန်တော်မြင်မိတဲ့ ပုဒ်မကတော့ နည်းဥပဒေပုဒ်မ (၁၀၂) ဘဲ ဖြစ်ပါတယ်။ အဲ့ဒီပုဒ်မအကြောင်းမပြောခင် နည်းဥပဒေပုဒ်မ (၇၇) အကြောင်း အရင်ပြောပါရစေ။ အင်ဂျင်နီယာကောင်စီ နည်းဥပဒေ၊ စာမျက်နှာ (၄၇)၊ အခန်း (၉)၊ “မှတ်ပုံတင်လက်မှတ်ရသူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ” အောက်က ပုဒ်မ (၇၇) မှာ အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။

၇၇။ မိမိပညာရပ်နှင့် သက်ဆိုင်သော သတ်မှတ်ထားသည့် အင်ဂျင်နီယာပညာနှင့် နည်းပညာလုပ်ငန်းများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တရားဝင် လုပ်ကိုင်ခွင့်ရှိသည်။ (ပူးတွဲဓါတ်ပုံ 1)

နည်းဥပဒေပုဒ်မ (၇၇) အရ RE/RSE/PE တွေရဲ့ ပြည်ထောင်စုသမ္မတမြန်နာနိုင်ငံတော်အတွင်း လုပ်ပိုင်ခွင့်တွေကို မည်သူမျှ တားဆီး၊ ကန့်သတ်ပိုင်ခွင့်မရှိတာ ပေါ်လွင်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အချို့က နည်းဥပဒေ ပုဒ်မ (၁၀၂) ကို လိုသလို အဓိပ္ပါယ်ကောက်ပြီး အင်ဂျင်နီယာအများ ထင်ယောင်ထင်မှားဖြစ်အောင် ပြောနေကြတယ်ထင်ပါတယ်။ အင်ဂျင်နီယာကောင်စီ နည်းဥပဒေ၊ စာမျက်နှာ (၅၄)၊ အခန်း (၁၂)၊ “တားမြစ်ထားသော လုပ်ငန်းများနှင့် ကန့်သတ်ခွင့်ပြုထားသောလုပ်ငန်းများ” အောက်က ပုဒ်မ (၁၀၂) မှာ အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။

၁၀၂။ ဥပဒေ ပုဒ်မ ၃၇ ပါ တားမြစ်ချက်သည် အောက်ပါ အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းများကို ဆိုလိုသည်။
(ပူးတွဲ ဓါတ်ပုံ 2)

နည်းဥပဒေ ပုဒ်မ (၁၀၂) ဟာ ဥပဒေ ပုဒ်မ (၃၇) ကို ထပ်မံ အဓိပ္ပါယ်ဖွင့် ရှင်းလင်းထားတာဖြစ်ပါတယ်။ ဒါကြောင့် အင်ဂျင်နီယာကောင်စီဥပဒေ၊ စာမျက်နှာ (၂၁) အခန်း (၁၃) “တားမြစ်ချက်နှင့် ပြစ်ဒါဏ်များ” အောက်က ပုဒ်မ (၃၇) ကို ဖတ်ကြည့်ဘို့ လိုပါမယ်။

၃၇။ အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများတွင် ခန့်ထားသော အင်ဂျင်နီယာဝန်ထမ်းများက တာဝန်အရ ဆောင်ရွက်ခြင်းမှအပ မည်သူမျှ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် အများပြည်သူ ဘေးအန္တရာယ်ဖြစ်စေနိုင်မည့် အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများကို ကောင်စီက ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ကိုင်ခြင်းမပြုရ။ (ပူးတွဲပါ ဓါတ်ပုံ 3)။

ဥပဒေပုဒ်မ (၃၇) အရ နည်းဥပဒေနဲ့ တားမြစ်၊ ကန့်သတ်ခွင့်ပြုထားတာတွေဟာ မှတ်ပုံတင် အင်ဂျင်နီယာ (RE/RSE/PE) မဟုတ်သူတွေရဲ့ လုပ်ပိုင်ခွင့်တွေကိုသာ ဖြစ်ပါတယ်။ မှတ်ပုံတင် အင်ဂျင်နီယာတွေရဲ့ လုပ်ပိုင်ခွင့်ကိုတော့ အထက်က ဖေါ်ပြခဲ့တဲ့ နည်းဥပဒေ (၇၇) မှာ “မိမိပညာရပ်နှင့် သက်ဆိုင်သော သတ်မှတ်ထားသည့် အင်ဂျင်နီယာပညာနှင့် နည်းပညာလုပ်ငန်းများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တရားဝင် လုပ်ကိုင်ခွင့်ရှိသည်” လို့ အတိအလင်း ဖေါ်ပြထားပြီး ဖြစ်ပါတယ်။

နည်းဥပဒေ ပုဒ်မ (၁၀၂) အရ RE/RSE/PE မဟုတ်တဲ့သူတွေကို ဒေသန္တရအာဏာပိုင်တွေက တားမြစ်လို့ရတာတွေကို အောက်မှာ ရေးထားပါတယ်။


ပုဒ်မ (၁၀၂) (က) ဟာ “မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှာ မှတ်ပုံမတင်ထားတဲ့ မြို့ပြအင်ဂျင်နီယာတွေရဲ့ လုပ်ပိုင်ခွင့်ကို” ကန့်သတ်ထားတာဖြစ်ပါတယ်။

ပုဒ်မ (၁၀၂) (က) (၁)
ပန်းဆွဲအမြင့် ၆ မီတာထက်ပိုမြင့်ပြီး ကြမ်းခင်းဧရိယာ ၁၀၀ စတုရန်းမီတာထက်ပိုကျယ်သော (စာသင်ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ မြို့တော်ခန်းမ၊ ကုန်တိုက်ကြီးများ စသည်ကဲ့သို့) အများပြည်သူသုံး အဆောက်အဦများ။

(ရှင်းလင်းချက်။ ။ ပန်းဆွဲအမြင့် ၆ မီတာထက်နိမ့်ပြီး ကြမ်းခင်းဧရိယာ ၁၀၀ စတုရန်းမီတာအောက် အများပြည်သူသုံး အဆောက်အဦတွေကို ဆောက်ခွင့်ပေးထားပါတယ်။ အများပြည်သူသုံးအဆောက်အဦ မဟုတ်တဲ့ လူနေအိမ်တွေဆောက်ခွင့်ကိုတော့ အမြင့်၊ ကြမ်းခင်းဧရိယာအကျယ် ဧရိယာတွေ လုံးဝ မကန့်သတ်ထားပါဘူး။)

ပုဒ်မ (၁၀၂) (က) (၂)
သာမန်မြေလမ်း၊ ကျောက်ကြမ်းလမ်း နှင့် ကျောက်ချောလမ်းများမဟုတ်သည့် လမ်းမကြီးအဆင့်ဝင်သော လမ်းများ။

(ရှင်းလင်းချက်။ ။ လမ်းဘယ်လောက်ကျယ်ကျယ်၊ မြေလမ်း၊ ကျောက်ကြမ်းလမ်း နဲ့ ကျောက်ချောလမ်း ဆိုရင် ဆောက်လုပ်ခွင့်ပေးထားပါတယ်။ လမ်းမကြီးအဆင့်မဝင်ရင်တော့ လမ်းဆောက်တဲ့ ပစ္စည်းအမျိုးအစားအားလုံး၊ ကတ္တရာ အပါအဝင်၊ ဆောက်လုပ်ခွင့်ပေးထားပါတယ်။)

ပုဒ်မ (၁၀၂) (က) (၃)
ခန်းပွင့် ၆ မီတာ တစ်ခန်းနှင့် ခံနိုင်ဝန် ၁၂ တန်ထက်ပိုများသော သစ်သား၊ သံမဏိနှင့် သံကူကွန်ကရစ် တံတားများ။

(ရှင်းလင်းချက်။ ။ ခန်းဖွင့် ၆ မီတာထက်ကျဉ်းပြီး ခံနိုင်ဝန် ၁၂ တန်ထက်နည်းတဲ့ မည်သည့်တံတားအမျိုးအစားကိုမဆို ဆောက်လုပ်ခွင့်ပေးထားပါတယ်။)

ပုဒ်မ (၁၀၂) (က) (၄)
အမြင့် ၆ မီတာထက်ပိုသော မြေသားတာတမံများ။

(ရှင်းလင်းချက်။ ။ အမြင့် ၆ မီတာထက်နိမ့်တဲ့ မြေသားတာတမံတွေ ဆောက်လုပ်ခွင့်ပေးထားပါတယ်။ အခြား တာတမံအမျိုးအစားတွေအတွက် အမြင့်ကန့်သတ်ချက်မရှိ ဆောက်လုပ်နိုင်ပါတယ်။)

ပုဒ်မ (၁၀၂) (က) (၅)
သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် စည်ပင်သာယာရေးကော်မတီများက တားမြစ်ထားသော မြို့ပြလုပ်ငန်းများ။

(ရှင်းလင်းချက်။ ။ အထက်ဖေါ်ပြပါ ပုဒ်မခွဲ (၁) (၂) (၃) (၄) တို့ဖြင့် တားမြစ်၊ ခွင့်ပြုထားသော လုပ်ငန်းများမှတပါး ဒေသအာဏာပိုင်များနှင့် စည်ပင်မှ တားမြစ်ထားသော လုပ်ငန်းများ။)

သို့ဖြစ်ပါ၍ အင်/ယာ ကောင်စီတွင် မှတ်ပုံမတင်ထားသော မြို့ပြအင်ယာများ၏ လုပ်ပိုင်ခွင့်ကို နည်းဥပဒေ ပုဒ်မ (၁၀၂) (က)၊ ပုဒ်မခွဲ (၁) (၂) (၃) (၄) တို့ဖြင့် ကန့်သတ်ခွင့်ပြုထားပြီး ယင်းခွင့်ပြုထားသည်များကို မည်သည့် ဒေသဆိုင်ရာ အာဏာပိုင် နှင့် စည်ပင်တို့မှ တားမြစ်ပိုင်ခွင့် မရှိပါဘူး။ အဲ့ဒီပုဒ်မခွဲတွေနဲ့မသက်ဆိုင်တဲ့အခြားလုပ်ငန်းတွေကိုသာတားမြစ်နိုင်ပါတယ်။

နည်းဥပဒေ ပုဒ်မ (၁၀၂) (ခ) ဟာ “အင်/ယာ ကောင်စီတွင် မှတ်ပုံမတင်ထားသော စက်မှုအင်ဂျင်နီယာများရဲ့ လုပ်ပိုင်ခွင့်” ကို ကန့်သတ်ထားတာဖြစ်ပါတယ်။

ပုဒ်မတွေကို ပူးတွဲပါဓါတ်ပုံမှာ ဖတ်လို့ရတာမို့ လုပ်ကိုင်ခွင့်ရှိတာတွေကိုဘဲ ရှင်းလင်း ရေးပြပါ့မယ်။

ပုဒ်မ (၁၀၂) (ခ) (၁) အရ ၁၀၀ ကီလိုဝပ်အောက် အပူပေးစက်၊ လေဝင်လေထွက်စက် နဲ့ လေအေးပေးစက် တပ်ဆင်ခြင်းလုပ်ငန်း။

ပုဒ်မ (၁၀၂) (ခ) (၂) အရ ၁၀၀ ကီလိုဝပ်အောက် စက်မှုအလုပ်ရုံလုပ်ငန်းများ။

ပုဒ်မ (၁၀၂) (ခ) (၃) အရ ၁၀၀ ကီလိုဝပ်အောက် သံထည်နှင့် သတ္တုလုပ်ငန်းများ။

ပုဒ်မ (၁၀၂) (ခ) (၄) အရ မြင်းကောင်ရေ ၂၅ အောက် စက်၊ ယာဉ် နဲ့ ယန္တယား တည်ဆောက်ခြင်းလုပ်ငန်း။

ပုဒ်မ (၁၀၂) (ခ) (၅) အရ မြင်းကောင်ရေ ၂၀ အောက် စက်တပ်ရေယာဉ် တည်ဆောက်ခြင်းလုပ်ငန်းများ။

ပုဒ်မ (၁၀၂) (ခ) (၆) အရ ၂ တန်အာက် ဘွိုင်လာ ပြုပြင်ခြင်းလုပ်ငန်းများ။

တို့ကို လုပ်ကိုင်ခွင့်ပြုထားပါတယ်။

ပုဒ်မ (၁၀၂) (ခ) (၇) အရ ဒေသအာဏာပိုင်တွေနဲ့ အစိုးရအဖွဲ့တွေဟာ အထက်ပါ ပုဒ်မခွဲ ၆ ခုက တားမြစ်၊ ခွင့်ပြုထားတာမှတပါး အခြားတားမြစ်လိုတာတွေကိုသာ တားမြစ်နိုင်ပါတယ်။

နည်းဥပဒေ ပုဒ်မ (၁၀၂) (ဂ) ဟာ “အင်/ယာ ကောင်စီတွင် မှတ်ပုံမတင်ထားသော လျှပ်စစ်အင်ဂျင်နီယာများရဲ့ လုပ်ပိုင်ခွင့်” ကို ကန့်သတ်ထားတာဖြစ်ပါတယ်။

ပုဒ်မတွေကို ပူးတွဲပါဓါတ်ပုံမှာ ဖတ်လို့ရတာမို့ လုပ်ကိုင်ခွင့်ရှိတာတွေကိုဘဲ ရှင်းလင်း ရေးပြပါ့မယ်။
ပုဒ်မ (၁၀၂) (ဂ) (၁) အရ ၄၀၀ဗို့ ၅၀ ကီလိုဝပ်အောက် မော်တာပြုပြင်ရေးလုပ်ငန်းများ။

ပုဒ်မ (၁၀၂) (ဂ) (၂) အရ ၄၀၀ ဗို့အောက်အားသုံး အိမ်တွင်းလျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းများ (မြန်မာနိုင်ငံရဲ့ အိမ်သုံးလျှပ်စစ်က ၂၃၀ ဗို့ပါ။ ဒီတော့ အိမ်တွင်းလျှပ်စစ်လုပ်ငန်းအားလုံး လုပ်ခွင့်ပေးထားတဲ့ သဘောပါဘဲ။)

ပုဒ်မ (၁၀၂) (ဂ) (၃) အရ ၅၀ ကေဗွီအေ အောက် ထရန်စဖော်မာ ပြုပြင်ခြင်းနဲ့ တပ်ဆင်ခြင်းလုပ်ငန်းများ။

ပုဒ်မ (၁၀၂) (ဂ) (၄) အရ ၄၀၀ ဗို့အောက် လျှပ်စစ်ဓါတ်အားလိုင်း တပ်ဆင်ပြုပြင်ခြင်း လုပ်ငန်းများ။

တို့ကို လုပ်ခွင့်ပြုထားပါတယ်။

ပုဒ်မ (၁၀၂) (ဂ) (၅) အရ ဒေသအာဏာပိုင်တွေနဲ့ အစိုးရအဖွဲ့တွေဟာ အထက်ပါ ပုဒ်မခွဲ ၄ ခုက တားမြစ်၊ ခွင့်ပြုထားတာမှတပါး အခြားတားမြစ်လိုတာတွေကိုသာ တားမြစ်နိုင်ပါတယ်။

ဒီတော့ နည်းဥပဒေ ပုဒ်မခွဲ (၁၀၂) အရ အင်/ယာ ကောင်စီမှာ မှတ်ပုံတင်မထားတဲ့ အင်/ဂျင်နီယာတွေကို တားမြစ်၊ ခွင့်ပြု ထားတဲ့ လုပ်ငန်းတွေမှတပါး အခြားတားမြစ်လိုတဲ့ လုပ်ငန်းတွေရှိရင် ဒေသအာဏာပိုင်တွေ၊ စည်ပင်တွေ နဲ့ အစိုးရအဖွဲ့တွေဟာ ထပ်မံတားမြစ်နိုင်ပါတယ်။ ဒါပေမယ့် နည်းဥပဒေ (၁၀၂) အရ လုပ်ခွင့်ပြုထားတာတွေကိုတော့ တားမြစ်ခွင့် မရှိပါဘူး။

အရေးကြီးတဲ့ တစ်ချက်က ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေနဲ့ စည်ပင်တို့ဟာ နည်းဥပဒေ ပုဒ်မခွဲ (၁၀၂) (က) (၅)၊ (၁၀၂) (ခ) (၇) နဲ့ (၁၀၂) (ဂ) (၅) တို့အရ လုပ်ငန်းအမျိုးအစားတွေကို တားမြစ်နိုင်ပေမယ့် “အဲ့ဒီတားမြစ်ထားတဲ့လုပ်ငန်းတွေကို လုပ်ချင်ရင် စည်ပင်မှာ လိုင်စင်ယူပြီးလုပ်” ဆိုတာမျိုးကို လုံးဝ ခွင့်မပြုထားပါဘူး။ အင်/ယာကောင်စီ ဥပဒေ နဲ့ နည်းဥပေးတွေအရ အင်/ယာ ကောင်စီဟာ အင်/ယာ မှတ်ပုံတင်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်းတွေကို မည်သည့် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့နဲ့ စည်ပင်ကိုမှ sub-contract မပေးထားပါဘူး။ လုပ်ပိုင်ခွင့် မပေးထားပါဘူး။

နောက်ထပ်အရေးကြီးတဲ့အချက်က နည်းဥပဒေ ပုဒ်မ (၁၀၂) (က) (၁) မှ (၄)၊ (၁၀၂) (ခ) (၁) မှ (၆) နဲ့ (၁၀၂) (ဂ) (၁) မှ (၄) တို့ကို ကျူးလွန် တဲ့ အင်/ယာတွေကို အင်/ယာ ကောင်စီ ဥပဒေအရဘဲ အရေးယူမှာ ဖြစ်ပါတယ်။ မည်သည့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့နဲ့ စည်ပင်ကိုမှ အရေးယူခွင့် မပေးထားပါဘူး။

အခုရှင်းပြသွားတာက အင်/ယာ ကောင်စီမှာ မှတ်ပုံတင်မထားတဲ့ အင်/ယာ တွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ထားတဲ့ ဥပဒေ ပုဒ်မ (၃၇) နဲ့ နည်းဥပဒေ ပုဒ်မ (၁၀၂) တို့ အကြောင်းပါ။

RSE တွေရဲ့ လုပ်ပိုင်ခွင့်ကို နည်းဥပဒေ ပုဒ်မ (၁၀၄) မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။

၁၀၄။ မှတ်ပုံတင်အကြီးတန်း အင်ဂျင်နီယာသည် မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်၏ ကွပ်ကဲမှုမပါဘဲ ဤနည်းဥပဒေက ကန့်သတ်ခွင့်ပြုထားသော အောက်ပါအင်ဂျင်နီယာလုပ်ငန်းများကို ဒီဇိုင်းတွက်ချက်ခြင်း၊ ပုံစံများတွင် လက်မှတ်ရေးထိုးခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများ လုပ်ကိုင်နိုင်သည်။

(က) မြို့ပြအင်ဂျင်နီယာ လုပ်ငန်းများ

(၁) ပန်းဆွဲအမြင့် ၂၈ မီတာထက်မမြင့်၊ ကြမ်းခင်းဧရိယာ ၁၀၀၀ စတုရန်းမီတာထက် မကျယ်သော (စာသင်ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ မြို့တော်ခန်းမ၊ ကုန်တိုက်ကြီးများ စသည်ကဲ့သို့) အများပြည်သူသုံး အဆောက်အဦမဟုတ်သည့် သာမန်လူနေ ဆောက်အအုံများ။

(၂) ခံနိုင်ဝန် ၁၃ တန်အောက် နှစ်လမ်းသွား ကတ္တရာနှင့် ကွန်ကရစ်လမ်းများ။

(၃) ခန်းပွင့် ၂၀ မီတာအောက်နှင့် ခံနိုင်ဝန် တန် ၄၀ အောက် သံမဏိနှင့် သံကူ ကွန်ကရစ် တံတားများ။

(၄) အမြင့် ၃၀ မီတာအောက် မြေသားတာတမံများ။

(ခ) စက်မှုအင်ဂျင်နီယာ လုပ်ငန်းများ
(၁) ၂၀၀၀ ကီလိုဝပ်အောက် အလတ်စားအပူပေးစက်၊ လေဝင်လေထွက်စက်နှင့် လေအေးပေးစက် တပ်ဆင်ခြင်း လုပ်ငန်းများ၊

(၂) ၂၀၀၀ ကီလိုဝပ်အောက် အသုံးပြုသော အလတ်စား စက်မှုအလုပ်ရုံ လုပ်ငန်းများ၊

(၃) ၂၀၀၀ ကီလိုဝပ်အောက် အသုံးပြုသော အလတ်စား သံထည်နှင့် သတ္တုလုပ်ငန်းများ၊

(၄) မြင်းကောင်ရေ ၂၅ အောက် စက်၊ ယာဉ်နှင့် ယန္တရား တည်ဆောက်ခြင်းလုပ်ငန်းများ၊

(၅) ၆ တန်အောက် ဘွိုင်လာ တပ်ဆင်ပြုပြင်ခြင်း လုပ်ငန်းများ၊

(ဂ) လျှပ်စစ်စွမ်းအား အင်ဂျင်နီယာလုပ်ငန်းများ
(၁) ၄၀၀ ကီလိုဝပ်နှင့်အောက် အလတ်စားမော်တာနှင့် ဂျင်နရေတာ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် တပ်ဆင်ခြင်း လုပ်ငန်းများ၊

(၂) အမြင့် ၂၈ မီတာထက် မမြင့်သော အဆောက်အအုံများ လျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းများ၊

(၃) ၅၀၀ ကေဗွီအေနှင့်အောက် ထရန်စဖေါ်မာပြုပြင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် လုပ်ငန်းခွင် တပ်ဆင်ခြင်း လုပ်ငန်းများ၊

(၄) ၁၁ ကေဗွီနှင့်အောက် လျှပ်စစ်ဓါတ်အားလိုင်း တပ်ဆင်ရေးလုပ်ငန်းများ၊

(၅) ၅၀၀ ကေဗွီအေနှင့်အောက် လျှပ်စစ်ဓါတ်အားခွဲရုံ တပ်ဆင်ခြင်းနှင့် ပြုပြင်ခြင်း လုပ်ငန်းများ၊

ပုဒ်မ (၁၀၄) ကို ကြည့်မယ်ဆိုရင် ပုဒ်မ (၁၀၂) မှာတုန်းကလို ဒေသအာဏာပိုင်များ နဲ့ စည်ပင်သာယာရေးကော်မတီတွေကို တားမြစ်ခွင့်တွေ မပေးထားတာပါဘဲ။

PE တွေအတွက်လုပ်ပိုင်ခွင့်ကို အင်/ယာ ကောင်စီ ဥပဒေ၊ နည်းဥပဒေတွေအရ ကန့်သတ်ထားတာ မရှိပါဘူး။ တနည်းအားဖြင့် အကန့်အသတ်မဲ့ လုပ်ပိုင်ခွင့် ပေးထားပါတယ်။ အဲ့ဒီ အကန့်အသတ်မဲ့ လုပ်ပိုင်ခွင့်ကို မည်သည့်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေနဲ့ စည်ပင်ကမှ ကန့်သတ်၊ တားမြစ်ခွင့် မရှိပါဘူး။

အဲဒါကိုကြည့်ရင် ဥပဒေပုဒ်မ (၃၇)၊ နည်းဥပဒေပုဒ်မ (၇၇)၊ နည်းဥပဒေပုဒ်မ (၁၀၂) နဲ့ နည်းဥပဒေပုဒ်မ (၁၀၄) တို့ဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်မိတယ် လို့ ပြောနိုင်ပါတယ်။ အဲ့ဒီ ဥပဒေပုဒ်မ၊ နည်းဥပဒေပုဒ်မတွေအရ့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှာ မှတ်ပုံတင်ထားတဲ့ RE/RSE/PE တွေရဲ့ လုပ်ပိုင်ခွင့်တွေကို ဒေသအာဏာပိုင်များနဲ့ စည်ပင်သာယာရေးကော်မတီတွေကို တားမြစ်ခွင့်မပေးထားတာ သိသာထင်ရှားပြီ ဖြစ်ပါတယ်။

အလားတူပါဘဲ။ မြန်မာနိုင်ငံ ဗိသုကာကောင်စီမှာ မှတ်ပုံတင်ထားကြတဲ့ RA/LA/SLA တွေရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ဗိသုကာကောင်စီဥပဒေ၊ နည်းဥပဒေတွေအရ ဒေသအာဏာပိုင်များနဲ့ စည်ပင်သာယာရေးကော်မတီတွေကို တားမြစ်ခွင့် မပေးထားပါဘူး။

P&S scope ကိစ္စ ဆက်ပါ့မယ်။ Plumbing system မှာ pump ဟာ အရေးပါတဲ့ စက်ပစ္စည်းတစ်ခုပါ၊ ဒီလိုဘဲ Sanitary/ Sewage system မှာဆိုရင်လည်း sump pit တို့၊ ejector pit တို့မှာ sump pump၊ ejector pump တွေ တပ်ဆင်ဘို့လိုပါတယ်။ နည်းဥပဒေပုဒ်မ (၁၀၂) (ခ) (၄) နဲ့ (၁၀၄) (ခ) (၄) တို့အရ အဲ့ဒီ pump တွေ ဒီဇိုင်းတွက်ချက်ဘို့၊ ပုံစံတွေမှာ လက်မှတ်ထိုးဘို့၊ တည်ဆောက်တပ်ဆင်ဘို့ကို mechanical engineer scope အောက်မှာ ခွင့်ပြုထားပါတယ်။

ပုဒ်မ (၁၀၂) (က) နဲ့ ပုဒ်မ (၁၀၄) (က) အောက်မှာပါရှိတဲ့ ပုဒ်မခွဲတွေအရ P&S system ကို မြို့ပြအင်ဂျင်နီယာတွေ လုပ်ခွင့်ရှိတယ်လို့ ဖေါ်ပြထားတာ လုံးဝ (လုံးဝ) မတွေ့ရကြောင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်