အယ်ကော် ● တိမ်မည်းညိုကို ချွေတဲ့လေ

January 22, 2018

● တိမ်မည်းညိုကို ချွေတဲ့လေ
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၈   

ငပြဲဝယ်တဲ့ဆန်ဖိုးက နို့ဆီသုံးလုံးစာပဲ။ ထွန်းမင်းက  ငါးလုံးထည့်ပေးတယ်။ ဒါကိုထွန်းမင်း မိန်းမကမျက်စောင်းထိုးပြီး ကြည့် ပစ်လိုက်တယ်။

“ဘာလို့ပေးရတာလဲဆိုတဲ့သဘော”

“ဟဲ့ကောင်၊ ငပြဲဆားနည်းနည်း၊ ငပိနည်းနည်းပါယူသွား”လို့ ထွန်းမင်းပြောလိုက်တာကြောင့် ထွန်းမင်းမိန်းမ အေးအေးမူ ဆီ က  မျက်စောင်းမဟုတ်တော့ဘဲ အသံထွက်လာတယ်။

“ဘုရားဖြစ်မယ့် အုတ်နီခဲကြီး၊ စိတ်ရှုးပေါက်တိုင်းချချပေးမနေနဲ့” ဆိုပြီး ပြောလာတယ်။

တကယ်တော့ ငပြဲမိသားစုကိုတွေးပြီး သူကရုဏာသက်မိလို့လေ။ ငပြဲအပါဝင်ညီအစ်ကို မောင်နှမလေးယောက် ရှိတယ်။ သူ့အမေဖြူမေပါဆို ငါးယောက်ပေါ့။ တကယ့်တကယ် အလုပ်လုပ်နေတာက ငပြဲအစ်မနှင်းဝေမိုး တစ်ယောက်ပဲလုပ်နိုင် တာ။ နှင်းဝေမိုးဆိုတာလည်း နှစ်ဆယ်တောင်မကျော်သေးတဲ့ ကောင်မလေး မအေဖြူမေက ဘာမှမလုပ်နိုင်တဲ့လူနာ။  ဘယ်လိုက ဘယ်လိုကြောင့် ဝင်ရောက်လာသလဲမသိတဲ့ဆီးချိုနာ။ ဆီးချိုဆိုတာ လူချမ်းသာမှဖြစ်တတ်တဲ့ ရောဂါလို့ပြောကြ တယ်။ အခုတော့ ကုန်းကောက်စရာမရှိတဲ့သူဆီမှာ ဖြစ်နေရောလား။ ဒီရောဂါကြောင့် ဘယ်ဘက်လက်မှာအနာဖြစ်တာပြည်တစိုစိုနဲ့ ကောင်းလှတယ် လို့မရှိဘူး။ ဒီအနာကြောင့်အစားပဲစားနိုင်တယ်။ အလုပ်မလုပ်နိုင်သူ။

နှင်းဝေမိုးကလည်း မိန်းကလေးဆိုတော့လုပ်လို့လုပ်ခကမစို့မပို့။  အဲကိုပဲအားကိုးစားနေကြရှာတဲ့မိသားစု။ နေရထိုင်ရတာ လည်း  ရွာထဲမှာမဟုတ် သူများခြံထဲမှာ၊ သရက်သံဖရာခြံထဲမှာ။ ရွာနဲ့တော့သိပ်မလှမ်းဘူး။ ဒီခြံမှာနေတာကလည်း အစောင့် သဘောနေတာမဟုတ်ဘူး။ နေစရာတဲရှိနေလို့ဝင်ကာစွပ်လိုဝင်နေတာ ရွာထဲမှာဖြူမေအစ်မအိမ်ရှိတယ်။ အဲဒီအိမ်ဝင်းထဲမှာ ဆောက်နေလို့တော့ရသား။ ဆောက်ဖို့စရိတ် စခကဘယ်မှာ။ ဒါနဲ့ ဝင်ကာစွပ်ပဲလိုပ်ရတာ။

ငပြဲတို့ကို နေခွင့်ပြုတဲ့ စိန်လှထွန်းကလည်း နေပါစေခွင့်တော့ခွင့်ပြုတယ်။ ဒါပေမယ့်အခြားခြံရှင်တွေက သိပ်သဘော မတွေ့ကြဘူး။ ငပြဲလက်ရဲ့ ဒဏ်ကိုမခံချင်ကြလို့။

ငပြဲဆိုတဲ့ကောင်လေးကလည်း သစ်ပင်ဝါးပင်တက်ရာမှာ မျောက်ရှုံးလောက်အောင်တော်တဲ့ကောင်။ ဘယ်လောက်ပဲမြင့်ပါ စေ၊ ငပြဲဖဝါးအောက်မှာပဲ။ ဒါကြောင့်ဒညင်းသီးတွေဟာ ငပြဲလက်ချက်ကြောင့် ပြောင်ပြောင်သွားရတယ်။ ကောင်လေးက သိပ်သန်မြန်တာကလား။ တော်ရုံနဲ့သူ့ကို မိဖို့ဆိုတာမလွယ်ဘူး။ လက်ရှည်တဲ့ငပြဲကိုသိပ်သဘောမကျပေမယ့် သူတို့မိသားစု ဘဝကို ကြည့်ပြီး တော်ရုံနဲ့ မပြောတော့တဲ့အဖြစ်ရယ်။

ငပြဲခုလို စောရမင်းသားဘဝကိုရောက်ရတာလည်း ဘုန်းကြီးကျောင်းမှာနေတာလည်းပါတယ်။ ငပြဲဟာ ရွာဦးကျောင်းမှာ နေခဲ့ဖူးတယ်။ ဒီတုန်းက သူ့အဘိုးငတက်ပြားဦးအောင်ထွန်းရှိတယ်။ သူ့ဖွားအေရှိတယ်။ သူ့အမေ  ဖြူမေကကလည်း အိပ်ရာပေါ် မလဲသေးဘူး။ ဒါကြောင့် ငပြဲဘုန်းကြီးကျောင်းမှာနေခဲ့ရကာ။

ဒီစဉ်ကပေါ့ … ကျောင်းနောက်တောင်စောင်း ပိန္နဲပင်ကိုတက်။ ပန္နဲသီးခူးပြီး လိမ့်ကျတာ။ မကျိုးမပဲ့ဘူး။ ပိန္နဲပင်ရဲ့ကိုင်း တစ် ကိုင်းဆိုရင် တံတားခင်းသလို ဘေးကိုရှည်ထွက်နေတယ်။ ဒီကိုင်းကို တက်ရဲတာဘယ်သူမှမရှိခဲ့ဘူး။ ဒီကိုင်းကအသီးဟာ မှည့်ပြီးကြွေကျရုံပဲရှိခဲ့တယ်။ ငပြဲလက်ထက်မှာတော့ သူအပိုင်စားရထားသလားလို့။

မနက်မိုးလင်းတာနဲ့ သူရကိုယ်ရတောင်စောင်းပြေးတက်၊ ပိန္နဲသီးရှာကြတယ်။ ငပြဲကတော့ သူ့အပိုင်စားရထားတဲ့ကိုင်းကို တက်မြဲ။ တစ်နေ့မှာဒီကောင်ဟာ သတိပေါ့လို့လားဘာလား အုန်းသီးကြွေသလိုပြုတ်ကျတာ။ ဒီဒဏ်ရာဒဏ်ချက်တွေကြောင့် တစ်ခုခုဖြစ်မလားလို့။ မဖြစ်ဘူး။ သတ္တဝါတစ်ခုကံတစ်ခုဆိုပါတော့လေ။

ဆရာတော်ကလည်း ငပြဲကိုကရုဏာသက်ပုံရတယ်။ ဒီကောင်ကတော့ ဉာဏ်လည်းအတော်လေးထက်တယ်ဆိုပဲ။ လက်ရေးလက်သားလည်းပဲ ကွန်ပျူတာစာလုံးလိုပဲတဲ့။ ဒါနဲ့ပရိတ်လေးရှင်ကျင့်ဝတ်လေးကျက်ခိုင်းပြီး သင်္ကန်းစီးပေးမလို့ ဆိုလား ပြောတယ်။ တစ်နေ့မှာ ငပြဲကိုကြောင်စောင့်ခိုင်းတယ်တဲ့။ ဆရာတော်အိပ်ရာပေါ် ကြောင်ကအလစ်လာလာ အညစ် အကြေးစွန့်သတဲ့။ ဒါကိုမျက်ချေမပြတ်ကြည့်ဖို့လိုတယ်ပေါ့။ ဆရာတော်ကစာချနေစဉ် ငပြဲကိုကြောင်စောင့်ခိုင်းတယ်။ ဆရာတော် စာချရာကပြန် လာတော့ ငပြဲကိုမတွေ့ဘူးတဲ့။ ဒါနဲ့ဆရာတော်ကသူ့ကျက်သရေခန်းကိုလိုက်ကြည့်လိုက်တော့ ကိုယ်တော်ချောကအခန်းထဲမှာ ဟိုကြည့်ဒီကြည့်၊ ဟိုကိုင်ဒီကိုင်ဒါကိုတွေ့ရောတဲ့။ ဒါနဲ့ဆရာတော်က “ငပြဲ…ဘာလုပ်နေတာ တုန်း” လို့အသံပေးလိုက်တော့ အတော်လန့်သွားတယ်ဆိုပဲ။ ဆရာတော်က “သူများအခန်းကို ခွင့်မပြုဘဲမဝင်ရဘူးသိရဲ့လား နောက်မဝင်နဲ့” နောက်တော့မဝင်တော့ဘူးလို့ ပြောတယ်။

ဒါပေမယ့်ဆရာတော်ခရီးထွက်နေခိုက်မှာပြဿနာတက်ရော။ ကျောင်းမှာကဦးဇင်းကြီးတစ်ပါးရှိတယ်။ ကလေးတွေကို စာပြ နေတာ။ သူကကလေးတွေကို အုပ်ချုပ်ထားတယ်။

ဆောင်းတွင်းပိုင်းမိုးရွာတယ်။ မိုးကအချိန်အခါမိုးလိုစိမ်လို့ရွာတယ်။ ဒီမှာ ငပြဲဟာသီလရှင်သင်ခမ်းကနေ ဆန်တွေတက်ခိုး သတဲ့။ ပထမတစ်ရက်မသိဘူး။ ဒုတိယတစ်ရက်မှာတော့ ငပြဲဟာသီလရှင်မရှိခိုက် သင်ခမ်းပေါ်တက်တာကို ကျောင်းသား တစ်ယောက်မြင်လိုက်ရော့ဆိုပဲ။ ဒါကို စာပြတဲ့ဦးဇင်းကြီးကိုလျှောက်တော့ ငပြဲဟာခိုးတာမဟုတ်ဘူးတဲ့၊ အဲသလိုငြင်းတယ် တဲ့။

“ခိုးတာမဟုတ်ပါဘူးဘုရား”

ဒါကိုဦးဇင်းကြီးကအတော်ခံပြင်းတာ။ ဆန်ကိုခါးပိုက်မှာထုပ်ပြီးတွေ့တာကိုခိုးတာမဟုတ်ဘူးငြင်းတာကြောင့် ဦးဇင်းကြီးက လက်ဝါးနဲ့ကုပ်ကိုတစ်ချက်ချပစ်တယ်တဲ့။

“ခိုးတာမဟုတ်ရင် ဒါဘာလုပ်တာလဲ”

“အိမ်မှာစားဖို့မရှိလို့ ယူတာပါဘုရား” လို့ပြောသတဲ့။ ဦးဇင်းကြီးဟာစိတ်တိုပြီး ဆရာတော်မရှိခိုက်မှာ ကျောင်းကမောင်း ထုတ်ပစ်တယ်၊ ကျောင်းသားကျင့်ဝတ် (၁၀) ပါးရှိတယ်မဟုတ်လား။

စားဖွယ်သီးမျိုး၊ တစ်ကြိမ်ခိုး၊ ထမ်းပိုးဒဏ်သုံးဆယ်ပါဘုရား၊ နှစ်ကြိမ်ခြောက်ဆယ်သုံးကြိမ်ဝယ်၊ ကျောင်းဝယ်မနေရပါ ဘု ရား၊ ဆရာတော်ရှိခဲ့ရင်တော့ ငပြဲဘဝကိုစာနာပြီးခွင့်လွှတ်လိမ့်မယ်ပေါ့။ သို့မဟုတ် ငပြဲလည်းခိုးမိလိမ့်မယ်မဟုတ်ဘူး။ အခုတော့ ဒီပြစ်ဒဏ်ကြောင့် ငပြဲကျောင်းကထွက်သွားရတယ်။

ဒီမှာပဲငပြဲဟာ လောက်လေးတစ်ပင်ကိုင်၊ တောတိုင်း၊ တောင်တိုင်းရောက်တယ်။ ရရာကိုထုပ်ပိုးယူလာတယ်။ သူ့ဘွားအေနဲ့ အစ်မတို့က သီးနှံတွေနဲ့မြို့တက်တာကိုး။ အဲဒီမှာသူဟာလည်း အဲဒါလေးတွေနဲ့ဖြည့်ဆည်းပေးတယ်။

တစစနဲ့ ငပြဲဟာလက်ရဲဇက်ရဲရှိလာတယ်။ လုပ်ရဲကိုင်ရဲရှိလာတယ်။ ခြံပိုင်ရှင်ကိုတောင်သိပ်ပြီးဂရုမစိုက်ချင်တော့တဲ့အထိ ဖြစ်သွားတယ်။

ငပြဲတို့ဟာ သူများခြံမှာနှစ်ပတ်လည်အစောင့်နေကြတာ။ သူ့အဘိုးငတက်ပြားကြီးကလည်း ရောဂါသိပ်မဖြစ်ခဲ့ဘဲ လူ့ဘဝက နေထွက်ခွာသွားယ်။ အဲသလိုနဲ့သူ့အမေရဲ့ရောဂါသည်းလာတယ်။ ဆေးခါးကြီးပင်ကို ကြိုသောက်သက်သာခဲ့ပေမယ့် တကယ့်တကယ်မှာတော့မပျောက်ဘူး။ အခုတော့တစစ ပိန်ချုံ့လာခဲ့တယ်။

ဒီထဲနို့စို့မလေးဟာ ကျောက်ပေါက်လို့မျက်စိစုံလုံးကန်းသွားရတဲ့အဖြစ်။  သူတို့မိသားစုတွေမှာအကုသိုလ်တွေဟာ မယုံနိုင် လောက်အောင်ကို သင်းပင်းဖွဲ့ဝင်လာခဲ့တော့တယ်ဆိုပါတော့။

အစ်မဖြစ်သူနဲ့ဘွားအေတို့နှစ်ယောက်ဟာ အလုပ်ရှိတဲ့အခါနေ့စားဝင်လုပ်လိုက်။ မရှိတဲ့အခါ ရရာဟင်းသီးဟင်းရွက်တွေနဲ့ မြို့တက်၊ ဒီလိုလုပ်ကိုင်လို့မသေရုံတမယ်လေး စားသောက်ပြီးအသက်ရှင်ကြရတာ။

အလုပ်ပင်ပန်း အဟာရချို့တဲ့မှုဒဏ်တွေကဖိစီးလာတဲ့အတွက် ငပြဲတို့ဘွားအေလည်းမကြာခင်မှာပဲအ ဖျားကလေးဝင်ရာ ကနေ တစ်ခါတည်းအသက်ပါကပ်ပါသွားတယ်။

ဒီလိုနဲ့ဒုက္ခိတမိသားစုတွေဟာ သူများခြံထဲမှာနေ၊ နှစ်ပတ်လည်ရတဲ့မစို့မပို့ငွေကိုယူ။ ဒီမစို့မပို့ငွေဟာ တစ်လစာတောင် မရှိဘူးလေကုန်ရော။ နှစ်စေ့အောင်နေပေးကြတယ်။ ခြံပိုင်ရှင်ကလည်းမထားချင်တာရယ်၊ ဖြူမေရဲ့လုံခြုံမှုရယ်ကြောင့် ရပ်နား ရွာနားကိုကပ်ခိုလာခဲ့ကြတာ။

ဒီမှာနေခွင့်ပြုထားတဲ့ စိန်လှထွန်းကိုဝိုင်းအပြစ်တင်သူကတင်လို့ပေါ့လေ။  သစ်ပင်လဲတာမထူနဲ့တဲ့။ သစ်ပင်ကိုယ့်ကို ပြန်ဖိ တတ်သတဲ့။ လူတာမထူနဲ့တဲ့၊ ကိုယ့်ကိုယ်ပြန်ဒုက္ခပေးတယ်တဲ့။ ဒီဆိုရိုးကို လက်ကိုင်ပြုပြီး ကရုဏာခေါင်းပါးစွာပြောလာတာကို စိန်လှထွန်းက တင်းခံတယ်။ ဒါကြောင့်ငပြဲတို့ နေခွင့်ရကြတာ။

ငပြဲတို့ အမေဖြူမေမှာ လက်မှာအပိန့်လေးပေါ်ဒါကိုကုတ်ခြစ်ရာက အနာကပွတက်၊ ပြည်တစိုစိုနဲ့။ အသားကပွတက်လာ ပြီး ပျော်ကျလာတယ်။

အဲဒါကို ဘာဆေးငါးမှမကုသနိုင်ဘူး။ ရွာထဲမှာရှိတဲ့ ဦးကျော်စိန်အောင်ကတော့ အနာဆိုးအနာပျက်ကို ကုသပေးတတ် တယ်။ အခကြေးငွေမယူဘူး၊ သူ့ကိုသဒ္ဓါဒေးယျပဲပေးရတယ်။ ဦးကျော်စိန်အောင်က ဆေးတပ်သားလုပ်ဖူးတယ်။ ဒီကရခဲ့တဲ့ ပညာနဲ့ အရင်တုန်းက အပ်ပုန်းကိုင်တယ်။ တိုင်းရင်းဆေးလည်းကိုင်တယ်။ နောက်ပိုင်းတော့မကိုင်တော့ဘူး။

လူတွေက အကူအညီတောင်းလာခဲ့ရင်တော့ကုပေးတယ်။ အထူးသဖြင့် အနားဆိုးအနာပျက်။ သူကုရင်ကောင်းတာ များ တယ်။ အခုဖြူမေအနာကို သူကုဖို့စိတ်ပေါ်လာတယ်။ ဘယ်သူမှတော့လာ ပြောတာမဟုတ်ဘူး။ ဒီလိုကဒီလို ဖြူမေ တစ်ယောက်မှာဖြင့်လက်မှာ အနာဟာပုပ်ပျော်လို့ လောက်တောင်ကျနေပြီလိုလိုပြောလို့ ဦးကျော်စိန်အောင်ဟာ ဖြူမေတို့ဆီ သွား ကြည့်တယ်။

ဟုတ်တယ်။ အတော်ဆိုးနေပြီ။ အနာကိုအဖန်ဆေးဖို့လိုတယ်။ ဒါကြောင့်ကြောင်လျှာခေါက်ပြုတ်ရည်နဲ့ အဖန်ဆေးရမယ်။ ကြောင်လျှာခေါက်ခွာဖို့ ငပြဲကိုခိုင်းတယ်။ သူတဲကထွက်သွားတာအိမ်ကိုပြန်မလာတော့ဘူး။ လာနိုးလာနိုးနဲ့စောင့်တယ်။ ရောက် မလာဘူး။ ရောက်မလာဆိုတာညအိပ်ဖို့လည်းမလာဘူး။ ဘယ်မှာအိပ်လို့ ဘယ်မှာစားနေသလဲ၊ နှင်းဝေမိုး လိုက်စ စမ်းတယ်။

သေတော့မသေဘူး။ ရွာထဲရှိတယ်လို့သတင်းရတယ်။ ဦးဘသောင်း မော်တော်မှာညစောင့်၊ ရေပတ် အလုပ်ဝင်လုပ်သတဲ့၊ ထမင်းစား ၊တစ်နေ့နှစ်ရာတဲ့။

ဒါနဲ့ ငပြဲဟာ သူ့ဟာနဲ့သူအဆင်ပြေနေပါလေရော။ အဲသလိုနေနေလာခဲ့လို့တစ်နေမှာပေါ့…

ထွန်းမင်းတို့မှာ ဗီဒီယိုသိမ်းတယ်။ ဗီဒီယိုသိမ်းဆိုတော့ ညဆယ်နာရီပေါ့လေ။ ဒါပြီးအိပ်မလို့လုပ်ရော။ ဒီစဉ်မှာဆိုင်ခန်းထဲ ကလဲပြိုသံကြားရတယ်။ ဘာပါလိမ့်မလဲပေါ့။ ကြွက်များလား။ ကြောင်များလား။ ကြောင်ကပဲကြွက်ကို လိုက်အခုန် မနက်ဖြန် မနက်ပိုင်းရွာဈေးခင်းမှာရောင်းမလို့အရံသင့်လုပ်ထားတဲ့ တောင်းလဲပြိုကျတာများလား။ အေးအေးမူကတော့ “အသံက ကြွက်အသံ မဟုတ်ထင်တယ်” လို့ထင်မြင်ချက်ပေးတယ်။ ထွန်းမင်းကတော့ကြွက်မဟုတ်ရင်၊ ကြောင်ပဲဆိုပြီး သိပ်စိုးရိမ်ပုံ မပေါ်ဘူး။

အေးအေးမူဟာ လက်နှိပ်ဓာတ်မီးကိုယူ ဆိုင်ခန်းဘက်ဆီရောက်သွားတယ်။ လက်နှိပ်ဓာတ်မီးထွန်းကြည့် လိုက်တော့ “လူတစ်ယောက်” အေးအေးမူကကြောက်လန့်တကြီးအော်ပစ်လိုက်တယ်။ ဒီမှာ ထွန်းမင်းဟာ သူ့တောရမ်းဓားရှည်ကြီးကို ဆွဲပြီး ထလိုက်သွားတယ်။

“ဘယ်သူလဲ” ဆိုပြီး ဟောက်ပြီးမေးလိုက်တယ်။

“ကျွန်တော်ပါဦး” တဲ့။

ဒီမှာထွန်းမင်းဒေါသယမ်းအိုးပေါက်ကွဲရော”သေနာကောင်လေး။ ပေးထမ်းကမ်းထားတဲ့သူဆီကလာခိုးတယ်၊ တောက်…!” ဆိုပြီးအသားတွေဆက်ဆက်တုန်လာတယ်။ “ဒီကောင့်လိုမျိုးကို အရှင်ထားလို့ဘာအကျိုးရှိမှာလဲ ကျေးဇူးကန်းတဲ့ကောင်” ဆိုပီးတဖျစ်တောက်တောက်နဲ့ “တက်လာခဲ့”လို့ဆိုင်င်ခန်းထဲက အိမ်ပေါ်ခေါ်တင်တယ်။

ရွာကလူတွေကလည်း ထွန်းမင်းအိမ်ကဆူဆူပူပူအသံကြားလို့ “ဘာလဲ ဘာလဲ” ဆိုပြီးလိုက်လာကြတယ်။ အိမ်ပေါ်ရောက် တော့ ငပြဲဟာ ထွန်းမင်းကိုထိုင်ရှိခိုးဖို့ လက်အုပ်ချီတယ်။ ဒီမှာပိုပြီးဒေါသဖြစ်ရတယ်။ မှားတာကို ဝန်ချတယ်လို့မထင်ဘူး။ သက်သက်စော်ကားတာလို့ပဲထင်တယ်။ ဒါနဲ့ သူ့တောရန်းဓားနဲ့ အပေါ်ကစီးခုတ်ပစ်မလို့၊ အေးအေးမူက “ကိုထွန်းမင်း…! ” လို့အော်ပြီးတား တယ်။ “လက်လွန်မယ်၊ ပေးဓား”ဆိုပြီးလက်ထဲကဓားကိုလုယူသွားတယ်။

“မင်းဘာလို့လာခိုးရတာလဲ ဗီဒီယိုအလကားကြည့်သေးတယ်၊ ခိုးလည်းခိုးသေးတယ်” ဆိုပြီးတစ်ချက်ပိတ်ကန်ပစ်တယ်။ ငပြဲဟာခွေခနဲလဲကျသွားတယ်။ ဘာမှတော့မပြောဘူး။

“မင်းဘသောင်းဆီမှာမော်တော်စောင့်တယ်ဆို အခုမော်တော်ပေါ်ကလာခိုးတာပေါ့လေ”

“မဟုတ်ဘူးဦး မော်တော်ကဝါးဖောင်တွန်းဖို့ထွက်သွားပြီ။ ဒါနဲ့ကျွန်တော်ကျန်ခဲ့ရတာ”

“ကျန်ခဲ့ရင်တဲကိုပြန်ပါလား၊ မပြန်ဘဲမင်းသက်သက်ခိုးဖို့ကြံစည်နေတာမဟုတ်လား”

“တဲကိုမပြန်ရဲလို့ပါ။ ကြောင်လျှာခေါက်ခွာခိုင်ကတည်းက တဲမပြန်တာပါ။ တဲလာရင်အစ်မက အသေဘဲလို့ပြောလို့မပြန်ဘဲ ရွာထဲမှာနေတာပါ”

“ရွာထဲနေတာကတော့မင်းဘာသာမင်းနေတာပဲ၊ ခိုးတာကဘာလို့ခိုးရတာလဲ၊ မင်းတို့မိသားစုကို ကြည့်ရှုထောက်ပံ့နေတဲ့ ကျေးဇူးမင်းမထောက်ဘူး၊ တော်တော်ကျေးဇူးကန်းတဲ့ကောင်ပဲကွာ”

“သူများဆီကဆို ကျွန်တော့်ကိုတွေ့ရင်အသေသတ်ပစ်ကြမှာဦးရေ။ ဦးကျတော့ ကျွန်တော်တို့ကိုသနားတယ် မသတ်ဘူး ဆိုတာ ကျွန်တော်သိတယ်”

“မင်းခိုးရသလား၊ ဟင်း…၊  တောင်းပေါ့ကွာ”

“ကျွန်တော်ထမင်းမစားရတာ သုံးနပ်ရှိသွားပါပြီ၊ ဒါနဲ့ ဘာမှမစဉ်းစားနိုင်တော့လို့ပါဦး”

ထွန်းမင်းရောအေးအေးမူပါ သက်ပြင်းချလိုက်ကြတယ်။ ရွာကလာကြည့်သူတွေကတော့ မကောင်းတဲ့ကောင်ကို နာနာတီး ပေးလို့ပြောနေကြလေရဲ့။ ထွန်းမင်းတစ်ယောက်ကတော့ မူလက ဒေါသတိမ်မဲညိုမိုးတွေ ငပြဲရဲ့တောင်ပြန်လေအသုတ်မှာ လွင့်ပါးကုန်ပါပကောလား။

အယ်ကော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်