မင်းကိုနိုင် ● အမေ့ တမ်းချင်း

January 3, 2018

● အမေ့ တမ်းချင်း
(မိုးမခ) ဇန်နဝါရီ ၃၊ ၂ဝ၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာမှ ပြန်လည်ကူးယူသည်။

မနေ့က အမေ့မွေးနေ့။ မတွေ့ဖြစ်တာ ကြာပြီဖြစ်တဲ့ ကျနော်တို့မောင်နှမလေးယောက် အမေ့အိမ်မှာဆုံကြဖို့ မအားကြတဲ့ ကြားက ကတိတည်ခဲ့ကြပါတယ်။ မိသားစုပြန်ဆုံတဲ့ အမေ့မွေးနေ့ပွဲဟာ ညနေစောင်းထိ ဘာမှမထူးခြားသေးပါဘူး။ သား သမီးတွေကအဖေနဲ့အမေကို ကန်တော့မယ်။ မိဘတွေက ဆုတောင်းပေးမယ်။

ညနေစောင်းလာတဲ့အခါမှာတော့ အမေက သားသမီးတွေကိုမွေးဖွားခဲ့တဲ့ အတွေ့အကြုံကိုပြောပြရင်း အခုလို ညနေစောင်းပြီ ဆိုရင် အဖေရော အမေပါ ကြောက်ခဲ့ရတဲ့ ညနေစောင်းတွေအကြောင်းကို ပြောပြပါတယ်။
———-*———–*———-*———–

ကျနော်တို့မှာ မကြီး၊ မငယ်၊ ကျနော်နဲ့ ညီမလေးအပါအဝင် မောင်နှမလေးယောက်ပဲရှိတယ်လို့ လူအများက သိထားကြ ပေမယ့် ကျနော့်မှာ အကိုရင်းတယောက်ရှိခဲ့ဖူးတယ်ဆိုတာ လူရင်းတွေတောင် သိပ်မသိခဲ့ကြပါဘူး။ သမီးမိန်းကလေးနှစ် ယောက်မွေးပြီးတဲ့နောက် အဖေနဲ့အမေတမ်းတတာက သားယောက်ျား။ သူတို့ဆုတောင်းပြည့်ခဲ့ကြပါတယ်။

ရံဖန်ရံခါ ကျနော့်ရဲ့ညှင်းသိုးသိုးပုံကိုကြည့်ပြီး အမေက ချစ်စနိုးကြည်စယ်လေ့ရှိတယ်။

“ငါ့သားကြီးက မင်းလိုမဟုတ်ဘူး၊ ရုပ်ရည်လှလှနဲ့ ခြေတံ လက်တံကောင်းကောင်း၊ မျက်ခုံးမျက်လုံးလှလှ” စသဖြင့် ပြောရင်း က ဘယ်တော့မှဝါကျမဆုံးနိုင်။ အဝေးကို ငေးသွားရတာချည်းပဲ။ ညီအစ်ကိုငတ်တဲ့ကျနော်ကလည်း ငါ့မှာအစ်ကိုသာ ရှိခဲ့ရင် ဆိုတဲ့အတွေး မဆုံးနိုင်တော့ဘူးပေါ့။
———-*———–*———-*———–

အကို့ကိုမွေးပြီး တာဝါလိန်းလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) မှာရှိတဲ့ ဟိုတုန်းကအခေါ် ဒေါ်ခင်ကြည်ဆေးရုံက မြင် ကွင်းကို အမေကပန်းချီဆွဲသလို ပြောပြပါတယ်။

“ဟိုတုန်းက…ဆေးရုံဆိုတာ မိုးလင်းတာနဲ့ ကော်ဖီနဲ့မုန့်။ ပြီးရင်အိပ်ယာခင်းကအစ၊ အဝတ်အစားတွေအားလုံးလျှော်ဖွပ် ဆေးနဲ့ပေါင်းပြီးသား အသစ်လဲပေးတယ်။ အိမ်ကအဝတ်အစားတွေပေး မဝတ်ဘူး။ ဘာမှယူလာစရာလည်းမလိုဘူး။ ထမင်း နှစ်နပ်ကျွေးတာလည်း တကယ့်အာဟာရအပြည့် သန့်ရှင်းလက်ဆတ်တာတွေကိုပဲ စေတနာအပြည့်နဲ့ ချက်ကျွေးတာ။ ဆေး ရုံကဆင်းတဲ့အထိ တပြားတချပ်မှပေးစရာမလိုဘူး။ ဆေးရုံက ဆင်းမှသာ အလှူခံပုံးထဲကို စေတနာရှိရင်ထည့်သွား။ တချို့ ကလည်း အနှီးပိတ်အသစ်တွေ လှူတာမျိုးရှိတယ်။ ဒီလောက်ပါပဲ”

ကျောက်မြောင်းအိမ်ကနေ တာဝါလိန်းလမ်းဆေးရုံကို အမေဟာ လမ်းလျှောက်သွားခဲ့ပြီး အစ်ကို့ကို သက်သက်သာသာပဲ မွေးခဲ့ကြောင်း။ သားဦးမွေးရင် အနည်းဆုံး ၁ဝ ရက်။ ကျန်ကလေးများမွေးရင် အနည်းဆုံး တပတ်ဆေးရုံမှာနေရကြောင်း အမေက ဆက်ပြောပြပါတယ်။

အမေ့သားကြီးဟာ နှစ်ရက်မြောက်မှာ မျက်လုံးတွေဝါလာတယ်လို့ အမေ့စိတ်ထဲထင်ခဲ့တယ်။ ဒါပေမယ့် ကလေးကနို့စို့မပျက် တော့ အမေလည်း သိပ်မတွေးတတ်ခဲ့ဘူး။ ရှစ်ရက်မြောက်တဲ့နေ့မှာ အမေဆေးရုံကဆင်းတဲ့အခါ သားကိုပြန်ခေါ်ခွင့်မရဘူး။ သားကို ခဏထားခဲ့ရဦးမယ်။ ခြေထောက်အကြောအတွက် ဆေးထိုးရဦးမယ်ဆိုလို့ မထားချင်ပဲ ထားခဲ့ရပါတယ်တဲ့။

ညနေမှောင်တော့ မိတ်ဆွေတယောက် ရောက်လာ။ အဖေ့ကို အောက်ထပ်ခေါ်သွားတယ်။ အမေ့စိတ်ထဲ ထင့်ကနဲဖြစ်။ ငါ မသိစေချင်တဲ့အကြောင်းမို့ ငါ့ရှေ့မှာမပြောတာများလား။ ဘုရား…ဘုရား… ငါ့သားများ …။

ယခင်က လူတွေပြောတဲ့ ရင်ထဲမှာ “ဟာခနဲ” ဖြစ်သွားတယ်ဆိုတာမျိုးဟာ အမေ လက်တွေ့ခံစားလိုက်ရပါတယ်တဲ့။
ဒါပေမယ့် ချက်ခြင်းပဲ… စိတ်ကိုတင်းတယ်။ အို…မဖြစ်နိုင်ပါဘူး။ ခြေထောက်အကြောဆိုတာ အသက်နဲ့အဝေးကြီးပါ စသ ဖြင့် ဖြေသိမ့်ပါတယ်တဲ့။

နောက်ရက်တွေမှာတော့ ညနေစောင်းပြီဆိုရင် အဖေနဲ့အမေ့အမေ (ကျနော့်အဖွား) တို့ဟာ ဆေးရုံသွားကြည့်မယ်ဆိုပြီးတော့ ထွက်သွားကြ။ မှောင်ပြီဆိုမှ တိတ်တဆိတ်ပြန်လာကြ။ အမေက စိတ်ထင့်ထင့်နဲ့ သတင်းမေး။ သူတို့က နေကောင်းပါတယ်၊ အနာကျတ်မှပြန်ခေါ်လာမယ်ဆိုပြီး ဖြေကြ။ ပြီးတော့ အိမ်ဟာ တိတ်ဆိတ်သွားနေကျ။

အဖေဟာ ညနေရောက်တိုင်း လမ်းထိပ်ရောက်ရင် ယောက္ခမဖြစ်သူနဲ့လမ်းခွဲ။ ခြေဦးတည့်ရာ ခေါင်းငိုက်စိုက်နဲ့လျှောက်။ နှုတ်ဆက်သူတွေကိုလည်း မတုံ့ပြန်နိုင်။ မှောင်လောက်ပြီဆိုမှ အဖွားနှင့်ပြန်ဆုံ အိမ်ထဲဝင်။ အမေ့မျှော်လင့်တကြီး မျက်ဝန်း တွေကို ရှောင်လွှဲရင်းမနက်ဖြန်တော့ သားကိုခေါ်လာလို့ရမယ်ထင်တယ် ဖြေရင်း..။

“သားအဖေဟာ အမေ့ကိုညာတယ်ကွယ်။ အကြာကြီးညာခဲ့တယ်။ ကလေးနေကောင်းပါတယ်၊ ဒဏ်ရာက ယောင်နေလို့ပြော လိုက်။ နို့မှုန့်တွေတိုက်တာ အများကြီးသောက်တယ်လို့ ဆိုလိုက်။ ညနေတိုင်း အမေ့ကိုညာခဲ့တာ”

အဖေ့နေရာမှာ ကျနော်ဆိုရင်လည်း ညာမိမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ အခုအမေ့မျက်လုံးတွေကို ကြည့်မိရင်ကို ဒီလိုညာ မှဖြစ်တော့မှာပဲလို့ တွေးမိတာကိုး။

ဒီလိုနဲ့ တလပြည့်တဲ့နေ့မှာ အဖေဟာ အဝတ်အစားအိတ်ပြင်ရင်း ကျနော့်အဖွားကို အခုလိုပြောပါတယ်။ “အမေ… ကျနော် တော့ အမေ့သမီးကို ပြောမထွက်ဘူး။ ခရီးပဲထွက်တော့မယ်” တဲ့။

အဖေဟာ သတင်းဆိုးကိုပြောဖို့လူရွေးရာမှာ ဘာကြောင့်အဖွားကို ရွေးလိုက်ရပါသလဲ။ အဖွားက အမေ့အမေလေ။ မိခင်တ ယောက်ရဲ့ရင်သွေးဆုံးရှုံးဒဏ်ကို နားအလည်နိုင်ဆုံးဟာ မိခင်ဖြစ်ဖူးသူပဲ မဟုတ်ပါလား။ နှစ်သိမ့်စကား ရွေးချယ်ဖို့လည်း မိခင်ချင်း နားလည်တဲ့ဘာသာစကားနဲ့မှဖြစ်မှာမဟုတ်လား။ နောက်ဆုံး အမေငိုချလိုက်မယ်ဆိုရင်တောင် သူ့အမေရဲ့ရင်ခွင် သာ ဖြေသိမ့်မှုအပေးနိုင်ဆုံးမဟုတ်ပါလား။
———-*———–*———-*———–

ဒီနှစ် အမေ့မွေးနေ့မှာ အမေဟာ “ငါ့သားကြီးသာ ရှိရင်….” လို့ သူရွတ်နေကျ တမ်းချင်းကို ထုံးစံအတိုင်း ဝါကျမဆုံးရေရွတ်
နေပြန်ပါတယ်။ မျက်လုံးတွေကတော့ ဟိုအဝေးကိုငေးလို့…..။

နှစ်ပေါင်း နှစ်ဆယ်ကျော် ကျနော်အိမ်ပြန်ခွင့်မရတဲ့ကာလတွေမှာ နိမ့်ပါးနေတဲ့မိသားတစုကို ပမာမခန့်ပြုမူတာတွေခံရတိုင်း၊ အားနည်းနေတဲ့ မိသားစုအပေါ် မထီမဲ့မြင်ပြုတာတွေကြုံတိုင်း၊ ငါတို့မှာ သားယောက်ျားကြီးတယောက်သာ မားမားမတ်မတ် ရှိခဲ့ရင်ဆိုတဲ့ တမ်းတမှုမျိုး ကျနော့်မိသားစု အချိန်နဲ့အမျှခံစားခဲ့ရကြောင်း ပြန်မလာနိုင်သေးသူကျနော့်ထံ ရင်ဖွင့်ခဲ့ကြဖူးပါ တယ်။

ကျနော်ကိုယ်တိုင်လည်း အဲဒီလိုအခါမျိုးမှာ “ငါ့အစ်ကိုသာရှိခဲ့ရင်လို့” အမေ့လိုပဲ ဝါကျမဆုံးနိုင်ခင် အံကြိတ်ခဲ့ရဖူးတာပါပဲ။ အခုလည်း တခါတရံမှအိမ်ပြန် အမေနဲ့ဆုံဖြစ်တဲ့ ကျနော်ဟာ သူ့သားကြီးဇာတ်ကြောင်းပြန်ရင်း စကားဆုံးမရပဲ အဝေးတနေ ရာငေးနေတဲ့ အမေ့မျက်လုံးတွေကို ကျနော်ကြည့်ရင်း ….။

မင်းကိုနိုင် ( ၁၆ စက်တင်ဘာ၊ ၂ဝ၁၅)
{အမေ့ ၇၉-နှစ်ပြည့် မွေးနေ့အမှတ်တရ}

ပန်းချီ အညွန်း – အဖေ့လက်ရာ အမေ့ပုံတူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်