အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၆)

December 18, 2017

● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၆)
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၇

● ဘုရားသုံးဆူ နေ့ရက်များ (၁၄)
ဘုရားသုံးဆူရွာက ပြန်လည်စည်ကားစပြုနေချိန်မှာ တိုက်ပွဲဖြစ်တော့ ကုန်သည်လမ်းတွေ ပြတ်တောက်သွားတယ်။ သိမ်း လိုက်တဲ့ အစိုးရစစ်ကြောင်းကိုယ်တိုင်က လမ်းတွေသေချာ ပြန်မဖွင့်နိုင်သေးဘူး။ ထိုင်းသစ်ကုန်သည်ကြီး ‘စီယာဟု’ ပေးတဲ့ရိက္ခာနဲ့ ရှင်သန်နေရတယ်။ တခါတလေ စံခရပူရီဈေးမှာ မြန်မာစစ်တပ်အတွက် စစ်ဗိုလ်၊ စစ်သားတွေ ရိက္ခာ လာဝယ်တာလည်း တွေ့ရတယ်။ ဗျူဟာမှူး ဗိုလ်မှူးချုပ်စစ်မောင်အပြန်ကားကို ကေအဲန်ယူက ချောင်းပစ်တယ်။ RPG ဒုံးနဲ့ ထုတယ်။ ဒါပေမယ့် သူကံကောင်းသွားတယ်။ သူစီးရမယ့်ကားမှာ ဘုန်းတော်ကြီးတပါးကို ရှေ့ကပေးစီးပြီး၊ သူက နောက်က ကားမှာထိုင်လိုက်တဲ့အတွက် ကံသီပြီး လွတ်သွားတယ်။ ဒါပေမယ့် ပုံမှန်ကုန်သည်လမ်းကြောင်း မဖွင့်နိုင်သေး တော့ ကုန်သည်တွေက သောင်တင်ပြီး၊ ပြန်ဖို့စောင့်နေရတယ်။

ဒီလိုနဲ့ ရေးကိုထိုးစစ်ပြန်လုပ်ဖို့ မွန်စစ်ကြောင်းတွေ ဆင်းတော့ ကုန်သည်တွေပါ တအုံတမကြီး လိုက်ပါလာခဲ့တယ်။ ရေးမြို့ တိုက်ဖို့ စစ်ဆင်ရေးကို ကျနော်တို့ ABSDF ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတိုင်ပင်တာ မရှိပါဘူး။ သို့သော်လည်း ကျနော်တို့ တပ်ဖွဲ့တွေက မွန်တပ်ဖွဲ့တွေနဲ့အတူ စစ်ကြောင်းဆင်းတာ လိုက်ပါသွားကြတယ်။ နောက်ပိုင်းမှာ စစ်ဆင်ရေး ဘယ်လောက် စနစ်မကျပုံကို ကျနော်တို့ ရဲဘော်တွေဆီက ပြန်ကြားကြရတယ်။ ဆင်းသွားတဲ့တပ်တွေက အောက်ခြေမြို့နားကပ်တဲ့အခါ သတင်းမပေါက်အောင် ကုန်သည်တွေကို သစ္စာရေတိုက်၊ သစ္စာဆိုခိုင်းကြတယ်။ မွန်တပ်တွေမှာ ဓလေ့တခုရှိတယ်။ ခင်လွန်းကြပြီဆိုရင် ကျည်ဆံ၊ ဓားတွေကို ရေပုံးထဲထည့် ရေထည့်၊ သစ္စာရေသောက် မိတ်ဆွေဖြစ်ဖို့၊ သစ္စာမဖောက်ကြဖို့ သစ္စာဆို မိတ်ဆွေဖွဲ့လေ့ ရှိကြတယ်။ ABSDF အချို့ခေါင်းဆောင်တွေနဲ့ မွန်တပ်မှူးတွေ အဲသလို သစ္စာဆိုမိတ်ဆွေဖွဲ့တာ လည်း ရှိခဲ့တယ်။ အဲသည်တော့ ကျည်ဆံ၊ ဓားတွေကို ရေပုံးထဲထည့်၊ သစ္စာရေတိုက်ပြီး ကုန်သည်တွေကို သတင်း မပေါက်ကြားစေဖို့ ကတိပြုစေကြတယ်ဆိုတယ်။ ဒါတင်မကသေးဘူး။ မွန်တပ်မှူးအချို့က ရေးမြို့ထဲမှာရှိတဲ့ သူတို့ဆွေမျိုး သားချင်းတွေကို အန္တရာယ်ကနေ ရှောင်နေကြဖို့ သတိပေးစာတွေ မှာကြားကြတယ်လည်း ဆိုတယ်။

မွန်တပ်မှူးတွေကို သူတို့တာဝန်နဲ့ ပူးတွဲပြီး တပ်ခွဲအရွှေ၊ တပ်ခွဲအလွှိန်း၊ တပ်ခွဲထာဝရ စသည်ဖြင့် ခေါ်ကြတယ်။ သဘော ကတော့ တပ်ခွဲတခုကို ကိုင်တဲ့ နိုင်အရွှေ၊ နိုင်အလွှိန်း … စသည်ဖြင့် သိသာအောင် ခေါ်ကြတာပါ။ ကျနော်တို့တပ်တွေက အချို့က တပ်ခွဲထာဝရနဲ့ ပူးတွဲရတယ်။ တပ်ခွဲအရွှေ၊ တပ်ခွဲအလွှိန်း၊ ၁၁၁ တပ်ရင်းမှူး ဗိုလ်မှူးမြင့်ဆွေ၊ ဒု-ရင်းမှူး ဗိုလ်မှူး ကျော်စိုး.. စသည်တို့နဲ့လည်း အလျင်းသင့်သလို စစ်ကြောင်း ပူးတွဲလျှောက်ကြရတယ်။

ဒီလိုနဲ့ ၁၉၉၀ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ ရေးမြို့ ကို စစ်ဆင်ရေး တိုက်ဖို့ ဖြစ်လာတယ်။ မွန်-ကျောင်းသား ပူးပေါင်း အင်အား ၃၀၀ ခန့်ရှိမယ်။ မနက်အာရုံတက်မှာ သတ်မှတ်နေရာ ရောက်ဖို့ ပြင်ဆင်ထားကြပေမယ့် အချို့တပ်တွေက သတ်မှတ်နေရာ မရောက်ဘူး။ ပျက်ကွက်တယ်။ သတင်းပေါက်ကြားတော့ ရေးမြို့ပင်လယ်နားမှာ ရေတပ်သင်္ဘော ၂ စင်း အဆင်သင့်ပြင်ဆင်ထားတယ်။ တိုက်လေယာဉ်တွေလည်း အသင့်လုပ်ပြင်ဆင်ထားတယ်။ အစိုးရ စစ်တပ်တွေက ရေးမြို့ ထဲမှာ အိမ်တွေအောက်မှာ ကတုတ်ကျင်းတွေတူးပြီး နေရာယူထားကြတယ်။ ဒီလိုနဲ့ မြို့ထဲအရင် ကျွံဝင်သွားတဲ့ တပ်ခွဲ တခုက လုံးဝပိတ်မိပြီး လက်နက်ချလိုက်ရတဲ့ အခြေအနေ ဖြစ်သွားခဲ့တယ်။ အကယ်၍ ပြန်လည် ပစ်ခတ်မယ်ဆိုရင်လည်း အိမ်အောက်တွေမှာ နေရာယူထားတဲ့ စစ်သားတွေနဲ့ ပစ်ခတ်ရမယ်။ အရပ်သား အထိအခိုက် များမယ်။ ဒီလိုနဲ့ လူ (၄၀) လောက် တပ်ခွဲတခွဲက လက်နက်ချ အရှင်မိခံလိုက်ကြရတယ်။ ABSDF က ရဲဘော် ၅ ယောက်က မြို့ခံတွေဆိုပြီး၊ အဲဒီ တပ်ခွဲနဲ့အတူ ပါသွားကြတော့ သူတို့ကိုလည်း အရှင်မိတယ်။ အရှင်မိတဲ့ ရဲဘော်အားလုံး ကြိုးတုတ်ပြီး၊ မြို့လည်မှာပဲ ရိုက်သတ်ခံလိုက်ကြရတယ်။ ဝင်ရောက်လာတဲ့ မွန်တပ်တွေက ရဲစခန်းတခု၊ စခန်းတခု၊ တပ်ရင်းဌာနချုပ်တို့ကို တပြိုင် နက်တိုက်ခိုက်တယ်။ တိုက်ပွဲအပြီး သူပုန် အလောင်း ၄၃ လောင်းရတယ်။ အစိုးရစစ်သား ၄ ဦး သေဆုံးတယ်၊ အခြား ၁၄ ဦး ဒဏ်ရာရတယ်လို့ အစိုးရသတင်းကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက ပြန်ဖော်ပြတယ်။ (BBC quotes Rangoon Radio, 03/27/90).

ကျဆုံးသွားတဲ့ ABSDF ရဲဘော်တွေထဲမှာ ကိုရွေဘပါတယ်။ သူက ရေးမြို့အခြေစိုက် (ခလရ) ၆၁ က ထွက်လာခဲ့တာ။ စစ်တပ်ထဲက ဖိနှိပ်မှုတွေကို မကျေနပ်လို့ထွက်လာတာ။ တပ်ကြပ်အဆင့်။ တောထဲရောက်တော့ စစ်သင်တန်းတွေပို့ချ တဲ့နေရာမှာ သူတို့ပါခဲ့တယ်။ ပထမတော့ သူက ABSDF တပ်ရင်း (၁၀၁) က၊ နောက်တော့ (၁၀၂) က စစ်သင်တန်းပို့ချ ဖို့ လူလိုလို့ ပြောင်းပေးခဲ့တာ ။ “သူက ရေးမြို့ထဲက တပ်တွေအနေအထားကို သိတော့၊ ရေးမြို့ကို ဝင်စီးဖို့ လုပ်တဲ့အခါ တပ်စု တစ်စုကို ခေါင်းဆောင်ဖို့  တာဝန်ပေးခဲ့တယ်။ ဒီလို တာဝန်ပေးခံရတဲ့အခါမှာ သူက တစ်ခု မေတ္တာရပ်ခံတယ် တဲ့။ ရေးမြို့ ထဲမှာ မသန်မစွမ်း စစ်သည်တွေ စုထားတဲ့နေရာ တနေရာ ရှိတယ်။ အကယ်၍ ရေးကို ဝင်သိမ်းပိုက်လို့ ရတဲ့အခါ အဲဒီ မသန်မစွမ်း စစ်သားတွေကိုတော့ သူ မပစ်ပါရစေနဲ့လို့ ပြောသတဲ့။ ဒါဟာ အခြေအနေရ ရပ်တည်မှု မတူတော့ပေမယ့် သူဟာ အောက်ခြေရဲဘော် တပ်မတော်သားတွေ အပေါ် စာနာထောက်ထားတဲ့ စိတ်ထားရှိတယ်ဆိုတာကို ပြတာပဲ။ သူတို့ ဟာ ရန်သူဘက်က ပိတ်ဆို့တာ ခံလိုက်ရပြီး အရှင် ဖမ်းမိသွားတဲ့ ဆရာရွှေဘတို့ တတွေဟာ ရက်ရက်စက်စက် အသတ်ခံ လိုက်ရတယ်လို့ ကြားသိခဲ့ရတယ်။ ဒီတိုက်ပွဲမှာ ကျောင်းသား တပ်မတော်က ဆရာရွှေဘ၊ ရဲဘော်တင်ထွန်း၊ ရဲဘော်ခန့် စိုး၊ တင့်လွင်နဲ့ နောက်တယောက် အပါအ၀င် ၅ယောက် ကျဆုံးခဲ့ပြီး၊ မွန်ပြည်သစ်ပါတီက ၃၈ ယောက် ကျဆုံးခဲ့ရတယ်” လို့ ကိုဌေးဝင်းက ရေးတိုက်ပွဲအကြောင်း ပြန်လည်မေးမြန်းရေးထားတဲ့ ဆောင်းပါးမှာ ဖော်ပြထားတယ်။ (ဌေးဝင်း၊ “စစ်သား သူပုန် ကိုရွှေဘ”၊ ၂၀၁၇ အောက်တိုဘာ ၁၊ သံလွင်တိုင်းမ်ဂျာနယ်) ရေးမြို့ထဲမှာ မြို့နယ်ဆရာဝန်ကြီးက ဒီမို ကရေစီအရေးလိုလားတယ်။ အခု ဝင်လာတဲ့သူပုန်တပ်ဖွဲ့တွေမှာ ကျောင်းသားတွေလည်း ပါဝင်ကြောင်း သူသတင်းကြား ထားတော့ ခေါက်ဆွဲကြော်တွေ ကြော်ပြီး ကြိုဆိုဖို့ ပြင်ဆင်ထားတယ်။ မအောင်မြင်တဲ့ စစ်ဆင်ရေးအပြီး သူလည်း အဖမ်းခံ ရတယ်။ ပြန်လည်ဆုတ်လာတဲ့ စစ်ကြောင်းတွေကို နောက်ကနေ လေတပ်က PC-7 တိုက်လေယာဉ်တွေနဲ့ လိုက်ပစ် တယ်။ လေကြောင်းက ပစ်တာ ပထမဦးဆုံး ခံကြရတာပဲ။ သို့ပေမယ့် အထိအခိုက်တော့ မရှိခဲ့ဘူး။ ဒီလို ကျနော်တို့ရဲ ဘော်တွေ ကျဆုံးခဲ့ရတဲ့ သတင်းကို ကျနော်ကို မွန်ဗျူဟာမှူး ဗိုလ်မှူးနိုင်ကားရော့က တိုးတိုးတိတ်တိတ် ခေါ်ပြောပြတယ်။

အဲသည်နောက်ပိုင်းတော့ တိုက်ပွဲတွေ သိပ်မရှိလှဘဲ၊ (အနည်းအကျဉ်းတော့ ရှိပြီး၊ ရင်ဆိုင်တိုက်ပွဲတွေမှာ ကျနော်တို့ဖက် က ကျဆုံးတာတွေလည်း ရှိခဲ့တယ်) ရေးမြို့နယ် မြောက်ပိုင်း၊ တောင်ပိုင်းဒေသတွေမှာပဲ စည်းရုံးရေးသဘော စစ်ကြောင်း လှည့်နေခဲ့တယ်။ အဲသည်မှာ ကျနော်က စစ်ကြောင်းနိုင်ငံရေးမှူးလည်းဖြစ်၊ တဖက်မှာ ဆေးမှူးအဖြစ်နဲ့ ရှေ့တန်းကို ဆင်း သွားခဲ့တယ်။ အမှန်က စစ်ကြောင်းနိုင်ငံရေးမှူးသာ ဆိုတယ်။ နိုင်ငံရေးအရ သိပ်ဦးဆောင်မှု ပေးနိုင်တာတော့ မဟုတ်ဘူး။ တခါတရံ အစည်းအဝေးရှိတယ်။ အရင်က ဖွဲ့စည်းပုံအတိုင်း (၁၀၁)၊ (၁၀၂)၊ ခွဲ (၂) စသည်ဖြင့် အုပ်စုဖွဲ့ လှည့်လည်သွား လာနေကြတာပဲ။ သို့သော်လည်း အရင်ကထက်တော့ အချင်းချင်းပိုလို့ ရင်းနှီးလာကြတယ်။ နောက်ပြောင်ကျီဆယ်တာ တွေ၊ ပူးပေါင်းဆောင်ရွက်တာတွေလည်း ပိုလာခဲ့တယ်။ ကျနော်တို့ ရှေ့တန်းဆင်းတော့ တတ်နိုင်သလောက် ဆေးဝါးတွေ သယ်ကြရတယ်။ အောက်ရွာတွေမှာ ဆေးကုပေးနိုင်အောင်ရယ်၊ ကိုယ့်ရဲဘော်တွေ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင် အောင်ရယ်ပဲ။

ကျနော်နဲ့အတူ ရဲဘော်မျိုးသန့် (ယခု ကနေဒါ)၊ ရဲဘော်မြင့်အောင် (ဂုရု) (ပွင့်သစ်-ကလိန်ကန်ဆိုပြီးလည်း စာတွေ၊ ကဗျာတွေရေးတယ်၊ သူ့အဖေ ဦးအောင်ခင် က ရန်ကုန်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ၄၈၂၈ အမှုတွဲနဲ့ ဖမ်းခံရတယ်။) ကိုမင်းဇော် (ယခု ABSDF တပ်ရင်းမှူး) တို့ ပါကြတယ်။ အဲဒါအပြင် မြန်မာပြည်ပြန်ဖို့ ပြန်ထည့်ပေးလိုက်တဲ့ မြေအောက်ရဲဘော် (ယူဂျီ) နှစ် ယောက်လည်း ပါလာခဲ့တယ်။ ကျနော်တို့ရဲဘော်တွေ အများအားဖြင့် လှည့်လည်ကျက်စားတဲ့ ရွာတွေကတော့ ရေး တောင်ပိုင်းဒေသက ခေါဇာရွာ၊ ကဗျာဝ၊ ရင်းရဲ၊ ရင်းဒိန်း၊ ရေးမြို့နဲ့ ၄ မိုင်လောက်ပဲဝေးတဲ့ ဟန်ဂံရွာ .. စသည်ဖြင့် ရှိတယ်။ လှည့်သွားလှည့်လာ၊ ဒီရွာတွေကို ပြန်ဆိုက်တယ်။ မွန်တပ်တွေက ခေါဇာရွာကို စကားဝှက်နဲ့ “မြို့တော်” လို့ ခေါ်ကြတယ်။ ရွာကြီးပဲ။ “ခေါဇာအပျို ပြောစရာမလို” ဆိုတဲ့ စာချိုးလည်း ရှိသေးတယ်။ ခေါဇာရွာသူတွေက ချောတယ်။ အခါကြီး ရက်ကြီး ပွဲလမ်းတွေရှိတဲ့ အခါမျိုးမှာ သေသေချာချာ လှလှပပ ဝတ်စားကြတယ်။ ကျနော်တို့ ရဲဘော်တွေ အပီငန်းဖို့ ဖြစ်တာပေါ့။ ခေါဇာကနေ မိနစ်အနည်းငယ်လျှောက်ရင် ကဗျာဝတံငါရွာ ရှိတယ်။ ပင်လယ်ဆိပ်ကမ်းရှိတယ်။ ပင်လယ် စာ ဖောဖောသီသီ စားရနိုင်တယ်။ ကျန်တဲ့ရွာတွေမှာ ခြံတွေရှိပြီး ဒူးရင်းသီး၊ နာနတ်သီး အသီးအနှံလည်း ဖောဖောသီသီ စားရတယ်။ (အခုတော့ ခေါဇာမြို့ ဖြစ်နေပြီ။ ကဗျာဝလည်း ပင်လယ်အပန်းဖြေဆိပ်ကမ်းလုပ်ဖို့ ပြင်ဆင်နေတယ်။ ငြိမ်းချမ်းရေး အကျိုးဆက်တွေလို့ ဆိုနိုင်မယ်)။

ဒါပေမယ့် ပြဿနာရှိတာက ရွာမှာ အိမ်သာဆိုလို့ ဘုန်းကြီးကျောင်းမှာပဲ ရှိတယ်။ မနက်ဝေလီဝေလင်းဆိုရင် ရွာသား ရွာသူတွေ ရွာပြင်ထွက် တောထိုင်ကြတယ်။ ကျနော်တို့ရဲဘော်တွေက မနက်မိုးလင်းတာနဲ့ ဘုန်းကြီးကျောင်းမှာ တန်းစီ ကြရတယ်။ မဟုတ်ရင်တော့ တောထိုင်။ ဒီကိစ္စကတော့ မြို့ကြီးသား ကိုရဲဘော်တွေအတွက် အတော် ကသိကအောက် ဖြစ်ကြရတယ်။ ကျနော်တို့ရဲဘော်တွေက ရွာမှာ ‘အမေ’မွေးကြတယ်။ စည်းရုံးရေးအပိုင်ဆိုပြီး မိသားစုသဖွယ် တအိမ်၊ နှစ်အိမ်ရှိထားတတ်ကြတယ်။ တပ်မှူးတွေကတော့ “အိမ်ကြီးကြီး၊ ရေတွင်းနီးနီး၊ သမီးအပျိုလည်း ရှိရမယ်” ဆိုတာမျိုး အိမ်ကြီးအိမ်ကောင်းကို ရှာလို့ စတည်းချတတ်ကြတယ်။ အိမ်မှာစခန်းချရင် မှတ်စုစာအုပ်ကိုထုတ်၊ ဟိုရေးသည်ရေး အလုပ်များချင်ယောင်လည်း ဆောင်တတ်ကြတယ်။ ကျနော်တို့က ဆေးကုနေတဲ့ ဆရာဝန်တွေဆိုတော့ စားရေး သောက်ရေး မခက်ခဲလှဘူး။ စားအိမ်ပေါတယ်။

ကျနော် မှတ်မိသလောက် ကျနော်တို့က တပ်ခွဲအလွှိန်းနဲ့ တွဲရတာများတယ်။ သူက အရပ်မြင့်မြင့်၊ အသံကျယ်ကျယ်၊ ပွင့်ပွင့်လင်းလင်း၊ စိတ်လည်းကောင်းတယ်။ ရေးတောင်ပိုင်းဒေသက သူ့ဇာတိ၊ သူက နည်းနည်းတော့ ဖွန်ကြောင်တယ် ပြောရမလား။ မိန်းမကြီးတွေနဲ့ စကားပြောဆို နေရပြီဆိုရင် ထမင်းမေ့၊ ဟင်းမေ့။ ဒေသခင်တဲ့အလျောက် မွန်ပြည်သစ် ပါတီ အကွဲအပြဲတွေမှာလည်း သူက ဒီဒေသကို အခြေပြုကျန်နေခဲ့တဲ့ သမိုင်းတွေရှိတယ်။ (နောက်တော့ မွန်ပြည်သစ်ပါတီ အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးတော့၊ ပါတီက ခွဲထွက် ဓားပြဖြစ်သွားခဲ့တယ်လို့ ကြားတယ်။ ဓားပြဖြစ်တော့ လည်း ဒီခွင်ပဲ။ နောက်ပိုင်းမှာတော့ လက်နက်ချပြီး အခုတော့ ရေးမြို့မှာ နေတယ်လို့ ဆိုတယ်)။ ကျနော်မှတ်မိသလောက် ကျနော်တို့ ရဲဘော်ထဲက ခပ်ပျော်ပျော်နေတတ်တဲ့ ကိုစိုးလေး (သူက မွန်လူမျိုး၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ (ကွယ်လွန်) နိုင်ထင်နဲ့လည်း တူတော်တယ်)၊ အသားမဲမဲနဲ့ ဘုန်းကြီးလူထွက် ဦးနန္ဒ (၁၀၁ စခန်းမှာ အလုပ်အမှုဆောင်ကော်မီတီဝင် ဖြစ်ခဲ့တယ်)။ တပ်ရင်း ၁၀၂ က ကိုဝင်းမိုး၊ ဆေးမှူးလုပ်တဲ့ ကိုဘတိုး၊ ဆေးတက္ကသိုလ်-၁ ကျောင်းသား ကိုအေးမင်း၊ ကျနော်တို့ခွဲ-၂ က ကိုနေမျိုး၊ ကိုမင်းဇော်၊ ကိုဇော်ဝင်းလွင် အပါအဝင် ရဲဘော်တွေ ရှိကြတယ်။ မွန်ရွာတွေမှာ အောက်နှိုက် မိန်းမပိုးတဲ့ ဓလေ့ရှိတယ်။ သဘောကတော့ ကိုယ်သဘောကျတဲ့ အိမ်က အပျိုမရှိရာကိုသွား၊ သူတို့ အိမ်တွေက ခြေတံ ရှည်တွေ၊ အောက်မှာ ခေါင်းငုံ့ပြီးဖြစ်စေ၊ လမ်းလျှောက်လို့ဖြစ်စေ ဝင်သွားလို့ရတယ်။ အပျိုမအခန်းကြမ်းပြင်မှာ အပေါက် တခုရှိမယ်။ အဲဒီကနေတဆင့် စကားပြောကြလို့ရတယ်။ အဆင်ပြေရင် လက်ကိုင်လို့ရမယ်။ ဒီထက်အဆင်ပြေရင်တော့ ဆင်းလာမှာပေါ့။ ဒီလိုမိန်းမပိုး ပြောဆိုကြတာကိုလည်း မိဘတွေက ခွင့်ပြုထားကြတယ်။ သို့သော်လည်း ဘာသာစကား အခက်အခဲကြောင့် ကျနော်တို့ရဲဘော်တွေက အောက်နှိုက်ဖို့ မစွမ်းကြဘူး။ မွန်ရဲဘော်တွေကတော့ ညညဆိုရင် သွားပြီး အောက်နှိုက်ပိုးပန်းကြတာတွေ ရှိတယ်။ ညကြီးမင်းကြီး မပြောမဆို သွားနေလို့၊ ကျနော်တို့ ကင်းစောင့်တဲ့ရဲဘော်တွေ နဲ့လည်း မကြာခဏဆိုသလို ပြဿနာ ဖြစ်ကြရတယ်။

ဒါပေမယ့် အပျိုပိုးပန်းဖို့၊ ငန်းဖို့တော့ ကျနော်တို့ ရဲဘော်တွေ လက်မနှေးကြဘူး။ ကျနော်တို့ရင်းရဲရွာကို ရောက်ရင် အပျို ချောချောရှိတဲ့ အိမ်တအိမ်ကို ဝင်လေ့ရှိကြတယ်။ အမျိုးသမီးကလည်း ခြံထွက်သီးနှံတွေဖြစ်တဲ့ နာနတ်သီး၊ ဒူးရင်းသီး ခွဲကျွေးလေ့ရှိတော့ အစားလည်းစားရ၊ ပိုးလည်းပိုးရပေါ့။ တရက်တော့ နေမကောင်းလို့ ဆိုပြီး လာခေါ်တယ်။ တပ်ရင်း (၁၀၂) က ဆေးမှူးကိုဘတိုးကလည်း ချက်ချင်းထလိုက်သွားတယ်။ မိုးဥတု ရာသီဥတုက အေးစိမ့်စိမ့် ဖြစ်နေလို့ ကောင် မလေးကလည်း အနွေးထည်ပါးပါးလေး ဝတ်ထားတာ တွေ့ရတယ်။ ကိုဘတိုးက အိမ်ပေါ်ရောက်တာနဲ့ ချက်ချင်း မပြော မဆို ကောင်မလေး လက်ကိုဖမ်းဆွဲပြီး၊ လက်ကောက်ဝတ်က သွေးခုန်နှုန်းကို တိုင်းလိုက်တယ်။ “မှန်း…. ဘယ်လိုအခြေ အနေရှိလဲပေါ့”။ ဟိုက အပြောရခက်နေတယ်။ ရှက်နေတယ်။ နောက်တော့မှ မပြောမဖြစ်လို့ ထုတ်ပြောရတယ်။ နေ မကောင်းတာက သူမဟုတ်ဘူး။ သူ့အဖေ။ ဖြစ်တာက ဝမ်းလျှောနေတာ။ ဘာဖြစ်ဖြစ်ပေါ့။ ဒီလို လွဲတာမျိုးလေးလည်း ရှိခဲ့ ဖူးတာပေါ့။

ဒီလို အပျိုငန်းကြပုံ ဇာတ်လမ်းတွေကို တပ်ရင်း (၁၀၂) က ‘မာမီ’ လို့ နာမည်ပြောင်ခေါ်တဲ့ သီဟမင်းက စစ်ကြောင်း လျှောက်တုန်း တဟားဟားရယ်လို့ အူနာရအောင် ပုံပြင်ဇာတ်လမ်းတွေကို လက်ထိုးဇာတ် ဖန်တီးပြောတတ်တယ်။ သီဟမင်းပြောဖူးတဲ့ ဟာတတခုက မှတ်မှတ်ရရ ရှိတယ်။ တခါက ရွာတခုမှာ အမေက သမီးဖြစ်သူကို လှမ်းပြောတယ်။ “သမီးရေ… ကျွဲတွေသိမ်း၊ နွားတွေ သိမ်း၊ မွန်တပ်လာတယ်”။ သူဆိုလိုတာက မွန်တပ်တွေက ကျွဲ၊ နွားတွေကို သိမ်းတာ၊ အခွန်ကောက်တာတွေ ရှိတတ်တယ်ပေါ့။ “သမီးရေ… ထမီတွေရုပ်၊ အဝတ်စုတ်တွေရုပ်… ဗမာစစ်တပ်လာတယ်”။ သူက ခပ်နှိမ်နှိမ်ပြောတာ။ စစ်တပ် စစ်ကြောင်းလာရင် ထဘီစုတ်တောင် ချမ်းသာမပေးဘူးပေါ့။ ခိုးဝှက်ကြပုံ ပြောပါတယ်။ နောက်တခါကျတော့ အမေက သမီးကိုပြောတယ်။ “သမီးရေ… လူသာလွတ်အောင်ပြေးပေတော့၊ ကျောင်းသားတပ် လာတယ်”။ သူဆိုလိုချင်တာ… ဘယ်အပျိုမှ မလွတ်စေရဆိုတဲ့ အမောင်ကျောင်းသားတွေပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်