အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၉)

January 5, 2018
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၉)
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၈

● ဘုရားသုံးဆူ နေ့ရက်များ (၁၇)
ကလိန်ကန်းစခန်းမှာနေရတော့ စံခရပူရီမြို့ကို ပိုပြီးအရောက်အပေါက်များလာတယ်။ အကြောင်းကတော့ စခန်းကနေ လှေစီးရင် ၃ နာရီလောက်ဆို မြို့ကိုရောက်ပြီ။ ကြားထဲမှာ ထိုင်းဂိတ်က စစ်ဆေးတာမျိုး မရှိဘူး၊ ပိုလွတ်လွတ်လပ်လပ် ဝင် ထွက်လို့ရတယ်။ တဖက်မှာလည်း စံခရပူရီမြို့ထဲမှာ ကျနော်တို့ ထောက်ပံ့ရေးရုံးအတွက် သွပ်မိုးသွပ်ကာ အိမ်ကလေး တလုံးကိုလည်း ငှားထားတယ်။ နောက်ပြီး ရေကန်ကြီးထဲမှာလည်း ပင်လယ်ပြင်စစ်ဆင်ရေးဆိုပြီး ဖောင်အိမ်တလုံး ဝယ်ထားသေးတယ်။ စခန်းအတွက် စက်လှေငယ်တစင်းလည်း ရှိတယ်။

စံခပူရီမြို့က သေးသေးပါ။ တောင်နှမောင်းတွေပေါ်မှာ လက်ချောင်းတွေ ဖြန့်ကားထားသလို တည်ထားတဲ့မြို့၊ မြို့နဲ့ ရေကန် တဖက်ခြားထားတဲ့ မွန်ရွာကိုတော့ ‘ဝင်က’လို့ ခေါ်ကြတယ်။ ဒီမြို့နဲ့ ဝင်းကရွာဟာ အရင်တုန်းကတော့ ချောင်းသုံးခုဆုံရာ (ဘီးခီး၊ စံခလယ် (စောင်ခလီယာ) နဲ့ ရမ်တီး) နေရာမှာ ရှိခဲ့တယ်။ ချောင်းသုံးခုဆုံရာကနေ ဖြစ်လာတဲ့ ‘ကွေးနိုင်မြစ်’ ကို ၁၉၇၉ ခုနှစ်မှာ ဆည်ပိတ်လိုက်ပြီး၊ ဆည်တည်ဆောက်တာပြီးဖို့ ၅ နှစ်ကြာတယ်။ အရင်ကတော့ ခေါင်လိုင်ဆည်လို့ ခေါ်တယ်။ ၂၀၀၁ ခုနှစ်မှာတော့ ထိုင်းလက်ရှိဘုရင်နာမည် ‘ဗာဂျီရာလောင်ကွန်’ ဆည်အဖြစ် အမည်ပြောင်းတယ်။ ဆည် ပိတ်လိုက်တော့ ရွာဟောင်းကရေမြုပ်သွားတယ်။ ရေမြုပ်သွားတဲ့ ရွာသားတွေကို တောင်ကုန်းမြင့်ပေါ်မှာ ပြန်ပြီး နေရာချ ပေးတယ်။ ဆည်ပိတ်လိုက်လို့ ရေတွေတောင့်သွားတဲ့အခါ ရေကန်ကြီးသဖွယ် မြို့ရဲ့အလှအပ ပေါ်လာတယ်။ တဖက်မှာ ထိုင်းနဲ့ ကရင်အများစုနေရာ စံခရပူရီမြို့ကတဖက်၊ ကျန်တဖက်မှာ မွန်အများစုနေထိုင်တဲ့ ဝင်ကရွာဖြစ်လာတယ်။ မွန်ဆရာ တော်ကြီး ဦးဥတ္တမရဲ့ ဂုဏ်သတင်းကြောင့် ထိုင်းဘုရင်က ကိုးကွယ်တဲ့အခါ မွန်ရွာသားတွေလည်း ဆရာတော်ကြီးကို ခိုလှုံ နေထိုင်စရာ ဖြစ်လာတယ်။ မွန်ဖက်ကမ်းကို သာသနာနယ်မြေအဖြစ် သတ်မှတ်ပေးပြီး၊ ဆရာတော်ကြီးရဲ့ လောင်းရိပ်ခိုစေ တယ်။ မွန်ဘုန်းကြီး ဆရာတော် ဦးဥတ္တမကလည်း “စေတီ ဗုဒ္ဓဂါယာ”ဆိုပြီး၊ ဗုဒ္ဓဂါယာပုံစံ စေတီတဆူ တည်ထားတယ်။

ရွာနှစ်ခုကြားက ရေပြင်မှာတော့ အပန်းဖြေတည်းခိုခန်း (Guest house) တွေ ရှိသလို၊ လောရှမ်းလူမျိုးတွေ အခြေချ နေထိုင်ကြတဲ့ ဖောင်အိမ်ကလေးတွေလည်း ရှိတယ်။ နောက်တော့ မွန်တွေလည်း ဖောင်တွေပေါ် အိမ်သဘော တဲထိုး နေထိုင်ကြတယ်။ (၁၀၁) အဖွဲ့က ဖောင်အိမ်တလုံးကို ဝယ်ပြီး စတည်းချတယ်။ ချက်ပြုတ်စားလိုက်၊ လှေမောင်းလိုက်၊ ရေကူးလိုက် လုပ်နေတာ တွေ့ရတယ်။ တချိန်ကျရင် ပင်လယ်ပြင်စစ်ဆင်ရေးလုပ်ဖို့ ကြိုတင်လေ့ကျင့်နေတာလို့ ဆိုကြ တယ်။ ဒေါက်တာ နိုင်အောင်အကြံ ဖြစ်ပုံရတယ်။ 😛 😛 😛 ကျနော်တို့ရဲဘော်တွေ လာတဲ့အခါ ထောက်ပံ့ရေးတဲမှာ တည်းခိုနေ နိုင်ကြသလို၊ ဖောင်အိမ်မှာလည်း နေနိုင်တယ်။ ဘုရားသုံးဆူက လက်ဖက်ရည်ဆိုင်ဖွင့်တဲ့ မဖြူ-မနီတို့ ညီအမကလည်း ဘုရားသုံးဆူ စခန်းကျတဲ့အခါ ဝင်ကရွာကလေးမှာ ပြောင်းလာပြီးနေထိုင်ကြတယ်။ (လက်ဖက်ရည်ဆိုင်တော့ မဖွင့်တော့ ဘူး)။

အဲဒီမှာ ကျနော်မသီတာနဲ့ စတွေ့တယ်။ သူတို့အိမ်မှာက လက်ဖက်ရည်၊ မုန့်ဟင်းခါး၊ ကွေ့သယိုရောင်းတော့ ကျနော်တို့ ရဲဘော်တွေ မနက်စက်ကျရာ နေရာဖြစ်နေတတ်တယ်။ လက်ဖက်ရည်ဆိုင်ထိုင်၊ အာပေါင်အာရင်းသန်သန် နိုင်ငံရေးတွေ ဆွေးနွေးကြ၊ ခေတ်ကိုသုံးသပ်ကြ လုပ်နေတတ်ကြတယ်။ မသီတာက ငယ်သေးတယ်။ ဒါပေမယ့် သူတို့လက်ဖက်ရည်ဆိုင်ထဲမှာ ချိတ်ထားတဲ့ ဓာတ်ပုံကြီးတပုံကိုကြည့်ရင်း ကျနော်သဘောကျနေမိတယ်။ ဓာတ်ပုံထဲမှာ သူက အသက်ပိုကြီးနည်းနည်း ကြီးပုံရတယ်။ ဓာတ်ပုံထဲက သူ့မျက်လုံးတွေက ဝိုင်းစက်နေတယ်။ နားဆွဲကလေးနဲ့ ပြင်ပြင်ဆင်ဆင်ရိုက်ထားတဲ့ ဓာတ်ပုံ ကို ကျနော်ငေးကြည့်နေတတ်တယ်။ လူကိုယ်တိုင်ကိုတော့ တခါတလေမှသာ မြင်ရတယ်။ သူ့မိသားစုနဲ့ ကျနော်တို့ ကျောင်းသားအဖွဲ့တွေကတော့ အတော်ရင်းနှီးကျွမ်းဝင်နေပြီ။ အကြောင်းကတော့ သူ့အမဖြစ်သူ မစန္ဒာက ကျနော်တို့ ကျောင်းသားအဖွဲ့က မုဒုံမြို့သား ကိုအောင်ဆန်းနဲ့ စောစောစီးစီးကပဲ အိမ်ထောင်ကျတယ်။ မုဒုံအုပ်စုခေါင်းဆောင် ကို တင်စိုးနောင်၊ ကိုတင်စိုးမောင်တို့က ကိုအောင်ဆန်းကို မြို့ပြမှာ ဆက်သွယ်ရေးအတွက် စံခလီယာဟိုတယ်မှာ စားပွဲထိုး လုပ်စေရင်း၊ တာဝန်ပေးထားတယ်။ အဲသည်အချိန်က တယ်လီဖုန်းဆက်သွယ်ရေးက ခက်ခဲတော့ မြို့ပေါ်က၊ အခြားဒေသ က ဆက်ချင်ရင် ကိုအောင်ဆန်းကို မက်ဆေ့ခ်ျသတင်း ပေးထားခဲ့နိုင်တယ်။ အဲဒီမှာ သူ့အမတော်သူ မစန္ဒာနဲ့တွေ့ပြီး အိမ်ထောင်ကျတယ်။ သူ့အမက မြန်မာစကား ပိုပြီးရေရေလည်လည် ပြောဆိုတတ်သလို၊ ကိုအောင်ဆန်းကလည်း မွန်လို ပြောတတ်တယ်။ သူတို့အဖို့ အဆင်ပြေတာပေါ့။ နောက်တခုကလည်း သူ့အဖေ ဦးလှအိမ်က မြန်မာရေလည်ပြီး၊ ဟိုးအရင် တခေတ် ဦးနုရဲ့ ပါလီမာန်ဒီမိုကရေစီပါတီ (PDP) တော်လှန်ရေးကာလကတည်းက၊ အဲဒီတော်လှန်ရေး ရဲဘော်တွေနဲ့ တလုံးလုံး လက်ပွန်းတတီးနေခဲ့သူ။ ကျနော်တို့ ဘဝတွေကို စာနာမှုရှိတယ်။

သူများတွေက မဖြူ-မနီ ပိုးပန်းနေကြချိန်မှာ ကျနော်ကတော့ သူတို့ကိုရှောင်ပြီး၊ မသီတာကို သဘောကျနေတယ်။ အဲဒီအချိန်က ကျနော်က ၂၅ နှစ်၊ သူက ၁၆ နှစ်လောက်ပဲ ရှိဦးမယ်။ ဒါပေမယ့် သူကမြန်မာစကား မတတ်တော့ ကျနော့် အဖို့ ပြောရလည်း အတော်ခက်နေတယ်။ ကျနော်တို့ ဒေသက တပ်ရေးတာဝန်ယူသူ ကိုရဲမွန်၊ ကျနော်တို့တပ်ခွဲက ကို အောင်မျိုးဆန်းတို့ကလည်း ကျနော့်ကို ရောဂါတက်အောင် ကျပ်ပေးကြတယ်။ ကိုအောင်မျိုးဆန်း၊ ကိုရဲမွန်တို့က ကျနော် တို့ထက် အသက်ကြီးပြီး၊ လူပေါင်းလည်း ဆန့်ကြတယ်။ ဦးလှအိမ်ကို သူငယ်ချင်းလို ပြောဆိုပေါင်းသင်းကြတယ်။ ဦးလှ အိမ်ကလည်း လူငယ်စိတ်၊ အဲသည်အချိန်အထိ ကျောကုန်းမှာ လင်းယုန်ရုပ်ကြီး မင်ကြောင်ထိုးလိုက်သေးတယ်။ ပြီးတော့ ဆေးမင်ကြောင်ကို ကြွားချင်တဲ့စိတ်နဲ့ အင်္ကျီချွတ်၊ ဆိုင်ကိုကျောပေးထိုင်ပြီး သူ့အရုပ်ကို လူသူမြင်အောင် လုပ်တတ်သေး တယ်။ မသီတာတို့ အမေကအေးတယ်။ သူ့အဖေပြီးရင်ပြီး၊ မြန်မာလိုလည်း သိပ်မပြောတတ်ဘူး။

သူတို့က မသီတာကို ကျနော်သဘောကျနေကြောင်း နားဖောက်ကြတယ်။ စနောက်ပြောကြတယ်။ အဲသည်လို အချိန်မျိုး ဆိုရင် ကျနော့်အဖို့ လက်ဖက်ရည်ဆိုင် ထိုင်ရတာ အတော်အနေခက်တယ်။ ဦးလှအိမ်ကလည်း ကျနော်စခန်းလူကြီး တယောက်မှန်း သိထားတော့၊ တယောက်နဲ့ တယောက် “ခင်ဗျား-ကျနော်” နဲ့ ပြောဆိုဆက်ဆံနေရချိန်။

ဒီလိုနဲ့ ရောဂါတက်လာတယ်။ ကိုအောင်မျိုးဆန်းကလည်း စာပေးဖို့ မြှောက်ပေးတယ်။ စာပေးရင်လည်း ဟိုက မြန်မာလို ဖတ်တတ်မှာ မဟုတ်ပြန်ဘူး။ တဖက်မှာလည်း ကျနော်တို့ စခန်းကရဲဘော်တွေ မာနယ်ပလောဒေသဖက်ကို ပြောင်းရွှေ့ရ မှာမို့ အလုပ်ရှုပ် ပြင်ဆင်နေကြရတယ်။ ကျနော့်အဖို့လည်း ချီတုံချတုံ။ ကျနော်မပြောဖြစ်ရင် သူဘယ်လိုသိမှာလဲ။ တနယ် ကို ပြောင်းသွားတဲ့အခါ ဝေးကြရချည်ရဲ့။ ကျနော် ဖွင့်ပြောပြီးပြန်ရင်လည်း ခရီးသွားကြရမှာ၊ ဝေးကြရမှာ။ တာဝန်တွေနဲ့ ဘယ်တော့မှ ပြန်လာနိုင်မယ်… မသိပြန်ဘူး။ ကံမကုန်ရင်တော့ ပြန်ဆုံနိုင်ကြသေးတာပေါ့။

အဲသည်အချိန်မှာ စံခရပူရီမြို့မှာ ကေအဲန်ယူဖက်က ဆက်ဆံဖို့ ဖဒိုမန်းအောင်ဌေး ရှိတယ်။ သူက ၁၉၆၂ ကျောင်းသား ဟောင်း ကျောင်းသားစိတ် ရှိတယ်။ စကားပြောရင် နှာခေါင်းတရှုံ့ရှုံ့နဲ့ ပြောတတ်သူ။ သူ့အိမ်ကိုသွားရင် ၁၉၇၀ ပတ်ဝန်း ကျင်လောက်က ဦးနေဝင်းကို လုပ်ကြံဖို့ ကြိုးစားဖူးတဲ့၊ နိုင်ငံတော် ကျော်ထူးခေါ် (အသံလွှင့်ရုံကို ၁၉၈၀ ခုနှစ်များမှာ လောင်ချာနဲ့ ပစ်ဖူးတဲ့ မန်းငွေအောင်တို့ အစု) က တယောက်ကိုလည်း တွေ့ရတတ်တယ်။ နောက်တော့ တပ်မဟာ ၆-က ဖဒိုမန်းအောင်တင်မြင့် ရှိတယ်။ [နောက်ပိုင်းမှာ တပ်ရင်း ၁၆ က သုမူဟဲက ကေအဲန်ယူက ခွဲထွက်လက်နက်ချတော့ သူပါသွားတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ အမျိုးသားလွှတ် တော်အမတ်အနေနဲ့ နေပြည်တော်မှာ ပြန်တွေ့ရတယ်။ ကော့ကရိတ်မဲဆန္ဒနယ်က မဲရွေးကောက်ခံရတာ။] သူတို့ကတဆင့် ကျနော်တို့ရဲဘော်တွေ တပ်မဟာ-၆ နယ်မြေကို ဖြတ်ပြီး မာနယ်ပလောကို သွားနိုင်ဖို့ ညှိနှိုင်းရတယ်။ သွားရမယ့်လမ်းက ကျနော်တို့ စံခရပူရီကနေ တဖက် ထိုင်းနယ်စပ် မဲကသာစခန်းကို သွားရမယ်။ မဲကသာကနေ တောလမ်းရှိတယ်။ တောင်ပေါ်လမ်းတလျှောက် ထိုင်းနယ်ကို ဝင်လိုက်၊ ထွက် လိုက်ဖောက်ထားတဲ့ ခဲမိုင်းတူးတဲ့ လမ်းကြောင်းရှိတယ်။ နောက်ဆုံး တပ်မဟာ ၆- တဖက်နယ်စပ် အဇင်း၊ ကျိုက်ဒုံ ကျေးရွာကို ပေါက်မယ်။ အဲဒီကနေတဆင့် ထိုင်းနိုင်ငံ အုန်းဖျံမြို့၊ မဲဆောက်နီးသွားပြီ။ ကျနော်တို့နဲ့အတူ လက်နက်အချို့ ယူသွားနိုင်ဖို့လည်း ပြင်ဆင်ကြတယ်။ ထိုင်းလူမျိုးတွေ အများစုက မြို့မှာ သွားလာတဲ့အခါ မော်တော်ဆိုင်ကယ်ကို သုံးကြ တယ်။ ကျနော်တို့ကတော့ ခြေထောက်ပဲရှိတယ်။ မြို့ကို ဟိုဖက်ဖြတ်လျှောက်၊ သည်ဖက်ဖြတ်လျှောက် လူကလည်း နေလောင်မဲတူး၊ ချွေးတလုံးလုံးနဲ့ ဖြစ်နေရတယ်။ နိုင်ငံတကာ မိတ်ဆွေတွေကိုလည်း ခရီးစားရိတ်အတွက် ငွေကြေး အကူ အညီတောင်းကြရသေးတယ်။ ဒီကြားထဲမှာ ‘လက်ဖက်ရည်ဆိုင်’ ဆိုပြီး ကဗျာတပုဒ် ရေးဖြစ်တယ်။

လက်ဖက်ရည်ဆိုင်

လက်ဖက်ရည်ဆိုင်
စစ်ပြန်ကြီးတွေ စတိုင်နဲ့
ကိုယ်တို့လာထိုင်ကြတယ်။
တကယ်တော့
ဘိုင်ကျပြီး ငှက်ဖျားနဲ့ဆွေးနေတဲ့
ပြည်ပြေးကျောင်းသားတွေပေါ့…။

အီကြာကွေးအကြော်နဲ့
နက်စ်ကော်ဖီဖျော်ရောင်းတဲ့ဆိုင်ကိုပဲ
လက်ဖက်ရည်ဆိုင်ဆိုပြီး သူတို့ထိုင်ကြ
ရွာလမ်းမကို စတိုင်ကျကျ ရှုတတ်တယ်။

နယ်စပ်မျဉ်းပေါ်က ဈေးကလေးမှာ
မြို့စရိုက်ကိုပေးတာဆိုလို့ ဒီဆိုင်
လေသေနတ်တွေထိုင်ပစ်
ဦးချစ်ဆိုင်အလား ထင်လိုက်သေးတယ်။

ပြောက်ကျားဘောင်းဘီဂေါက်ဂက်နဲ့
မနက်ဆိုထွက်လာ
ရွာခမ်းလှည့်လည်တော်မူပြီး
လက်ဖက်ရည်ဆိုင်မှာ လသာတယ်…
ပြန်လာတော့ အချင်းချင်းပြောမကုန်
စုပေါင်းစပ်ပေါင်း အကုန်ကြိုက်ကြရတဲ့
အကြီးမ အငယ်မအကြောင်းလေ။

မြို့ဝေးပြဝေးမှာ အာသာဖြေဆေး
ဖျော်ဖြေရေးလည်း ဒီဆိုင်
မိဝေးဖဝေး သံယောဇဉ်ပေး
အိပ်မက်တွေမွေးတာလည်း ဒီဆိုင်။

ဒီလိုနဲ့….
တောင်ပြာတန်းနဲ့ ကျောပိုးအိတ်သီချင်းဆို
တနေရာကို သွားရဦးမယ်။
ကိုယ့်ကိုယ်ကို ခေတ်ကြီးလွယ်ထားပုံနဲ့ နှုတ်ဆက်
ထားရက်ရတော့မှာပဲ ဆိုင်ကလေးရေ…။

မလွမ်းလောက်ပါဘူး။
တံတားကြီး
ဘုရားကြီး
ချဲပွဲနဲ့ လူမိုက်တွေကြီးစိုးတဲ့ ရွာကလေးလေ…။

သေချာပါရဲ့
လက်ဖက်ရည်ဆိုင်
ကောင်တာထိုင်နေတဲ့ ပန်းကလေးဟာ
ပူပုံပန်းနဲ့ မှိုင်ငေးနေတော့မှာပဲ။
သူချစ်တဲ့ကောင်လေးဟာ
စစ်သွေးကြွ ဘာသာခြား၊ တရွာသားကျနော်လေ…။

ယောဟန်အောင် (၁၉၉၀၊ ၂၀၀၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်