မင်းကိုနိုင် – “နောက်တန်း အစွန်လူ” 

January 27, 2018


 

– “နောက်တန်း အစွန်လူ” 

(မိုးမခ) ဇန်န၀ါရီ ၂၇၊ ၂၀၁၈

(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)
ဟိုနေ့က အမျိုးသမီး ဘောလုံးပွဲတစ်ခု သုဝဏ္ဏကွင်းမှာ ဗိုလ်လုကြတယ်။ အသက် ၁၃ နှစ်အောက်ဆိုတော့ ကလေးမလေးတွေပွဲလို့ ခေါ်နိုင်မှာပေါ့။ ပြိုင်ကြရမှာက အညာဒေသက အသင်းနဲ့ ဟိုးတောင်ပေါ်က အသင်း ဗိုလ်လုပွဲ တက်ကြတာ။

တာဝန်ရှိတစ်ယောက်က ပြောပြတယ်။ ဒီကလေးမတွေ ရန်ကုန်ကို မရောက်ဖူးသူများတယ်။ နေရာစုံ လိုက်ပို့ ပေးတာပျော်နေကြတာပဲတဲ့။

နောက်တစ်ယောက်က ပြောပြတယ်။ ဆုတွေ ဘာတွေရမယ်ဆိုတာလည်း သေချာမသိပါဘူး။ ရှုံးပြီး မထွက်ရရင် ဆက်ကန်နေရမယ်ဆိုတော့ ကြိုးစားကန်နေကြတာပဲတဲ့။

ဟုတ်တယ် သတိထားမိတယ်။ သူတို့ပြိုင်ပွဲက မြင်နေကျ ပွဲတွေလို မဟုတ်ဘူး။ ပရီမီယာလိဂ်၊ ချန်ပီယံလိဂ်တို့လို နာမည်ကြီးတွေလည်း တစ်ယောက်မှမပါ။ အသက်မွေးဝမ်းကျောင်း ကစားသမားတွေလည်း မဟုတ်တော့ ပြောင်းရွှေ့ကြေး၊ လုပ်ခ လစာ ပြဿနာလည်း မရှိ၊ သိလည်း မသိ၊ သူတို့ သိတာ ကွင်းဘေးက နည်းပြအော်တဲ့ အတိုင်း ခိုင်းတာလုပ် ကြိုးစားကန်ဖို့ပဲ။

မြေပြန့်အညာရပ်က အသင်းကို ကြည့်၊ အားလုံးနီးပါးက ညိုညိုကျစ်ကျစ်၊ ဆံပင် တိုကပ်ကပ် ယောက်ျားလေး ရုပ်မျိုးက အများစုပေါ့၊ ကွင်းထဲ ပြေးလွှားကန်ကြလို့ နည်းပြက သူတို့နာမည်တွေ အော်ခေါ်မှ သူတို့ဟာ မိန်းကလေးတွေပါလာလို့ သတိပြန်ရတာ။ နာမည်တွေကလည်း ရုပ်ရှင်မင်းသမီး အဆိုတော်နာမည်တွေ
များတယ်။ ဆိုလိုတာက မိန်းမနာမည်လှလှတွေပဲ၊ ခု သူတို့ဘောလုံးကန်နေတဲ့ ရုပ်တွေနဲ့တော့ တခြားစီ။

တစ်ဖက်အသင်းဖြစ်တဲ့ တောင်ပေါ်မြေအသင်းကတော့ တောင်ပေါ်သူတွေချည်းပဲ။ အားလုံးက အသားဖြူဖွေး၊ ပါးအို့နီတွေရဲရဲ၊ ဆံပင်ရှည် မိန်းကလေးပုံတွေ များပါတယ်။ ယောက်ျားလေးပုံစံ ခြွင်းချက်တစ်ယောက်စ နှစ်ယောက်စပဲ ပါတယ်။

ဒီမှာ ထူးခြားတာက ကလေးတွေဆိုတော့ ၃၅ မိနစ်စီပဲ ကစားရမယ်။ ကွင်းကလည်း လူကြီးကွင်းထက် နည်းနည်းကျဉ်းပြီး တစ်ဖက် ၉ ယောက်စီပေါ့။

မြင်နေကြည့်နေကျ League ပွဲပေါင်းစုံနဲ့ မတူတာကိုက ဒီပြိုင်ပွဲရဲ့ အရသာပဲလို့ ကိုယ်ကတော့ ထင်တယ်။ ဒီလိုပါ။ ကြေးစားလိဂ်တွေ ဆိုတာက ဒေသနယ်ပယ်ကို အစွဲပြုပြီး ဖွဲ့ကြတာ၊ မူလကတော့ အဲဒီနယ်သားတွေ ချည်းဖြစ်မှာပေါ့။ ဒီလိုပဲ အပျော်တမ်းကန် လာကြတာ၊ ရှုံးလည်း ငို၊ နိုင်လည်း ပျော်၊ ဒီနယ်သား စစ်စစ်တွေပဲ ဘာမဆိုအတူခံစားခဲ့ကြတာ။

အခုကြည့်ရတဲ့ပွဲက ဟိုတုန်းကအပျော်တမ်း အရသာစစ်စစ်ပဲ။ အဲဒါကိုက ထူးတာ။ ကြိုက်တယ်။ ကိုယ့်အသင်း ဆိုတာ ကိုယ့်ဇာတိမြေ၊ ကိုယ်နေတဲ့ မြို့ရွာအရပ်ကိုယ်စားပြု အဲဒီအတွက် ပြိုင်တယ်၊ ဒါပဲ။ ဒီလိုဆိုလို့ ကြေးမပါ လို့ စိတ်မပါဘူးလို့တော့ မထင်လေနဲ့။ အသားကုန် လွှတ်ကုန်ကြတာ။ သူတို့ဟာ လေးကြိုးကို အားကုန်ညွှတ်အောင် ဆွဲပြီး လွှတ်လိုက်တဲ့ မြှားတွေလိုပဲ။ ၀ှီးခနဲ ၀ှီးခနဲ ခုန်ပေါက် ထွက်သွားကြတာ ကြည့်လိုက်ကောင်းမှ ကောင်း။

ပွဲမစခင် စီစဉ်သူတစ်ဦးက မချင့်မရဲပြောတယ်။ ကျွန်တော်တို့ ကလေးတွေဟာ နိုင်ငံတကာနဲ့ယှဉ်လိုက်တိုင်း နံပါတ်တစ် ပြဿနာက အရပ်အမောင်းပဲဗျ။ ဟိုတွေကအရပ်မိုးထိုး၊ ဖွံဖွံထွားထွားကြီးတွေ။ တကယ်တမ်း တွန်းတိုက်ကစားတော့ ပြတ်ကျန်ခဲ့ရောလို့ ညည်းရင်း အာဟာရကောင်းကောင်းတွေ မစားခဲ့ကြရတဲ့ ဘ၀တွေ ကိုးလို့ မှတ်ချက်ချပါတယ်။

ပွဲက တစ်ဖက် တစ်ဂိုးစီ သွင်းပြီချိန်ကစလို့ အသက်ဝင်လာတယ်။ ပိုမြိုင်လာတယ်။ ပြီးတော့ ထူးချွန်တဲ့ ကစား သမားတွေပါနေတာ သိသာလာတယ်။ အလိမ်အခေါက် အပို့အဖမ်းကောင်းတဲ့ ကလေး
မလေးတွေကို သတိပြု မိလာကြပြီး အဲဒီသူတွေ ဘောလုံးရပြီဆိုရင် တဝေါဝေါ အားပေးကုန်ုကြရော။

ဒါပေမဲ့ ကိုယ် အာရုံစိုက်စရာတစ်ယောက်ကိုတွေ့မိတယ်။ သူက ထူးချွန်သူ မဟုတ်ဘူး။ တောင်ပေါ်သူ အသင်းကပေါ့။ ငယ်စဉ်ကတည်းက စနစ်တကျသင်ယူလာခဲ့ရတာမျိုးလည်း ဟုတ်ဟန်မတူပါဘူး။ သူဟာ ပါရမီရှင်တစ်ယောက် ဖြစ်လာမလာလည်း ပြောဖို့သိပ်စောသေးတယ်။

သူက နောက်ခံလူ အစွန်လူပဲ။ သူ့ကို နည်းပြက တစ်ဖက်အသင်းရဲ့ရှေ့တန်း တစ်ယောက်ကို အပိုင်ထိန်းခိုင်းတယ်။ သူကံဆိုးတာလား မသိဘူး။ သူ ထိန်းရမည့်တိုက်စစ်မှူးဟာ အားလုံးထဲမှာ သိသိသာသာ ထူးချွန်နေတဲ့ ကစားသမားကောင်း။ တောင်ပေါ်သူ အသင်းရဲ့ နောက်တန်းနဲ့ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်သူ။ နောက်ခံလူ ကလေးမကလည်း အစွမ်းရှိသမျှ သူ့ကို ထိန်းချုပ် ကာကွယ်ရမည့် လူ၊ ကြည့်ကောင်းပြီပေါ့။

ပွဲဟာ တစ်ဖက်တစ်ဂိုးစီနဲ့ ဆူလာပြီ ဝေလာပြီ။ မြိုင်လာပြီဆိုလေ တိုက်စစ်မှူးတွေ သွေးကြွလေလေ နောက်တန်း တွေ စိတ်ပူလေလေပေါ့။ ကိုယ်တို့ ကလေးမလေးကို ကြည့်တော့ သူ သိတာ သူ့ဆရာ အော်ဟစ် ခိုင်းနေတာ တိတိကျကျ လုပ်ဖို့ပဲ။ တခြား အာရုံတွေ အ၀င်မခံဘူး။ သူ့ဆရာ ခိုင်းတာကလည်း နံပါတ် ၇ (တစ်ဖက် တိုက်စစ်မှူး)ကို အသေကပ် ဒါပဲ။

ကလေးမလေးလည်း အသေကပ်အလွတ်မခံတမ်း ကစားတာပဲ။ ဒါပေမဲ့ဟိုဘက်က ထူးချွန်သူလေ။ ဒီနောက် တန်းလောက်တော့ ဖျတ်ခနဲ ဆတ်ခနဲ လှည့်ပစ်လိုက်တာပေါ့။ ကိုယ်တို့ ကလေးမလေး ကားခနဲကျန်ခဲ့တာ ချည်းပဲ။ ဒါပေမဲ့ သူက ၀မ်းမနည်းဘူး။ အားမငယ်သွားဘူး။ ရှက်ပြီး ကျန်ခဲ့တာမျိုးလည်းမရှိဘူး။ ချက်ချင်း ပြန်ရုပ်ပြီး အသေအလဲလိုက်ဖျက်တာပဲ။

ကြာတော့ ကိုယ် သူ့ကို သတိမပြုဘဲ မနေနိုင်တော့ဘူး။ သူက သိပ်ကြိုးစားတယ်လေ။ အထူးသဖြင့် တစ်ဖက်က ဘောလုံး ရလာပြီး ဆွဲလာပြီ၊ ဂိုးပေါက်ဆီ ဦးတည်ပြီဆိုတာနဲ့ ကလေးမလေးက တစ်ဟုန်ထိုးဒုန်းပြေးတာပဲ။ အလဲအကွဲ လိုက်ဖျက်ရတာပဲ။ မမီမကမ်းလည်း လဲကျရတာပဲ။

ကံမကောင်းပုံများ သူတို့အသင်းက အနောက်ဘက်လှည့်ကစားရတော့ ကျနေက သူ့မျက်နှာတည့်တည့် ထိုးနေတာ ပူကလည်း ပူသေး။ အညာသူတွေ ကျောပူသလို တောင်ပေါ်သူလည်း မျက်နှာ တစ်ပြင်လုံး ရဲနေအောင် ပူနေပြီ။ ချွေးတွေလည်း မတရားထွက်။ ဒါပေမဲ့ ဒါတွေကို သူ ရေတွက်ပုံမရဘူး။ နံပါတ် ၇ ကို အသေ ကပ်ဖျက် ထုတ်ဖို့က တစ်ပြားမှကိုမလျော့တာ။

သူ ခဏ ခဏ လဲကျတယ်။ လဲကျမှာပေါ့။ ဟိုဘက်က ကျွမ်းတယ်လေ။ သူ နှစ်ဆကြိုးစားတယ်။ ကိုယ့်မျက်စိ ထဲ ခုထိမြင်နေသေးတာ။ သူတို့ ဂိုးပေါက်ကို ခြိမ်းခြောက်ဖို့ သွားတဲ့ ဘောလုံးဆီ သူ့လက်သီးကလေး ကျစ်ကျစ် ပါအောင် ဆုပ်ပြီး အမီလိုက်ပြေးပုံ။

ကြာတော့ ကြည့်သူတွေ သူ့ကို သနားလာကြတယ်။ သူကတော့ ဒါလည်း သိပုံမပေါ်ဘူး။ သူ့ကိုယ်သူလည်း သနားစရာလို့ စဉ်းစားမိပုံ မရပါဘူး။ နံပါတ် ၇ ရယ်၊ တိုက်စစ်ဆင်လာတဲ့ ဘောလုံးရယ်ကို ဟန့်တားဖို့ပဲ သူသိ တာ။ သူ ဟန့်တားပုံက စည်းဘောင်ထဲကပဲ တားတာ။ ဥပဒေပြင်ပ မဟုတ်ဘူး။ သူစွမ်းသမျှသန့်သန့်ရှင်းရှင်း ကာကွယ်တယ်။ ကျွမ်းကျင်မှုမမျှပေမယ့် သူ အားမလျှော့တိုင်း လူတွေသူ့ကို အသိအမှတ်မပြုဘဲ မနေနိုင်ကြ တော့တာ။

ပွဲကြလာတဲ့အမျှ နေပူ ချွေးသံရွှဲရွဲအ၀တ်တွေ ညစ်ပတ်လာလေလေ။ သူ့ အားကစား စိတ်ဓါတ်ဖြူစင်ပုံက ပိုပေါ် လေလေပဲ။

အဲဒီနေ့က အရှုံးအနိုင်ကို ကိုယ်မညွှန်းလိုပါဘူး။ အဲဒီကလေးမလေး ကိုယ့်ကို သင်ပေးသွားတာတွေကိုပဲ သတိရ နေတာပါ။ သူ့မှာ အမောပြေရတဲ့ အချိန်ဆိုလို့ အခိုက်အတန့်ပဲ ရှိတယ်။ တစ်ဖက်
ကွင်းထဲဘောလုံးရောက်ချိန်ပေါ့။ ပြီးတော့ သူဂုဏ်အယူဆုံး အချိန်ရှိတယ်။ သူ လက်သီးကလေး ကျစ်ကျစ်ဆုပ်ပြီး ကန်ထုတ် လိုက်တဲ့ ဘောလုံးဟာ ဂိုးပေါက်ခြိမ်းခြောက်မှုက လွတ်သွားတဲ့ အချိန်မျိုးပေါ့။ သူ အဲဒါမျိုးဆို ပျော်ရှာတယ်။

ဒီပွဲအပြီးမှာ နိုင်ငံလက်ရွေးစင်အတွက်ပဏာမ ရွေးထားသူတွေ ကြေညာမယ်ပြောတယ်။ ကိုယ်တို့ ကလေးမလေးပါမယ် မထင်ပါဘူး။ လက်ရွေးစင်ဆိုတာ ထူးချွန်သူတွေကိုပဲ ရွေးတာ မဟုတ်လား။ ပွဲပြီးလို့သီးခြား ရွေးပေးတဲ့ ဆုမှာလည်း ဒီကလေးမ မပါပါဘူး။ သူမှ ထူးချွန်သူ မဟုတ်တာ။ကြိုးစာသူပဲလေ။

လောကကြီးရဲ့သဘောကိုကကြိုးစားသူတာဝန်ကျေသူထက် ထူးချွန်သူကို ပိုအာရုံကျတာမျိုးဆုချီးမြှင့်ချင်တာမျိုးမဟုတ်လား။ ကိုယ်တို့ ကလေးမလေးကတာဝန်ကျေဖို့ မနည်းကြိုးစားနေရတဲ့ နောက်တန်းအစွန်လူတစ်ယောက်ပါပဲလေ။ဒီပွဲမှာ ဆုရသူတွေကို ကိုယ် မမှတ်မိဘူး ကိုယ့်မျက်စိထဲ စွဲနေတာက တစ်ဖက် တိုက်စစ်မှူးက ပရိတ်သတ် သြဘာသံနဲ့အတူ ပိုင်ပိုင် နိုင်နိုင်ဆွဲပြေးလာတဲ့ ဘောလုံးကိုကြိုးစား ဖျက်ထုတ်၊ ဒါမှမဟုတ်ရင် ကိုယ့် ဂိုးပေါက်ဘက် ဦးတည်သွားတဲ့ ဘောလုံးဆီ စိုးရိမ်တကြီး လက်သီးလေးကျစ်ကျစ်ဆုပ်ပြီး ပြေး၊ အမီလိုက်တဲ့ ကလေးမလေးကိုပဲ မြင်ကျန်ခဲ့တာ။

သူက ကိုယ့်ကို တစ်ခုခုသင်ပေးသွားတယ်လို့ ခံစားရတယ်။ ကိုယ်လည်းကျေကျေနပ်နပ် သင်ယူလိုက်ရပါရဲ့။

ကိုယ်လည်း အနိုင်ဂိုးသွင်းသူ မဖြစ်ချင်နေ စိုးရိမ်ရတဲ့ ဘောလုံးနောက် သူကလေးလို လက်သီးကျစ်ကျစ်ဆုပ်ပြီး အပြေးလိုက်ချင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်