မောင်ဥက္ကလာ – ဥာဏ်ကြီးရှင်များနဲ့ တဒင်္ဂ (ဝါ) လင်းတလောက်တော့ ငှက်တိုင်းလှ

January 23, 2018

စောငို ၂၀၁၃ တုန်းက ဆွဲတဲ့ ကာတွန်းပါ။ အခုမှ ဆွဲထားတာ မဟုတ်ပါဘူး။ ဘုရားစူးပါရစေရဲ့ (အယ်ဒီတာ)


– ဥာဏ်ကြီးရှင်များနဲ့ တဒင်္ဂ (ဝါ) လင်းတလောက်တော့ ငှက်တိုင်းလှ

(မိုးမခ) ဇန်န၀ါရီ ၂၃၊ ၂၀၁၈

ဒီရက်အတွင်း ဖမ်းတယ်ဆီးတယ်၊ ပစ်တယ်ခတ်တယ်၊ သတ်တယ်ဖြတ်တယ်၊ လှုပ်တယ်ခါတယ်စတဲ့ သတင်းတွေကြောင့် အလိုလိုနေရင် ကြောက်စိတ်ပိုနေတဲ့ မောင်ဥက္ကလာတယောက် အိပ်မပျော်စားမဝင် ကယောက်ကယက် ကယောင်ချောက်ချား ဖြစ်နေခဲ့တယ်။ အခုလဲ မိနစ်ခြား အူဟောင်နေတဲ့ ခွေးသံတွေကြောင့် ဒီကောင်တွေ မကောင်းဆိုးဝါး သရဲသဘတ် မြင်လို့လား၊ သူခိုးလူဆိုးတွေ အိမ်ကပ်လို့လား၊ ဟိုတုန်းကလို ကျောင်းသား၊ နိုင်ငံရေးသမားတွေကို ဖမ်းတဲ့ကောင်တွေ အိမ်ဝိုင်းလို့လား … လား … လားတွေနဲ့ ကြက်သီးဘဲသီးထ ချွေးတစို့စို့နဲ့ အိပ်ရာထဲ လူးလဲဖြစ်နေခဲ့။

အဲ့ဂလို သွေးကြောင်ပြီး အိပ်မရ ဖြစ်နေပေမယ့် မပြတ်ကြားနေရတဲ့ အသံမစဲ ပဋ္ဌာန်းသံ၊ ညလုံးပေါက် တဝုန်းဝုန်းကခုန်နေတဲ့ ဘုရားဇာတ်ပွဲသံတွေကြောင့် တချက်တချက် ကြောက်စိတ်ကို တရားလွှမ်းခြုံသလိုလို၊ ဝုန်းဒိုင်းကြဲ ဇာတ်သီချင်းထဲ မျောပါသလိုလိုနဲ့ ဖြေဖျောက်မိ။ အဂယ်ဆို နှစ်ဆယ့်လေးနာရီ အချိန်ပြည့် တရားသံ၊ ဇာတ်ပွဲ၊ အလှုခံသီချင်းသံ၊ ဘောပွဲသံတွေနဲ့ နိုးထ၊ အားဖြည့်အချိုရေ (Energy Drinks)၊ ယမကာအစွမ်းနဲ့ ဖလန်းဖလန်းထနေတဲ့ ရွှေပြည်လူ့အဖွဲ့အစည်းမှာ မောင်ဥက္ကလာအနေနဲ့ ဘာမှကြောက်စရာလန့်စရာ ပူစရာမလို။ အသံတွေ ကြားနေရတယ် … ကြားနေရတယ် … ဘာသံတွေလဲလို့ပဲ မေးမြန်းပူပန်ရမှာ။

ပြီးတော့ ဟို… ခြံစည်းရိုးကျိုး၊ တိုင်းခြားတွေ ဥဒဟို ဝင်ထွက်နေတဲ့ အနောက်မြောက်ဆိုတာလဲ မောင်ဥက္ကလာတို့ မြို့ ဟောင်းကြီးနဲ့ အဝေးကြီး။ ဆယ့်နှစ်လရာသီ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ အပစ်အခတ်ရပ်စဲရေးအတွက် ဗုံးကြဲချေမှုန်းနေတဲ့ နယ်စပ်ဒေသ တောတောင်တွေကလည်း မိုင်ရာချီကွာဝေး – သေနတ်ကျည်ဗုံးဆန်တွေ မျက်စိလည် ကျလာစရာ မရှိ။ ဒီမှာ သိမ်းယူစရာဆိုလို့ ဗိုလ်ချုပ်ရုပ် နှစ်ရုပ်ကလွဲရင် ဘိန်း၊ ကျောက်စိမ်း၊ ရွှေငွေ၊ သစ်ဝါး၊ ဂတ်စ်ရေနံ ဘာဆိုဘာမှ မထွက်၊ မရှိ၊ ဘာမှအလုပ်မဖြစ်တဲ့ မောင်ဥက္ကလာတို့ ဥက္ကလာမြေကို ဘယ်သူမှ စိတ်မဝင်စား ကျူးကျော်တိုက်ခိုက်မှာ မဟုတ်။ အဲ့ဂလို မဆီမဆိုင် ဖြေသိမ့်တွေးပြီး အကဲပို အကြောက်ကြီးတဲ့ ကျုပ်ကိုယ်ကိုယ် မကြာမကြာ စိတ်ပျက်၊ လိပ်ပြာမလုံဖြစ် – ဒီကြောက်စိတ်ကို ကုစားဖို့ နိုင်ဂံဂျား တိုင်းပြည်တပြည်မှာ အဘတွေလို ဆေးသွားကုမလားလို့လည်း စဉ်းစားမိ (မိုးမခမှ စာမူခရတဲ့ တနေ့ပေါ့)။

အဲ့ဂလို အရေမရ အဖတ်မရ အတွေးကြောင်ကာ စပ်ဖျဉ်းဖျဉ်းဖြစ်လာတဲ့ မျက်လုံးကို ပွတ်သပ်ပြီး နာရီကြည့်လိုက်တော့… OMG! နာရီပြန်နှစ်ချက်ထိုးတော့မည်။ အဂယ်တော့ နောက် နာရီပိုင်းအတွင်းမှာ အိပ်ရာမှထပြီး အိမ်နီးနားချင်း အသိ နိုင်ကျဉ်းတယောက် အကူအညီတောင်းလို့ သူ့သား မင်္ဂလာပွဲအတွက် ထမင်းဟင်း ဝိုင်းချက်ပေးရအုံးမည်။ အလုပ်မရှိ အကိုင်မရှိ မျောက်သစ်ကိုင်းလွတ် နိုင်ကျဉ်းသား မင်္ဂလာပွဲကတော့ ရပ်ထဲက ရွာဆော်တွေနဲ့ တတိန်တိန်၊ တထိန်ထိန် ဗုံသံတွေနဲ့တော့ စည်းကားမှာသေချာ။

အဲ့ဂလို သောင်မတင်ရေမကျ စဉ်းစားရင်း … လမ်းထိပ် အမိန့်တော်ရဆေးဆိုင်က ဝယ်သောက်ထားတဲ့ စိတ်ငြိမ်ဆေး၊ အိပ်ဆေးအစွမ်းကြောင့်လား မသိ … တဖြည်းဖြည်း ငိုက်မြည်းလာပြီး ပတ်ဝန်းကျင်တခုလုံး မဲမှောင်သွားလေသည်။

“ေ-ာက်ရေးဆို ဒီေ-ာက်မီးကပျက်ပြီ။” ချွေးတလုံးလုံးနဲ့ မီးခိုးတလူလူ မိုးဗြဲဒယ် အိုးကြီးတလုံးနား ရပ်နေတဲ့ ဂင်တိုတို၊ ဝဖိုင်ဖိုင်၊ မဲမဲလုံးလုံး စားဖိုးမှုးကြီးက ဝါးနေတဲ့ကွမ်းကို ဗြစ်ကနဲ့ ထွေးထုတ်ပြီး … “ဒီေ-ာက်မီး ပျက်နေတာနဲ့ ငါက ဘာနဲ့ဘယ်လို ချက်ရမလဲ။ ဖိတ်ထားတဲ့ အမျိုးဘာသာစောင့် ဆရာတော်ကြီးတွေ၊ မျိုးချစ်ကြီးတွေက ပဲကုလားဟင်း၊ တရုတ်အစိမ်းကြော် ယိုးဒယားတုမ့်ရမ်တွေပါမှ ကြိုက်တာ … ဒုက္ခပါပဲကွာ … ဘယ်မီးနဲ့ ချက်မလဲ …” သူ့ခြေသလုံးကို မဲကိုက်နေတဲ့ ခြင်တွေကို ဒေါကြီးမောကြီး “ဟိုဒင်းမနိုင် ဟိုဟာမဲ” ယောင်းမနဲ့ တဖြောင်းဖြောင်းရိုက်ကာ ညည်းတွာပြောဆိုလေသည်။

အဲ့ဂလို စားဖိုးမှူးကြီး ညည်းညည်းညူညူ ဖြစ်နေတုန်း … ဗြုန်းဆို ရှေ့ အမှောင်ထဲကနေ လူတယောက်ထွက်ပေါ်လာပြီး “စားဖိုမှူးကြီး … စိတ်မပျက်ပါနဲ့။ မီးမလာရင် “ဟော့ဒီမှာ ဖယောင်းတိုင် … ဟော့ဒီမှာ မီးခြစ်” … ဒီ ဖယောင်းတိုင်နဲ့ ချက်လိုက်ပေါ့။ ဦးနှောက်မစားနဲ့ ဟုတ်ပြီလား … မီးရေး၊ လေရေးဆိုရင် ကျုပ်ကို ဆက်သွယ်လိုက်ပါ။ ကျုပ်က ဘုမသိဘမသိ လူကြီးတွေကို အကြံပေးနေသူပါ။ တိုတိုလှိုင်း လို့ မှတ်ထားလိုက်။” ဆရာကြီးလေသံ တခွဲသားနဲ့ ပြောကာဆိုကာ ဖယောင်းတိုင်ထုပ်ကို မီးဖိုနား ဖုတ်ကနဲပစ်ချကာ အမှောင်ထဲဝင်ရောက် ပျောက်ကွယ်သွားလေသည်။

“ဟာ … လဂွမ်းမှာပဲ။ ဘယ်ဂလိုကောင်လဲ။ နင့်အမေလခွါး ဖယောင်းတိုင်မီးနဲ့ ဒီဟင်းတွေကို ဘယ်ဂလို ချက်လို့ရမလဲ။ တော်စွလျော်စွ ဒါကြောင့်လဲ ဒီလိုဦးနှောက်မျိုးနဲ့ လူကြီးနား …” စကားမဆုံးခင်မှာ မီးခိုးလုံးတွေကြားက မျက်နှာထားဆိုးဆိုးနဲ့ မျက်မှန်မဲတပ် လူကြီးတဦး ပေါ်လာပြီး “အဟွတ် … အဟွတ် … တလောကလုံး မဲမှောင်နေတာပဲ။ အဟွတ် … အဟွတ် … နောက်တခါ … ပတ်ဝန်းကျင် မညစ်ညမ်းအောင် ထင်းမသုံးနဲ့ မီးသွေးနဲ့ချက် … ဟုတ်ပြီလား။ … အဲ ကျုပ် ပြောချင်တာက ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်။ မီးရှိရှိ မရှိရှိ၊ ဖယောင်းတိုင်မီးနဲ့ဖြစ်ဖြစ်၊ အမွှေးတိုင်မီးနဲ့ဖြစ်ဖြစ် ရအောင်ချက်။ မရရင် အလှုရှင်ကိုယ်စား ကျုပ်နဲ့တွေ့မယ်။ ကျုပ်က နယ်လှည့်ပြီး ပါးရိုက်လာတဲ့ ဗိုလ်ထန်းမြစ်ဆိုတာ ကျုပ်ပဲ … မှတ်ထား။ ဒါဗြဲ…” အမွှေးတိုင်တထုပ်ကို စားပွဲပေါ်ပစ်တင်ကာ အဟွတ် အဟွတ်နဲ့ ကွယ်ပျောက်သွားပြန်သည်။

ခြေမကိုင်လက်မကိုင် ခေါင်းပေါ်က ဓါတ်ကြိုးတွေကိုကြည့်လိုက်၊ တိုးလိုးတန်းလန်း ပေါင်းအိုးနဲ့ ဒယ်အိုးနီထဲက မနူးမနပ် ထမင်းဟင်းတွေကို ငေးမောရင် … ကျေးဇူးရှင်တွေ ပေးသွားတဲ့ ဖယောင်းတိုင်၊ အမွှေးတိုင်ထုပ်တွေ ကောက်ယူပြီး အပြေးအလွှာ မြို့ ဦးဆုတောင်းပြည့်ဘုရားသွား ဆုတောင်းရင် ကောင်းမလား … ဥက္ကလာပန်းခြံထဲက ဗိုလ်ချုပ်နှစ်ရုပ်ကို အပူကပ်ရမလား … ကျိုးတိုးကျဲတဲ ဆံပင်တွေကို တဗြစ်ဗြစ်ကုတ်ပြီး ဘာဆက်လုပ်လို့ ဘာလုပ်ရမလဲ ဝေခွဲမရ နားဝေတိမ်တောင် ဖြစ်နေတုန်း …

“ဟေ့ လူ စားဖိုမှူးကြီး … ဘာဖြစ်လို့ လင်းတမှိုင်၊ ဒေါင်းမှိုင် မှိုင်ပြီး ခိုလို ညည်းနေတာလဲ။ ဟို ဆရာကြီးပြောတဲ့ ဆီးသီးဗန်း မှောက်ကျလို့လား …” မျက်မှန်လေးကိုပင့်ပြီး မချိုမချဉ် မျက်နှာပေးနဲ့ ပေါ်လာတဲ့လူက “ကျုပ် သိပါတယ် … ဟို တယောက်က ထမင်းတနပ် လျှော့စားခိုင်းတယ်။ ဒါ မဖြစ်သင့်၊ မဖြစ်နိုင်တဲ့အရာ။ ကျုပ် ပြောမယ် … ထမင်းတနပ် လျှော့စားစရာ မလိုဘူး။ ဒီ မင်္ဂလာပွဲလာမယ့် ဂုဏ်သရေရှိ လူကြီးတွေကို ဒီချက်ထားပြီးတဲ့ ဟင်းတခွက်နဲ့ပဲ တည်ခင်းလိုက်တော့။ ဒါမှ အကုန်အကျသက်သာ၊ အမြတ်အစွန်း များများကျန်မှာ။ ဘယ်လောက် ကောင်းတဲ့အကြံလဲ…” မဝဲတဲ့အသံကို ဝဲအောင်လုပ်ပြောပြီး ပြောပြောဆိုဆို ချက်ထားတဲ့ ဟင်းအိုးထဲက ဟင်းတွေကို ပါလာတဲ့ ငါးဆင့်ချိုင့်ကြီးထဲထည့်ကာ ယူသွားလေသည်။

ဟင်းတွေ မ,သွားတဲ့ သမားတော်လိုလို လူ လစ်သွားပြီး တခဏအကြာမှာ ရုတ်ချည်း မီးခိုးတွေကွယ်ပျောက်၊ တိမ်တိုက်တွေကြားက ထွက်ပေါ်လာတဲ့ လပြည့်ဝန်းကြီးအောက်မှာ ပန်းရနံ့တသင်းသင်းနဲ့ တောက်တောက်ပပ ပေါ်ထွက်လာသူက

“ဘာမှ တွေးပူမနေကြပါနဲ့။ ကျမစကား နားထောင်လုပ် အားလုံး အဆင်ပြေသွားမှာပါ။ ဒီတော့ ကျမတို့ အမှီလိုက်မယ်လို့ ပြောထားတဲ့ ဟိုဘက်မြို့ လေးက အကြီးအကဲကြီး လာလည်တုန်းက ကျမ ကိုယ်တိုင် စီမံချက်ကျွေးလိုက်တဲ့ ရိုးရာအစားအစာမျိုးပဲ စီမံချက်ပေးလိုက်ပါ။ မီးလည်း ကျောက်မီးသွေးစက်ရုံတွေ လည်ပတ်တဲ့အခါ ပြန်လာမှာပါ။ ခဏစောင့်နေ … အဝတ်အစားသွားလဲပြီး ပြန်လာခဲ့ပါမယ်။ ကျမက ရှင်တို့နဲ့အတူ အမြဲရှိနေပါတယ်။” ကနွဲ့ကလျ ပြောဆိုကာ ခေါင်းကလေးကိုခါ၊ ခါးကလေးကိုနွဲ့၊ ခြေလှမ်းကြွကြွလေးလှမ်းကာ ထွက်ခွါသွားလေသည်။

“ဒါက ဒီလိုရှိပါတယ်။ ဟို ဆရာတွေပြောသလို မနက်ဖြန်လာမယ့် ဧည့်သည်တွေကို လဘက်ရည်တခွက်၊ ဟင်းတခွက် လျှော့သောက်စားခိုင်းပြီး၊ အားရှိဖို့တော့ မင်္ဂလာလက်ဖွဲ့အဖြစ် ကျုပ်လက်နဲ့ညှစ်ပြီး ယူလာတဲ့ ကျုပ်လယ်မြေခြံထွက် နွားနို့ကို တိုက်ကျွေးလိုက်ပါ …” ဘယ်အချိန် ဘယ်အခါက ဘယ်ကနေ ဘယ်ဂလို ရောက်လာမှန်းမသိ … လရောင်အောက်မှာ ပြောင်လက်နေတဲ့ ခေါင်းကိုပွတ်ပြီး အသံတုန်တုန်ရီရီ ပြောဆိုကာ နွားနို့ပုလင်းများထည့်ထားတဲ့ ခြင်းကြီးကို စားပွဲနား အသာချကာ မျက်နာမသာမယာ၊ ညှိုးညှိုးငယ်ငယ်နဲ့ တလှုပ်လှုပ်၊ တရွေ့ ရွေ့  အမှောင်ထဲဝင်ရောက် ကွယ်ပျောက်သွားပြန်သည်။

အဲ့ဂလို ပေါ်လိုက်ပျောက်လိုက် ကပေါက်တိကပေါက်ချာ မိန့်သွားကြသူတွေမှာ တော်ရုံတန်ရုံ စကေးနဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးဆိုတာကို ချက်ရေးပြုတ်ရေး အဆင်မပြေလို့ ရင်တပူပူ ခေါင်းစားနေတဲ့ စားဖိုးမှူးကြီး မတွေးမိ။ သူအဖို့ အဲ့ဒီလူတွေ စကားတွေကို ယုံမှတ်နေလို့၊ လုပ်ခိုင်းသလို မလုပ်နိုင်။ သူ့အမြင် ဒီလိုလူတွေက သူတို့ စိတ်ရူးပေါက်သလိုပြော၊ ကိုယ်တိုင်ဘာမှ လက်တွေ့လုပ်တတ်၊ လုပ်ပြသူတွေ မဟုတ်။ ဒါကြောင့် … ဟိုလူကြီးစကား ငှားပြောရရင် … “ေ-ာက္ရူး၊ ေ-ာက်ရူးတွေ။ သွားကြ ကျီးတွေလို လာပြီး အာမနေနဲ့ .. ထွက်သွားကြ …”

“ဟေ့ … လူ … ဘာတွေ ကယောင်ကတမ်း ပြောနေတာလဲ။ ဘယ်သူတွေကို စွပ်စွပ်စွဲစွဲေ-ာက်ရူး၊ ကျီးတွေလို ပြောနေတာလဲ။ ထ … ထတော့ … ကျုပ်တို့ ချက်ဖို့ပြုတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ မျက်နာသစ်ပြီး လန်းသွားအောင် တခွက်လောက် (လဘက်ရည်) မော့ပြီး ဆင်းလာခဲ့တော့။ ဟဲ .. ဟဲ … ကျုပ်တို့ စူပါဂျက်လေယာဉ်ကြီးက မကြာခင် ကောင်ကင်ထက် ဝဲပျံတော့မှာ … မြန်မြန်လာခဲ့ …” ပြောပြောဆိုဆို အိမ်ပေါ်က ဆင်းသွားလေသည်။

ဇာတ်ပေါင်းက ကျုပ် မောင်ဥက္ကလာလည်း အချိန်တွေ မြန်မြန်ကုန်သွားဖို့ ဆေးအရှိန်နဲ့ တမှေးလောက်အိပ်လိုက်ချိန်မှာ အိပ်မက်ထဲမှာ ကုသိုလ်ကံထူး ဥာဏ်ကြီးရှင်များ တဒင်္ဂ တွေ့ဆုံလိုက်ခြင်း ဖြစ်ပေသည်။

ကောင်းလေစွ … ကြည်နူးစရာ ကောင်းလှပေသည် – ဒီတိုင်းဌာနေတွင် ငှက်တိုင်း လင်းတလောက် လှပနေကြသည်။ ခိုတွေ စိတ်ပျက်အောင် ညည်းချင်းချနေကြတဲ့ (ပြည်သူ) လူတွေလည်း လင်းတငှက်လောက် လှပနိုင်ကြပါစေလို့ ဆုတောင်းနေမိ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်