ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၇)

February 1, 2018

● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၇)
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂ဝ၁၈

တိဗက်ပြည်ကြီး မျက်လုံးမမှေးခင်အချိန်ထိ သူကတသီးတသန့် ဆန်လွန်းသည်။ အိမ်နီးချင်းများရှိသော်လည်း အခေါ်အပြော သိပ်မရှိလှ။ သူ့မြေသူ့ရေ သူ့အလှတရားကို သူ့ရင်ဘတ်ထဲမှာပဲ သိမ်းဆည်းထားပါသည်။ ကမ္ဘာကြီး ကျဉ်းသည်ဖြစ်စေ ကျယ်သည်ဖြစ်စေ သူတို့နှင့်ဆိုင်။ စိတ်ဝင်စားခြင်းလည်း မရှိ။ သူတို့ဆုပ်ကိုင်ထားသည်က နူးညံ့မှု၊ ရိုးသားမှုနှင့် ချစ်ခြင်း မေတ္တာ တရား။ သူတို့အားလုံးက ဘာသာတရား၏ သွန်သင်ဆုံးမမှု အရိပ်အောက်တွင် လူလားမြောက်ခဲ့ကြခြင်းဖြစ် သည်။ အိမ်နီးချင်းတွေကို ကြည့်ပါဦး။ တိဗက်ပြည်၏အနောက်ဘက်တွင် ကာဂျစ်စတန်၊ တာဂျီကစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စ တန်တို့ရှိပြီး တောင်ဘက်တွင် နီပေါ၊ ဘူတန်နှင့် အိန္ဒိယနိုင်ငံတို့ တည်ရှိနေကြသည်။ တိဗက်ပြည်၏ အရှေ့ဘက်တွင် တရုတ်နိုင်ငံရှိပါသည်။

၁၉၅ဝ ပြည့်နှစ် အောက်တိုဘာလ (၇) ရက်နေ့တွင် တရုတ်ပြည်မကြီးက စစ်သည်အင်အား သုံးသောင်းကျော်ဖြင့် တိဗက် ပြည်ကို သူ့ခါးပိုက်ထဲ ထိုးထည့်လိုက်ပါသည်။ အရင်တုန်းကတော့ အိမ်နီးချင်းများအဖြစ် နှစ်ပေါင်းထောင်သောင်းချီပြီး နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ နှစ်နိုင်ငံနယ်ခြားစည်းတွေတဝိုက်မှာ စစ်ပွဲတွေမရှိ။ အရေးပေါ် အချက်ပေးခေါင်းလောင်းသံဆိုတာတွေလည်း မကြားဖူးခဲ့ကြ။ ရန်သူဟူသော သံသယကလေးကိုပင် စိတ်ထဲမှာမထားခဲ့ကြ။ ဘယ်နေရာကိုကြည့်ကြည့် မြင်လိုက်ရသည့်က ချစ်ခင်နှစ်လိုဘွယ် အပြုံးများသာ။ သည်တုန်းကတော့ တသီးတသန့် နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ တရုတ်က တရုတ်။ တိဗက်က တိဗက်။ တရုတ်ဘုရင်နှင့် တိဗက်ဘုရာတို့ နှစ်နိုင်ငံ ချစ်ကြည်ငြိမ်းချမ်းရေးအဖြစ် အေဒီ ၈၂၁ ခုနှစ်ကစိုက်ထူခဲ့သည့် ပုံစံတူ မျက်နှာလေးဘက်ရှိ ထိပ်ချွန်မော်ကွန်းကျောက်တိုင်ကို တရုတ်အင်ပါယာ နန်းတော်နှင့် လာ ဆာမြို့ရှိ ဂျိုခန်ဘုရားကျောင်းတွင် စိုက်ထူထားပါ သည်။ နှစ်ပြည်ထောင်ကြားမှာ မြူမရှိ။ မီးခိုးတွေ မရှိ။ စစ်ရိပ်စစ်ငွေ့တွေလည်း လုံးဝမရှိခဲ့။ စစ်ပြေးဒုက္ခသည်ဆိုတာတွေလည်း မရှိခဲ့ကြ။

တိဗက်ပြည်သည် အာရှတိုက်၏ အလယ်ဗဟိုတည့်တည့်တွင်တည်ရှိနေပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်းတစ် သောင်းငါးထောင်ကျော်အမြင့်တွင် တည်ရှိနေသည့် တိုင်းပြည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် တိဗက်ပြည်က ပင်လယ် ရေမျက် နှာပြင် အမြင့်မားဆုံးနိုင်ငံ။ တိဗက်ပြည်က မြို့အများစုသည် ပင်လျှင် ပင်လယ် ရေမျက်နှာပြင်ထက် ပေပေါင်းတစ်သောင်း တစ်ထောင် အထက်မှာရှိသည်ဟုဆို ပါသည်။ မြင့်းမားလှသည့် တောင်ထွတ်တောင်စွယ်များ၊ သဘာဝသစ်တောများ၊ ရေခဲ ပြင်များသည် တိဗက်ပြည်၏ အသဲနှလုံးများပင်ဖြစ်သည်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေကိုထမ်းပိုးပြီး တိဗက်လူမျိုး များက လေသန့်၊ ရေသန့်၊ လူသန့် စိတ်သန့်သန့်ဖြင့် မိုင်ပေါင်းထောင်သောင်းချီ၍ ခရီးနှင်လာခဲ့ခြင်း ဖြစ်သည်။ အခုတော့ သူတို့အိပ်မက်တွေ တစစီပျက်ပြယ်စပြုကုန်ပြီလား မသိပါလေတော့။ သူတို့မျက်နှာ ကလေးတွေကြည့်ရတာ နွမ်းနွမ်းလျလျရှိ လိုက်တာ။

တိဗက်ပြည်မြောက်ပိုင်း အနောက်ပိုင်းနှင့် တောင်ပိုင်းဒေသများရှိ အလွန်မြင့် မားလှသည့် တောင်တန်းကြီးများ၊ သဘာဝ သစ်တောကြီးများက တိဗက်ပြည်ကို အိမ်နီးချင်း တိုင်းပြည်များနှင့် တသီးတသန့်ဖြစ်စေခဲ့ပါသည်။ တိဗက်ပြည်၏ အနောက် မြောက်ပိုင်းဒေသသည် ရေခဲဖုံးလွှမ်းနေသော ဒေသဖြစ်ပြီး ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်လေ့ရှိသည့် ရေခဲပြင် ပျော် တိဗက်များကလွဲလို့ လူမနေသည့်ဒေသများသာဖြစ်လေသည်။ သည်ဒေသမှာ ဆောင်းရာသီဆိုလျှင် ရာသီဥတုက သုညအောက် လေးဆယ့်လေးဒီဂရီစင်တီဂရိတ်အထိ ကျသွားတတ်သည်။

မြန်မာပြည်က တစ်ချိန်တုန်းကတော့ ရှမ်းပြည်နယ်ရှိ စော်ဘွားများကဲ့သို့ တိဗက်ပြည်၏ အရှေ့ပိုင်းကို တိဗက်ဘုရင်များက အုပ်ချုပ်ခဲ့ဖူးသည်။ တိဗက်ပြည်သည် သဘာဝတောတောင်သစ်တောများနှင့် ရေခဲပြင်များ ဖုံးလွှမ်းနေသည့် တိုင်းပြည်ဖြစ် သည်။ တိဗက်ကုန်းမြင့်ဒေသကနေ စတင်စီဆင်းခဲ့သော မြစ်ချောင်းအင်းအိုင်များက ယမ်စီ၊ ဧရာဝတီ၊ မဲခေါင်မြစ်နှင့် သံလွင်မြစ်များသို့ ပေါင်းစည်းပေးခဲ့သည်။

အေဒီ (၁၁ဝဝ-၁၄ဝဝ) ကို အလယ်ခေတ်ဟု သမိုင်းပညာရှင်တို့က သတ်မှတ်ထားပါသည်။ တိဗက်လူမျိုးများ၏ အသွင် အပြင်မှာ ရှေးမွန်ဂိုလူမျိုးများနှင့်ဆင်တူပြီး တိဗက်ဘာသာစကားသည် အလယ်ခေတ်ဆန်စခရစ်ဘာသာကနေ မြစ်ဖျားခံ သည်ဟု ဆိုပါသည်။ တိဗက်အက္ခရာများမှာ အချွန်အတက်များ ပါရှိနေသော်ငြားလည်း Ideogram ဟုခေါ်သည့် အရုပ်စာ မျိုးမဟုတ်ဘဲ သီးသန့်တိဗက်ကိုယ်ပိုင်အက္ခရာ ရှိပါသည်။ တိဗက်စာတွင် ဗျည်း ၃ဝ-ရှိပြီး သရ ၅-လုံးရှိသည်။ တိဗက်စာနှင့် မြန်မာစာတို့ အနည်းငယ် တူညီနေတာ ရှိပါသည်။ ဥပမာ မြန်မာက တစ်။ တိဘက်က ကျစ်၊ မြန်မာက ငါး။ တိဘက်က င ဟု ပြောကြသည်။ အခြားဆင်တူနေတာလေးတွေ များစွာရှိပါသေးသည်။ ဘာသာဗေဒအလိုအရ မြန်မာစာဟာ တိဘက်စာနဲ့ အုပ်စု တစ်ခုထဲပဲတဲ့လေ။

တိဗက်လူမျိုးများရှိရာ ဓရံဆာလာမှာ နေတုန်းကတော့ တိဗက်စာ၊ တိဗက်စကားသင်ဖို့ အနည်းငယ်ကြိုးစားကြည့်ဖူးပေမယ့် ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိခဲ့။

တိဗက်လူမျိုးများသည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေဖြင့် နေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ လေပြီ။ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်းသောင်းချီမြင့်မားလှသည့် တိဗက်ကုန်းမြင့်ဒေသတွင် တိဗက်လူဦးရေ ခြောက်သန်းလောက်က ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ခြံတို့ဖြင့် တသီးတသန့် ခမ်းခမ်း နားနားနေထိုင်ခြင်းမျိုး မရှိကြ။ ခြေသလုံး အိမ်တိုင်ဘဝဖြင့် ရေကြည်ရာမျက်နုရာ လှည့်လည်နေထိုင်လေ့ရှိကြသည်။ သည်တောင်တန်းကြီးတွေပေါ်မှာ အိမ်ရာ အတည်တကျမရှိဘဲ သည်လိုခြေဦးတည့်ရာ လှည့်လည်သွားလာနေထိုင်နေကြသည့်သူတို့ကို ဘယ်သူကမှလည်း အထင် သေးခြင်း အလျဉ်းမရှိတတ်ကြ။ ရောက်ရာအရပ်မှာ စခန်းချပြီး ခြောက်လတန်သည် တစ်နှစ်တန်သည် နေထိုင်တတ်ကြသည်။ ထို့နောက် အခြားတစ်နေရာသို့ ပြောင်းရွေ့သွားကြပြန်ပါသည်။ သည်လူတွေကို ကျူးကျော်ဟူ၍ ဘယ်သူက တံဆိပ်မကပ်။ သူတို့နေထိုင်ရာ တည်းကလေးများကို ဘော်ဒူဇာနဲ့ ထိုးမည့်သူလည်း မရှိခဲ့။ တိဗက်လူမျိုးရဲ့ ထက်ဝက်နီးပါးက ဒီလိုပဲ ခြေဦးတည့်ရာ သွားလာနေထိုင်နေကြသည်ဖြစ်ရာ ဘဝတူတွေအပေါ် ကြင်နာမှုကြီးမားလွန်းကြသည်။ စာနာမှုနှင့် ချစ်ခြင်း မေတ္တာတရားသည်သာ ကမ္ဘာမြေရဲ့အလှ၊ တိဗက်လူမျိုးတို့ရဲ့ အလှတရားဟု ခံယူထားကြသူများဖြစ်သည်။

ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာနေကြသည်ဟုဆိုသည့်တိုင် သူတို့က အခြေအနေမဲ့များမဟုတ်တတ်ကြ။ အထုပ်နဲ့ အထည်နဲ့ လွင့်နေကြခြင်းဖြစ်သည်။ သူတို့အများစုက သိုးအုပ်တွေ ဆိတ်အုပ်တွေ စာမရီသားကောင်အုပ်တွေနဲ့ တနေရာ ကနေ တစ်နေရာ ရွေ့လျားနေကြခြင်းဖြစ်သည်။ စိမ်းလန်းသည့်ေ တာအုပ်ကြီး များ၊ မြက်ခင်းပြင်ကြီးများကို သူတို့မြတ်နိုး သည်။ အာဆင်နယ်လောလုံး အသင်းရဲ့ နည်းပြကြီးအားဆင်ဝင်းဂါးကတော့ မြက်ခင်းစိမ်းစိမ်းတွေကို ကော်ဇော တစ်ချပ်လို သဘောထားပြီး အဲဒီအပေါ်မှာ လျှောက်လှမ်းရတဲ့ဘဝကို သူပျော်သည်ဟု ဆိုပါသည်။ တိဗက်လူမျိုးတွေကတော့ မြက်ခင်း စိမ်းစိမ်းတွေပေါ်မှာ လျှောက်လှမ်းနေရသည့် သူတို့ဘဝကို ပျော်လား မပျော်လား ကျနော်သေချာမသိ။ သည်လိုပဲ လျှောက် သွားနေကြသည့် လူဦးရေက နိုင်ငံရဲ့ လူဦးရေထက်ဝက်နီးပါးရှိသည်ဟုဆိုရာ ရွေးချယ်စရာ မရှိတဲ့ ဒီလွင်ပြင်တောမှာ မပျော်ချင်လည်း ပျော်နေရသည်ဟုဆိုမှဖြင့်…။

ဆောင်းရာသီဆိုလျှင်တော့ ခရီးသွားခြင်းကို ရပ်နားလိုက်ပါသည်။ မနားလို့လည်း မဖြစ်တော့။ ဘယ်နေရာကြည့်ကြည့် နေခဲပြင်ချည်းပဲဖြစ်ရာ ခရီးမတွင်ပါလေတော့။ ဆောင်းခိုဖို့ သင့်တော်သော တောင်ခြေတဝိုက်တွင် တဲထိုးပြီး စခန်းချ လိုက် ကြ ပါတော့သည်။ တဲဟုဆိုသော်လည်း မည်ကာမတ္တမဟုတ်။ စာမရီသားကောင်ရဲ့ အရေ၊ အမွှေးတို့ကို အမိုး၊ အကာအဖြစ် တည်ဆောက်ထားသည့် တဲကြီးများမှာ လူပေါင်း နှစ်ရာကျော်ဆန့်သော တဲကြီးများပင်ဖြစ်သည်။ ဗြဟ္မပုတ္တရမြစ်ဝှမ်းတစ်လျှောက်တွင် ဒီလိုတဲကြီးများကို ဆောင်းရာသီတွင် များစွာမြင်တွေ့ရလေ့ရှိပါသည်။

တိဗက်ပြည်အရှေ့ပိုင်းက ကမ်ပြည်နယ်တဝိုက်မှာတော့ မုန်လာဥ၊ ဂေါ်ဖီ၊ ပဲသီးစသည့် သီးနှံကလေးတွေ နည်းနည်းပါးပါး စိုက်ပျိုးတတ်ကြသည်။ များများစားစား မဟုတ်သည့်တိုင် ဂျုံခင်းများနှင့် ဘာလီခေါ် မုယောစပါးများကိုလည်း စိုက်တတ်သေး သည်။ ဒီတောင်တန်းကြီးတွေပေါ်မှာ မွေး၊ ဒီတောင်တန်းကြီးတွေပေါ်မှာ နေပြီး ဒီတောင်တန်းကြီးတွေပေါ်မှာပဲ သေဆုံး သွားကြသည့် သူတို့ဘဝတွေသည်ကား အစစအရာရာ ကျပ်ကျပ်တည်းတည်းနိုင်လွန်းလှသည်ဟု ကျနော်တွေးနေမိသည်။ သို့သော် သူတို့ဘဝတွေက ဖြူစင်ရိုးရှင်းလွန်းလှသည်။ တိဗက်လူမျိုးတို့၏ ရိုးရာ အစားအစာများတွင် ဂျုံဖြင့်လုပ်ထားသည့် ဆမ်ပါက အလွန်နာမည်ကြီးပါသည်။ လူတိုင်းနီးပါးက နေ့တိုင်းနီးပါး စားသုံးနေကြသည့် မရှိမဖြစ် အစားအစာတမျိုးလည်း ဖြစ်သည်။ ဆမ်ပါက သတ်သတ်လွတ်လည်း ရှိသည်။ အသားနှင့်လည်း ရှိပါသည်။ မြန်မာလူမျိုးများသည် မိမိတို့ထံ ရောက်လာသည့် ဧည့်သည်များကို ရေနွေးကြမ်း၊ လဘက် စသည်တို့ဖြင့် တည်ခင်းဧည့်ခံလေ့ရှိသကဲ့သို့ တိဗက်လူမျိုးများ ကလည်း သူတို့ရိုးရာမုန့်ဖြစ်သည့် ဆမ်ပါဖြင့် တည်ခင်းဧည့်ခံကျွေးမွေးလေ့ရှိပါသည်။ ဓရံဆာလာမှာတုန်းကတော့ တိဗက် တွေနဲ့အတူ လမ်းဘေးဆမ်ပါဆိုင် ကလေးတွေဆီသို့ မကြာမကြာရောက်ဖြစ်ခဲ့သည်။ ဆမ်ပါပူပူကလေးက ရာသီဥတုအေး အေးနှင့် လိုက်ဖက်သည်ဖြစ်ရာ ရာသီဥတုအေးသောနေ့ရက်များတွင် ကမ္ဘာကြီးရဲ့ အနောက် ဘက်ခြမ်းကနေ ကမ္ဘာ့အရှေ့ဘက်ခြမ်းမှာကျန်ခဲ့သည့် တိဗက်ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆမ်ပါမုန့်ကလေးကို တစ်ခါတခါ လွမ်းနေမိပြန်ပါသေး တော့သည်။

တိဗက်လူမျိုးများသည် စာမရီသားကို အလွန်ကြိုက်နှစ်သက်သူများဖြစ်သည်။ စာမရီ သားက ရာသီဥတုအအေးဒဏ်ကို ခံနိုင်သည်ဟုဆိုပါသည်။ စာမရီအထီးများကို အသားစားဖို့၊ ကုန်ပစ္စည်းသယ်ယူဖို့ မွေးမြူကြခြင်းဖြစ်ပြီး စာမရီအမများကိုတော့ နို့နှင့် နို့ထွက်ပစ္စည်းများအတွက် မွေးမြူကြခြင်းဖြစ်သည်။ စာမရီသားကောင်များကို ဂျုံ ဆန်စသည်တို့ဖြင့် အလှဲအလှယ်ပြု တတ်ကြသေးသည်။ စာမရီအမွေးကို အင်္ကျီချုပ်ဝတ်တာလည်း ရှိသည်။ ခြုံစောင်အဖြစ်လည်း အသုံးပြုတတ်ကြသေးသည်။ ချည်စရာ ကြိုးနှင့် အိမ်ဆောက်ရာတွင် စာမရီအမွေးက များစွာအသုံးဝင်လှသည်။ မရိုသေ့စကား တိဗက်ပဋိသန္ဓေ တား ဆေးများတွင်လည်း စာမရီအရိုးကို အသုံးပြုကြသည်ဟု ဆိုပါသည်။

ရှေးခေတ်ဘုရင်များ၏ အသုံးအဆောင်များတွင် စာမရီသားမြီးယပ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ကြောင့် စာမရီသားမြီးယပ်ဆိုသောစကားကို စာဖတ်သူ အများစုက ကြားဖူးနားဝရှိပြီးဖြစ်မည်ထင်ပါသည်။ ပထမရွှေကျင် ဆရာတော် ဘုရားကြီး၏ သြဝါဒများတွင် “ယစ်မသည် ဥအတွက်အသေခံသည်။ စာမရီ သားကောင်သည် အမြီးအတွက် အသေခံသည်။ ရဟန်းသည် သီလအတွက် အသေခံသည်”ဟူသော သြဝါဒများကို စာဖတ်သူနားရည်ဝပြီးဖြစ်မည်ထင်ပါသည်။

စာမရီအတွက် အင်္ဂလိပ်ဝေါဟာရမှာ Yak ဖြစ်သည်။ စာမရီသားကောင်ဆိုသည်မှာ တိဗက်နွားနောက်ကို ခေါ်ခြင်းဖြစ်သည်။ လွန်ခဲ့သော ၁၈-နှစ်လောက်တုန်းကတော့ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် စာမရီ (သို့) တိဗက်နွားနောက်ကြီးတစ်ကောင်ရှိခဲ့ဖူး ပါသည်။ စာမရီခေါ် တိဗက်နွားနောက်သည် အမေရိကန်ပြောင် သို့မဟုတ် ဥရောပ အမွေးရှည်နွားရိုင်းမျိုး (Bison ) မျိုးနွယ်အုပ်စုထဲကဖြစ်သည်။ စာမရီသားကောင်ခေါ် တိဗက်နွားနောက်ကို မြင်ဘူးသူတွေလည်းရှိမည်။ မမြင်ဘူးသူတွေ လည်းရှိပါမည်သည်။ ခန္ဓာကိုယ် ကြီးမားတောင့်တင်းပြီး မြန်မာပြည်အရပ်ရပ်မှာ တွေ့မြင်ရလေ့ရှိသည့် လယ်ယာသုံးနွားအရွယ် အစားခန့်ရှိပါသည်။

ဆက်လက်ဖော်ပြပါဦးမည်။

ကိုသစ် (သီတဂူ)
၂၊ ၁၊ ၂ဝ၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်