အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၈)

December 21, 2017

● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၈)
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၇

● ဘုရားသုံးဆူ နေ့ရက်များ (၁၆)
ကျနော်တို့ ရေးတောင်ပိုင်းမှာ ရှိနေတုန်းပဲ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဖြစ်တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ABSDF ဗဟိုကော်မီတီ ကိုယ်၌က ရပ်တည်ချက် မသေချာလှဘူး။ အစောပိုင်းမှာ စစ်အစိုးရက ကျင်းပတဲ့ရွေးကောက်ပွဲဟာ တရား မျှတမှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌ကလည်း အကျယ်ချုပ်ချခံထားရတယ်။ ကျန်ပါတီတွေကိုလည်း လွတ်လပ်စွာ စည်းရုံးမဲဆွယ်ခွင့် မပြုဘူး။ ဒါကြောင့် မထောက်ခံဘူး၊ ဆန့်ကျင်ဖျက်ဆီးရမယ်ဆိုတဲ့ သဘောထား ကြေညာ ချက်မျိုး တွေ့ဖူးတယ်။ နောက်တော့ ရွေးကောက်ပွဲနီးလာတော့ သဘောထားပြောင်းပြန်တယ်။ ပြည်သူလူထုရဲ့ သဘော ထားကို လေးစားလိုက်နာမယ်၊ ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးမှာ မဟုတ်ဘူး ဆိုတာမျိုး ပြန်ပြီး ကြေညာချက်ထုတ် ပြန်တယ်။ ကျနော်တို့ကတော့ ဗဟိုနဲ့ တိုက်ရိုက် စက်ဆက်သွယ်ရေး ရှိနေတာမဟုတ်ဘူး။ ရေဒီယိုက သတင်းတွေကပဲ နားထောင်ပြီး ကြားနေရတာ။

အဲသည်တော့ ရွေးကောက်ပွဲနီးတဲ့ကာလမှာ ကျနော်တို့တပ်တွေက မွန်ပြည်သစ်ပါတီက (၁၁၁) တပ်ရင်း၊ ဒု-ရင်းမှူး ဗိုလ်မှူးကျော်စိုးနဲ့ တွဲနေရတယ်။ ကျနော်တို့ နေထိုင်ရာရွာတွေမှာ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ဘူး။ ရေးမြို့ပတ်ဝန်း ကျင်တဝိုက် လုံခြုံရေးကောင်းတဲ့ရွာတွေမှာသာ သူတို့ရွေးကောက်ပွဲကို ကျင်းပနိုင်ကြတယ်။ ရွေးကောက်ပွဲမတိုင်မီ ဗိုလ်မှူး ကျော်စိုးက မိန့်ခွန်းပြောတယ်။ “ဒီရွေးကောက်ပွဲကာလမှာ ရေးမြို့မှာ အမြောက်သံ၊ ဗုံးသံတွေ ကြားနေစေရမယ်” လို့ ဆိုတယ်။ လက်တွေ့မှာ မလုပ်နိုင်ပါဘူး။ ရွေးကောက်ပွဲကာစစ် အနေနဲ့ စစ်အစိုးရတပ်တွေက ရှေ့တန်းထွက်လာလို့ ကျနော်တို့လည်း ရွာတွေကရှောင်တိမ်း၊ ကင်းချ၊ စစ်ကြောင်းကို ချောင်းနေကြရတယ်။ နောက်တော့ နောက်ပြောင် တတ်တဲ့ ရဲဘော်တွေကဆိုတယ်။ “ဗုံးသံ၊ သေနတ်သံတွေကို ကက်ဆက်တိပ်နဲ့ သွင်းပြီး၊ ရွေးကောက်ပွဲနေ့မှာ ရေးမြို့ မှာများ သွားဖွင့်ထားလေသလား” လို့ ရယ်စရာအဖြစ် ဆိုကြတယ်။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်တွေ နိုင်တာကို၊ ကျနော်တို့က ရေဒီယိုကနေ နားထောင်ပြီး ကြိတ်ဝမ်းသာနေကြတယ်။ တောင်ပြိုကမ်းပြို နိုင်တာကိုလည်း နှစ်ထောင်းအားရ ရှိလှတယ်။ အကယ်၍ NLD က အစိုးရဖွဲ့နိုင်ခဲ့ရင်၊ ဒါမှမဟုတ် စစ်အစိုးရနဲ့ NLD ညှိနှိုင်း ဆွေးနွေးမှုတွေ ဖြစ်လာရင်၊ ကျနော်တို့ အိမ်ပြန်ရဖို့ ဖြစ်လာမှာပေါ့။ အိမ်ပြန်တဲ့အခါ ကျောင်းပြန်တက်ဖို့လည်း စဉ်းစားကြရ မယ်။ ဒီလိုလည်း တိတ်တခိုး မျှော်လင့်နေမိတယ်။ ဒါပေမယ့်လည်း အခြေအနေကို မယုံရဲရဲ ရှိလှတယ်။

အဲဒီကာလ နောက်ပိုင်းမှာ ကိစ္စတခုကြောင့် ကျနော်နောက်တန်း ပြန်တက်ရဖို့ ရှိလာတယ်။ ကျနော်နဲ့အတူ ကိုမြင့်အောင် (ဂုရု)၊ ကိုဝင်းဆန်း၊ ရုံးအဖွဲ့က တဦး-နှစ်ဦး.. စသည်ဖြင့် နောက်ထပ်ရဲဘော် နည်းနည်းပဲပါလာတယ်။ ကျနော်တို့ပြန်ခါနီး တော့ မွန်ပြည်သစ်ပါတီ ကော်မီတီတဦးက လူတယောက်ကို ကျနော်တို့နဲ့အတူ ထည့်ပေးလိုက်မယ် ပြောတယ်။ ကျနော် တို့အတူ ခေါ်သွားပေးဖို့ပေါ့။ အဲဒီ မွန်တယောက်လည်း ကျနော်တို့နဲ့အတူ ပါလာခဲ့တယ်။ လမ်းမှာ ငါးပက်လိုက်၊ ဟင်းစား ရှားလိုက်၊ ထမင်းချက်ပြုတ်တာတွေ သူကလည်း ကူညီပါလာခဲ့တယ်။ ဆိုးတာက အဲဒီသူက မွန်ဗဟိုရောက်ရင် အချုပ်ကျ ခံရမယ့် အချုပ်သား၊ ဒါပေမယ့် ကျနော်တို့ကို အချုပ်သားမှန်း မပြောလိုက်ဘူး။ အချုပ်သားမှန်းသာသိရင် ကျနော်တို့ လည်း လုံခြုံရေးသတိပိုရှိမှာပေါ့။ သာမန်ရဲဘော်တဦးလို့ ထင်တော့ သူ့ကိုလည်း အဖော်ပါလာသလို ခပ်ပေါ့ပေါ့ပဲ ထားမိ တယ်။ ဗဟိုရောက်လို့ လွှဲပြောင်းပေးလိုက်မှသာ အချုပ်ကျခံရမယ့်ရဲဘော်မှန်း သိရတယ်။ လမ်းမှာ ဘာမှပြဿနာမတက် တာ တော်သေးရဲ့လို့ သက်ပြင်းချမိတယ်။ တော်တော်ဆိုးတဲ့သူတွေ။

ကျနော်တို့ ပြန်တက်တဲ့လမ်းက ခေါဇာရွာကနေ လမ်းလျှောက်ရင် ‘အလယ်စခန်း’ ဆိုတဲ့ရွာကို ရောက်တယ်။ အဲဒီရွာက နည်းနည်းသွားပြီး၊ ရေး-ထားဝယ် ကားလမ်းမကြီးကို ဖြတ်ကြရတယ်။ တခါတလေ ဒီလမ်းပေါ်မှာ စစ်ကားတွေ၊ အရပ် ကားတွေ ဖြတ်တတ်တယ်။ ကားလမ်းကတော့ ခုခေတ်လို မကျယ်ပြော၊ မကောင်းသေးဘူး။ ကားလမ်းဖြတ်တဲ့အခါ သတိ ထားပြီး ဖြတ်ကြရတယ်။ တဖက်ကို ကူးပြီးရင်တော့ ကိုယ့်နယ်ဖြစ်သွားပြီ၊ အဲဒီကမှ တနင်္သာရီ တောင်ညိုတောင်တန်းကြီး ကို ဖြတ်လျှောက်၊ ၂ ရက်ခွဲလောက်လျှောက်ရင် နယ်စပ်ရောက်တယ်။ အဲသည်တောင်တန်းကြီးပေါ်မှာ လျှောက်နေတဲ့ အခါ ခေါင်းပေါ်ကဖြတ်သွားတဲ့ လေယာဉ်ပျံတွေကို အမြဲလိုလို မြင်ရတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဖက်ကိုဆင်းမယ့် လေယာဉ်တွေအတွက် လမ်းကြောင်းကျပုံရတယ်။ ညဆိုရင် လေယာဉ်တွေ မီးတထိန်ထိန်နဲ့ ဖြတ်ပျံသွားတာ မြင်ရတယ်။ ကျနော်တို့က တောင်တွေပေါ်မှာ ချွေးတလုံးလုံးနဲ့ လျှောက်နေရတဲ့ အချိန်မှာ ဒီလေယာဉ်တွေပေါ်မှာ ဘယ်လိုလူတွေများ စီးနေမှာ လဲကွာ၊ အဲသလိုမျိုး ကျနော်တို့ရဲဘော်တွေ ညည်းတတ်ကြတယ်။ တချိန် ရန်ကုန်ကိုလေယာဉ်နဲ့ ပြန်လာတော့ လည်း လမ်းမှာ အောက်ကိုငုံ့ကြည့်မိတယ်။ တချိန်က ဒီတောင်တန်းကြီးတွေပေါ်မှာ ခြေထောက်တွေနဲ့ သွေးခဲ့ရတဲ့ ဘဝ တွေကို ပြန်မြင်ယောင်မိသေးတယ်။

ကျနော်တို့အဖွဲ့ အပြန်လမ်းမကူးခင်မှာ အလယ်စခန်းရွာရောက်တော့ မှောင်စပျိုးနေပြီ။ ကျနော်တို့ အိမ်ကြီးကြီးတလုံး ကို ရွေးပြီး နားကြတယ်။ ကျနော်တို့ရုံးအဖွဲ့ကို နေရာချတယ်။ အိမ်ကတော့ နှစ်ထပ်အိမ်၊ အောက်ခြေမှာ ဝါးထရံကို အပြည့် မကာထားနိုင်ဘူး။ အချို့အခြမ်းတွေ လွတ်နေကြတယ်။ အပေါ်ထပ်မှာတော့ အိပ်ခန်းတခန်းရှိတယ်။ ကျနော်တို့ကတော့ ဘုရားစင်ရှေ့နဲ့ ဝရံတာမှာ နေရာချကြတယ်။ ချက်ပြုတ်စားသောက်ပြီး၊ နည်းနည်းမှောင်တဲ့ အချိန်ကျတော့မှ လူတအုပ် ထပ်ရောက်လာကြတယ်။ နွားကုန်သည်တွေပဲ။ သူတို့က နွားတွေကို မောင်းလာပြီး၊ နယ်စပ်မှာ သွားရောင်းဖို့ ရောက်လာ ကြတာ။ သူတို့လည်း ကျနော်တို့တည်းတဲ့ အိမ်မှာပဲ စတည်းချကြတယ်။ ကျနော်တို့လည်း မီးမရှိမှောင်နေတာရယ်၊ ခရီး ပန်းလာတာရယ်ကြောင့် စောစောပဲ အိပ်ပျော်သွားကြတယ်။

မနက် ၄ နာရီလောက်မှာ ဆူဆူညံညံ အသံတွေကြားရတယ်။ အမျိုးသမီး ငိုသံတွေပါ ကြားရတယ်။ ကျနော်တို့အဖွဲ့လည်း လန့်နိုးလာကြတယ်။ ဘာဖြစ်တာလဲ စူးစမ်းကြည့်တော့ အမျိုးသမီးအခန်းထဲကို လူဝင်တယ်လို့ ဆိုတယ်။ ကျနော်လည်း ခေါင်းနပန်းကြီးသွားတယ်။ အဲဒီအချိန်မှာ အမျိုးသမီးရဲ့ အမေဖြစ်သူကတော့ မီးခွက်တခုထွန်းပြီး တရွာလုံးကို အသံကျယ် ကျယ်နဲ့ မွန်လိုလှည့်ပြောနေတယ်။ ရွာလူကြီးဖြစ်သူကိုလည်း သွားတိုင်တယ်။ “ကျောင်းသားအဖွဲ့က တယောက် သူ့သမီး အခန်းကို တက်တယ်ပေါ့”။ ဒါကြောင့် သူ့သမီးက ငိုနေတာ။ တရွာလုံး နိုးထလာပြီး အုံးအုံးကြွက်ကြွက် ဖြစ်လာတယ်။
ကျနော်လည်း ချက်ချင်းလူစစ်တယ်။ ကိုယ့်လူတွေ ဘယ်သူမှ မပါဘူး။ လွတ်ကင်းတယ်။ ချက်ချင်းထုပ်ပိုး သိမ်းဆည်းဖို့ အမိန့်ပေးတယ်။ ပြီးတာနဲ့ ရွာဥက္ကဋ္ဌနဲ့သွားတွေ့တယ်။ ကျနော်တို့အဖွဲ့က တယောက်မှ မပါကြောင်း၊ လွတ်ကင်းကြောင်း ရှင်းပြတယ်။ ပြီးတဲ့အခါ ချက်ချင်းပဲ၊ မှောင်ရီပျိုးပြမှာ ရွာကထွက်လာခဲ့တယ်။

ဖြစ်ပုံကတော့ အဲသည်ကျနော်တို့တည်းတဲ့အိမ်မှာ အမျိုးသမီး ၂ ယောက်ပဲ ရှိတယ်။ အမေရယ်၊ သမီးရယ်၊ သမီးမှာ ယောက်ျားရှိတယ်။ ဒါပေမယ့် သူ့ယောက်ျားဖြစ်သူက ထိုင်းမှာအလုပ်သွားလုပ်နေပြီး၊ ပြန်မလာတော့ဘူး။ တခုလပ်လို ဖြစ် နေခဲ့တယ်။ အဲသည်တော့ သူတို့ကြံမိကြံရာ ကြံတော့တာပဲ။ ကျနော်တို့ ကျောင်းသားအဖွဲ့က တယောက်ယောက်ကို အမိဆွဲတာ၊ ညပိုင်း သေးထပေါက်တဲ့ အချိန်မျိုးလောက်မှာ လှေခါးထိပ်ကနေ၊ လူချင်းလုံးပြီး အခန်းထဲကိုဆွဲထည့်တာ။ ဒါပေမယ့် ကံကောင်းထောက်မစွာ ကျနော်တို့အဖွဲ့က လူတွေက လွတ်သွားပြီး၊ နွားကုန်သည်အုပ်စုထဲက တယောက်က တော့ ‘ကံဆိုးသူမောင်ရှင်’ ဖြစ်သွားခဲ့တယ်။ နောက်ပိုင်း ပြဿနာကို ဘယ်လိုဆက်ရှင်းကြသလဲတော့ မသိဘူး။ ကျနော် တို့လည်း ပြန်တွေးမိတိုင်း ခေါင်းကြီးတယ်။

ဒီလို ရွှေ့ပြောင်းလုပ်သားပြဿနာနဲ့ မိသားစု၊ အိုးအိမ်ပြိုကွဲရတာတွေက မွန်ကျေးရွာအများစုမှာ ဖြစ်နေတယ်။ ရွာတွေမှာ လူငယ် လူရွယ်တွေ မရှိတော့ဘူး။ ယောက်ျားတွေ နည်းသွားတယ်။ အချို့ရွာတွေမှာ နယ်စပ်က ပြန်သယ်လာကြတဲ့ ကိုယ်ခံအားကျ ကူးစက်ရောဂါ ခံစားနေရတယ်ဆိုတဲ့ သတင်းတွေလည်း ရှိနေခဲ့တယ်။ ကြာလေလေ၊ ပိုဆိုးလာလေလေ။ ရွာတွေမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပဲ ကျန်တော့တယ်ဆိုတာ မွန်ရွာတွေမှ မဟုတ်ဘူး။ ကရင်ပြည်နယ်ထဲက ကျေးရွာတွေမှာလည်း ဖြစ်လာနေတယ်။ ဒါဟာ တဖက်မှာ ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေ၊ အလုပ်အကိုင် အခွင့် အလမ်းနည်းပါးမှုတွေကြောင့်လို့ အပြစ်ပုံချရင် ရသလို၊ တဖက်မှာလည်း ဒီလိုရွှေ့ပြောင်းအခြေချမှုတွေကြောင့် ပြည်တွင်း စစ်မှာ တိုက်ခိုက်ဖို့ စစ်သားနည်းပါးလာမှု ပြဿနာကို မြန်မာ့တပ်မတော်ရော၊ တော်လှန်ရေးဖက်က တပ်တွေရော ကြုံတွေ့လာနေရတယ်။ လောလောလတ်လတ် ကျနော်တို့အဖွဲ့တွေ ကြုံတွေ့လိုက်ရတာကတော့ မိသားစုတခုအတွင်း အိမ်ထောင်စုပြိုကွဲမှု၊ အားကိုးရာ ပြိုကွဲမှု၊ ကြံရာမရဖြစ်မှုအဆင့် အနိမ့်ဆုံး ပြဿနာတွေပါပဲ။ ကံကောင်းလို့ လွတ်လာ တယ်ပဲ တွေးမိတယ်။ ကျနော်သာ အခန်းထဲလုံးပြီး လှဲချခံရတဲ့သူဆိုရင် ဘယ်လိုနေမလဲ။ မတွေးရဲဘူး။ ဘာစစ်ပွဲတပွဲ မှ မတိုက်လိုက်ရဘဲ ကျရှုံးသွားနိုင်တယ်။ ကိုယ့်အနာဂတ်ကြီးတောင် စောက်ထိုးမှောက်ခုံ ပြောင်းလဲသွားနိုင်သေးတာပေါ့။
အကယ်၍ ကျနော်တို့ရဲဘော်တယောက်ယောက် လှဲချခံရတယ်ဆိုရင်ရော။ ရှင်းပါတော့ မပြီးမစီးနိုင် ပြဿနာတွေ။ ကျနော်တို့ ကျောင်းသားတပ်ဖွဲ့ ဂုဏ်သိက္ခာကျမယ်။ မထင်မှတ်ထားတဲ့ ကိစ္စတွေ စီရင်ရတာ၊ ရွာကို မဟုတ်ဘဲ တောင်းပန် ရတာတွေ၊ မဟာမိတ်မွန်ပြည်သစ်တပ်ဖွဲ့တွေနဲ့ ဆွေးနွေးပြောဆိုရတာတွေနဲ့ အလုပ်ရှုပ်မယ်။ အနည်းဆုံး ကျနော်တို့ အပြန်ခရီးစဉ်က ရက်အနည်းငယ် နောက်ကျပြီးမှ ဖြစ်နိုင်မယ်။ ပြန်တွေးမိရင် ကျောချမ်းနေသေးတယ်။

ကျနော်တို့ နောက်တန်းပြန်ရောက်ပြီး၊ သိပ်မကြာခင်မှာပဲ ကျန်တဲ့တပ်ဖွဲ့တွေပါ ပြန်ခေါ်ရဖို့ ဖြစ်လာတယ်။ အကြောင်းက တော့ မွန်ပြည်သစ်ပါတီက ကျနော်တို့ ကလိန်ကန်စခန်းကနေပြီး လအနည်းငယ်အချိန်ယူပြီး ထွက်ခွာကြဖို့၊ ပိုပြီး တောင်ပိုင်းကျတဲ့ နတ်အိမ်ထောင်စခန်းမှာ ပြောင်းပြီးအခြေချကြဖို့ ပြောလာတယ်။ နတ်အိမ်ထောင်စခန်းကတော့ ထိုင်း နိုင်ငံ သုံဖာဖုံ (Thom Pha Phom) မြို့ကလေးကနေ သွားရင်၊ ဘန်အိတောင် (Ban I-Tong) ဆိုတဲ့ နယ်စပ်ရွာကလေး ရှိတယ်။ မြန်မာဖက်အခြမ်းကတော့ မတ်စောက်တဲ့ တောင်ကြီးရှိပြီး နယ်စပ်စခန်းကို “နတ်အိမ်ထောင်”လို့ ခေါ်ကြတယ်။ အဲဒီနေရာက မွန်-ကရင် စပ်ကြားဒေသလို့ ဆိုနိုင်သလို၊ ကေအဲန်ယူတပ်ဖွဲ့တဖွဲ့၊ ကျနော်တို့ ABSDF က တပ်ရင်း (၂၀၁) တပ်ခွဲတခုလည်း ရှိနေတယ်။ ဘာဖြစ်လို့ နတ်အိမ်ထောင်ဒေသကို ပြောင်းရွှေ့ဖို့ ဖိအားပေးတာမှန်း ကျနော်တို့ နားမလည် ကြဘူး။ မွန်လူကြီးတွေကလည်း သေချာမပြောကြဘူး။

လတ်တလောပြဿနာကတော့ တပ်ရင်း (၁၀၁) က ရဲဘော်အချို့က အရက်မူးပြီး၊ ထိုင်းသစ်တင်ကားအချို့ကို သေနတ်ပြ ပြဿနာ သွားရှာတယ်။ ဒါကြောင့်မိုလို့ ပြဿနာတက်တယ်လို့လည်း အချို့က ဆိုကြတယ်။ အဲဒီအချိန်မှာ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေကို အာဏာမလွှဲတော့ဘူး။ ဖမ်းမယ်၊ ဆီးမယ် ဖြစ်လာတယ်။ အဲဒီအခါ NLD အဖွဲ့ဝင်အများအပြား တောခိုလာကြမယ်။ ဗိုလ်မှူးကြီး ဦးစိန်မြဦးဆောင်တဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်) မှာ ပူးပေါင်းလာကြမယ်။ မွန်ပြည် သစ်ပါတီက ဒီအခြေအနေကို မျှော်ကိုးပြီး၊ NLD တပ်ကို လက်ခံမယ်။ ကျောင်းသားတွေကို နှင်ထုတ်တယ်ဆိုတာမျိုးလည်း တွက်ဆ ပြောဆိုကြတယ်။ ၁၉၉၀ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက် ဖြစ်မယ်။

အခုမှ ကျနော်ပြန်မေးတော့၊ မွန်ပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး (ဟောင်း) နိုင်ချမ်းတွဲ့ က ပြန်ရှင်းပြတယ်။ “ဟုတ်တယ်။ ကျနော်တို့ ကျောင်းသားတွေကို နှင်ထုတ်ရတဲ့ကိစ္စကတော့ ဗဟိုအလုပ်အမှုဆောင် (EC) ဆုံးဖြတ်ချက်နဲ့ လုပ်တာပါ။ အဓိကအကြောင်းကတော့ ထိုင်းဖိအားပေါ့။ ထိုင်းက ကျနော်တို့ မွန်ပြည်သစ်ပါတီကို အပစ်ရပ်စဲရေးလုပ်ရ အောင် ဖိအားတိုးပေးလာနေတယ်။ ကျနော်တို့ တွက်ဆတာက ခင်ဗျားတို့ကျောင်းသားအဖွဲ့တွေက ပိုလို့ အာရုံစူးစိုက်စရာ အကြောင်းဖြစ်စေတယ်။ ခင်ဗျားတို့ မရှိတော့ရင်၊ မွန်တွေအတွက် ဖိအားသက်သာသွားမလားဆိုပြီး၊ စဉ်းစားခဲ့ကြတာ လည်း ပါတာပေါ့”။ အမှန်ပဲ။ မွန်ပြည်သစ်ပါတီအပေါ် စစ်အစိုးရနဲ့ အပစ်ရပ်စဲရေး သဘောတူညီမှုလုပ်ဖို့ ထိုင်းက ဖိအားတိုးပေးလာနေခဲ့တယ်။ တဖက်မှာလည်း တနင်္သာရီတိုင်းမှာ သဘာဝဓာတ်ငွေ့တွေ တွေ့တာ၊ TOTAL တိုတယ်နဲ့ ရေနံကုမ္ပဏီတွေက ထိုင်းနိုင်ငံထဲ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တင်ပို့မယ့် ပိုက်လိုင်းဖောက်ဖို့ ကိစ္စနဲ့ ထိုင်းတွေက အကျိုးစီးပွားတွေ မြင့်မားလာနေတယ်။ နောက်ပိုင်းမှာ ထိုင်းက မွန်ပြည်သစ်ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ထောမွန်၊ နိုင်ရသ၊ နိုင်ဟံသာတို့ကို ဖမ်းဆီး တာတွေတောင် ရှိခဲ့တယ်။ နယ်စပ်ကိုပိတ်ဆို့တယ်။ နောက်ဆုံး မွန်ပြည်သစ်ပါတီက ၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ရတယ်။ ဒါပေမယ့် နိုင်ချမ်းတွဲ့ရဲ့ မိန်းမကတော့ မြန်မာလို သိပ်မတတ်-တတတ်နဲ့ ပြောတယ်။ “နင်တို့ ကျောင်းသားအဖွဲ့တွေ မရှိတော့ရင် ငါတို့ မွန်မလေးတွေ အလှရှိတော့မှာ မဟုတ်ဘူး” တဲ့။ သူဆိုလိုတာက ကျနော်တို့အဖွဲ့တွေ မရှိတော့ရင်၊ မွန်မလေးတွေ အလှ ပြင်ပြင်ဆင်ဆင် မရှိတော့ဘဲ နေမှာကိုပြောတာ။

ဒီလိုနဲ့ ကျနော်တို့ အုပ်ချုပ်မှုကော်မီတီဝင်တွေ တိုင်ပင်အစည်းအဝေး ထိုင်ကြတယ်။ တပ်ရင်း (၁၀၁) နဲ့ (၁၀၂) က နတ် အိမ်ထောင်ဒေသဖက် အကဲကြည့်ဖို့ အဖွဲ့တွေလွှတ်ကြတယ်။ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလထဲမှာ ကရိန်းကန်းစခန်းကနေပြီး၊ နတ်အိမ်ထောင်ဒေသကို ရဲဘော်တွေကို စစ်ကြောင်း ၂ကြောင်းခွဲလွှတ်တယ်။ ပထမစစ်ကြောင်းက စခန်းနေရာ ရှာဖွေရေး နဲ့ ဆောက်လုပ်ရေးစစ်ကြောင်း၊ ကျန်စစ်ကြောင်းတကြောင်းကတော့ တပ်ရင်း (၁၀၂) မှ ကိုကိုဦး ဦးဆောင်တဲ့ ရေး တောင်ပိုင်းဒေသကတဆင့် စည်းရုံးရေးစစ်ကြောင်းပဲ။ ကျနော်တို့ ခွဲ (၂) ကတော့ မာနယ်ပလော ဒေသဖက်ကို တက်မယ် လို့ ဆုံးဖြတ်ကြတယ်။ ဥက္ကဋ္ဌဖြစ်သူ ကိုမိုးသီးဇွန်ကို ဆက်သွယ်တော့ သူကလည်း သူရှိနေရာ မာနယ်ပလောဒေသကို လာစေချင်တယ်။ ကျန်တဲ့ ကျနော်တို့ရဲဘော် ၅၀ နီးပါးက (အချို့ထွက်သွားကြသူတွေ ရှိသလို၊ အချို့လည်း တာဝန်တွေနဲ့ အခြားဒေသ ရောက်နေကြတယ်) မာနယ်ပလောကို ရွှေ့ဖို့ ဆုံးဖြတ်ကြတယ်။

ရေးတောင်ပိုင်းဆင်းတဲ့ စစ်ကြောင်းကာလတလျှောက်မှာ အရုတောင်ကျေးရွာ တိုက်ပွဲမှာ ABSDF က ၆ ဦးကျတယ်။ စစ်အစိုးရစစ်ကြောင်းက အဝေးထိုးသဘော ထိုးလာပြီး၊ မနက်ဝေလီဝေလင်း ထိုးစစ်ဆင်တာ။ (၁၉၈၉ သြဂုတ်)၊ ၁၉၉၁ ဇန်နဝါရီလမှာ ရင်းရဲကျေးရွာတိုက်ပွဲမှာ ရေးမြို့သား တပ်ရင်း (၁၀၂) က တပ်မှူးကိုကိုဦး ကျတယ်။ ရဲဘော်တယောက် ကတော့ RPG လက်နက်ပေါက်ထွက်ပြီး နောက်ထွက်မီးနဲ့ ကျဆုံးရတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်