အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၇)

December 19, 2017

● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၇)
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၇

● ဘုရားသုံးဆူ နေ့ရက်များ (၁၅)
ကျနော်တို့ စံခလယ်ဒုက္ခသည်စခန်းမှာ ရှိနေတုန်းပဲ ကိုဇော်ထွန်းကို ABSDF ဗဟိုက လှမ်းခေါ်တယ်။ အကြောင်းကတော့ ဝဒေသဖက်ကို ဆေးကုပေးဖို့ မစ်ရှင်တခုမှာ လိုက်သွားဖို့ပဲ။ နောက်ပိုင်းမှာ ကိုဝင်းနိုင်ဦးကလည်း တောင်ပေါက် ၂၄-ရွာ စစ်ကြောင်းကနေ၊ ကေအဲန်ယူ တပ်မဟာ-၆ လမ်းက တဆင့် ဗဟိုကို ရောက်သွားတယ်။ သူလည်း ဝဒေသမှာ ကျန်းမာ ရေး အကူအညီပေးဖို့ မစ်ရှင်မှာ ပါသွားတယ်။ အဲဒီ ကြာအင်းဆိပ်ကြီးစစ်ကြောင်းကပဲ ကိုပိန် (ခေါ်) ဇော်လွင်စိုး (၁၀၂) (ယခု USA) နဲ့ ကျနော်တို့ ခွဲ (၂) က ရဲဘော်မွှေးကြိုင် (ခ) ကိုထွန်းခင်တို့ကလည်း ဝဒေသမစ်ရှင်မှာ ပါသွားကြတယ်။ အချိန်ကတော့ ၁၉၈၉ နှစ်ကုန်ပိုင်းလောက်ဖြစ်မယ်။

ဝတိုင်းရင်းသား တပ်ဖွဲ့တွေက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ခေါင်းဆောင်မှုကို ပုန်ကန်ပြီး ၁၉၈၉ ခုနှစ်၊ သင်္ကြန်အပြီး ဧပြီလ ၁၇ ရက်နေ့မှာ အာဏာသိမ်းလိုက်ကြတယ်။ အရင် ဗကပခေါင်းဆောင်ပိုင်းကိုတော့ တရုတ်ပြည်ဘက် ပို့လိုက်ကြ တယ်။ ပြီးတဲ့နောက်မှာ ဝတပ်ဖွဲ့တွေက ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (ဝသပ) UWSA ကို ဖွဲ့စည်းလိုက်ကြတယ်။ အားလုံးက (ဝသပ) ဘာလုပ်မလဲ စိတ်ဝင်တစား နားစွင့်နေကြတယ်။ သူတို့တိုက်ခိုက်ရေးအင်အားက ၂-သောင်းကျော်၊ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ ပေါင်းရင် အင်အား ၃ သောင်းကျော် တိုက်ရည်ခိုက်ရည် ကောင်းတဲ့တပ်ကြီး။ အရင် တရုတ်ပြည် က ထောက်ပံ့ထားတဲ့ လက်နက်ကျည်တွေကလည်း ဂိုဒေါင်တွေနဲ့ ဆိုတာမျိုး ကောလာဟလတွေလည်း ရှိသေးတယ်။ သူတို့က မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (DAB) တပ်ပေါင်းစုကို လာဆက်သွယ်တယ်။ သူတို့မှာ ယာယီ ဆန်အခက်အခဲ ရှိနေတယ်။ ကူညီပါ။ သူတို့ ဆက်တိုက်ကြမယ်ဆိုပြီး ပြောတယ်ဆိုတာမျိုး ကျနော်တို့ တဆင့်ပြန်ကြား ရတယ်။ DAB တပ်ပေါင်းစုဖက်က မကူညီလိုက်နိုင်ဘူး။ နောက်ပိုင်းမှာတော့ (ဝသပ) တပ်ဖွဲ့တွေက စစ်အစိုးရနဲ့ ၁၉၈၉ ခုနှစ် မေလ ၉ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြတယ်။

အဲဒီအချိန်မှာပဲ ABSDF (ဗဟို) ခေါင်းဆောင်တွေက ဝတောင်ပိုင်းဒေသ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတယ်။ ABSDF ဖက်က ဆေးကုသရေး အကူအညီ၊ ပညာရေး (ကျောင်းဆရာ) အကူအညီ ပေးမယ်။ အလားတူပဲ ဝဖက်တက်မယ့် အဖွဲ့ တွေနဲ့အတူ ပလောင်ဒေသမှာ ABSDF တပ်ရင်း (၅၀၁) ဖွဲ့စည်းရေးအတွက်လည်း ပလောင်ခေါင်းဆောင်တွေနဲ့ သဘော တူညီထားတဲ့ မစ်ရှင်လည်း ပါတယ်။ တပ်ရင်း (၅၀၁) ဖွဲ့ဖို့ ရဲဘော်တွေကတော့ သံလွင်စခန်း တပ်ရင်း (၂၀၉) က များတယ်။ ကျနော်တို့ တပ်ရင်း (၁၀၁) ခွဲ ၂ က ကိုသိုက်ထွန်းဦး (ယခု သြစတြေလျ) က တပ်ရင်းမှူးအဖြစ် တာဝန်ပေး ခံရတယ်။

ဝတောင်ပိုင်းဒေသကို လွှတ်မယ့် ဆေးမစ်ရှင်အဖွဲ့မှာ ၅-ဦး ပါတယ်။ အဖွဲ့ခေါင်းဆောင်က ဒေါက်တာပါကျင် (ယခု သြစတြေလျ)၊ သူက ချင်းလူမျိုး၊ ဆရာဝန်။ ၈ လေးလုံး အရေးတော်ပုံပြီးတော့ တောထဲ ထွက်လာခဲ့တယ်။ တိုင်းရင်းသားဖြစ်တဲ့ အလျှောက် ရိုးသား ဖြူစင်တယ်၊ သဘောဖြောင့်တယ်။ လုပ်ချင်ကိုင်ချင်စိတ်၊ တော်လှန်ရေးအတွက် တက်ကြွစိတ်လည်း ရှိတယ်။ ဒါပေမယ့် ချင်းတော်လှန်ရေးပါတီ CNF ကိုလည်း သူက မဝင်ချင်ဘူး။ ဆရာက နိုင်ငံရေး ပါတီတခုခုမှာလည်း ခြေစုံပစ် မဝင်ချင်ဘူး။ နောက်ဆုံး အခု တာဝန်ပေါ်လာတော့ သူနှင့် အံကျဖြစ်သွားတယ်။ ဆေးတက္ကသိုလ် -၂ မှ နောက်ဆုံး နှစ်ကျောင်းသား ကိုဝင်းနိုင်ဦး၊ ကိုဇော်ထွန်း (ဆေး-၂) တို့ပါတယ်။ အုတ်ဖိုဇာတိ ကျနော်တို့ခွဲ-၂ ကရဲဘော် ကိုမွှေးကြိုင် (ခေါ်) ကိုထွန်းခင် (ယခု ကျဆုံး) နဲ့ တပ်ရင်း ၁၀၂ က ကိုပိန် (ဇော်လွင်စိုး) တို့ ပါတယ်။ ကိုပိန်ကတော့ ရန်ကင်းသား၊ ဆေး ပညာနဲ့ဝေးပေမယ့် ကိုဝင်းနိုင်ဦးနဲ့ ရင်းနှီးလို့ ပါသွားပုံ ရတယ်။

ABSDF က မြောက်ပိုင်းကို လွှတ်တဲ့ တခြားယူနစ်တွေလည်း ရှိသေးတယ်။ ဝတောင်ပိုင်းဌာနချုပ်ရှိ ကျောင်းတွေမှာ စာသင်ဖို့ ကျောင်းဆရာယူနစ်တွေလည်း ရှိသေးတယ်။ ကိုအောင်နိုင်ဦး (ယခု ပြည်ထောင်စု အပစ်ရပ်စဲရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ JMC)၊ ရှေ့နေကိုဝင်းမောင် (ယခုကနေဒါ) တို့က ကျောင်းဆရာတွေအဖြစ် ပါသွားကြတယ်။ ကိုအောင် နိုင်ဦးက ဒုတိယအကြိမ် ABSDF ညီလာခံအပြီး အရံဗဟိုကော်မတီဝင်၊ ဌာနလက်ကိုင်မရှိ။ ယခု ဝတောင်ပိုင်းဌာနချုပ်ကို တာဝန်ပေါ် လာတော့ သူက ကိုယ်စားလှယ်အဖွဲ့ (မစ်ရှင်) ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ မရှေးမနှောင်း ကြိုပြီးထွက်သွား ကြတဲ့ ယူနစ်ကတော့ ကိုသိုက်ထွန်းဦးက တပ်ရင်းမှူး၊ ကိုသူရဇော် က ဒု-တပ်ရင်းမှူးအဖြစ် တာဝန်ပေးထားတဲ့ ပလောင် ဒေသတွင် ကျောင်းသား တပ်ရင်း (၅၀၁) ထူထောင်ဖို့ကိစ္စ။ ရဲဘော် ၃၀ လောက် ပါသွားတယ်။ ABSDF ဗဟိုနှင့် ပလောင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLP)၊ (ဝသပ) ခေါင်းဆောင်များနှင့် ညှိပြီး တာဝန်ပေးခဲ့တာ ဖြစ်တယ်။ သူတို့ က အခုဝတပ်တွေ ထိန်းချုပ်ထားတဲ့ တောင်ပိုင်းဒေသကို ဖြတ်သွားပြီး၊ ပလောင်ဒေသကို သွားရမယ်။ အဲဒီကမှတဆင့် မိုးကုတ်ဒေသကို ထိုးဖောက်ဖို့ပဲ။ မိုးကုတ်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ပါတီတွေအတွက် အမာခံ လူထု အများအပြားရှိတဲ့ ဒေသလို့ မြင်ထားကြတယ်။ [ဒါပေမယ့် ပလောင်အဖွဲ့က နောက်တော့ သဘောတူထားတာကို ချိုးဖောက်တယ်။ ၅၀၁ မဖွဲ့ဖြစ်ပဲ၊ သူတို့တပ်ဖွဲ့တွေက ABSDF ဒေသကို သွားလိုက်ကြရတယ်။] ကိုဇော်နိုင်ကြီး (ယခု ကနေဒါ)၊ ကိုအောင်ဝင်းတင် (နောက်ပိုင်း ABSDF ဆက်သွယ်ရေးတပ်မှူး) တို့လည်း ပါတယ်။ ထူးခြားတာက မောင် သန်းထိုက်ပဲ။ သူက ပီဘိကလေး၊ အဲသည်တုန်းကတော့ ကလေးစစ်သားဆိုတာမျိုးလည်း အထူး သတိမပြုမိကြဘူး။ သူတို့လေးတွေကလည်း တိုက်စိတ်ခိုက်လိုစိတ် ပြင်းပြနေကြတယ်။

မောင်သန်းထိုက်က ၇၄-ကျောင်းသား အရေးအခင်းများက ကျောင်းသားခေါင်းဆောင်ဟောင်းတဦး ဖြစ်သူ ကိုကျော်ဝင်း မောင်ရဲ့သား၊ သူဇာတ်လမ်းကလည်း အဆန်း။ ၈၈-အာဏာသိမ်းပြီးချိန်မှာ လက်နက်ကိုင်တိုက်ဖို့ဆိုပြီး အခြား အထက် တန်းကျောင်းသား တစ်ရာကျော်နဲ့အတူ မုန်း၊ ကျောက်ကြီးလမ်း (ပဲခူးတိုင်း) ဘက်က ကေအန်ယူဒေသကို တက်လာကြ တယ်။ သူတို့ကို စစ်အစိုးရ တပ်ရင်းတခုက ဖမ်းမိတယ်။ တအုပ်လုံးက ကလေးတွေချည်းပဲ၊ ဘာဆက်လုပ်ရမှန်း မသိကြ ဘူး။ စစ်တပ် တပ်ရင်းထဲမှာ ဖမ်းထားရင်း၊ ရေတွင်တူး၊ အိမ်သာဆောက်၊ ထမင်းချက် ကြုံသလို ခိုင်းနေကြတယ်။ ပြန်ပို့ဖို့ အထက် အမိန့်စောင့်နေတာလည်း ဖြစ်နိုင်တယ်။ သူတို့ တချို့က စစ်တပ်အလစ်မှာ ထွက်ပြေးပြီး၊ ကေအန်ယူ တပ်မဟာ ၃ ကတဆင့် သံလွင်စခန်းကို ရောက်လာကြတဲ့ ကလေးအုပ်စုပဲ။ အဲသည်ရဲဘော်တွေထဲမှာ တပ်ရင်းတွေက လိုက်ချင် တယ် ပူဆာကြလို့ ဝမ်းခ တပ်ရင်း (၂၁၁) က ရဲဘော်တွေလည်း ပါလာကြတယ်။ မာနာပလော၊ ပလောင်ကုန်းမှာ လူစု ၁၀ ရက်ခန့်နေပြီး ထွက်လာကြတယ်။ မြောက်ဖက် ခရီးစဉ်ကို အဲဒီအချိန်က ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ကိုကျော်ကျော် (ယခု ထိုင်းနိုင်ငံ) နဲ့ နိုင်ငံရေး/စည်းရုံးရေး တာဝန်ခံ ကိုအောင်ထူး (ယခု BLC) တို့ ဝဌာနချုပ်အထိ လိုက် ပို့ကြတယ်။

အဲဒီအချိန်က ABSDF ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ကိုမိုးသီးဇွန်ကို နောက်ပိုင်းမှာ အခုမစ်ရှင်နဲ့ ပတ်သက်လို့ ပြန်မေးမိတယ်။ အဲသလို ကိစ္စကြီးကြီးကို ဆုံးဖြတ်ခဲ့ကြတဲ့ အချိန်က အသက် ၂၃-၂၄ ပတ်ဝန်းကျင်တွေ။ “အဲသည်တုန်းက တို့လူတွေက တိုက်ချင်တာပဲ သိတယ်။ သေနတ်တွေလည်း မရှိကြဘူး။ ဘာဖြစ်ဖြစ် ကရုမစိုက်ဖူး။ လုပ်ချင်နေတာပဲ သိတယ်။ နယ်မြေ သစ်လည်း ထိုးဖောက်ချင်တယ်။ ရတာ ဘာမဆိုလုပ်ကြမှာပဲ။ အခု စီးပွားရေးမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင် enterpreneur လိုပေါ့။ အရဲစွန့်ပြီး ဘာဖြစ်ဖြစ် စွန့်လုပ်ဖို့ အသင့်ရှိတယ်” လို့ ပြန်ပြောပြဖူးတယ်။ ဘာပဲဖြစ်ဖြစ် စွန့်စား စွန့်ဦးတီထွင် ကြံ စည်ခဲ့ကြဖူးတယ်။ ကိုလံဘတ်တို့ နယ်မြေသစ် ရှာခဲ့ကြဖူးသလိုပေါ့။ စွန့်ဦးတီထွင် သူပုန်တွေ လုပ်ခဲ့ကြဖူးတယ်။

သူတို့ စဉ်းစားခဲ့ကြတာက အင်အားကောင်းတဲ့၊ အတွေ့အကြုံရှိတဲ့ ဝတပ်ဖွဲ့များ သေနတ်ပြန်ပေါက်စေရေး၊ အဲဒီအတွက် တတ်နိုင်သမျှ ချည်းကပ်စည်းရုံးရေး။ အနည်းဆုံးတော့ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေရဲ့ မျှော်လင့်ချက်တွေကို ရှင်းပြနိုင်မယ် ထင်ထားခဲ့တယ်။ ဖြစ်နိုင်လျှင်တော့ လက်နက်ဂိုဒေါင်တွေထဲက သေနတ်တွေ အကူအညီ တောင်းမယ်ပေါ့။
ဝတပ်ဖွဲ့တွေက အစုအပြုံလိုက် မြောက်ပိုင်းတရုတ်နယ်စပ်ကနေ၊ ရှမ်းပြည်နယ် တောင်ပိုင်း ထိုင်းနယ်စပ်ကို ရွှေ့လာကြ တယ်။ အဲဒီမှာ မူလဒေသခံ ခွန်ဆာရဲ့ မောင်ထိုင်းတပ် (MTA) တွေနဲ့ နယ်မြေလု စစ်ပွဲကြီး ဖြစ်တော့တယ်။ ဝတပ်မဟာ တွေ ဆင်းလာပြီကြားတော့ ခွန်ဆာတပ်တွေက လမ်းက ဖြတ်တိုက်ကြတယ်။ အဲဒီကြားထဲကို သွားကြတာ။

အဲဒီအချိန်မှာ ကျနော်တို့ ဆရာကိုမင်းလွင်က ကြာအင်းဆိပ်ကြီး၊ ဖားပြကျေးရွာမှာ ပျော်နေတုန်း ကေအဲန်ယူထောက်လှမ်း ရေးက ဖမ်းတာခံရတယ်။ ကျနော်တို့ အချို့ရဲဘော်တွေက ရှေ့တန်းဆင်းရင်း ရွာကလူထုတွေနဲ့ သံယောဇဉ်ဖြစ်နေကြ တယ်။ ဖားပြကျေးရွာမှာ အစိုးရက ဆောက်ထားတဲ့ ကျောင်းရှိတော့ သူက အင်္ဂလိပ်စာဝင်သင်တယ်။ အရင်တုန်းကလည်း ကျနော်တို့ရဲဘော်တွေ ကျောင်းဆရာ လုပ်ဖူးကြတယ်။ ဆေးကုတယ်။ လိုအပ်တဲ့ဆေးတွေကို ရွာက ပိုက်ဆံစိုက်ပြီး မြို့ကို မှာပေးကြတယ်။ အဲဒီမှာ ရမ်းကု ကရင်ဆေးမှူးက သူ့ဈေးကွက်ပျက်လာတယ်။ ကိုမင်းလွင်ကို ရန်သူလို့မြင်လာတယ်။ ဒီလိုနဲ့ လီဆယ်တိုင်ပြီး သူ့ကိုဖမ်းခိုင်းတယ်။ ဖားပြကျေးရွာက ကျောင်းအုပ်ဆရာကြီးလည်း ဖမ်းခံရတယ်။ အချိန်မီ မသိရ ရင် သေသွားနိုင်တယ်။ စွပ်စွဲချက်ကကြီးတယ်။ ရန်သူ့အတွက် သူလျှိုလုပ်ပေးသလို သူ့ကို စွပ်စွဲထားတာ။ ဒါပေမယ့် ကိုမင်းလွင်က ကေအဲန်ယူက တပ်ရင်းမှူး ဗိုလ်မှူးဂျိုးကို ဆေးကုပေးဖူးတယ်။ ရင်းနှီးတယ်။ “မင်းတို့ ငါ့ကို သတ်မယ်ဆို ရင် ဗိုလ်မှူးဂျိုးကိုတော့ ပြောပေးဦး၊ အရမ်းတော့ မသတ်နဲ့” ဆိုပြီး သူက တောင်းဆိုတယ်။ ဗိုလ်မှူးဂျိုးက သိတော့ ABSDF ဗဟိုကို အကြောင်းကြားပေးတယ်။ ဒီလိုနဲ့ ဗဟိုက ဒေါက်တာသောင်းထွန်း နဲ့ ကိုအောင်ထူးတို့က သူ့ကို လာ ကယ်ထုတ်ပေးတယ်။ မာနယ်ပလောကို ခေါ်သွားတယ်။ သူက မနေဘူး ပြန်လာပြီး၊ အဲဒီရွာမှာပဲ ဆက်ဆေးကုပေးပြန် တယ်။

ကျနော်နဲ့ ကျနော်တို့တပ်ဖွဲ့ဝင်အချို့ကတော့ ရေးတောင်ပိုင်းဒေသမှာ လှည့်နေတုန်းပဲ။ ကျနော်တို့ နီးစပ်တဲ့ အုပ်စုထဲက ဆိုရင် ကိုသက်ဌေးနိုင် ကျန်နေသေးတယ်။ ကိုဝင်းနိုင်ဦးနဲ့အတူ လိုက်လာခဲ့တဲ့ ကိုအောင်ကတော့ မြန်မာပြည် ပြန်သွားပြီ။ ဒီလိုနဲ့ ပူးတွဲအုပ်ချုပ်ရေးအစည်းအဝေးတခုကြောင့် ရေးချောင်းဖျား၊ ရေးအရှေ့ခြမ်းကိုလည်း ရောက်တယ်။ အဲဒီမှာ အင်အား ၁၀၀ လောက်ရှိမယ့် ဗိုလ်လယ်ဝါးဦးဆောင်တဲ့ ကေအဲန်ယူ ဗဟိုတပ် (သဝခ) အချို့နဲ့ ဆုံတယ်။ သိရသလောက် အဲသည် တပ်တွေက အရင်ကဓားပြတွေ၊ ဒါပေမယ့် ဗိုလ်ချုပ်မြက စည်းရုံးသိမ်းသွင်းလို့ ကေအဲန်ယူဖြစ်လာတယ်။ ဒါနဲ့ပဲ သူတို့ကို ဗဟိုတပ် (သဝခ) တံဆိပ်တပ်စေပြီး ကေအဲန်ယူက ထိန်းချုပ်တယ်။ သူတို့နဲ့အတူ ရွာတွေကို တွဲသွားကြတော့ ရွာတွေက မကြည်ဖြူကြဘူး။

ကျနော်တို့ ကလိန်ကန်စခန်းမှာနေစဉ်ကာလ မွန်ပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့ (ယခု မွန်ပြည်သစ်ပါတီ က နားလိုက်ပြီး၊ ရေးမြို့နယ်မှာ နေတယ်။ မော်လမြိုင်အခြေစိုက် သံလွင်တိုင်းမ်သတင်းစာ အယ်ဒီတာချုပ်လုပ်နေတယ်) နဲ့ ရင်းနှီးလာတယ်။ သူတို့အိမ်က ကျနော်တို့ စခန်းက လျှောက်ထွက်လိုက်ရင် နီးတဲ့ရွာလမ်းဘေးမှာ ရှိပြီး၊ သူ့အမျိုးသမီးက လည်း စိတ်ထားကောင်းတယ်။ စားအိမ်သောက်အိမ် ဖြစ်လာတယ်။ နိုင်ချမ်းတွဲ့ကလည်း ကျနော်တို့ကို နိုင်ငံရေး သင်ကြား ပို့ချမှုတွေ လုပ်ပေးခဲ့တယ်။

သူက ပြောတယ်။ “ခင်ဗျားတို့ အရွယ်ကောင်းတုန်း သွားနိုင်သလောက်သွားပါ။ ဒါဟာ တချိန်မှာ အဖွဲ့အစည်းအတွင်း ကိုယ့်အခန်းကဏ္ဍအတွက် အရေးကြီးလာလိမ့်မယ်” လို့ ဆိုတယ်။ ဗိုလ်ချုပ်ခင်ညွန့်က ရဟတ်ယာဉ်ရှိတော့ သူက ရဟတ် ယာဉ်နဲ့ သွားတာပေါ့ဗျာ။ အဲသည်အချိန်က ဗိုလ်ချုပ်ခင်ညွန့်က လျှမ်းလျှမ်းတောက်၊ နေရာတကာ သူ့မျက်နှာ လှည့်လည် နေချိန်။ “ကျနော်တို့ကတော့ ရဟတ်ယာဉ်တော့ ဘယ်ရှိမလဲ။ ဒီတော့ ကိုယ့်ခြေထောက် ကိုယ်အားကိုး သွားလာရမှာပေါ့။ အရွယ်ကောင်းတုန်းမှာ သွားနိုင်သမျှ သွားသာသွားပါ။ ရှေ့တန်းမှာလည်း များများနေပါ” သူက တိုက်တွန်းတယ်။ အခု အချိန်မှာတော့ သူ ဘာဖြစ်လို့ မွန်ပြည်သစ်ပါတီက နားသွားသလဲ၊ ကျနော် မစဉ်းစားတတ်ဘူး။ အကြောင်းတွေတော့ ရှိမှာ ပေါ့။

နောက်တခုက ရေးအရှေ့ခြမ်းဒေသက ကျောင်းရွာကိစ္စနဲ့ ပတ်သက်တယ်။ ကျောင်းရွာမှာ အစိုးရစစ်တပ်က တပ်စုတစု လာထိုင်တယ်။ နောက်တော့ စစ်သားတွေနဲ့ ရွာသူတွေ အိမ်ထောင်ကျ၊ ကြာလာတော့ ကျောင်းရွာက အစိုးရတပ်အတွက် အမာခံရွာ ဖြစ်သွားတယ်။ ကျနော်တို့ ကပ်လို့မရဘူး။ ရွာသားတွေက သတင်းပေးတယ်။ တနိုင်ငံလုံး ဒီမိုကရေစီအရေး ဒီလောက် စိတ်ဝင်စားထောက်ခံနေကြတာ ကျောင်းရွာက စစ်အစိုးရ အမာခံဆိုတော့ ကျနော်တို့က စိတ်ဆိုးကြတယ်။ ကျနော်တို့ သွားရာလမ်းက ကျောင်းရွာက ကန့်လန့်ကန့်လန့် ဖြစ်နေတယ်လို့ ထင်မိတယ်။ ဒါနဲ့ တရက်မှာ နိုင်ချမ်းတွဲ့နဲ့ ဆုံတုန်း စကားပြောဖြစ်ကြတယ်။

ကျနော်တို့က လူငယ်ပီပီ “ကျောင်းရွာကို လက်နက်ကြီးနဲ့ ပစ်ထဲ့ရင်မဖြစ်ဘူးလား၊ ပညာပေးကြရအောင်” ဆိုတာမျိုး ပြောဆိုဆွေးနွေးကြတယ်။

နိုင်ချမ်းတွဲ့ကတော့ ပြန်ပြောတယ်။ “အဲသလို လုပ်လို့မရဘူး ဗျ။ ကျနော်တို့က အစားထိုးစရာ အခြားတခု (alternative) ကို ရှာဖို့လိုတယ်။ ဒီရွာလူကြီးက ရန်သူ့အမာခံဖြစ်နေတယ် ဆိုပါတော့ဗျာ။ သူ့ကို သွားသတ်လိုက်တာက အဖြေ မဟုတ်ဘူးဗျ။ သူ့ကို အစားထိုးနိုင်ဖို့ ကျနော်တို့ အမာခံတယောက် ကို ရွေးဖို့လိုတယ်။ ကျနော်တို့လူက တဖြည်းဖြည်းနဲ့ တဖက်လူကို ပြိုင်ဆိုင်နိုင်ဖို့ လုပ်လာရမယ်။ ကျနော်တို့ အမာခံလူက အဆင်သင့် ရယ်ဒီဖြစ်တဲ့ အချိန်မျိုးမှာမှသာ တဖက်လူကို ဖယ်ရှားဖို့ လုပ်ရတယ်။ ပြည်သူလူထုက နားလည်သဘော ပေါက်လာဖို့လည်း အချိန်ပေးရမယ်၊ စည်းရုံး ရမယ်” သူက အဲသလို ရှင်းပြတယ်။ ကျနော်တသက်စာ မှတ်မိသွားတယ်။ နောက်ပိုင်းမှာလည်း ဒီလိုအဖြစ်တွေကို သတိထားကြည့်မိတယ်။

အီရတ်နိုင်ငံကို အမေရိကန် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအပြီး အမေရိကန်တပ်တွေ ၂၀၀၃ မှာ ဝင်တိုက်တော့ ကြားဖြတ် အုပ်ချုပ်ရေးမှူး ပေါ ဘရီမာက လက်မှတ်တချက်ထိုးပြီး၊ ဆက်ဒမ်ဟူစိန်ရဲ့ အီရပ်တပ်ကြီး ကို ဖျက်သိမ်း လိုက်တယ်။ အစားထိုးစရာ ပြင်ဆင်မထားခဲ့ဘူး။ နောက်ပိုင်းမှာ မဆုံးနိုင်၊ မပြီးနိုင် သူပုန်ထတိုက်ခိုက်မှုတွေ ဖြစ်လာ ခဲ့တယ်။ အလုပ် လက်မဲ့ဖြစ်သွားတဲ့ အီရတ်တပ်မတော်သားတွေကပဲ ထကြွပုန်ကန်ကြတော့တာ။ အလားတူပဲ၊ အခု NLD အစိုးရတက်လာ တော့ အရင်လူလုပ်သမျှ ခပ်လွယ်လွယ် ပယ်ဖျက်ပစ်နေတာ တွေ့ရတယ်။ အစားထိုးပြင်ဆင်မှု (alternative) ကို သေချာ မပြင်ဆင်ထားဘူး ထင်မိတယ်။

ပုံစာ – ကဗျာဝ ကမ်းခြေမှာ (ပြည်တွင်း ၂ ဦး၊ ကိုမျိုးသန့် (ယခုကနေဒါ)၊ မိမိ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်