မောင်တူး – နှစ် သုံးဆယ်

January 30, 2018

Than Htay Maung


မောင်တူး – နှစ် သုံးဆယ်
(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၁၈

နှစ်ပေါင်း ၃၀ ဟာ လနဲ့တွက်စစ်ရင် ၃၆၀ ရှိတယ်။ သီတင်းပတ်ပေါင်းက ၁၄၄၀ ကြာမှာပါ။ နေ့ရက်နဲ့ဆို ၁ဝ,၉၅ဝ ရက်ပေါ့။ နာရီစုစုပေါင်းဆိုရင်တော့ ၂၆၂,၈၀၀ ဖြစ်မယ်လေ။ ဒီလိုအချိန်ကာလ နှစ်ပေါင်း ၃၀။ အပတ်ပေါင်း ၁၄၄၀ ။ နေ့ ည ရက်ပေါင်း ၁၀,၉၅၀ ။ နာရီပေါင်း ၂၆၂,၈၀၀ အတွင်းမှာ ဘာတွေ ဘယ်လို ဘယ်လောက် ပြောင်းလဲသွားမယ်လို့ ထင်ပါသလဲ။

ကျနော် အခု ရန်ကုန်မှာ နေပါတယ်။ လွန်ခဲ့သော ၃၀ နှစ်လုံးလုံး ဝေးရပ်နယ်စပ်နဲ့ ပြည်ပမှာ ကျနော် နေခဲ့ရတယ်။ အခု မဟာရန်ကုန်ကနေ သုံးခွမြို့ကို ဆရာကန်တော့ပွဲသွားခဲ့တာ ပြန်သတိရလို့ပါ။ လတ်တလော သုံးခွက ဆရာကန်တော့ပွဲ သွားဖြစ်တယ်။ ကျနော်က ၈၈၈၈ ကတည်းက သုံးခွမြို့ကနေ ထွက်သွားပြီး အခု နှစ် ၃၀ အကြာမှာ ပြန်ရောက်လာတော့ သူစိမ်း ဖြစ်နေပြီလေ။ မြို့သူမြို့သား ၁၀ ယောက်မှာ ၉ ယောက်ကို မမှတ်မိတော့ဘူး။ သူငယ်တွေတောင် အသက် ၂၀ က ခွဲခဲ့ရသူကို အသက် ၃၀ ကြီးပြီး ၅၀ အရွယ် ပြန်တွေ့ရသမို့ မမှတ်မိတာများပါတယ်။ အနှစ် ၃၀ အိပ်ပျော်နေရာက နိုးလာသူလိုပေါ့ဗျာ။ နှစ်ပေါင်း ၃၀ အတွင်း သေသူတွေသေ၊ ဋ္ဌာနေပြောင်းသူတွေလဲ ပြောင်း၊ သူဋ္ဌေးဖြစ်သူဖြစ်၊ ဆင်းရဲသူဆင်းရဲ၊ ခံယူချက်ပြောင်းသူတွေလဲပြောင်း၊ ၈၈ က စိတ် အတိုင်း ဆက်ရှိသူကရှိ (ဒါက အတော်များများ)၊ တကယ့်ကို အမျိုးမျိုး အစုံစုံပါပဲ။

ဆရာကန်တော့ပွဲကို သုံးခွ အထက (၁) နဲ့ အထက (၂) နှစ်ကျောင်းပေါင်း ကျင်း်ပပါတယ်။ အခမ်းအနား လုပ်တဲ့ တန်ဆောင်းတော်ကြီးကိုဝင်လိုက်ရင်ပဲ သူငယ်ချင်းတွေ၊ အသိတွေက ဆီးကြိုတာပါ။ ထမင်းစားကြပြီ။ ကြက်သားဟင်း၊ ပုစွန်ထုပ်ဟင်း၊ ငါးဖယ်သုပ်၊ ချဉ်ပေါင်ရွက်ဟင်းချို၊ ငါးပိချက်၊ သခွားသီး၊ ရုံးပတီသီး တို့စရာတွေနဲ့ စားကြတယ်။ သုံးခွမြို့က အလှုပွဲတခုမှာ နှစ် ၃၀ ကြာပြီးမှ တကြိမ်တခါ ပြန်လာစားရတာပါ။ စားပြီးလို့ စကားပြောကြတော့ သူ့အကြောင်း ကိုယ့်အကြောင်း၊ ဟိုအကြောင်း သည်အကြောင်းကနေ ငယ်ဘ၀အထိ အစုံရောက်သွားကြတာပေါ့။ သူငယ်ချင်းတယောက်က ကဗျာဆရာ ဖြစ်နေတဲ့အကြောင်း ပြောတယ်။

၊ ဆောင်းနှောင်းဝေရီ ၊

တစ်ယောက်တည်းပါ..
ကာရန်အလှတွေတွေး.ဆောင်းအေးတဲ့ခါ
မီးလင်းဖိုလေးမွှေးဖို့ ငါစောင့်နေခဲ့..
အအေးဓာတ်ဝေး
နှင်းကလေးတစ်ပေါက်တောင်ကျ မလာ
ဆောင်းဟာလွမ်းစရာမရှိ
အညာမိတဲ့ ကလေးလို….
ခုတော့..
ဗလောင်းဗလဲနဲ့ ဆောင်းလည်းကုန်မှ
နှင်းစအေးအေး ဖွေးဖွေးလှုပ်ပြီး
ရာသီစည်းရိုးလည်းကျိုးပေါက်ခဲ့ရ
နွေရဲ့ဇာတ်ကောင် ဥဩလေးတောင်
ချမ်းလို့တုန်ရီ အသံမပီဘဲ
အလွမ်းလည်းသရုပ်ပျက်ရပြီ
ဟန်ချက်မညီတဲ့နွေပန်းချီကား
ဆေးသားမှိန်ဖျော့သွားပြီလေ..။ ။

ကိုစိမ်းလန်း(သုံးခွ)

နှစ်ပေါင်း ၃၀ အတွင်း မြန်မာ့ ရေ မြေ သဘာဝ၊ ရာသီဥတုတွေ ပြောင်းလည်းကုန်ပါလား ဆိုတာ သံဝေဂ ရလိုက်မိတယ်ဗျာ။ သူငယ်ချင်းတယောက်ကတော့ ဒီမိုကရေစီလှုပ်ရှားမှုမှာ မပါဝင်တော့ဘူး။ အရင် နအဖ ဗိုလ်မှူးကနေ အရပ်ဘက်ပြောင်းပြီး သူဋ္ဌေးဖြစ်နေသူရဲ့ အလုပ်မှာ မန်နေဂျာဝင်လုပ်နေ သတဲ့။ ဒီသူငယ်ချင်းဟာ ၈၈ ကာလကဆို နဝတ အာဏာရှင်ဘက်သားတွေကို ဆိုရင် အဆက်အဆံ မလုပ်စတမ်း ပြတ်ပြတ်သားသား ရပ်တည်ခဲ့သူပါ။ အခုတော့ ဒီမိုကရေစီအရေး အလုပ်တွေမပြောနဲ့ သာရေးနာရေးတောင် မလာတော့ဘူးတဲ့။ အခု ဆရာကန်တော့ပွဲကိုလဲ မလာပါ။

နောက်တယောက်ကတော့ အနားကပ်လာပြီး လက်တို့ ပြောတယ်။ ဒီမိုကရေစီ ရသွားပြီတဲ့။ ဒီမိုကရေစီ အစိုးရက သူ့တာဝန်သူ ဆက်လုပ်လိမ့်မယ်တဲ့။ ဒို့ လုပ်ဖို့ မလိုတော့ဘူးတဲ့။ ကျနော်ကတော့ ပြောလိုက်တယ်။ “ ဒီမိုကရေစီအရေး အပြည့်အဝ မအောင်မြင်သေးဘူးလို့။ အားလုံး ခါးတောင်းကျိုက် မဖြုတ်ပဲ ၀ိုင်းလုပ်ကြရဦးမယ်လို့။ သတိရှိရှိ နေကြရဦးမယ်လို့။ ´´ အပနာဒေန သမ္ပာဒေထ ပေါ့။

နောက်သူငယ်ချင်းတယောက်ကတော့ မြေသိမ်း ယာသိမ်း ပြသနာတွေ သုံးခွမှာ ရှိနေတာကို ပြောပြရဲ့။ မြို့ရဲ့ လူထုစုဝေးရာ အားကစားပွဲတွေ စုလုပ်ကျင်းပတဲ့ လွတ်လပ်ရေး အားကစားကွင်းကြီးမှာတောင် နေရာတချို့ကို အရင်အစိုးရလက်ထက် တန်ခိုးထွားခဲ့သူတွေက နေရာဝင်ယူ ထားသတဲ့။ ကျနော်ကလဲ နှစ် ၃၀ အတွင်း ဒီမိုကရေစီရဖို့ သေနပ်ကိုင်တိုက်မယ်ဆိုပြီး တောခိုရင်း ကျဆုံးသွားတဲ့ သုံးခွက ကျောင်းသားတပ်မတော် ရဲဘော်တွေအကြောင်း ပြောပြနေမိတယ်။ ဒီလိုနဲ့ ဆရာ ကန်တော့ချိန် ရောက်လာတယ်။

“ အတတ်လည်းသင်
ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်
ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ။ ´´
(သင်္ဂဇာဆရာတော်)

အသက် ၆၀ ကျော် ဆရာမကြီး ဆရာမကြီးတွေ အယောက် ၁၀၀ ကျော် ရှိသဗျာ။ ကန်တော့ကြပြီ။ ဆရာကြီးတွေက ဆုပေးကြ။ မျက်ရည်ကျကြရ။ အသီးတရာ အညှာတခု သီချင်းစုဆိုကြ။ ဆရာတဦးစီကို ကျပ် ၁ သိန်းကျော်စီတောင်မှ လှုဘွယ်ပစ္စည်းတွေနဲ့တကွ ဆက်ကပ် ပေးဆပ်နိုင်ခဲ့ကြသဗျာ။ ကျောင်းအုပ်ဆရာဟောင်းကြီးတယောက်က အမှာစကား ပြောတဲ့အခါမှာတော့ ဆရာစာရင်းမှာ ကိုယ့်ကို မွေးပေးခဲ့တဲ့ မိဘတွေလည်းပါသတဲ့ဗျာ။

“ လက်ဦးဆရာ၊ မည်ထိုက်စွာသား၊
ပုဗ္ပာစရိယ၊ မိနှင့်ဖအား၊
မွေးသည့်သားတို့ ´´ – – –

ကျောင်းအုပ်ဆရာဟောင်းကြီးက ရှင်းပြခဲ့တာ ကြားနေရတယ်။ ပြီးတော့ ဘုရားရှင် ဗုဒ္ဓ ကလဲ ဆရာတဆူပါပဲတဲ့။ တရားဒေသနာတော်တွေကို သင်ပြခဲ့သူ ဆရာအရှင်ပါတဲ့။ အရင် သိထားတဲ့ ဘုရား တရား သံဃာ မိဘ အားလုံးဟာ ဆရာတွေ ဖြစ်ကုန်တယ်။ မှန်တယ်။ သင်ဆရာ မြင်ဆရာ ကြားဆရာ တဲ့။ ကျနော် အမြင်သစ်ရလာခဲ့တယ်။ ဆရာအားလုံးရဲ့ကျေးဇူး အထူးတင်မိရပါတယ်။

“ ရှေးရှုမေတ္တာ၊ ကရုဏာနှင့်
နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ
ဆရာဟူလော့။ ´´
(မာဃဒေဝလင်္ကာ)

ဆရာကန်တော့ပွဲပြီးပြီ။ လမ်းဘေးမှာထွက် ဘတ်စ်ကားစောင့်နေတာပေါ့။ သုံးခွကနေ ရန်ကုန်ပြန်မယ်လေ။

“ မီးခြစ် ပါလား။ ပါရင် ခနလောက်ပေးပါကွယ်။ ´´

စောစောက ဆရာ့ဂုဏ်ကျေးဇူးတွေ ဟောပြခဲ့သူ ဆရာကြီးပါလား။ သူလည်း ကျောပိုးအိတ်တလုံးနဲ့ စီးကရက် တလိပ်ကိုင်ရင်း မီးခြစ်လာတောင်းတာပါလား။ ကျနော့်မှာ မီးခြစ်မပါပါ။

“ မပါဘူး ဆရာကြီး၊ ကျနော် ဆိုက္ကားသမားတွေဆီက သွားတောင်းပေးမယ်။ ´´

ဒီလိုပြောပြီး အနားမှာ ရောက်လာတဲ့ လူတယောက်ဆီက မီးခြစ်တောင်းပေးလိုက်တယ်။ ဆေးလိပ်သောက်ရင်းက စကားပြောတဲ့အခါ ကျနော့်အကြောင်းကို သူသိသွားတယ်။ ကျနော်ဟာ ဒီမြို့ကနေ ၈၈၈၈ မှာ ထွက်သွားပြီး နှစ် ၃၀ ကြာမှ ပြန်ရောက်လာတဲ့ ကျောင်းသားတပ်မတော် ABSDF က ဆိုတာသိသွားတော့ သူက လည်း အားကျမခံ ပြောလာပုံက။

“ ငါလည်း လူ့ဘောင်သစ်ပါတီကပဲကွ၊ ၈၈ မှာတောခိုဘို့လည်း လုပ်ပါသေးတယ်ကွာ။ တောလမ်းတွေ ပိတ်နေတော့ မသွားဖြစ်ခဲ့တာကွ။ နောက်ပိုင်း NLD မှာလည်း လုပ်ပါသေးသကွာ´´ တဲ့။

နောက် သူက ဆက်ပြီး …

“ ဆရာကြီးအနေနဲ့ ဒီမိုကရေစီ သပိတ်မှာ ပါခဲ့လို့ အလုပ်ဖြုတ်ခံခဲ့ရတယ်။ ကျောင်းအုပ်က ပြုတ်သွားသကွာ။ ဖြုတ်ပေးခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ ကျော်ဘတို့ကိုလည်း ကျေးဇူးတင်တယ်ကွာ ´´ တဲ့။

ဒီတော့ ကျနော်က ကိုယ့်ကို အလုပ်ဖြုတ်လိုက်သူတွေကို ဘာလို့ ကျေးဇူးတင်ရသလဲ ဆိုတာ သိချင်လာလို့ဒီလို ပြန်မေးကြည့်လိုက်တယ်။

“ ဆရာကြီးရယ် ကိုယ့်ကို အလုပ်ဖြုတ်သူတွေကို ဘာလို့ ကျေးဇူးတင်ရတာလဲဗျာ။ ´´ လို့

ဒီအခါ သူက

“ ဟ ကောင်ရ ကျောင်းအုပ်ဆက်လုပ်နေရရင် လစာ နှစ်ပြားတပဲ နည်းနည်းနဲ့ မဝရေစာစားပြီး ဆက်လုပ်နေရမှာကွ။ အလုပ်ပြုတ်တော့ ပထမ ပြင်သစ်သံရုံးမှာ စကားပြန်လုပ်သကွာ။ နောက် UNICF မှာ ဒေါ်လာစားအလုပ်ရတော့ အဆင်ပြေလိုက်တာမှ အခုဆို တိုက်ခန်းဝယ်ထားပြီးပြီ။ ငါ့အသက် ၈၀ နားနီးနီးမှာ အေးအေးဆေးဆေးပဲ။ ကလေးတွေလဲ ကောလိပ်ထားနိုင်တယ်။ အားလုံးဘွဲ့ရပြီးပြီ။ အလုပ်တွေကိုယ်စီနဲ့ကွ။ ´´

ဒါနဲ့ ဆရာကြီးကျောင်းအုပ်က ပြုတ်တာဘယ်လောက်ကြာသွားပြီလဲလို့ သိချင်လာတယ်။ ဒါကြောင့် ဆရာကြီးကို မေးလိုက်တဲ့အခါ သူ ပြန်ဖြေတာက.. .

“ ဟေ ၈၈၈၈ ပေါ့ကွ။ ၈၈၈၈ မှာ အလုပ်ဖြုတ်ခံရတာ နှစ် ၃၀ ရှိပြီလေကွာ´´ တဲ့။

ဒီအချိန်မှာ YBS ၃၄ သုံးခွ- ရန်ကုန် ဘတ်စ်ကားဆိုက်လာတဲ့အတွက် ကျနော်တို့ ၂ ယောက်သား စကားစဖြတ်ပြီး ကားပေါ်တက်လိုက်ကြပါတယ်။ နေရာလွတ်တာကလဲ တခုံစီ တနေရာစီမို့ စကားမဆက်ဖြစ်ကြတော့ပါ။ သြော် နှစ် ၃၀ အတွင်း ငါတို့ ကျောင်းသားတွေတင်မက ဆရာတွေလဲ ဘ၀အမျိုးမျိုးပြောင်းခဲ့ကြပါလားလို့သာ တွေးနေမိပါတော့တယ်။ ။

မောင်တူး (၂၉ ဇန်နဝါရီ ၂၀၁၇ တနင်္လာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်တူး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်