မောင်စိန်သော် ● မဆုတ်တမ်း ခံစစ်စခန်း တိုက်ခဲ့စဉ်က – အပိုင်း (၁)

February 7, 2018

● မဆုတ်တမ်း ခံစစ်စခန်း တိုက်ခဲ့စဉ်က – အပိုင်း (၁)
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂ဝ၁၈

ပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်ဒေသဟာ တချိန်က တည်ငြိမ်တဲ့ တော်လှန်ရေးအခြေခံဒေသ ဖြစ်ခဲ့တယ်။ ဒေသတွင်းမှာ ၊ ပလောင်၊ ၊ တရုတ်နဲ့ မြောင်လူမျိုးများပါနေထိုင်ကြလို့ လူမျိုးစုံတဲ့ တောင်တန်းဒေသဖြစ်တယ်။ မုံဂူ၊ မုန်လုံ၊ ဖောင်းဆိုင်၊ မုန်းဟုန်၊ မုန်းပေါ်ကြီး နမ့်ကျွမ်းစတဲ့ မြို့ငယ်ပုံစံ ဈေးရွာတွေ လည်းရှိတယ်၊ ဈေးနေ့တွေမှာ အတော်အတန် စည်ကားတယ်။ ဒီဒေသကို တည်ငြိမ်တဲ့ တော်လှန်ရေးအခြေခံ ဒေသဖြစ်လာဖို့ အသက်သွေးချွေးတွေ ရင်းနှီးပြီး ရန်သူကို တောရှင်းသလို ခုတ်ထွင်ရှင်းလင်း တိုက်ထုတ်ခဲ့ရတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက နိုင်ငံရေးအရစည်းရုံးမှုနဲ့ ဒိုင်နယ်၊ မြို့နယ်၊ ခရိုင်စတဲ့ ပြည်သူ့အုပ်ချုပ်ရေး အာဏာကိုလည်း တည်ဆောက်ခဲ့တယ်။ ဒေသတည်ငြိမ်ရေး၊ ကာကွယ်ရေးတွေကို ပါတီခေါင်းဆောင်တဲ့ ပြည်သူ့တပ်မတော်က တာဝန်ယူခဲ့တယ်။ ဒေသတပ်နဲ့ ပြည်သူ့စစ်တွေလည်း ဖွဲ့ထားတယ်။

ကွတ်ခိုင်နယ်မြောက်ဘက်ပိုင်းက တရုတ်ပြည် ယူနန်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းဆက်စပ်နေပြီး အရှေ့ဘက်မှာတော့ သံ လွင်မြစ်နဲ့ ကာဆီးထားတယ်။ သံလွင်အရှေ့ဘက်က ကိုးကန့်နယ်။ ထိုစဉ်က တော်လှန်ရေးနယ်ဖြစ်တယ်။ ကွတ်ခိုင် နယ်တောင်ဘက်မျက်နှာက သိန္နီ-ကွန်လုံကားလမ်းရှိတယ်။ အဲဒီကားလမ်းတလျှောက် ရန်သူတပ်များ စခန်းချ နေရာယူထား ပါတယ်။ အနောက်ဘက်မျက်နှာက လားရှိုး-မူဆယ်-ကျူကုတ်ထိ ကားလမ်းမကြီးရှိပြန်တယ်။ ကျူကုတ်မြို့နဲ့ ကားလမ်း ပိုင်းကို ပါတီတပ်များကသိမ်းပိုက်ထားပြီး တော်လှန်နယ်မြေ နမ့်ခမ်းခရိုင် ဖြစ်နေတယ်။ မူဆယ်မြို့တဝိုက်ကစတင်ပြီး လား ရှိုးအထိ ကားလမ်းမကြီးတလျှောက် ရန်သူတပ်များ တန်းစီချထားတယ်။ ကွတ်ခိုင်မြို့မှာ ရှေ့တန်း တပ်မ ၉၉ ဌာနချုပ်ထားပြီး၊ ကွန်လုံမြို့ဘက်မှာ ဗျူဟာရုံးတခု ထားတယ်။ ရမခကတော့ လားရှိုးမှာပါ။ ဒီလိုအကွက်စေ့စေ့ ရန်သူက ဖြန့်ကျက် နေရာယူထားတဲ့ အခြေအနေမှာ ပြည်သူ့တပ်မတော် အဓိကတပ်ဖွဲ့တခုဖြစ်တဲ့ တပ်မဟာ ၂ လှုပ်ရှားတိုက်ခိုက်ရ မှုတွေဟာ ဆက်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ကားလမ်းမတလျှောက် ဖြစ်နေတယ်။ ထိုစဉ်က နယ်စပ်တလျှောက် ကုန်သွယ်ရေးက ဒီခေတ်လို ကြီးထွားနေတာမဟုတ်၊ ကားလမ်းမှာ အရပ်သားကားများ သွားလာနေတဲ့တိုင် ခရီးသည်တင် ဘတ်စ်ကားများ သာများတယ်။ ကုန်တင်ကား ဒီခေတ်လောက်မများဘူး။ ကျန်တဲ့ကားတွေက စစ်ကားတွေများတယ်။ ဒါကြောင့် ကားလမ်းမပေါ်လှုပ်ရှားနေတဲ့ ရန်သူကို လမ်းဖြတ်စောင့်တိုက်ရတဲ့တိုက်ပွဲ တော်တော်များများ ရှိခဲ့တယ်။ တပ်မ ၉၉ ဒုတပ်မ မှူးနဲ့ ဗျူဟာမှူးတွေသေကြေတဲ့အထိ အချေမှုန်းခံလိုက်ရတဲ့ တိုက်ပွဲတွေ ဒီကားလမ်းမတွေပေါ်မှာ ဖြစ်ပွားခဲ့ဖူးတယ်။ မူဆယ်-လားရှိုးကားလမ်းအနောက်ဘက်ခြမ်းကနေ ၂ဝ၂ စစ်ဒေသအထိ၊ ကြားခံနယ်ကို ပြည်သူ့တပ်မတော် နမ့်ခမ်းခရိုင်တပ်၊ ၈ဝ၁ တပ်ရင်းက တာဝန်ယူလှုပ်ရှားတယ်။

တပ်မဟာ ၂ တပ်မဟာရုံးမှာ စစ်ဦးစီးဌာန၊ နိုင်ငံရေးဌာန၊ ထောက်ပံ့ရေးဌာနဆိုတာတွေက လုပ်သားအင်အား တောင့်တင်းတဲ့ အနေအထားရှိတယ်၊ လေယာဉ်ပစ်စက်သေနတ်ကြီးတပ်စု၊ မိုင်းနဲ့ဖောက်ခွဲရေးတွေအတွက် စနစ်တကျလေ့ကျင့်ထားတဲ့ အင်ဂျင်နီယာတပ်စုတို့အပြင် ကွန်မန်ဒိုတပ်စုပုံစံတွေအထိ ဖွဲ့ထားတယ်။ ဆေးတပ် ဖွဲ့ဆိုရင်လည်း လူဟောင်းကချင် ဆရာဝန်ရဲဘော်ကြီး ခေါင်းဆောင်တယ်။ အမျိုးသမီးရဲဘော်တွေနဲ့ လူအင်အား များတယ်။ သယ်ယူပို့ဆောင်ရေးအတွက် မြင်းလားတွေလည်း မနည်းဘူး။ ကျွန်တော်တို့က တပ်မဟာလက်အောက်ခံတပ်ရင်း ၁ မှာပါ။ တပ်ရင်းတရင်းလုံးမှ ထိုစဉ်က ကျွန်တော်အပါအဝင် ဗမာပြည်မကတက်လာတဲ့ ရဲဘော် လေး-ငါးယောက်ပဲ ရှိပါတယ်၊ ကျန်တပ်ရင်းတွေမှာလည်း ဗမာရဲဘော် လေး-ငါးယောက်စီလောက် တော့ရှိတယ်၊ တပ်မဟာရုံးမှာလည်း ရှိတယ်။ ကျွန်တော်တို့မှာ တပ်လုပ်ငန်းတွေ အပြင် တပ်နားချိန် ဗမာစာသင်ပေးရတဲ့ တာဝန်ပါပေးထားတယ်။ တပ်မဟာရုံးဟာ မုန်းပေါ်ကြီးအနီး မန်ကျန်ကုန်းဆိုတဲ့ ကချင်ရွာမှာ အခြေပြုထားတယ်။

၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ ထင်တယ်။ နေ့ရက် တိတိကျကျ မမှတ်မိတော့ဘူး။ မန်ကျန်ကုန်းရွာရှိ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းအနီး တပ်မဟာရုံးရှေ့ကကွင်းပြင်ကြီးထဲမှာ တပ်မဟာလက်အောက်တပ်ရင်းအားလုံး စုစည်း ပြီး တပ်မဟာမှူး ရဲဘော်ထွန်းတင်ကမိန့်ခွန်းပြောတယ်။ တပ်မဟာမှူးမိန့်ခွန်းထဲက လက်နက်ကိုင်တော်လှန်ရေး နှစ် ၃ဝ မြောက်နေ့ကိုအထိမ်းအမှတ်ပြုတဲ့အနေနဲ့ ငါတို့က စစ်ရေးတာဝန်တခု ထမ်းဆောင်ရမယ်ဆိုတဲ့ အဓိကဆော်သြချက်ကိုဘဲ အလေးထားမှတ်သား လိုက်မိတယ်၊ သူ့မိန့်ခွန်းက တပ်ထုတခုလုံးရဲ့ စိတ်အာရုံတွေ ဆွဲစု လိုက်တဲ့အဓိပ္ပာယ် ဖြစ်သွားတယ်။ အစည်းအဝေးကို တပ်မဟာဒုနိုင်ငံရေးမှူး ရဲဘော်အောင်လင်း (ခေါ်) ဟုန်လောစစ်က ဆက်ပြောတယ်။ ပါတီဗဟိုစိတ်ဓာတ်၊ ရန်-ငါအခြေအနေနဲ့ ညီနောင်တပ်ဖွဲ့များရဲ့ တိုက်ပွဲ သတင်းများ ဖတ်ပြ၊ ရှင်းပြပြီး နိုင်ငံရေးအရလှုံ့ဆော်လိုက်တယ်။ တပ်ဖွဲ့လိုက်နေရာယူ ထိုင်နေကြရတာဖြစ်လို့ အားလုံးကြားနိုင်လောက်အောင် ဒုနိုင်ငံရေးမှူးက အသံကိုမြှင့်ပြောနေတယ်။ သူ့လှုံ့ဆော်ချက်တွေအပြီး နောက် ဆုံးအစီအစဉ်အနေနဲ့ တပ်ရင်းမှူးများက တပ်ရင်းအလိုက်သံန္နိဋ္ဌာန်စာတမ်းများကို တပ်ရင်းကိုယ်စားပြု ဖတ်ပြကြတယ်။ တပ်ရင်း ၁ဝ၇ တရင်းသာ ခရီးဝေးထွက်လှုပ်ရှားနေလို့ အစည်းအဝေးမ တက်နိုင်သည်မှအပ ကျန် တပ်မဟာတပ်ရင်း ၃ ရင်းနဲ့ တပ်ဖွဲ့အားလုံး တက်ရောက်တယ်။ တပ်ထုအစည်းအဝေးပြီးဆုံးချိန် ညနေ ဆည်းဆာရဲ့ မြင်ကွင်းကြီးတခုလုံး လှုပ်လှုပ်ရွရွနဲ့ ဂနာမငြိမ်ဖြစ်သွားပြီး တပ်တိုင်းက သတ်မှတ်ချက်အတိုင်း ဦးတည် ရွေ့ရှားထွက်ခွာကြတော့တယ်။

အဲဒီနေ့ညနေ ကျွန်တော်တို့တပ်ရင်း မုန်းပေါ်ကြီးဒေသ နမ့်ချက်တောင်ခြေရှိ ကချင်ရွာမှာ ညအိပ်တယ်။ နောက် နေ့ခန့်မှန်း နံနက် ဝ၅.ဝဝ နာရီခန့် နမ့်ချက်က စထွက်တယ်။ ခန့်မှန်း ဝ၈ဝဝ ချိန် မုန်းပေါ်လေးဈေးအနီးရောက်၊ တပ်နား၊ နံနက်စာချက်စားတယ်။ ထမင်းစားပြီး တပ်ရင်းတရင်းလုံး တနေ့ခင်းလုံး ဈေးအပြင်တောစပ်မှာ အနား ယူအိပ်ခိုင်းထားတယ်။ တပ်ရင်းမှူး၊ ဦးစီး၊ ခွဲမှူး၊ စုမှူးတချို့ပါဝင်တဲ့ ကင်းထောက်တပ်ဖွဲ့ငယ်တခုက နံနက် စာစားပြီး ရှေ့ခရီးဆက်ထွက်သွားတယ်။ ကျွန်တော်တို့ နေခင်းအိပ်နေစဉ် တပ်နဲ့အတူကျန်နေတဲ့ တပ်ရင်းနိုင်ငံရေးမှူးက တပ်တွင်းရှိ ကွန်မြူနစ်ပါတီဝင်နဲ့ လူငယ်အဖွဲ့ဝင်များကို သီးခြားခေါ်ယူတွေ့ဆုံဆွေးနွေးမှုတွေ လုပ်တယ်။ နေ့ခင်းအိပ်ခိုင်းလို့သာ အိပ်နေကြရတာ၊ အိပ်မ ပျော်ကြ၊ ရဲဘော်တိုင်း တိုက်ပွဲဝင်ရေးအတွေးကိုယ်စီ ရှိနေကြတယ်။

အဲဒီနေ့ ၁၅ဝဝ နာရီမထိုးခင် ညနေစာထမင်းစားပြီးရမယ့်အပြင် နောက်တနပ်စာ ရဲဘော်တိုင်း ထမင်းတထုပ် ပါရမယ် ဆိုတဲ့ညွှန်ကြားချက် တပ်ခွဲကေဒါတယောက် တပ်ထဲလိုက်ပြောနေတယ်။ ချက်ချင်းဆိုသလို ရဲဘော် တွေ ပြင်ဆင်ကြရတယ်။ ၁၅ဝဝ နာရီချိန်ခန့် မုန်းပေါ်လေးမှ တပ်ရင်းတရင်းလုံးစထွက်တယ်။ ကွတ်ခိုင်နယ် နမ့်ကျွမ်းဒေသ ဟယ်ထောက်ချင်းဆိုတဲ့ ဈေးရွာသို့ ၁၈ဝဝ နာရီသာသာခန့်ရောက်တယ်။ တပ်မဟာတခုလုံး စုရပ်ဖြစ်တယ်။ တပ်တွေအားလုံး ဆုံစည်းနေပြီ၊ သေနတ်သံတချက် ဒိုင်းခနဲ ထွက်လာတယ်။ စိုးရိမ်တကြီး အားလုံး ရုတ်ရုတ်သဲသဲလိုဖြစ်သွားတယ်။ မတော်တဆ ကျည်လွတ်သွားပုံရတယ်။ ပြဿနာမရှိဘူး၊ တပ်အား လုံးစထွက်မယ်။ စစ်ခရာသံ အသံရှည်ဆွဲမှုတ်လိုက်တယ်။ ၁၉ဝဝ နာရီလောက် ဟယ်ထောက်ချင်းမှ စထွက် တယ်။ ကျွန်တော်တို့တပ်ရင်းက ရှေ့ဆုံးတပ်ဦးကဖြစ်နေတယ်။ ညခရီး အပြင်းချီတက်တယ်။ တာအဲထိုက်ဆိုတဲ့ တရုတ်ရွာရောက်တော့ ခဏနားတယ်။ ရွာအမည် ပြောလို့သာသိရတာ၊ ကျွန်တော် တခေါက်မှမရောက်ဖူး သေးဘူး။ ပတ်ဝန်းကျင်တခုလုံးကလည်း မဲမှောင်နေတယ်။ ခွေးဟောင်သံတွေ ဆူနေအောင် ကြားနေရတယ်။ အဲဒီကနေ ရှေ့ဆက်ထွက်၊ မိုးမလင်းသေးဘူး၊ ချန်ချင်စန်းဒေသထဲ ရောက်နေပြီလို့ သိရတယ်။ ရွာတိုင်းက ခွေး ဟောင်သံ ဆူနေတယ်၊ ရန်သူ မကြားနိုင်ဘူးလား၊ ကျွန်တော်အတွေး စိုးရိမ်စိတ်များနဲ့ ရွာတရွာဖြတ်ဝင်၊ အမည်မသိ။ ရှင်းရှင်းလင်းလင်း မမြင်ရ၊ မှောင်မှောင်မည်းမည်း ဖြစ်နေဆဲ။ ရဲဘော်တွေအားလုံး ခရီးပန်းနေပြီ။ အားလုံးနား မအိပ်နဲ့၊ အသင့်ဖြစ်နေရမယ်တဲ့ ညွှန်ကြားထားတယ်။ ဗိုက်ဆာကြလွန်းလို့ ထမင်းထုပ် ဖြေစားကြ တာတွေရှိတယ်။ ရောက်နေတဲ့ နေရာက တောင်ကြားကရွာလေးတရွာ၊ အမှောင်ထု လွှမ်းနေဆဲဘဲ။ ဒေသစိမ်းမို့ မှန်းဆမရဘူး။ တပ်မှူးတချို့လည်း ဒေသကျွမ်းဟန်မတူ။ လက်နှိပ်ဓာတ်မီး အောက်စိုက်ထိုး၊ လျှောက်သွား လိုက် ပြန်လာလိုက်ဖြစ်နေတယ်။ ဒေသခံတချို့ခေါ်၊ စုံစမ်းမေးမြန်းနေတယ်နဲ့တူတယ်။ ကျွန်တော်တို့တပ်ရင်း ရှေ့ပြေးတပ်ဖွဲ့နဲ့ ဆက်သွယ်မိလိုက်ပြီ၊ အခြေအနေတခုလုံးကို ကေဒါတွေ ညှိနှိုင်းဆွေးနွေးပြီးသွားပြီဖြစ်လို့ တနေရာမှာ ကျောပိုးအိတ်နဲ့ အပိုပစ္စည်းတွေ စုပုံထားခဲ့ပြီး အစောင့်ရဲဘော် တချို့ထားခဲ့တယ်။

တောင်ကြားရွာလေးမှ တောင်ဘက်ထင်တယ်၊ ထွက်လာကြပြီ၊ တောင်ကြားလမ်းဘေးစုရပ်တခုမှာ တပ်ရင်းမှူးနဲ့ အဖွဲ့စောင့် နေတယ်။ ရင်းမှူးက အသံခပ်အုပ်အုပ်လုပ် “အားလုံးတိုက်ပွဲဝင်ဖို့အသင့်ပြင်၊ ငါတို့တပ်ရင်း ရန်သူ့ စခန်း တက်ထိုးရေးတာဝန် ယူထားတယ်။ ရန်သူ့စခန်းကို သေချာထောက်လှမ်းကြည့်ထားပြီးပြီ၊ ထိုးလို့ရတယ်၊ ရအောင်လည်း ထိုးရမယ်” ကျွန်တော်တို့ တပ်ရင်း တက်ထိုးရေးတာဝန်ဖြစ်ကြောင်း ရဲဘော်တွေ ရှင်းရှင်းလင်း လင်း သိလိုက်ရတယ်။ “ဘာမှ ကြောက်စရာမလိုဘူး” တဲ့။ ကျွန်တော်တို့တပ်ခွဲနိုင်ငံရေးမှူးက ပြောနေတယ်။ လက်ပစ်ဗုံး များများသုံးရမယ်။ ရန်သူကတုတ်ထဲ လက်ပစ်ဗုံးများများ ပစ်သွင်းလို့ ပြောနေတယ်။ ပါတီဝင်တွေ လူငယ်ဝင်တွေ၊ ပါတီဝင်လျှောက်ထားသူတွေ ဒီဘက်အမြန်ထွက်ခဲ့၊ ခွဲ ၁ ဒုခွဲမှူးဦးစီး ရှေ့ဆုံးမုန်တိုင်းတပ် ၁၅ ယောက်၊ လာ-လာ ဒီဘက်။ အသံကပြတ်သားနေတယ်။ ရဲဘော်တွေ ရုတ်တရက်တွေဝေသွားပုံ တွေ့ လိုက်ရတယ်။ ကျွန်တော့်ရင်ထဲမှာလည်း လှိုက်ဖိုနေတယ်။ တိုက်ပွဲဝင်မုန်တိုင်းတပ် ဖွဲ့စည်းတာ ဒါမျိုးပါလားလို့ အတွေ့အကြုံမရှိသေးတဲ့ ကျွန်တော် ခုမှ သဘော ပေါက်တော့တယ်။ ဒုတိယမုန်တိုင်း ၂ဝ၊ ခွဲမှူးဦးစီးတယ်၊ တပ်ခွဲရှိ ကျန်ရဲဘော်အားလုံး ခွဲနိုင်ငံရေးမှူးဦးစီး၊ တတိယမုန်တိုင်းတပ် ဖြစ်တယ်။ ကျွန်တော့်ကို တတိယမုန်တိုင်းတပ် မှာ ထည့်ထားတယ်။ တပ်ရင်းမှူးက ပါတီနဲ့ ပြည်သူအတွက် အသက်စွန့်ရမှာ မကြောက်နဲ့၊ ရဲသုံးရဲစိတ်ဓာတ်ကို အကောင်အထည်ဖော်ကြလို့လှုံ့ဆော်ပြီး ရှေ့ချီတက်တယ်။ ကျန်တပ်ခွဲများနဲ့ ရင်းရုံးက မုန်တိုင်းတပ်ခွဲနောက်က အဆက်မပြတ်လိုက်လာကြတယ်။ လူတန်းကိုချဲကာ သေနတ်အသင့်ပိုက်ပြီး ရှေ့ကိုချီတက်နေပြီ၊ ခွဲကေဒါ တယောက်က ခဏနေဦးတဲ့၊ ကျွန်တော်က ရှေ့ရဲဘော်ကို တဆင့်သတင်းပို့လိုက်တယ်။ အဲဒီအချိန် နောက် ကနေ ကျွန်တော်တို့ရှေ့ကို အတင်းတိုးတက်ကာ ဖောက်ခွဲရေးယမ်းတွေ အသင့်ပြင်ထမ်းလာတဲ့ ရဲဘော်တချို့ ကျော်တက်သွားတယ်။ ဒီအထဲ ဗန်းမော်သား စိုးလင်းဆိုတဲ့ရဲဘော်လေးက ကျွန်တော့်နားနားကပ်ပြီး ကျွန်တော် ကိုယ်တိုင် ရန်သူ့ခြံစည်းရိုးကို ဖောက်ခွဲပစ်မယ်လို့ ပြောသွားတယ်။ ကျွန်တော် ဒီရဲဘော်လေး ထိခိုက်ဒဏ်ရာရ ဖြစ်လေမလားလို့ တွေးပူလိုက်မိသေးတယ်။ သဲထိတ်ရင်ဖို အမှောင်ထုအကာအကွယ်နဲ့ ရန်သူစခန်းဆီ ထိုး တက်နေပြီ။ အရပ်သားနှစ်ယောက် ရှေ့ကနေနောက်သို့ ခပ်သုတ်သုတ်ပြေးဆင်းလာလို့ ကျွန်တော်တို့ ရှောင် ပေးလိုက်တယ်။ လမ်းလိုက်ပြတဲ့အရပ်သား ဖြစ်ပုံရတယ်။ တခဏအကြာ ခေါင်းပေါ်မှာ လေဟပ်သလို ခံစား လိုက်ရပြီး ဗြုန်းစားကြီး မီးရောင်လက်ခနဲ တွေ့လိုက်ရကာ ချက်ချင်းဘဲ “ဝုန်း” ဆိုတဲ့ပေါက်ကွဲသံကြီးနဲ့အတူ ဒုန်း-ဒုန်း-ဒုန်း၊ ဒိန်း-ဒိန်း-ဒိန်း ပစ်ခတ်ပေါက်ကွဲသံတွေ တိတ်ဆိတ်နေတဲ့မိုးသောက်ယံကို ပွက်လောညံသွား အောင် ဖြိုခွင်းဖောက်ခွဲလိုက်တော့တယ်။ ဘယ်သူမှ အမိန့်ပေးစရာမလိုဘဲ ချီတက်နေတဲ့ တပ်ဖွဲ့တခုလုံး အောက်ကို ပြားကနဲနေအောင် ဝပ်ချလိုက်ကြတယ်။ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေ ပွက်ပွက်ညံ နေဆဲမှာဘဲ တပ်ရင်းမှူးဟာ ပစ္စတိုကို အလွတ်ကိုင်ပြေးတက်လာတယ်၊ “ငါတို့ဘက်က စတိုက်တာ၊ မကြောက် ကြနဲ့၊ သူများတွေ တက်ထိုးနေပြီ၊ ရှေ့တက်ထိုး၊ ရှေ့တက်ထိုး မတက်ရဲတဲ့သူ ငါနဲ့အတွေ့ဘဲ” တဲ့။ တအား ကုန်းအော်ပြီး ရဲဘော်တွေကို မောင်းတင်လိုက်တယ်။ အချိန်မဆိုင်းဘဲ ရဲဘော်တွေ အတင်းတွားတက်နေ တယ်။ မိမိဘက်က လက်နက်ကြီးပစ်ကူအဖွဲ့မှ ပွိုင့်ဖိုက်ကျည်မှာ မီးကျည်များဖြင့် ဦးတည်တိုက်မယ့် ရန်သူ့ စခန်းကို ပစ်ပြပေးနေတယ်။ “ကြည့်လို့ သိပ်ကောင်းတယ်ဟေ့” လို့ ရဲဘော်တယောက်က အော်လိုက်တယ်၊ ဆူပွက်သွေးပူနေချိန် တက်ထိုးမယ့်ရန်သူ့စခန်းကို သေချာမှန်းကြည့်လို့ရပြီ၊ ရဲဘော်တချို့ အပြေးအလွှား ကျော် တက်သွားတယ်။ အားကျမခံ ကျွန်တော်လည်း ရှေ့တိုးတက်လိုက်တယ်။ ကျည်ဆန်တွေ ခေါင်းပေါ်က တရွှီရွှီနဲ့ ရန်သူက ဆီးပစ်နေပြီ။ ဘေးဘက်လှည့်ကြည့်လိုက်တော့ တရုတ်ရဲဘော်တယောက် ရင်ဝထိမှန်တာ တွေ့လိုက် ရတယ်၊ ဒဏ်ရာပြင်းလို့ တအားအားအော်နေတယ်။ ဆေးမှူးရဲဘော်က အတင်းတက်ကောက် သယ်ယူသွား တယ်။ ကျွန်တော်လည်း ဟိုလှည့်ကပ်၊ ဒီလှည့်ကပ်နဲ့၊ နေရာမရ ဖြစ်နေတယ်၊ မိုးစင်စင်လင်းသွားပြီ။ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း တွေ့နေရပြီ။ ကျွန်တော် တို့တက်ထိုးနေတဲ့ ရန်သူ့စခန်းကုန်းဟာ ကျောက် တုံးကျောက်ဆောင်တွေ ထူထပ်နေတဲ့ ကုန်းကြီးပါလား။ ရှေ့မှာရှိနေတဲ့ ကျောက်တုံးကြီးတတုံးဆီ ကျွန်တော် ခုန်ကူးပြေးကပ်လိုက်တယ်။ ရန်သူက အတွဲလိုက်ဆက်တိုက်ပစ် ခတ်တယ်။ ကျောက် တုံး ထိမှန် ပေါက်ကွဲသံတွေ နားကွဲမတတ်ခံစားရတယ်။ ရှေ့လှမ်းကြည့်လိုက်တော့ ရန်သူ့စခန်းအခြေမှာ ကျွန်တော်တို့ရဲဘော် လေး- ငါးယောက်ကပ်နေတာ တွေ့ရတယ်။ ဒီအချိန် ကျွန်တော်နဲ့ဘေးတိုက်ရှိနေတဲ့ မာလ ဆိုတဲ့ ကချင်ရဲဘော်ကြီးက “ဟေး ရဲဘော် ဝပ်နေ၊ မလှုပ်နဲ့၊ ခင်ဗျားကို ရန်သူမြင်လို့ ချိန်ပစ်နေတာ၊ သတိထား ရဲဘော်” ဟု အော်ဟစ် သတိပေးနေတယ်။

အထူးတပ်ရင်း နိုင်ငံရေးမှူးနဲ့အဖွဲ့ ၅၇ မမကြီးကိုင်ပြီး ကျွန်တော်တို့ဘက် ပြေးတက်လာတယ်။ သူတို့က “ဒီက ပစ်ကူနဲ့ရ အောင်ထိုး၊ ဒီဘေးဘက်က အထူးတပ်ထိုးတဲ့ကုန်း သိမ်းမိပြီ။ ရန်သူအလောင်းနဲ့ လက်နက်တွေပါ သိမ်းရလိုက်တယ်” လို့ပြောလိုက်လို့ အတော်လေးအားတက်ကြတယ်။ သူတို့လိုက်ရှင်းနေဆဲဘဲ၊ မင်းတို့ရှေ့က ကုန်းကျန်နေတယ်၊ လက်နက် ကြီး ပစ်ကူပေးမယ်၊ ရအောင်တက်ထိုးကြ၊ ပြောသာနေတယ်။ ဒီအချိန် ၅၇ မမ ကျည် နည်းသွားပြီ။ တခြားလက်နက်ကြီး တွေလည်း ဆက်တိုက်မပစ်နိုင်ကြတော့ဘူး ဖြစ်နေတယ်၊ လက်နက် ကြီးကျည် အမြန်ပို့ပေးဖို့ ဆက်သွယ်ရေးစက်နဲ့အတူ တက်လာတဲ့ ကျွန်တော်တို့ရင်းနိုင်ငံရေးမှူးက နောက်က စက်ဖွင့်ပြောသံ ကြားနေရတယ်။ လက်နက်ကြီးကျည်ဆန်က တော်တော်နဲ့ရောက်မလာ၊ ရဲဘော်အားလုံး ဝပ်နေရတာ စိတ်မရှည်နိုင်ဖြစ်နေကြတယ်။ အချိန်က ရပ်မနေ၊ တောင်ကုန်း တက်ထိုးရင်း အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်နေတာ ၂ နာရီ၊ ၃ နာရီ လောက်ကြာသွားပြီ။ ပတ်ဝန်းကျင်မြင်ကွင်းက ရှင်းနေတယ်။ ရန်သူ့ စခန်းရောက်ဖို့ လျှိုတခုကျော်ရသေးတယ်။ တောင်ကုန်းပေါ်က အဝေးကိုစီးကြည့်လိုက်တော့ ကားလမ်းနဲ့ ကွန်လုံမြို့ကို ထင်းထင်းကြီးတွေ့နေရတယ်။ နောက်တနေရာ သံလွင်မြစ်အနောက်ဘက် ကားလမ်းဘေးက လူနေအိမ်အစုတွေ လှမ်းမြင်ရတယ်။ ဟူလီရွာဖြစ်မယ်လို့ ရဲဘော်တွေပြောကြတယ်။ သံလွင်မြစ်ကို အပေါ်က စင်းစင်းကြီး အမြှောင်းလိုက်မြင်နေရတယ်။ ရှုခင်းက တယ်လှတာဘဲ၊ ယမ်းငွေ့တွေကြားက ကြည်နူးသလို ခံစား လိုက်မိသေးတယ်။ ရန်သူက ကွန်လုံမြို့ဘက်ရှိ အမြောက်ကုန်းကနေ အမြောက်နဲ့ ဒလစပ်လှမ်းပစ်နေတယ်။ သူထင်ရာရမ်းပစ်နေတာဖြစ်လို့ ကျွန်တော်တို့တပ် အထိအခိုက်မရှိဘူး။ ရဲဘော်တွေက ရန်သူ့စခန်းအခြေကို ကပ်ထားကြလို့ ရန်သူအမြောက်တွေက သူ့စခန်းနဲ့လွတ်ရာကိုဘဲ ရမ်းပစ်ရတော့ ကျွန်တော်တို့ အထိအခိုက် မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့တပ်ရဲ့ ရှေ့နောက်ဆက် သွယ်ရေးနဲ့ တိုက်ပွဲခွင်ထဲထိ ကျည်ဆန်ပို့ပေးရေးကိုတော့ ကောင်းကောင်း နှောက်ယှက်နိုင်တယ်။ ရန်သူပစ်တဲ့အမြောက် ဆန်တွေထဲမှာ တချီတချီ လေကွဲလို့ခေါ်တဲ့ ကျည်တွေ ကောင်းကင်မှာဘဲ လျှပ်စီးလက်သလို ဝင်းခနဲလက်ခနဲတွေ့ရတယ်၊ တဂျိမ်းဂျိမ်းမြည်နေတဲ့ ပေါက်ကွဲ သံတွေဟာ တောင်ကြောတခုလုံး ဟိန်းညံနေတော့တယ်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်