မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁ဝ)

January 22, 2018

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁ဝ)
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂ဝ၁၈

စာရေးဆရာဇော်ဂျီမှာ စာဖတ်တပည့်ရယ်လို့ မရှိ


(၁)
ဆရာဇော်ဂျီ အဲဒီလိုပြောဖူးခဲ့တာကို ဘယ်တော့မှမမေ့နိုင်သလို ကျနော့်တသက် ကလောင်ကိုင်နေသေးသမျှ အဖိုးတန် အသုံးတည့်နေဦးမှာပါ။ ဒါပေမယ်လို့ ဆရာဇော်ဂျီထံ ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံစဉ် ကြုံခဲ့ရပုံအတိုင်းဆို ဘာ စာပေအမွေမှ ရလိုက်နိုင်ဖွယ်မရှိ။

၁၉၅၆-၅၇ ပညာသင်နှစ် ရန်ကုန်တက္ကသိုလ် ပဲခူးခရိုင် ကျောင်းသူကျောင်းသားများအသင်းက မဂ္ဂဇင်းထုတ်ဖို့ ဆုံးဖြတ်လိုက် တော့ အတွင်းရေးမှူးဖြစ်သူ ကျနော်က မဂ္ဂဇင်းကော်မတီကို ဦးဆောင်ရပြီ။ အားလုံးက စာပေဝါသနာရှင် တည့်တည့်ပြောရရင် စာရေးဆရာဖြစ်ချင်နေကြသူတွေ။ ဒါ့ကြောင့်လည်း ဘယ်တုန်းကမှ မထုတ်ခဲ့ဖူးသလို နောက်ပိုင်းလည်း မထုတ်ဖြစ်တဲ့ ပဲခူး မဂ္ဂဇင်းအတွက်ကြိုးပမ်းစွန့်စားခန်းတွေတော့ နောင်ကြုံတဲ့အခါကျမှ သီးခြားရေးပါ့မယ်။

(၂)
တက္ကသိုလ်နယ်မြေထုတ် ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင်၊ တကသရဲ့အိုးဝေမဂ္ဂဇင်းတို့နည်းတူ စာပေဝါနာရှင်တွေ လည်း ကလောင်သွေးကြ၊ သိက္ခာရှိထိုက်တန်ဖို့ စာရေးဆရာကြီးများရဲ့ လက်ရာများလည်း တောင်းခံထည့်သွင်းကြစမြဲပါ။ ဒီလိုနဲ့ ပဲခူးမဂ္ဂဇင်းအတွက် စာမူရှာဖွေကြတဲ့အခါ၊ ဆရာဇော်ဂျီထံ စာမူသွားတောင်းဖို့ ကျနော်တာဝန်ကျလို့ တက္ကသိုလ် စာကြည့်တိုက် အပေါ်ဆုံးထပ်ရှိ ဆရာ့ရုံးခန်းကို ရောက်သွားတယ်။ ခေတ်စမ်းစာပေ ဖခင်ကြီးရှေ့ မဝံ့မရဲဖြစ်ပေမယ့် ဆရာကဖော်ဖော်ရွေရွေ နေရာပေး၍ အကျိုးအကြောင်းရှင်းပြ မေတ္တာရပ်ခံရာ၊ စာမူမပေးတဲ့အပြင် “ဆရာက အဲဒီလို နယ် မြေ အသင်းတွေကို မကြိုက်ဘူး” လို့ပြောလွှတ်လိုက်တယ်။ ဟုတ်ကဲ့ဆရာအပြင် ကျနော်ဘာမှထပ်မပြောနိုင်ခဲ့ဘူး။

အဲဒါ ဆရာဇော်ဂျီနဲ့ ပမထဆုံးအကြိမ် နှစ်ယောက်ချင်း တွေ့ခွင့်ရ ကွဲခဲ့ရတဲ့ပွဲပါ။

(၃)
သို့သော်လည်း ကျနော်တို့အသင်းရဲ့ နာယက ပါမောက္ခချုပ် ဒေါက်တာထင်အောင်က To my fellow Peguans ကျွန်ုပ်၏ ရောင်းရင်း ပဲခူးသားများသို့ အစချီတဲ့ အထူးသဝဏ်လွှာရေးပေး၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဖေဖြင့်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ အာရှအာဖရိက စာရေးဆရာများကွန်ဖရင့်မှာ သူတင်သွင်းတဲ့ စာတမ်းကို သုံးခွင့်ပေး စသဖြင့် အဆင်ပြေလို့ ပဲခူးမဂ္ဂဇင်းထွက်လာပါပြီ။ ဆရာဇော်ဂျီနဲ့ ထပ်တွေ့ဖို့အကြောင်းမရှိ၊ ဆရာပြောလွှတ်လိုက်တာလည်း သတိ မရမိ။

ဒုတိယအကြိမ် သို့သော်လည်းက ဒီလိုပါ။ နောက် ၂ နှစ်အကြာ ရန်ကုန်တက္ကသိုလ် တောင်ငူခရိုင်အသင်းရဲ့ နတ်သျှင်နောင် မဂ္ဂဇင်းမှာ ဆရာဇော်ဂျီရေးတဲ့ ဆောင်းပါးတွေ့လိုက်တော့ ဘယ်နေမလဲ၊ သူ့ရုံးခန်းဆီပြေးပေါ့။ လက်ထဲမှာလည်း နတ်သျှင် နောင်မဂ္ဂဇင်းကိုင်လို့။ အတော်ပဲဟေ့ ထိုင်ကွာဆိုကာ စကားတွေပြောလိုက်တာ ၄၅ မိနစ်လောက်ကြာပြီး၊ နောက်လည်း လာခဲ့ဦးလို့ ဖိတ်လိုက်သေး၊ လာရင်းကိစ္စမပြောခဲ့ရဘူး။ နောက်တကြိမ် ထပ်သွားပြန်တော့လည်း ထိုနည်းလည်းကောင်း၊ မှတ်သားစရာတွေ ထိုင်နားထေင်ရသမို့ လာရင်းကိစ္စပြောဖို့ မေ့သွားပြီး ဆရာ့စေတနာကို စတင်ခံစားရပြီ။

တက္ကသိုလ်နယ်မြေထုတ် စာစောင်တွေမှာ ကလောင်သွေးရင်း ကျနော်ရေးတဲ့ ဝတ္ထုလေးတွေကို ပြင်ပမဂ္ဂဇင်းတွေမှာလည်း ဖော်ပြကြလို့ စာရေးဆရာ မောင်အောင်မွန်ဖြစ်လာခဲ့ပါတယ်။

(၄)
၁၉၅၉ ခု၊ မြန်မာ့အသံမှာ အလုပ်ရပြီး နှစ်အတန်ကြာတော့မှ ဆရာ့ထံရောက်သွားပြန်တော့ ပြောနေကျအတိုင်း အတော်ပဲ ဟေ့ ထိုင်ကွာဆိုကာ နေရာပေးစကားပြောရင်း၊ မင်းရေးတာလေးတွေ လူပြောသူပြောများလို့ ဆရာဖတ်ကြည့်ချင်တယ်၊ သုံးပုဒ်လောက်ယူခဲ့စမ်းပါ ဆိုတာနဲ့ မဂ္ဂဇင်းသုံးအုပ်ယူသွားပေးခဲ့ပြီး၊ နောက်တခေါက်ကျတော့ ကျနော်ရေးထားတဲ့ ဗမာစာအမှားတွေကို ခဲတံနဲ့ပြင်ထားတာပြရင်း၊ မင်းစာတော်တော်ဖတ်တယ်ဆိုတာ ခန့်မှန်းလို့ရတယ်၊ စာဖတ်တယ် စာရေး တယ်ဆိုတော့ ဆရာမေးမယ်၊ မင်းဖတ်ထားတဲ့ ဗမာစာရေးထုံးရေးနည်း စာအုပ်တွေပြောပြစမ်းပါကွာလို့ မေးလိုက် တော့ ကျောချမ်းသွားပြီ၊ စာအုပ်ဝေးလို့ ဆောင်းပါးများတောင် ဖတ်ဖူးသူမဟုတ်။ ရှက်မိပါရဲ့ စာရေးဆရာမောင်အောင်မွန်တဲ့။

ဗမာလိုရေးရင် ဗမာလိုမှန်အောင် ရေးတတ်ရမယ်၊ နေ့တိုင်းဗမာလိုပြောတိုင်း ဗမာလိုမှန်အောင် ရေးတတ်နေပြီလို့ ပေါ့ပေါ့ တွေးလို့တော့ ဘယ်ဖြစ်ပါ့မလဲကွာဟုဆိုကာ ကျနောရေးထားတဲ့ အမှားများထောက်ပြ အမှန်ဖြစ်အောင် ပြင်ဖို့လည်းရှင်းပြ တယ်။ ဆရာကြီး သခင်ဘသောင်းရဲ့ ဗမာစာသည်တို့စာ၊ ဗမာစကားသည် တို့စကား တို့စာကိုလေးစားပါ တို့စကားကိုမြတ်နိုးပါ ဆိုတာမကြာခဏ ကြားထားပေမယ့် နိုင်ငံရေးဆောင်ပုဒ် လို့သာသတိထား၊ စာပေအရေးအသားအတွက် လမ်းညွှန်စာအဖြစ်နဲ့ မှတ်သားရကောင်းမှန်း မသိခဲ့ရိုးအမှန်ပါ။ ယခုဤဆောင်းပါးရေးချိန်၌ ဆရာကြီးဖေမောင်တင်၏ မြန်မာသဒ္ဒါ၊ စာလုံး ပေါင်းသတ်ပုံ၊ ဗမာစာရေးထုံး စတဲ့ အကိုးအကားများ ကျနော့ကွန်ပျူတာ ဘေးမှာထားရှိကာ ရေးသားပါတယ်။

(၅)
မင်းရေးတာလေးတွေ မဆိုးပါဘူး၊ဘာဖြစ်လို့ဆက်မေရးတာလဲလို့ ဆရာဇော်ဂျီကမေးတဲ့အခါ မှားမှာကြောက်လို့ဟု ခပ်မြန်မြန်ပြန်ဖြေလိုက်တယ်။ မှားတော့လည်း ပြင်ရတာပေါ့၊ ခဲတံနဲ့ရေးလို့မှားရင် ခဲဖျက်နဲ့ဖျက်ပြီးပြင်၊ မင်တံနဲ့ရေးလို့မှားရင် မင်ဖျက်နဲ့ဖျက်ပြီးပြင်တဲ့။ ပုံနှိပ်ပြီးသား အမှားကြီးဆရာရဲ့လို့ ပြောတော့လည်း အေး ပုံနှိပ်ပြီးမှားတော့လည်း ပုံနှိပ်ပြီးပြင်၊ စကားကုန်ပြောလိုက်မယ် ကျောက်စာထွင်းပြီး မှားရင်လည်း ကျောက်စာထွင်းပြီးပြင်လို့ရတယ်ကွ၊ ဒါပေမယ့် ပြင်လို့ရတယ် ဆိုပြီး မှားမှားနေရင် ဖျက်လိုက် ပြင်လိုက်နဲ့၊ မင်းရေးတာ စာဖြစ်မလာဘဲ မှားဖျက်ပြင်ကြီးဖြစ်နေမယ်လေ၊အဲဒီတော့ စရေးက တည်းက မမှားဖို့သတိထား မှန်အောင်ကြိုးစားရေးရမှာပေါ့တဲ့ ဆရာဇော်ဂျီက။

ကံကောင်းထောက်မ၍ ဆရာကောင်းများနဲ့ ဆုံရလေ့ရှိသူ ကျနော်ဟာ မြန်မာ့အသံ ရောက်တော့လည်း ဆရာဦးခင်ဇော် K ထံ ပညာယူခွင့်ကြုံရပြန်ပြီ။ ဆရာဦးခင်ဇောဟာ ၁၉၄၇ ခု၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲစဉ် နိုင်ငံတော်သီချင်း ကော်မတီဝင်၊ ၁၉၄၆ ခုနှစ်မှာ ထိုစဉ်ကအခေါ် ဗမာ့အသံကိုဦးစီးတည်ထောင်သူ။ ဆရာက အသံလွှင့်တယ်ဆိုတာ မိုက်ကရို ဖုန်းနဲ့ နှီးနှောဖလှယ်ပွဲမှာ စကားပြောရသလို သတိထားရမယ်၊ ပိုပြီးရှင်းအောင်ဆိုရရင် ဘွဲ့ယူမယ့်ကျောင်းသားက သူရေး ထားတဲ့ စာတမ်းကို အကဲဖြတ်တဲ့ပါမောက္ခတွေရှေ့ ဖတ်ပြသလို၊ ရေဒီယိုနားထောင်တဲ့ သောတရှင်တွေကို လေးစားရမယ်၊ သူတို့အားလုံဟာ ကိုယ့်ထက်တော်တဲ့ ပိုတတ်တဲ့လူတွေချည်းဘဲလို့ သဘောထားရမယ်တဲ့။ ကိုယ်အသံလွှင့်လိုက်တဲ့ အ ကြောင်းအရာကို ပိုင်နိုင်ရမယ်၊ မိမိကိုယ်ယုံကြည်မှု အပြည့်ရှိရမယ်၊ တချိန်ထဲမှာ သောတရှင်တွေကိုလည်း လေးစားရ မယ်ဆိုတာကို သတိရမှတ်သားထား ကြိုးစားကျင့်သုံးခဲ့တယ်။

(၆)
ဆရာဦးခင်ဇော် K က ရေဒီယိုနားထောင်ဖို့ တိုက်တွန်းသလို၊ ဆရာဇော်ဂျီက စာဖတ်တဲ့အခါ အကြောင်းအရာသာမက အရေးအသားကိုလည်း အရသာခံနိုင်ပုံ၊ အတုယူနိုင်ပုံ ရှင်းပြရင်း ကိုသိန်းဖေ (သိန်းဖေမြင့်) ဟာ စကားပြေကို ရိုးရှင်းတည် ခန့်စွာနဲ့ စာဖတ်သူအား စွဲဆောင်နိုင်စွမ်းရှိသူမို့ သူ့အယူအဆကို မကြိုက်တောင် သူစကားပြေအရေးကောင်း တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်လို့ ဆရာဇော်ဂျီက ပြောဖူးတယ်။ ဖတ်ဖို့တိုက်တွန်းတဲ့ စာအုပ်တွေထဲ ဦးသြဘာသရဲ့ ဇာတ်ကြီးဆယ်ဘွဲ့ ကအစ၊ ပန်းသာမစာအု (သခင်ဘသောင်း) အလယ် ၊ ရုပ်ပုံလွှာ (ဒဂုန်တာရာ) အဆုံး အများကြီးပါ။

ဘောလုံးမှာ ပင်နယ်တီကန်တဲ့အခါ ရှေ့တန်းလူတွေကန်တာ နောက်တန်းလူတွေကန်တာထက် ပိုကောင်းတယ်လို့ ကျနော်ပြောမိတဲ့အပေါ်၊ ရန်ကုန်တက္ကသိုလ် အားကစားမှူးဆရာငြိမ်းက လက်ဖက်ရည်ဆိုင်မှာ ပြောသလိုပြောလို့မရဘူး၊ အားကစားဆောင်းပါးရှင် ( Sports writer) ဆိုတာ ရှေ့တန်းဘယ်သူ ကန်တာဝင်တယ်၊ နောက်တန်းဘယ်သူကန်တော့မဝင်ဘူးလို့ နာမည်နဲ့အတိအကျ၊ ဘယ်ပွဲတွေမှာဆိုတဲ့ သက်သေအထောက်အထား၊ ဘယ်နှစ်ကြိမ်လို့စာရင်းဇယား အကိုး အကားနဲ့ရေးမှ စာဖတ်သူကမင်းအယူအဆကို လေးစားလက်ခံမယ်လို့ ပြောဖူးတယ်။ တန်ဖိုးဖြတ်မရတဲ့ သတိပေးစကား။

(၇)
ဆရာဇော်ဂျီကတော့ပိုပြတ်။ စာတတ်လို့ စာဖတ်တာ၊ အမေမွေးလိုက်တုန်းက မောင်သိန်းဟန် စာဖတ်ပြီးမှ ဇော်ဂျီဖြစ်လာ တာလေ၊ စာဖတ်သူ တွေထဲက စာရေးဆရာဖြစ်လာရင် ဦးပုည အထိလည်းဖြစ်ချင်ဖြစ်မှာ။ ဆရာ ဆရာ ဟိုမှာလည်းဆရာ၊ ဒီမှာလည်း ဆရာ၊ လမ်းပေါ်မှာတွေ့လိုက်တဲ့ မျက်နှာစိမ်းကိုလည်း ဗျို့ဆရာကြီး ဆိုပြီး ရက်ရက်ရောရောနဲ့မို့ စာရေးတဲ့ လူလည်း စာရေးဆရာပေါ့ကွာ၊ ဒါပေမယ်လို့ ဘဝင်မြင့်ပြီး စာဖတ်သူကို မတော်မတရားကြီး ဆရာသွားမလုပ်မိဖို့ သတိထားရ မယ်။ စာဖတ်သူတို့မှာ သုံးသပ်နိုင်စွမ်းရှိတယ်၊ အထင်သေး လျှော့တွက်လို့မရဘူး၊ စာဖတ်တပည့်ရယ်လို့ မှမရှိတာတဲ့။

ဆရာဇော်ဂျီ၏ ဆုံမစကား ဦးထိပ်ထားကာ စာရေးဆရာသာရှိ စာဖတ်တပည့်ရယ်လို့မရှိ ဆိုတာအခမဲ့ ဝေမျှလိုက်ရကြောင်းပါ။

၂ဝ၁၈ ခု၊ ဇန်နဝါရီလ (၁၉) ရက်နေ့။
(ဝန်ခံချက်။ ။ ထွက်ပြီးစာအုပ်ထဲက ဆောင်းပါးကို ပြန်တွေးပြန်ရေးခြင်းပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်အောင်မွန်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်