ဗိုလ်သူရိန် ● ချယ်ရီပန်းတွေဝေဆာနေတဲ့ ဂျပန်ပြည်နှင့် သင်္ဘောသား

January 14, 2018

● ချယ်ရီပန်းတွေဝေဆာနေတဲ့ ဂျပန်ပြည်နှင့် သင်္ဘောသား
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၁၈

၂၀၁၇ နိုင်ဝင်ဘာလ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ အာစီယံထိပ်သီးအစည်းအဝေးမှာလက်ရှိ ပြည်သူ့အစိုးရကို ရခိုင်အနောက် ဘက်အရေးနဲ့ပက်သက်ပြီး အနောက်နိုင်ငံကဖိအားတွေ ပေးနေချိန်မှာ ဂျပန်နိုင်ငံကဝင်ရောက်စွပ်ဖက်ခြင်းမပြုတဲ့အပြင် အမေရိကန် ဒေါ်လာသန်းတစ်ထောင် ချေးငွေပေးလိုက်ပြန်ပါပြီ။ မြန်မာပြည်ဖွံ့ဖြိုးတက်မှုမှာ စစ်အစိုးရခေတ်ထဲက ပံ့ပိုးကူညီ ခဲ့တဲ့ ဂျပန်အစိုးရက ဒုတိယကမ္ဘာစစ်တုန်းက ကျူးကျော်ခဲ့တဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကိုများ အချစ်ဆုံးဖြစ်နေသလား ထင်မိပါတယ်။

အတိတ်ကို ကျွန်တော် ပြန်တူးစွနေတာ မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာပြည်ကို ဂျပန်တွေ နှိပ်စက်ညှဉ်း ပန်းခဲ့တာအမှန်ပါ။ ဒါပေမယ့်လည်း ဗမာ့တပ်မတော်စတင်ဖွဲ့စည်းဖို့ ဗိုလ်ချုပ်တွေမွေးထုတ်ပေးခဲ့တာ အမေရိကန်တို့ အင်္ဂ လန်တို့ မဟုတ်ပါဘူး။ ဂျပန်ဘုရင့်တပ်မတော်ကနေ စစ်ပညာတွေသင်ကြားပေးခဲ့လို့ ဗမာ့တပ်မတော်ကြီးကို စတင်ဖွဲ့ စည်း နိုင်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေကို စတင်တွန်းလှန်တိုက်ခိုက်နေချိန်မှာလည်း စစ်ပညာတော်သင်အဖြစ် စေလွှတ်ထားခဲ့တဲ့ စာရေးဆရာ မိုမိုတာရောစံတို့ မြန်မာစစ်သည်တော်တွေကို မည်သည့်အန္တရာယ်မှမပေးဘဲ ဂျပန် ပြည်မှာ ထားရှိတာကိုကြည့်ရင် မူရင်းစိတ်ခံကောင်းသူတွေအဖြစ် သိရှိနားလည်နိုင်ပါတယ်။

ဟီရိုရှီးမား နာကာဆာကီကို အနုမြူဗုံးအကြဲခံရပြီးနောက်မှာတော့ ဂျပန်လူမျိုးတွေ သူတို့တွေရဲ့စိတ်တွေပြောင်းလဲ mild self chane လာလိုက်တာ ဂျပန်ပြည်က ယနေ့ဆိုအာရှတိုက်မှာ အံ့မခန်းတိုးတက်နေတဲ့ နိုင်ငံဖြစ်နေပါပြီ။ အတုယူစရာ အင်မတန် ကောင်းပါတယ်။

ဒီတခေါက် သင်္ဘောကနေ မြန်မာပြည်ပြန်ရောက်တော့ ကျွန်တော် ဒေသမြို့လေးက ရန်ကုန် – မန္တလေး မီးရထားလမ်းကို မီးရထားဝန်ထမ်းများနှင့်အတူ ဂျပန်လူမျိုး ပညာရှင်များ လုပ်ငန်းကွင်းစစ် ဆာဗေးဆင်းနေတာကို တွေ့မြင်ရတယ်။ နယ်ချဲ့ အင်္ဂလိပ်လက်ထပ်ထဲကအတိုင်းရှိနေခဲ့တဲ့ ရထားလမ်းများကို ဂျပန်အကူအညီနဲ့ပြုပြင်တော့မယ်ဆိုတော့ ရထားစီးနေကြ ပုခက်လွှဲပေးတာတွေ၊ မြင်းစီးသလို ခုံခုံနေတာတွေ၊ ယခုအထိ မြန်မာ့မီးရထားက ရောင်းနေသေးတဲ့ ခုံမဲ့ဆိုတဲ့အဖြစ်တွေကို လွမ်းရတော့မှာလား တွေးနေမိတယ်။

၂၀၁၂ ခုနှစ်မှာ ကျွန်တော် ဂျပန်နိုင်ငံကနေ သင်္ဘောတက်ဖူးပါတယ်။ အဲဒိတုန်းက ဂျပန်ကို တိုက်ရိုက်လေယဉ် မရှိသေးပါ ဘူး။ ဘန်ကောက်ကနေ တဆင့်စီးရပါတယ်။ ညနေ မင်္ဂလာဒုံလေဆိပ်ကထွက်လာလိုက်တာ နောက်နေ့မနက်မှာ ဂျပန်ပြည် ကို ရောက်ပါတယ်။ အေးဂျန့် (agent) က  ကားနဲ့လာကြိုပြီး ဘူတာရုံတခုကို လိုက်ပို့ပါတယ်။ အခြားနိုင်ငံတော်တော်များ များကတော့ လေဆိပ်ကဆင်း ကားတဆင့်စီးပြီးတာနဲ့ သင်္ဘောပေါ်ရောက်ပါပြီ။ ဂျပန်မှာက မီးရထားဘူတာရုံလိုက်ပို့တာ ဆိုတော့ ကျွန်တော်တို့သင်္ဘောသားတစုက အနည်းငယ်စိုးရိမ်မိပါတယ်။ ဘူတာရုံက သန့်ရှင်းသပ်ရပ်နေပြီး ဂျပန် အေးဂျင့် က ကျွန်တော်တို့အတွက် လက်မှတ်တယောက်တစောင် ဝယ်ပေးပါတယ်။ ရုံထဲဝင်သွားတော့ သုံးမြှောင့်စတီးအတန်း ကာ ထားတာလေးတွေကို တွန်းမဝင်ခင် ဒီဂျစ်တယ်စာလုံးလေးတွေပေါ်နေတဲ့ လက်ရန်းပေါ်က ပုံစံခွက်လေးထဲကို လက်မှတ် ထည့်လိုက်တာနဲ့ မီးအစိမ်းကလေး တီကနဲဆို အသံမြည်လာပါတယ်။ ဒါဆို သုံးမြှောင့်စတီးအတန်းလေးတွေ တွန်းဝင်လို့ ရသွားပြီး ဟိုဘက်ရောက်တော့ လက်ရန်းပေါ်ကနေ စောစောက လက်မှတ်လေးပြန်ထွက်လာပါတယ်။ ကျေးဇူးတင်ပါ တယ်ရှင့်ဆိုတဲ့ ဂျပန်စကားလေးပြောသံ စက်ထဲကကြားလိုက်ပါတယ်။ ရထားထွက်မယ့်နေရာအထိ အေးဂျန့်က လိုက်ပို့ပါ တယ်။ သုံးဘူတာမြောက်မှာ ဆင်းပါ။ဟိုဘက်မှာ အေးဂျန့်တယောက်ထပ်စောင့်နေမယ်။ ဆင်းမယ့်ဘူတာအမည်ကိုလည်း လက်မှတ်ထဲက အင်္ဂလိပ်စာ အမည်နဲ့ ရေးထားတာကို ပြပါတယ်။ ကိုယ့်မြန်မာပြည်မှာတောင် တခါတလေ ဘူတာကျော်ပြီး စီးမိတာတွေရှိတော့ ကျွန်တော်တို့ကတော့ စိုးရိမ်လျှက်ပါပဲ။ ခဏနေ ရထားဆိုက်ရောက်လာပါတယ်။ လျှပ်စစ် ကေဘယ်လ် ကြိုးတပ်ထားတဲ့ ရထားပါ။ ရထားပေါ်တက်တော့ မြန်မာပြည်က ရထားတွေလို အပေါ် အလုအယက်မတက်ရဘူး။ ရထားရဲ့ ကြမ်းပြင်နဲ့အညီ ပလက်ဖောင်းကိုခင်းပေးထားပေးပါတယ်။ အထုတ်အပိုး အဝတ်အစား (Baggage) အိတ်တွေပါတော့ အလွယ်တကူပဲ  တွန်းပြီးတက်သွားရုံပါပဲ။ ရထားထွက်တော့ ခုံတွေလွတ်နေတာနဲ့ အဆင်ပြေတဲ့ခုံမှာပဲ ဝင်ထိုင်လိုက်တယ်။ အဲယားကွန်းကလည်းလွှတ်ထားတော့ အေးပြီး သပ်ရပ်သန့်ရှင်းနေပါတယ်။ ရထားတွဲရဲ့ ရှေ့ဆုံးနှင့်နောက်ဆုံး မျက်နှာကျက် နားမှာ LED  ဒီဂျစ်တယ်စာလုံးများနဲ့ ရှေ့ရောက်မယ့်ဘူတာအမည်ကို ဂျပန်- အင်္ဂလိပ်လို နှစ်ဘာသာနဲ့ အဆက်မပြတ်ထိုး ပေးထားပြီး အသံနဲ့လည်း ကြေငြာပါတယ်။ ဂျပန်ရထားစီးရတုန်းလေ့လာလိုက်တာ ရထားတွဲရဲ့နောက်ဆုံးမှာ ဆေးလိပ် သောက်ခန်း၊ ကျားအပေါ့သွားခန်း၊ ဘိုထိုင်အိမ်သာ အစုံပါပါတယ်။ ဂျပန်ဆောက်တွေဆိုတော့ ကျဉ်းကျဉ်းနဲ့သပ်သပ်ရပ်ရပ် ပြုလုပ်ထားပါတယ်။ တဘူတာလောက်ကျော်တော့ ဈေးသည်ရောက်လာပါတယ်။ ကိုယ့်ဆီကလို အော်ဟစ် ကျော်ခွ တွန်း တိုက်ရောင်းသလို မဟုတ်ပါဘူး။ လေယဉ်ပေါ်မှာလို တွန်းလှည်းလေးနဲ့တွန်းလာပြီး ရထားအတွဲ တတွဲရောက်ရင် ခရီးသည် အခြေအနေကို အကဲခက်လိုက်တယ်။ အိပ်စက်အနားယူသူရှိနေရင် အသံမထွက်ပဲ ဈေးလှည်းစက်တွန်းလာပြီး ကျွန်တော် တို့လို ဟိုကြည့် ဒီကြည့်သမားများအတွက် အသံတိုးတိုးလေး ဘာဝယ်ဦးမလဲရှင့်ဆိုပြီး ခေါင်းငြိမ့် နှုတ်ဆက်ကာမေးပါတယ်။ မဝယ်တော့ဘူးပြောလည်း ကျေးဇူးတင်ပါတယ်ဆိုပြီး ဆက်ထွက်သွားပါတယ်။ စိတ်ကစိုးရိမ်နေတော့ ဆင်းရမယ့် ဘူတာ အမည်ကိုပဲ အာရုံစိုက်ကြည့်နေမိတယ်။ ဘူတာအမည်လည်း ကြေငြာရော ထမယ်အလုပ် လက်မှက်စစ်က ဆင်းရမယ့် ဘူ တာရောက်ပြီလို့ လာပြောပါတယ်။ ကျွန်တော်အထင် အေးဂျန့်က အကူအညီတောင်းမှာလိုက်တယ်ထင်ပါရဲ့။ ရထားပေါ်က ဆင်း ဘူတာရုံကနေထွက်တော့လည်း အစောကလို လက်မှတ်လေးထည့်ပြီး တွန်းထွက်လာလိုက်တယ်။ ဒီတခါ ကိုရွှေလက် မှတ်ကထွက်မလာတော့ဘူးဗျာ။ သစ္စာရှိချက်။

ဒီလက်မှတ် ဒီဘူတာမှာ ဆုံးပြီပေါ့ဆိုတဲ့သဘောပါ။ ယခု မြန်မာ့မီးရထားနဲ့ပူးပေါင်းပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ် မယ့် ရန်ကုန် – မန္တလေးရထားလမ်းကို ဂျပန်ပြည်ကရထားတွေလို ခုံတွေသပ်သပ်ရပ်ရပ် စနစ်တကျ တည်ဆောက်ထား တဲ့ရထားမျိုး၊ သက်တောင့်သက်တာ လျှင်မြန်လွယ်ကူတဲ့ ရထားလမ်းမျိုး လုပ်ဆောင်ပေးကြပါ။ အဲယားကွန်းတွေအထိ မလိုသေးပါဘူး။ ကျုပ်တို့ နယ်ကလူတွေ မူးတက်လို့ပါ။

အခုခေတ် မြန်မာနိုင်ငံကဘဏ်တွေက ကမ္ဘာ့ဘဏ်တွေနဲ့ချိတ်ဆက်လာတော့ သင်္ဘောသားတော်တော်များများရဲ့ လခတွေ ကို သင်္ဘောပေါ်မှာ ဒေါ်လာ ၂၀၀ – ၃၀၀ လောက်သာပေးကြပြီး မြန်မာနိုင်ငံဘဏ်တွေကတဆင့် ကိုယ့်မိသားစုအိမ်ကိုပဲ လွှဲပေးလာကြပါတယ်။ ၂၀၁၀ မတိုင်ခင်အထိ ကျွန်တော်တို့သင်္ဘောထွက်တဲ့အခါက အိမ်ကိုပိုက်ဆံပို့ဖို့ ပြန်မယ့် သင်္ဘော သားလူကြုံကိုပဲ စောင့်မျှော်နေရတယ်။ (အိမ်လွှဲပေးတဲ့ သင်္ဘောကုမ္ပဏီတချို့ရှိပေမယ့်လည်း မြန်မာငွေကိုသာ ထုတ်ပေး တတ်ကြပါတယ်) အိမ်စားရိတ် အနေအထားကြောင့် အမြန်ပို့ချင်သူများကတော့ လူကြုံမရှိရင် အိမ်က အတိုးတွေတက်လေပဲ။ ကျွန်တော်သင်္ဘောသားက အဲလိုမိသားစုထဲမှာပါတယ်။ ကိုရီယားရောက်လို့ မြန်မာဆိုင်တွေက သူတို့ကနေ တဆင့်လွှဲပေး မယ်ဆိုသော်လည်း ဆိုင်နဲ့မြို့ အတော်ဝေးလို့ သူတို့ဘဏ်အကောင့်တွေအတိုင်း ကိုရီးယား အေးဂျန့်တွေက မလွှဲပေးရဲဘူး။ တစုံတခုဖြစ်ရင် လျော်ရမှာစိုးလို့တဲ့။

ဒါနဲ့ ကျွန်တော်တို့သင်္ဘော ဂျပန်ကိုရောက်သွားပါရော။ မြန်မာပြည်မာ ပရဟိတတွေလာလုပ်တဲ့ မစံပယ်လို့အမည်ပေးထားတဲ့ မြန်မာစကား ကျွမ်းကျင်စွာပြောဆိုတက်သော ဂျပန်နာမည်  Watanabe kasuko ဆိုတဲ့ အမျိုသမီးတယောက်နဲ့ ကျွန်တော် က အတော်ခင်ပါတယ်။ စာနယ်ဇင်းက ဒဲဒီ (ကိုဝင်းတင်) မိတ်ဆက်ပေးလို့ ကျွန်တော်နယ်က ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း၊ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ၊ တက္ကသိုလ်ပညာသင်ကြားမှုအခက်အခဲရှိနေသူများ စတဲ့ပညာရေးနဲ့ ပတ် သက်တဲ့ အဆောက်အဦ စာရေးကရိယာ ငွေကြေးလှူဒါန်းမှုတွေကို မြန်မာပြည် သုံးလတခေါက်ရောက်တိုင်း အမြဲလာ လှူနေကြပါ။ ဂျပန်ပြည်က ဖုန်းနံပါတ်လည်းပေးထားတော့ ကျွန်တော်က အိမ်ငွေပို့ချင်တဲ့ အခက်အခဲကို သူ့ကို ဖုန်းဆက် ပြောပြလိုက်တယ်။ သူ နောက်နှစ်ပတ်အတွင်း မြန်မာပြည်သွားမှာပြောတော့ မိုးရွာတုန်း တိုင်း၍ယက်လာသောပက်ကလာ ဆောင်းလာသည့်နှယ်ပေါ့။ ဘဏ်ကနေ တဆင့်လွှဲပါဆိုပြီး မစံပယ်က သူ့ဘဏ်အကောင့်ပေးပါတယ်။ ဒါနဲ့ ဆိပ်ကမ်းနဲ့ အနီး စပ်ဆုံးဘဏ်တစ်ခုကိုသွားပါတယ်။ ဟိုရောက်တော့ ဘဏ်ဝန်ထမ်းတွေက နိုင်ငံကူးလက်မှတ်တောင်းပါတယ်။ ကျွန်တော်တို့ သင်္ဘောသား အတော်များများကို အပြင်ထွက်ရင် ရက်အကန့်အသက်သတ်မှတ်ထားသော လည်ပတ်ခွင့်လက်မှတ် show pass ပဲပေးကြပါတယ်။ ဂျန်ပန်မှာ ခုန်ဆင်း အလုပ်လုပ်နေခဲ့ကြလို့ သင်္ဘောသားအများစုကို နိုင်ငံကူးလက်မှတ်မပေးပါဘူး။ ကျွန်တော်က ရှိတဲ့လက်မှတ်ပဲထုတ်ပြတော့ ဘယ်လောက်လွှဲမှာလည်းတဲ့။ အများဆုံး ဒေါ်လာ ၁၀၀၀ သာ လွှဲခွင့်ပြုမှာ ဖြစ်ပြီးဂျပန် ယန်းပြန်လဲပြီး လွှဲရမယ်လို့ပြောပါတယ်။ ကျွန်တော်လွှဲချင်တာက ဒေါ်လာ ၂၀၀၀ ဂျပန်ယန်းကလည်း နှစ်ခါ ပြန်လည်းရမယ့်ကိန်းဖြစ်နေတော့ သင်္ဘောပြန်လာခဲ့လိုက်တယ်။ မစံပယ်ကို ဖုန်းနဲ့ အကျိုးအကြောင်းလှမ်းပြောပြတော့ ကျွန်တော့်မိသားစုအတွက် အရေးသိပ်ကြီးနေမှန်းသိတော့ စာတိုက်ကတဆင့် လွှဲပါထပ်ပြောပါတယ်။

နောက်နေ့ကြတော့ ဂျပန်အလုပ်သမားခေါင်းဆောင် forman ကို မစံပယ်နဲ့ဖုန်းပြော အကူအညီတောင်းခိုင်းပြီး စာတိုက်မှာ ကျွန်တော် လွှဲချင်တဲ့ပုံစံကို ဂျပန်စာရေးခိုင်းပါတယ်။ ဘာလို့လည်း ဆိုတော့ ဂျပန်လူမျိုးများက မိခင်ဘာသာစကားကိုသာ အဓိကအလေးထား မပျောက်ပျက်အောင် ထိမ်းသိမ်းကြပါတယ်။ အင်္ဂလိပ်စာ မေးထူးခေါ်ပြောလောက်သာတက်တဲ့ ဂျပန် ဧည့်သည်များကို ကျွန်တော် မြန်မာပြည်မှာ တွေ့ဖူးလို့ပါ။ ဂျပန်လိုရေးထားတဲ့စာရပြီဆိုတော့ စာတိုက်ကို အပြေးအလွှား သွားရပါတယ်။ မနက်ဖြန်ရုံးပိတ်ရက်ဖြစ်နေတာကြောင့်ပါ။ ဒီအချိန် စာတိုက်နဲ့ဆက်သွယ်ရေးကို ဂျပန်အစိုးရကပုဂ္ဂလိကို လွှဲပြောင်းပေးအပ်ထားပါပြီ။

ဂျပန်စာတိုက်ရောက်တော ပါလာတဲ့ဂျပန်စာကို ထုတ်ပြလိုက်ပါတယ်။ သူတို့ကလည်း  ဂျပန်ယန်းငွေကို လဲခိုင်းပြီး မြန်မာ ပြည်စာတိုက်များလို တဆင့်လွှဲလို့ရတဲ့ပုံစံပဲ ပြောပါတယ်။ ကျွန်တော်လည်း အတော်လေး ဦးနှောက်ခြောက်လာတာနဲ့ စာတိုက်ထဲ ခုံအလွတ်တစ်ခုမှာ စိတ်ပျက်ပျက်နဲ့ ထိုင်နေမိတယ်။ခဏအကြာတော့ အင်္ဂလိပ်စကား အနည်းငယ်ပြောတတ်တဲ့ စာတိုက်မှူးလို့ ထင်ရတဲ့ဂျပန်အမျိုးသမီးတဦးထွက်လာပြီး ဘာကူညီပေးရမလဲ မေးပါတယ်။ ကျွန်တော်လည်း ကြံရာ မရ တာနဲ့ မစံပယ် ဖုန်းနံပါတ်ပေးလိုက်တယ်။ သူတို့ချင်း ငါးမိနစ်လောက်စကားပြောပြီးတော့ ကျွန်တော်ကို ဖုန်းပေး ပြောခိုင်း ပါတယ်။ နောက်ဆုံး မစံပယ်အကြံပေးတာကဒေါ်လာ ၂၀၀၀ ကို A4 စာရွက်အလွတ်နဲ့ ပက်ပြီးတော့ လိပ်စာအတိုင်း စာ တိုက်က ပို့ဖို့ပြောပါတယ်။ ကျွန်တော်က ဖြစ်နိုင်ပါ့မလားမေးတော့ သူ့ဆီမှာ စာတိုက်ဖုန်းလည်းရနေပြီဆိုတော့ မရောက်မှာ မပူပါနဲ့။ တစ်ခုခုဖြစ်ရင် ဖုန်းပြန်ဆက်ပြီး သူပြန်ကူညီပေးပါ့မယ်ပြောပါတယ်။ ကျွန်တော်လည်း မစံပယ်ပြောသလို စာအိတ် မှာ လိပ်စာရေးပြီး စာတိုက်ကိုပို့ခဲ့ပါတယ်။ လက်ခံရရှိကြောင်းစာရွက slip လေးတော့ ယူလာခဲ့ပါတယ်။ စာတိုက်ဝန်ထမ်း များကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောပြီး စိတ်တထင့်ထင့်နဲ့ ပြန်လာခဲ့ပါတယ်။ အဲဒိအချိန် ဒေါ်လာဈေးက တစ်ဒေါ်လာ မြန်မာငွေ ၁၂၀၀ ကျော်လောက်ရှိတော့၂၄ သိန်းသောငွေကြေးကို ကျွန်တော်စိုးရိမ်တာ မဆန်းပါဘူး။

သင်္ဘောပြန်ရောက်ပြန်တော့လည်း ကျန်သင်္ဘောသားများက အားပေးလိုက်ကြတယ်။ ဆုံးပြီတဲ့။ အေးလေ ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံးက စာတိုက်ကို သိပ်မယုံကြည်ခဲ့ကြသလို စာရေးဆရာများကလည်း စာပေဟောပြောပွဲတွေမှာ ထည့်ထည့်ပြောနေကြတယ်။ ရွာကကြီးတော်ကြီး မြေးနှစ်ယောက်ရမှ သူ့ငယ်ရည်းစားဆီက စာကို စာတိုက်က လာပို့တယ် ဆိုတဲ့ ဖြစ်ရပ်တွေကလည်း ရှိနေတာကိုး။ သင်္ဘောက ယခုရောက်နေတဲ့ ကီမိစု (kimesu) ဆိပ်ကမ်းမှာ ကုန်ချပြီးတာနဲ့ နောက်နေ့ကြတော့ နာဂိုရာ (Nagoya) ဆိပ်ကမ်းမှာ ကုန်သွားတင်ဖို့ ထွက်ခွာလာခဲ့ပါတယ်။ စနေ တနင်္ဂနွေ ရုံးပိတ် ရက် ကြားထဲမှာခံနေတာနဲ့ မစံပယ်ဆီ ဖုန်းမဆက်ဖြစ်သေးပါဘူး။ စာထည့်ပြီး ၄ ရက်လောက်နေတော့ စိတ်ထဲ ကလိ ကလိ ဖြစ် လာတာနဲ့ မစံပယ်ဆီ စာရောက်လာပြီး ဖုန်းဆက်မေးပါတယ်။ မရောက်သေးဘူးတဲ့။ အင်းကနဲ သက်ပြင်းချလိုက်တယ်။ ဂျပန်ဖုန်း ခဏ ခဏဆက်ပါများတော့ သင်္ဘောသူကြီး Captain က မသင်္ကာသလို ဖြစ်လာတယ်။ ကျွန်တော် ခုန်ချနေခဲ့ဖို့ မဟုတ်ဘူး။စာတိုက်က ငွေပို့ထားလို့ပါရှင်းပြတော့ သူကလည်း သူ့နှဖူးလက်နဲ့ ရိုက်ပြီး အားပေးရှာပါတယ်။ နောက်တနေ့ ညနေကြတော့ ကျွန်တော်ဆက်နေကြ သူကြီးရဲ့ဖုန်းကို မစံပယ်ဖုန်းဆက်တယ်တဲ့။ စာရောက်ပါပြီလို့ သူကြီးက ခေါ်ပြော တယ်။ ကဲ အခုမှ အလုံးကြီးကျသွားတော့တယ်။ မစံပယ် မြန်မာပြည်ကိုရောက်တော့ အိမ်ကအမလေးကို ဖုန်းဆက်ပြီး ရန်ကုန်ခေါ်ပေးတယ်လို့ အိမ်ကို ဖုန်းဆက်တော့ပြောပါတယ်။ ကျွန်တော်လိုလုပ်ဖို့ ရေးပြနေခြင်းမဟုတ်ပါ။ စိတ်ဓါတ်နဲ့ ဝန် ဆောင်မှုကို ဖော်ကျူးရေးသားခြင်သာဖြစ်ပါတယ်။

မန္တလေး နေပြည်တော်မှာ ကနောင်ကိုယ်တော်ကြီး လက်နက်စက်ရုံတည်ထောင်နေချိန်၊ ရေမြှုပ်ဗုံးတွေ စမ်းသပ်နေချိန် ဂျပန်ပြည်မှာ ဓါးတွေသုံးတဲ့ဆာမူရိုင်းခေတ်မကုန်သေးဘူးလို့ သမိုင်းဆရာအချို့က သုံးသပ်ပြောဆိုကြပါတယ်။ ဆရာအ ထောက်တော်လှအောင်ရဲ့  စာသားငှားသုံးရရင် မည်သို့ပင်ဆိုစေကာမူ ယခုလက်ရှိ ကိုယ့်နိုင်ငံထက်အဆပေါင်းများစွာ တိုး တက်နေတဲ့ ဂျပန်ပြည်ကို အတုယူသင်ကြားတာတွေလုပ်ရမယ်လို့ သုံးသပ်မိပါတယ်။

ဗိုလ်သူရိန်
၂၀ ၁၁ ၂၀၁၇
နယူးအိုင်ယာလန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်