ဒီလူည ● လူပျောက်ကြော်ငြာ

January 8, 2018

● လူပျောက်ကြော်ငြာ

(မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၁၈

“ရှင်တို့အတွက်တော့ ဒါဟာ ထူးဆန်းတဲ့သတင်းတပုဒ်လို ဖြစ်ချင်ဖြစ်မှာပါ။ ခဏတာ အံ့သြမှုတခုအနေနဲ့ပေါ့။ ဒါပေမယ့် ကျမအတွက်တော့ ဘဝတခုလုံး အစိတ်စိတ် အမွှာမွှာ ပေါက်ကွဲထွက်မတတ်ပဲ”

သူမရဲ့မျက်ဝန်းတွေက ကျနော့ကိုကျော်ပြီး အဝေးဆီကိုကြည့်နေပါတယ်။ ဘယ်ဆီဘယ်ဝယ်မသိတဲ့ အဝေးတနေရာဆီ ကို ပေါ့။

ပြီးတော့ သက်ပြင်းသဲ့သဲ့ကလေးချပြီး သူမဆက်ပြောတယ်။

“အဲ့ဒီတုန်းက ကျမဘဝတခုလုံး ပြိုကျမသွားအောင် မနည်းထောက်ကန်ထားခဲ့ရတယ်။ ငြမ်းတခုရဲ့ နှီးချက်မမိတဲ့နေရာကို ခြေချမိတဲ့လူတယောက်ရဲ့ အဖြစ်လိုမျိုးပေါ့။ သေခြင်းနဲ့ရှင်ခြင်းဟာ အလွှာပါးပါးကလေးသာ ခြားထားတဲ့ကာလ။ ဘာမဆို ဖြစ်ပျက်သွားနိုင်တဲ့အချိန်။ ပြီးတော့ ကျမမှာလည်း ရွေးချယ်စရာ များများစားစားလည်း ရှိမနေဘူးလေ။ Do or Die။ ဒီနှစ်ခုပဲ။ ကျမ ဆက်နေမလား ဒီနေရာမှာတင်ပဲ အဆုံးသတ်လိုက်ရမလားဆိုတဲ့မေးခွန်းနှစ်ခုကို ဖြေဆိုဖို့ ပြတ်ပြတ်သားသား နဲ့ သွေးမနည်းဘဲ ဖြေဆိုဆုံးဖြတ်ချက်ချရမယ့်အခြေအနေ။ အဲ့ဒီလိုအနေအထားမှာ ကျမဟာ အသေးငယ်ဆုံး အမှုန်ကလေး တခုဖြစ်သွားပြီး လေနှင်ရာလွှင့်ဝဲနေချင်မိတာ။ ပိုပြီး တိတိကျကျပြောရရင် ကျမကိုကြည့်နေတဲ့ မျက်ဝန်းတွေထဲကနေ ကျမ ဟာ ပျောက်ကွယ်သွားချင်တာ။ တကယ့်ကိုပါပဲ။ ဘယ်အချိန် ပြန်တွေးတွေး ကျမကို မွန်းကြပ်စေတုန်းပဲ”

“စိတ်မကောင်းပါဘူးဗျာ။ ကျနော်တို့ ဒီမှာတင်ရပ်လိုက်ကြရအောင်လား။ မင်းကိုကြည့်ရတာ အဆင်မပြေဘူး လို့ကိုယ်ထင် တယ်”

“ရပါတယ်။ အဲ့ဒီလိုလှိုင်းထန်ခဲ့တဲ့ခရီးတခုကို ကျမ လွတ်မြောက်အောင်ရုန်းထွက်လာခဲ့ပြီပဲ။ ကျမအတွက် သိပ်ပြီး ကိစ္စမရှိ တော့ပါဘူး။ နောက်ပြီး ဒါဟာ ကျမရှောင်လွှဲလို့ရမယ့်ကိစ္စလည်း မဟုတ်ဘူးလေ။ ရှင်မဟုတ်ခဲ့ရင်တောင် တချိန်ချိန်မှာ အခြားတစုံတယောက်ကို ကျမပြောပြရဦးမှာပါ။ စောစောပြောဖြစ်သွားတာနဲ့ နောက်ကျမှ ပြောဖြစ်သွားတာ ဒါပဲ ကွာမှာပါပဲ”

“ဒါဆိုလည်း အိုကေလေ။ မင်းဆုံးဖြတ်ထားပြီးပြီဆိုရင်တော့ ဆက်ပြောပါ။ ကိုယ်မတားတော့ပါဘူး။ ကိုယ့်အတွက်လည်း စောစောသိတာနဲ့ နောက်ကျမှသိတာ ဒါပဲကွာတာမဟုတ်လား”

ကျနော့်စကားဆုံးတော့ သူမအကြည့်တွေက ကျနော့်ဆီရောက်လာတယ်။ “ရှင်လည်း ခေါင်းမာသူတယောက်ပဲ” လို့ သူမ မျက်ဝန်းတွေက ကျနော့်ကို ပြောနေသလိုပဲ။ ကျနော်လည်း သူမအကြည့်ကိုမလွှဲဘဲ မျက်လုံးချင်းဆုံအောင် ထားလိုက်တယ်။ ခဏကြာတော့ သူမ မျက်လုံးကိုပုတ်ခတ် ပုတ်ခတ်လုပ်ပြီး ကျနော့်အကြည့်တွေကို ရှောင်လွှဲသွားတယ်။

သူမက အဝေးဆီကိုကြည့်ပြီး ဆက်ပြောတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တော့ ကျမပြောဖြစ်အောင် ပြောမှဖြစ်တော့မယ်။ အသင့်ဖြစ်မယ့်နေ့ရက်ကို စောင့်ရင်း ဒီနေ့ထိ ရောက်လာခဲ့ပြီလေ။ ပြီးတော့ ရှင့်ကိုလည်း ကျမအချိန်ဆွဲမထားချင်ဘူး။ ကျမစိတ်ထဲမှာ အခိုင်အမာတည်ရှိနေတဲ့ အရာကို လည်း ရှင်သိသင့်ပြီလို့ ထင်တယ်။ ဒါတွေကိုသိပြီးတဲ့အခါ ရှင်လည်း သေချာတဲ့ဆုံးဖြတ်ချက်တခုကို ချနိုင်လာမှာ။ ဖြစ်နိုင် ရင်တော့ ကျမအတွက်နဲ့ ရှင့်ရဲ့အဖိုးတန်တဲ့အချိန်တွေကို မကုန်ဆုံးစေချင်ဘူး။ ဘာပဲဖြစ်ဖြစ် ရှင်လည်း …”

“မင်းပြောတာကို ကိုယ်နားထောင်ချင်ပါတယ်”

သူမကို စကားဆုံးအောင်ပြောခွင့်မပေးဘဲ ကျနော်ဖြတ်ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးရောက်ရှိလာမယ့်စကားကို ကျနော် သိနှင့်နေတယ် မဟုတ်လား။

သူမနာမည်က “ငြိမ်းချမ်းမေ”။

သူမကို ကျနော် စတွေ့ဖူးတာ ကျနော့်သူငယ်ချင်းတယောက်ရဲ့ အိမ်တက်အလှူတခုမှာ။ အဲ့ဒီနေ့က သူမဟာ အစိမ်းရောင်အပွင့်တွေပါတဲ့ ချည်သားအင်္ကျီကို ဝတ်ဆင်ထားတယ်။ သူမဟာ သိပ်ပြီး ချောမောလှပလွန်းသူ တယောက်တော့ မဟုတ်ဘူး။ ဒါပေမယ့် ဗမာ တယောက်အနေနဲ့ ဖြူလွန်းတယ်လို့ပြောရမယ့် သူမ အသားအရည်ကြောင့် လူအများကြားမှာ နည်းနည်းတော့ ပေါ်လွင်နေတယ်။ အဲဒီ ဖြူတဲ့အသားအရည်ကြောင့်သာ မဟုတ်ရင် သူမဟာ သာမန် ရွက်ကြမ်းရေကျို အမျိုးသမီး တယောက်လောက်ပါပဲ။ ပြီးတော့ သူမရဲ့မျက်နှာဟာ ချောတယ်ဆိုတာထက် ယဉ်တဲ့ဘက်ကို ရောက်နေတဲ့ မျက်နှာမျိုး။ အခြားသူတွေအတွက်တော့ မထူးခြားလှပေမယ့် ကျနော့်အတွက်တော့ သူမကို စတွေ့လိုက်မိကတည်းက မှတ်ဥာဏ်မှာ သူမရဲ့မျက်နှာလေးကို အသားတံဆိပ် ခတ်နှိပ်ထားလိုက်သလိုပါပဲ။ လူတကိုယ် အကြိုက်တမျိုးမဟုတ်လား။ နောက်ပြီး သူမနဲ့အတူ ကလေးငယ်ငယ်လေး တယောက် ပါလာတာကိုလည်း ကျနော်သတိထားမိခဲ့တယ်။ (အဲဒီကလေးဟာ သူမ နဲ့ ရုပ်ချင်းဆင်တယ်။ နောက်ပိုင်းမှာတော့ အဲ့ကလေးဟာ သူမရဲ့ သမီးလေးမှန်း ကျနော်သိခဲ့ပါတယ်။ )

အဲ့ဒီအလှူပြီးတဲ့နောက်ပိုင်းမှာတော့ သူငယ်ချင်းရဲ့အကူအညီနဲ့ သူမရဲ့ နာမည် ၊ သူမနေတဲ့ နေရာနဲ့ သူမရဲ့အကြောင်း တစိတ်တပိုင်း ကိုကျနော်သိလာခဲ့ရတယ်။

သူမနေတဲ့နေရာနဲ့ ကျနော် အိမ်နဲ့က နှစ်လမ်းလောက်သာကွာတယ်။ သိပ်အဝေးကြီးမဟုတ်ဘူး။ ပုံမှန်ခြေလှမ်းနဲ့ လျှောက်ရင်တောင် အများဆုံး ငါးမိနစ်လောက်ပါပဲ။ ကျနော့်အတွက် သူမအကြောင်းတွေ အဆင်တပြေရနေတာက ကျနော့်သူငယ်ချင်း အလုပ်လုပ်တဲ့ စက်ရုံမှာ သူမလည်း အလုပ်လုပ်နေတာလည်း ပါပါတယ်။ စက်ရုံတခုတည်း ဆိုပေမယ့် အလုပ်လုပ်ရတဲ့ နေရာကတော့ မတူကြပါဘူး။ သူမက QC ( Quality Control )တယောက်။ နောက်ဆုံးအဆင့် ဦးထုပ်တလုံးရဲ့ အော်ဒါမှာထားတဲ့ အရောင်အတွဲအစပ် မှန် မမှန် စစ်ရတယ်။ ပြီးတော့ ချုပ်သား သေသပ်မှု ရှိ မရှိ ခိုင်ခံ့မှု ရှိ မရှိ နဲ့ ဦးထုပ်မှာတပ်ဆင်ထားတဲ့ လျှာအနေအထား တည့်လား စောင်းနေလား စတဲ့အရာတွေကို စစ်ဆေးရတယ်။ သူမရဲ့ စနစ်တကျ စစ်ဆေးမှု တိကျမှုတို့ကြောင့် လုပ်ငန်းခွင်ထဲမှာ နာမည်ရသူ တယောက်ပါ။ သူငယ်ချင်းဆီက သိရတဲ့ သူမရဲ့အလုပ်သွား အလုပ်ပြန်ချိန်တွေဟာ ကျနော့်အတွက်တော့ သူမဆီသွားနိုင်မယ့် လမ်းတွေမဟုတ်လား။ ရတနာတွေမြှုပ်ထားတဲ့ နေရာကို ဖော်ပြမှတ်သားပေးထားတဲ့ လမ်းပြမြေပုံ တချပ်လိုပေါ့။ သူမမှာ အဖေရော အမေရော မရှိကြဘူး။ သူမ က အဒေါ်အပျိုကြီးနဲ့ အတူနေတယ်။ ဒါ ကျနော်သိထားတဲ့ သူမအကြောင်းတချို့ပေါ့။

“ကျမနာမည်ကတော့ ငြိမ်းချမ်းမေပါပဲ။ ဒါပေမယ့် ကျမဘဝကတော့ ဘယ်တော့မှ ငြိမ်းချမ်းရတယ်လို့ မရှိခဲ့ပါဘူး။ ကျမကိုမွေးပြီး တနှစ်ခွဲလောက်မှာပဲ အဖေဆုံးသွားတယ်။ အဖေရှာပေးသမျှကို မညည်းမညူဘဲ လောက်ငအောင် သုံးစွဲခဲ့တဲ့အမေဟာ အဖေမရှိတဲ့နောက်ပိုင်းမှာ အတော်ကလေး ခက်ခက်ခဲခဲ ဖြတ်သန်းရတယ်။ မလုပ်တတ် မကိုင်တတ်နဲ့။ ပြီးတော့ နို့စို့ကလေးတယောက်နဲ့ ။ ရရာအလုပ်ကို ရှာဖွေလုပ်ကိုင်ရင်း ရုန်းကန်းခဲ့ရတယ်။ သူများအိမ်တွေမှာ အဝတ်လိုက်လျှော်တယ်။ထမင်းချက် လုပ်တယ်။ ရတဲ့အချိန်တွေမှာ ဈေးဗန်းခေါင်းပေါ်တင်ပြီး လိုက်လည်ရောင်းတယ်။ တခါတလေ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အုတ်ဝင်သယ်တယ်။ အမေက ဘဝစုံအောင်လုပ်ပြီး ကျမကို လူလားမြောက်တဲ့အထိ ပြုစုပျိုးထောင်ခဲ့တယ်။ ကျမအတွက်တော့ အမေဟာ သူငယ်ချင်းဆိုလည်းဟုတ် တယ်။ အမေဆိုလည်း ဟုတ်တယ်။ ဆွေရိပ်မျိုးရိပ်မရှိတဲ့ သူစိမ်းတရံအရပ်မှာ သားအမိနှစ်ယောက်ရဲ့ဘဝခရီးဟာ လိုတာထက်ပိုပြီး ခက်ခဲခဲ့တယ်။ ပင်ပန်းခဲ့တယ်။ ကြမ်းတမ်းခဲ့တယ်။ တခါတလေတော့ ပတ်ဝန်းကျင်က လူတချို့ရဲ့ အကူအညီတော့ ရပါတယ်။ ဒီလို မချောမွေ့တဲ့ခရီးကို ဖြတ်သန်းရင်း ကျမလည်း တက္ကသိုလ်ဝင်တန်းအထိ ရောက်လာခဲ့တယ်။ အဲ့ဒီနှစ်မှာပဲ ကျမ ရည်းစားတယောက် စထားမိတယ်။ အမေ မသိအောင်ပေါ့။ ဘာရယ်တော့မဟုတ်ပါဘူး။ ကျမနဲ့တွဲတဲ့ သူငယ်ချင်းက ရည်းစားနဲ့။ သူတို့ချိန်းတွေ့ရင် ကျမက အဖော်လိုက်ပေးနေကြ။ သူတို့ဝယ်ကျွေးတဲ့ မုန့်မျိုးစုံကိုစားရင်း နဲ့စောင့်ပေးနေကြ။ နောက်တော့ သူမရည်းစားခေါ်ခေါ်လာတဲ့ သူငယ်ချင်းတယောက်နဲ့ ကျမလည်း ရည်းစားဖြစ်သွားတယ်။ ဒီတော့မှ ဘယ်သွားသွား ဘယ်လာလာ တယောက်တည်းမဖြစ်တော့ဘဲ သွားအတူတူ လာအတူတူ ကျမတို့လေးယောက် ပေါင်းစည်းမိကြတော့တယ်။ ကျောင်းလွှတ်ချိန်ထက် အတော်ကလေးနောက်ကျပြီးမှ အိမ်ကို ပြန်ရောက်တတ်တဲ့ အခါမျိုးတွေလည်း ခုနစ်ရက်တပတ်ကို တကြိမ်လောက်တော့ ရှိလာတယ်။ အမေ မေးရင်တော့ ကျောင်းမှာ ဆရာမ အချိန်ပိုခေါ်နေလို့ စတဲ့အကြောင်းပြချက် တခုခုကို ပြောလိုက်တယ်။ ကျောင်းပိတ်ရက်တချို့မှာလည်း သူငယ်ချင်းနဲ့ စာသွားကျက်မလို့ဆိုပြီး အိမ်ကထွက်လာတယ်။ ပြီးရင် ရည်စားနဲ့ ချိန်းတွေ့တော့တာပဲ ။ အမေကတော့ ရိပ်မိချင် ရိပ်မိမှာပေါ့။ ကျမရဲ့ ခြေလှမ်းတွေ ပျက် ပျက်နေတာကိုလေ။ ဒါပေမယ့် ဘာမှတော့ မပြောဘူး။

နောက်တော့ ကျမ တက္ကသိုလ်ဝင်တန်းအောင်ပြီး တက္ကသိုလ် ဆက်တက်တယ်။ ရရာအလုပ်ကလေးဝင်လုပ်ရင်း အဝေးသင်တက်ဖြစ်တယ်။ တပတ်မှာ စနေ တနင်္ဂနွေ ပဲတက်ရတာဆိုတော့ ကျန်တဲ့ရက်တွေမှာ အလုပ်လုပ်လို့ရတယ် မဟုတ်လား။ အမေလည်း ကျမအလုပ်လုပ်တာကို တားချင်ပေမယ့် အားမသန်တော့ မာန်လျှော့ရတော့တာပေါ့။ သားအမိနှစ်ယောက်ရဲ့ စားဝတ်နေရေးရော  တက္ကသိုလ်ကျောင်းသူ တယောက်ရဲ့ စရိတ်ရောဆိုတော့ အမေ ဘယ်ရှာဖွေ နိုင်တော့မလဲ။ လောကဓံရဲ့ ရိုက်ခတ်မှုတွေအောက်မှာ အမေလည်း အားအင်တွေ အတော်လေးကုန်ခမ်းလာသလို ရုပ်ရည်အားဖြင့်လည်း အတော်လေး ကျလာခဲ့တယ်။ လိုအပ်တာထက် ပိုပြီး အိုမင်းလာတယ်လေ။ ကျမလုပ်တဲ့အလုပ်ကလည်း သိပ်ပြီး ပင်ပန်းလှတယ် မဟုတ်ပါဘူး။ အထည်ဆိုင်တခုမှာ လုပ်တာပါ။ လာဝယ်တဲ့သူတွေကို ပိတ်စတွေ အထည်တွေ ထုတ်ပြရတယ်။ မဝယ်တော့လည်း သူတို့ဝယ်ချင်လာအောင် ဒီအရောင်လေးနဲ့ဆို တော်တော်လိုက်မယ်၊ ဒီအဆင်လေးက ခုမှရောက်တာ၊ ခုတလော ဒီ ဒီဇိုင်းလေးကို တော်တော် ဝတ်နေကြတယ်၊ စသဖြင့် ပါးစပ်ကလေးတော့ နည်းနည်းအလုပ်ပေးရတာက လွဲရင် အရိပ်အောက်မှာ သက်သက်သာသာ နဲ့ လုပ်ရတာပါ။ နည်းနည်းပါးပါး အခက်အခဲတော့ ရှိပါတယ်။ ဒါကလည်း ဘယ်အလုပ်မဆို အစပိုင်းမှာတော့ ခက်ခဲကြတာပဲ မဟုတ်လား။ အလုပ်စဝင်ကတည်းက စနေ၊ တနင်္ဂနွေ ကျောင်းတက်ဖို့ နဲ့ လစာ ကို ညှိထားတာဆိုတော့ အဆင်ပြေပါတယ်။ သားအမိနှစ်ယောက်အတွက် သိပ်ပြီးပိုလျှံလာတယ်တော့ မဟုတ်ပေမယ့် စုမိဆောင်းမိလေးတော့ နည်းနည်းရှိလာတယ်။ ဆယ်တန်းတုန်းက ရည်းစားနဲ့တော့ ပြတ်သွားတယ်။ သူကလည်း ဆယ်တန်းကျတော့ ကျမတို့ ဆက်မတွဲဖြစ်တာလည်း ပါပါတယ်။ ဒါပေမယ့် ကျမ တက္ကသိုလ်တက်တဲ့ သုံးနှစ်အတွင်းမှာ ရည်စားလေးယောက်လောက် ထားဖြစ်ခဲ့တယ်။ ကျမနဲ့ ရည်းစားဖြစ်တဲ့ သူတိုင်းကို ကျမစပြီးထားခဲ့တာတော့ မဟုတ်ဘူး။ သူတို့ထားခဲ့လို့ ကျမ ကျန်ခဲ့တာပါပဲ။

ရည်းစားသက်တမ်း တလျှောက်မှာ ကျမကိုယ်ကျမတော့ အကောင်းမွန်ဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ သူတို့ ခေါ်ဆောင်တိုင်း ကျမ ငြင်းပါယ်နေလို့များ ကျမကို ထားရစ်ခဲ့ကြတာလားလို့ တခါတလေ တော့ တွေးမိတယ်။ အဲ့သလိုသာဆို သူတို့အချစ်က ချစ်ခြင်းတရားဆိုတာထက် သွေးသားဆန္ဒကို ဦးစားပေးနေတာလို့ ကျမ ပြောရမယ်ထင်တယ် ”

“ကိုယ်ကတော့ မင်းကိုချစ်တာတခုတည်းဆိုတာတော့ ကြိုပြီးပြောထားပါရစေ။ မင်းတွေ့ကြုံခဲ့ရတဲ့ သူတွေနဲ့ ကိုယ်နဲ့တော့ တူညီကြမှာ မဟုတ်ပါဘူး။”

ကျနော့်ပြောစကားဆုံးတော့ သူမက ခေါင်းကိုအသာ ညိတ်လိုက်တယ်။ ရှည်လျားစွာ ပြောလိုက်ရလို့ထင်ရဲ့ ၊ အေးစက်နေပြီ ဖြစ်တဲ့ ရှေ့က ရေနွေးတခွက်ကို သူမ သောက်လိုက်တယ်။ သူမမျက်နှာပေါ်မှာ အတိတ်တွေ ပြေးလွှားနေတာကို ကျနော် တွေ့နေရတယ်။ “ဟုတ်မှာပါ”လို့ ကျနော့်စကားကို သူမက လက်ခံသလိုမျိုးပြောတယ်။ပြီးတော့ သူမ ဆက်ပြောပါတယ်။
“ဒီလိုနဲ့ ကျမကျောင်းပြီးသွားတော့ အထည်ချုပ်စက်ရုံတခှုမှာ အလုပ်ဝင်လုပ်တယ်။ အမေ လည်း နေထိုင်မကောင်းမှုတွေ မကြာခဏဆိုသလို ဖြစ်လာတယ်။ ကျမကျောင်းပြီးသွားလို့ စိတ်ကိုလျှော့ချလိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။”
“အင်း   ဟုတ်မှာပါ”လို့ ကျနော် စကားထောက်ပေးလိုက်တယ်။
“ရတဲ့လစာနဲ့ လောက်ငအောင် သားအမိနှစ်ယောက် ခြိုးခြံ ချွေတာ စားသောက်ခဲ့တယ်။ အမေ့ရဲ့ ကျန်းမာရေး စရိတ်တချို့ကိုတော့ အရင်က စုမိဆောင်းမိ ရှိတာလေးနဲ့ ဖြေရှင်းနိုင်ခဲ့တယ်။ ကျမရတဲ့ လစာထဲကလည်း တတ်နိုင်သမျှ စုမိအောင် ကြိုးစားခဲ့တယ်။ အဲ့သလို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့ ကျမဘဝထဲ ကို တနေ့မှာ လူတယောက် ရောက်လာခဲ့တယ်။ ကျမ စက်ရုံမှာ အလုပ်လုပ်ရင်း တနှစ်ကျော်ကျော်လောက်မှာပေါ့။ သူက ကျမအလုပ်လုပ်တဲ့ လိုင်းက Leader တယောက်။သူ့ဘဝက ကျမဘဝထက်တောင် ပိုခက် ပိုကြမ်းတမ်းမယ်ထင် တယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်သာ ခုလောက် ရောက်လာခဲ့တာ။ ပြီးတော့ သူက တကောင်ကြွက်။ သူနဲ့ ယှဉ်ကြည့်တော့ ကျမဘဝကတောင် နည်းနည်းသက်သာမလားလို့ အဲ့ဒီတုန်းက တွေးမိသေးတယ်။ သူရဲ့ ရုပ်ရည်က အသင့်အတင့်ဆိုတာထက် နည်းနည်းဆိုးပါတယ်။ ကျမနဲ့ ချစ်သူဖြစ်ခဲ့ကြတဲ့ သူတွေထဲမှာတော့ သူရဲ့ရုပ်ရည်က နောက်ဆုံးမှာရှိတယ်။ ကျမဘဝထဲ သူရောက်လာတာဟာ ကျမအတွက်တော့ လှိုင်းလေကြမ်းထဲ မြှုပ်မသွားအောင် ဖက်တွယ်ထားမိတဲ့ သစ်သားစ တခုလိုပေါ့။ ကျမဘဝအမောတွေကို ဖြေဖျောက်ပေးနိုင်မယ့် ရင်ခွင်တခုဟာ ကျမအတွက်လိုအပ်နေတာ မဟုတ်လား။ အရာရာဟာ ကျမအတွက် ပေါ့ပါးလာသလိုပဲ။ အဲ့ဒီအချိန်ခဏမှာလေ။”

“ဘဝရဲ့ အပျော်ရွှင်ဆုံး ကာလတခုလား”

“ဟုတ်တယ်။ ကျမအတွက်တော့ အပျော်ရွှင်ရဆုံး ကာလပဲလို့ ပြောလို့ရတယ်။” လို့သူမက ပြောတယ်။

ဒီအချိန်မှာ တော့ သူမရဲ့မျက်ဝန်းတွေဟာအစောပိုင်းအချိန်လောက် မှိုင်းညို့မနေဘူးလို့ ကျနော်ထင်မိတယ်။ အတိတ်က ရှိခဲ့တဲ့ ပျော်ရွှင်မှုတွေဟာ သူမမျက်ဝန်းထဲ ပျောက်ကွယ် မသွားဘဲ မြို့လယ်က နာရီစင်ကြီးလို ထင်းထင်းကြီး ရှိနေခဲ့တယ်။ ငယ်ရုပ်မပျောက်သေးတဲ့ လူတယောက်လိုမျိုးပေါ့။ ကြည့်လိုက်တာနဲ့ အလွယ်တကူ သိနိုင်ပါတယ်။

ကျနော်တို့နှစ်ယောက် ထိုင်နေတဲ့ဆိုင်မှာ လူကသိပ်မရှိပါဘူး။ ( အချိန်ကလည်း နေ့လယ် နှစ်နာရီလောက်ကိုး။ )ဆိုင်ထဲမှာ ကျနော်တို့နှစ်ယောက်ရယ်၊ ပြီးတော့ နောက်တဝိုင်းမှာက ဆယ်ကျော်သက် ကောင်လေးနဲ့ ကောင်မလေး။ ကျနော်နဲ့သူမကတော့ မျက်နှာချင်းဆိုင် ထိုင်နေကြတာ။ ကျနော်တို့နဲ့ ခပ်စောင်းစောင်း အနေအထားမှာရှိတဲ့ ဆယ်ကျော်သက်နှစ်ယောက်ကတော့ ဘေးချင်းယှဉ်ပြီး ထိုင်နေကြတယ်။ သူတို့ရဲ့ ရယ်မောသံတချို့ကိုတော့ ကျနော် ကြားမိတယ်။ သူတို့နှစ်ဦးကြားမှာတော့ စင်ရော်လေးတွေ ဝဲပျံနေမှာပါ။ သူတို့ကို ကြည့်မိမှ ကျောင်းတုန်းက အတန်းဖော် တယောက်ကို သတိရမိသေးတယ်။ သူနဲ့ကျနော်က အတွဲမိကြတဲ့ သူငယ်ချင်းတွေတော့ မဟုတ်ဘူး။ ကျနော်တို့ ငါးတန်းလောက်မှာ ဒီကောင် ကျောင်းထွက်သွားတယ်။ ပြီးတော့ ကျနော်တို့ ခုနစ်တန်း စာသင်နှစ်ဝက်လောက်မှာ ဒီကောင်ရဲ့ လက်ထက်တဲ့ သတင်းကို ကြားရတယ်။ ကောင်မလေးကလည်း သူနဲ့ အသက်သိပ်မကွာဘူး။ နှစ်ယောက်ပေါင်းမှ အသက် ၂၅ နှစ်တဲ့။ အဲ့ဒီတုန်းကတော့ သူတို့မင်္ဂလာဆောင်တဲ့ သတင်းဟာ ရပ်ကွက်ထဲမှာတော့ လူပြောအများဆုံး သတင်းတပုဒ် ဖြစ်ခဲ့တာပေါ့။ နောက် မကြာပါဘူး။ သူတို့နှစ်ယောက်ကွဲသွားကြတယ်။ ခုတော့ သူတို့လည်း ကျနော် တို့ရပ်ကွက်မှာ မရှိတော့ပါဘူး။ ဘယ်တွေ ပြောင်းသွားကြလဲတော့ မသိဘူး။ သူတို့ ပြောင်းသွားကြပြီးမှ လင်မယား နှစ်ယောက် ပြန်ပေါင်းကြတယ်၊ တချို့ကလည်း ပြန်မပေါင်းကြဘူး ဆိုပြီး မရေမရာ သတင်းစကားတွေကို ကြားခဲ့ရတယ်။

ဟို ဆယ်ကျော်သက်နှစ်ယောက်ကတော့ တီတိုးပြောရင်း ရယ်နေကြတုန်းပါပဲ။

ကျနော်တို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ ရှိသင့်တာထက်ပိုပြီး အေးစက်နေပါလိမ့်မယ်။ သူငယ်ချင်းရဲ့ အကူအညီနဲ့ သူမနဲ့နီးစပ်ဖို့ ကျနော့်ရဲ့ကြိုးစားမှုကို သူမ အခါခါငြင်းပြီးသားပါ။ ဒါပေမယ့် ကျနော်ကလည်း လက်မလျှော့ခဲ့ပါဘူး။ “မိန်းကလေးတော့ ဒီလိုပါပဲကွာ။ အစကတော့ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး အကြောင်းတွေပြကြတာပဲကွ။ မိန်းမသားဆိုတော့ စဉ်းစားဦးမှာပေါ့။ အချိန်တော့ ယူရတယ် ငါ့ကောင်။ ကိုယ့်ဘက်က ဇွဲမလျှော့ဖို့တော့ လိုတာပေါ့”ဆိုတဲ့ မိန်းကလေးတွေနဲ့ ပတ်သက်ရင် ဇ ရှိလွန်းတဲ့ သူငယ်ချင်းတယောက်ရဲ့အားပေးစကားတွေနဲ့ ကျနော်လည်း နောက်မဆုတ်ဘဲ သူမနဲ့နီးစပ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျနော် ဘယ်လောက်ကြိုးစားကြိုးစား သူမဆီက အဖြေကတော့ မပြောင်းလဲ့ခဲ့ဘူး။ တသတ်မှတ်တည်းရှိနေတဲ့ မျဉ်းဖြောင့်တကြောင်းလိုပေါ့။ ဘယ်တော့မှ လားရာမပြောင်းခဲ့ဘူး။ ကျနော့်ကို ငြင်းပါယ်မြဲပါပဲ။ “ကျမက အပျိုမဟုတ်ဘူး။ ကျမက ကလေးတယောက်အမေ။ ကျမမှာယောကျာ်းရှိတယ်။”စသဖြင့် ကျနော့်ကို တုံ့ပြန်ပြီး ကျနော် ရှေ့ဆက်တိုးမယ့် လမ်းတွေကို ပိတ်ဆို့ခဲ့တယ်။

ဒီမှာက မေတ္တာတရား သိပ်ကြီးမားတယ်။ ကောင်းမွန်တဲ့ အဆုံးအမတွေအောက်မှာ ကြီးပြင်းလာကြပေမယ့် တစုံတယောက်ရဲ့အားနည်းချက်ကို သိပ်ပြီး နားလည်မှု မပေးတတ်ကြဘူး။ ထို့ထက်ပိုပြီးဆိုးတာက အကြောင်းအရာတခုကို ဂဃနဏ မသိဘဲ အထင်တွေပေးတတ်ကြတာ များတယ်။ သာလွန် လမ်းမှန်ပြီး လက်တွေ့ကျတဲ့ အဆုံးအမတွေအောက်မှာ ဒီလို ဖြစ်ပျက်မှုတွေဟာ သိပ်ကိုဆိုးရွားလွန်း ပါတယ်။ အဲ့သလို ထင်မြင်ချက်တွေအောက်မှာ သူမ ဘယ်လောက်တောင် ဖြတ်သန်းခဲ့ရတယ် ဆိုတာ ကျနော် သေသေချာချာမသိပေမယ့် သူမ ပြိုလဲမသွားအောင် ထောက်ကန် ခဲ့ရတယ်ဆိုတာတော့ ကျနော် ခန့်မှန်းမိပါတယ်။

ကျနော့်ကို သူမ ခုလိုတွေ့ဆုံဖို့ချိန်းတော့ ကျနော် အတော်ကလေး အံ့သြမိတယ်။ သူမပြောမယ့်အဖြေကို ကြိုသိနေသလို ခံစားမိပေမယ့် ဝမ်းသာမိတယ်။ ပျော်မိတယ်။ ဒီတွေ့ဆုံမှုကို အစကတည်းက ကျနော်အများကြီး မျှော်လင့်မထားပါဘူး။ ဒါပေမယ့် ခုလို သူမ ပြောပြလိမ့်မယ်လို့တော့ မထင်ခဲ့ဘူးပေါ့။

စားပွဲပေါ်က သံပရာရည်ခွက်ရဲ့ နှုတ်ခမ်းအဝမှာ အုံလာတဲ့ ယင်ကောင်နှစ်ကောင်ကို လက်နဲ့ယမ်းလိုက်ပြီး သူမက ဆက်ပြောပါတယ်။

“ကျမဘဝမှာ အဲ့ဒီအချိန်ကာလလောက် တခါမှ မပျော်ရွှင်မိဖူးဘူး။ ဒီ့ထက်ပိုပြီး သေချာအောင်ပြောရရင် အဲ့ဒီအချိန်ကာလဟာ အမှတ်တရအဖြစ်ဆုံးနဲ့ မေ့ပျောက်ဖို့အခက်ခဲဆုံး နဲ့ တခုတည်းသော ဘဝကို ကျမ ကျေနပ်မိတဲ့ အမှတ်အသားတခုပေါ့”

“အဲ့လောက်တောင်ပဲလား”

“ဟုတ်တယ်။ အဲ့ဒီထက်ပိုပြီး ပြောလို့ရရင် ကျမ ပြောချင်သေးတာ။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ချစ်တဲ့သူနဲ့ဘဝကို လက်တွဲပြီး လျှောက်လှမ်းခွင့်ရတဲ့အချိန်။ ပြီးတော့ ကျမတို့ရဲ့ စားဝတ်နေရေးကအစ အရာရာ ချောင်လည်လာတဲ့အချိန်။ အရင်လို ခက်ခဲကြမ်းတမ်းမှုတွေ လျော့ပါးလာတဲ့အချိန်။ ကျမ မှမဟုတ်ဘူး။ အဲ့လိုအနေအထားမျိုးမှာ ဘယ်သူမဆို ကျမလို ခံစားမိနိုင်တယ် မဟုတ်လား။”

“ကိုယ်လည်း ဒီလိုပဲပေါ့”လို့ သူမကို အဓိပ္ပါယ်ပါပါနဲ့ ကျနော်ကြည့်ပြီး ပြောလိုက်တယ်။ သူမလည်း ကျနော် ဘာကို ဆိုလိုတယ်ဆိုတာ သဘောပေါက်ပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ကျနော့်အကြည့်တွေကို ချက်ချင်းလွှဲဖယ်လိုက်တယ်။ ပြီးတော့ သက်ပြင်းသဲ့သဲ့ ချလိုက်တယ်။ သူမမျက်ဝန်းတွေဟာ အနည်းငယ်တော့ တောက်ပမှု လျော့နည်းလာပြီဆိုတာ ကျနော် သတိထားမိလိုက်တယ်။

သူမက ကျနော့်ကို ပြောနေသလို မဟုတ်ဘဲ တကိုယ်တည်း ပြောနေသလို ပြောတယ်။( သူမ မျက်ဝန်းတွေကို အဝေးဆီ ပို့ထားရင်းပေါ့။ )

“ကျမဘဝမှာ အချစ်တချို့ရှိခဲ့တယ်။ ဒါပေမယ့် သူ့ကို ချစ်မိတာကတော့ အရင်က ချစ်တာမျိုးနဲ့ ကွဲပြားတယ်။ ခံစားချက်ကအစ လုံးလုံးကို မတူတာ။ ဘာ့ကြောင့်လည်းဆိုတော့ အရင်က အချစ်ဆိုတဲ့ အရာပေါ် စိတ်ကစားမိတာ။ သူငယ်ချင်းတွေကြားမှာ ဂုဏ်ယူတတ်သလိုမျိုး သာယာမိတာ။ ခုတော့ အဲ့လိုမဟုတ်တော့ဘူး။ အချစ်ဆိုတဲ့အရာပေါ် တန်ဖိုးထားတတ်လာသလို လက်ခံလာမိတာ။ ပြီးတော့ ကျမဖြတ်သန်းခဲ့ရတဲ့ ကာလတွေက ကျမကို ရင့်ကျက်လာအောင် လေ့ကျင့်ပေးထားပြီး ကျမ လည်း ကိုယ့်ကိုယ် ကို ရင့်ကျက်လာပြီလို့ စတင် သိစိတ်ဝင်လာတဲ့ အချိန်လေ။ ဒါ့ကြောင့်ပဲ သူ့ကိုချစ်မိသွားတဲ့ အချိန်မှာ သူဟာ ကျမဘဝအတွက် လို့ ဘယ်သူမှမတိုက်တွန်းဘဲ အလိုလို လက်ခံမိသွားတာ။ သူလည်း ကျမလို လက်ခံမိလား လက်မခံဘူးလား ဆိုတာတော့ ကျမ တပ်အပ် မပြောနိုင်ဘူး။ ကျမလည်း မမေးခဲ့ဘူး။ ကျမတို့နှစ်ယောက် ချစ်သူသက်တမ်း တနှစ်လောက်မှာ လက်ထက်ဖြစ်ခဲ့တယ်။ တယောက်ကိုတယောက် ချစ်ခြင်းမေတ္တာပေါ် ယုံကြည်မိသွားပြီ ဆိုတာနဲ့ အိမ်ထောင်တခုကို ထူထောင်လိုက်ကြတယ်။ စောသွားလား နောက်ကျလားဆိုတာတော့ ခံယူတဲ့သူတွေပေါ်မှာပဲ မူတည်လို့ ကျမ ထင်မိတာပဲ။ ”

သူမ က ကျနော့်ကို တချက် ပြန်ကြည့်တယ်။ ပြီးတော့ ဆက်ပြောတယ်။

“လက်ထက်ပြီးနောက်ပိုင်းမှာလည်း သူဟာ ကျမအပေါ် ချစ်ခင်ကြင်နာတယ်။ ကျမတို့ နှစ်ယောက်ကြားမှာ ဖြစ်တည်လာခဲ့တဲ့ ချစ်ခြင်းတရားက ပိုပြီးသန်မာ ခိုင်ခံ့လာတယ်လို့ ကျမထင်မိတယ်။ မဟုတ်ဘူး။ ပိုပြီး တိတိကျကျ ပြောရရင် ကျမတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေက ပိုပြီး ခိုင်မာလာတယ်။ ကျမအတွက်တော့ ဘဝရဲ့ ကံကောင်းခြင်းတွေ စုံစုံလင်လင် ဖူးပွင့်နေတဲ့ ကာလတခုပေါ့။ နံနက်ဆို လင်မယားနှစ်ယောက်စလုံး အလုပ်ဆီ အတူတူလာ၊ ပြီး ညနေရောက်တော့ အတူတူ အိမ်ပြန်လာ။သွားအတူတူ လာအတူတူ မြင်မြင်သမျှစိမ်းစိုလန်းဆန်းနေတာပေါ့။ ဒါပေမယ့် ကျမမှာ ပြီးပြည့်စုံခြင်းလို့ ထင်ရတဲ့ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုတွေက သိပ်ပြီးကြာရှည်မခံခဲ့ပါဘူး။ ကျမတို့အိမ်ထောင်သက် တနှစ်ခွဲလောက်မှာ ပဲ ကောင်းမွန်စွာ ရှိနေတဲ့ အရာအားလုံးဟာ ရုတ်တရက် ပျောက်ကွယ်ကုန်တယ်။ ညဘက်မှာ ရှိနေတဲ့ ရေစက်ကလေးတွေဟာ နေရောင်ရလာတာနဲ့ အငွေ့ပျံသွားသလိုမျိုးလေ။”

“အငွေ့ပျံသွားသလို”

“ဟုတ်တယ်။ အဲ့သလို အငွေ့ပျံသွားတာပဲ။ အဲဒီညမှာ သူနဲ့ကျမ အိပ်ရာအတူတူဝင်တယ်။ ဒါပေမယ့် မနက်ရောက်တော့ ကျမ ဘေးနားမှာ သူမရှိတော့ဘူး။”

“ဟင် ! ပျောက်သွားတာလား”

“ဟုတ်တယ်။ ပျောက်သွားတာ။ ရေစက်ကလေးတွေလို ပျောက်သွားတာ။ ကျမ နံနက်စောစော ထမင်းချက်ဖို့နိုးလာတော့ သူမရှိတော့ဘူး။ ပုံမှန်ဆို ကျမ ထမင်းအိုးကျက်ခါနီးလောက်မှ သူ့က နိုးနေကျ။ ဒါပေမယ့် အဲ့ဒီနေ့မှာတော့ ကျမ အိပ်ရာထ နောက်ကျသွားတယ်ထင်တယ်။ သူပျောက်သွားတယ်။ ခုထက်ထိ ဆိုပါတော့။ ”

သူမရဲ့ မျက်ဝန်းတွေထဲမှာ ရစ်ဝဲနေတဲ့ မျက်ရည်တချို့ကို ကျနော် တွေ့လိုက်တယ်။ ဒါပေမယ့် ဝဲတက်လာတဲ့ မျက်ရည်ကို အပြင် ထွက်ကျမလာအောင် သူမထိန်းနိုင်ခဲ့ပါတယ်။ သူမရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှု အရိပ်အယောင်တွေ လုံးဝ ပျောက်ကွယ်သွားပါပြီ။ အုံ့မှိုင်းနေတဲ့ မိုးသားတွေလိုပဲ။ သူမရဲ့ မျက်နှာဟာ ကြေကွဲလို့ပေါ့။

ခုလိုမျိုးကြားရတော့ သူမအတွက် ကျနော် စိတ်မကောင်းဖြစ်မိပါတယ်။ သူမအတွက် ပြန်လည်တူးဖော်ဖို့ ခက်ခဲလွန်းတဲ့ ကိစ္စတွေကို ကျနော့်ကြောင့် ပြန်လည် ဖော်ထုတ်နေရလို့ပါ။

ဒါပေမယ့် ကျနော့်အတွက်ကလည်း စိတ်မကောင်းပါဘူး ဆိုရုံကလွဲပြီး ဘာမှတော့ မတတ်နိုင်ခဲ့ပါဘူး။ သူမကို နှစ်သိမ့်ပေးဖို့ စကားလုံးတွေကို ရုတ်တရက် ရှာဖွေလို့ မရဘူးဖြစ်နေတယ်။ ဒိအတွက် ကိုယ့်ကိုယ် ကိုတော့ ဒေါသထွက်မိတယ်။

“ဒီအကြောင်းတွေကို ကျမနှုတ်ကနေ ဖွင့်ဟပြောဆိုမိတာ ရှင် က ပထမဆုံးသူပဲ။ ”

“မင်းရဲ့ နာကျင်စရာ အတိတ်တွေကို လည်ပြန်ကြည့်မိစေတဲ့ အတွက် ကိုယ် စိတ်မကောင်းဖြစ်မိပါတယ်။ တကယ်ပါ။”

“ရပါတယ်။ ဒါဟာ တချိန်ချိန်မှာ တော့ ကျမ လျှို့ဝှက်ထားလို့မရဘဲ ပြောကို ပြောပြရမယ့် တကယ့်အဖြစ်တွေပဲ မဟုတ်လား။ လွန်ဆန်လို့ရမယ့် ကိစ္စမှ မဟုတ်တာ။ ခုလို ရှင့်ကို ဒီအကြောင်းတွေပြောပြရတော့ ကျမ ရဲ့လေးလံနေတဲ့ စိတ်တွေလည်း နည်းနည်းပေါ့ပါးသွားတာပေါ့။”

“ဒါနဲ့ မင်းရဲစခန်းမှာ လူပျောက် မတိုင်ခဲ့ဘူးလား။”

“ဟင့်အင်း။ ကျမ မတိုင်ခဲ့ဘူး။ မေ့တာမဟုတ်ပေမယ့် ကျမကိုယ်၌က လူပျောက်တိုင်ချက် မဖွင့်ချင်တာပါ။ ကိုယ်နဲ့အတူတူ အိပ်နေတဲ့ ယောက်ျားတယောက် ပျောက်သွားတာကို ကျမကိုယ်တိုင်က မသိဘဲ အဲ့ဒီလူတွေက ဘယ်လိုရှာဖွေနိုင်မလဲ။ ပြီးတော့ စခန်းက လူတွေ အိမ်လာမယ်။ ဟိုမေး ဒီမေး လုပ်မယ်။ ပတ်ဝန်းကျင် ကသတင်းကိုယူဖို့ အိမ်နီးနားချင်းတချို့ကို မေးချင် မေးမယ်။ ဒါတွေဟာ ကျမအတွက်တော့ လမ်းတွေကို ပိတ်ဆို့လိုက်တာလို့ပဲ ခံစားရတယ်။ ဒါ့ကြောင့် တိုင်ချက်မဖွင့်ခဲ့တာပဲ။ ပြီးတော့ ဒီမှာက မိသားစုလေးယောက် အသတ်ခံရမှုမှာ ဇနီးနဲ့ ကလေးနှစ်ယောက်ကိုသတ်ပြီး နောက်ဆုံး ကိုယ့်ကိုယ် ကိုယ် သတ်သေသွားတာပါ ဆိုတဲ့ အဖြေမျိုးကို ရှင်လည်း သတင်းတွေမှာ ကြားမိတာပဲ မဟုတ်လား။”

“မင်းပြောတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် အနေအထားချင်းက တူမှမတူတာ။ သြော်  ဒါနဲ့။”

ကျနော် စကားကို ဆက်မပြောဘဲရပ်လိုက်တော့ သူမက ကျနော့်ကို မျက်လုံးချင်းဆုံအောင် ကြည့်ပြီး “ပြောလေ”လို့ ပြောတယ်။

ကျနော်ဟာ သူမပြောပြတာကိုဘဲ နားထောင်သင့်တာ မဟုတ်လား။ သူမကို မေးခွန်းတွေမမေးတာဟာ သူမကို ဖြေသိမ့်ပေးခြင်း တမျိုးပဲဆိုတာ နားလည်သင့်တယ်။ ဒါပေမယ့် ကျနော့်ရဲ့ သိချင်စိတ်ကို မတားနိုင်ဘူး ဖြစ်နေတယ်။ ကျနော့်အခြေအနေက ငယ်ငယ်တုန်းက တရုတ်သိုင်းကားတွေကို ကြည့်ရဖို့ ဇာတ်ရှိန်တက်ချိန်မှာ ဖြတ်ထားလိုက်သလိုမျိုး။ “ရှင် သိချင်တာ မေးပါ။ ကျမ ဆိုတာကို မေ့ထား။”လို့ သူမက ကျနော့်ရဲ့ အနေအထားကို ကြည့်ပြီး ပြောတယ်။ ကျနော့်ရဲ့ သိချင်စိတ်ကို တွေ့သွားတာဖြစ်ပါလိမ့်မယ်။

ကျနော်လည်း သူမကိုကြည့်ပြီး အားနာစွာနဲ့ပဲ ပြောလိုက်တယ်။

“ကျနော် ကြိုပြီးတောင်ပန်ထားမယ်နော်။ ဒါဟာ မင်းရဲ့ ကိုယ်ရေးကိုယ်တာကို စွက်ဖက်နေပြီဆိုတာလည်း သိပါတယ်။ ဒါ့ကြောင့် ကိုယ်မေးတာကို မင်းဖြေချင်မှဖြေနော်။ ကိုယ်က သိချင်စိတ်နဲ့ မေးတာဖြစ်ပေမယ့် မင်းအတွက် သိပ်ပြီးခက်ခဲတဲ့အပိုင်းဆို ကျော်သွားလိုက်ပါ။ ကိုယ်နားလည်ပါတယ်။”

“ကျမအတွက် ခက်ခဲတဲ့အပိုင်းတွေ မရှိတော့ပါဘူး။ ဒီကိစ္စကို ရှင်စိတ်ဝင်စားတာဟာ ကျမရှာဖွေနေတဲ့အဖြေကို တဖက်တလမ်းက ဝိုင်းကူရှာဖွေပေးရာ ရောက်ပါတယ်။ မေးပါ။ ရှင်သိချင်တာကို”

သူမရဲ့ မျက်နှာဟာ လတ်ဆတ်မှုတွေမရှိတော့ပေမယ့် သူမအသံကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ စားပွဲပေါ်မှာရှိတဲ့ သံပရာရည်ခွက်ရဲ့နှုတ်ခမ်းဝမှာတော့ ယင်ကောင်သုံးကောင်ဟာ အလုအယက်အစာကို ရှာဖွေနေပါတယ်။

ကျနော်လည်း သက်ပြင်းသဲ့သဲ့ချလိုက်ပြီး သူမကို မေးလိုက်တယ်။

“အဲ့သလို ပျောက်မသွားခင် သူ့အမူအရာတွေရော ပြောင်းသွားသေးလား။ ဥပမာ-အရင်လောက် မင်းအပေါ်ကြင်နာမှု လျော့သွားတာမျိုး။ နှစ်ဦးကြားဆက်ဆံရေး အေးစက်သွားတာမျိုးလေ။ အဲ့သလို တခုခု ကို မင်းခံစားမိလား။”

“အဲ့သလိုမျိုး ကျမတို့နှစ်ယောက်ကြားမှာ မရှိခဲ့ဘူးလို့ ထင်ပါတယ်။ ဒါဟာ သူ့အလိုလို ခံစားမိနိုင်တာ မဟုတ်လား။ သူ့အနေအထားရော ကျမအနေအထားရော အားလုံးက ပုံမှန်ပဲ။ အရင်အတိုင်း ကျမအပေါ် ကြင်ကြင်နာနာရှိတယ်။ ပြီးတော့ ကျမတို့နှစ်ယောက်ကြားက က ဆက်ဆံရေးတွေကလည်း နွေးနွေးထွေးထွေး ရှိနေပါတယ်။”

သူမက စကားကို ခဏရပ်လိုက်တယ်။ ပြီးတေ့ အိပ်မက်က လန့်နိုးလာသူတယောက်လိုမျိုး တစုံတခုကို သတိရသွားတယ်။ ဒါပေမယ့် အဲ့ဒီကာလက စက္ကန့်အပိုင်းအခြားအတွင်းလောက်ပဲ ကြာပါတယ်။ သူမက စကားကို ဆက်ပြောတယ်။

“ဒါပေမယ့် တခုတော့ ရှိတယ်။”

“ဟင်! ဘာလဲ”

“ဟုတ်တယ်။ သူအိပ်တဲ့နေရာလေးမှာ သူမရှိတော့ပေမယ့် သူ့အစား စာအုပ်လေးတအုပ် ထားခဲ့တယ်။ ဒိုင်ယာရီစာအုပ်လည်း မဟုတ်ဘူး။ ရိုးရိုးကျောင်းသုံး ဗလာစာအုပ်လေးပဲ။ စာအုပ်ထဲမှာ လက်ရေးသေးသေးနဲ့ရေးထားတဲ့ စာတွေ လေးမျက်နှာလောက်ကလွဲပြီး ကျန်တာဘာမှမပါတော့ဘူး။ ကျန်တဲ့ စာမျက်နှာတွေက ဗလာတွေချည်းပဲ။ ရှင် ဖတ်ချင်သေးလား။”

“အဆင်သင့်မယ် ဆိုရင်တော့ ဖတ်ချင်ပါတယ်”

သူမဟာ စလင်းဘတ်အိတ်ထဲကနေ စာအုပ်လေး တအုပ်ကို ထုတ်လိုက်တယ်။ သူမ ပုံစံကြည့်ရတာ ခုလို ဖြစ်မယ်မှန်း သိနေပြီး ကြိုတင်ပြင်ဆင်လာခဲ့ပုံရပါတယ်။

ကျနော်ဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာတွေထဲ တစထက်တစ တိုးဝင်မိနေတယ်။ ဒါဟာ မဖြစ်သင့်မှန်းသိပေမယ့် ကျနော် ရပ်လို့မရဘူး ဖြစ်နေတယ်။ ကျနော်ဟာ နွံအိုင်ကြီးထဲ တဖြည်းဖြည်း နစ်မြုပ်လာသလိုမျိုး။ သူမရဲ့ စကားတွေကို ကြားပြီးတဲ့အခါတိုင်း ကျနော့်ရဲ့သိစိတ်တွေဟာ အဲ့ဒီကိစ္စထဲ လုံးလုံး ရောက်ရောက်သွားတယ်။ ပြီးတော့ ကျနော့်အတွေးထဲကို မေးခွန်းတွေလည်း ရောက်လာတယ်။

၁။ ဘာလို့များ ကိုယ်ချစ်ရတဲ့ သူကို ပိုင်ဆိုင်ပြီးကာမှ ထားရစ်ခဲ့ရတာလဲ။
၂။ ချစ်ခြင်းတရားဆိုတာ မေ့လွယ်ပျောက်လွယ် အရာတခုလား။
၃။ သူဟာ သူမကို ငြီးငွေ့သွားတာလား။ ဒါမှမဟုတ် အစကတည်းက မရေရာတဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်ခဲ့တာလား။

ဒါ ကျနော်ဆီဆိုက်ရောက်လာတဲ့ မေးခွန်းပဲ။

နှစ်ဦးသား အကြောင်းတစုံတရာကြောင့် စိတ်သဘောထားခြင်းမတိုက်ဆိုင်တော့လို့ လမ်းခွဲ လိုက်ကြတာဆို တမျိုးပေါ့။ အဲဒါက သေချာမှုရှိတယ်။ ခုတော့ ဘယ်လို သေချာခြင်းမျိုးမှ မရှိ။ မြူတွေဆိုင်းနေတဲ့ ညနေအမှောင်ဝင်စ မြင်ကွင်းတခုလိုမျိုး။ သဲသဲကွဲကွဲ သိရတာမရှိ။

ပင်လယ်လေရှူဖို့ သွားဦးမယ်လို့ ပြောပြီး ပြန်မရောက်လာတော့တဲ့ ကမ္ဘောဒီးယား လူငယ်တယောက်လိုမျိုး။ ဆေးလိပ်သွားဝယ်ဦးမယ်လို့ပြောပြီး ပြန်မတွေ့တော့တဲ့ မြန်မာ့ဝတ္ထုရေး စာရေးဆရာကြီး တယောက်လိုမျိုး။ သူဟာ ဘာတခုမှ ပြောခဲ့တာ မရှိဘူး။

ဒါပေမယ့် သူ့ကိုယ်စား စာအုပ်ကလေးတအုပ်တော့ ထားခဲ့တယ်တဲ့။

ဗလာစာအုပ်လေး။

ပြီးတော့ လက်ရေးသေးသေးနဲ့ ညီညီညာညာ ရေးထားတဲ့ စာမျက်နှာလေးမျက်နှာ လောက်ကလွဲလို့ ဘာမှမပါတဲ့ စာအုပ်လေးတအုပ်။
************

အသံတခုက နားထဲ ကန့်လန့်ဖြတ်စီးဝင်လာတယ်။ မီးတောင်တခုရဲ့ ပေါက်ကွဲသံလိုလို၊ အမြှောက်ဆံတခုလိုလို အရှိန်ပြင်းပြင်းနဲ့။ ကြားဖူးသမျှ အသံတွေထဲမှာ ဒီတခါ ကြားရတဲ့ အသံက အကျယ်လောင်ဆုံးနဲ့ အဆိုးရွားဆုံးပဲ။

အိပ်ပျော်နေမှုကနေ သတိရသွားပေမယ့် မျက်လုံးတွေက မဖွင့်ချင်သေးဘူး။ ည ကလည်း အိပ်ရေးမပျက်ပါဘူး။ ပုံမှန်အချိန်ပဲ အိပ်ရာ ဝင်ခဲ့တာပါပဲ။ ဒါပေမယ့် အလွန်လေးလံနေတဲ့ မျက်ခွံတွေဟာ နှစ်ပေါင်းများစွာ ပိတ်ထားတဲ့ တံခါးတချပ်ကို ဖွင့်နေရသလို အတော်လေးခက်ခဲနေတယ်။ သိပ်မကြာပါဘူး။ မှတ်ဥာဏ်မြောင်းရဲ့ သတင်းပေးပို့ချက်အရ နောက်ထပ် ၅၉စက္ကန့်လောက် အရောက်မှာ မျက်လုံးတွေဟာ ဖွင့်လိုက်နိုင်ခဲ့တယ်။ အိပ်ချင်လွန်းတဲ့ မျက်လုံးတွေကို ဖွင့်လိုက်ရလို့ထင်တယ်။ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေဟာ ကြည်ကြည်လင်လင် မရှိဘူး။ ဝေဝေဝါးဝါးကြီး။ ပလပ်စတအထူသားခြားထားတဲ့ တဖက်ကို ကြည့်နေရသလိုမျိုး။

စိတ်ထဲမှာတော့ အိပ်ချင်စိတ်က ပျောက်မသွားသေးဘူး။ ဒါ့ကြောင့် တချက်သမ်းဝေလိုက်တယ်။ နောက် ကြည့်ဖူးတဲ့ ဓါတ်ရှင်တွေထဲက  ဓါတ်ရှင်မင်းသားလိုပဲ မျက်လုံးနှစ်ဖက်ကို သုံးလေးခေါက် လောက်ပွတ်လိုက်တယ်။ အိုကေတယ်။ ဒီတော့မှ မြင်ကွင်းက ရှင်းလင်းစပြုလာသလို ခံစားလိုက်ရတယ်။ မြင်ကွင်းကြည်လင်သွားတော့မှ ပတ်ဝန်းကျင်ကို သတိပြုမိတော့တယ်။

“ဟာ!!”

မယုံနိုင်စရာ။ အံ့သြခြင်းတွေနဲ့အတူ ပါးစပ်အဟောင်းသားလေးဖြစ်သွားတယ်။ မျက်လုံးက ရှိနေတာထက် ပိုပြီးကျယ်လာတယ်။ အစောပိုင်းက မဖွင့်ချင် ဖွင်ချင် ဖြစ်နေတဲ့ မျက်ခွံတွေဟာ ဧရာမငါးကြီးတကောင်ရဲ့ သားကောင်ကိုဟပ်ဖို့ ဟထားတဲ့ ပါးစပ်ကြီးလိုဘဲ။ ဒါဟာ အိပ်မက်လားဆိုပြီး ကိုယ့်ကိုယ်ကို စမ်းကြည့်မိတယ်။ ကိုယ်အပူချိန်ကတော့ နည်းနည်းများလာသလိုပဲ။ နောက် ညာဘက်လက်နဲ့ ဘယ်ဘက်လက်ကို ဆိတ်ကြည့်လိုက်တယ်။ နာတယ်။ ပြီးတော့ အားနည်းနည်းလျှော့ပြီး ကိုယ်ပါးကိုယ် ပြန်ရိုက်ကြည့်တယ်။ ဒါလည်း နာတာပဲ။ ဒါနဲ့ (ယုံကြည်ဖို့ ခက်နေသေးလို့)မျက်လုံးတွေကို တော်တော်ကလေးနာအောင် ပွတ်လိုက်တယ်။ ဒါပေမယ့် မြင်ကွင်းက မပြောင်းမလဲ ရှိနေခဲ့တယ်။

သေချာသွားပါပြီ။ ဒါဟာ အိပ်မက်မဟုတ်ဘူး။ ခုရောက်နေတဲ့ ပစ္စုပ္ပုန်ဆိုတာ သက်သေပြဖို့မလိုတော့ပါဘူး။

ဒါဟာ အိပ်မက်မဟုတ်ဘဲ အိပ်မက်ဆန်တဲ့ တကယ်ရောက်ရှိနေတဲ့ အနေအထားပဲ။

အသက်ရှူသံတွေဟာ မြန်လာတယ်။ နှလုံးခုန်သံတွေလည်မြန်လာတယ်။ တမိနစ် ၇၂ကြိမ်ထက် ပိုလွန်းနေပြီဆိုတာ ခံစားမိနေတယ်။ ခန္ဓာကိုယ် အတွင်းပိုင်းရဲ့ လှုပ်ရှားမှုတွေဟာ မြင်းစောင်းထဲက လွှတ်ပေးလိုက်တဲ့ ဒုန်းစိုင်းပြေးလွှားနေတဲ့ မြင်းအုပ်ကြီးလိုမျိုး။ ဒါပေမယ့် ကိုယ်လက်တွေကတော့  လှုပ်ရှားဖို့မေ့လျော့နေခဲ့တယ်။ တွန့်ဆုတ်နေတယ်။ ကျောက်ရုပ်တရုပ်လို တဒင်္ဂအတွင်းမှာ မှင်သက်စွာ ငြိမ်သက်နေတယ်။ နောက်ထပ် စက္ကန့် သုံးရာလောက်အတွင်းမှာ အနည်းငယ်ထွက်စပြုနေတဲ့ နဖူးက ချွေးတွေကို အလိုလို သုတ်မိတယ်။ ရှင်းရှင်းပြောရရင် ကြောက်စိတ်တွေဟာ ခန္ဓာကိုယ်အနှံ့ ပျံ့နေပါပြီ။ အမြန်ဆုံးနှုန်းနဲ့ ပျံ့နှံ့နေတာပါ။ ဒါကြောင့် ခန္ဓာကိုယ် အနှံ့အပြားကနေ ရေတွေဟာ စိမ့်ထွက်နေပါတယ်။ ရေစစ်တခုက ရေတွေ စီးကျနေသလိုပေါ့။

ခုလိုအခြေအနေမျိုးကို အိပ်မက်ထဲတောင် ထည့်မမက်ဖူးဘူး။

အကူအညီတောင်းဖို့ကြိုးစားမိတယ်။ ဒါပေမယ့် အသံကထွက်မလာဘူး။ အားစိုက်ကြိုးစားလည်း silent ချထားတဲ့ ဟန်းဆက် တလုံးလိုပဲ။ ဘာမှမထူး။ အသံတွေဟာ ကြောက်လွန်းအားကြီးလို့များ ပျောက်ရှကုန်တာလား။ ပြတ်တောက်ကုန်တာလား။ အရေးအကြောင်းထဲ မေးခွန်းမေးမိနေခြင်းကို ဒေါသ အတော်ကလေးထွက်မိတယ်။ ဒီလောက်အရေးတကြီး နိုင်လှတဲ့ အချိန်မှာ ဘာမေးခွန်းကိုမှ ဧည့်မခံနိုင်သလို မည်သည်အဖြေမှလည်း မစဉ်းစားနိုင်ဘူး။ မေးခွန်းနဲ့အဖြေဟာ အချိန်ကာလတိုင်းမှာ အမြဲအတူတူ ရှိနေနိုင်မယ်လို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး လို့ထင်မိတယ်။ထပ်ထပ်ပြီးကြိုးစားလေ ခွန်းအားတွေ ယုတ်လျော့ လာလေပဲ။ အသံကတော့ ထွက်ပေါ်မလာခဲ့ဘူး။ ကိုယ့်အသံကိုယ် ပြန်ကြားနိုင်ဖို့ ဤမျှလောက် ခက်ခဲမှန်း အစကမသိခဲ့ဘူး။ ဘာလို့များ ငါ့မှ ဒီလိုအဖြစ်မျိုးကြုံရတာလဲ။ ဒီလောက် သတိပေးနေရက်နဲ့ တိုးဝင်လာတဲ့မေးခွန်းကို အော်ဆဲပစ်လိုက်တယ်။ အသံကတော့ အပြင်ထွက်မလာဘူးပေါ့။

ရောက်နေတဲ့ နေရာက အခန်းအလွတ်ကြီးပဲ။ တံခါးပေါက်တွေမရှိဘူး။ အခန်းတခုလုံးမှာ အမှောင်များများနဲ့ အလင်းနည်းနည်း ပေါင်းစပ်နေတယ်။ အခန်းရဲ့ မျက်နှာကြက် တနေရာက မှန်ကွက်လေးတခုကြောင့်သာ အလင်းနည်းနည်း ရနေတာ။ စောင်၊ ခေါင်းအုံး ဘာမျှမရှိတဲ့ အခန်းထဲမှာ နာရီတွေက အများကြီးပဲ။ ပြီးတော့ အဲ့ဒီနာရီတွေဟာ ပျော့တွဲကျနေတယ်။ ဘေးနားမှာ ဘယ်သူမှ ရှိမနေဘူး။ ကြည့်နေရင်းနဲ့ နာရီတွေဟာ အရည်တွေပျော်လာတယ်။ အဲ့ဒီအရည်တွေထဲမှာ မြုပ်ချည် ပေါ်ချည် ဖြစ်နေတဲ့စက္ကန့်တံတွေ၊ မိနစ်တံတွေ ၊ နာရီတံတွေ နဲ့ အက္ခရာကိန်းဂဏန်းတွေဟာ စီးမျောလာကြတယ်။ မျက်နှာကြက်တွေ၊ နံရံတွေက တဆင့်ပေါ့။ ဒါဟာ ဒါလီရဲ့ ပန်းချီကားလား။ အဲ့ဒီပန်းချီကားကို တခါမှ မတွေ့ဖူးပေမယ့် အဲ့ဒီပန်းချီကားထဲက နာရီတွေဟာ ခုလိုပဲလား။

တောက်! အားရှိသလောက် အဲ့ဒီမေးခွန်းကို (စိတ်ထဲ)အားကုန်လွှဲကန် ပစ်လိုက်တယ်။

ဖြစ်နိုင်လျှင် ဒီပိတ်နေတဲ့ အခန်းထဲမှာ တစက္ကန့်တောင် မနေချင်။ အမြန်ဆုံးထွက်သွားချင် မိတယ်။ ဒါပေမယ့် ထွက်ပေါက်က မရှိဘူး။ တံခါးက မရှိဘူး။ လေးဘက်လေးလံ နာရီတွေ အရည်ပျော်ကျလာတဲ့ နံရံကြီးတွေပဲ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် အရည်ပျော်ကျလာတဲ့ နာရီရည်တွေကြားမှာ ကျွန်းလေးတကျွန်းလို ဖြစ်လာတယ်။ ခု ရှိနေတဲ့ နေရာကနေ ခြေတလှမ်းတောင် လှမ်းဖို့ မဝံ့ရဲတဲ့ အခြေအနေ။ နာရီအရည်တွေဟာ တတ်နိုင်သမျှ နီးကပ်လာဖို့ကြိုးစားနေတယ်။ ဒါ့ကြောင့်  အတတ်နိုင်ဆုံး ခန္ဓာကိုယ်ကို ကျုံ့ထားမိတယ်။ ဖြစ်နိုင်ရင် ဒီအချိန် ဒီနေရာမှာ ခန္ဓာကိုယ်တခုလုံးကို အသေးငယ်ဆုံး အမှုန်အမွှားလေးတခုလို ဖြစ်ချင်နေတယ်။

ဒါပေမယ့် စိတ်ကူးဟာ စိတ်ကူးထဲမှာဘဲ ရှိနေခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ ရွေ့လျားလာတဲ့ နာရီအရည်တွေဟာ ကိုယ်ခန္ဓာပေါ် ရောက်လာတယ်။ တချို့အရည်တွေဟာ ရေခဲမြစ်ထဲ ရောက်နေသလို အေးစက်လွန်းပြီး တချို့အရည်တွေဟာ ဆီပူမိသလို ပူစပ်စပ်ကြီး။ ဘယ်လိုမှ အဆင်မပြေတဲ့ ခံရခက်တဲ့ အရသာကြီး။ နောက်တော့ နာရီအရည်တွေဟာ ခြေထောက်၊ လက်၊ ပြီးတော့ ပါးစပ်ထဲ ရောက်လာတယ်။ မျက်လုံးတွေဟာ နာရီအရည်တွေဝင်ပြီး ဘာမှ မမြင်ရတော့ဘူး။ နှာခေါင်းတွေထဲလည်း အဲ့ဒီအရည်တွေ ဝင်လာလို့ အသက်ရှူလည်း မဝတော့ဘူး။ ဒါ့ကြောင့် အသက်ရှူလိုက်တိုင်း နှာခေါင်းထဲ နာရီအရည်တွေပဲ ဝင်လာတယ်။

ဒီအနေအထား ကနေ ဘယ်လိုလွတ်မြောက် နိုင်မလဲ။

ထွက်ပေါက်ကရော ရှိဦးမလား။
ခင်ဗျားဆိုရင်ရော,..။
အချိန်ဟာ တခန်းလုံး
မှောင်
သွား
ပါ
တယ်။ ။
***********

“သူက စာရေးတာ ဝါသနာပါလို့လား”လို့ သူမကို စာအုပ်ပြန်ပေးရင်း ကျနော် မေးလိုက်တယ်။ (ဘယ်လောက်ထိ ညံ့ဖျင်းလိုက်တဲ့ မေးခွန်းလည်း ဆိုတာကို သူမ ကို ပြောပြီးမှ သိလိုက်မိတယ်။)

“ဝါသနာ မပါပါဘူး။ စာတွေ ဘာတွေဖတ်တာတောင် ကျမ မတွေ့ဖူးဘူး။ ဒါနဲ့ ဒီစာအုပ်ထဲက စာတွေကို ရှင်နားလည်းလား။ဒီစာတွေကို ကျမ မကြာမကြာ ဖတ်ဖြစ်တယ်။ တခါတလေဆို တရက်ကို သုံးလေးခေါက်လောက် ဖတ်ဖြစ်တဲ့နေ့တွေတောင် ရှိတယ်။ ဒါပေမယ့် သူ ဘာကိုဆိုလိုမှန်း ကျမ မစဉ်းစားတတ်ဘူး။ ကျမ အတွက်တော့ သူ့ရဲ့ တခုတည်းသော သဲလွန်စ မဟုတ်လား။”

“ကျနော်လည်း စဉ်းစားလို့မရဘူး။ တခုတော့ ရှိတယ်။ သူ့စာဖတ်နေတဲ့ အချိန်မှာ ကျနော်ဟာ ချောက်နက်ကြီးထဲ ရောက်နေသလိုပဲ။ ပြီးတော့ အေးစက်မှုတွေ၊ မွန်းကြပ်မှုတွေ နဲ့ အထီးကျန်မှုတွေကို ခံစားနေရတယ်။ ”

“သူ့အိပ်မက်ရော ဖြစ်နိုင်လား”

“အိပ်မက်  ဟုတ်လား”

“ဟုတ်တယ်။ သူ ပျောက်မသွားခင် တလလောက် က ဖြစ်မယ်။ သူ အိပ်မက်တွေ ခဏခဏ မက်နေတယ်လို့ ကျမကိုပြောတယ်။ အဲ့ဒီ အိပ်မက် မက်ပြီး လန့်နိုးတဲ့အချိန် က မပြောင်းလဲဘူး တဲ့။ ပြီးတော့ မက်တဲ့ အိပ်မက်တွေကလည်း အစအဆုံး အကုန်အတူတူပဲ လို့ ပြောဖူးတယ်။ အဲ့ဒီ အိပ်မက်အကြောင်းတွေကိုများ ရေးထားသလား မသိဘူး။”

သူမ က အဖြေတခုကို ဖြေလိုက်သလိုမျိုးနဲ့ ကျနော့်ကို ပြောတယ်။ သူမကိုကြည့်ရတာ အတိတ်တွေကို အနှေးပြကွက်တခုလို ပြန်စဉ်းစားနေပုံမျိုး။ ပြီးတော့ ကျနော့်ရဲ့ ထင်မြင်ချက်နဲ့ အဖြေကို ချဉ်းကပ်ချင်ပုံရတယ်။ ကျနော်လည်း ဘာမှ မသိတော့ ဘာမှ ထင်မြင်ချက်တွေ မပေးတော့ပဲ သူမ ပြောမယ့်စကားကို စောင့်နေလိုက်တယ်။

ခဏကြာတော့ သူမ ဆီက သက်ပြင်းသဲ့သဲ့ချသံကို ကြားလိုက်ရတယ်။ ပြီးတော့ ကျနော့်ကို မကြည့်ဘဲ ( သူမ မျက်ဝန်းကို အဝေးကိုပို့ပြီး)ပြောတယ်။

“ကျမဘဝထဲကနေ သူ ပျောက်ကွယ်သွားပြီးနောက်ပိုင်း ကျမရဲ့ဘဝဟာ အရင်လို ခယောင်းလမ်းပြန်ဖြစ် သွားတယ်။ ပတ်ဝန်းကျင်ရဲ့ အကြည့်အမျိုးမျိုး အောက်မှာ ဘဝကို လက်လျှော့လိုက်ဖို့အထိ စိတ်တွေက အောက်ဆုံးလောက် ရောက်ခဲ့ရတယ်။ ဒါပေမယ့် ကျမ ရှေ့ကို ဆက်လျှောက်ခဲ့တယ်။ အဲ့သလို ရုန်းကန်ရင်း တလလောက်အကြာမှာ ကျမဆီ သံသယ တခုဝင်လာတယ်။ HCG Strip မှာ မျဉ်းအနီ နှစ်ကြောင်းကို တွေ့လိုက်ရတဲ့ အချိန်မှာ ကျမ တော်တော်ကလေး တုန်လှုပ်သွားတယ်။ ဘဝရဲ့ ခရီးဟာ ပိုပြီးလှိုင်းလေကြမ်းလာ တော့မယ် မဟုတ်လား။ သားအမိနှစ်ယောက်အတွက် လောက်ငအောင် ရုန်းကန်နေရချိန်မှာ နောက်ထပ်ရောက်လာမယ့် လူတယောက်အတွက်၊ ပြီးတော့ မွေးခါနီး ဖွားခါနီး ကျမအလုပ် မလုပ်နိုင်တော့မယ့် အချိန် စသဖြင့် ကျမခေါင်းထဲ မေးခွန်းတွေဟာ တခဏအတွင်း တန်းဆီပြီးရောက်လာတယ်။ နောက်တော့ ပိုပြီးသေချာအောင် ဆေးခန်းတခုမှာ ကျမ သွားပြခဲ့တယ်။ သေချာခဲ့တယ်။ ကျမမှာ ကိုယ်ဝန်သုံးလ ရှိပြီတဲ့။ ကျမ ဘာမှ မတတ်နိုင်တော့ဘူး။ အစကတည်းက အရောင်အမျိုးမျိုးတပ်ပြီး ကြည့်နေတဲ့ မျက်ဝန်းတွေအောက်မှာ ကျမ ဟာ ပျောက်ဆုံးမသွားအောင် အားတင်းထားရတယ်။ တနေ့ထက်တနေ့ ကျမကိုယ်ဝန်ဟာ ပိုပြီးကြီးထွားလာလေ ပတ်ဝန်းကျင်ရဲ့ သတင်းစကားတွေဟာလည်း ပိုပြီး ဆိုးရွားလာတယ်။ ယောက်ျားက မပေါင်းချင်တော့လို့ ထွက်သွားတာ၊ ကျမရဲ့ ကိုယ်ဝန်ဟာ သူနဲ့ရတာ မဟုတ်မှန်းသိလို့ ကျမကို ထားသွားတာ စသဖြင့်ပေါ့။ အတင်းအဖျင်းစကားတွေဆိုတာ ဖားဥတွေလိုပဲ။ အစုလိုက် အပြုံလိုက် ပေါက်ဖွားနေသလိုမျိုး။ ကျမကို စာနာနားလည်ပေးတဲ့ ပတ်ဝန်းကျင်က လူအနည်းအကျင်းတော့ ရှိပါတယ်။ ဒါပေမယ့် လောကဓံရဲ့ ပုတ်ခတ်မှုတွေဟာ ကျမတို့ သားအမိအတွက် ပြင်းထန်လွန်းနေမလားပဲ။ ကျမ ကိုယ်ဝန် ရှစ်လ လောက်ရောက်တော့ အမေဆုံးသွားတယ်။ ”

“စိတ်မကောင်ပါဘူးဗျာ။”

ကျနော့် စကားကို သူမက မကြားသလို အဝေးဆီကိုကြည့်ပြီး ဆက်ပြောတယ်။

“အမေဆုံးတော့ ကျမလည်း အဲ့ဒီပတ်ဝန်းကျင်ကို စွန့်ပြီး အမေ့ရဲ့ အစ်မ အဒေါ်အပျိုကြီး ဆီရောက်လာခဲ့တယ်။ ခု ကျမ နေနေတဲ့ အိမ်ဆီကိုပေါ့။ သမီးလေးကိုလည်း ဒီမှာပဲ မွေးခဲ့တယ်။ သမီးလေးရဲ့ အဖေနာမည်မှာလည်း သူ့နာမည်ပဲ ကျမ ရေးခဲ့တယ်။ အဲ့ဒါတွေ သူသိမှာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ရင်သွေးလေး တယောက်ဟာ ဒီကမ္ဘာကြီးရဲ့ တထောင့်တနေရာမှာ အဖေလို့ ခေါ်ခွင့်မရဘဲ သူ့ရဲ့ ဇနီးနဲ့ အတူတူ အသက်ရှင်နေတယ် ဆိုတာကိုရောပေါ့။”

ဒီတခါတော့ သူမ အားတင်းထားသမျှတွေ လျှော့ချလိုက်တယ်ထင်ရဲ့။ သူမရဲ့ မျက်ဝန်းထဲက မျက်ရည်တချို့ စီးကျလာတယ်။ ကျနော့်ကို မကြည့်ဘဲ မျက်နှာလွှဲထားရာကနေပဲ သူမဟာ မျက်ရည်တချို့ကို သုတ်လိုက်ပါတယ်။ ကျနော်လည်း သူမကို မကြည့်မိအောင် နေလိုက်တယ်။ သူမ ကတော့ နောက်ထပ်မငိုမိအောင် မျက်တောင်ကို ခဏခဏ ခတ်နေပါတယ်။

ကျနော်ဟာ သူမရဲ့ အတိတ်ထဲ ရောက်သင့်တာထက် ပိုပြီးရောက်နေတာ ။ ဒါ့ကြောင့် သူမကို ထပ်ပြီး မေးခွန်းတွေ မမေးဖို့ တတ်နိုင်သမျှ စိတ်ကို ထိန်းထားမိတယ်။ ဘယ်လိုမှ ပျော်ရွှင်စရာတွေ မရှိတော့တဲ့ အတိတ်ထဲ သူမကို ထပ်ပြီး တိုးမဝင်စေချင်တော့ဘူး။ ဒဏ်ရာဒဏ်ချက် အပြည့်နဲ့ သယ်လာရမယ့် သတင်းစကားတွေကို ကျနော်လည်း ထပ်ပြီး နားထောင်ချင်ပါ့ဦးမလားလို့ ကိုယ့်ကိုယ် ကို ပြန်မေးမိတယ်။ဘာပဲဖြစ်ဖြစ် ထုထည်ကြီးမားလွန်းတဲ့ အစိုင်အခဲကြီးကို နှစ်ရှည်လများ မြိုသိပ်ထားရတဲ့ သူမအတွက် ခုလိုရင်ဖွင့်လိုက်ရတော့ ခံစားမှုတွေ ခဏတဖြုတ်တော့ သက်သာသွားမယ်လို့ ကျနော်ထင်မိတယ်။

“သမီးလေးမွေးပြီး နောက်ပိုင်းမှာ ထူးခြားတာ တခုတော့ ရှိခဲ့တယ်။”

“ထူးခြားတာ”

“ဟုတ်တယ်။ ကျမကတော့ ထူးခြားတယ်လို့ ထင်မိတယ်။ သမီးလေးကို ရက် ၁၀၀ ပြည့် နာမည်ပေး ကင်ပွန်းတပ် အလှူလုပ်ပေးတဲ့နေ့မှာ ကျမဆီ ဖုန်းနံပါတ်ခု ဝင်လာတယ်။ ကျမ ဖုန်းကိုင်လိုက်ပေမယ့် တဖက်က ဘာမှပြန်မပြောဘူး။ ကျမမှာလည်း အလှူလာကြတဲ့ အိမ်နီးနားချင်းမိတ်ဆွေ တွေနဲ့ အလုပ်ရှုပ်နေတော့  မြန်မြန်ပဲ ဖုန်းချလိုက်တယ်။ အဲ့ဒီတုန်းကတော့ ဖုန်းမှားဝင်တာလို့ပဲ ထင်မိတာ။ ဒါပေမယ့် နောက်ပိုင်း အဲ့ဒီကိစ္စကို ပြန်တွေးမိလေ သူပဲလို့ ကျမစိတ်ထဲ ခံစားမိလာတယ်။ ”

“အဲ့ဒီ ဖုန်းနံပါတ်ကို ပြန်ဆက်သေးလား”

“ကျမပြန်ဆက်တယ်။ ရပ်ကွက်ထဲက စတိုးဆိုင်တခုက ဖြစ်နေတယ်။ ကျသင့်ငွေပေးပြီး ဖုန်းဆက်တဲ့ အနီးအနားက လူတွေ တနေ့ ဆယ်ယောက် ထက်မနည်း ရှိတယ်တဲ့။ ”

“ထပ်ပြီးစုံစမ်းမိသေးလား။ ဆိုပါတော့ အဲ့ဒီ စတိုးဆိုင်လေးကို သွားတာမျိုးလေ။ ”

“ဒါတော့ ကျမ မသွားဖြစ်ဘူး။ သူဖုန်းဆက်တယ်လို့ ကျမ စိတ်ထဲခံစားမိတဲ့ နေ့ကစပြီး တလတခါ ကျမ လူပျောက်ကြော်ငြာ ထည့်ခဲ့တယ်။ သူပြန်လာမယ့် နေ့ကို စောင့်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်တဲ့ ကျမအတွက် တလတခါ ကျမနဲ့ သမီးလေး သက်ရှိထက်ရှားရှိပါသေးတယ် ဆိုတာ သူ့ကို အသိပေးတဲ့ အနေနဲ့ပေါ့”

ကျနော်လည်း သူမ ကို ထပ်ပြီးမမေးတော့သလို သူမလည်း ကျနော့်ကို ထပ်ပြီးမပြောတော့ပါဘူး။ ကျနော်တို့ နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ ဒီအချိန်မှာ ပြီးဆုံးသင့်ပြီ မဟုတ်လား။ နောက်ထပ် သူမနဲ့ထပ်ပြီး တွေ့ဆုံဖို့ မရှိတော့ဘူးဆိုတာ သေချာခဲ့ပြီပဲ။

သေချာစွာစောင့်ဆိုင်း နေတဲ့ သူတယောက်အတွက် နောက်ထပ် ဘယ်သူ့ကိုမှ ကြိုဆိုမှာ မဟုတ်တော့ဘူးဆိုတာ သူမကိုကြည့်ပြီး ကျနော် နားလည်သွားပြီ မဟုတ်လား။ ဒါဟာ ကျနော့်ရဲ့ ထင်ယောင်ထင်မှား ကယောင်ကတမ်း အတွေးမျိုးမဟုတ်ဘူး။ သေချာနေခဲ့တာ။ မှန်ရှေ့မှာ ကိုယ့်ရုပ်ကိုယ် ပြန်မြင်ရသလိုမျိုးပေါ့။

ကျနော် ပတ်ဝန်းကျင်ကို သတိထားမိချိန်မှာတော့ အမှောင်ရိပ်တောင် နည်းနည်း ဝင်လာပါပြီ။ ဒီတော့မှ ကျနော်တို့ထိုင်နေတာ အတော်လေး ကြာသွားပြီ ဆိုတာ သတိထားမိတော့တယ်။ ဟိုချာတိတ် နှစ်ယောက်နေရာမှာ အခြားသူတွေ ရောက်နေပြီ။ သူတို့နှစ်ယောက် ဘယ်အချိန် ဆိုင်ထဲကထွက်သွားမှန်း မသိအောင် ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်ပြီး သူမ အတိတ်ထဲ ကျနော် ပျောက်ဆုံးနေခဲ့တာပဲ။ တဖြည်းဖြည်းနဲ့ ဆိုင်ထဲမှာ လူတွေပြည့်လာတယ်။ အရင်လို တိတ်ဆိတ်မနေတော့ဘဲ စကားသံတွေ၊ ဖန်လ်ခွက်ထိသံတွေ၊ ဇွန်းသံတွေဟာ ဆိုင်အနှံ့ ပျံ့လွင့်နေတယ်။ သတိမေ့နေတဲ့လူ ရုတ်တရက် လက်ရှိဘဝထဲ ပြန်ရောက်လာသလိုမျိုးလေ။

သူမနဲ့ ကျနော်လည်း ကိုယ့်လမ်းကြောင်းပေါ် ကိုယ်ပြန်ရောက် သွားကြတယ်။

ဒီ့နောက်ပိုင်းမှာတော့ သူမနဲ့ ကျနော် ထပ်မတွေ့ကြတော့ပါဘူး။ ( တွေ့ဖို့ အကြောင်းလည်း ရှိမနေတော့ဘူးလေ။)ကျနော်လည်း ရန်ကုန်ကပုဂ္ဂလိက အထက်တန်းကျောင်းမှာ အလုပ်ရသွားတယ်။ကျနော် ၆ တန်း သချာင်္သင်ရတယ်။ နေစရာ စီစဉ်ပေးတဲ့အတွက် ရန်ကုန်မှာပဲ နေဖြစ်တော့တယ်။ ပတ်ဝန်းကျင် အသစ်တခုမှာ သူမကို ကျနော့်အတွေးထဲကနေ မေ့ဖျောက်လာနိုင်ခဲ့တယ်။ ကျနော့်မှာ ကလေးတွေကို စာဘယ်လိုသင်ရင် ကောင်းမလဲ၊ သူတို့စာသင်ခန်းထဲမှာ စိတ်ပါဝင်စားလာဖို့ ကျနော်ရဲ့ သင်ကြားနည်းစနစ်တွေကို ဘယ်လိုလုပ်ရင် ကောင်းမလဲ စတဲ့ အလုပ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုပဲ စဉ်းစားဖြစ်လာတော့တယ်။

ကျောင်းပိတ်ရက်တွေမှာလည်း ကျနော် အိမ်ကို မပြန်ဖြစ်တော့ဘူး။ ရန်ကုန်မှာပဲ နေဖြစ်တယ်။

ဒါပေမယ့် ကျနော် သတင်းစာဖတ်တဲ့ အခါတိုင်း လူပျောက်ကြော်ငြာကို အရင်ဆုံး ရှာဖွေတတ်တဲ့ အကျင့်ရလာတယ်။ ပြီးတော့ သူမ ကြော်ငြာတဲ့ လူပျောက်ကြေည်ငြာကိုတွေ့တိုင်း သူမတို့ မိသားစု ပြန်လည် ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးဖြစ်တယ်။ ရင်းနှီးခဲ့ဖူးတဲ့ မိတ်ဆွေတယောက်ကို ဆုတောင်းပေးသလိုမျိုးပေါ့။

နောက်စာသင်နှစ် ပြီးဆုံးခါနီးမှာ ကျနော် လက်ထက်ဖြစ်ခဲ့တယ်။ ဒီတော့ ကျနော် သတင်းစာတွေကို ဖတ်ဖို့ မေ့လျော့လာခဲ့သလို ကျနော်ရင်ခွင်ထဲမှာ အိပ်မောကျနေတဲ့ ဇနီးသည်နဲ့ ရှေ့ဆက်လှမ်းရမယ့် ခရီးလမ်း အကြောင်းတွေကို ပဲ ပိုပို တွေးဖြစ်လာတော့တယ်။

တကယ်လို့များ သတင်းစာမှာ လူပျောက်ကြော်ငြာများ တွေ့ခဲ့ရင် သူမအတွက် ခင်ဗျားတို့ ဆုတောင်းပေးလိုက်ကြပါဗျာ။   ။

ဒီလူည

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်