မင်းကိုနိုင် ● ဒဏ်ရာရပန်းသီးများ

January 7, 2018

● ဒဏ်ရာရပန်းသီးများ
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။

“ဒီမှာ …ချယ်ရီတကယ်..ပုံပြောဖို့ ရှိတယ် နားထောင် ”

သူစိုးရိမ်သွား၏ ငါ့အကြံတွေကို ကြိုမြင်လို့ တားဖျက်တော့မှာလားဟု ပူကာ“ဟား တို့ကိစ္စရှိသေးတယ်”ဟု ကန့်ကွက်လိုက်၏။

“ရောက်မှ မရောက်သေးတာ ကိုယ့်အလှည့်ကျမှ ကိုယ်ပြော….ခုနားထောင်အလှည့်”

သူ….“ ဟုတ်ကဲ့ပါ ”ဟု မှင်သေသေ၀န်ခံရတော့သည်။ချယ်ရီသည် စင်ပေါ်မတက်ဖူးဘဲ ရောက်လာသည့် သတ္တိနည်းသော ကလေး၊ အလွတ်ကျက်ထားရသည့် ပုံပြင်တက်ပြောရသလို ဖြစ်နေ၏။

“ဟိုလေ တခါက…ငှက်မလေးတကောင် မိုးရွာထဲ အင်္ကျီချုပ်ဆိုင်သွားတယ်တဲ့”

“ဟာ…ငှက်က အင်္ကျီဘယ်လိုဝတ်မလဲ ယုတ္တိမရှိတာ ”

သူမ…အခက်တွေ့သွား၏။ သူမကို သနားမိပြန်၍ သူကပင်

“ဒီလိုလုပ် ငှက်အမွေးအတောင်အလှပြင်ဆိုင်ကို သွားတယ်လုပ်လိုက်”ဟု အကြံပေးည်။ သူမ ကျေနပ်လျက်….

“အင်း အဲဒီကအပြန်မှာ ကြောင်တကောင်က လက်ဖက်ရည်ဆိုင်မှာ ထီးမပါလို့ မှိုင်နေတယ်”

“ဟာ ဒါတော့ ဖြစ်နိုင်တယ်။ ကြောင်က လက်ဖက်ရည်သောက်တာပဲ ဒီကြောင်က ခန့်ချောကြီး မဟုတ်လား”

“ဘယ်ကလာ….ကုပ်ချောင်းချောင်းနဲ့ ပုံကို မလာဘူး။ ပုဆိုးဝတ်ရင် ခါးပုံစ ပုံပျက်ပျက်ကြီး ”

သူ့ခါးပုံစကို ငုံ့ကြည့်ရင်း သေသပ်အောင်ပြင်ကာ ဟဲဟဲ လုပ်နေသည်။

“ငှက်မလေးမှာက ထီးပါတယ်၊ ဘာထီးလဲ မေးမနေနဲ့နော်။ ပန်းရွက်ထီးလုပ်ဆောင်းတာပေါ့။”

“ဉာဏ်ရှိသားပဲ” ဟု သူကချီးမွမ်းသည်။ ချယ်ရီကျေနပ်ပြုံးလျက် ခေါင်းထက်မှ ဖဲပြားဝါလေးကို သေသပ်အောင်ပြန်ညှပ် လျက်စကားဆက်၏။

“ဒါနဲ့ အိမ်ပြန်နောက်ကျရင် အဘွားကရိုက်မှာကြောက်တဲ့ကြောင်လေးကို ငှက်မလေးက သနားလို့ ခေါ်သွားတာ ကြောင်ကလမ်းမှာ ဇာတိပြတော့တာပဲ”

“ဟဲဟဲ ဒီပုံပြင်မျိုးမှ ကြိုက်တာ” ဟု သူပြောရင်း ချယ်ရီလွယ်အိတ်မှ ပန်းပွားလေးကို သူမအလစ် လက်ဖြင့် လှစ်ခနဲ တိုးခတ်ပြီး လက်ပိုက်ကာ ဆက်လျှောက်လာ၏။ ချယ်ရီက စကားမဆက်နိုင်။မျက်နှာကလေး နီရဲလျှက် “ အဲဒါနဲ့”ဟု ပြောပြီး ထစ်ငေါ့နေ၏။

“ပြောလေ ဘယ်လိုဇာတိပြတာလဲ သေချာပြောမှပေါ့ ”

ငါ့နှယ်နော်… သေသေချာချာစဉ်းစားထားပြီးမှ ဘယ်လိုဖရိုဖရဲ ဖြစ်ကုန်ရတာလဲ။ သူကလည်း မျက်နှာသိပ်ပြောင်တာပဲ။ ငါပြောချင်တာတွေ ရှုပ်ကုန်ပြီ။

သူမ ဗလုံးဗထွေးဖြင့် “ အူကြောင်ကြောင် လုပ်တာပေါ့”ဟုပြောလိုက်၏။

“ကြောင်ပါဆိုမှ ကြောင်တာပေါ့ ချယ်ရီကလည်း…”

“ ဟာ မနောက်နဲ့။ ဒါနဲ့ ငှက်မလေးက သူ့အစ်ကိုနဲ့ ပြန်တိုင်ဖို့ ဆုံးဖြတ်လိုက်တယ်”

သူမလှစ်ခနဲ သူ့အား အကဲခတ်၏။

သူ….မယုံသလို လုပ်နေ၍ “ဒါပေမယ့်အစ်ကိုက ဒေါသကြီးတော့ကြောင်ကိုသွားပြီး နှုတ်သီးနဲ့ ပေါက်မှာစိုးလို့”

“သနားလို့ပေါ့လို့ ဒါရှင်းနေတာပဲ ”

ဟော…ကြည့် သူငါ့ကို သိပ်နိုင်ချင်နေပါလား။

“နားထောင်ဦး……ငှက်အစ်ကိုကြီးနဲ့ မတိုင်ပင်တော့ဘဲ အမေနဲ့တိုင်လိုက်တယ်။ တကယ်ပြောတာ….”

သူ…။ “ဟာ…..”ခနဲဖြစ်ပြီး ငြိမ်ကျသွား၏။

ချယ်ရီ ကျေနပ်လှသည်။

“အမေက ဘာပြောတယ်ထင်လဲ။ ငါ့သမီးတဲ့ သူတို့နဲ့ တို့ကသဘာဝချင်းလည်းမတူဘူး။ အခြေအနေခြင်းလည်း မတူဘူးတဲ့။ တို့ကသူတို့လို ကြွက်ခုပ်တတ်တဲ့ ပညာမရှိလို့ ပင်ပင်ပန်းပန်းနေထဲ၊ မိုးထဲလျှောက်လှည့်ပြီး ရှာစားနေရတာတဲ့။ တို့အသိုက်တွေကလည်း လုံခြုံခိုင်ခံ့တာမဟုတ်ဘူးတဲ့။ ကြွက်ခုတ်တတ်တဲ့ ပညာနဲ့ အေးအေးဆေးဆေးထမင်းစားနိုင်တဲ့ကြောင်တွေနဲ့ တို့ရဲ့ ပင်ပန်းဆင်းရဲတဲ့ဘ၀ ကွာပါတယ်တဲ့”

ဘွဲ့ကိုယ်စီရပြီး ပညာဖြင့် အသက်မွေးကာ အတန်အသင့်ဥစ္စာဖြင့် နေနိုင်ကြသည့် မိမိ မိသားစုကို ကျော်ကျော်လွင် မြင်ယောင်လာသည်။ ချယ်ရီက ဒါတွေကို ထည့်စဉ်းစားနေပြီလား။ သူစိုးရိမ်တာတွေသဘာဝကျတာတော့ ငါဝန်ခံရမှာပဲ။ သူမအမေကို တကယ်ဖွင့်ပြောထားပြီလား။ သူယုံရခက် မယုံရခက် ကြောင့်ကြလာည်။ ချယ်ရီကား….ခံစားချက်ပါလာပြီမို့ စိတ်ပါလက်ပါ ပြောနေဆဲ။

“ဒီတော့ သမီးရယ်တဲ့ ကြောင်ဆိုတာ တို့လို ငှက်တွေကို ခုတ်စားဖို့ပဲ သိမှာပါ” တဲ့။

သူမတကယ်ဝမ်းနည်းသလို ပြောနေပြီ.သူ…လှုပ်လှုပ်ရှားရှားဖြစ်သွား၏။

“ဒါတော့ မတရားဘူး။ ပုံပြောသူက ဘက်လိုက်တယ် ကန့်ကွက်တယ်”

“အို….ဘယ်တတ်နိုင်မှာလဲ။ ဒါချယ်ရီ တကယ်ပုံပြင်ထဲက အတိုင်းပြန်ပြောပြတာပဲ”

“ဒါဆိုလည်း အမေ့ကို ပြန်ရှင်းပြပါလား။ ဒီကြောင်လေးကတော့မခုတ်တတ်ပါဖူးလို့”

“မခုတ်တတ်တဲ့ကြောင် မရှိပါဘူး…ကြံကြံဖန်ဖန်”

“ရှိတယ် ရှိတယ်။ တကယ်ရှိတယ်။ ငှက်မလေး သိပ်လှလို့ နီးနီးကပ်ကပ်ကြည့်ချင်ရုံပဲ ကြံတာ”

သူ စိုးရိမ်တကြီး အသံကျယ်သွား၍ ချယ်ရီက “တိုးတိုးလုပ်လေ။လူတွေနဲ့”ဟု သတိပေးရာ“ ဒါပဲလား။ ဒါပဲဆိုရင် မရဘူး”ဟု သူဘုကျကျအသံလျော့၍ ပြောသည်။

“ပြီးခါနီးပါပြီ”

“သမီးက သနားလို့ပါ အမေရယ်လို့ ပြောလိုက်တော့ ၊ အမေကသနားရင် သမီးရဲ့ ပိန်းရွက်ထီးကလေး အပိုင်ပေးလိုက်တဲ့။ ကြောင်လေးကိုတော့ ဝေးဝေးရှောင်ပါ သမီးရယ်တဲ့။ ဒါနဲ့ ငှက်ကလေးတွေဟာ ဘယ်တော့မှထီးမဆောင်းဘဲ မိုးရွာထဲမှာပဲ ခရီးသွားကြတာ ဒီနေ့အထိပေါ့။ ကြောင်တွေကလည်း မိုးထဲမသွားဘဲ အိမ်တွေမှာပဲနေပြီး ငှက်တွေကို လစ်တိုင်းခုတ်စားဖို့ ခြောင်းနေကြတာ ဒီနေ့အထိပဲ” သူမထိုသို့ မနားတမ်းပြောကြားပြီး “ပုံပြင်ကလေးကတော့ ဒါပါပဲ” ဟု စိတ်မကောင်းစွာ နိဂုံးချုပ်လိုက်၏။

မိုးပေါက်တွေက ကြိုမကြေညာဘဲ တဖောက်ဖောက်ပြေးဆင်းလာကြပြီ။ ကျော်ကျော်လွင် မှုန်ကုပ်ကုပ်နှင့် ရပ်လိုက်၏။

ချယ်ရီလည်း သူ့နံဘေးရပ်၍ ထီးဖွင့်ပြီး “ ရော့….ပိန်းရွက်ထီးလေးယူသွားတော့။ အဘွား ဆူနေဦးမယ်။ ”

မိုးမှုန်မှုန်ကြားမှ ချယ်ရီ့မျက်နှာက သူ့ကို ပြတ်သားခိုင်းနေပြီ။ယောက်ျားတယောက်၏ မာနက သူ့ကို အဆုံးအဖြတ်ပေးလိုက်၏။ သူမကမ်းပေးသည့် ထီးရိုးကို သူအခိုင်အမာ ဆုပ်ကိုင်လိုက်သည်။ ချယ်ရီက “ ယူသွားတော့ ” ဟု တီးတိုးထပ်တိုက်တွန်း၏။
သူ ခေါင်းယမ်းသည်။

……………
(စာမြည်း)
……………
( ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရ်ီလဆန်းပိုင်းတွင်ထုတ်ဝေမည့် ဒဏ်ရာရပန်းသီးများစာအုပ်မှ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်