ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင်

January 1, 2018

● မုန်တိုင်းထဲက ဖယောင်းတိုင်
(မိုးမခ) ဇန်နဝါရီ ၁၊ ၂ဝ၁၈

(၁)
ဓရံဆာလာဆိုသော ရေခဲတောင်ကြီးတွေရှိရာ တောင်ပေါ်မြို့ကလေးဆီသို့ သူရောက်နေခဲ့သည်မှာ နှစ်လကျော်သွားလေပြီ။ ဒီကိုရောက်ခါစတုန်းက တိဗက်ဘုရား ရှိခိုးကျောင်းတကျောင်းကပိုင်ဆိုင်သည့်  ဧည့်ဆောင်အခန်းကျဉ်းကလေးတွင် ငှားနေ လိုက်သည်။ တိဗက်လူမျိုးအများစုက နံနက်စောစောထလေ့ရှိသည်ကို သူသတိပြုမိလိုက်သည်။ မနက်သုံးနာရီအချိန် လောက်ကတည်းက စတင်၍ ဘုရားရှိခိုး၊ ဘုရားစာတွေ တတွတ်တွက်ရွတ်ပြီး မောင်းတွေ တဒူဒူထုနေသောအသံက သူ့ကို တိဗက်ဘုရားရှိခိုးကျောင်းရဲ့အဝေး ခပ်လှမ်းလှမ်းနေရာကလေးဆီသို့ တွန်းထုတ် လိုက်ပါတော့သည်။ မနက်စောစောထ၍ ဘုရားရှိခိုးပြီး မောင်းတွေ တဒူဒူထုနေသောအသံက အိပ်ရာဝင်နောက်ကျတတ်သောသူ့အတွက် သိပ်အဆင်မပြေလှ။ တိဗက် ဘုရားကျောင်းနဲ့ မနီးမဝေးတိုက်ခန်းကလေးဆီသို့ သူပြောင်းရွေ့လိုက်ပါသည်။

တိဗက်လူမျိုးတွေကို သူသဘောကျသည်။ တိဗက်လူမျိုးတွေက အနေထိုင် ရိုးသည်။ စကားပြော အေးဆေးသည်။ ရိုးသား မှုကို သနပ်ခါးလို လိမ်းကျန်ထားသူများဖြစ်သည်။ အားနာတတ်ခြင်း၊ ရှက်တတ်ခြင်းနှင့် စိတ်သဘောထား ကောင်းခြင်းများကို သူ တို့ပိုင်ဆိုင်ထားကြသည်။ သို့သော် အမျိုးအမည်မသိသော ဝမ်းနည်းရိပ်တို့ သူတို့ မျက်နှာပေါ် ဖြတ်သန်းပြေးလွှားနေကြောင်းကိုတော့ သူတို့မျက်နှာကြည့်ရုံနှင့် အလွယ်တကူ သိနိုင်ပါသည်။ “ငါတို့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေက အမှန် တကယ်ကော ဖြစ်လာပါဦးတော့မလား”ဟူသော စိုးရိမ်စိတ်ကို သူတို့မျက်နှာပေါ်မှာ ဖတ်လို့ရပါသည်။ တိဗက်တွေနှင့် မဟာမိတ်ဖွဲ့လိုက်သည်။ ကမ္ဘာကြီး ဘာဖြစ်နေတယ်ဆိုတာကို သူတို့သိပ်စိတ်မဝင်စား။ သို့သော် ရွှေဝါရောင်အရေးအခင်း အကြောင်းကို သူတို့ သိနေသည်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း သူတို့ကောင်းကောင်း သိနေကြသည်။ Freedom from Fear က တောင်ပေါ်မြို့ကလေးရဲ့ စာအုပ်ဆိုင်တွေပေါ်မှာ အခန့်သားနေရာယူထားနေပြီလေ။

ကမ္ဘာ့နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် ပျံ့ကြဲရောက်ရှိနေသော တိဗက်ဒုက္ခသည်က တစ်သန်းကျော်ရှိသည်ဟု ဆိုပါသည်။ အိန္ဒိယ တွင် တသိန်းကျော်ရှိပြီး နီပေါမှာ ၆ဝဝဝ ကျော်၊ ဘူတန်မှာ ၁၅ဝဝ ကျော်၊ ဆွတ်ဇာလန်မှာ ၁၇ဝဝ-ကျော်နှင့် အင်္ဂလန် အမေရိ ကန် စသည့်တိုင်းပြည်များမှာလည်း တိဗက်တွေရှိသည်။ ဘာပဲဖြစ်ဖြစ် တိဗက်ဒုက္ခသည် အရေအတွက်က မိမိတို့တိုင်းပြည်ရဲ့ ဒုက္ခသည်ဦးရေစာရင်းနှင့်စာလျှင် အလွန် နည်းပါးလှပါသည်။ ကမ္ဘာ့တိုင်းပြည်များတွင် ရောက်ရှိနေကြသော မြန်မာ့ဒုက္ခသည် အရေအတွက်ဟာ ဆယ်သန်းဝန်းကျင်ရှိသည်ဟု ဆိုပါသည်။ သီပေါမင်းပါတော်မူတုန်းက မြန်မာနိုင်ငံရဲ့လူဦးရေက ၅-သန်းဝန်းကျင်လောက်ပဲရှိသည်ဟုဆိုလေရာ ယနေ့မြန်မာ့ဒုက္ခသည်ဦးရေက သီပေါမင်းလက်ထက် နိုင်ငံ့လူဦးရေထက် ကျော် လွန်နေတာကို တွေ့မြင်နေရသည်။

မှောင်မိုက်လွန်းသော ညများကိုမေ့ပစ်ဖို့ ရေကြည်ရာ မြက်နုရာရှာဖွေရင်း ပဲ့ကြွေ သွားခဲ့ရတဲ့ မိသားစုထမင်းဝိုင်းလေးတွေနဲ့ လွင့်မျောခဲ့ရတဲ့ ဘဝတွေကို လူကြီးမင်းများ ကိုယ်ချင်းမစာတတ်ခဲ့။ အဟောင်းအဟောင်းတွေ အသစ်အသစ် ပြန်မဖြစ်တာပဲ ခပ်ကောင်းကောင်းရယ်။ မှောင်မိုက်သောညတွေ ကုန်ဆုံးလွန်မြောက်ပါစေတော့။

တိဗက်ပြည်တွင် ၁၉၅၉-ခုနှစ်ကစလို့ မုန်တိုင်းတွေ ပြင်းထန်လာခဲ့သည်။ ၁၉၈၇-ခုနှစ်မှာ မုန်တိုင်းအကြီးအကျယ်ထန်လာခဲ့ပြန်သည်။ တိဗက်အမြောက်အများ နီပေါနှင့် အိန္ဒိယကို ထွက်ပြေးခဲ့ကြရသည်။ “ငါတို့နဲ့စာရင် မင်းတို့က အများကြီး တော်ပါသေး တယ်ဗျာ။ နေ့တိုင်း တိဗက်ပြည်ကို လွမ်းတယ်။ အခု ကျနော် ဓရံဆာလာမှာနေတာ ၁၅-နှစ်ကျော်သွားပြီလေ။ ကျနော်တို့ တိဗက်တွေ ဒီဘက်ရောက်ဖို့ တစ်ချို့ လနဲ့ချီပြီး လမ်းလျှောက်ခဲ့ရတယ်။ ဒီဘက်(အိန္ဒိယ)ကို မရောက်ဘဲ လမ်းမှာ တင် တရုတ်စစ်သားတွေ ဖမ်းမိပြီး ပစ်သတ်လို့ သေဆုံးသွားတဲ့ သူတွေလည်း အများကြီးရှိတာပေါ့။ ဖမ်းမိတဲ့သူတစ်ချို့ကို ဒဏ်ရိုက်တယ်။ နေ့ဆိုရင် တစ်နေ့လုံးပုန်းအိပ်ပြီး ညရောက်မှ တညလုံးမအိပ်ဘဲ ရေခဲတောင်တွေကို ဖြတ်ကျော်ပြီး လာရ တာ။ လမ်းမှာ ထမင်းလည်းငတ်ဖူးတယ်။ ဖိနပ်လည်း ပြတ်ဖူးတယ်။ အခက်အခဲတွေကတော့ အများကြီးပဲ။ တစ်ချို့ဆို လမ်းမှာတင်သေဆုံးသွားကြတယ်”ဟု တိဗက်လားမားကြီး တန်ဇန်း ညာချေက ပြောပါသည်။ စကားပြောနေရင်းကနေ နောက်ကျောဘက်တစ်ခုလုံး ပေါက်ပြဲဆွေးမြေ့နေပြီဖြစ်သော သူဝတ်ဆင်ထားသည့် အင်္ကျီဟောင်းကလေးကို လက်က ကိုင်ပြရင်း “ဒီအင်္ကျီသက်တမ်း ဘယ်လောက်ရှိပြီလို့ မင်းထင်သလဲ” လို့မေးတော့ “အင်း.. သုံးနှစ်လောက်တော့ရှိလောက်ပြီထင်တယ်”ဟု အဖြေပေး လိုက်မိရာ သူက “မင်းမှားတယ်။ ဒီအင်္ကျီကလေး ငါဆီမှာရှိနေတာ ၁၈ နှစ် ရှိသွားပြီ”ဟု အဆိုပါ တိဗက်လားမားကြီးက ဆိုသောအခါ အံ့သြရပါသည်။ ထိုအင်္ကျီကလေးကိုဝတ်၍ တိဗက်ပြည်ကနေ ထွက်ပြေးလာသော ကြောင့် အမြတ်တနိုး ဝတ်ဆင်နေရကြောင်းလည်း လားမားကြီးက ရှင်းပြနေပါသည်။

ဓရံဆာလာသည် တိဗက်ဘုန်းတော်ကြီး (လားမား) များနှင့် တိဗက်လူမျိုးများအတွက် အနာတရတွေကို ကုစားရာ ဆေးရုံ ကြီးတစ်ရုံနှင့် တူပါသည်။ သူတို့အတွက် အကောင်းဆုံးနေရာမဟုတ်သည့်တိုင် သက်တောင့်သက်သာရှိလှသည့် နေရာ တစ်နေရာပင်ဖြစ်သည်။ ကမ္ဘာကျော်တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား အခြေချနေထိုင်ရာမြို့ကလေးဖြစ်၍ ဘုန်းတော် ကြီးကို ဖူးမြင်ခွင့်ရနေခြင်းကိုက သူတို့အတွက် မဟာအခွင့်အရေးကြီးတစ်ခုပင်ဖြစ်သည်ဟု တိဗက်များက ခံယူထားကြသည်။ ဘုန်းတော်ကြီးကို အရှင်လတ်လတ် ဖူးမြင်ခွင့်ရနေခြင်းသည် ဘုရားဖူးရခြင်းနှင့် ထပ်တူနီးပါးကျသည်ဟု တိဗက်တို့က ယုံ ကြည်ထားကြသည်။ ထို့အပြင် ဓရံဆာလာသည် တိဗက်အဝေးရောက် အစိုးရရဲ့ ရုံးစိုက်ရာဋ္ဌာနချုပ်ရှိရာမြို့ကလေးလည်းဖြစ်သည်။

နွေရာသီမှာတောင် စောင်ခြုံရသော၊ ရေခဲတောင်ကြီးများကို နောက်ခံပန်းချီကားသဖွယ် ချိတ်ဆွဲထားသော သည်မြို့ ကလေးမှာ ဆောင်းတွင်းဆိုလျှင်တော့ လူသိပ်မရှိကြတော့။ အအေးကြိုက်လှပါသည်ဆိုသော တိဗက်များပင် ဗုဒ္ဓဂယာရှိရာ ဘီဟာပြည်နယ်နှင့် အအေးပေါ့သော အခြားပြည်နယ်များသို့ ဆောင်းခိုသွားလေ့ရှိသည်။ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလရောက် လျှင် ဗုဒ္ဓဂယာတစ်ကွင်းလုံးသည် ဆောင်းလာခိုနေကြသော တိဗက်လားမားများ၊ တိဗက်သီလရှင်များ၊ တိဗက်လူမျိုးများဖြင့် ပြည့်လျှံ၍ နေပါတော့သည်။ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလတွင် ဗုဒ္ဓဂယာသို့ ဆောင်းခိုရန် ရောက်လာကြသည့် တိဗက်လူမျိုး များကား ဟိမဝန္တာဆောင်းခိုငှက်များနှင့်ပင် တူနေပါသေးတော့သည်။

ဆက်လက်ဖော်ပြပါဦးမည်။

ကိုသစ် (သီတဂူ)
၁၂၊၂၉၊၂ဝ၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်