မောင်စိန်သော် ● မဆုတ်တမ်း ခံစစ်စခန်း တိုက်ခဲ့စဉ်က – အပိုင်း (၂)

February 8, 2018

● မဆုတ်တမ်း ခံစစ်စခန်း တိုက်ခဲ့စဉ်က – အပိုင်း (၂)
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂ဝ၁၈

နံနက် ၉ နာရီကျော် ၁ဝ နာရီလောက် ဖြစ်လိမ့်မယ်။ ရန်သူလေတပ်က ဗုံးကြဲလေယာဉ်တွေ ရောက်လာပြီး ကျွန်တော်တို့ လာလမ်းနဲ့ ရှေ့တန်းကွပ်ကဲမှုရုံး မှန်းပြီး ဗုံးကြဲချတာဖြစ်မယ်။ ကျွန်တော်တို့စခန်း ဦးတည်ထိုးစစ် ဆင်နေတဲ့တပ်တွေနဲ့ ခဲယမ်းကျည်ပို့ပေးနိုင်တဲ့ နောက်ပိုင်းလမ်းကြောင်း ဖြတ်တောက်ခံရသလို ဖြစ်သွားတယ်။ အရေးတကြီးလိုနေတဲ့ လက်နက်ကြီးပစ်ကူပေးရေး မပစ်နိုင်ဘဲ အခက်အခဲဖြစ်နေတယ်။ ပို့လာတဲ့ ဖြည့်ကျည်ကလည်း မလုံမလောက်။ ရှိတဲ့လက်နက်ကြီးပစ်ကူနဲ့ဘဲ မီးကျည် ၂ လုံးပစ်ပြီး နောက်တချီဆက်ထိုးတယ်။ ရဲဘော်တချို့ ခြံစည်းရိုးနားရောက်နေပြီ။ ကျွန်တော်တို့အဖွဲ့လည်း လျှိုတခုအမြန်ဖြတ် ရှေ့ထိုးတက်တယ်။ ဒဏ်ရာရများနေလို့ တက်မရဖြစ်နေတယ်၊ ကျောက် တောင်ကြီးတခု အကာအကွယ်ယူထားတယ်။ လက်တကမ်းအလိုဘဲ၊ လက်ပစ်ဗုံးတွေ ဘဇူကာတွေ ကျွန်တော်တို့ဘက်က ပစ်သွင်းလိုက်လို့ ပေါက်ကွဲသံများနဲ့ အတူ မြေမှုန်တွေလွင့်စင်နေတယ်။ ရှေ့ဆုံးကရဲဘော်တွေ ရန်သူအလောင်း တွေ့နေရတယ်လို့ ပြောနေကြ တယ်။ လက်နက်ကောက်မရ၊ တလောင်း နှစ်လောင်း မြင်နေရတယ်ဆိုတယ်။ မိမိဘက်က အားထားရတဲ့ စက်လတ်ပစ်ကူ ရပ်သွားတယ်။ ကျည်ကုန်ပြန်ပြီ ထင်တယ်။ ဆက်ထိုးမရတော့ဘူး။ ဒုခွဲမှူးနဲ့ ရဲဘော်တချို့ ဒဏ်ရာရသွားတယ်၊ ခွဲနိုင်ငံရေးမှူးလည်း ထိသွားလားမသိဘူး။ မတွေ့တော့ဘူး၊ ကျွန်တော်နဲ့အတူဝပ်နေတဲ့ သန်မာထွား ကျိုင်းပုံနဲ့ ရဲဘော်အိုက်ဆွဲ ကျောက်တုံးပေါ်တက် လောင်ချာထပစ်လိုက်ချိန် ရန်သူက ချက်ချင်း တုံ့ပြန်ပစ်လို့ လောင်ချာ သမားအိုက်ဆွဲ လက်မောင်းထိသွား၊ ဒဏ်ရာပြင်းထန်လို့ နောက်ဘက်ကို ချက်ချင်းဆွဲ ပို့လိုက်ရတယ်။

ရန်သူမီးအား ပြန်ဖိလာတယ်၊ ကျွန်တော်တို့ ကျောက်တောင်ဘေး ပြန်ကပ်နေရတယ်။ အခြားစခန်းရှိ ရန်သူတွေ လာပေါင်းမိသွားပြီနဲ့တူတယ်၊ ရန်သူစက်လတ်နဲ့ လက်နက်ကြီးတွေ ပစ်လာတယ်။ ဒါလောက် မစိုးရိမ်ရသော် လည်း ကျွန်တော်တို့လှုပ်ရှားမှုကိုချောင်းပြီး တချက်ချင်းလှမ်းပစ်နေတဲ့ လက်ဖြောင့်တပ်သားရဲ့ လက်ချက်က မိမိတို့ဘက်မှာထိနေတယ်။ တဖက်နဲ့တဖက် မနားတမ်း အပြန်အလှန်တဒိုင်းဒိုင်းပစ်နေကြတယ်။ ကျွန်တော်က မသေချာဘဲ ရမ်းမပစ်ဘူး။ ကျည်ဆန်ကုန်မှာ စိုးတယ်။ ကျွန်တော်တို့ဆီက ရန်သူ့သေနတ်သံမှန်းပြီး လက်ပစ်ဗုံး နှစ်လုံး ပေါက်ထည့်လိုက်တယ်။ အနီးကပ်တိုက်ပွဲ ဖြစ်နေတာ ညနေပိုင်းရောက်နေပြီ၊ ရန်သူ့စခန်း သိမ်းမရဘူး ဖြစ်နေတယ်။ ရန်သူက ထင်တာထက် ပိုများနေတယ်။ စခန်းကလည်း သိပ်ကြီး၊ နေရာယူပုံကလည်း ကောင်း၊ ခြံစည်းရိုးအထပ်ထပ် ဆိုတော့ ထိုးမပေါက်ဖြစ်နေတယ်။ အော်သံတွေ ဆဲဆိုသံတွေ ကြားနေရတယ်။ ကိုယ့် ဘက်မှာထိသလို ရန်သူလည်း သေကြေဒဏ်ရာများလိမ့်မယ်။ ရဲဘော်တယောက်က အမ် ၂၃ ကျည်ဘောက် အဝိုင်းနဲ့စက်ကလေး ကျွန်တော့်လှမ်းပေးလို့ သေနတ်ပြောင်းထိမိစဉ် တအားပစ်ထားလို့ သေနတ်ပြောင်း သိပ်ပူ နေတာ သတိထားလိုက်မိတယ်။ ဝ ရဲဘော်လေးနှစ်ယောက် ကျောက်တုံးပေါ်တက် ဒူးထောက် ဆက်တိုက် ပစ်နေတယ်။ သူတို့ပါးစပ်ကလည်း ကြုံးဝါးနေသေးတယ်။ အဲဒီမှာ ရန်သူပြန်ပစ်လို့ တယောက် ခေါင်းထိမှန် ချက်ချင်းကျသွားတယ်၊ ရဲဘော်အိုက်ဆွေတဲ့။ သူ့အလောင်းကို ဆွဲယူဖို့ ပြင်ဆင်ကြရတယ်။ ဖောက်ခွဲရေးတပ်က ရဲဘော် ကျွန်တော်တို့ဆီရောက်လာတယ်။ သူတို့ရဲဘော်တယောက် ရှေ့မှာဒဏ်ရာရထားတယ်၊ ပြန်ဆွဲမရ ဖြစ် နေတယ်။ ဟုတ်တယ်။ ခြံစည်းရိုးဘေးလဲနေတာ၊ သူ့ကယ်ဖို့တက်လိုက် ဒဏ်ရာရလိုက် ဖြစ်နေတာ နှစ်ယောက် သုံးယောက်ရှိနေပြီ။ အဲဒီမှာ ရဲဘော်တယောက်က လက်ပစ်ဗုံးပေးထားခဲ့တယ်။ မတတ်သာတဲ့အဆုံး နောက် ဆုံးအခြေအနေကြည့်သုံးဖို့ဖြစ်တယ်တဲ့။ စိတ်မကောင်းစရာဘဲ၊ ရန်သူ့ခြံစည်းရိုးနားမှာ ဘယ်လိုမှဆွဲမရဘူး၊ မှောက်လှိမ့်ဆုတ်တာတောင် ထိသေးတယ်လို့ ပြောနေတယ်။ နောက်တချီ ပြန်ဆွဲယူဖို့ ပြင်နေကြတယ်။

ကျွန်တော်တို့နေရာရွှေ့ ကျောက်ဆောင်တခုမှီ ထိုင်ချလိုက်တယ်၊ ထကြည့်နေတဲ့ ရဲဘော်လေးတယောက် မျက်စိရှေ့မှာဘဲ ပခုံးကျည်ထိတာမြင်လိုက်ရတယ်၊ နေပူပူ သွေးတွေ အင်္ကျီပေါ်ယိုစီးကျလာတယ်။ ရဲဘော်တွေ ဝိုင်းဝန်းဖေးကူကြတယ်။ ဒဏ်ရာမပြင်း၊ ရှပ်ထိသွားတာဖြစ်တယ်။ ဒီအချိန် ကျွန်တော်တို့နောက်က တပ်ကူတဖွဲ့ ရောက်လာတယ်၊ သိမ်းရထားပြီး ရန်သူ့စခန်းဘက်မှ အထူးတပ် ဒုရင်းမှူးနဲ့အဖွဲ့ဖြစ်တယ်။ ဒုရင်းမှူးခေါင်းမှာ ကျည်ဆန်ရှပ်ထိ ဆံပင်တွေပါသွားတာ အကြောင်းကြီးဖြစ်နေတယ်၊ တိုက်ပွဲက နှစ်ဖက်ငြိမ်နေပြန်ပြီ။ တချက် ချင်းချောင်းပစ်နေတာဘဲ လုပ်နေကြတယ်။ တပ်ကူရောက်လာတဲ့ ရဲဘော်တွေက ကျည်ဆန် နည်းနည်းစီ ဖြည့် ပေးတယ်။ ကျောက်တောင် အကာအကွယ်ယူနားနေကြတဲ့ ရဲဘော်တွေဟာ တညလုံးမအိပ်ခဲ့ရ၊ နံနက်စာ လည်းမစားရ၊ အတော်လေး ပင်ပန်းနေကြပြီ။ တချို့က ရိက္ခာခြောက်လေးဝါးလိုက်၊ ရေဗူးလေး ဖွင့်သောက် လိုက်လုပ်နေကြတယ်။ တပ်ခွဲ ၃ က ရဲဘော်ရဲမောင်တို့အဖွဲလည်း တပ်ကူရောက်လာတယ်။ ရန်သူက အရမ်း အော်ဆဲနေတာ ကြားလိုက်လားတဲ့။ ကျွန်တော်တော့ ဘဇူကာသံ အမြောက်ကွဲသံတွေကြား နားလည်းပူနေပြီ၊ ဘာသံတွေထွက်နေလည်း မသဲကွဲတော့ဘူး ဖြစ်နေတယ်။ တပ်စုမှူးတယောက်က ဘယ်လိုဆက်လုပ်ကြမလဲ မေးနေတယ်။ တပ်ကူရောက်လာတဲ့ ဒုရင်းမှူးက စခန်းထိုး မရတော့ရင် မင်းတို့တပ် ဆုတ်တော့။ ငါတို့ ပစ်ကူ ပေးမယ်၊ ပြန်ဆုတ်လမ်းကြောင်းက မလွယ်၊ အန္တရာယ်ရှိတယ်၊ ဒီကပစ်ကူနဲ့ထောက် ထိန်းပစ်ပေးမယ်တဲ့။ အမြန်ဆုတ်ဖို့ အမိန့်ပေးလိုက်တယ်။ ညနေ ၁၅ဝဝ နာရီကျော်ကျော်လောက်ဖြစ်မယ်။ ဆုတ်ခွာစဉ် တောင် ကြောပေါ် ပြန်မော့အတက်မှာ ရန်သူက စက်လတ်တွေနဲ့လှမ်းဆွဲလို့ ရဲဘော်တချို့ ဒဏ်ရာရပြန်တယ်။ ဟောင် ဝစ်ဇာအမြောက်ကလည်း ပစ်နေဆဲဘဲ။  ဒဏ်ရာရသွားတဲ့ ရဲဘော်တွေဆီက လက်ပစ်ဗုံးနဲ့ ဘဇူကာဆန်တွေ ကိုင်လျက် ရှေ့တထောက်ပြေးဝပ်စဉ်၊ ဗန်းမော်သား ရဲဘော်မောင်မောင်ဟာ ဒီမှာ ဝပ်တဲ့သူများနေရင် ထိတော့ မှာဘဲ ဆိုပြီး အထိတ်တလန့်ပြောနေစဉ် ကျွန်တော် ရှေ့ဘက်ကျော်တက်လိုက်တယ်၊ အမြောက်ဆန် ကွဲနေတဲ့ ကြားဖြတ်သန်းရင်း ကျွန်တော်တယောက်တည်း လူကွဲသွားတယ်။ ဝပ်တွားပြေးနေရင်း ဘယ်လိုက်ရမှန်းမသိ ဖြစ်နေတယ်။ မောလိုက်တာလည်းလွန်ပါရော။ အထူးတပ်သိမ်းရပြီးစခန်းဘက်ကြည့်လည်း လူတယောက်မှ မတွေ့၊ နောက်ဘက်ပြန်လှည့်ကြည့်မှ ကျွန်တော်တို့ထိုးမရတဲ့ ရန်သူ့စခန်းကြီး အထင်းသားမြင်နေရတယ်။ နောက်ချန်တပ်တွေနဲ့ ပစ်ကြခတ်ကြဆဲဘဲ၊ မီးခိုးတွေထွက်လို့ ကျွန်တော် အမောဖြေရင်း ကြည့်မိတယ်။ သိမ်းခံ ရတဲ့စခန်းဘက် ရန်သူက လက်နက်ကြီးစွတ်ပစ်နေတဲ့သဘောဘဲ၊ တဝုန်းဝုန်းပေါက်ကွဲနေတယ်။

လူကွဲသွားလည်း မတတ်နိုင်၊ သိပ်မောလွန်းတာနဲ့ သေနတ်အသင့်ပိုက် ကျည်ထိုးပြီး တောင်ဆွယ်မှာထိုင် အမောဖြေတယ်။ ရန်သူ့ဘက်သွားတဲ့လမ်းလို့ ထင်ရတဲ့ဘက်မှာ အရပ်ဝတ်နဲ့လူနှစ်ယောက် ရပ်ကြည့်နေတယ်၊ နောက်တော့ ရိပ်ခနဲပြေးဆင်းသွားတာ တွေ့လိုက်ရတယ်။ ကျွန်တော် သူတို့ကို လမ်းအခြေအနေမေးဖို့ မျှော်နေ သေးတယ်။ အရပ်သားတွေ တိုက်ပွဲခွင် ရှောင်တာဖြစ်မယ်၊ လာလမ်းဘက်မှန်းပြီး ကျွန်တော် တယောက်တည်း ဖြည်းဖြည်းချင်း ဆုတ်လာခဲ့တယ်။ လမ်းမတွေ့တော့ဘူး ဖြစ်နေတယ်။ နောက်တော့မှ တောင်စောင်းမှာ ရွာ တရွာလှမ်းမြင်ရလို့ ဖြတ်ဆင်းလိုက်တယ်၊ ဒီတဝိုက်မှာ တရုတ်ရွာတွေဘဲရှိတယ်။ လမ်းကြောင်းလေး စတွေ့လို့ သတိထားလျှောက်လာစဉ် တရုတ်အဖွားကြီးတယောက် တွေ့လိုက်ရတယ်။ လက်ပြရပ်ခိုင်းပြီး မတောက် တခေါက် တရုတ်စကားနဲ့ ပြည်သူ့တပ်မတော် တွေ့လားလို့ မေးကြည့်တယ်။ အဖွားကြီးက ရွာထဲမှာရှိတယ်လို့ ပြောလိုက်တော့ ကျွန်တော်ဝမ်းသာသွားတယ်။ ရွာထဲကအိမ်တအိမ်မှာ အထူးတပ်ရင်းက ရဲဘော်နှစ်ယောက် တွေ့တယ်။ အခြေအနေမေးနေစဉ် အိမ်ရှင်က ထမင်းပြင်ကျွေးတယ်။ အဆာလွန်နေတဲ့ကျွန်တော်ဟာ ဟန် မဆောင်နိုင်ဘဲ ဝင်စားလိုက်တယ်၊ ဟင်းလည်းကောင်းတယ်။ စားပြီးလို့ အေးအေးဆေးဆေးထိုင်နားမယ် စိတ်ကူးစဉ် စောင့်နေတဲ့ရဲဘော်နှစ်ယောက်က သွားမယ်၊ ဒီမှာ ကြာကြာနေလို့မရဘူး၊ ရန်သူ့နယ်မြေလို့ ဆိုလိုက်မှ စိုးရိမ်စိတ်ဝင်လာတယ်။ သူတို့နဲ့ အတူပြန်ဆုတ်လာစဉ် ပြောပြလို့ သိရတာက ရန်သူ့စခန်းကို တိုက် သိမ်းတဲ့ ရဲဘော်တွေဖြစ်နေတယ်။ သူတို့တိုက်တဲ့စခန်းမှာ ရန်သူ ၇ လောင်း၊ ၈ လောင်းသာ တွေ့ပေမဲ့ လက် နက်တော့သိမ်းရတာ ၁ဝ လက်လောက်တော့ ရှိလိမ့်မယ်တဲ့။ သုံ့ပန်း တယောက်မှမရလိုက်ဘူး။ ရန်သူ့စခန်းကို ကြာကြာထိမ်းထားလို့လည်း မဖြစ်ဘူးတဲ့။ ရန်သူက သူတို့စခန်းကျသွားမှန်းသိပြီး၊ သူ့လူမရှိတာသေချာလို့ အဲဒီ စခန်းတဝိုက် နေလို့မရအောင် အမြောက်နဲ့တအားပစ်နေတယ်လို့ သူတို့ကရှင်းပြတယ်။ အဲဒီနေရာတွေ ကျွန်တော်ဖြတ်ပြေးလာတယ် ပြောတော့ သူတို့ကကြည့် အံအားသင့်နေကြတယ်။ ကံကောင်းလို့ဆိုတဲ့ သဘော ပေါ့။ ရဲဘော်တယောက်က သိမ်းရထားတဲ့ မဂ္ဂဇင်းစာအုပ်လေးတအုပ် ပေးသေးတယ်။ သူတို့လည်း ပြန်ဆုတ် ရင်း ကွဲလာတဲ့ပုံပဲ။ သုံးယောက်သား လျှောက်လာကြတာ ကျွန်တော်တို့တပ်ထွက်စဉ်က ကျောပိုးအိတ်တွေ စုပုံ ထားတဲ့နေရာ တရုတ်ရွာရောက်တော့ နေဝင်သွားပြီ။ တပ်က ရဲဘော်တွေက ကျွန်တော့်ကို စိုးရိမ်တကြီး စောင့် နေကြတယ်။ ဒါတောင် ရဲဘော်တချို့ ရောက်မလာသေး၊ ကျန်နေတာတွေရှိသေးတယ်။ ဒီမှာလည်းမနား၊ ဆက် ထွက် အမည်မသိတရုတ်ရွာတရွာမှာနား ညအိပ်ရတယ်။ ညမှဘဲ တကိုယ်လုံးနာကျင်ကိုက်ခဲတဲ့ဒဏ် ခံစားရ တော့တယ်။ ဒဏ်ရာရတဲ့ရဲဘော်တွေကိုတော့ ထမ်းစင်တွေ အသင့်လုပ်ထားပြီး ညတွင်းချင်း ဆေးတပ်စခန်း ရှိရာ ထမ်းပို့ကြတယ်။ နောက်နေ့ ဝ၅.ဝဝ ချိန်ခန့် ဆက်ထွက်ရတယ်။ ကျွန်တော့်ဒူးတွေ ရောင်နေပြီ၊ မလှုပ်နိုင် မရှားနိုင်ဖြစ်နေတယ်။ မနေ့ကတနေ့လုံး ကျောက်တောင်တွေကြား ပြေးလိုက်လွှားလိုက်လုပ်နေစဉ် နာလို့ နာမှန်းမသိခဲ့။ အခုမှ ဒုက္ခကောင်းကောင်းတွေ့တော့တယ်။ တောင်ဝှေးအကူနဲ့ ဖြည်းဖြည်းချင်းထောက်ကာ လျှောက်ရတယ်။ နံနက် ၉ နာရီကျော်လောက် ရန်သူလေတပ်က လေယာဉ်နဲ့လိုက် ဗုံးကြဲပါတယ်၊ ကျွန်တော် တော့ လေယာဉ်လာလိုက်၊ ထိုင်နေလိုက်ဘဲ။ သစ်ခက်တွေ ခေါင်းပေါ်တင်ပြီးနေတယ်၊ အထူးရှောင်တိမ်း မနေ နိုင်ဘူး။ လေယာဉ်ဝေးသွားမှဆက်လျှောက်နဲ့ နားနားနေနေဖြစ်နေတယ်။ နေပူရှိန်ပြင်းပြင်း တောင်တက် တောင်ဆင်း လမ်းလျှောက်ရတာ ခရီးမတွင်၊ ပတ်ဝန်းကျင်တခုလုံး ဘယ်ကြည့်ကြည့် တောင်တန်း ချောက် ကမ်းပါးတွေဘဲ တွေ့နေရတယ်။

လေကြောင်းရန်သတိထားပြီး တောင်ဝှေးထောက်လျှောက်နေစဉ် ကျွန်တော့်ကိုစောင့်ကြည့်ရင်း ကျန်းစစ်မင် (ခေါ်) ရဲဘော်ကြည်မြင့်က “ ရဲဘော်ဒဏ်ရာ ရထားသလား” လို့ ဂရုတစိုက်မေးပါတယ်။ “ဒဏ်ရာတော့မရပါဘူး၊ ပြေးရင်းလွှားရင်း ကျောက်တုံးတွေနဲ့ထိခိုက်မိလို့ ဒူးခေါင်းတွေ ရောင်နေတာ” လို့ပြောလိုက်တော့ သူက ခဏ စောင့်ခေါ်တယ်။ အဲဒီအချိန်က သူဟာ ဒုတပ်မဟာမှူး ဖြစ်နေပြီထင်တယ်။ တိုက်ပွဲအကြောင်းပြောကြရင်း သူက ဒီတိုက်ပွဲအပေါ် ခင်ဗျား ဘယ်လိုမြင်သလဲ မေးတယ်။ ကျွန်တော်က ရန်သူ့အခြေအနေနဲ့ ဒီဒေသမြေအနေ အထား သေချာနားမလည်ဘူး။ ထင်မြင်ချက်ပြောရရင် ထိုးစစ်ဆင်ရတဲ့လမ်းကြောင်း ရှည်လွန်းတယ်။ ရန်သူ့ စခန်းနားမကပ်ခင် လျှိုတခုခြားနေသေးတယ်၊ ကိုယ့်ဘက်က သေနတ်သံမြည်လိုက်တော့ ရန်သူက ဆီးပစ်နေ ပြီ။ အနီးကပ်နေရာမယူနိုင်လို့ ထိုးတက်မရ၊ အလစ်အငိုက်မရဘူး။ အချိန်ကြာလေ ကျည်ဆန်ကုန်လေဘဲ၊ အထူးသဖြင့် လက်နက်ကြီးကျည် မလောက်တော့ဘူး။ ဒါကြောင့် အဓိကစခန်းသိမ်းမရတာ ထင်ကြောင်း ပြော လိုက်တယ်။ ဒီစခန်းက ဘာစခန်းခေါ်လဲ ကျွန်တော်မေးတော့ ရဲဘော်ကြည်မြင့်က ခလရ ၁ဝ ရဲ့ လွယ်ပိန်းရဲ စခန်းလို့ပြောတယ်။ နောက် သူက စစ်ရေးဒီမိုကရေစီအရ ရဲဘော်တွေ ပြောနိုင်တာပြောရအောင် တိုက်ပွဲ နိဂုံးချုပ် သေချာလုပ်မယ့်အကြောင်းပြောတယ်။

တကယ်က ဒီတိုက်ပွဲမှာ ကျွန်တော် တိုက်ပွဲဝင်ရဲဘော်တဦးအနေနဲ့ ဖြတ်သန်းခဲ့တာပါ။ စီစဉ်ညွှန်ကြားတဲ့ စစ်ဦးစီးဌာနနဲ့ မဆိုင်ပါဘူး။ အဲဒီကာလက တပ်အနေအထားလည်း ဒီလောက်မကျွမ်းသေးပါဘူး။ ဒါပေမဲ့ လွယ်ပိန်းရဲစခန်းနဲ့ ပတ်သက်လို့ သိထားတာလေးတွေရှိတယ်။ အဲဒီဒေသတဝိုက်ရှိ ရွာထုံဆိုင် ဆိုတဲ့ ရန်သူ့ စခန်း တိုက်သိမ်းစဉ်က မြေပုံတွေသိမ်းရတာရှိတယ်။ အဲဒီမြေပုံတွေပေးပြီး ဗဟိုကော်မတီဝင် ရဲဘော်စိုးသိမ်းက မုံဂူမှာ ကျွန်တော်တို့ ရဲဘော်မင်းထင်တို့ကို သေချာလေ့လာ မှတ်သားခိုင်းဖူးပါတယ်။ အမှန်က “လွယ်ပိန်းရဲ စခန်းဟာ ရန်သူရဲ့ မဆုတ်တမ်းခံစစ်စခန်းတခုဖြစ်တယ်။” ရန်သူ့ရင်းရုံးအခြေစိုက် ခြေကုပ်စခန်းဘဲ။ သိန္နီ-ကွန်လုံကားလမ်းလုံခြုံရေးနဲ့ ကွန်လုံတံတားကို အကာအကွယ်ပေးနေတဲ့ အရေးပါတဲ့ ဗျူဟာမြောက်စခန်း လို့ ဆိုရမယ်။ အကျမခံနိုင်တဲ့နေရာဘဲ။ စခန်းအာမခံချက်ရှိရေး ကွန်လုံဘက်ရှိအမြောက်စခန်းများက နောက်က အခိုင်အမာ စိုးမိုးထားတယ်။ ဒါကြောင့် ဒီစခန်းတိုက်တဲ့အချိန် ကွန်လုံဘက်ရှိ အမြောက်စခန်းတွေက ဒလစပ် ပစ်ပေးနေတာဖြစ်တယ်။ အဓိက လွယ်ပိန်းရဲစခန်းရောက်ဖို့ သူ့ဘေးက အရန်ကာကင်းစခန်းတွေ ဖြတ်ရှင်းရ တယ်။ အဲဒီစခန်းငယ်တွေ အရင်ရှင်း တက်ထိုးရတော့ အဓိကစခန်းကြီးက ပြင်ဆင်ချိန် ရသွားတာအမှန်ဘဲ။ စခန်းငယ်တွေ ကွင်းရှောင် တိုက်လို့မရနိုင်ဘူး။ ဒါက မိမိဘက် အားနည်းချက်တခု၊ နောက်တချက်က မိမိတပ် အဝေးက ခရီးပြင်းနှင်လာရတာ ရောက်တာနဲ့တက်တိုက်၊ ပြင်ဆင်ချိန်မပေးနိုင်တာ၊ ဒါလည်း အားနည်းချက် တခု။ နောက်တချက် တပ်မဟာက နိဂုံးချုပ်ချက်မှာ အလေးထားတဲ့ အချက်၊ သတင်းမလုံခြုံတာ ရန်သူက ည အချိန်ကတည်းက သတင်းကြိုရထားတဲ့ အထောက်အထား တွေ့ရတယ်။ သိမ်းပိုက်ရရှိတဲ့ ရန်သူ့စခန်းတွေမှာ ထမင်းချက်ပြီးသား ဖြစ်နေတယ်။ ထမင်းတွေက ပူပူနွေးနွေးဘဲ၊ မိုးမလင်းခင်ချက်ထားပြီး ပြင်ဆင်စောင့်နေတဲ့ အထောက်အထားလို့ တပ်မဟာက နိဂုံးချုပ်ချက်မှာ မိမိဘက် အရေးကြီးအားနည်းချက်အဖြစ် ထည့်သွင်းထား တယ်။

တိုက်ပွဲဖြစ်စဉ်တွင် ရန်သူစခန်းငယ်နှစ်ခု အချိန်တိုအတွင်း ချေမှုန်း သိမ်းပိုက်နိုင်ခဲ့တယ်။ ရန်သူ အလောင်း ၉ လောင်း၊ ၁ဝ လောင်းလောက်ရတယ်၊ လက်နက်လည်း ၁ဝ လက်လောက်တော့ ရတယ်။ သုံ့ပန်း တယောက်မှ မမိဘူး၊ ကျန်စခန်းငယ်က ရန်သူ ထွက်ပြေးလွတ်မြောက်ပြီး လွယ်ပိန်းရဲ ပြေးပေါင်းတာလည်းရှိတယ်။ မိမိဘက် ကျဆုံး ၃ ယောက်၊ တယောက်ပျောက်ဆုံးတယ်။ ကျဆုံးတာလည်းဖြစ်နိုင်။ ဖောက်ခွဲရေးတပ်က ဒဏ်ရာရ ရဲဘော် သူ့ကယ်ဖို့ကြိုးစားရင်း ဒဏ်ရာရကြတယ်။ နောက်ဆုံး တပ်ဖွဲ့ငယ်လွှတ် ပြန်ရှာ၊ အသံပေးလည်း ဘာသံ မှ ပြန်မကြားရ ရှာမတွေ့။ မိုးချုပ်သွားလို့ ပြန်ဆုတ်လာကြ၊ ကျဆုံးတာလည်းဖြစ်နိုင်တယ်။ မိမိဘက် ဒဏ်ရာ ၂ဝ၊ ၃ဝ နီးပါးလို့ထင်တယ် ဒဏ်ရာပြင်းတာရော ပေါ့တာရော ပါတယ်။

ဒီတိုက်ပွဲတိုက်ရတဲ့ရည်ရွယ်ချက် ပြီးမြောက်အောင်မြင်တယ်လို့ဆိုတယ်။ တပ်မဟာအနေနဲ့တော့ ကျေနပ် လောက်တဲ့ တိုက်ပွဲလို့ မပြောနိုင်ဘူးတဲ့။ ပါတီဗဟိုစစ်ကော်မရှင်စိတ်ဓာတ်အရ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်း ဆောင်တဲ့ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေး နှစ် ၃ဝ မြောက်အထိမ်းအမှတ်လည်းဖြစ်၊ အဓိက ဝ နယ်ဘက်မှာရှိတဲ့တပ်တွေ သံလွင်မြစ်အနောက်ဘက်ကူးတိုက်တဲ့ စစ်ဆင်ရေးကြီးကို ပေါင်းစပ်ပေးခြင်း ဖြစ် တယ်။ ဒီပေါင်းစပ်မှု သိပ်ကောင်းတယ်။ သိန္နီ-ကွန်လုံကားလမ်းနဲ့ ကွန်လုံမြို့အထိ ခြိမ်းခြောက်လိုက်လို့ ရန်သူ က အမြောက်ကြီးတွေ လေယာဉ်တွေသုံးပြီး ဒီဘက်ကိုလိုက်ချနေရတယ်။ စစ်ကူတပ်လည်း တောင်းနေရတယ် ကြားတယ်။ ရန်သူ့အင်အားတွေ ထိထိရောက်ရောက် ဒီဘက်ဆွဲထားနိုင်လိုက်ပြီး၊ ဝ နယ်တိုက်ပွဲတွေနဲ့ပါ ရန်သူ ရမခ တော့ တော်တော်အကျပ်ရိုက်သွားတယ်။ နောက်ဆုံး သိရတာက မုန်စီ တာမိုးညဲနယ်က ရန်သူစခန်း တချို့ မတိုက်လိုက်ရဘဲ ဆုတ်သွားတာတောင်ရှိတယ်။ တပ်မဟာ ၂ အနေနဲ့ကတော့ လွယ်ပိန်းရဲတိုက်ပွဲ နိဂုံးချုပ် သေချာလုပ်၊ တပ်အနားယူပြီး၊ ရှောက်ဟော် လုံထန် ဘက်ဝင်၊ ကာကာကွယ်ရေးတွေကို အကာ အကွယ်ယူထားတဲ့ ရန်သူတပ်စခန်းငယ်တွေ လိုက်ရှင်းပစ်တယ်။ နောက် ရှောက်ဟော်-လုံထန်ဆိုတဲ့ တရုတ် ဈေးရွာကြီးများဝင်ကာ ကာကွယ်ရေးစခန်းတွေ ဝင်သိမ်းတယ်။ ရန်သူ့ခွင်ထဲ ဝင်လှုပ်ရှား ဝါဒဖြန့်ချိရေးလုပ်ငန်း များ လုပ်နိုင်ခဲ့တယ်။ ဒါတွေကတော့ တော်လှန်ရေးတကွေ့မှ အတွေ့အကြုံများဖြစ်တယ်။

မောင်စိန်သော်
၂၇. ၁၁. ၂ဝဝ၇

 

အပိုင်း (၁)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်