အောင်မှူးဝေ ● ဈာန်ပိုင်ရှင် ထေရ်ရဟန်း လွမ်းသွားမယ့်တော

December 18, 2017

● ဈာန်ပိုင်ရှင် ထေရ်ရဟန်း လွမ်းသွားမယ့်တော
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၇

တောင်တရိုး ခိုးမှင်သန့်တဝေဝေ
မဟာမြိုင်သာတဲ့နန်း ပန်းကထွေထွေ၊
ချောင်းမြစ်ရေ တွေတွေကွယ့်သာမော
ဈာန်ပိုင်ရှင်ထေရ်ရဟန်း လွမ်းဘွဲ့ဤတော။

ဦးသော်ဇင်


အထက်ပါကဗျာကိုဖတ်ရသောအခါ ကျွန်တော့်အဘိုး ဦးဘအုန်း၏ရွာကလေးကို သတိရမိ၏။ သံပုရာကျေးရွာဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်ထဲမှာရှိ၏။ ရှေးကာလတုန်းကတော့ သံပူရွာဟုခေါ်ခဲ့ကြသည်။ ဝိဇ္ဇာဇော်ဂျီတွေ ဖိုထိုးသည့်နေရာဖြစ်သောကြောင့် သံပူရွာဟုခေါ်ခြင်းဖြစ်၏။ ကျွန်တော် ကိုးနှစ်သားအရွယ်လောက်အထိ တောနက်ပိုင်းထဲ မှာ ဖိုစ အကြွင်းအကျန်တွေ တွေ့ရသေးသည်။ ကာလရွေ့လျားလာသဖြင့် သံပူရွာမှသံပုရာရွာဟု ဖြစ်သွားရခြင်းဖြစ်၏။ ထို ရွာနှင့် သိပ်မဝေးသောနေရာ၌ နာမည်ကျော် မဟာမြိုင်တောကြီးရှိသည်ဟု မှတ်သားခဲ့ရဖူးသည်။

သံပုရာရွာသည် အဘိုး၏မွေးရာဇာတိရွာတော့မဟုတ်။ အဘိုး၏မွေးရာဇာတိမှာ ပြည်နယ် စစ်တွေမြို့ဟု သိရသည်။ အဘိုးအသက်ခပ်ငယ်ငယ်အရွယ်မှာမြန်မာပြည်ကို ဂျပန်ဝင်သည်ဟုဆို၏။ ဂျပန်တွေနှင့်လျှောက်လိုက်လာရင်း ချင်းတွင်း မြစ်ကြောင်းနံဘေးရွာတွေ ဆီရောက်ရှိလာခဲ့သည်။ ဂျပန်ဗိုလ်က အဘိုးအား သံပုရာရွာသူကြီးထံ အပ်နှံပေးခဲ့၏။ သံပုရာရွာ သူကြီးက အဘိုးကို သားအရင်းတစ်ယောက်ပမာ စောင့်ရှောက်ခဲ့လေသည်။ ပြည်နယ်မှာ အဘိုး၏ဆွေမျိုးတွေရှိကြောင်း ဗလာစာအုပ်ကြမ်းကလေးနှင့်ရေးမှတ်ထားသော ဆွေစဉ်မျိုးဆက်မှတ်တမ်းကလေးအရ သိရ၏။

သူ့အမျိုးတချို့က အမရပူရ အင်းဝဘက်မှာလည်း ရှိသည်။

အလောင်းမင်းတရား၏သားများ၊ဖမ်းခေါ်သွားဟူ၍ရေးမှတ်ထားလေ၏။ ဘိုးဘွားအစဉ်အဆက်ပြောစကားကိုမှတ်သားထားပုံရပါသည်။အဘိုးလက်ရေးကပေစာလက်ရေးနှင့်တူ၏။အကွေ့အကောက်အတွန့်အတက်ကလေးတွေနှင့်ဖြစ်သည်။အသတ်စာလုံးတွေမှာတွန့်ထားပုံကလေးတွေက တော်တော်လှပသည်။သပြေညွန့်အဖျားလေးများနှင့်ပင်တူသေးတော့၏။

အဘိုးသည် စစ်တွေမှာနေစဉ်အခါက မိဘမဲ့ဖြစ်သည်။ အဒေါ်အိမ်မှာ ကပ်နေရ၏။ ဂျပန်တွေက တစ်အိမ်တစ်ယောက်လုပ်အားပေးခေါ်သည်။ အဘိုး၏အဒေါ်က အဘိုးကိုထည့်လိုက်၏။ သို့နှင့်…

အဘိုးသည် ရခိုင်မှသည် ချင်းတွင်းဆီသို့ရောက်ရှိခဲ့ရလေသည်။ မွေးဇာတိမဟုတ်သော်လည်း သံပုရွာကလေးကို အဘိုးက အတော်တွယ်တာရှာ၏။

ရိုးမကြီးကိုကျော်ပြီး မလွမ်းချင်တော့ပါဘူး။ ဒီရွာက အဘမွေးရွာလိုဖြစ်နေပါပြီဟု တဖွဖွပြောတတ်သည်။ ၁၃ နှစ်သားက တည်းကေ နထိုင်လာခဲ့ သောရွာဖြစ်၍ သံယောဇဉ်ကြီးဟန်တူပါ၏။ ထိုရွာ၌ အဘိုး၏ ပထမအိမ်ထောင်နှင့်မွေးသောသား သမီးနှစ်ယောက်ရှိသည်။ဒေါ်ဆိတ်နှင့်ဦးဘဝင်းတို့ဖြစ်ကြ၏။ ပထမအိမ်သူကွယ်လွန်သွားပြီးနောက် အဘိုးက သစ်ဖောင် လိုက်သည်။ ချင်းတွင်းမြစ်ကြောင်းအတိုင်းဖောင်စုန်သွား၏။ မုံရွာအနီးက အလုံမှာဖောင်ဆိုက်သည်။ အလုံမှမုံရွာသို့ ဆု တောင်းပြည့်ဘုရားကြီးသွားဖူးရင်း ဘုတလင်သူ ကျွန်တော့်အဘွားဒေါ်စိန်နှင့် ဖူးစာဆုံခဲ့ကြလေ၏။

အဘွားဒေါ်စိန်က သျှောင်နောက်ဆံထုံး ပါမြဲထုံးဆိုတာလို အဘိုးနှင့် သံပုရာရွာသို့လိုက်ပါလာခဲ့သည်။ သံပုရာရွာတောင်ကုန်းနှင့်မြောက်ကုန်းကြား လွင်ပြင်နေရာကလေး၌ ကုန်စုံဆိုင်ကလေးဖွင့်ကာ ရောင်းချ၏။ အဘိုးက ဖောင်မစုန်တော့ဘဲလယ် သစ်တီပြီး လယ်လုပ်သည်။ တောရိုင်းကိုခုတ်ထွင်၍ လယ်မြေကွက်ဖော်ခြင်းကို လယ်တီသည်ဟု ခေါ်ကြ၏။-မြေစမ်းခရမ်းပျိုးဆိုတဲ့စကားဟာ အလကားပြောတာမဟုတ်ဘူးငါ့မြေးရဲ့။ လယ်တီပြီးစအခါမှာ ပထမနှစ်တော့ စပါးတန်း မစိုက်ရသေးဘူး။ မြေတကယ်ကောင်းမကောင်းသိရအောင်ခရမ်းစမ်းစိုက်ကြ ည့်ရတယ်။ ခရမ်းကောင်းကောင်းဖြစ်တယ်ဆိုရင်စပါးစိုက်စိုက်ပဲစိုက်စိုက်ဖြစ်တော့တာပဲ။

ဟု အဘိုးကပြောဖူးသည်။ ရှေးမြန်မာတို့၏ မြေကောင်းမကောင်း စမ်းသပ်သောနည်းပင်ဖြစ်ပါ၏။

ကျွန်တော့်အဖေ ခြောက်နှစ်သားအရွယ်ရောက်တော့ သံပုရာရွာမှ ချင်းတောင်ခြေ ကလေးမြို့သို့ ပြောင်းရွှေ့ကြသည်။ အောင်မင်္ဂလာရပ်ကွက် ရွှေတောင်ကြားလမ်းထဲမှာ အခြေချကြ၏။ ထိုနေရာ၌ ကျွန်တော့်ကို မွေးဖွားခဲ့ပါသည်။ အဘိုးက လက်သမားလုပ်၏။ ကလေးမြို့အနီးပတ်ဝန်းကျင်ရွာများအဆောက်အဦတွေ လိုက်ဆောက်သည်။ အိမ်မှာတော့ အဘွား ဒေါ်စိန်က ငှားထားသောအလုပ်သမားများကိုဦးစီးကာ ပရိဘောဂလုပ်ငန်းလုပ်ပါ၏။ စားပွဲ၊ ကုလားထိုင်၊ ဗီရို၊ ကြောင်အိမ်၊ ထင်းရှူးသေတ္တာ၊ ကျွန်းသေတ္တာတွေလုပ်ရောင်းခြင်းဖြစ်သည်။

ကျွန်တော်လူမှန်းသိတတ်စအရွယ်၌ အဖေနှင့်အဘွားတို့ အကြီးအကျယ်ရန်ဖြစ်ကြ၏။ စိတ်ကြီးလှသောအဘွားက နင်လို ဝမ်းရေစပ်မွေးရကျိုးမနပ်တဲ့ကောင်နဲ့ နီးနီးမနေဘူးဟု အော်ဟစ်သည်။ ရင်ဘတ်ပိန်ပိန်ကလေးကို တဝုန်းဝုန်းထုသည်။ မြေကြီးပေါ်လူးသည်။

ရှေးအဘွားကြီးတွေစိတ်ဆိုးတာကလည်း ဘယ်လိုကြီးမှန်းမသိပါ။ အဘွားသည်ရှိတာတွေအကုန်ရောင်းချပြီး သံပုရာရွာသို့ အပြီးပြောင်းရွှေ့သွားခဲ့၏။ အဘွားစိတ်ဆိုးပြေသောအခါ အဖေ့ဆီစာလှမ်းရေးသည်။

ငရွှေ
ငါ့မြေးကိုတွေ့ချင်တယ်
ရွာကိုခေါ်လာခဲ့။

ပုံ
နင့်အမေ … ဟူ၏။


ဤတွင် သံပုရာရွာနှင့် ကျွန်တော်တွေ့ဆုံရတော့သည်။

ကလေးဝမြို့မှစက်လှေစီးရ၏။ ဒေသကတော့ မင်းကင်းလိုင်းကောင် မင်းကင်းမော်တော်ဟုခေါ်သည်။ ကလေးဝ အောက် ဘက်သို့စုန်ရ၏။ တောင်တန်းတခုအကွေ့နားမှာ ပေဝဲဆိုတာကိုတွေ့ရသည်။ နာဂတောင်တန်းမောင်ကြည်ဇင်၏ချင်းတွင်းခရီးသည်နှစ်ဦးစာအုပ်မှာပန်းပဲမောင်တင့်တယ်ပေတုံးကြီးပစ်ချထားခဲ့သည့်နေရာမို့ပေဝဲဟုခေါ်ကြောင်းဖော်ပြထား၏။ စာပေဆုရဆိုသောတခြားလူတယောက်၏စာအုပ်မှာတော့ လေဝဲဟု တလွဲဖော်ပြထားတာတွေ့ရ သည်။ လေနှင့်မှုတ်တတ်သောဝဲဟုလည်းရေးထား၏။ ချင်းတွင်းသားဖြစ်သောကျွန်တော့်မှာ အူတိအူလည်တောင်ဖြစ်သွားရသည်။ ကျွန်တော်တို့တစ်သက်တာဘိုးစဉ်ဘောင်ဆက်မှတ်သားခဲ့ရသည့် အထက်မှာပေ၊ အောက်မှာ ရွှေ၊ အလယ်ဝက်သိုက်၊ မျက်ဖြူဆိုက်ဟူသော စကားအရ ပေဝဲ ဟုသာ အမှန်ယူသင့်ပါ၏။

ပေဝဲစေတီသည် ချင်းတွင်းမြစ်အလယ်ကောင်မကျတကျ နေရာလေးမှာတည်ရှိ၏။ ကျောက်တောင်ငယ်ပေါ်မှာ ထုံးသင်္ကန်း ဖြူဖြူဖြင့် သပ္ပာယ်စွာတည်ထားပါသည်။ ချင်းတွင်းမြစ်ရေ မည်မျှကြီးစေကာမူ ပေဝဲစေတီကုန်းပေါ်သို့ ရေမတက်ဟုဆိုကြ၏။ ပေဝဲစေတီဝန်းကျင် မြစ်ဘေးတလျှောက်ရှုခင်းများသည် တောင်တရိုး ခိုးမှင်သန့် တဝေဝေပင်ဖြစ်သည်။ တောင်ကမ်းပါး ယံများ၊ သစ်တော ဝါးတောများဖြင့်သာယာစိမ်းလန်းနေ၏။ ဆောင်းတွင်းဆိုလျှင် နှင်းမြူတို့ဆိုင်းနေတတ်သည်။မိုးအခါဆိုလျှင်လည်းမိုးမြူခိုးတို့ဝေ့ဝဲနေတတ်သည်သာဖြစ်ပါ၏။ ကျွန်တော်တို့ဒေသကတော့ မှိုင်းတိုက်သည်ဟု ခေါ်ပါသည်။
မော်တော်ဖြင့် အတော်လေးကြာအောင် ခုတ်မောင်းသွားသည့်အခါ မြောက်ချွန်းဆိုသောရွာကလေး သို့ရောက်၏။ ထိုရွာမှာကျွန်တော်တို့ဆင်းကြရသည်။ မြစ်နားတဝိုက်ကတော့ ကြွေ၊ သံပုရာ၊ မြောက်ချွန်းဟု သုံးရွာပေါင်းတစု မှတ်သားကြ၏။ စကားအရသုံးရွာပေါင်းပြီးခေါ်ကြသော်လည်း နေရာကတော့ တနေရာစီဖြစ်ပါသည်။ မြောက်ချွန်းနှင့်ကြွေတို့သည် ချင်းတွင်း မြစ်ကမ်းနံဘေး၌ တည်ရှိ၏။ သံပုရာကတော့မြစ်နှင့်အနည်းငယ်လှမ်းလေသည်။ သံပုရာသို့ချီရာခရီးဝယ် မြောက်ချွန်းမှသဲချောင်းကြီးတစ်ခုတည်းကိုခုနစ်ကြိမ်ဖြတ်၍သွားရ၏။ချောင်းရေက နွေအခါ ဆောင်းအခါတို့၌ ခြေဖမိုး ၊ ဒူးဆစ်မြုပ် ရုံသာရှိသည်။ မိုးအခါရေကြီးမှသာ ကမ်းလုံးပြည့်တတ်၏။

သံပုရာရွာကို တောင်ကုန်း (သာယာကုန်း)၊ ရွာလယ်ပိုင်း၊ မြောက်ကုန်းဟုသုံးပိုင်းခွဲထားသည်။ ရွာလယ်ပိုင်းနှင့်မြောက်ကုန်းကြားတွင်စေတီတော်တစ်ဆူရှိ၏။ ဇရပ်တစ်ဆောင်ရှိသည်။ ဇရပ်ဘေးမှာ အလွန်ကြီးမားသည့် မန်ကျည်းပင်များ သရက်ပင်များရှိ၏။ ရွာဦးကျောင်း၌ဂျပန်ခေတ်က စက်သေနတ်မှန်သည့်အပေါက်တွေကိုအသစ်ဖာပြီး ရွှေသင်္ကန်းကပ်လှူထားသောဆင်းတုတော်ကြီးများရှိသည်။

သံပုရာရွာသည် ချင်းတွင်းမြစ်ရိုးမှာတော့ရာဇဝင်ရှိသည့်ရွာတစ်ရွာပင် ဖြစ်၏။ တောင်သုံးလုံးကြားရဟန္တာ၊ အုန္နဲဖုတ် ဖိုးလူ သာ၊ တောင်တွင်းချောင်ခရမ်းညှာဆိုသည့်ရာဇဝင်ရှိသည်။ အုန္နဲဖုတ်က ဖိုးလူသာသည် ဆေးကုအလွန်တော်၏။ အကျိုး အကန်းများ သည် ပင်လျှင် သူနှင့်တွေ့လျှင် ကောင်းသွားကြသည်။  တောင်တွင်းချောင်ဒေသက ခရမ်းရွက်ကြီးတစ်ရွက်သည်လူ နှစ်ယောက်ဝါးလုံးနှင့်လျှိုထမ်းတာတောင်မှ အညွန့်ဖျားမြေနှင့်မလွတ်အောင် ကြီးမားသည်ဟုဆို၏။ တောင်သုံးလုံးကြား ရဟန္တာက တော့ သံပုရာရွာကပေါ်ထွန်းခဲ့တာဖြစ်သည်။ ရဟန္တာမထေရ်သည် ရွာဦးကျောင်းဆရာတော်ကြီးပင်ဖြစ်၏။စာအလွန်ဖတ်သည်ဟုကြားသိကြည်ညိုရဖူးသည်။ရွာနှင့်ခပ်လှမ်းလှမ်းတောအုပ်တစ်ခုကို စာတိုက်ချောင်ဟု ခေါ်ကြ၏။ ရဟန္တာ မထေရ်ကြီး၏စာတိုက်ကျောင်း (စာကြည့်တိုက်) ရှိ ရာတောအုပ်ကြီးဖြစ်ပါသည်။ ရဟန္တာမထေရ်ကြီးသည် ထိုအရပ်၌ပေစာ များကို ဖတ်ရှုခြင်း၊ တရားအားထုတ်ခြင်းများပြုတော်မူပါ၏။ စာတိုက်ချောင်တစ်ခွင်၌ ပိန်းပင်တော ဇရစ်ရိုးတော စိမ်းညှင်းပင်တောကြီးများဝန်းရံလျက်ရှိသည်။တခြားသောတောစိုးသစ်ပင်ကြီးများလည်းနေပြောက်မထိုးသာအောင်ထူထပ်စွာဝန်းရံပေါက်ရောက်နေ၏။အထူးသဖြင့်ပေါများတာကတော့ ကျွန်းပင်များနှင့် အင်ပင်များပင်ဖြစ်သည်။ ရွာဦးကျောင်းအရှေ့ဘက်အင်တိုင်းတောကြီးအလွန် ချောင်းစပ်မှာ ကျောက်ပုံစေတီတော်ကိုဖူးမြော်ရ၏။ရဟန္တာအရှင်မြတ်ကြီးရေချိုးဆင်းတိုင်းကျောက်ခဲ လေးများတစ်လုံးချင်းကောက်၍ပုံထားခဲ့သည့်နေရာတွင်ဓာတ်တော်များဌာပနာ၍စေတီတည်ထားခြင်းဖြစ်သည်။   အလွမ်းပြေစေတီတော်ပေါ့ကွာဟုအဘိုးကပြောခဲ့ဖူးပါ၏။

ကျွန်တော်အမှတ်ရဆုံးနေရာအဘိုးနှင့်အတူမ ကြာခဏဦးတိုက်ရန်သွားခဲ့ရသော ဘိုးမင်းကြီးမောင်တော်နှမတော်နတ်နန်းပတ်ဝန်းကျင်ဖြစ်သည်။နတ်နန်းကတော့ ရိုးရိုးသစ်သားနတ်နန်းများပင်ဖြစ်၏။ နတ်နန်းဧရိယာအတွင်းအလွန်ကြီးမားသောကျွန်းပင်ကြီးများတောထနေပါသည်။သံပုရာကလူတွေရော ရွာနီးချုပ်စပ်ကလူတွေပါ ထိုကျွန်းတောထဲက ကျွန်းပင်များကို မခုတ်ရဲကြပါ။ လက်ဖျားနှင့်တောင်မတို့ရဲကြပါ။နတ်ကိုက်တတ်သည်ဟုသားစဉ်မြေးဆက်ယုံကြည်ထားခဲ့ကြ၏။ထိုနတ်ကိုက်တတ်သည်ဟူသောစကားတစ်ခွန်းကသံပုရာရွာ၏သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းနှစ်ပေါင်းများစွာအထောက်အကူပြုခဲ့သည်ဟုဆိုနိုင်ပါသည်။

ယခုသံပုရာရွာသို့ကျွန်တော်မရောက်ဖြစ်တာ၂၅နှစ်ရှိပါပြီ။ ထိုကျွန်းတောကြီးရှိသေးလား၊ ခုတ်ပစ်လိုက်ပြီလားမပြောတတ်တော့ပါ။

ရွာအနောက် ချောင်းတဖက်ကမ်း စိမ်းညို့ညို့သုသာန်လေးထဲ၌ကျွန်တော့်အဘိုးလဲလျောင်းရာမြေပုံ ကလေးရှိနေပါသည်။ အဘိုးသည် သူချစ်သောရွာကလေး၌ခေါင်းချခဲ့ပါ၏။ ချောင်းမြစ်ရေ တွေတွေသာမောသည့်သံပုရာရွာကလေးသို့အခါအခွင့်သင့်လျှင်တစ်ခေါက်တော့အပြေးသွားချင်သေးသည်။အဘိုး၏မြေပုံကလေးကိုဦးခိုက်ချင်သေးသည်။

တချိန်ကကျွန်တော်မြင်ခဲ့ရသော သံပုရာဝန်းကျင်တောများသည် အလွမ်းအဆွေးကင်းပါသည်ဆို သောဈာန်ပိုင်ရှင်ထေရ်ရဟန်းတို့ပင်လျှင် လွမ်းမောသွားစေနိုင်သောတောများပင်ဖြစ်ပါသတည်း။ ။

အောင်မှူးဝေ

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ တွင် ဖော်ပြခဲ့သည့် အက်ဆေး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်