လင်းခါး ● အဝယ်ခံလိုက်ရတဲ့ ညနေခင်းတခု

December 17, 2017

● အဝယ်ခံလိုက်ရတဲ့ ညနေခင်းတခု
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂ဝ၁၇

ကျနော် တော်တော်အာရုံနောက်နေပြီ။ သူကတော့ အေးဆေးပဲ။ ဘယ့်နှယ်မှမနေဘူး။ ဘီယာမှာသောက်လိုက် အမြည်း ထပ်မှာလိုက်။ ဒီလူ မှာထားတာတွေလည်း တော်တော်များနေပြီ။ ကိုတင့်လွင်ကလည်း ဘာမှန်းမသိ။ ခဏဆိုပြီး ထွက်သွား တာ တနာရီကျော်နေပြီ ပြန်မလာသေးဘူး။ ကျနော့်မှာလည်း ပိုက်ဆံက အပြန်ကားခကလွဲရင် မရှိ။ ထပြန်ဖို့ကလည်း အ ခက်။ ဒီလူကတော့ အေးဆေးပဲ။

ကျနော်နဲ့ ကိုတင့်လွင် နှစ်ယောက်သား အေးအေးဆေးဆေးထိုင်နေတုန်း ဒီလူဝင်လာတယ်။ ကိုတင့်လွင်နဲ့ သူငယ်ချင်းလား မိတ်ဆွေလား စီးပွားဖက်လား ဘာမှန်းကို သေချာမသိဘူး။ ကျနော်ကလည်း စိတ်မဝင်စားဘူး။ ကျနော့် လူနေမှုစတိုင်က ရှင်းတယ်။ ကျနော်နဲ့မသိတဲ့ ကျနော်မခင်ချင်တဲ့သူတွေနဲ့ ဘယ်တော့မှ တဝိုင်းထဲမထိုင်၊ ကျနော်ဘယ်တော့မှ ရင်းနှီးအောင် မလုပ်။ ဒါကြောင့် ကျနော့်မှာ အပေါင်းအသင်းလည်း များများရှိတာမဟုတ်ဘူး။ ကိုယ့်အဝန်းအဝိုင်းလေးထဲ ကိုယ်နေတာ။ အခုဟာက ဒီလူက ဝင်ထိုင် ကိုတင့်လွင်နဲ့ စကား တခွန်းနှစ်ခွန်းပြောပြီးတော့ ကိုတင့်လွင်က ကျနော့်ကို ခဏဆိုတဲ့ပြီး ထွက်သွားတာပဲ ခုထိ ပြန်မလာဘူး။ ကိုတင့်လွင်နဲ့ ဒီလူပြောတဲ့ တခွန်းနှစ်ခွန်းဆိုတာလည်း ဘာပြောကြမှန်း ကျနော် မသိ ဘူး။ ကျနော်မှ စိတ်မဝင်စားတာ။ ကိုယ့်ဟာကိုယ် ဘီယာခွက်ကလေးကိုင် လမ်းဘေးကို ငေးနေလိုက်တာပဲ။

ခု အဲဒါက ပြဿနာတက်နေပြီ။ ဒီလူ စားထား သောက်ထားတာတွေကလည်း အရမ်းများနေပြီ။ ကျနော်ကလည်း ဘီယာ တခွက် နှစ်ခွက်လောက်ဖြစ်ဖြစ် ထပ်သောက်ချင်တယ်။ ဒါပေမယ့် ကျနော့်မှ ပိုက်ဆံက ပါတာမဟုတ်ဘူး။ အဲဒါ ခက်နေတယ်။ နည်းနည်းလောက် သောက်လိုက်ရလို့ နည်းနည်းလေး ပိုမူးလာရင် ဒီလူ့ကို ကျနော် စကားလေးဘာလေး စပြီး အခြေအနေကို မေးမိမယ်ထင်တယ်။ အခုဟာက ကျနော် ဘယ့်နှယ်မှ မနေသေးဘူး။ သေးတောင် ထမပေါက်ရသေးဘူး။ ဘယ်လိုလုပ် မူးမှာလဲ။ ဒီအတိုင်းကြီး ဆက်ထိုင်နေရတာထက်စာရင် ငရဲကျနေတာကမှ ကောင်းဦးမယ်လို့တောင် ဘာသာပြန်ဝတ္ထုတွေက လို ကျနော် တွေးစပြုလာပြီ။

ဒီလူ့ကို အကဲခတ်ကြည့်တယ်။ ဘယ်လိုလူလဲပေါ့။ ဆံပင်က ခပ်တိုတို ဘေးဘက် အောက်ဘက်တွေကို သေသေချာချာ ပါးတယ်။ တိတိကျကျကြီးပဲ။ မုတ်ဆိတ် နှုတ်ခမ်းမွှေးမရှိ။ ဝက်ခြံတလုံး တလေတောင် မရှိဘူး။ မျက်နှာက ရှင်းနေတာပဲ။ ကျနော်လည်း မျက်နှာကိုဖတ်ပြီး ဘယ်လိုစိတ်နေစိတ်ထားရှိမယ် ဘာညာ ရုပ်လက္ခဏာ ဖတ်တတ်တာ မဟုတ်ဘူး။ အကဲ ခတ်ကြည့်မိတာပဲ ရှိတယ်။ ဘာမှ ထူးပြီးလည်းမသိဘူး။

ဒီလိုပေါ့ ဟိုဟိုဒီဒီ ကျနော်တွေးနေတုန်း ဒီလူက ကျနော့်ကို လှည့်ကြည့်တယ်။ ကျနော်တောင် နည်းနည်းရှက်သွားတယ်။ သူ့မျက်နှာကို ရှိုးနေတုန်း သူကလှည့်အကြည့်ဆိုတော့ သူခိုးလူမိသလို ဖြစ်သွားတယ်။ ဒီမှာ သူက ဒီဝိုင်းမှာ ဗြုန်းခနဲ ကမ္မ ဇရုပ်နဲ့ပဲ ကျနော်ပေါ်လာသလိုပေါ့လေ ထူးဆန်းသလို ကျနော့်ကို ကြည့်တယ်။ “သြော် မင်းရှိနေတုန်းပဲကိုး” တဲ့။ ဘယ် လောက် လူပါးဝသလဲဆိုတာ အဲဒါကိုကြည့်။ ကျနော်ဆိုရင် ကိုယ်နဲ့မသိတဲ့လူတယောက်ကို ကိုယ့်ထက်ငယ်တယ်လို့ သိနေ ရင်တောင် မင်းနဲ့ငါ ဘယ်တော့မှမပြောဘူး။ ခင်ဗျားနဲ့ကျနော်ပဲ ပြောလေ့ရှိတယ်။ ဒီကောင် ပြောပုံကိုကြည့်။ ခုမှ စ စကား ပြောရမယ့်လူကို မင်းဆိုပြီး သုံးတယ်။ ကျနော်လည်း နည်းနည်းတင်းတာပေါ့။ ဒီလူ့ကြည့်ရတာလည်း ကျနော့်ထက်ကြီးလှ နှစ်နှစ် သုံးနှစ်လောက်ပဲ ရှိမယ်။ ဒါနဲ့ ကျနော်လည်း “အေး ဘာဖြစ်လို့လဲ” လို့ သူ့ကို ပြန်ပြောတယ်။ ဒီကောင်လည်း ကျနော့် အမူအယာ နဲ့ စကားသံကို ရိပ်မိပုံပါပဲ။ တချက်ပြုံးတယ်။ ပြီးမှ …

“မင်းက ကိုတင့်လွင်နဲ့ သိတာလား” တဲ့။

ကျနော်လည်း ဟုတ်တယ်လေ သိလို့ပဲ တဝိုင်းထဲ ထိုင်သောက်နေတာပေါ့ မင်းကိုသာ ငါမသိတာ လို့ ပြန်ပြောတယ်။ မင်းက သူ့အကြောင်း ဘယ်လောက်သိလို့လဲတဲ့။ ဒီကောင် ဆက်မေးတယ်။ ကျနော်လည်း ဘာပြောရမယ် မသိဘူး။ စိတ်ကနည်း နည်းတိုလာတယ်။ နေစမ်းပါဦးကွာ မင်းက ငါ့ကို ဘာလို့ ဒါတွေလာမေးနေတာလဲလို့ ကျနော်လည်း ဒီကောင့်ကို ပြန်မေး တာပေါ့။

ဒီကောင် ဘာမှ ပြန်မပြောဘူး။ မျက်ခွက်က မဲ့တာလိုလို ပြုံးတာလိုလိုလုပ်ပြီး ဘီယာတငုံ ငုံနေတယ်။ ကျနော့်တော့ ဒီကောင့် ကို တော်တော်ချဉ်နေပြီ။ ဒီကောင့်ကိုချဉ်လေ ကိုတင့်လွင်ကို မျှော်မိလေပဲ။ ကိုတင့်လွင်ဆိုတဲ့လူကလည်း ဘယ်သွားမှန်း မသိဘူး။ ကြာရင် ဒီကောင်နဲ့ ကျနော်ပြဿနာတက်တော့မယ်ဆိုတာ ကျနော်သိနေတယ်။

“ကိုတင့်လွင် ပြန်လာမယ်ထင်လို့ မင်းစောင့်နေတာမို့လား”

ဒီကောင် ကျနော့်ကို မကြည့်ဘဲ မေးတယ်။ ကျနော် မဖြေဘူး။ ဒီကောင့်လည်း မကြည့်ဘူး။ ဖြစ်ချင်ရာဖြစ်ကွာဆိုတဲ့ပြီး စားပွဲ ထိုးကလေးကိုခေါ် ဘီယာတခွက် ထပ်မှာတယ်။ ပြီးတော့ အေးဆေးပဲ။ လမ်းပေါ်က ဖြတ်သွားဖြတ်လာ စော်အလန်းလေး တွေကို ငေးနေလိုက်တယ်။

“မင်း ကိုတင့်လွင်က ပြန်မလာတော့ဘူးကွ၊ ငါ့လူတွေက ခေါ်သွားလို့ ဒီအချိန်ဆို မင့်လူ အချုပ်ခန်းထဲ ဝိုင်းဘေတာတောင် ခံနေရလောက်ပြီ။ အဲဒါတွေ မင်းမသိဘူး မဟုတ်လား။ မင်းကိုတောင် ငါ သနားလို့ မဖမ်းဘဲထားတာ မင်းက ငါ့လာပြီး လူပါး ဝပြနေတယ် ဟား ဟား ဟား ဟား”

ကျနော် နည်းနည်း တွေဝေသွားတာတော့ အမှန်ပဲ။ ဘယ်လိုတွေပါ့လိမ့်ပေါ့။ ဒီကောင် ငါ့ကို ဘာတွေ လာပြောနေတာပါလိမ့်လို့ စဉ်းစားမိတယ်။ ကိုတင့်လွင်က ဘာလို့ အဖမ်းခံရမှာလဲ။ ဒီကောင်က ဘာလဲ ရဲလား စသဖြင့် ကျနော် နည်းနည်း မအီမလယ် ဖြစ်လာတယ်။ ဒါနဲ့ ဒီကောင့် မျက်နှာကို သေချာကြည့်ပြီး မေးရတယ်။ မင်း ငါ့ကို ဘာတွေလာပြောနေတာလဲကွာ။ မင်းက ရဲလား၊ ကိုတင့်လွင်ကို ဘာအမှုနဲ့ ဖမ်းတာလဲ။ ဒီလိုမျိုး ဖမ်းလို့ရောရသလား။ ငါ့ကို သနားလို့ မဖမ်းဘူးဆိုရအောင် ငါက မင်းသနားရမယ့်ကောင်လည်း မဟုတ်ဘူး။ ငါလည်း ဘာပြစ်မှုမှမရှိဘူး။ ငါ့ဟာငါ ဘီယာထိုင်သောက်နေတာ။ ငါ့မှာ ပြစ်မှု ရှိတယ်ဆိုရင်လည်း အဲဒါက မင်းကိုငါ ခုထိ ဘာကောင်မှန်းကို မသိသေးတဲ့ အမှုပဲနေမှာလို့။ ဝါကျအရှည်ကြီးနဲ့ ဒီကောင်ကို နည်းနည်း နှက်ပေးလိုက်တယ်။

ဒီကောင်က ခုနက ရယ်သလိုပဲ၊ ဗမာကားထဲက လူဆိုးဗိုလ်တွေ မရယ်ချင်ဘဲနဲ့ ရယ်သလို ခြောက်ကပ်ကပ်ကြီး တခါ ထပ် ရယ်တယ်။ ပြီးတော့ အဲဒီ ဗမာကားတွေထဲက လူဆိုးဗိုလ်တွေလိုပဲ သေချာလုပ်ယူထားတဲ့ ထီမထင်သလို ဟန်မျိုးနဲ့ ပြော တယ်။

“မင်းက တော်တော် အတဲ့ကောင်ပဲ၊ ကိုယ်နဲ့ ပေါင်းနေတဲ့သူ ဘာလုပ်လို့ ဘာကိုင်မှန်းမသိ၊ ဘယ်သူ့ကို ဘယ်လိုလေသံနဲ့ စကားမပြောရဘူး ဆိုတာမသိ တော်တော်စောက်သုံးမကျတဲ့ကောင်ပဲ၊ ခုထိ ငါစိတ်ကောင်းဝင်နေသေးတာ မင်းတော်တော် ကံကောင်းတယ်” တဲ့။

ကျနော် စဉ်းစားကြည့်တယ်။ ကျနော့်လက်ထဲ ကိုင်ထားတဲ့ ဘီယာခွက်နဲ့ ဒီကောင်မျက်ခွက်ကို ပိတ်ရိုက်လိုက်ရင် ဘာတွေ ဆက်ဖြစ်လာမလဲပေါ့။ ဒီကောင် မျက်ခွက်လည်း စုတ်ပြတ်သွားမယ် သွေးတွေလည်း ရဲလို့ပေါ့။ ပြီးတော့ ကျနော်က နောက် တချက်ထပ်ရိုက်ဖို့ လုပ်မယ်။ ဒီကောင် ကြောက်လန့်ပြီး ထွက်ပြေးသွားမယ်ပေါ့။ ဒီလိုဆိုရင်တော့ မဆိုးဘူး။ ဒါပေမယ့် ဒီလို မဖြစ်ဘဲ ကျနော်က ဖြတ်ရိုက်မယ်။ ဒီကောင်က သူ့ရှေ့က ဘီယာပုလင်းကိုခွဲ ကျနော့်ကို ထိုးရင် ကျနော် သေဖို့များတယ်။ အဲဒီလို မဟုတ်ဘဲ သူတင်ကိုယ်တင် ထိုးကြကြိတ်ကြမယ်ဆိုရင် သူ့ ဘော်ဒီနဲ့ ကျနော့် ဘော်ဒီက သိပ်မကွာလှပေမယ့် ဒီကောင်က ဂျင်တေဘာတေကစားတဲ့ကောင်နေမယ် ဘော်ဒီက ကျစ်နေတာ။ ကျနော်က ဗိုက်ကထွက်နေသေး ချက်စ်ထိုး တာကလွဲရင် အားကစားကလည်း ဘာမှလုပ်တဲ့ကောင် မဟုတ်ဘူး။ ကျနော်နိုင်မှာ မဟုတ်ဘူး။ ဘေးက ဆိုင်ရှင်တွေ စားပွဲထိုးတွေ ဝင်မဆွဲလိုက်နိုင်ခင်မှာပဲ ကျနော်ရှောသွားနိုင်တယ်။ ရောဘတ်ဒေါ်နယ် ဂျူနီယာရိုက်တဲ့ ရှားလော့ဟုမ်း ဇာတ် ကား ကြည့်ဖူးတယ် မဟုတ်လား။ ရှားလော့ဟုမ်းက ဖိုက်တင်းမပလေးခင်ဖြစ်နိုင်တဲ့ အကွက်တွေကို ကြိုစဉ်းစားသလိုပေါ့။ ကျနော်လည်း စဉ်းစားကြည့်တယ်။ ဒီကောင်သာ ကြောက်တတ်ရင် ပြဿနာ မဟုတ်ဘူး။ မကြောက်တတ်တဲ့ကောင် ဆိုရင် ကိုယ်က လက်ဦးမှာကလွဲ ဘယ်ဟာကမှ သာဖို့မရှိဘူး။ ကိုယ်က လက်ဦးတယ်ဆိုရာမှာလည်း တခါတည်း သေအောင် လုပ် နိုင်တဲ့ နေရာတွေရှိတာ ကျနော် သိပါတယ်။ သို့သော် လူသတ်မှုနဲ့တော့ ထောင်ထဲမဝင်ချင်ဘူးဗျာ။
ဒါနဲ့ ကျနော်လည်း ဘီယာခွက်ထဲက ကျန်နေတဲ့ ဘီယာကို ဆက်သောက်ရင်း စဉ်းစားနေတယ်။ ဘာစဉ်းစားရမယ်တောင် မသိတော့တဲ့ အခြေအနေပါ။ ကျနော် ဘာမှ မပြောဘဲ ငြိမ်နေတော့။ ဒီကောင်က စကားဆက်လာတယ်။

“မင်း ကိုတင့်လွင်က ဆေးခြောက်ရောင်းတဲ့ကောင်ကွ၊ သူ့အိမ်မှာ နယ်တွေဖြန့်ဖို့ လုပ်ထားတဲ့ အထုပ်တွေ အများကြီး မိပြီးပြီ။ ထောင်ထဲ အနည်းဆုံး ဆယ်နှစ်လောက်တော့ ဝင်ရမှာပဲ။ မင်းကိုငါ သိပါတယ်။ မင်းမှာ သူနဲ့ခင်တာက လွဲလို့ သူ့ အကြောင်းတွေ မင်းဘာမှ မသိဘူးဆိုတာ ငါသိလို့ မင်းကို ငါမဖမ်းတာပေါ့ မင်းကိုငါ ခုချက်ချင်း လက်ထိပ်ခတ်ပြီး အချုပ်ထဲ ထည့်လိုက်လို့ရတယ်” တဲ့။

ဒီကောင့်ကို ကြောင်ကြည့်မိတယ်။ ကိုတင့်လွင် ဆေးခြောက်ရောင်းတယ်ဆိုတာ ကျနော့်နားကို မယုံနိုင်ဘူး။ ကိုတင့်လွင်လို လူက ဒီလိုအလုပ် ဘယ်လိုလုပ်မှာလဲ။ ဒီလူနဲ့ ကျနော် ခင်တာ တနှစ်ကျော်ကျော် လောက်တောင် ရှိပြီ။ သူ့ဟာသူ ကောင်း ရောင်းကောင်းဝယ် ကားဝယ်ရောင်း လုပ်စားတာပါ။ ကျနော် သိတာပေါ့။ စီးပွားရေးလည်း အဆင်ပြေတာပဲ။ သူ စီးပွားရေး အဆင်ပြေလို့တောင် တချို့နေ့တွေမှာ သူ့ဆီကနေ ကျနော် ဘီယာ ကပ်သောက်နေတာပဲဟာ။ ကျနော်လည်း ဒီကောင့်ကို မေးခွန်းနည်းနည်းတော့ ထပ်မေးမိတယ်။ သေချာအောင်ပေါ့။

“ဟုတ်ပါ့မလားကွာ ကိုတင့်လွင်ကို ငါကောင်းကောင်း သိပါတယ် ဒါမျိုး တခါမှ မကြားဖူးပါဘူးကွာ” ဆိုတော့

“မင်းဘယ်လိုလုပ် သူ့အကြောင်း အကုန်သိနိုင်မလဲကွ။ မင်းတို့ ပေါင်းသင်း ဆက်ဆံတဲ့ ပုံစံကိုလည်း ငါလေ့လာပြီးသားပါ။ သူက ပိုက်ဆံရှိတယ်၊ မင်းက ပိုက်ဆံမရှိဘူး။ ဒါကြောင့် သူ့ဆီမှာ တပတ် သုံးရက်လောက် မင်း ဘီယာကပ်သောက်တယ်။ လူတယောက်နဲ့ တယောက် ဆက်ဆံရေး ဆိုတာက ငွေရှိခြင်း မရှိခြင်းအပေါ် တည်မှီပြီး အထက်အောက် ဆက်ဆံရေးဖြစ် တာပဲ။ ဒါကိုကြည့် လိုက်တာနဲ့ မင်းအကြောင်းသာ သူက ပိုသိမယ်။ မင်းက သူ့အကြောင်း ဘယ်လောက်သိနိုင်မှာလဲ။ ဒါ သဘာဝပဲကွ။ မင်းကသာ မင်းနဲ့သူ သူငယ်ချင်းပေါင်းပေါင်းတယ် ထင်နေတာ။ တကယ်က သူက မင်းကို ဘီယာသောက်ရင်း မြည်းတဲ့ အဆင့်လောက်ထားတာပဲ။ တခါတလေ မင်းကို ဟိုဟိုဒီဒီ ဘာဝယ်ပေးပါဦး ညာဝယ်ပေးပါဦး သူက မခိုင်းဖူးဘူးလား။ ခိုင်းဖူးမှာပေါ့။ အေး မင်းကရော သူ့ကို ခိုင်းဖူးသလား သေချာတယ် မင်းမခိုင်းဖူးဘူး ဘယ်ခိုင်းဖူးမှာလဲ မင်း ခိုင်းလို့မှ မရဘဲ။”

ကျနော် တော်တော် ဒေါသထွက်သွားတယ်။ မအေဘေး ဒါတော့ ဒီကောင်လွန်သွားပြီ။ မျက်ခွက်ကို ပစ်ရိုက်ပစ်ဖို့ စဉ်းစားမိပေမယ့်။ စဉ်းစားတဲ့အဆင့်ပါပဲ။ ကျနော်လဲ မဟုတ်ကြောင်း ပြန်ပြောတယ် …။

“ဟေ့ရောင် အဲ့လို မဟုတ်ဘူးကွ။ သူနဲ့ငါ ပေါင်းလာတာ ကြာပြီ အပြန်အလှန်လေးစားမှုရှိတယ်ကွ၊ သူ့ကိုလည်း ငါ လေးစား မှုနဲ့ ဆက်ဆံတယ်။ ငါ့ကိုလည်း သူက လေးစားမှုရှိတယ်ကွ” ဆိုတော့ …

“မင်းကို ငါ မြင်နေရသားပဲ မင်းမှာ ဘာလေးစားစရာရှိလို့လဲ ဟား ဟား ဟား ဟား”

ကဲ ဒီလောက် စော်ကားတဲ့ကောင်။ ကျနော့် ဂုဏ်သိက္ခာကို အတော်ကြီးကို ထိပါးနေပြီ။ အဲဒီလိုကောင်မျိုးရဲ့ မျက်ခွက်ကိုက ခွက်နဲ့ ကောက်မရိုက်ရင် ကမ္ဘာပေါ်မှာ မျက်ခွက်ကို ခွက်နဲ့ကောက်ရိုက်ပစ်သင့်တဲ့ လူတန်းစားဆိုတာ ရှိတော့မှာ မဟုတ်တာ သေချာတယ်။ ကျနော်လည်း ဒီလိုကောင်ကိုမှ မရိုက်ခဲ့လေခြင်းလို့ တသက်လုံး နောင်တရနေတော့မယ်။ ဒီလိုတွေးပြီး ကျနော်လည်း ခွက်ထဲ ကျန်နေတဲ့ ဘီယာနည်းနည်းကို နှမြောတာနဲ့ ပြီးအောင်မော့တယ်။ ပြီးတော့ ရိုက်မယ်ဆိုတဲ့ပြီး ခွက်ကို ကိုင်ပြီးအထ။ ကိုတင့်လွင် ပြန်ရောက်လာတာပဲ။ သူနဲ့ အတူ လူသုံးလေးယောက်လည်း ပါလာတယ်။ ရောက်ရောက် ချင်းပဲ ကိုတင့်လွင်က

ဟေ့ရောင် မင်းဇော် ထထ ပြန်တော့ မင်းမိန်းမ အိမ်မှာ ပြန်ရောက်နေပြီတဲ့။ ဒီကောင့်ကို ပြောတယ်။ ပြီးတော့ သူနဲ့အတူ ပါလာတဲ့ လူတွေကိုလည်း မင်းတို့ကောင် ခေါ်သွားတော့ကွာလို့ ပြောတယ်။ သူနဲ့ အတူ ပါလာတဲ့ လူတွေကလည်း ဒီကောင့် ကို လာလာ မင်းဇော် ညီလေး ပြန်ရအောင် လေကွာ ဆိုတဲ့ပြီး ချော့ခေါ်သွားတာပဲ။

ကျနော့်မယ် ဘာတွေမှန်း နားမလည်ဘူး။ ကိုတင့်လွင်ကိုပဲ ကြည့်နေရတယ်။ ကိုတင့်လွင်က”ဆောရီးကွာ ငါ ကြာသွားတယ်။ ဒီကောင်က သနားပါတယ်ကွာ။ ဒီကောင့်အကြောင်းကလည်း အဆန်းပဲ။ ဘယ်လိုက ဘယ်လို ဖြစ်တယ်ကို မသိပါဘူးကွာ ရဲရူးရူးနေတာ ရူးစရာရှားလို့ကွာ၊ ဘယ်သူ့မှတော့ ဒုက္ခမပေးပါဘူး။ သူ့ဟာသူ ရဲရူး ရူးနေတာလေး တခုပါပဲ။ မိန်းမနဲ့ကလေး လည်းရှိတယ် ဒီကောင့်အကြောင်းကလည်း ဝတ္ထုတစ်ပုဒ်ပါပဲ” ဆိုပြီး ဘီယာ တခွက် ထပ်မှာနေတယ်။

ကျနော်လည်း နားလည်သွားပြီး သက်ပြင်း အရှည်ကြီး ချတယ် ပြီးတော့ ဟေ့လူ ကိုတင့်လွင် နှစ်ခွက်မှာလိုက်လို့ ပြောလိုက် တယ်။ ဆိုင်ကယ် လူနှစ်ယောက်ကြား ညှပ်ပါသွားတဲ့ ဒီကောင့်ကို လှမ်းကြည့်မိသေးတယ်။ ဒီကောင် ကျနော့်ကို တချက်က လေးတောင် လှည့်မကြည့်သွားဘူးဗျ။ ။

လင်းခါး
ဇူလိုင် ၂ဝ၁၇

မိုးမခမဂ္ဂဇင်း သြဂုတ်လ ၂ဝ၁၇ ပါ အက်ဆေး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်