လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ- ဆောင်းပါးအမှတ် (၄၆)

January 16, 2018

လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ- ဆောင်းပါးအမှတ် (၄၆)
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂ဝ၁၈

● ဗိုလ်မှူးကြီးချစ်မြိုင်နဲ့ ဖေဖေ
ဖေဖေက သူ့စာအုပ်စင်ကို ဘယ်သူမှကိုင်တာ မကြိုက်ပါဘူး။ စမ်းချောင်းမှာနေစဉ်ကတည်းက ကျွန်မသတိထားမိတဲ့ အ ချက်ပါ။ လိုချင်တဲ့စာအုပ်တွေရှိရင် သူကိုယ်တိုင်ရှာပေးပါတယ်။ ဖတ်ပြီးရင်လည်း သူ့ပဲပြန်ပေးရပါတယ်။ စာအုပ်တွေစု ဆောင်းရုံမက ဂျာနယ်တွေက၊ သတင်းစာတွေထဲက သူကြိုက်တဲ့အကြောင်းအရာတွေကိုဖြတ်တောက်ပြီး အကြောင်းအရာအလိုက်ဖိုင်တွေတွဲထားတတ်ပါတယ်။ ဖိုင်တွေပေါ်မှာလည်း ခေါင်းစဉ်တွေရေးထားတတ်ပါတယ်။ ဒီလိုအချက်အလက်တွေစုဆောင်းတတ်လို့လည်း သူစာတွေဆောင်းပါးတွေ အတော်များများရေးနိုင်ခဲ့တာဖြစ်ဟန်ရှိပါတယ်။ ဒီအကျင့်ကို ဖေဖေက သူအသက် (၈ဝ) ကျော်အထိ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အခုကျွန်မတို့နေတဲ့အိမ်မှာ စာအုပ်ဘီရိုကြီးတလုံးအ ပြည့်စာအုပ်တွေ မှတ်တမ်းတွေ ရှိနေတာပါ။

ဖေဖေရှိစဉ်က သူ့စာအုပ်စင်ကိုထိတာမကြိုက်လို့၊ ခပ်ဝေးဝေးကပဲ ရှောင်နေရပါတယ်။ နောက်ပိုင်းအထူးသဖြင့် သူ့ကိုယ်တိုင် ရေးအတ္ထုပွတ္တိရေးလာတော့ သူကိုယ်တိုင်က ကျွန်မကို သူ့စာအုပ်စင်ကဖိုင်တွေကိုယူခိုင်းတာ၊ ရှာခိုင်းတာတွေ လုပ်ပါတယ်။ သူကမှတ်စုတွေ၊ ဒိုင်ယာရီတွေလည်း အမြဲမပြတ်ရေးတတ်ပြီး ဒါတွေကိုလည်း စနစ်တကျစုဆောင်းထားပါတယ်။ စာတွေရေးရင်လည်းမိတ္တူတွေ သိမ်းထားတတ်ပါတယ်။ ဒါတွေအကူအညီနဲ့ သူ့စာအုပ်ကိုရေးနိုင်ခဲ့တာပါ။ (ထို့အတူ အခု ကျွန်မရေးနေတဲ့ “ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ” ဆောင်းပါးများကိုလည်း အဲဒီဖေဖေစုဆောင်းပေးခဲ့တဲ့အချက်လက်များအပေါ်အခြေခံပြီးရေးနိုင်နေတာပါ။ ဖေဖေက ကျွန်မကို မကုန်ခန်းနိုင်တဲ့ သမိုင်းအမွေအနှစ်တွေပေးခဲ့တာပါ။)

ဖေဖေကွယ်လွန်တော့ (၁ဝ-၁ဝ-၂ဝ၁၂) ကျွန်မက ဖေဖေနဲ့ပတ်သက်တဲ့စာအုပ်များထုတ်ဖို့စီစဉ်ပြီး ဖေဖေ့စာအုပ်စင်ကို ကြည့် ရှုလေ့လာမှုလုပ်ပါတယ်။ ခေါင်းစဉ်အမျိုးမျိုးနဲ့ဖိုင်တွဲတွေကြားမှာ ဗိုလ်မှူးကြီးချစ်မြိုင်ဆိုတဲ့ခေါင်းစဉ်နဲ့ ဖိုင်တွဲတတွဲ တွေ့လိုက်ပါတယ်။ တခြားအကြောင်းအရာတခုကိုရှာရင်းတွေ့တာဖြစ်တော့ ဖိုင်ကိုဖွင့်မကြည့်လိုက်မိပါဘူး။

၉-၁၂-၂ဝ၁၇ ရက်နေ့မှာ၊ အမေရိကန်မှာနေထိုင်နေတဲ့ အသက် (၉၆) နှစ်ရွယ် ဗိုလ်မှူးကြီးချစ်မြိုင်ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကြားရတော့ ငယ်သူငယ်ချင်းဖြစ်တဲ့ အန်ကယ်ချစ်မြိုင်ရဲ့သမီး အေမီဆီ လှမ်းဝမ်းနည်းစကားဆိုရပါတယ်။ ဖခင်ကြီး တွေကို အိုကြီးအိုမ အသက် (၉ဝ) ကျော်အရွယ်တွေအထိ အနီးကပ်ပြုစုခဲ့သူချင်းဖြစ်လေတော့ ပြောစရာတွေ၊ သတိရဖွယ် တွေကလည်း အများသားလေ။ စကားတွေပြောနေရင်းက အန်ကယ် တခါက Burma Debate နဲ့လုပ်ခဲ့တဲ့ အင်တာဗျူးအ ကြောင်းရောက်သွားပြီး အေမီက အဲဒါတွေကို သူ့ဖခင်ကြီးအမှတ်တရပစ္စည်းများအဖြစ်လိုချင်ကြောင်း၊ ကျွန်မမှာရှိရင် သူ့ဆီ ပို့ပေးဖို့ပြောလာပါတယ်။

ဒီတော့မှ ကျွန်မက ဖေဖေ့ဖိုင်တွဲသတိရပြီး ပြန်ရှာရပါတယ်။ ဖိုင်တွဲထဲမှာပါတာတွေကတော့ ….
၁။ Burma-Debate ဂျာနယ်တစောင်။ ၁၉၉၇ ဇူလိုင်-သြဂုတ်လထုတ် (ဗိုလ်မှူးကြီးချစ်မြိုင်ရဲ့အင်တာဗျူးပါ)

၂။ ဖေဖေနဲ့ ဗိုလ်မှူးကြီးချစ်မြိုင်အကြား အပြန်အလှန်ရေးခဲ့တဲ့ပေးစာများ။
က။ ဗိုလ်မှူးကြီးချစ်မြိုင်ရဲ့ ၁၂ ဖေဖေါ်ဝါရီ ၁၉၉၈ နေ့စွဲပါ စာတစောင်။ (လက်ခံရရှိတဲ့နေ့-၁၆-၃-၉၈- ဖေဖေ့လက်မှတ် K.Z စာပေါ်မှာထိုးထား)
ခ။ ထိုစာကိုပြန်တဲ့ ၁၁-၄-၁၉၉၈ နေ့စွဲပါ ဖေဖေ့စာ (မိတ္တူ)
ဂ။ ၁ဝ-၁-၂ဝဝဝ နေ့စွဲနဲ့ဖေဖေရဲ့စာ (မူကြမ်း)
ဃ။ ၂ဝဝဝ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈) ရက်နေ့စွဲနဲ့ ဗိုလ်မှူးကြီးချစ်မြိုင်ရဲ့ပြန်စာ။ (လက်ခံရရှိတဲ့နေ့-၂၁-၂-၂ဝဝဝ K.Z လက် မှတ်နဲ့)

၃။၁၉၉၉ ဒီဇင်ဘာမှာ ဗိုလ်မှူးကြီးချစ်မြိုင်ပို့လိုက်တဲ့ နှစ်သစ်ကူးကဒ်။(လက်ခံရ ၇-၁-၂ဝဝဝ)(စာအိတ်ပါသိမ်းထား)

၎။ ၁၉၉၈ မတ်လကထုတ်တဲ့ ခေတ်ပြိုင်စာစောင်ထဲက အဝေးရောက်သံတမန်တဦးရေးတဲ့ ဦးနေဝင်းက အိုအို၊ တပ်မတော်က
ပြိုပြိုဆိုတဲ့ဆောင်းပါး (ညှပ်ထားတာ) အဲဒီဆောင်းပါးမှာ ဦးချစ်မြိုင်ရဲ့သမိုင်းဝင်ပြောကြားချက်အချို့ဆိုတာတွေကို ကိုးကား ထားပါတယ်ဆိုတာတွေကိုပါ။ ဖြတ်ညှပ်ကပ်လုပ်ပြီး ဖေဖေက အမှတ်တရ စနစ်တကျသိမ်းဆည်းထားတာတွေကို တွေ့ လိုက်ရပါတယ်။

နောက် အန်ကယ်ရဲ့ပေးစာများရဲ့ဘေးအလွတ်ကော်လံလေးထဲမှာ ဖေဖေက စာပြန်ရင် ထည့်ရေးရမဲ့အချက်များ၊ မှတ်ချက် များကို အတိုချုပ်လေးတွေရေးထားတာလေးတွေလည်းတွေ့ရပါတယ်။

နောက်မှတ်မိတာတခုကတော့-အန်ကယ်ချစ်မြိုင်ရဲ့ အင်တာဗျူး စီဒီအခွေတခွေလည်းရထားဖူးပါတယ်။ အဲဒါတော့ ရှာမ တွေ့သေးပါ။ (လက်ဝယ်ရှိသူများ မျှဝေပေးနိုင်ရင် ပေးစေလိုပါတယ်။)  အဲဒါတွေရယ်၊ ဖေဖေ့စာအုပ်ထဲက အန်ကယ်ချစ်မြိုင် အကြောင်းရေးထားတွေပါ စုပေါင်းပြီး ဖေဖေနဲ့အန်ကယ်ချစ်မြိုင်အကြားဆက်ဆံရေး (၁၉၄၆ – ၂ဝဝဝခုနှစ်လွန်များအထိ-နှစ် (၅ဝ) ကျော်) အကြောင်း ရေးပါဦးမယ်။

လွတ်လပ်ရေးတိုက်ပွဲဝင် စစ်ပြန်သူရဲကောင်းကြီးနှစ်ဦးရဲ့အပြန်အလှန်ရေးကြတဲ့စာတွေထဲမှာ (ယူတတ်မယ်ဆိုရင်) သံဝေဂ
ရစရာ လွမ်းမောစရာတွေပါပါတယ်။

၂ဝဝဝ ခုနှစ်၊ ဖေဖော်ဝါရီ (၈) ရက်နေ့စွဲနဲ့ အန်ကယ်ရဲ့စာထဲမှာ ….

“ကျွန်တော်တို့အနေဖြင့်တော့ အမိနိုင်ငံအတွက် တာဝန်ကြေခဲ့သည်ဟု နားလည်ပါသည်။ ကျောင်းသားဘဝကတည်းက လွတ်လပ်ရေးတိုက်ပွဲအတွက် ပါဝင်ပြင်ဆင်နိုင်ခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲတလျှောက်နှင့် လွတ်လပ်ရေးရပြီး နောက်လည်း နိုင်ငံတော်တည်မြဲရေးအတွက် ရှေ့တန်းမှထူးချွန်စွာ ပါဝင်ထမ်းရွက်နိုင်ခဲ့သည်များကို ပြန်လည်သတိရတိုင်း ကျေနပ်မှုများ ရှိခဲ့ပါသည်။ မိမိနှင့်အတူ နိုင်ငံတော်အတွက် ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားခဲ့ကြသည့် ရဲဘော်ရဲဘက်များအတွက်လည်း စဉ်းစားမိတိုင်း နှမျောတသ ယူကြုံးမရ ခံစားရပါသည်။ အထူးသဖြင့် ကျွန်တော်တို့ generation က ဒီလောက် သက်စွန့် ကြိုးပမ်းဆောင်ရွက်ပြီးမှ ရခဲ့သည့်အခွင့်အရေးတွေကို နောက်လူများက အလွဲသုံးစားလုပ်ခဲ့ကြ လုပ်လျှက်ရှိကြသဖြင့် ပြည် သူတွေငတ်ပြတ်ဆင်းရဲနေသည်ကို ကြားသိနေရသဖြင့်လည်း စိတ်ဆင်းရဲမှုများ ခံစားနေရပါသည် ခင်ဗျာ” လို့ ရေးထားတာ တွေ့ရပါတယ်။

ဒီနေရာမှာ အန်ကယ်နဲ့ဖေဖေက စိတ်ခံစားမှုချင်း တူနေတာတွေ့ရပါတယ်။

ဖေဖေရဲ့အသက် (၉ဝ) ပြည့် (၂ဝဝ၉ ဒီဇင်ဘာ ၃ ရက်) နေ့ကထုတ်ခဲ့တဲ့အမှာစာမှာ …

“ကျွန်တော် ဒီနေ့ အသက် (၉ဝ) ပြည့်ပါပြီ။ ဆရာကြီးမှိုင်းပြောသလို အိုမင်းမစွမ်းဖြစ်နေပါပြီ။ ကျွန်တော်ချစ်လှတဲ့ပြည်သူတွေ အခုထိဆင်းရဲတွင်းနက်နေသေးတဲ့အတွက် စိတ်မကောင်းနိုင်ပါဘူး” လို့ ပါပါတယ်။

(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ တရားခံအစစ်ဘယ်သူလဲ (နေရီရီစာပေ) နှာ- ၁၉၅)

ဖေဖေက ဗိုလ်မှူးကြီးချစ်မြိုင်ထံရေးတဲ့စာ (၁၁-၄-၉၈ နေ့စွဲနဲ့) မှာ ရေးထားတာတွေကတော့ …

“ကျနော်နှင့် ခင်ဗျားတို့ ၁၉၄၅ ကျော်ကစပြီး တိုင်းပြည်အကျိုး နှစ်ဦးပူးပေါင်းမိကြပြီး အသက်စွန့်ဆံဖျားဆောင်ရွက်ခဲ့ကြ သည်တို့ကို ပြန်ပြောင်းသတိရပြီး ကြည်နူးဝမ်းမြောက်မိပါသည်”တဲ့။

ဒီနောက်ဖေဖေက ၁၉၅၇ ခုနှစ်၊ တပ်မတော်ကပင်စင်ယူခဲ့ရပြီးချိန်ကစလို့ နောက်ဆုံးတရုတ်ပြည်ရောက်လာရတဲ့အထိ ဖြတ်သန်းလာခဲ့ရတဲ့အခြေအနေတွေ အကျဉ်းချုပ်ရေးထားတာတွေ့ရပြီး၊ တိုင်းပြည်ကြီးရဲ့လက်ရှိတွေ့ကြုံနေရတဲ့အကျပ်အတည်းအခက်အခဲတွေနဲ့ ဒါတွေရဲ့အကြောင်းရင်းတွေအပေါ် သူ့ရဲ့သုံးသပ်ချက်တွေကိုပါ ရေးထားတာတွေ့ရပါတယ်။ အဲသလို စာရှည်ကြီးရေးပြီးမှ ဒီလိုတောင်းပန်ထားပါတယ်။

“ကျနော်လည်း စာရေးတာအတော်ရှည်သွားပြီ ရပ်ပါတော့မည်။ ကျနော်တို့လူချင်းမတွေ့တာ နှစ် ၃ဝ ကျော်ပြီ။ ခင်ဗျားတို့ ကျနော်တို့အရွယ်တွေ အိုမင်းလာကြပြီဖြစ်လို့ ဘဝနောက်ကြောင်းပြန်စဉ်းစားတဲ့အခါ အချက်အလက်တွေစုံရအောင် နောက်ကြောင်းတွေပါ ရေးသားလိုက်တာဖြစ်ပါတယ်။ စာရေးရင်း ရေးလက်စနှင့် ရေးလိုက်တာဖြစ်ပါတယ်။ အေးအေးချမ်း ချမ်းနေလိုတဲ့ ခင်ဗျားစိတ်ကို ရှုပ်ထွေးလေးလံအောင်ဖြစ်မှာလည်း တဖက်က စိုးရိမ်ပါသည်။ အကယ်၍ ကျနော့်စာကြောင့် ခင်ဗျားစိတ်ရှုပ်ထွေးလေးလံမှုဖြစ်ရလျှင် ကျနော့်ကိုခွင့်လွှတ်ရန် တောင်းပန်အပ်ပါသည်” တဲ့။

ဖေဖေ အဲသလိုတောင်းပန်ရတာလည်း အကြောင်းရှိပါတယ်။ အန်ကယ်က သူ့ရဲ့စာထဲမှာရေးထားတာတွေရှိပါတယ်။

“ကျွန်တော်ကတော့ ဘာနိုင်ငံရေးမှမလုပ်ပါ။ နိုင်ငံတော်အတွက် မိမိတတ်စွမ်းသမျှ ဆောင်ရွက်ပေးပြီးပြီဟု ယုံကြည်ပါ သည်။ တိုင်းပြည်ကောင်းတာ မကောင်းတာတော့ ကျွန်တော်လည်းမတတ်နိုင်ပါ။ တိုင်းပြည်ရဲ့ကံပါပဲ။ မည်သူ့ကိုမှလည်း မ ထောက်ခံ၊ မည်သူ့ကိုမှလည်း ဆန့်ကျင်၊ မိမိဘာသာအိနြေ္ဒရရပဲနေပါသည်။ အသက်အရွယ်ကမငယ်တော့သဖြင့် လောဘ၊ ဒေါသ၊ မေါဟမဖြစ်အောင်ပဲ နေပါသည်။

“ကိုယ့်နိုင်ငံတွင်း ကိုယ်တိုင်ကလည်း ဘာမှဝင်ရောက်ဆောင်ရွက်ခွင့်မရှိတော့သဖြင့် ရေကြည်ရာ မြက်နုရာသို့ ထွက်ခွာ ခဲ့ရပြီး စိတ်အေးလက်အေးနေနိုင်အောင် ကြိုးစားခဲ့ရပါသည်ခင်ဗျား”

“ကျွန်တော်တို့အသက်အရွယ်ကလည်းကြီးလာပါပြီ။ လက်ရှိဘဝကုန်ဆုံးသွားသည့်အခါ ကောင်းရာသုဂတိသို့ရောက်ရန် သာ ပြင်ဆင်နေရပါသည်” လို့ ရေးထားပြီး တပ်မတော်ထဲရှိစဉ်ကတည်းက ဘာသာရေးဆောင်ရွက်ချက်တွေ၊ နောက်ပိုင်းအမေရိကန်ကိုရောက်ပြီးနောက် ဆက်လက်လုပ်ဆောင်နေတဲ့သာသနာရေးလုပ်ငန်းတွေကို ရေးပြမိတ်ဆက်ပေးထားပါ တယ်။

ဖေဖေကလည်း ဒီလိုပြန်အားပေးထားတာ တွေ့ရပါတယ်။

“ခင်ဗျားစာတွင် ခင်ဗျားလည်း အသက် ၇ဝ ကျော်လာပြီဖြစ်၍ နိုင်ငံရေး စစ်ရေးအတွေးအခေါ်တွေကို ဘေးဖယ်စွန့်ခွာပြီး လုံးဝအနားယူပြီး ဘာသာရေးဘက်တတ်အားသမျှ ဆောင်ရွက်နေတာသိရပါသည်။ ခင်ဗျားမှာ စူးစူးစိုက်စိုက်လုပ်တတ်တဲ့လုပ်ဟန်ကြောင့် ယ္ခုဘာသာရေးလည်း အတော်ထိရောက်စွာလုပ်နိုင်ခဲ့သည်” တဲ့။

သူတို့နှစ်ယောက်ရဲ့အပြန်အလှန်ပေးစာတွေထဲမှာ ကျန်းမာရေးအတွက် အကြံဉာဏ်တွေ၊ လေ့ကျင့်တာတွေနဲ့ပတ်သက်တာ တွေ ဂရုတစိုက်ရေးနေတာတွေဖတ်ရတာ အတော့်ကိုကြည်နူးစရာပါ။ (အထူးသဖြင့် အခုလို နှစ်ယောက်စလုံးမရှိတော့တဲ့အချိန်မှာပေါ့)

တကယ်တော့ ဖေဖေတို့နှစ်ယောက်ဟာ ၁၉၄၅ ကုန် ၁၉၄၆ အစမှာ စတင်ရင်းနှီးခဲ့ကြဟန် ရှိပါတယ်။

အန်ကယ်ရဲ့ ဘာမားဒီဘိတ်နဲ့တွေ့ဆုံမေးမြန်းခန်းမှာပြောပြထားတာတွေကတော့ …

“သံလျင်မှာရှိတဲ့ ဗိုလ်မှူးကျော်ဇောလက်အောက်ရှိ အမှတ် (၃) ဘားမားရိုင်ဖယ်တပ်သို့ ဗိုလ်ကြီးအဖြစ် ရာထူးတိုးမြှင့်ပြီး ရောက်ရှိသွားတယ်။ အဲဒီမှာ အင်္ဂလိပ်အရာရှိများလည်း ရှိသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းက စစ်ပြီးနောက် စစ်တပ်ထဲ မ ဝင်တော့တဲ့ စစ်မှုထမ်းဟောင်းတွေကိုစုဆောင်းပြီး ပြည်သူ့ရဲဘော်အဖွဲ့ကိုဖွဲ့တယ်။ (ဗမာ့လွတ်လပ်ရေးအတွက် လိုအပ်လာ ရင် သုံးဖို့) အဲဒီအဖွဲ့ကိုထောက်ပံ့ဖို့ လစဉ်လဆန်းတိုင်း ကျန်အရာရှိများဆီက (တပ်ခွဲတိုင်းဆီလှည့်သွားပြီး) အလှူငွေ ကောက်ခံဖို့ ဗိုလ်မှူးကျော်ဇောက တာဝန်ပေးခဲ့တယ်။ ဒါ့ကြောင့် အင်္ဂလိပ်တွေက ကွန်မြူနစ်လို့ ထင်ခံခဲ့ရတယ်”

၁၉၄၇ ဇူလိုင် (၁ဝ) ရက်နေ့ ဗိုလ်ချုပ်က (လုပ်ကြံမခံရခင် (၉) ရက်အလို လုပ်ကြံခံရတဲ့အခန်းမှာပဲ) ကျွန်တော်နဲ့ဗိုလ်ကျော် ဇောကိုမေးတယ်။“လွတ်လပ်ရေးရပြီးရင် အင်္ဂလိပ်အရာရှိမပါပဲ မင်းတို့တပ်ကိုဆက်ကိုင်နိုင်မလားလို့ မေးတယ်။ ကျွန်တော် တို့က ဗိုလ်ချုပ် ကျွန်တော်တို့ကို ဂျပန်ကအရင်ဆုံးစစ်ပညာသင်ပေးတယ်။ ကျွန်တော်တို့မှာ စစ်အတွေ့အကြုံ (၃) နှစ်ရှိပြီး ပြီ။ ဒါ့ကြောင့် လွတ်လပ်ရေးရပြီးရင် အင်္ဂလိပ်အရာရှိတွေကို အကြံပေးအဖြစ် ထားစရာမလိုပါဘူး”လို့ ပြောခဲ့တယ်။

“လွတ်လပ်ရေးအတွက် ရေရှည်တိုက်ပွဲဝင်ဖို့ စစ်အတွင်းပြင်ဆင်နေချိန်မှာ ဗိုလ်ချုပ်က ကျွန်တော့်တို့အရာရှိတွေ နိုင်ငံရေးယုံကြည်ချက်ရှိသင့်တယ်လို့ယူဆပြီး ကျွန်တော်တို့ကို နိုင်ငံရေးလေ့လာခိုင်းတယ်။ အကျိုးဆက်အားဖြင့် တပ်ထဲမှာ ဆိုရှယ် လစ်တွေ၊ ကွန်မြူနစ်တွေဖြစ်ကုန်တယ်။ ကျွန်တော်အပါအဝင် အတော်များများကတော့ ဘယ်ပါတီမှမဝင်ခဲ့ဘူး။ ၁၉၄၇ ကုန် ခါနီးမှာ ဗိုလ်မှူးကြီးကျော်ဇောက ရခိုင်စစ်မြေပြင်ကွပ်ကဲရတော့၊ ကျွန်တော်က အမှတ် (၃) ဘားမားရိုင်ဖယ်မှာ တပ်ရင်းမှူး ဖြစ်ကျန်ခဲ့တယ်” တဲ့။

ဒါတွေကတော့ ဘာမားဒီဘိတ်နဲ့တွေ့ဆုံခန်းမှာပြောခဲ့တာတွေပါ။ (Burma Debate Vol14-No3/July-August-1997 –pg -11-15)   ၁၉၄၉-၅ဝ အတွင်း အင်းစိန်တိုက်ပွဲအပါအဝင် ကေအင်ဒီအိုများနဲ့တိုက်ရတဲ့တိုက်ပွဲတွေမှာလည်း အတူတွဲ တိုက် ခဲ့ကြရပါသေးတယ်။

၁၉၅၃ ခုနှစ် ဖေဖေမြောက်ပိုင်းတိုင်းမှူးဖြစ်တော့ အန်ကယ်က လားရှိုးမှာ တပ်မဟာမှူးပါ။
၁၉၅၅ ခုနှစ် တရုတ်ပြည်သွား စစ်မစ်ရှင်မှာလည်း ဖေဖေတို့နှစ်ယောက်လုံး ပါသွားခဲ့ပါတယ်။

အဲဒီခရီးစဉ်ကာလမှာ တွေ့ကြုံခဲ့ရတဲ့ ပျော်စရာအတွေ့အကြုံလေးတခုကိုလည်း ဖေဖေကသူ့စာအုပ်ထဲမှာ အမှတ်တရ ရေးထားတာတွေ့ရပါတယ်။

“တညထမင်းစားပွဲသွားခါနီး ဗိုလ်ချစ်မြိုင်မှာ ဆံပင်ရှည်နေသဖြင့် ဟိုတယ်အောက်ထပ် ဆံပင်ညှပ်ဆိုင်တွင် ဆံပင်သွားညှပ် ပါသည်။ ဆံပင်ညှပ်သမားစေတနာဗလပွဖြင့် ဆံပင်ကိုကော်တင်ပြီး အမောက်ထောင်ပေးလိုက်ပါသည်။ သူကလည်း မှန်မကြည့် ဘာမကြည့်ပြန်လာပါသည်။ အခန်းရောက်မှ မှန်ကြည့်တော့ အမောက်ကြီးတထောင်ထောင်ဖြစ်နေပါတော့ သည်။ အချိန်လည်းနီးနေပြီဖြစ်သောကြောင့် ဝိုင်း၍ဆံပင်ပျော့အောင် မီးခြစ်မီးနဲ့ရှို့ကြရာ ဆံပင်တချို့မီးလောင်သွားသဖြင့် အတော်ပင် ကသုတ်ကရက်ဖြစ်လိုက်ကြပါသေးသည်။ ထမင်းစားပွဲအပြီး ဟိုတယ်ခန်းများပြန်ရောက်မှ ကျွန်တော်တို့တတွေ ထိုအဖြစ်ကို ပြန်ပြောကြပြီး တသောသောရယ်ရပါသေးသည်။ ကျွန်တော်တို့တတွေမှာ ရာထူးကြီးမြင့်သော တပ်မှူးကြီးများ ဖြစ်ကြသော်လည်း နိုင်ငံခြားများသို့ရောက်သောအခါ တာဝန်များလည်းမရှိသဖြင့် စိတ်လွတ်လက်လွတ် လူငယ်များလို နောက် ကြ ပြောင်ကြ ရယ်မောကြရပါသည်။”

ဒါ့အပြင် သူတို့တတွေရခဲ့တဲ့ ဘွဲ့တွေနဲ့ပတ်သက်လို့လည်း ဒီလိုရေးထားတာတွေ့ရပါတယ်။

(၁၉၅၅) ခုနှစ်လွတ်လပ်ရေးနေ့တွင် တပ်မတော်မှအရာရှိများကို အစိုးရက ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခဲ့ပါသေးသည်။ တိုင်း မှူးဗိုလ်မှူးချုပ်များကို “သရေစည်သူဘွဲ့”၊ ဗိုလ်မှူးကြီးများကို “စည်သူဘွဲ့” စသဖြင့်ပေးအပ်ခဲ့ရာ ကျွန်တော့်ကိုလည်း “သ ရေစည်သူဘွဲ့” ပေးခဲ့ပါသည်။ ထိုဘွဲ့တံဆိပ်များမှာ ရွှေများနှင့်လုပ်ထားသဖြင့် “စည်သူဘွဲ့” ရသောဗိုလ်မှူးကြီးချစ်မြိုင်က “အရေးအကြောင်းရှိလို့၊ လိုလာရင် အဲဒီရွှေတွေ ရောင်းစားကြတာပေါ့ဗျာ” ဟု နောက်ပြောင်ခဲ့ဖူးတာကို သတိရမိပါတယ်။ ဒါတွေကတော့ ဖေဖေသူ့စာအုပ်ထဲထည့်ရေးခဲ့တဲ့ အန်ကယ်ချစ်မြိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါ။ (ဗိုလ်မှူးချုပ် ဟောင်းကျော်ဇော – ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ – ကိုယ်တိုင်ရေးအတ္ထုပွတ္တိပေါင်းချုပ်- ယဉ်မျိုးစာပေ- နှာ၂၄ဝ-၂၄၁)

ဒီနောက်မှာတော့ ဖေဖေတို့ အနှစ် (၃ဝ) ကျော်လောက် ဝေးသွားပါတယ်။

၁၉၉၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှု အနှစ် (၅ဝ) ပြည့်အထိမ်းအမှတ်အဖြစ် “တရားခံအစစ်ဘယ်သူလဲ” ဆိုတဲ့ အစီအစဉ်နဲ့ ဖေဖေကို တွေ့ဆုံမေးမြန်းချက်တွေကို ဘီဘီစီက အသံလွှင့်အပြီးမှာတော့ အန်ကယ်က ကျွန်မတို့အိမ်ဖုန်းနံပါတ် ရသွားပါတယ်။ ဘီဘီစီက ကျွန်မတို့ကိုခွင့်တောင်းပြီးနောက် ပေးလိုက်တာပါ။

ဖုန်းနံပါတ်ရတာနဲ့ အန်ကယ်က ကျွန်မတို့ကို လှမ်းခေါ်ပါတယ်။ အဲဒီနေ့မှာတော့ ဖေဖေရော မေမေရော ပျော်လိုက်တာ၊ အန်ကယ်နဲ့ရော၊ အန်တီယုနဲ့ပါ အပြန်အလှန်ပြောကြဆိုကြ၊ ဖုန်းပြောအပြီးမှာလည်း ဖေဖေနဲ့ မေမေ ရှေးဖြစ်ဟောင်းတွေ ပြန်စမြုံ့ပြန်ပြောနေကြတာတွေ သတိရမိပါတယ်။

အဲဒီနေ့မှာပဲ ကျွန်မတို့လိပ်စာကို အန်ကယ်ရသွားပြီး အထက်မှာပြောခဲ့တဲ့ အပြန်အလှန်စာတွေ၊ အပြန်အလှန်ပို့ပေးတဲ့နှစ်သစ် ကူး ကဒ်ပြားတွေနဲ့ အဆက်အသွယ်ပြန်ရခဲ့တာပါပဲ။

ဒါတွေကတော့ နှစ်ရှည်လများကြာရှည်ခဲ့တဲ့ ဖေဖေနဲ့ အန်ကယ်ချစ်မြိုင်တို့ရဲ့နွေးထွေးလှတဲ့ဆက်ဆံရေးတွေကို အကျဉ်း ချုပ်ပြန်ဖော်ပြလိုက်တာပါ။
——————————

ကျွန်မ ဒီအချိန်မှာ ဒီဆောင်းပါးရေးရတာ အကြောင်းတွေရှိပါတယ်။

၂ဝ၁၈ ဇန်နဝါရီ (၄) ရက်မှာကျရောက်တဲ့ အနှစ် (၇ဝ) ပြည့်လွတ်လပ်ရေးနေ့အခါသမယမှာ ဒီလွတ်လပ်ရေးကြီးရဖို့အတွက် အသက်တွေဘဝတွေရင်းပြီး စွန့်လွှတ်စွန့်စားသွားကြတဲ့ ဗမာတပြည်လုံးက လွတ်လပ်ရေးတိုက်ပွဲဝင် မျိုးချစ်ပြည်ချစ်တိုင်း ရင်းသားသူရဲကောင်းများကို ဂုဏ်ပြုချင်လို့ပါ။

တဆက်တည်းမှာပဲ အဲဒီသူရဲကောင်းကြီးများရဲ့အိမ်မက်တွေဖြစ်တဲ့ ဗမာပြည်ကြီးလွတ်လပ်ရေးရပြီးရင် တိုင်းပြည်ကြီးနဲ့ပြည် သူတရပ်လုံး ချမ်းသာပျော်ရွှင်ကြရစေမယ်ဆိုတာ မပြည့်ဝသေးဘူးဆိုတာကိုလည်း သတိပေးထောက်ပြချင်တာပါ။ ဒါအ တွက် အဓိကအဟန့်အတားကြီးက အဆက်မပြတ်နိုင်သေးတဲ့ လွတ်လပ်ရေးနဲ့ မွေးရာပါ ပြည်တွင်းစစ်ကြီးပါ။ ဒီအတွက် ဘာလိုအပ်ပါသလဲ။

ဖေဖေနဲ့ အန်ကယ်ချစ်မြိုင်တို့ပြသခဲ့တဲ့ လွတ်လပ်စွာသဘောကွဲလွဲခွင့် (Agree to Disagree) သဘောထားပါ။

“ဗိုလ်ချုပ်ကျော်ဇောဟာ ဂျပန်ခေတ်က သခင်စိုးနဲ့တွေ့ပြီးနောက် ကွန်မြူနစ်ဖြစ်သွားတယ်။ ကျွန်တော်ကတော့ နိုင်ငံရေးနဲ့ ကင်းကင်းပဲနေပါတယ်” လို့ အန်ကယ်က သူ့အင်တာဗျူးမှာပြောထားတာရှိပါတယ်။ ယုံကြည်ချက်မတူသူများအကြား တိုင်း ချစ်ပြည်ချစ်အခြေခံနဲ့ အတူတွဲပြီး အလုပ်လုပ်နိုင်ခဲ့တာတွေကို သူတို့နှစ်ဦးလုံးက တန်ဖိုးထား ကျေနပ်နှစ်သိမ့်ခဲ့တာ တွေ့ရ ပါတယ်။ အတူတွဲလုပ်နိုင်ခဲ့ကြတယ်ဆိုတာကိုလည်း ပြသနိုင်ခဲ့ကြပါတယ်။

တကယ်တော့ လူပုဂ္ဂိုလ်အချင်းချင်းအကြားမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းများအကြားမှာပဲဖြစ်ဖြစ် တဖက်နဲ့တဖက် အပြန်အလှန် လေးစားပြီး တန်းတူရည်တူသဘောထားဆက်ဆံရင် ကိစ္စအတော်များများကို ဖြေရှင်းနိုင်ကြပါတယ်။ တူညီတဲ့သဘောထား တရပ် (ဥပမာ-တိုင်းပြည်ကောင်းစေချင်တဲ့စေတနာ၊ ပြည်သူတွေမထိခိုက်စေချင်တဲ့စေတနာ စသဖြင့်) ပေါ်အခြေခံပြီး၊ ပွင့်ပွင့်လင်းလင်းဆွေးနွေးအဖြေရှာကြရင်ဖြင့် ဘယ်လောက်ကြီးတဲ့ပြသာနာပဲဖြစ်ဖြစ် ဖြေရှင်းနိုင်ပါတယ်။ အဓိကကတော့-အခြေခံစိတ်ရင်း စေတနာရင်းမှန်ဖို့ လိုတာပါ။

အခုလွတ်လပ်ရေးနေ့ (၄-၁-၂ဝ၁၈) မှာ ကာချုပ်ပေးတဲ့မိန့်ခွန်းကိုကြည့်ပါ။

“တပ်မတော်ဟာ ရယူလိုမှုအနည်းဆုံးနဲ့ ပေးဆပ်နိုင်မှုအမြင့်မားဆုံးအဖွဲ့အစည်းတရပ်ဖြစ်တယ်” တဲ့။ ကာချုပ်ကြီးအနေနဲ့ “အတိတ်မေ့ရောဂါ” ရလို့များ ဒီလိုပြောထွက်လေသလားလို့ ထင်စရာပါ။

မဟုတ်ပါဘူး။ ဒါဟာ တပ်မတော် အထူးသဖြင့် စစ်အာဏာရှင်စနစ်ရဲ့အကျိုးအမြတ်တွေကို မြိုးမြိုးမြက်မြက် စံစားနေရသူ အခွင့်ထူးခံများရဲ့ အရင်းခံစိတ်နေသဘောထားက ဆင်းသက်လာတဲ့အတွေးအခေါ်ပါ။ တို့သာ တိုင်းပြည်ကို အချစ်ဆုံး၊ တို့သာ အနစ်နာအခံရဆုံးဆိုတဲ့အခြေခံပေါ်ကနေ တို့သာ အမြင့်မြတ်ဆုံး၊ ဒါ့ကြောင့် အမျိုးသားနိုင်ငံရေးမှာ တပ်မတော်ဦး ဆောင်မှုအခန်းကဏ္ဍ ပါဝင်ရမယ်လို့ တနိုင်ငံလုံးက ပြည်သူတွေကို တသက်လုံးကျွန်ပြုထားချင်တဲ့ စိတ်စေတနာ၊ တသက် လုံး တပ်မတော်က ဗိုလ်လုပ်ချင်တဲ့လောဘ၊ စတဲ့စိတ်ဓာတ်အခြေခံနဲ့ကို မရှက်မကြောက်ပြောထွက်လာတာသာဖြစ်ပါ တယ်။ တပ်မတော်အနေနဲ့ ဒီလိုမျိုးစိတ်နေစိတ်ထားနဲ့တော့ ငြိမ်းချမ်းရေးရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တပ်မတော်အနေနဲ့ တ ခြားဆွေးနွေးဖော် ဆွေးနွေးဖက်များကို တန်းတူရည်တူသဘောထားနိုင်မှသာလျှင်၊ မိမိတို့ လက်ဝါးကြီးအုပ်ကိုင်ထားတဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးအခွင့်ထူးတွေ၊ စီးပွားရေးအခွင့်ထူးတွေကိုစွန့်လွှတ်ပြီး ကျန်သူများနဲ့ ညီညီမျှမျှခွဲဝေနိုင်မှသာလျှင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရနိုင်မှာပါ။

ဗမာပြည်သူများကတော့ သူတို့လျှောက်ရမယ့်လမ်းကို ရွေးချယ်ပြီးဖြစ်ပါတယ်။ ဗမာပြည်ကြီး ငြိမ်းချမ်းသာယာဝပြောလာ ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြမှာပါ။ အောင်ပွဲလည်း မုချရမှာပါ။ မြန်မြန်ရပါစေလို့ ဆန္ဒပြုလျက် …။

လှကျော်ဇော
၉-၁-၂ဝ၁၈

မှတ်ချက်
၁။ ၂ဝ၁၇ ဒီဇင်ဘာ (၉) ရက်နေ့ကကွယ်လွန်သွားတဲ့ အသက် (၉၆) နှစ်ရွယ် ဗိုလ်မှူးကြီးချစ်မြိုင်ကို ဂုဏ်ပြုရေးသားပါတယ်။

၂။ အပြန်အလှန်ပေးစာများကိုဖော်ပြရာမှာ မူရင်းသတ်ပုံများအတိုင်းဖြစ်ပါတယ်။

၃။ ဓာတ်ပုံမှာ ၁၉၄၆ – ၄၇ ကာလ၊ သံလျင်မှာဖွဲ့စည်းခဲ့တဲ့ သေနတ်ကိုင် ခြေလျင်တပ်ရင်း (၃) ဖြစ်ဟန်ရှိပါတယ်။ ရှေ့တန်းအလယ်တည့်တည့်ဖေဖေဖြစ်ပြီး ညာဖက်က ဗိုလ်မှူးကြီးချစ်မြိုင်ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, လှကျော်ဇော

One Response to လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ- ဆောင်းပါးအမှတ် (၄၆)

  1. Zarni Gyi on January 18, 2018 at 9:57 am

    လေးစားစရာ စံနမူနာပုဂ္ဂိုလ် စစ်သားကြီးများပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်