လင်းသက်ငြိမ် ● အိမ်

December 21, 2017
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

● အိမ်
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၇

စိန်ပန်းပင်တွေ ဝဲယာယှက်သိုင်းနေတဲ့လမ်းကလေးထဲ ကားသည် ဝင်ရောက်လာခဲ့ပြီ။ ရနံ့တွေ ရှူရှိုက်ချင်ပေမယ့်လည်း အဲယားကွန်းဖွင့်ထားတော့ ကားတံခါးကို ဖွင့်လို့မရပေ။ ဒါ ကျနော့်မြို့ဖြစ်သည်။ ကြိုဆိုပါ၏ဆိုင်းဘုတ်သည် ကားမီးရောင်မှာ တလက်လက်။ ဒေါင်းမြူးချောင်းတံတားကို အသစ်ပြုပြင်နေတာမြင်ရသည်။ ကျည်ဆံရာတွေရှိတယ်လို့ ပြောကြတဲ့ တံတား အဟောင်းအစား သံဖရိန်သစ်ကြီးများနဲ့ အစားထိုးထားကြသည်။ ကားသည် ရှောင်လမ်းမှ တဖြည်းဖြည်းမောင်းဝင်လာခဲ့ပြီး မြို့ထဲကို ဝင်ရောက်လာခဲ့သည်။ ဂိတ်ဆုံးအထိစီးရမှာဖြစ်ပေမယ့်လည်း ကျနော်မတ်တပ်ထရပ်မိသည်။ အထုပ်အပိုးတွေကို စင်ပေါ်ကချမိသည်။ ကျနော်လျှောက်ဖူးတဲ့လမ်းတို့သည် ကျနော့်ကိုပြန်ကြည့်နေကြသည်ဟု ထင်မိသည်။

ကားဂိတ်ကိုရောက်တော့ အဖေလာကြိုနေသည်။ အအေးဓာတ်ကို ရှူရှိုက်မိသည်။ အဖေ့ဆိုင်ကယ်နောက်မှာထိုင်ပြီး အိမ် ကိုပြန်လာခဲ့သည်။ လျှပ်စစ်မီးရောင်များ ဟိုတစ ဒီတစ။ လမ်းသည် မညီမညာ။ ဆိုင်ကယ်မီးရောင်တွင် ဖုန်များတထောင်း ထောင်းထနေသည်ကို မြင်ရ၏။ သရက်ပင်များ ဇီဇဝါပန်းပင်များ အုပ်ဆိုင်းနေသည့် ကျနော့်အိမ်ကိုရောက်ပါပြီ။ အမေ သည် အိပ်ရာမှ လူးလဲပြီး ထလာရှာသည်။ အိတ်ကိုဆွဲပြီး အိမ်အပေါ်ထပ်သို့ ကျနော်တက်လာသည်။ ညီအငယ်ဆုံးလည်း အိပ်ရာကထလာ၏။ မီးခလုတ်ကိုနှိပ်ပြီး အိတ်ထဲကလက်ဆောင်များကို ထုတ်လိုက်သည်။ အမေသည် ကျနော့်ကို ငေးမော လို့။

အိမ်သားတွေကို ကျနော် ဘယ်လိုစကားစရမှန်းမသိ။ ဝယ်လာတဲ့မုန့်တွေ ပါလာတဲ့ငွေတွေကိုထုတ်ပေးပြီး သူတို့ပြောတဲ့ အသံတွေကိုသာ ငံ့လင့်နေမိသည်။ ညီနဲ့ ညီမအကြောင်းကနေ အိမ်နီးနားချင်းတွေအထိ အမေ့ရဲ့စကားရေတံခွန်သည် တ ရစပ်ကျဆင်းတော့၏။ မိုးစင်စင်လင်းလာတာနဲ့  မြို့ထဲကိုထွက်လာခဲ့ပြီး လက်ဖက်ရည်ဆိုင်ထိုင်ပြီး ကျနော် အရင်ကဆိုင်နေ ရာလေးကို ငေးမိသည်။ ဆိုင်ခန်းကလေးသည် အခုတော့ လူသစ်တွေနဲ့ ကိုယ်မပိုင်သည့်နေရာဆိုသည်မှာ ကိုယ်မရှိလျှင် တခြားဘယ်သူမဆို အစားထိုးဝင်ရောက်ရသည်က လောကဓမ္မပဲမဟုတ်လား။ ကျနော့်ရယ်သံတွေ၊ ကျနော့်ကြေကွဲမှုတွေ၊ ကျနော့်သီချင်းသံတွေ၊ ကျနော့်ကဗျာတွေ ထိုဆိုင်ခန်းကလေးထဲ ဖုန်မှုန့်တွေလို တွယ်ကျန်နေဦးမှာလား ကျနော်မသိတော့ပါ။ အရင်က ထိုဆိုင်ခန်းကလေးထဲမှာ စာအုပ်တွေ အဆင်မပြေမှုတွေ မျှော်လင့်ချက်တွေနဲ့ ကျနော်နှစ်ကာလတခုအထိ ပျော် ဝင်နေခဲ့ဖူးသည်။ ကျနော်ရေလောင်းနေကျ ဗာဒံပင်ကလေးသည် ကြီးမားအုပ်ဆိုင်း၍ စိမ်းလန်းနေလေပြီ။

တကိုယ်တော် လက်ဖက်ရည်ဝိုင်း၏ တိတ်ဆိတ်မှုက သွေးပျက်ဖွယ်။ မိတ်ဆွေသူငယ်ချင်းများလည်း သူ့အလုပ်နှင့်သူမို့ ထွက်မလာနိုင်ကြ။ လမ်းမှာဖြတ်သန်းသွားလာနေကြသူများသည် ကျနော်မသိသောလူများဖြစ်နေကြ၏။ ဇာတိမြို့ကလေး နှင့် ကျနော်သည် သူစိမ်းဆန်ဆန်အနေအထား။ ငယ်ဘဝအတိတ်မှာ စိမ်းစိုစွာထင်ကျန်နေပေမယ့်လည်း လက်ရှိအခြေအနေ မှာ ကျနော်ဟာ ရွက်ခြောက်လို ညှိုးငယ်နေရသလို ခံစားရသည်။ အလုပ်အကိုင်၊ ငွေရေးကြေးရေး စသည့်မေးခွန်းများကို ရှောင်ရှားချင်၍ ဆွေမျိုးသားချင်းများဆီလည်း ကျနော်မသွားချင်။ လက်ဖက်ရည်ဆိုင်မှထွက်လာပြီး စိတ်ဦးတည့်ရာကို ဆိုင် ကယ်စီးပြီး ထွက်လာခဲ့မိသည်။ မြို့ထဲလမ်းသည် တိုးချဲ့ထားပြီး သစ်ပင်ကြီးများမရှိတော့။ တိုက်မြင့်များ၊ ဆိုင်ခန်းသစ်များ နှင့် မြို့ဟာ အရင်ကအတိုင်း သိပ်မပြောင်းလဲဟု တွေးမိသည်။

ဒါဆို ကျနော်ကကော ဘာတွေပြောင်းလဲနေပြီလဲ ကျနော့်ကိုယ်ကျနော် ပြန်မေးမိသည့်မေးခွန်းသည် ကျနော်ကြောက်ရွံ့ သော မေးခွန်းလည်းဖြစ်လို့နေပါတော့သည်။ မပြေလည်မှုများနှင့် စုဖွဲ့ထားသည့် အတ္တဘောသည် ကျနော်ဖြစ်ပြီး၊ အခုထိ ဆုပ်ဆုပ် ပိုင်ပိုင် စီးပွားရေးလည်းမရှိ။ အတွေးအခေါ်များသည်လည်း ညံ့ဖျင်းမှုမှာကျောက်ချထားတဲ့ သင်္ဘောအိုကြီးတစင်းသာဖြစ်ပေလိမ့်မည်။ မီးရထားလမ်းနံဘေးမှ ပြန့်ကြဲနေသည့်အမှိုက်များမှာ  ကျနော့်ပုံကို ကပ်ကြည့်မိသည်။ ဘာမှ အရေးမပါ သည့် လူတယောက်မြို့ထဲ ဆိုင်ကယ်တစီးနှင့် လျှောက်သွားနေခြင်းသည် ဘယ်သူ့ကိုမှဆွဲဆောင်နိုင်မည့်မြင်ကွင်းမဟုတ် မှန်းလည်း ကျနော်သိပါသည်။ ကျနော်ယုံကြည်စွာရွေးချယ်ခဲ့သောဘဝသည် ဘာမှအသုံးမဝင်သော အမှိုက်ဖြစ်၍နေပြီ လား။ လောကထဲ ဒီလိုပဲ လွင့်မျှောနေရမှာကို တွေးကြောက်မိပါသည်။ စိတ်ကျမည်၊ အဆိုးမြင်မည်၊ ပိုက်ဆံပြတ်မည် ကျနော့်ရဲ့နိစ္စဓူဝဟာ အော်ဂလီဆန်စရာကောင်းမနေဘူးလား။

မြို့ကလေးဆီကမထွက်ခွာခင်တုန်းက ကျနော့်ကြွေးကြော်သံများသည် ကျနော့်ကို ဟက်ဟက်ပက်ပက် ရယ်မောနေကြ၏ ။ အသက်သုံးဆယ်ကျော် လူတယောက်သည် အခုထိ မတည်ငြိမ်သေးသည့် စိတ်အနေအထားနှင့် ကျနော့်ကို မြို့ကနာကျည်း နေမည်လား၊ ကရုဏာသက်နေမည်လား။

မျက်လုံးထဲဝေ့သီလာသည့် မျက်ရည်စများသည် ကျနော့်အတွက်လား၊ ကျနော့်ကိုမျှော်လင့်ထားသည့် ကျနော့်မိသားစု အတွက်လား၊ ဒါမှမဟုတ် ကျနော် မကြာခဏစွန့်ခွာခဲ့ရသည့် ကျနော့်မြို့အတွက်လား ကျနော်မတွေးတတ်တော့ပါ။ ရင် သည် ဆို့နင့်နာကျင်၍နေလေသည်။ အိမ်ဘက်ကို ခေါင်းလှည့်ပြီး မောင်းထွက်လာသည့်ဆိုင်ကယ်သည် ဖြည်းလေးစွာ။

သူမွေးထားသည့်သား၏မျက်နှာအနေအထားကို အမေဖတ်မိ၍နေပေမည်။ စကားသံတိတ်တိတ်နှင့် သူ့အလုပ်ကို သူဆက် လုပ်နေသည်။ ဆိုင်ကယ်ကို အိမ်အောက်ထိုးပြီး ကုတင်ပေါ် ကျနော်လှဲချလိုက်မိသည်။ ဗီရိုထဲကစာအုပ်တွေကိုမြင်ရသည်။ ကျနော်ပြုံးမိသည်။ ဆိုင်ပိတ်ပြီးနောက်ကျန်နေရစ်သည့်ဆိုင်းဘုတ်အဟောင်းကလေးက ခြေရင်းမှာ။ ဘဝတခုမှာ စားဝတ် နေရေးကို အခုထိ တည်ငြိမ်စွာ ဖြေရှင်းရန်မစွမ်းသေးသော လူတယောက်အတွက် အရာရာသည် သိမ်ငယ်စရာအဖြစ်တည်ရှိ နေကြသည်။ ကျနော့်မျက်နှာတွင် အပြုံးများကွယ်ပနေခဲ့သည်မှာ အချိန်ကာလရှည်လျားလှပါပြီ။ သင့်တင့်သောနှလုံးသွင်း မှုများ ဆိတ်သုဉ်းနေသော နှလုံးသားမှာလည်း ဒဏ်ရာ ဒဏ်ချက်တွေ အများအပြားရှိနေမည့်အကြောင်းကိုတော့ ပြောပြစရာ ပင် မလိုအပ်တော့ချေ။ ကျနော့်အကြောင်း ကျနော်ဒီလိုနာကျင်စွာပြောပြရခြင်းကိုလည်း ကျနော်မုန်းတီးလှပါပြီ။ မနက်ဖြန် သည် မျှော်လင့်ခြင်းများရဲ့သေတ္တာတလုံးဖြစ်သည် ဆိုပါစို့။ ထိုသေတ္တာထဲကနေ ကျနော် ဘာတွေဆွဲထုတ်လာနိုင်မည်လဲဆို သည်ကတော့ ကျနော့်အရည်အချင်းနှင့်သာအဓိက သက်ဆိုင်ပါလိမ့်မည်။ ကျနော့်အိမ်ရဲ့ ကျနော့်အပေါ်ထားတဲ့ယုံကြည်မှု ကို လွှင့်တင်နိုင်ဖို့လည်း ကျနော့်တွင်တာဝန်ရှိပါသည်။ လူဆိုသည်မှာ တာဝန်မှရှောင်လွဲ၍ ရကောင်းသောသတ္တဝါ မဟုတ် တော့လည်း ကျနော့်စိတ်နှလုံးကို ကျနော်ချစ်သောသူများနှင့် သံပတ်တင်းရပေလိမ့်ဦးမည်။ အရာရာကို လက်မြောက်အရှုံး ပေးထားရသည့် ခံစားချက်သည် ခါးသီးလွန်းလှ၏။ ခူးခြွေခံရသည့် ဆူးပုတ်ပင်၏ မနက်ခင်းသည် ပုရစ်ဖူးငုတ်စိလေးတွေနှင့် ဘာအတွက် လဲကျသည့်နေရာမှာ ကျနော်နေထိုင်ဦးမှာလဲ။ လောကဓံဟာလည်း ထိကရုဏ်းပင်ကလေးလို ညအိပ်ချိန်တွေရှိ နေဦးမှာပါပဲ။ အိပ်ယာကနေပြန်ထပြီး မျက်နှာသစ်အဝတ်အစားလဲကာ အမေချက်ထားသည့်ထမင်းဝိုင်းကို ဝင်ထိုင်လိုက် သည်။ အငွေ့တထောင်းနှင့် သင်းပျံ့လို့။

ကျနော့်အမှားအယွင်းတွေကို ရယ်ပွဲမဖွဲ့တတ်တဲ့အိမ်ကို ကျနော်ချစ်သည်။ ကျနော်ကျရှုံးတိုင်း ထိုးမနစ်တတ်တဲ့ မိသားစုကို ကျနော်ချစ်သည်။ ကျနော့်ပျံသန်းမှုများရဲ့ ဒဏ်ရာဒဏ်ချက်တွေကို အကောင်းဆုံးကုသပေးရာနေရာသည် အိမ်ပဲဖြစ်ပါ သည်။ ကျနော်လမ်းများပေါ် ဆက်လက်ထွက်လာပါမည်။ ကျနော့်ဒူးတွေ ညွတ်ခွေကာ အားများ ဆုံးရှုံးရချိန်တွေဆို အိမ်ကို သာ မရောက်ရောက်အောင်ပြန်ခဲ့ပါမည်။ ကျနော့်အသီးအပွင့်တိုင်းကိုမငြင်းပယ်တဲ့ အိမ်အတွက် ခါးသက်သောရှုံးနိမ့်မှုများ ကို ကျနော် ဆက်လက်မခူးဆွတ်ရန် ကျနော့်စိတ်ကျနော်သံမှိုရိုက်ထားပါမည်။ လမ်းများဆီဦးမော့၍ ကျနော်ပြန်ဝင်လာ သည့်အခါ ကျနော့်ရင်ထဲက အိမ်ဆိုသော အမှတ်တံဆိပ်ကို ဂရုတစိုက်ကြည့်ရှုပါ။ အိမ်ဆိုသည်မှာ လူတိုင်းနှင့်သက်ဆိုင်တဲ့ အမှတ်အသားပဲမဟုတ်လား။ အဝေးကြည့်များနှင့်ရွာလည်သောနေ့ရက်များ၌ အကြည့်တွေကို အနီးဆီပြန်ရွေ့ကြည့်ပါ။ ခင်ဗျား မယုံကြည်နိုင်အောင်ထိုးတက်လာသည့် ခွန်အားများကို တွေ့ရှိရပါလိမ့်မည်။

လင်းသက်ငြိမ်

မိုးမခ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်