ကျော်ထင် ● အခါတော် မပေးလိုက်ရတဲ့ မင်္ဂလပညာရေး

February 14, 2018

● အခါတော် မပေးလိုက်ရတဲ့ မင်္ဂလပညာရေး
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၈

အာစရိယပူဇော်ပွဲက ၈ နာရီခွဲဆိုတော့ ၇ နာရီခွဲမှ အိပ်ရာထမိတဲ့ ကျနော့်အတွက် လက်ဖက်ရည်သောက်ချိန် နာရီဝက် လောက်ပဲရတော့တယ်။ အိပ်ရာထ ဗာဟီရလုပ်ရတာတွေက နာရီဝက်လောက် ကြာတတ်တာ။ ထိုင်နေကျ စံတော်မီဆိုင်မှာ၊ ထိုင်နေကျခုံမှာပဲ လက်ဖက်ရည်တခွက် မှာသောက်လိုက်တယ်။ မှာသောက်ဆိုပေမယ့် သောက်နေကျဖြစ်လို့ မှာစရာတောင် မလိုပါဘူး။

ကျနော် ဆိုင်ရှေ့ရောက်ပြီဆိုတာနဲ့ ကျောင်းဆရာသောက်မယ်ဆိုတဲ့ ဆိုင်လုပ်သားလေးရဲ့အော်သံကို ကြားရပါပြီ။ စတီးထိုင် ခုံပေါ်ထိုင်မိတာနဲ့အပြိုင် လက်ဖက်ရည်တခွက်က ရှေ့မှာအသင့်ရောက်နေပါပြီ။ လက်ဖက်ရည်အငွေ့တဖျပ်ဖျပ်မှာ လက် ဖက်ရည်ရနံ့ကတော့ ပါမလာတော့ဘူးလေ။ နောက်ဖေး အကြော်အလှော်နံ့တွေက ပွတ်တိုက်ခေါ်သွားတာကိုး။

ကျနော့်ရှေ့မှာ စမူဆာပန်းကန်ရှိနေပေမယ့် ကော်ပြန့်ကြော်ရနံ့သင်းသင်းကိုပဲ ရှူရှိုက်မိနေတယ်။ ကော်ပြန့်တွေက ကျနော့် နောက်ကျောမှာ ကြော်နေတာ။ ကော်ပြန့် အနံ့တွေက ဗိုက်ကို ဖြတ်ဖောက်သွားလို့ ဝမ်းက ဟာသွားတယ်။ တခုလောက် မှာ စားဖို့ စိတ်ထဲဖြတ်ခနဲပေါ်လာပေမယ့် အာစရိယပူဇော်ပွဲမှာ ကျွေးဦးမှာပဲဆိုတဲ့အသိကြောင့် မမှာဖြစ်တော့ဘူး။ အဲ့ဒီ့ ပညာ့ ရိပ်သာကျောင်းက အာစရိယပူဇော်ပွဲတွေလုပ်တိုင်း ဆရာတွေကို ကောင်းကောင်းကျွေးမွေးဧည့်ခံတာကို သိနေတယ်။ စား စရာတွေက အစုံပဲ။ အသီးအနှံမျိုးစုံ။ အပူ အအေးမျိုးစုံနဲ့ တခါတလေ မစားဖူးတာတွေတောင် ပါလာတတ်သေးတယ်။

ကန်တော့ပစ္စည်းဆိုလည်း ပုဆိုးဖြစ်ဖြစ်၊ အင်္ကျီဖြစ်ဖြစ် အမျိုးအစားကောင်းတာတွေပဲ ကျနော်တို့ဆရာတွေရဲ့အရွယ်အစား၊ အသားအရေတွေနဲ့ညီအောင် ကန်တော့တတ်တာ။ ဒါဟာ ပူဇာစ ပူဇနေယျာနံ မဟုတ်လား။ ပူဇော်ထိုက်သူကို ပူဇော်ကြတာ မင်္ဂလာပဲလေ။ မင်္ဂလာဆိုတာက ကြီးပွားတိုးတက်တာ၊ ချမ်းသာတာ၊ မကောင်း ကြောင်း၊ မကောင်းကျိုးတွေ မဖြစ်တာတွေ ပေါ့။

ပူဇာစ ပူဇနေယျနံပြုရင် မင်္ဂလာဖြစ်တာပဲ။ ဒါပေမယ့် ပူဇော်တတ်ဖို့တော့ လိုလိမ့်မယ်။ ပူဇော်နည်း နှစ်မျိုးရှိတာကိုလည်း သိဖို့ လိုတယ်။ ဆရာတွေလိုအပ်တာကို ပေးကမ်းထောက်ပံ့တာက ပထမတအချက်။ ဆရာတွေ ဆုံးမသွန်သင်တာကို လိုက်နာဆောင်ရွက်တာကတော့ နောက်ထပ် ပူဇော်တဲ့ နှစ်အချက်ပါပဲ။ ဒါပေမယ့် ကျနော်တို့ဆီမှာ ဆရာတွေရဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းထောက်ပံ့ပေးတဲ့ ပူဇာစ ပူဇနေယျာနံ ဖြစ်ရဲ့လား။ ဒါကို ကျနော် စဉ်းစားနေမိတာ။

ဆရာဆိုတာ ဝါသနာ၊ စေတနာ၊ အနစ်နာဆိုတာတွေချည်းပဲ ခံစားကြရမှာလား။ အဲ့ဒါတွေက ဒုက္ခဝေဒနာတွေပဲ။ ဒါဆို ပူဇာ စ ပူဇနေယျာနံမဖြစ်လို့ မင်္ဂလာမည်မှာ မဟုတ်ပါဘူး။ ဒါဆို ဒီနာသုံးနာ အတွေးအခေါ်မျိုးတွေ ဘယ်က ဘယ်လို ပေါက်ဖွား လာကြတာလဲ။ ကျနော်တော့ ပြောမပြတတ်ပါဘူး။ ၁၉ဝ၃ ခုလောက်မှာ ဆရာတွေကို မရှိခိုးထိုက်ဘူးဆိုတဲ့ သပိတ်တခု ဗမာပြည်မှာဖြစ်ခဲ့တုန်းက ရှေ့နေကြီးဦးပုပြောပုံလေးကို ကျနော်တို့ဆယ်ကျော်သက်တွေ သင်းတယ်ထင်ခဲ့မိတယ်။

ဦးပုက ဘယ်လိုပြောသတုံးဆိုတော့ “ဟိုးတုန်းက ဆရာတွေဆိုတာ တပည့်တွေကို ပညာလည်းသင်ပေးတယ်။ နောက်ဆုံး သမီးပါ ပေးကြတယ်။ ဒါကြောင့် ဟိုတုန်းက ဆရာတွေကသာ တကယ့်ကျေးဇူးရှင်တွေ။ ခုခေတ်က ကျောင်းသားဆီက ငွေ ညှစ်ယူကြတယ်။ ငွေရမှ ပညာသင်ပေးကြတယ်။ ဒါကြောင့် ခုခေတ်ဆရာတွေဆိုတာက ကျောင်းသားတွေရဲ့ အစေအပါး တွေပဲ”

ဒါကို ထောက်ခံတဲ့အတွေးအခေါ်နဲ့ အဲ့တုန်းက ဆရာတွေဆိုတာ တိုင်းတပါးသားချည်းကိုး။ နယ်ချဲ့တွေချည်းကိုး။ ဘယ် ရှိခိုးထိုက်မှာလဲပေါ့။ ဒီလို ကျနော်တွေးခဲ့မိတာ။ အဲ့ဒီ့အရှိန် တော်တော်နဲ့မသေဘူး။ အတန်းမော်နီတာလုပ်နေတဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကတောင် အာစရိယပူဇော်ကြေးကောက်ရတာ မင်းအခက်ဆုံးပဲတဲ့။ ပြီးတော့ ပေးလည်း မပေးဘူး တဲ့။ အဲ့ဒီလိုပြောတာတောင် ခံရဖူးတာ။

နောက်မှ ပြန်တွေးကြည့်တာက အဲ့ဒါ မဟုတ်သေးပါဘူးလို့။ အဲ့ဒါက အဲဒီခေတ် အဲဒီအခါနဲ့အံကိုက်အောင် ပြုထားတဲ့ အ တွေးအခေါ်ကြီးပဲပေါ့။ လူကြိုက်များကောင်း များခဲ့မယ်။ ဒါပေမယ်လို့ အရှည်သဖြင့် ကျင့်သုံးလိုက်နာရမယ့် ယူဆချက်တော့ မဟုတ်ဘူး။ ဒါဟာ ဘဂဝါဟောတဲ့ မင်္ဂလာမဟုတ်ဘူးလေ။ပူဇာစ ပူဇနေယျာနံ မဖြစ်ဘူးလေလို့ ပြန်ပြင်စဉ်းစားကြည့်မိခဲ့ တယ်။

ဆရာဟာ ဘာလူမျိုးဖြစ်ဖြစ် ဆရာမဟုတ်ဘူးလား။ ဆရာဆိုတာကို လူမျိုး၊ အသားအရောင်၊ လိင်၊ စည်း ဒါတွေခွဲခြားဖို့ လိုလို့လား။ ဆရာတွေကို ပူဇော်တဲ့နေရာမှာ လူမျိုး၊ လိင်၊ အသားအရောင်တွေမပါဘဲ စည်းတွေမခြားဘဲ ပဏ္ဍိတာ နဉ္စ သေ ဝနာဖြစ်တာကိုပဲ ကြည့်ကြရမှာပေါ့။

ပဏ္ဍိတာ နဉ္စ သေဝနာဆိုတာ ဘာလဲဆိုတော့ ကောင်းကျိုးချမ်းသာရှိရာရှိကြောင်းကို ညွှန်ကြားလမ်းပြပေးတဲ့ ပုဂ္ဂိုလ်ကို၊ လက်ရှိအချိန်ကစလို့ သံသရာထိ ဝေခွဲပိုင်းခြားနိုင်တဲ့သူ အဲ့ဒီလိုလူပုဂ္ဂိုလ်မျိုးကို၊ ဘဝနေနည်းနဲ့ ဘဝရှင်သန်နည်းတွေကို တွဲ ဖက်သင်ကြားပြသပေးနိုင်တဲ့သူ အဲ့ဒီလိုလူမျိုးကို ရန်သူပဲဖြစ်ပါစေ ဆရာတင်ထိုက်တယ်လို့ ပြောထားတာပါ။ အဲ့ဒီလို ဆရာ တင်ရင် ဒါဟာ ဧတံ မဂ္ဂလ မုတ္တမံ ဖြစ်တာပါပဲ။ မင်္ဂလာမည်တာပါပဲ။

ဒီလို ပစ္စုပ္ပန်နဲ့အနာဂတ်အကျိုးကို ရှေးရှုလမ်းညွှန်ပေးတဲ့၊ ဘဝနေနည်းနဲ့ရှင်သန်နည်းတွေကို သင်ကြားပေးတဲ့ဆရာမျိုးဟာ ပဏ္ဍိတာ နဉ္စ သေဝနာဆိုတဲ့ မင်္ဂလာတပါးထဲမှာ စာရင်းဝင်ပါတယ်။ အဲ့ဒီလို ပညာရှိကို ဆရာတင်မယ်၊ ပေါင်းသင်းမယ်၊ ဆည်းကပ်မှီဝဲမယ်၊ ဒါဆိုရင် ပဏ္ဍိတာ နဉ္စ သေဝနာ ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဆရာပဏ္ဍိတဟာ တပည့်အကျိုးကို ကြည့်တယ်။ တပည့်နဲ့ဆက်စပ်မယ့် ပတ်ဝန်းကျင်အကျိုးကို ကြည့်တယ်။ တပည့်ရဲ့ ကောင်းကျိုးချမ်းသာကိုပဲ ရှေးရှုတယ်။ ဒါကြောင့် ပဏ္ဍိတာဆရာကို ဆည်းကပ်ပေါင်းသင်းရင် တပည့်မှာ အကျိုးများမယ်။ ကောင်းကျိုးချမ်းသာ ခံစားရမယ်။

ဒီလိုဆရာတွေကို ပူဇော်ထိုက်တယ်။ ပူဇော်တာဟာလည်း မင်္ဂလာဖြစ်တယ်လို့ လောကဂုရုကြီးက ဆိုတော်မူတယ်။ တ ကယ်တော့ ဒီလိုပူဇော်တာဟာ ဆရာတွေရဖို့အတွက်ချည်း မရည်ရွယ်ပါဘူး။ အဲ့ဒီလို လုံးဝမဟုတ်ပါဘူး။ ဆရာတွေကို ပူ ဇော်ရင် အားလုံးရကြမှာပဲ။ ဆရာကို ပူဇော်တယ်ဆိုတာ ထုံးတမ်းတခုနဲ့ပဲတွက်ဦး၊ ဘယ်မှာ ငြင်းလို့ရလို့လဲ။ အစားအသောက် အဝတ်အထည် အသုံးအဆောင်တွေဆိုတာ ခဏတာအတွက်ပဲ။ ဒါတွေကိုတောင် တန်ရာတန်ကြေးပေးကြရသေးတာ။ တဘဝစာမက အကျိုးများတဲ့ပညာကိုကျတော့ ဆရာဆီကနေ အလကားရဖို့မျှော်လင့်နေကြတာကတော့ မဟုတ်သေးပါဘူး။ လွန်တာပေါ့။

တဘဝစာမကဘူးလို့ပြောရတာက အသိပညာဆိုတာ ပါရမီအဖြစ် ပါသွားတတ်တာကြောင့်ပါ။ ဒီဘဝ သင်ကြားခဲ့တဲ့ပညာ ဟာ ဟိုဘက်ထိအောင်လည်း ပါရမီအဖြစ် ပါလာမှာပဲ။ တချို့ကလေးတွေ သင်ရလွယ်အောင် ထက်မြက်နေတာဟာ အဲဒီ ပါရမီ ပါလာတာပဲပေါ့။ ဟိုဘက်တုန်းက အထောက်အပံ့ပေပဲပေါ့။ ဒီလိုအကျိုးပြုတဲ့ ပဏ္ဍိတာဆရာတွေကို ပူဇော်ရတာဟာ တွန့်တိုစရာ မဟုတ်ပါဘူး။

ရှေးတုန်းက ဘုန်းတော်ကြီးကျောင်းတွေသွားအပ်ရင်တောင် ဘုန်းကြီးလိုအပ်မယ့် ဆေးလေး၊ ကွမ်းလေးတော့ယူသွားပြီး ပူ ဇော်ရတာပဲ မဟုတ်လား။ ဒါက ဆရာဘုန်းကြီးလိုအပ်တာကို ပူဇော်ထောက်ပံ့ပေးတာ။ ဖြည့်ဆည်းပေးတာ။ အဲ့လိုမှ မ ထောက်ပံ့နိုင်တဲ့သူမျိုးဆိုရင်လည်း ကျောင်းရဲ့လိုအပ်တဲ့ဝေယျာဝစ္စတွေကို ဖြည့်ဆည်းပေးပြီး ပူဇော်ရတာပဲလေ။ ဆရာဆီက အလကားရဖို့မျှော်လင့်နေတာကတော့ လူကြားမကောင်းပါဘူး။ ပိုလို့မကောင်းတာက ဆရာ့သမီးကိုပါ မျှော်လင့်နေတာမျိုး ပါ။

တကယ်ဆို ဆရာတွေအားလုံး ချမ်းသာကြမှ ကောင်းတာပါ။ ဆရာတွေ ဝမ်းဝ၊ ခါးလှပြီး မိသားစုဘဝတွေ စိုပြေကြတော့ ဆရာတွေ ဒီ့ထက်ပိုတဲ့ပညာတွေကို စိတ်အေးလက်အေး ဆက်လက်လေ့လာနိုင်တာပေါ့။ ဆရာတဦးစီမှာ ကိုယ်ပိုင်စာကြည့် တိုက်တွေ တယောက်တစ်ခုစီပိုင်ဆိုင်လို့ ပညာအချင်းဝက်ကို ဆွဲဆန့်နိုင်မှာပေါ့။ ဆရာတွေပိုသိရင် တပည့်တွေ ပိုသိရမှာပဲ။ တပည့်တွေပိုသိရင် တပည့်တွေကျင်လည်တဲ့ပတ်ဝန်းကျင်ကြီးလည်း ပိုသိတဲ့အကျိုးကို ခံစားရမှာပဲ။ ဒါဆို ဆရာတွေ ပိုသိဖို့ မလိုဘူးလား။

လိုတယ်ဆိုရင် ဆရာတွေဘဝအတွက် လိုအပ်တာတွေကို ထောက်ပံ့ပေးဖို့ လိုအပ်မှာပေါ့။ ဒါကို ဘယ်သူတာ ဝန်ယူမှာလဲ။ ဘယ်သူကကော ထောက်ခံမှာလဲ။ ဒီနေ့ထက်ထိ မရှိသေးလို့ ကျူရှင်သင်စားတာတွေ မြင်နေ၊ ကြားနေရတာပေါ့။ ဆရာတွေ မှာလည်း မိသားစုနဲ့ပဲ။ ဝမ်းဟောင်းလောင်းနဲ့ မိသားစု၊ ပတ်ဝန်းကျင်မှာ အဆင်းရဲဆုံးမိသားစု၊ ဘယ်ဖြစ်ချင်ပါ့မလဲ။

နာသုံးနာကို လက်ညှိုးထိုးပြပြီး ဆရာတွေကို အငတ်ခံ သင်ခိုင်းနေတာကတော့ လူကြားလို့လည်းမကောင်း၊ နတ်ကြားလို့ လည်း မတော်၊ ဗြဟ္မာကြားလို့လည်း မဖြစ်ပါဘူး။ အဲ့ဒါအပြင် ဘဂဝါဟောပြောခဲ့တဲ့ ပူဇာ စ ပူဇနေ ယျာနံ ရဲ့ အဓိပ္ပါယ်ကိုလည်း နားမလည်ရာရောက်နေတာပါပဲ။ ဗုဒ္ဓဘာသာနဲ့တွက်ရင် ဒါဟာ ပိုလို့တောင် ရှက်စရာ ကောင်းနေပါသေးတယ်။

ပြည့်ဝတဲ့ ထောက်ပံ့တာတွေသာ ရခဲ့မယ်ဆိုရင် ဆရာတွေလည်း စာရိတ္တကောင်းတွေချည်း တည်ဆောက်နိုင်မှာပဲ။ လောက မှာ ဆရာနဲ့ကင်းခဲ့တဲ့သူ ရှိတာမှမဟုတ်တာ။ ဒီတော့ ဆရာတွေကောင်းရင် ကောင်းသလောက် တပည့်တွေ ကောင်းမှာပဲ။ သစ်တစ်ပင်ကောင်းဟာ ငှက်တစ်သောင်းကို နားခိုစေနိုင်တယ်လေ။ အဲ့ဒီ့ငှက်တသောင်းက နေရာအနှံ့ဆီ ပျံသန်းကြတာမို့ သစ်တစ်ပင်ကောင်းဖို့ဟာ အရေးကြီးဆုံးပဲ။

ဒီနေရာမှာ ကျန်စီမင်းပြောတဲ့ စကားတခွန်းကို သတိချပ်သင့်တယ်။ ကျန်စီမင်းက “ဆရာတွေကြောင့် တပည့်တွေဟာ ကျေ နပ်စရာဘဝတွေကိုရရှိပြီးတော့၊ တပည့်တဦးချင်းစီတိုင်းက သူတို့အစွမ်းရှိသမျှ အကောင်းဆုံးတွေကို ဆောင်ရွက်လာနိုင်လိမ့် မယ်” လို့ ဆိုတယ်။

ဒါကြောင့် ဒီလိုအကျိုးပြုတဲ့ဆရာတွေရဲ့ဘဝဖူလုံရေးကို လူ့အဖွဲ့ အစည်းကြီးက အဓိကနေရာမှာထားပြီး ကျားကန်ပေးသင့် တယ်။ သိပ်ကိုဆင်းရဲခဲ့တဲ့ တရုတ်ပြည်ကြီးဆိုရင် အဲ့ဒီလိုသဘောထားပြီး ဆရာတွေနဲ့ပညာတွေကို ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးလိုက်လို့ ယနေ့မှာဆိုရင် အမေရိကန်နဲ့ပုခုံးချင်းယှဉ်နိုင်မယ့် အနေအထားကို ရောက်လုပါပြီ။ ဒါကို အတုယူ စေချင်တယ်။ လိုက်လုပ်စေချင်တယ်။

အခု အာစရိယပူဇော်ပွဲလေးက အဲ့ဒီ့ထောက်ပံ့မှုထဲက နှမ်းတစေ့၊ ဆီတစက်ပေါ့။ ဟုတ်တယ်။ ဒါဟာ တမှုန် တမွှားဆိုပေ မယ့် တကယ့်အားတခုပါပဲ။ ဒီအကြောင်း ကျနော့်ကို သြဝါဒပေးခိုင်းရင် ပြောပြမယ်စိတ်ကူးနေမိတယ်။ ကျနော် အပြော မတတ်ရင်တော့ အတော်ငတ်တဲ့ဆရာလို့ မြင်မှာပဲ။ သူ့ဘက် သူယက်တယ်လို့ ထင်ကြမှာပဲ။ ဒါပေမယ့် ကျနော့်ကို အလှည့် ပေးရင် ဒါကိုပဲပြောမယ်။ နားလည်သဘောပေါက်အောင် ပြောပြမယ်။

ဒီလိုစိတ်ကူးပြီးသွားလိုက်တာ ကျောင်းရှေ့ရောက်မှပဲ စိတ်ကူးကပြတ်တော့တယ်။ ကျောင်းရှေ့မှာ တပည့်တွေက ကြိုနေ ကြတယ်။ တပည့်ဟောင်းတွေလည်း တပည့်သစ်တွေထဲမှာ ရောနှောနေတာ တွေ့လိုက်ရတယ်။ သူတို့တတွေ ပူဇာ စ ပူဇ နေယျာနံကို နားလည်နေလို့လား။ တကယ်ဆို သူတို့မလာလည်း ရတာပါပဲ။ ဒီပူဇော်ပွဲလုပ်တာက အပြင်ကျူရှင်။ သူတို့ မလာလည်း ဖြစ်တယ်။

သူတို့ ကျူရှင်ကို ပိုက်ဆံပေးတက်ကြတာ။ ဒါပေမယ့် သူတို့က အဲ့ဒီလို မတွေးကြဘူးနဲ့တူတယ်။ ပိုက်ဆံပေးတက်ကြတာလို့ မမြင်ကြဘူးနဲ့တူတယ်။ ဝမ်းသာလိုက်တာ။ အဲ့လိုပေးတဲ့ပိုက်ဆံက အခကြေးငွေမှမဟုတ်တာ။ ပူဇော်တာပဲ။ ပူဇာ စ ပူဇနေ ယျာနံ ဧတံ မင်္ဂလ မုတ္တမံပဲ။ သူတို့တွေ ဆရာတွေဆီက ဗဟုဿဉ္စတွေ သိပ္ပဉ္စတွေ အများကြီး ရခဲ့ကြတာပဲ။

ဗဟုဿဉ္စဆိုတာက အကြားအမြင် ဗဟုသုတွေ၊ သိပ္ပဉ္စဆိုတာက စက်မှုလက်မှုအတတ်တွေ၊ ဒါတွေရခဲ့ကြတာပဲ။ ဒါတင်လား ဆိုတော့ မကသေးဘူး။ ဝိနယော စ သုသိက္ခိတောဆိုတဲ့ မင်္ဂလလည်း ရခဲ့သေးတာပဲ။ ဒါက ဘဝနေနည်း။ လူ့ကျင့်ဝတ်တွေ လိုက်နာဖို့ ကိုယ့်ယဉ်ကျေးမှုနယ်ပယ်ကို မှန်မှန်ကန်ကန်သိဖို့၊ ယဉ်ကျေးမှုနယ်ပယ်တိုင်းကို နှံ့စပ်ဖို့ ထိန်းကျောင်း ညွှန်ပြ ပေးတဲ့အကျိုး၊ ဒါတွေလည်း ရခဲ့သေးတာ။

ဒါကိုတော့ သူတို့သေသေချာချာ ဂဃနဏမှ နားလည်ပါ့မလား။ နှစ်နှစ်ကာကာမှ သိပါ့မလား။ ဘာပဲဖြစ်ဖြစ် ဒီ အကြောင်းတွေ လည်း ကျနော်ပြောပြမယ်။ ဒီလိုတွေ စိတ်ကူးပြီး စားလက်စ ပသျှူးထမင်းကြော်ကို လျှာနဲ့သိမ်းပြီး ဝမ်းထဲ လှုပ်ချလိုက်တယ်။ အနားမှာချထားတဲ့ လက်ဖက်ရည်ကို ခပ်မြန်မြန်မော့လိုက်တယ်။ ကျောင်းတည်ထောင်ထားတဲ့ ဆရာမလေးက ဆရာကြီး ရေခဲမုန့်ကို စတော်ဘယ်ရီနဲ့စားမလား၊ နို့နဲ့စားမလားတဲ့။

စတော်ဘယ်ရီပဲ ပေးလို့မှာရင်း ကျနော် သြဝါဒပေးဖို့ ကျရောက်လာမယ့်အချိန်ကို စောင့်နေလိုက်တယ်။ သိပ္ပဉ္စတွေပေးတဲ့ ဆရာကြီးကတော့ သြဝါဒတွေ ပေးနေပြီ။ အသာနားစွင့်ရင်း ကျနော်ပြောရရင် ထည့်ပြောမှာလေးတွေကို ထပ်ဖြည့်တွေးကြည့် နေလိုက်တယ်။ ဘာပြီးဘာ၊ ဘာပြီးဘာလို့ စိတ်ထဲမှာ တန်းစီထားလိုက်တယ်။

သိပ္ပဉ္စဆရာကြီးက သားတို့သမီးတို့  သေချာကြိုးစားကြတဲ့။ ခိုးချဖို့တော့ စိတ်မကူးနဲ့တဲ့။ ကျန်းမာရေး ဂရုစိုက်တဲ့။ မနက် အိပ်ရာထတိုင်း ရေအေးအေးတခွက်သောက်တဲ့။ ဝမ်းမှန်မှ ကျန်တာကောင်းမှာတဲ့။ ခေါင်းတလုံးကောင်း ခေါင်းမခဲဘူးတဲ့။ သားတို့ သမီးတို့ အောင်အောင်မြင်မြင် ဖြေနိုင်ကြပါစေတဲ့။ ကလေးတွေက ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ တခဲနက်ခံယူလိုက် ကြတယ်။

ဒါဆို ဆရာထဲက နောက်တယောက် သြဝါဒပေးရတော့မယ်။ ကျနော်များ ဖြစ်လေမလား။ ဖြစ်ရင်တော့ မင်္ဂလပညာရေး အကြောင်းပြောတော့မယ်။ ပါးစပ်ထဲရှင်းသွားအောင် ရေနွေးတစ်ငုံနှစ်ငုံနဲ့ ခံတွင်းကို ရှင်းထားလိုက်တယ်။ အစီအစဉ် စ ကြေငြာနေတုန်းက ဆရာကြီးတယောက်နဲ့ စကားလက်စုံကျနေလို့ သေချာနားမထောင်ဖြစ်ဘူး။ ပြောမယ့်အကြောင်း အရာတွေ တွေးတောနေလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အစီအစဉ်ကြေငြာတာကို ပြန်နားစွင့်ရတယ်။

ဒါပေမယ့် အစီအစဉ်ကြေငြာတာက သြဝါဒစကားပြောကြားပေးပါသော သိပ္ပဉ္စဆရာကြီးအား ကျေးဇူးအထူး တင်ရှိပါတယ် ရှင်။ အစီအစဉ် (၅) အရ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုပေးမှာ ဖြစ်ပါတယ်ရှင်တဲ့။ သြဝါဒပေးတာ ပြီးသွား ပြီ။နောက်ထပ် ဆရာအလှည့်မရှိတော့ဘူး။ ကျနော် မပြောရတော့ဘူး။ မင်္ဂလပညာရေးအကြောင်း ကျနော်မပြောရတော့ဘူး။ ဆုပေးတော့မှာဆိုတော့ လက်ခုပ်ပဲတီးရတော့မှာပဲ။

ပါးစပ် အားသွားပြီ။ လက်ကတော့ အားတော့မှာမဟုတ်ဘူး။ လက်အားတုန်းလေး ခံတွင်း ရှင်းရှင်း၊ မရှင်းရှင်းဆိုပြီး ရှေ့က စပျစ်သီးလေးတွေကို ကောက်စားပစ်လိုက်တာ။ ခံတွင်းရှင်းဖို့လည်း လိုမှမလိုတော့တာ။ အဲ့ဒီမှာပဲ စပျစ်သီးတွေ ချဉ်နေတာ ကို သတိထားမိလိုက်တယ်။

ကျော်ထင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်