fbpx

မင်းကိုနိုင် ● ဘုံပိုင်

December 29, 2017

● ဘုံပိုင်
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ကူးယူသည်။


ဒီတပတ်အတွက် စာ ဘာစာရေးရပါ့စဉ်းစားရင်း ကွက်လပ်မြေပေါ် ကျနော်ထိုင်သည်။ ဝန်းကျင်ကို ဂရုပြုမိရင်း တစ်ဖက် ဆီက ဆိုင်းဘုတ်ကြီးကို မြင်ယောင်လာပါ၏။

“ဤအဆောက်အအုံကြီးငယ်တို့သည် အများပြည်သူပိုင်ဖြစ်သည်။ ထို့ကြောင့် သင်လည်း ပိုင်ဆိုင်ခွင့်ရှိသည်။ ထိန်းသိမ်း စောင့်ရှောက်ရန်လည်း သင်၏တာဝန်ဖြစ်သည်” ဟူ၏။

ထိုအချိန်က အများပိုင်တိုက်ခန်းများ စီတန်းနေသည့်အဆောက်အအုံများအနီး ထိုဆိုင်းဘုတ်ကို မြင်နေကျ၊ အာဘော်ကို နားလည်သည့်အလျောက် တခါက ပိုင်ဆိုင်မှုများအကြောင်းက မျက်စိထဲ၊ အတွေးထဲ စီတန်းဝင်လာပါသည်။

ဘုံပိုင်ဟုခေါ်လျှင် ဘုံဆိုသည်မှာ အများပင်ဖြစ်၍အများပိုင်ဟု အဓိပ္ပါယ်ရသော်လည်း ရေငုတ်တိုင်လေးများ၊ တစ်ခါတစ်ရံ အုတ်ရေကန်ကလေးတွေနှင့် တွဲလျက်ပုံရိပ်ကို မြင်မိစမြဲ။ ထိုမှသည် ရေဖွင့်ပိတ် ခလုတ်ကိုဘုံပိုင်ခေါင်းဟု ခေါ်ဝေါ်ကြသည် မဟုတ်ပါလား။ အများပိုင်ကိစ္စက မည်မျှလွှမ်းမိုးလိုက်ပါသလဲ။ ကိုယ့်အိမ် ကိုယ့်အခန်းထဲက ရေပိုက်နှုတ်သီးကိုပင် ဘုံပိုင် ခေါင်းဟု ခေါ်ရသည်အထိ။

ကျနော့်အား မမွေးဖွားမီ ခေတ်များကပင် ရန်ကုန်မြို့ကို အသစ်တိုးချဲ့စဉ် လူနေအိမ်ခြေ ရပ်ကွက်များအကွက်ရိုက်စဉ်က တည်းက သုံးရေကိစ္စအတွက် ထည့်စဉ်းစားခဲ့ကြသည်။ အဆိုပါ ဘုံပိုင်ခေါ် ရေငုတ်ကလေးများ ဟိုမှာ သည်မှာချပေး၊ ဂျိုးဖြူ ရေကန်မှ ပိုက်ကြီးဖြင့်သွယ်၊ ထိုဂျိုးဖြူရေပိုက်မှာကျနော်တို့ ကလေးဘဝက ကြိုးခုန်၊ ပြေးလွှားတက် ကစားရန်မဆုံးနိုင်သည့် ဧရာမ မြွေကျောကုန်းကြီးကို မြင်ယောင်ခဲ့တာမှတ်မိသေးသည်။

ထိုရေ ငုတ်တိုင်ကလေးများကိုပင် အုတ်ရေကန်ပတ်လျက် ထိုရေကန်ထဲမှ ရေငင်ကြ၊ ရေချိုး အဝတ်လျှော် ပြုကြရင်း မြို့ သစ် ရပ်သူရပ်သားများ၏ ဆုံစည်းရာလည်း ဖြစ်ခဲ့သေး။
🌴..🏡

ရေဘုံပိုင် သတင်းဌာနတဲ့၊ ထိုအချိန်က အရပ်ထဲက တင်စားအခေါ်အဝေါ်ပင်၊ အင်တာနက်မသိ၊ တီဗွီပင် မပေါ်သေးသည့် ခေတ်ဆိုတော့ ရေဒီယိုနှင့် သတင်းစာဆိုတာလည်း အစိုးရအာဘော်မျှသာ၊ ထိုရောအခါ အရပ်ထဲလူစုရာ ရေဘုံပိုင်သတင်း ရပ်ကွက်ကိုသာ အားကိုးရသည်တမို့။ ဆရာမင်းလူ၏ ဝတ္ထုတစ်ပုဒ်မှာ ရေဘုံပိုင် မြင်ကွင်းရေးပြထားတာ မှတ်မိသေးတော့။ ရေခပ်ရန် ပုံးတွေချတန်းစီရင်း ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ပွဲအကြောင်း သတင်းဖလှယ်၊ ရလဒ်ခန့်မှန်းချက်တွေ အပြိုင်ပေးရင်း ပြောကြပုံကို ကြည့်ပါ။

“ကလေးနဲ့လူကြီးထိုးတာ ကလေးကနိုင်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလားကွ”

ထိုစဉ်က မိုဟာမက်အလီဟု နာမည်မပြောင်းရသေး။ “ကပ်စီယပ်ကလေး” ဆိုသော နာမည်အရင်းပင်ရှိသေးသူနှင့် ဂျိုးဖရေ ဇီယာ ဆိုသည့် လူထွားကြီးတို့ ထိုးသတ်ပွဲကို ကလေးနှင့်လူကြီးဟု နားစွန်နားဖျား ကြားခဲ့ပုံ။

ထိုရေဘုံပိုင်မှလွဲလျှင် အခြားဆုံစည်းရာ မရှိတော့ဘူးလားမေးလျှင် …ရှိသပေါ့ဟု ဖြေရမည်။ ဓမ္မာရုံလား၊ ဒါက အချို့တစ် ဝက်ပဲမှန်မည်။ ဘာသာမရွေး ရပ်ကွက်သူ၊ ရပ်ကွက်သားတွေဆုံရာက အရပ်ထဲက သမဝါယမဆိုင် (သ/မ)ဆိုင်၊ ပြီးတော့ မြေကွက်လပ် ကွင်းပြင်များ။

မြို့သစ်တည် အကွက်ရိုက်ကတည်းက မီးတားကွက်ဆိုတာ ပါရစမြဲ။ ရပ်ကွက်တကာ၏ ထောင့်လေးထောင့်မှန်သမျှ ကွက် လပ်ချန်ရစမြဲ။ မီးရေး ထင်းရေးဆိုလျှင် ကူးစက်မလွယ်အောင် ထိုထောင့်လေးထောင့်စလုံး ဟင်းလင်းထားကာ အများပိုင် မြေအဖြစ်ဆုံစည်းရာ ဖြစ်ခဲ့သည်။
🌴..🏡

ထိုကွက်လပ်များအပါအဝင် အခြားမြေပြင်လွတ်များပေါ်ကကျနော်တို့နှင့် ခေတ်ပြိုင်များ ဘောလုံးကန်ရင်း နိုင်ငံဂုဏ်ဆောင် ဘောလုံးသမား၊ ကစားသမားတွေ ထွက်ခဲ့ထွန်းခဲ့ကြသည်။ ဒီဇင်ဘာလို နှင်းကြမ်းကြမ်းတွေအောက် မိန်းကလေးတွေ တစ်အိမ်တစ်ယောက်ထွက် ထုတ်စည်းထိုးခဲ့ကြသည်။ ပြိုင်ဆိုင်မှုတွေ ပြင်းပါဘိ။ ဘာကာနှင့် ရီးယဲမက်ဒရစ်၊ မန်ယူနှင့် ချဲလ် ဆီးတို့ထက် မလျော့အောင် ပြိုင်ခဲ့ သည်းခဲ့ကြသည်ပဲ။ ဒိုင်လူကြီးတွေဆိုတာကလည်း သက်မွေးဝမ်းကျောင်းဒိုင်မဟုတ်၊ အရပ်ထဲက အပျော်တမ်းတွေ စေတနာ့ဝန်ထမ်း ထွက်လာလုပ်ပေးကြတော့အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေချပြီးရင်းချ၊ ခုခေတ်လိုဗွီဒီယို ပြန်ကြည့်လို့မရ၊ ဂိုးနည်းပညာလည်း မရှိသေးတော့မိတယ် မမိဘူး၊ ထမင်ရည်ပူတယ် မပူဘူး၊ ငြင်းရင်း ကျင်းထဲ နှစ်ဖက်ပရိသတ် ဝေါခနဲ ဝင်လာလုံးထွေးကုန်ကြတာလည်း အားကစားရာသီတိုင်းလိုလို၊ ပြီးတော့လည်း တရပ်ထဲ နေ တစ်ဘုံပိုင်ထဲ ရေသောက်ချင်းတွေမို့ ဘယ်သူရေ ဘယ်ဝါရေ ခေါ်ကြ ထူးကြ ပခုံးဖက်မပျက်ခဲ့ကြပါ။

ထိုအများပိုင် ကွက်လပ်များကို ကျနော်တို့ ဘယ်လိုအခေါ်အဝေါ် ခေါ်ခေါ်၊ အားလုံးပိုင် အားလုံးစောင့်ရှောက်ရမည်ဆိုသည့် အချက်အပေါ်ညီခဲ့ညွတ်ခဲ့ ကြပါသည်။ ထိုကွက်လပ်များအပေါ်၌ပင် အားကစားမျိုးစုံကို အရွယ်စုံလေ့ကျင့် အပြိုင်နွှဲရင်း ကျနော်တို့မျိုးဆက် သန်မာခဲ့ကြသည်။ အားကစားစိတ်ဓာတ်ဆိုတာ နားလည်ခွင့်ရခဲ့ပြီးသည်းခံခြင်း၊ ပြိုင်ဘက်ကို လေးစား ခြင်း၊ သန့်ရှင်းစွာယှဉ်ပြိုင်ခြင်း စသည့် အမူအကျင့်ကောင်းတွေ တပ်ဆင်ပြီးသား ဖြစ်ခဲ့ကြသည်။

ထိုကွက်လပ်များပေါ်၌ပင် သီတင်းကျွတ် တန်ဆောင်တိုင်ရာသီများ၌ တေးသရုပ်ဖော်များ၊ ဂီတဝိုင်းများ၊ အရပ်ပြဇာတ် ကဇာတ်များဖြင့် အနုပညာစွမ်း ပြခွင့်ရခဲ့ကြသည်။ အရပ်ထဲနေသူတွေချည်းအစအဆုံး တင်ဆက်သည့်ကပွဲဆိုပွဲတွေမို့ အချင်းချင်း အားပေး ရင်းနှီး တစ်ယောက်အခက်အခဲ တစ်ယောက်ဝင်ကူရှင်းပေးရင်း ညီညွတ်စည်းလုံးခြင်းရတနာကို ကျနော်တို့ တဝံ့တစား ဆင်မြန်းခွင့်ရခဲ့သည်။ ရွက်ပုန်းသီးတွေက ကိုယ်ပိုင်အစွမ်းအစ တက်ပြကြပြီး နိုင်ငံကျော်အနုပညာ ရှင်တွေ ဟောတယောက်ဟောတယောက် ထွက်ခဲ့ကြသည်။
🌴..🏡

ရုပ်ရှင်ဖျော်ဖြေရေးဆိုတာ.. ရုံမှာ တိုးကြိတ်ပင်ပန်းစွာ ကြည့်ရသည့်ခေတ်ဆိုတော့ ရာသီသာသည့် ညများမှာ သုံးကားပေါင်း မိုးအလင်းဆိုသည့် ပိတ်ကားထောင်ရုပ်ရှင်ကိုလည်းထိုကွက်လပ်မြေများပေါ်မှာပင် ကျနော်တို့အတူခံစားရင်ခုန်ခဲ့ကြရသည်ပဲ။ တစ်ခါတစ်ရံများ ပရိသတ်က များလွန်းတော့ပိတ်ကား နောက်ဘက်မှသာ နေရာယူပြီး ရုပ်ရှင်တကားလုံးကို ပြောင်းပြန် ကြည့်ရသည်ကလည်း ရသတစ်မျိုး။ စာပြောင်းပြန်၊ အရုပ်ပြောင်းပြန်၊ ညာဖြင့်ထိုးသည့်လက်သီးက ဘယ်ဖြင့်ထိုးနေသည့် ပိတ်ကား၊ လေထိုးလိုက်တိုင်း ချိုင့်ထဲဝင်သွားလိုက် ပူလိုက် ဖောင်းလိုက်နှင့်အရပ်ထဲ ကွက်လပ်မြေပေါ်က ဘဝများ။

ချစ်ခြင်း မုန်းခြင်း၊ သဘောတူခြင်း မတူခြင်း၊ တန်ဖိုးထားခြင်းမထားခြင်းဆိုသည့် အရာများကို အင်အားသုံး ဖြေရှင်းမှုတွေက ကြိတ်ဝါးလိုက်သည့်အခါ ကျနော်တို့ အရပ်ထဲကမြေကွက်လပ်များ အရှင်လတ်လတ် မီးသင်္ဂြိုလ်ခံလိုက်ရသည်။ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ မီးခြစ်ဆံဘူးတွေ ပြွတ်နေအောင် ထောင်လိုက်သည့်နှယ် အဆောက်အအုံတွေခြေကုပ်ယူတာ ခံလိုက်ရ သည်။ ရပ်ကွက်လေးတွေ အသက်ရှူမဝတော့။

“ဘောလုံးကစားကွင်း၌ ဘောလုံးမကန်ရ” ဆိုင်းဘုတ်ဗီနိုင်းတွေက အနာဂတ် အားကစားကို ခြေထောက်ရိုက်ချိုးလိုက်ပြီ။လူကြီးဘောလုံးကွင်း၊ လူလတ်ဘောလုံးကွင်း၊ ကလေးဘောလုံးကွင်းပင် မက ကားမောင်းသင်ကွင်းပါ ပိုင်ဆိုင်ကြွယ်ဝခဲ့သည့် ကျနော်တို့ ရပ်ကွက်မှ အများပိုင်မြေဟု၍ကုန်းကောက်စရာ မရှိတော့အောင် မွဲတေရ ရှာပြီ။ သာရေးနာရေး၊ အသိပညာရေး ဟောပြောပွဲ လုပ်ချင်လျှင်တောင် လမ်းပိတ်လုပ်ရသည့်ဘဝ။
🌴..🏡

ကျနော်တို့ ဆုံကြ၊ ခင်မင်ကြ၊ ရိုင်းပင်းခဲ့ကြသော မြေကွက်လပ်များ၊ ရုပ်ခန္ဓာသန်စွမ်းရေး အသိဉာဏ်နှင့်ကျင့်ဝတ်များ သိမြင် ရေး အတွက် ရင်ဖွင့်ကြိုဆို သင်ပြပေးခဲ့သော မြေကွက်ကျယ်များကို ဘယ်သူတွေက ဘယ်သူ့လက်ထဲ ဘယ်ဈေးနှုန်းဖြင့် ထိုးအပ်ခဲ့ပါပြီလဲ။

ကမ္ဘာကြီးကို ဦးဆောင်နေသည့် နိုင်ငံတကာ မြို့ပြမြင်ကွင်းတွေ မြင်တိုင်း၊ အများပိုင်မြေများပေါ် သူတကာတွေ အပန်းဖြေကြ၊ ရုပ်ပိုင်း ဉာဏ်ပိုင်းဖွံ့ဖြိုးမြင့်မားအောင် စုဝေးလေ့ကျင့်ကြတာမြင်တိုင်း ကျနော်တို့ အရပ်ထဲကမြေကွက်များအား ဆွေးရီမျက် လုံးများဖြင့် ငေးကြည့်မိပါသည်။

တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ပိုင် အမည်ပေါက်တွေနှင့် ဂုဏ်ခံနေကြသည့် ကွန်ဒို၊ ကန်ထရိုက်တိုက်များ၊ ဆူးကြိုး၊ ဓား သွားခွေလိပ်များကို ခေါင်းပေါ်ဝံ့ထည်ပန်ထားသည့် ပုဂ္ဂလိကအုတ်တံတိုင်းမြင့်များက ကျနော့်အလွမ်းမျက်လုံးများကို လှောင်ပြောင်ကြသည်။
🌴..🏡

ကျနော့်လမ်းထိပ် မီးတားကွက်လေးကို ငဲ့ကြည့်မိသော်မီးလောင်လွယ်သည့်ဓာတ်ဆီဆိုင် (ပုဂ္ဂလိကပိုင်) ဖြစ်နေပြီ။ ရေဘုံပိုင် ခေတ်တုန်းက တစ်ဦးတစ်ယောက်မှပိုက်ဖြင့်သွယ် နာရီဝက်မျှ မောင်ပိုင်စီးရန်ကြံလျှင်ပင် တခဲနက် ဆန့်တန်းကာကွယ်ခဲ့ကြ သော လက်ရုံးများ “အား” မရှိတော့ပြီလော။ ခဲတပစ်စာလောက် ကံထောက်မ၍ကျန်ခဲ့သည့် အများပိုင်မြေပေါ် ကျနော်ခြေစုံ ရပ်၍ အားမွေးကြည့်ချင်သည်။ ကျနော်တို့လို စိတ်တူကိုယ်တူတွေ အားသစ်ယူတောင့်ခံကြည့်ချင်သေးသည်။ ယုံကြည်ရာ စိတ်ထားတူချင်း တပြိုင်နက် လက်ရုံးဆန့်တန်းလိုက်ချင်သေးသည်။

မင်းကိုနိုင်
[ပြည်သူ့အရေးဂျာနယ် အပတ်စဉ်ဆောင်းပါးမှ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)