မောင်စိန်သော် ● ပြောက်ကျားစစ် လှုပ်ရှားဖြစ်စဉ်လေးတခု

February 5, 2018

● ပြောက်ကျားစစ် လှုပ်ရှားဖြစ်စဉ်လေးတခု
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂ဝ၁၈

အခြေခံဒေသတခု တည်တံ့ခိုင်မြဲရေး၊ ဒေသသစ်တိုးချဲ့ရေးတို့အတွက် တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ သဏ္ဌာန်မျိုးစုံသုံး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ကြရပါတယ်။ မိမိထက်အင်အားကြီးမားတဲ့ရန်သူကို ရင်ဆိုင် တိုက်ခိုက်နိုင်ရန် မှန်ကန်တဲ့ စစ်ရေးလမ်းစဉ် ရှိဖို့လိုအပ်ရုံမက စစ်ရေးလမ်းစဉ် အကောင်အထည်ဖော်ရေး အတွက် အတွေ့အကြုံရှိပြီး ပေါ်လစီအာမခံနိုင် မယ့် ကေဒါတွေလည်း ရှိဖို့လိုတယ်။ တပ်မဟာ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့ထားတဲ့တိုင်အောင် တော်လှန်ရေးတပ်ဖွဲ့များကို ပုံမှန်တပ်အခြေအနေမျိုး အမြဲတမ်း အင်နဲ့အားနဲ့ချည်း လှုပ်ရှားနေနိုင်တာမျိုးလည်း မဟုတ်။ တပ်ဖွဲ့ငယ်တွေ ဖြန့်ခွဲ ပြောက်ကျားစစ်နည်းကိုလည်း  မလွတ်တမ်းလှုပ် ရှားကြရတာ ရှိပါတယ်။ ရန်သူကို ချ-ပြေး၊ ချောင်းပစ်နည်း လုပ်ရသလို ရန်သူ့နောက်ပိုင်း ဝင်ရောက်မွှေနှောက် ရတာ၊ အရေးပါတဲ့ ဆက်သွယ်ရေးလမ်းမကြီးများတလျှောက် ထိုးဖောက်လှုပ်ရှား ရတာတွေလည်း လုပ်ရလေ့ရှိ ပါတယ်။

ကျွန်တော်တို့တပ်ခွဲ ၁ ဟာ လူအင်အား ၅ဝ ကျော်လောက်ရှိတယ်။ တပ်ရင်း အခြေစိုက်မှထွက်ခွာလာပြီး နှစ်ရက်လောက် အကြာ ကုန်းဝိုင်း ဆိုတဲ့ရွာ ရောက်တယ်။ ဒီရွာက တရုတ်နဲ့ ရောနေတဲ့ရွာဖြစ်တယ်။ ကွတ်ခိုင်နယ်ထဲက ပါတီရဲ့ တည်ငြိမ်တဲ့ဒေသ အစွန်ဆုံးရွာလို့ဆိုရမယ်။ လက်နက်တပ်ဆင်ထားတဲ့ ပြည်သူ့စစ် တွေ အစဉ်သတိရှိနေတဲ့အနေအထား တွေ့ရတယ်။ ရွာမှာ ကွန်မြူနစ်ပါတီ ဒေသဆိုင်ရာပါတီအဖွဲ့အစည်းက ထူထောင်ပေးထားတဲ့ မူလတန်းကျောင်းလေးလည်း ရှိတယ်။ တပ်ခွဲရုံးကို ကုန်းဝိုင်းရွာမှာဘဲ စခန်းချလိုက်တယ်။ တပ်ခွဲနိုင်ငံရေးမှူး (ညွှန်ကြားရေးမှူးလည်း ခေါ်တယ်) နဲ့ ဒုခွဲမှူးတို့ ဦးစီးတယ်။ ခွဲရုံးက အရင်ဆုံး ပတ်ဝန်း ကျင်အခြေအနေ ရန်သူ့သတင်း စုံစမ်းလေ့လာမှုလုပ်တယ်။ နောက် ဒုခွဲမှူးဦးစီးအင်အား ၂ဝ ကျော် ထုတ်နုတ်ပြီး ပြည်သူ့စစ်တချို့ပါ ပူးပေါင်းပြောက်ကျားလှုပ်ရှားရေး ပြင်ဆင်ကြတယ်။ ပြောက်ကျားလှုပ်ရှားရေး အဖွဲ့ထဲမှာ ခရိုင်က စစ်ရေးကေဒါ လူဟောင်းကချင်ရဲဘော်ကြီးနဲ့အဖွဲ့လည်းပါတယ်၊ သူတို့က ကျွန်တော်တို့လှုပ်ရှားမယ့်ခွင် မှာ KIA မဟာမိတ် ရှိနေလို့ တပ်ပေါင်းစုလုပ်ငန်းအနေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ လိုက်လာခြင်းဖြစ်တယ်၊ ခန့်မှန်း ၁၆ နာရီ (ညနေ ၄ နာရီ) ခန့် ကုန်းဝိုင်းရွာက စထွက်တယ်။ စထွက်ကတည်းက မိုးလေးတဖွဲဖွဲဖြစ်နေလို့ ရဲဘော်တိုင်း မိုးကာတွေခြုံ ထွက်လာကြတယ်။ ကိုယ်ပေါ်မှာ သေနတ် Equipment ဘဲတပ်ဆင်လာလို့ သွားလာလှုပ်ရှားရတာ မြန်ဆန်ပေါ့ပါးနေကြတယ်။ လျှောက်လာလို့ ၂ နာရီလောက်အကြာ မုန်းလီ ဆိုတဲ့ ကချင်ရွာတရွာ ရောက်တယ်။ ရွာထဲမှာ အိမ်ဟာင်းကြီးတအိမ် ဒူဝါအိမ်လားမသိ၊ ထူးခြားနေတဲ့အိမ်ကြီးတလုံး သတိထားလိုက်မိတယ်။ ရွာထဲမှာ ဒေသတပ် (ခေါ်) ပါတီရဲ့ မြို့နယ်တပ်က ရဲဘော်တချို့ တွေ့တယ်။ သူတို့ဆီ သတင်းစုံစမ်း၊ ကျွန်တော်တို့ ဆက်ထွက်ကြတယ်။ မိုးက ကြီးကြီးမားမားမဟုတ်၊ တဖွားဖွားကျနေတယ်။ ၂ နာရီ ၃ နာရီလောက် ဆက်တိုက်လျှောက်လာတော့ မိုးတအားမှောင်နေချိန် တီမာ ဆိုတဲ့ဒေသထဲ ရောက်လာပြီ၊ မိုးတော့စဲသွားပြီ။ ဒီခွင်က ကျွန်တော်တို့အတွက် တည်ငြိမ်တဲ့ဒေသမဟုတ်၊ အပြင် စည်းလှုပ်ရှားရတဲ့ ပြောက်ကျားခွင်ဖြစ်တယ်၊ ရန်သူ အဝင်အထွက်ရှိသလို၊ ကျွန်တော်တို့တပ်နဲ့ KIA တွေလည်း ဝင်ထွက် လှုပ်ရှားတယ်။

“ဈေးရွာတရွာ ဝင်ဖြတ်သွားရမယ်၊ သတိရှိကြ၊ အသံ လုံးဝမထွက်စေရ၊ အားလုံး အသင့် အနေအထားဖြစ်နေရ မယ်” တောင်းဆိုချက် တင်းကျပ်။ တပ်ဖွဲ့ခဏနား၊ ရှေ့ပြေးတပ်ဖွဲ့ ရဲဘော် ၃ ယောက် အသင့်အနေအထားနဲ့ ရှေ့တိုး ရွာထဲဝင်သွားတယ်။ အမောပြေ ရေဘူးဖွင့်သောက်စဉ် ကျွန်တော် အောင့်မရ၊ ချောင်းတချက်ဆိုးလိုက် မိ၊ အဆင့်ဆင့် သတင်းပို့လာ၊ အသံလုံးဝမထွက်စေနဲ့၊ ဆေးလိပ်မသောက်ရတဲ့၊ ချောင်းဆိုးချင်ပြန်လို့ အတော် နေရထိုင်ရခက်နေတယ်။ နောက်ပိုင်းရဲဘော်တယောက် ချောင်းဆိုး၊ စကားတီးတိုးသံ ကြားနေရတယ်။ ဒုခွဲမှူး စိတ်ရှည်ပုံမရ၊ အသံထွက်တဲ့ဆီသွား၊ အံကြိတ်သတိပေး ဝေဖန်ပြောဆိုနေတယ်၊ မကြာခင် ရှေ့ပွိုင့်ရဲဘော်ထံမှ ဘာမှမထူး၊ တဖွဲ့လုံးရွာထဲဝင်၊ ရှမ်းနဲ့ကချင်လူမျိုးများ ရောနေတဲ့ရွာဖြစ်၊ အခြေအနေ မေးမြန်းစုံစမ်း၊ ရှေ့ဆက် ထွက်။ ညအမှောင်ထုအကာအကွယ်နဲ့ ရန်သူ့စခန်းအနီး ကပ်ဖြတ်ရတယ်။ လမ်းမတခုတွေ့၊ လမ်းတလျှောက် အထူးသတိထား လျှောက်နေစဉ် လမ်းရှေ့တည့်တည့်ဆီမှ လူသံကြားနေရတယ်၊ လူငယ်တွေများ ဖြစ်မလား၊ ဂစ်တာပါလာပုံရတယ်၊ တချက်တချက် ဂစ်တာခေါက်သံ ကြားရတယ်။ ကျွန်တော်တို့တပ်ဖွဲ့ လမ်းမှာ လူတွေ့မခံ နိုင်ဘူး၊ ရန်သူစခန်းနဲ့သိပ်နီးနေတယ်။ ရှေ့ဆုံးမှ အချက်ပေးလိုက်တာနဲ့ တဖွဲ့လုံး လမ်းဘေးမှာ အကာ အကွယ်ယူ ဝပ်နေရတယ်။ ည ၉ နာရီကျော်လောက်ကြီး ယောကျာ်းလေး မိန်းကလေး လေးငါးယောက်လောက် ရှိလိမ့်မယ်၊ အနီးအနားရွာ လည်ပတ်ကြတာဖြစ်မယ် စကားတပြောပြောနဲ့ သွားနေကြတယ်။ သူတို့ ကျော် သွားမှ ကျွန်တော်တို့ ခရီးဆက်ကြရတယ်၊ အသံနဲ့အရောင် လုံခြုံရေး အထူးသတိထား၊ ရန်သူစခန်းနဲ့ ဝေးသွား မှ ခဏနား၊ ဆက်ထွက်ရတယ်။ ညသန်းခေါင်ကျော်ချိန်ကြီး ရွာတရွာ အနီးရောက်၊ ကချင်ရွာလို့ထင်၊ မသဲကွဲ၊ တပ်ဖွဲ့လိုက် ရွာထဲမဝင်၊ အပြင်ကစောင့်ပြီး ရဲဘော်တချို့ ရွာထဲဝင်၊ ရွာသားနှစ်ယောက် ခေါ်လာတယ်။ ရွာသား များ ထိတ်လန့်နေတဲ့ပုံဘဲ။ မတတ်နိုင်၊ ရှေ့ကလမ်းပြခိုင်းရတယ်။

ညဥ့်လယ်ယံ လရောင်မှိန်မှိန် လမ်းက အတက်အဆင်းမရှိ၊ လျှောက်လို့ကောင်းနေတယ်။ နာရီဝက်လောက် အကြာ မြေပြန့်လေးတခုအစပ်မှာ ထင်ထင်ရှားရှားလမ်းကြောင်းကြီးတခု သွားတွေ့တယ်။ ကြိုတွက်မထားလို့ ကျွန်တော် ရုတ်တရက် အံ့အားသင့်သွားတယ်။ လားရှိုး-မူဆယ် ကားလမ်းပေါ် ရောက်နေပြီ။ ရဲဘော်တိုင်း ပိုသတိရှိကြတယ်၊ ကျွန်တော်က တပ်ဖွဲ့ငယ်နဲ့လှုပ်ရှားတဲ့ အတွေ့အကြုံ မရှိ။ မြေပုံလည်း မကြည့်၊ ညအချိန် ဘယ်နေရာ ဘယ်ဒေသဆိုတာ မမှန်းတတ်ဖြစ်နေတယ်။ ဒုခွဲမှူးနဲ့ ပြည်သူ့စစ်များ၊ ရွာသားများ ပြောဆိုမေးမြန်း နေစဉ် ရဲဘော်တွေ စိုးရိမ်စိတ်နဲ့ နောက်နည်းနည်းဆုတ် စောင့်နေစဉ် မြန်ဖို့လောနေတဲ့ဒုခွဲမှူးက နောက်ဆုတ် နေတဲ့ ရဲဘော်တွေဘက် ပြေးသွား၊ ဒေါပွ၊ ထိုးမယ်ကြိတ်မယ် ဖြစ်နေ၊ ရဲဘော်တယောက်က မခံ၊ ပြန်ပြော၊ ကျိတ်ဖြစ်နေကြတာ၊ အသံထွက် မရဘူး။ တောင်စောင်းတနေရာမှာ မီးလင်းနေတယ်။ ရန်သူစခန်းနဲ့တူတယ်။ ရဲဘော်တိုင်း အသင့် သေနတ်ပိုက် ကားလမ်းမအတိုင်း တောင်ဘက်ဆီ ဦးတည်လျှောက်ကြတယ်။ တိုက်ပွဲများ ဖြစ်လေမလားနဲ့ ကျွန်တော်အတွက်တော့ တကယ့်ကို သဲထိတ်ရင်ဖိုဘဲ။ ၁၅ မိနစ်လောက်လျှောက်တော့ ကားလမ်းဘေးမှာ ရွာတရွာတွေ့တယ်။ ဆက်လျှောက်တော့ တံတားတခု တွေ့ပြန်တယ်။ တံတားမှာ စောင့်နေ တာ တနာရီနီးပါးကြာလိမ့်မယ်၊ ဘာထူးခြားမှုမှမတွေ့၊ တိုက်ပွဲမဖြစ်၊ တံတားက ချောင်းကူးတံတား၊ သိပ်မကြီး ဘူး။ မိုင်းတွေကပ် ဖောက်ခွဲလိုက်တယ်။ ပေါက်ကွဲသံ ဝုန်းခနဲမြည်ဟိန်းပြီး မြေကြီးများပါ လှုပ်ခတ်သွားတယ်။ ကျွန်တော်တို့ အမြန်ပြန်ဆုတ်လာကြတယ်။ ရည်ရွယ်ချက်က နောက်မှသိရတာ လမ်းလုံခြုံရေးတိုက်ဖို့၊ မတိုက် ဖြစ်ရင် လမ်းကြောင်းဖြတ်တောက်ရေးလုပ်ဖို့။ ဒါကြောင့် တံတားကို ဖောက်ခွဲပစ်လိုက်တယ်။ မိုင်းကွဲတာနဲ့ ရန်သူသိပြီဆိုတော့ အမြန်ဆုတ်၊ တောင်ကြောတခုပေါ် ပြေးတက်တယ်။ အရေးထဲ မိုးသေးလေး ရွာလာပြန် တယ်။ မနက်မိုးလင်းနေပြီ။ မိုးနှင်းမြူတွေကြောင့် ပတ်ဝန်းကျင်တခုလုံး သဲသဲကွဲကွဲမမြင်ရ၊ ဗိုက်ကဆာ၊ တည လုံးမအိပ်ရလို့ ရဲဘော်တိုင်း နုံးချည့်နေပြီ။ တောင်ထိပ်မှာ မိုးကာတွေခြုံ၊ ခဏနား၊ ရိက္ခာခြောက် ထုတ်စားကြ တယ်။ ချမ်းလို့တုန်၊ အိပ်ချင်တာလည်း လွန်ပါရော၊ ရန်သူခွင် ကြာကြာနားမဖြစ်၊ လာလမ်းနဲ့တခြားစီ တောင် ကြောတွေ တက်လိုက်ဆင်းလိုက် လျှောက်နေကြရာ ဝ၇.ဝဝ ချိန်ခန့် ပလောင်ရွာတရွာ အနီးရောက်။ နောက်က အသံပေး ပြေးလိုက်လာတဲ့ တရုတ်ရဲဘော်တယောက်။ စောစောကအနားယူတဲ့ တောင်ကုန်းပေါ်မှာ အိပ်ပျော် ကျန်နေတာ၊ ခြေရာခံ နောက်ကလိုက်ပြေးလာလို့ မီလာတယ်။ ဒုခွဲမှူးစိတ်တို၊ ဘယ်တပ်စိတ်လဲ-ကိုယ့်လူ ကျန် မကျန် မသိဘူးလားနဲ့ အပြစ်တင်နေတယ်။ ပလောင်ရွာထဲဝင် နံနက်စာချက်စားကြတယ်။ ရန်သူနဲ့နီးနေလို့ သတိလည်းရှိရတယ်။ ကျွန်တော်တို့အဖွဲ့ထဲမှာ ပလောင်ရဲဘော် နှစ်ယောက် သုံးယောက်ပါလာလို့ ရွာလူထုနဲ့ စကားပြောရတာ အဆင်ပြေ၊ ခင်မင်ရင်းနှီးမှု မဆိုးဘူးဆိုရမယ်။

နံနက်စာ ထမင်းစားပြီး ပလောင်ရွာမှ ထွက်လာခဲ့ကြတယ်။ တီမာဈေးရွာ အရှေ့တောင်ဘက်လောက် ထင် တယ်။ လယ်ကွင်းတွေ ဖြတ်လျှောက်၊ တရုတ်ရွာတွေ တွေ့ရတယ်၊ တရုတ်ရွာတရွာဝင်။ ဒီဒေသ တရုတ်ရွာတွေ ထူးခြားတာက ဘုံကျောင်း ခေါ်မလား ဒါမှမဟုတ် ဘုရားကျောင်းလား အဆောက်အဦးတွေ တွေ့ရတယ်။ အဲဒီ မှာ တပ်အနားယူ တရေးတမောအိပ်ကြသေးတယ်။ အဆောက်အဦးတွေထဲ ဝင်ကြည့်၊ ကျွန်တော်တို့တပ်က တရုတ်စကားလည်းတတ်၊ တရုတ်ရဲဘော်တွေလည်းပါတော့ ရွာကအရပ်သားတွေလည်း ဖော်ရွေ ခင်မင်ကြ တယ်။ ထမင်းစားစဉ် ဟင်းတွေတောင် လာပေးကြတယ်။ ရွာထဲမှာ KIA တပ်တချို့လည်း တွေ့တယ်။ KIA ထဲ က ခွဲမှူးအဆင့်လောက် ဖြစ်လေမလား မသိဘူး။ သူက ရေဒီယိုလေးနဲ့ မြန်မာ့အသံသီချင်းဖွင့်ထားတယ်။ ကျွန်တော်နဲ့ စကားစပ်မိတယ်၊ ပြောရင်းပြောရင်း သူ အရင်က အစိုးရတပ်မှာလုပ်ဖူးသေးကြောင်း၊ အခုတော့ ကချင်လူမျိုးလွတ်မြောက်ရေးအတွက် လုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ သူက ကျွန်တော့်ကိုလည်း ခင်ဗျား ဗမာလူမျိုးဟုတ်လားလို့မေးတယ်၊ ကျွန်တော်က ဟုတ်မှန်ကြောင်းပြောတော့ “ဗမာဖြစ်နေပြီး၊ ဗမာ လူမျိုးမရှိတဲ့ ဒီဒေသမှာ တပ်တွေနဲ့ လိုက်လှုပ်ရှားနေတာ အံ့သြစရာဘဲ” လို့ ပြောတယ်။ “ဗမာမရှိလည်း ကိစ္စမရှိ ပါဘူး၊ ကျွန်တော်တို့က တပြည်လုံးလွတ်မြောက်ဖို့ တော်လှန်ရေးကိုယုံကြည်လို့ လာလုပ်နေတာ၊ ကျွန်တော် တို့ဆီက တခြားတပ်တွေမှာ ဗမာကျောင်းသားရဲဘော်တွေရှိတယ်၊ တချိန်မှာ ဗမာတွေနေတဲ့ဒေသ ရောက်မှာ ဘဲ” ပြောပြတော့ သူသဘောကျသွားပုံရတယ်။ ဒီပြောက်ကျားခွင်မှာ ကျွန်တော်တို့ရည်ရွယ်ချက် မပြီးသေးဘူး၊ ထပ်လှုပ်ရှားရဦးမယ်။

နောက်တရက်နေ့ခင်းပိုင်း တရုတ်ရွာက ထွက်လာကြတယ်။ နောက်ထပ်တရုတ်ရွာတရွာ တွေ့ပြန်တယ်။ ရွာထဲ မဝင်တော့၊ တောစပ်မှာ စခန်းချတယ်။ တပ်စိတ်တစိတ် ထုတ်နုတ်၊ ရန်သူလာလမ်းတခု ဖြတ်စောင့်တိုက်ဖို့ ဆုံးဖြတ်တယ်။ ရဲဘော် ၇ ယောက်လောက်ဘဲ အရင်ထွက်သွားတယ်။ ကျွန်တော်တို့ကျန်ရဲဘော်များကတော့ ဆုတ်လမ်းဘက် ထွက်လာကြတယ်။ ညမှောင်မှ ကချင်ရွာတရွာထဲ ဝင်အိပ်ကြတယ်။ နံနက်စောစော သေနတ် သံ ကြားရတယ်လို့ ရဲဘော်တချို့ပြောကြတယ်။ ကျွန်တော် သတိမထားမိ၊ မကြားလိုက်ရပါ။ နှစ်နာရီ သုံးနာရီ လောက်အကြာ ပြောက်ကျားပစ်ဖို့ထွက်သွားတဲ့ ရဲဘော် ၇ ယောက်ရောက်လာ၊ ပူးပေါင်းမိသွားပြီ။ ကျူပတ် ဆိုတဲ့ ကချင်ရွာအနီးမှာ လမ်းဖြတ်တိုက်ပွဲတပွဲဖြစ်တယ်။ မိမိထိခိုက်မှုမရှိ၊ ရန်သူသေကြေ ဒဏ်ရာမသိ သေနတ် တလက်ရလာတယ်။ ရဲဘော်တွေ ရန်သူ့သေနတ် ဝိုင်းကြည့်နေကြတယ်။ ဒီခွင်မှာ ကျွန်တော်တို့လှုပ်ရှားပြီး ပြန် ဆုတ်ရမယ်။ သတိထားရမှာက ဈေးရွာအလွန် ကျွန်တော်တို့ဆုတ်လမ်း ရန်သူနဲ့ဝင်တိုးနိုင်တယ်။ သေချာပြင် ဆင်၊ မနားဘဲ ခရီးပြင်းနှင်ဖြတ်ကျော်ရေး ဖြစ်လာတယ်။ ဈေးရွာအလွန် ရှမ်းရွာရောက်တော့ နေပူကျဲကျဲ မော ဟိုက်နေတယ်၊ ရွာမှာနားချိန်မရလိုက်၊ ရဲဘော်တွေ တယောက်နဲ့တယောက် ခပ်ဝေးဝေး လူတန်းချဲ လျှောက် ကြရတယ်။ ဒါမှ ရန်သူနဲ့တိုးလည်း အထိအခိုက်နည်းနိုင်တယ်။ ရွာကအထွက် လမ်းမပေါ်မှာ ယောက်ျားလေး နှစ်ယောက် မာလကာသီးတွေ ခူးလာတာ တွေ့တယ်။ ကျွန်တော် မအောင့်နိုင်၊ ခလေးတွေဆီ လက်ပြ၊ မာလကာသီးတလုံး တောင်းစား၊ စားလို့ အရသာရှိလိုက်တာ။ ဒီဒေသတဝိုက်မှာ မာလကာပင် မာလကာသီး ပေါတာ နောက်မှသတိထားမိတယ်။ ညနေ ခန့်မှန်း ၁၈းဝဝ နာရီကျော်ကျာ်လောက်မှာ မိမိတပ်ခွဲအခြေပြုရာ ကုန်းဝိုင်းရွာသို့ အေးအေးဆေးဆေး ပြန်ရောက် တပ်ခွဲနဲ့ပူးပေါင်းမိကြတယ်။

နောက် တပ်ခွဲ ၃ ကလည်း ရွှေကျင်ဝမ်းနောက်ကျောဘက်မှ မုန်းယု ၁ဝ၅ မိုင် ကားလမ်းဘက်အထိ ဖိကပ် လှုပ်ရှားကြတယ်။ မော်တောင်း ဆိုတဲ့ဈေးရွာအနီး ညအချိန် ပက်ပင်းတိုးတိုက်ပွဲတပွဲ ဖြစ်တယ်။ မိမိခွဲ ၃ မှ၊ နှစ်ယောက်ကျ၊ တယောက် မိုင်းထိကျဆုံးခြင်း ဖြစ်ပြီး၊ တယောက် ပက်ပင်းတိုးတိုက်ပွဲမှာကျ၊ ရန်သူ သေကြေ ဒဏ်ရာရမသိရ။ တပ်မဟာမှ ထုတ်နုတ်တပ်ရင်းတရင်းလည်း အခြေခံဒေသ ခွင်ခုန်ပြီး ကားလမ်းကျော်ကာ ၂ဝ၂ ဒေသထဲထိထိုးဖောက် ဝင်ရောက်လှုပ်ရှားတယ်။ နောက်မှ ကျွန်တော်တို့သိရတာက ဝနယ် ကွန်လုံ-ဟိုပန် ဘက်မှ ပန်ကော်ခြူးဆွေတိုက်ပွဲကြီးကို ပေါင်းစပ်ပေးတဲ့ ပြောက်ကျားလှုပ်ရှားမှုဖြစ်ကြောင်း သိရတယ်။ ကားလမ်းဘေးရွာတွေ ကျွန်တော်တို့ရောက်စဉ် ရွာသားတချို့ အစိုးရတပ်ကပေါ်တာဆွဲလို့ ထွက်ပြေးနေရ တယ် ဆိုတဲ့သတင်းကြားခဲ့ရတယ်။ အဲဒါ ဝနယ်တိုက်ပွဲများအတွက် ရန်သူက ပေါ်တာဆွဲနေခြင်းဖြစ်တယ်။ တကယ့်တိုက်ပွဲကြီးတွေက ကွန်လုံဘက်မှာ။ ခင်ဗျားတို့တပ်က တိုက်ပွဲငယ်လေးတွေဘဲဆိုပြီး အရပ်သားတချို့ ပြောကြတာတောင်ရှိတယ်။

ဖော်ပြပါစစ်ရေးလှုပ်ရှားမှုတွေဟာ ၁၉၇၇ ခုနှစ်က ဖြစ်တယ်။ ထိုနှစ်က ပြည်သူ့တပ်မတော် တပ်မဟာ ၂ အနေ နဲ့ အင်အားစုလှုပ်ရှားရေး အကန့်အသတ်ခံရသလိုဖြစ်နေတယ်၊ အကြောင်းက ရွှေကျင်ဝမ်းတောင်ကြော ၂ ကုန်းနဲ့ ၃ ကုန်းကို ရန်သူက အလစ်အငိုက်ယူသိမ်းထားလို့ နံပါတ် ၁ ကုန်းကို တပ်မဟာ ၂ ကတပ်တချို့ထုတ် ခံစစ်ယူထားရချိန်ဖြစ်တယ်၊ သို့ပေမဲ့ တပ်တချို့ထုတ်၊ ရန်သူ့နောက်ပိုင်းထိုးဖောက်ရေးတွေ လုပ်နိုင်ခဲ့တယ်။ ပြောက်ကျားလှုပ်ရှားမှု ဖြစ်စဉ်လေးကတော့ ဒီလောက်ဘဲ ဖြစ်တယ်။

မောင်စိန်သော်
၂၅. ၂. ၂ဝဝ၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments