fbpx

မေငြိမ်း ● အရင်အတိုင်းပဲလား ရန်ကုန်

December 26, 2017

● အရင်အတိုင်းပဲလား ရန်ကုန်
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂ဝ၁၇

ရန်ကုန်ဟာ ကျမရဲ့မွေးရပ်မြေ…။ စည်ကားတဲ့လမ်းတွေပေါ် မက်မက်မောမော လျှောက်ခဲ့တာပဲ။ မြို့လယ်ခေါင်ကစ ဆင် ခြေဖုံးမြို့သစ်တွေဆီအထိ ချစ်ခဲ့တာပါပဲ။ ပြီးတော့ ကျောင်းတက်ခဲ့ရာ ရန်ကုန်တက္ကသိုလ်ဝင်း၊ ဆရာမလုပ်ခဲ့ရာ လှိုင်တက္က သိုလ်၊ နေခဲ့ဖူးတဲ့ စက်မှုတက္ကသိုလ်ဝင်း အားလုံးဟာ စွဲလမ်းစရာ..။ ဒီလိုပါပဲ ဘယ်သူမဆို ကိုယ့်ဇာတိမြေကို ရှာကြံ စွဲလမ်းကြမှာပါပဲနော်။

ရန်ကုန်ရဲ့ဘဝထဲ မွန်းကျပ်မှုတွေ ဘယ်အချိန်လောက်က စရောက်လာခဲ့သလဲ မမှတ်မိချင်တော့။ သတိထားမိတဲ့ အချိန် မှာတော့ အုံ့မှိုင်းမှောင်ဝေနေတဲ့ နိမိတ်ပုံကို တွေ့လိုက်ရပြီ။ ရပ်တည်ရာ ဘဝအခန်းကျဉ်းလေးတောင် မှောင်လို့ …။

“ငါ့အခန်းလေးထဲမှာ အလင်းတန်းများ ပျောက်ကွယ် …
ကြာလာရင် အမှောင်နဲ့ နေသားကျတော့မယ် …
ငါ့အခန်းထဲကနေ အပြင်ကို ထွက်…
ရန်ကုန်မြို့ကြီးလည်း ငါ့အတိုင်းပဲ …”


စာသင်ခန်းထဲက တပည့်တွေမျက်လုံးက အေးစက်မှောင်မိုက် …။ သူတို့က ပညာရချင်တာမဟုတ်ဘဲ ဘွဲ့တခုသာ ရချင်ကြ တာတဲ့။ ဒါဟာ တန်ဖိုးမဟုတ်ဘူးလို့ ကျမပြောတဲ့အခါ သူတို့က လက်မခံချင်ကြ။ စာမေးပွဲအဖြေလွှာပေါ်မှာ မေးခွန်းတွေ ချည်း ရေးကူးပေးလိုက်တဲ့ကျောင်းသားလည်း စာမေးပွဲအောင်တဲ့ ခေတ်တစ်ခေတ်ကို ကျမ တက္ကသိုလ်ဆရာမဘဝမှာ ဖြတ် ခဲ့ရဖူးပါတယ်။

နဝဒေးရဲ့ကဗျာဖြေခိုင်းတာကို နတ်သျှင်နောင် ကဗျာရေးထည့်ထားလည်း စာမေးပွဲအောင်ပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမ စစ်အကြောင်းမေးတာကို ဒိုင်အာခီအုပ်ချုပ်ရေးပဲရလို့ ဖြေခဲ့တယ်ဆိုတဲ့သူကိုလည်း အအောင်ပေးရမယ်တဲ့။ အဲဒီတချိန် အသေအချာ ရှိခဲ့တယ်။ အထူးသဖြင့် ရန်ကုန်မှာ…။

နောက်တော့ အောင်စာရင်းထွက်တဲ့အခါ မဖြေနိုင်ခဲ့တဲ့ကျောင်းသားတွေက အောင်စာရင်းပေါ်က သူတို့နာမည်တွေကို အော်ဖတ်ပြီး ဆရာမတွေရှေ့မှာ လှောင်တောင်တောင် ရယ်ကြ။ အဲဒီအခါ ကျမရဲ့ ကိုယ်ပိုင်အခန်းလေးက မှောင်အတိကျ..။ ကိုယ့်ရဲ့ဆရာမဘဝထဲ.. ရှက်ရွံ့ကြေကွဲလာ..။ ဒါဖြင့် ကျမရဲ့ နံဘေးဝန်းကျင်မှာကော ..။

ကျူရှင်တဝိုင်း (xx) သိန်း…၊ ရုံးတွေမှာလည်း အဆင်ပြေချင်ရင် (xx) သိန်း..၊ ဆေးရုံမှာလည်း (xx) သိန်းလောက်တော့ ပေး..။ ဘာပဲ မဟုတ်တာ လုပ်လုပ်ရတယ်.. ပေး (xx) သိန်း ..။ ဒီလိုနဲ့ အမှောင်ထုက တဖြည်းဖြည်းသိပ်သည်း ကြီးစိုးလာခဲ့။
ရိုးသား ကြိုးစားမှုက ထမင်းလာမကျွေးဘူးဆိုပဲ..။ အဲဒီအခါ ကျမကိုယ်တိုင် အမှောင်နဲ့ကျင့်သားရမှာ ကြောက်လာခဲ့။
+++++

“ငါ့အတ္တကို အိတ်နဲ့ ထုပ်လိုက်တယ်…
လူမမြင်အောင် ယူကာ အမှိုက်ပုံးလေးထဲထည့်…
ကွဲသွားတဲ့ ငါ့ရင်ခုန်သံတွေ ပြန့်ကျဲ…
ရန်ကုန်မြို့ကြီးးလည်း ဒီအတိုင်းပဲ …”


ရိုးသားဖို့ ကြိုးစားတဲ့အခါ ဘဝထဲမှာ ရေဆာရတာ .. ထမင်းဆာရတာတွေ များလာတယ်။ ကျောင်းသားတွေက “ရော့ ဆရာမ .. ကျူရှင်လခ” လို့ ခပ်ပြုံးပြုံးပေးတဲ့အခါတွေမှာ အတ္တက တကယ်ပဲ အမှိုက်ပုံးထဲ ရောက် ရောက် သွားခဲ့တယ်။ ရှက်စရာကောင်းလိုက်တဲ့ဘဝလို့ ခံစားရတဲ့အခါ အမှောင်ထဲ တိတ်တဆိတ်ကြေကွဲ…။

အတ္တတခုလုံး အမှိုက်ပုံးထဲ ရောက်သွားချိန်မှာ လူကတော့ စိန်ရောင်ရွှေရောင် ပြိုးပြိုးပြက်ပြက် လက်ပ.. လို့၊ ရန်ကုန်မြို့ကြီးရဲ့ လမ်းတွေပေါ် ပပလွှားလွှား လျှောက်ခဲ့.. ။ ကဲ… အဲဒါကကော တကယ်ပဲ ကျေနပ်ဝင့်ကြွားစရာလား။ (ရင်ထဲမှာတော့ တိတ် တိတ် အသည်းကွဲနေခဲ့ရတာ ကိုယ်သာအသိဆုံးပေါ့)
+++++

“ငါ အချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်…
တမင်တကာ ကာရံထား…
ဒီတံတိုင်းများ ခြားရင်းနဲ့…
ဘဝရဲ့ ထွက်ပေါက်အဖြေမှန်ကို ရှာဆဲပဲ…
ရန်ကုန်မြို့ကြီးလည်း နာဖျားဆဲ…”


နှစ်လေးဆယ်..။ ရန်ကုန်မြို့ကြီးဆီမှာ မွန်းကျပ်လွန်းလို့ဆိုပြီးတော့ ..သူ့ဆီကနေ မကြာခဏ ခွာခွာပြီး မြန်မာပြည်တနံတ လျား.. သွားသွားလာလာ..လည်လည်ပတ်ပတ်။ အိမ်ပြင် ခဏဘဝထဲ ပျော်ပျော်ပိုက်ပိုက်နေခဲ့။ ပြီးတော့လည်း အချိန်တန်ရင် အိမ်ရှိရာ ရန်ကုန်မြို့ကြီးဆီကို ပြန်..။ ကိုယ့်အခန်းကျဉ်းလေးဆီကို ပြန်..။ ဘဝကျဉ်းမှောင်မှောင်လေးဆီ ပြန်..။ ခပ်မှိန်မှိန် အပြုံးတွေဆီကို ပြန်…။ ကျပ်ကျပ်သိပ်သိပ် ရယ်သံတွေရှိရာ ပလက်ဖောင်းတွေဆီကို ပြန် ..။
+++++

“ငါအချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်…
အိမ်အပြင်မှာ လုံခြုံလည်း အိမ်ထဲက နှင်းကျတယ်…
ဘဝရဲ့ ထွက်ပေါက် အဖြေမှန်ကို ရှာဆဲပဲ…
ရန်ကုန်မြို့ကြီးလည်း အရင်အတိုင်းပဲ..”


ဘာပဲဖြစ်ဖြစ် ရန်ကုန်ကို စနစ်တကျ ခင်းကျင်းပေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။ တကယ့်အလှဆိုတာနဲ့ ချစ်ခြင်းမေတ္တာ စေတနာဆို တာတွေကသာ လောကကို အလှဆင်နိုင်မယ်ဆိုတာကို လူငယ်မျိုးဆက်တွေ နားလည်လက်ခံဖို့ ပြင်ဆင်ပြသခဲ့ဖူးပါ တယ်။ ဗင်ဂိုးက ချစ်ခြင်းမေတ္တာအတွက် နားရွက်ဖြတ်ခဲ့တာဟာ လှောင်ပြောင်ရယ်မောစရာ မဟုတ်တဲ့အကြောင်း..၊ မြို့မငြိမ်းက လူတွေက သူ့ဦးနှောက်နဲ့ မတန်တော့ဘူးလို့ ခံစားရတာကြောင့်ပဲ ပြေးလာတဲ့ကားအောက် ခေါင်းထိုးထည့်ခဲ့လေသလား ဆိုတာတွေ တွေးပြီး အနုပညာရှင်ရဲ့တန်ဖိုးကို နားလည်သင့်တဲ့အကြောင်း…၊ ရိုးသားလို့ ဆင်းရဲရတာဟာ နှာခေါင်းရှုံ့စရာ မဟုတ်တဲ့အပြင် ထုတ်ဖော်ချီးကျူးဖို့တောင် လိုတယ်ဆိုတဲ့အကြောင်း..။ ကောက်ကျစ်ယုတ်မာမှုကို ကိုယ်တိုင်မပြုပေမဲ့ ဒီအတိုင်းလက်ပိုက်ကြည့်နေတာဟာလည်း အလိုတူရာရောက်ကြောင်း..၊ “ပြည်သူဟာ ကိုယ်နဲ့တန်တဲ့အစိုးရကိုပဲ ရတယ်” ဆိုတဲ့စကားအတွက် ‘ဒီနေ့လူငယ်တွေမှာ တာဝန်ရှိတယ်ဆိုတဲ့အကြောင်းတွေ… အများကြီး ပြောပြီးတဲ့နောက်မှာတော့ ရယ်သွမ်းသွေးသံတွေကြားထဲက ထွက်ပြေးခဲ့ရ။ အဲဒီအခါ လက်တွေ့ဘဝ အိမ်ခန်းကျဉ်းလေးထဲမှာ နှင်းမုန်တိုင်းတွေ သည်း သည်းကျ … ။
+++++

“လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်…
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်…
မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့နားလည်…
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့…”


ကျမကိုယ်တိုင်တောင် ရန်ကုန်မြို့ကြီးက စိတ်ပျက်စရာလို့ ညည်းညူငြိုငြင်ဖူးခဲ့ပါတယ်။ ကြည့်ပါဦး  ကျမလည်း သူ့အပေါ်မှာ ရက်စက်စော်ကားခဲ့တာပဲ။ တကယ်မှာတော့ သူ့ခမျာက လူတကာ ပြုသမျှ နုရသူ။ ဗိုလ်အောင်ကျော်၊ ဗိုလ်ချုပ်တို့ သွေးတွေ ပေကျံခဲ့ရရှာတာလည်း သူ..။ ၆၂ သွေးတွေလည်း သူ့ဆီမှာပဲ ကျခဲ့။ ၇၄-၇၆ သွေးတွေချွေးတွေလည်း သူ့ဆီမှာပဲ ကျခဲ့။ ရှစ် လေးလုံးသွေးတွေလည်း …
ရွှေဝါရောင်သွေးတွေလည်း ပြည်သူတွေရဲ့ဘဝထဲ ငတ်ရသမျှ မျက်ရည်တွေကလည်း သူ့ဆီမှာပဲ ကျခဲ့..။ တော်လှန်သွေးတွေ လည်း သူ့အပေါ်မှာပဲ ကျခဲ့။ ဒီလောက်ပုန်ကန်တဲ့မြို့ ပျက်သွားအောင် ပစ်ထားလိုက်ကြစမ်းဆိုတဲ့ အာဏာရူးတွေရဲ့ အမုန်း ကလည်း သူ့အပေါ်မှာပဲ ကျရောက်ခဲ့။ နောက်ဆုံး ကိုယ်တိုင်တောင် သူ့အပေါ် အပြစ်ပုံချလို့ စွန့်ခွာထွက်ပြေးခဲ့။
+++++

သစ်ပင်အကျိုးအကြေတွေ၊ ယင်တလောင်းလောင်း အမှိုက်ပုံတွေ၊ အလုပ်လက်မဲ့ လေလွင့်လူငယ်လေးတွေ၊ ကလေးအလုပ် သမားလေးတွေ၊ ထမင်းငတ်နေတဲ့ သက်ကြီးရွယ်အိုတွေ၊ ခိုးစား လုစားနေရတဲ့ ဝန်ထမ်းတွေ၊ စနစ်တကျ အဖျက်ဆီးခံခဲ့ကြရ လို့ စိတ်ဓာတ်ကျိုးကျေနေရှာတဲ့မြို့ကြီးသူ မြို့ကြီးသားတွေ၊ မိဘ ဆရာ အဿပြာပူးပေါင်း ကလေးပညာကောင်း ဆိုသလို ပိုက်ဆံကိုပဲ မျက်စေ့စုံမှိတ် ကြည့်နေရလို့ အနန္တောအနန္တ ငါးပါးဆိုတဲ့နေရာမှာ အထိုင်ရခက်နေတဲ့ ဆရာတွေ၊ စိတ်ညစ်သမျှ ဒါချလိုက်ရင် မေ့တယ်ဆိုတဲ့ စိတ်ကြွဆေးပြားတွေ၊ ပါတီမှာ ဘာကျွေးမှာလဲ.. ထုံးစံအတိုင်း ကြယ်သီးပေါ့..တဲ့။ ကြယ်သီး ညတွေထဲမှာ ဘဝဆိုတာ ပျော်စရာ.. ခေါင်းလေးတခါခါနဲ့ ငြိမ့်လို့ဆိုပဲ..။ လူစုလိုက်ပါ။ ၁ဝ ယောက်ပြည့်ရင် တစ်ဝိုင်းစာ လုပ်ပေးမယ်ဆိုတဲ့ ကိုယ်လုံးတီး မြန်မာမပြပွဲတွေ..။’အကို ကျမကိုခေါ်ပါ ဈေးဦးမပေါက်သေးလို့ပါ.. လျှော့ပေးပါ့မယ်’ ဆို တဲ့ ဈေးရောင်းပွဲတွေ..။ လက်ဘက်ရည်ဆိုင်ထိုင်သလို ဘီယာဆိုင်ထိုင်တာလည်း ယဉ်ကျေးမှုပဲလား။ KTV ဆိုတာ သီချင်း ဂီတ ဝါသနာပါသူတွေ .. အပန်းဖြေ စိတ်ပြေသီချင်းတွေ ဆိုဖို့ပဲလား..။ ရိုးသားနေလို့ မရတဲ့ခေတ်ဗျ… မရူးစမ်းပါနဲ့ .. ဆိုတာ တွေ။ ကမ္ဘာမီးလောင် သားကောင်ချနင်း.. ဆိုတာတွေ။ တော်ပါသေးရဲ့..၊ သမီးလေးက လှလို့.. ကျမတို့ အသက်ရှူ ချောင်နေတာ.. သမီးရဲ့ ‘စပွန်စာ’ က မဆိုးဘူး ဆိုတာတွေ။ အဲဒါတွေကို ရန်ကုန်မြို့ကြီးက ရွက်ထားရတာ။ သူ့ခမျာလည်း နံစော်ပေပွလို့..၊ ရီဝေမူးယစ်လို့..၊ နာကျင်ကြေမွလို့ ရှိနေရှာမှာ..။
+++++

လောလောဆယ်မှာတော့ ဘာမှမတတ်နိုင်သေးတဲ့ဘဝတွေ..။ တွေ့နေရဆဲ..။ ကျမ မွေးဖွားခဲ့… ကြီးပြင်းနေထိုင်ခဲ့… စွန့်ပစ် ထွက်ပြေးခဲ့တဲ့ ရန်ကုန်..။ သူ့ဘဝ မိတ်ကပ်ရောင်လေးတွေ နည်းနည်းပြောင်း.. သာတောင့်သာယာသလို ရယ်သံလေးတွေ ကြိုကြား ကြိုကြား စွက်လို့..။ ခုရော .. တကယ် ပျော်နေရပြီလား ရန်ကုန်ရေ…။

“လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်…
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်…
မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့ နားလည်…
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့…”

++++

ကျားပေါက်ရဲ့ “အရင်အတိုင်း ရန်ကုန်” ဆိုတဲ့ အဲဒီသီချင်းလေးက လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်းက ကျမကို ဆွဲဆောင် ခဲ့တယ်.. ကျမထားပစ်ခဲ့တဲ့ ရန်ကုန်ကို ကျမစိတ်ထဲ ပြန်ရောက်အောင် ဒီသီချင်းလေးက ပစ်ထည့်ခဲ့တယ်။ ကျားပေါက်က ဘယ်လို ခံစားချက်နဲ့ဆိုခဲ့တယ် မသိနိုင်ပေမဲ့ ခံစားသူတွေဘက်ကတော့ ကိုယ့်အမြင် အတွေးနဲ့ ခံစားမြဲမဟုတ်လား..။

ခုဆိုရင်ပဲ ဒီသီချင်းလေးတောင် ဆယ်စုနှစ်တစ်ခု ချဉ်းခဲ့ပြီ။ ရန်ကုန်မြို့ကြီး ပြန်အဆင်ပြေပြီလား .. ဒါမှမဟုတ်… ငိုနေရဆဲ လား… ဆိုတဲ့ မေးခွန်းကတော့ ကျမရင်ထဲမှာ ခုထိ ခုန်ပေါက်နေဆဲ…။

၃၁ သြဂုတ် ၂ဝ၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

One Response to မေငြိမ်း ● အရင်အတိုင်းပဲလား ရန်ကုန်

  1. nyein nyein oo on December 27, 2017 at 9:16 am

    ကြိုက်တယ်ခံစားချက်ချင်းတူတယ်မေငြိမ်း

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)