ကိုဂျေ – မြန်မာပြည်မြောက်ပိုင်းက စာရေးဆရာကြီး နတ်နွယ်

January 13, 2018

– မြန်မာပြည်မြောက်ပိုင်းက စာရေးဆရာကြီး နတ်နွယ်
(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၈

“ခင်ဗျားကို ဆရာနတ်က တွေ့ချင်တယ်ပြောတယ်… ဒီညနေ လာတွေ့လိုက်ပါလား”လို့ ထိုစဉ်က ဘဝတက္ကသိုလ်စာပေမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း ကိုရဲမြင့်(သရဖူမဂ္ဂဇင်း)က ပြောတယ်။ ဆရာနတ်နွယ် အနေနဲ့ နွယ်နီမဂ္ဂဇင်းကို ဘဝတက္ကသိုလ်စာပေကနေ ထုတ်ဖို့ ပြင်ဆင်နေတဲ့ အကြောင်းကို ကိုရဲမြင့်က အနည်းအကျဉ်း ပြောပြတယ်။ ဒီလိုနဲ့ ဆရာနတ်နွယ်နဲ့ တွေ့ခဲ့တယ်။

ဆရာနတ်နွယ်ဆိုတာက ပိန်ပိန်ပါးပါး၊ အသားလတ်လတ်၊ မျက်နှာသွယ်သွယ်၊ မပွင့်တပွင့် အပြုံး ပြုံးတတ်သူ။ စကားများများ မပြောသလို၊ စကားပြောတဲ့အခါမှာလဲ အသံကို တိုးတိုးလေး ပြောတတ်သူ။ လမ်းလျှောက်တဲ့အခါ ခြေဖဝါးကို ဖွဖွလေးနင်းပြီး ခေါင်းငိုက်စိုက်ချ လျှောက်တတ်သူ။ လမ်းမှာ သူနဲ့ ဆုံတဲ့အခါ နှုတ်ဆက်ရင်လဲ၊ ‘ဘယ်သွားမလို့လဲ’ ‘မတွေ့တာကြာပြီ’ ‘ကျနော်ပြန်တော့မယ်’ ဆိုတဲ့ စကားကလွဲပြီး အပိုမပြောတတ်သူ ဖြစ်တယ်။

စာရေးဆရာနတ်နွယ်ရဲ့ နာမည်ကို ကြားလိုက်တာနဲ့ စာပေလောကသားတွေက ‘နေ၊ နတ်၊ မင်း’ ဂိုဏ်း ဆိုတဲ့ အသုံးကို သတိရကြလိမ့်မယ်။ ဆရာမောင်နေဝင်း၊ဆရာနတ်နွယ်နဲ့ ဆရာမင်းကျော်တို့ အတွဲကို သမုတ်ထားတာ ဖြစ်ပါတယ်။ ဆရာ သုံးဦး ပေါင်းပြီး ‘တော်လှန်စာပေ၊ တော်လှန် အတွေးအမြင်’ စာအုပ် ရေးသားခဲ့တာကြောင့် နေနတ်မင်းဂိုဏ်းလို့ ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။ စာဖတ်ပရိသတ်တွေကတော့ ဆရာနတ်နွယ် ရေးခဲ့တဲ့ စာအုပ်တွေထဲမှာ ‘မြန်မာပြည်မြောက်ပိုင်း’ စာအုပ်ကို အကောင်းဆုံး စာအုပ်အဖြစ် သတိထားမိကြမှာပါ။ ဆရာနတ်နွယ် (ဦးလှမြင့်)ကို စာပေလောကသား အများစုက ဆရာနတ်လို့ ချစ်စနိုး ခေါ်ဝေါ်ကြပါတယ်။ သူဟာ မြစ်ကြီးနား ဇာတိဖြစ်ပါတယ်။ ၁၉၅ဝ ဝန်းကျင်ကစပြီး စာပေရေးသားတာနဲ့ ဘဝကို ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ ပင်ကိုရေးဝတ္တုတွေ၊ ဆောင်းပါးတွေ၊ ဘာသာပြန်ဝတ္ထုတို၊ ဝတ္ထုရှည်တွေလဲ ရေးခဲ့သူ ဖြစ်ပါတယ်။


၁၉၇၈ ခုနှစ်လောက်မှာ ဆရာနတ်နွယ်ရဲ့ ‘မောင်နှင့်သာအတူ ကမ္ဘာမြေအနှံ့’ လုံးချင်းဝတ္ထုနဲ့ ‘အပြာ အဝါ’ ဆိုတဲ့ စာအုပ်နှစ်ကို ကိုဂျေ့အဘွားရဲ့ ဆေးလိပ်ခုံ စာအုပ်ပုံတွေထဲမှာ စတွေ့ခဲ့ပါတယ်။ ဒီစာအုပ် နှစ်အုပ်ကို တရက်ထဲ မထတမ်း ဖတ်ခဲ့ဖူးပါတယ်။ ဆရာနတ်ရဲ့ စာအုပ်တွေ ဆက်ဖတ်ချင်ခဲ့တာကြောင့် ဟင်္သာတမြို့ စစ်ကဲလမ်းက ‘အလင်္ကာစာပေ’ စာအုပ်အငှားဆိုင်မှာ သွားငှားခဲ့တယ်။ စာအုပ်အငှားဆိုင်ပိုင်ရှင် ကိုအောင်ကိုးက ‘တခွန်တိုင်မောင်နှမ’ စာအုပ်ကို ဖတ်ကြည့်စမ်းပါလို့ပြောတယ်။ စွဲသွားပါပြီ…အဲဒီနောက်တော့ ‘တကွေ့တော့ တွေ့ကြဦးမည်’ နဲ့ ‘မြန်မာပြည်မြောက်ပိုင်း’ စာအုပ်တွေကို ဆက်တိုက် ဖတ်ဖြစ်ခဲ့တာပါပဲ။ ၁၉၈၇ ခုနှစ်လောက်က ဒီအကြောင်းတွေကို ဆရာမြသန်းတင့်၊ ဆရာမင်းကျော်၊ ဆရာမောင်နေဝင်းနဲ့ ဆရာနတ်နွယ်တို့ ထိုင်တတ်တဲ့ ၃၇ လမ်းက ‘ခရားကြီး လက်ဖက်ရည်ဆိုင်’ မှာ ကျနော်က ပြောပြတော့ ဆရာနတ်နွယ်က ပြုံးပြီးနားထောင်တယ်။ အဲဒီကတည်းက  ဆရာနတ်နဲ့ ကျနော် ရင်းနှီးခွင့်ရခဲ့တာ ဖြစ်ပါတယ်။

xxxxxx

ဘဝတက္ကသိုလ်စာပေ တိုက်ခန်းဝကို ဝင်လိုက်တာနဲ့ ဆရာနတ်က ‘လာ အပေါ်ကို သွားရအောင်’ဆိုပြီး၊ ဘဝတက္ကသိုလ် စာပေတိုက်ရဲ့ ထပ်ခိုးလေးပေါ်ကိုခေါ်သွားတယ်။ သူ့ရဲ့ ‘နွယ်နီမဂ္ဂဇင်း’မှာ လစဉ် ရေးပေးဖို့ ပြောလာတယ်။ စိတ်ထဲမှာ ထီပေါက်သလို ခံစားရတယ်။ ကိုယ် သိပ်ကြိုက်ခဲ့တဲ့၊ လေးစာခဲ့တဲ့ စာရေးဆရာကြီးက သူ့မဂ္ဂဇင်းမှာ လစဉ် အခန်းတခန်းဖွင့်ပေးပြီး ရေးဖို့ ကမ်းလှမ်းခဲ့တဲ့ ဆုလာဒ်လောက် ကြီးမားတဲ့ ရလဒ် ဘယ်မှာ ရှိဦးမှာလဲ…။

ဆရာနတ်ရဲ့ နွယ်နီမဂ္ဂဇင်းမှာ လစဉ်ရေးခဲ့တာ၊ တနှစ်ကျော် ကြာလာတော့…ဆရာနတ်က ‘ခင်ဗျားရေးတာတွေ စာအုပ်ပြန်ထုတ်ပါလား’လို့ ပြောလာတယ်။ ထုတ်ချင်တဲ့သူ ရှိတယ်လို့လဲ ပြောတယ်။ ဒါကြောင့် ၁၉၉၂ ခုနှစ်မှာ ‘မြန်မာပြည် ရှိုးဂျော့’ ဆိုတဲ့ ကျနော့်ရဲ့ ရသဟန် ဆောင်းပါးပေါင်းချုပ် စာအုပ် ထွက်ခဲ့တယ်။ ဒီစာအုပ်မှာပဲ ဆရာနတ်နွယ်က ‘သတင်းရသ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အမှာစာရေးပေးခဲ့တယ်။

အဲဒီအမှာစာမှာ သတင်းဆောင်းပါး ရေးသားမှု ပုံစံတွေပြောင်းလာတဲ့ အကြောင်း၊ သတင်းကို သမားရိုးကျ သုတရေးနည်းထက် စာရေးသူရဲ့ အတွေ့အကြုံ၊ အတွေးအမြင်နဲ့ ပေါင်းစပ်ရေးလာကြကြောင်း၊ ဒီလိုရေးတဲ့ သူတွေထဲမှာ ကိုဂျေ ပါဝင်တဲ့အကြောင်း…..စသဖြင့် ရေးခဲ့သလို…..

“သူစာရေးပုံက ဝတ္ထုဆန်သည်။ သူ့အရေးအသားက ညက်သည်။ သူက ယနေ့ဖြစ်ပျက်နေသော စီးပွားရေးလောက အခြေအနေများကို ပြောရာတွင် ရုပ်ဝတ္ထု ကုန်ပစ္စည်းများ အကြောင်းကိုသာမက ယင်းတို့နှင့် ဆက်သွယ်နေသော လူသားတို့၏ အတွင်းစိတ် ဖြစ်ပေါ်ပုံများ၊ ရင်ဝယ်ခံစာမှုများကို ဖော်ပြသည်။ သူ၏ ဆောင်းပါးများကို သဘောထားအမြင်နှင့် ခံစားမှုပါရှိသော သတင်းရသစာတမ်းများဟု ခေါ်ဆိုနိုင်ပေသည်” လို့ ဆရာနတ်နွယ်က ကျနော့်အတွက် အမှာစာရေးပေးခဲ့တယ်။ ပျော်လိုက်တာလေ။ အဲဒီအမှာစာလေးကို တကိုင်ကိုင် တပြုံးပြုံး ဖြစ်ခဲ့ရတဲ့ ကျေနပ်ပီတိကို အခုထိ သတိရနေဆဲပါပဲ။

xxxxxx

ကျနော် ပြည်ပရောက်ပြီးနောက်ပိုင်းမှာ ဆရာနတ်နွယ်ဆီ ဖုန်းခေါ်ခဲ့တယ်။ နွယ်နီအကြောင်း ဆရာ့ရဲ့ ကျန်းမာရေးအကြောင်း သတင်းမေးခဲ့ပါတယ်။ ဆရာက စကားနည်းသူ ဖြစ်တော့ နောက်ပိုင်းမှာ အဆက်အသွယ် ပြတ်သွားခဲ့တယ်။ ဒါပေမယ့် နွယ်နီမဂ္ဂဇင်း ဆက်ထွက် မထွက်၊ ဆရာနတ် ဘာတွေ ရေးနေသလဲ ဆိုတာကိုတော့ မိတ်ဆွေတွေကတဆင့် မေးခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ် မတ်လဆန်းပိုင်းက မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ဆရာနတ် ဆေးရုံတက်နေတဲ့ ဓာတ်ပုံပါလာတယ်။ သူ့ဓာတ်ပုံကို မြင်ရတော့ အရမ်းကို စိုးရိမ်သွားတယ်။ အတော့်ကို မမာမကျန်း ဖြစ်နေတာက သိသာနေတယ်။ အဲဒီအချိန်က သူ့အသက် ၇၈ နှစ်၊ တကယ်လို့သာ ပြန်ကျန်းမာလာရင် စာတွေ ဆက်ရေးနိုင်သေးတဲ့ အရွယ်။ ဒါကြောင့် ဆရာနတ်အတွက် မေတ္တာပို့ ဆုတောင်းပေးခဲ့တယ်။ ဒါပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး။ မေလ ၁၁ ရက်နေ့မှာ ဆရာနတ်နွယ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကြားရတယ်။ နှမြောလိုက်တာလေ…။

နတ်နွယ်၊ မြသန်းတင့်၊ မင်းကျော်

xxxxxxx

ဆရာနတ်နွယ် ကွယ်လွန်သွားတာဟာ စာပေလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခုဖြစ်ပါတယ်။ သူရေးခဲ့တဲ့ စာအုပ်တွေ။ သူ တည်ထောင်ခဲ့တဲ့ ‘မိုးဝေမဂ္ဂဇင်း’ ကနေ ကဗျာဆရာတွေ၊ စာရေးဆရာတွေ အများအပြား ပေါ်ထွက်ခဲ့တာ မဟုတ်လား။ ဆရာနတ်နွယ်ဟာ ၁၉၅ဝ ဝန်းကျင်က ထုတ်ဝေတဲ့ ‘ဟံသာတီ သတင်းစာ’ မှာ ‘ကျောင်းသူမ’ ကဗျာကို စတင်ရေးသားခဲ့ပြီး စာပေလောကထဲကိုဝင်လာခဲ့သူ ဖြစ်တယ်။ ဆရာရဲ့ ‘မြန်မာပြည်မြောက်ပိုင်း’ နဲ့ ‘တကွေ့တော့ တွေ့ကြဦးမည်’ စာအုပ်တွေဟာ ‘၂ဝ ရာစု အထူးခြားဆုံး မြန်မာစာအုပ်များ’ စာရင်းမှာ ပါဝင်ခဲ့သလို၊ ‘၂ဝ ရာစု မြန်မာ ဂန္ထဝင်စာအုပ် ၁ဝဝ’ စာရင်းမှာလဲ ပါဝင်ခဲ့ပါတယ်။ စာရေးဆရာမင်းကျော် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအံ့ဘွယ်ကျော်ရဲ့ Ant Bwe Kyaw အဖေ) နဲ့ တွဲပြီး ‘မလိခ’ ကလောင်အမည်နဲ့ ‘မြန်မာတ္တု အညွန်း’ ကိုရေးသားခဲ့ပါတယ်။ မလိခ ဆိုတဲ့ ကလောင် အမည်ဟာ ဘယ်သူလဲ ဆိုတဲ့ သိချင်စိတ်ဟာ တချိန်က စာပေလောကမှာ ပေါ်ခဲ့ဖူးပါတယ်။ မလိခ ဆိုတဲ့ ကလောင်သုံးတိုင်း ဆရာမင်းကျော်နဲ့ ဆရာနတ်နွယ်တွဲရေးခဲ့တာ မဟုတ်ဘူးလို့ ဆရာနတ်နွယ်ကိုယ်တိုင် ပြောခဲ့ဖူးတယ်။ မလိခ ကလောင် အမည်ကို ဆရာမင်းကျော်က ပေးခဲ့တာ ဖြစ်ပါတယ်။ မလိခ ကလောင်နဲ့ ရေးခဲ့တဲ့ ‘မြန်မာစာပေအဘိဓာန်’ ကို ဆရာမင်းကျော် တယောက်ထဲ ပြုစုခဲ့တာ ဖြစ်ပြီး၊ ‘မြန်မာဝတ္ထုအညွှန်း’ ကိုတော့ ဆရာနတ်နွယ်နဲ့ ဆရာမင်းကျော်တို့ ပူးတွဲရေးခဲ့တာ ဖြစ်တယ်လို့ ‘မြန်မာဝတ္ထုအညွှန်း’ အမှာစာမှာ ဆရာနတ်နွယ်က ရှင်းလင်းရေးသားခဲ့ပါတယ်။

xxxxx

လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၃ ခုနှစ် ဖဆပလခေတ်တုန်းက ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်က ကျောင်းသားလှုပ်ရှားမှုတွမှာ ဆရာနတ်နွယ် ပါဝင်ခဲ့တယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းမှာလည်း မြန်မာစာရေးဆရာများသမဂ္ဂရဲ့ ဆိုင်းဘုတ်အောက်မှာ လွယ်အိမ်တလုံးကို ပခုံးထက်မှာ လွယ်ရင်း လမ်းလျှောက်နေတဲ့ ဆရာနတ်နွယ်ကို ပြန်မြင်ယောင်နေမိတယ်။ ဆရာ ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းစွာ တန်ဖိုးမဖြတ်နိုင်တဲ့စာတွေ ဆက်လက်ရေးသားနိုင်ပါစေ။

ကိုဂျေ
ဇန်၊ ၁၁၊ ၂ဝ၁၈
မနက် ၄း၃ဝ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်