မောင်ကျေးရေ – တို့ရေ တို့အနာဂတ်

February 20, 2018

  – တို့ရေ တို့အနာဂတ် 
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈

(photo credit – http://proximitydesigns.squarespace.com)
ရေသည် သဘာဝကပေးထားသော လက်ဆောင်မဟုတ်၊ သဘာဝ၏ပစ္စည်း (Property) ဖြစ်၏။

”ရေပြည့်သောအိုးကို မြင်ကာမျှနှင့် လက်အုပ်ချီမိသည်’’ ဆိုသော စာသားသည် ရေ၏တန်ဘိုးကို ဖေါ်ညွန်းနေ၏။

ရေသည် သတ္တလောက၊ လူနှင့် တိရစ္ဆာန်များအားလုံးနှင့် သန့်ရှင်းသောပတ်ဝန်းကျင်အတွက် အရေးအကြီးဆုံးသော မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ ရေသည်အေးမြ၏ သန့်စင်၏၊ အသက်ဆက်ပေးနိုင်သည်။ လူ့ခန္တာကိုယ်သည် ရေဓါတ်အများဆုံးနှင့် ဖွဲ့စည်းထား၏။ (၇၀) ရာခိုင်းနှန်းသည် ရေသာဖြစ်သည်။ မြန်မာနိုင်ငံ တနံတလျားရှိ မြစ်ချောင်းအင်းအိုင် ကန်မြောင်းစသည့် မြေပေါ်ရေနှင့် မြေအောက်ရေတို့သည် နိုငငံသူ နိုင်ငံသားများအတွက် စက်ရုံအလုပ်ရုံ၊ စိုက်ပျိုးရေး၊ သောက်ရေသုံးရေများဖြစ်သည်။ ဤရေသည် ငါတို့ရေဖြစ်သည်။

ရေတန်ဘိုး သိနားလည်အောင် ရေရှားပါးသော နိုင်ငံများ၊ စင်္ဂကာပူနိုင်ငံ၊ အစ္စရေးနိုင်ငံ စသည်တို့ကို နမူနာယူရမည်။ ရေစီမံခန့်ခွဲပုံ၊ အသုံးပြုပုံကို အတုယူရမည်။ ရေကိုတန်ဘိုးထားတတ်အောင် ပြုလုပ်ရမည်။

မြို့နေလူတန်းစားများသည် ရေမလာသည့်အခါ ရေကို တမ်းတသည်။ သို့သော် ရေမရတော့မှာကို မစိုးရိမ်ကြပေ။ အဘယ်ကြောင့်ဆိုသော် ရေတွင်း၊ ရေကန်၊ ချောင်းမြောင်း၊ မြို့ရေပေးဝေသည့်ရေပိုက်လိုင်းများ ရှိနေတာပဲဟု ယူဆထားကြသောကြောင့်ဖြစ်သည်။ ဤသည်မှာ ရေ၏ အဓိပ္ပါယ် သိနားလည်မှု နည်း၍ ဖြစ်၏။ သို့သော် ရေနှင့်ပတ်သက်သည့် အနာဂတ်ကို သိသူ ပို၍ နဲနေသေး၏။ သိစေလို၍၊ ပညာရှင်များ၊ အစိုးရအဖွဲ့အုပ်ချုပ်သူများ ဦးဆောင်မူ့ဖြင့် ပြည်သူအများ သိနားလည်၊ တန်ဘိုးထားလာအောင်၊ ပူးပေါင်ဆောင်ရွက်လာအောင် လုပ်ဆောင်ရပေမည်။

မြန်မာတနိုင်ငံလုံးရှိ လူဦးရေသည် (၂၀၁၄) ခုနှစ် သန်းခေါင်စာရင်းအရ (၅၂.၈၀) သန်းရှိသည်။ မြို့ပြနေလူဦးရေသည် (၁၇.၅၃) သန်း။ ကျေးလက်ဒေသနေ လူဦးရေသည် (၃၅.၂၆) သန်း ရှိသည်။ ယနေ့ မြန်မာပြည်သူများသည် ရေကို မည်သည့်ကဏ္ဍတွင်းမဆို ပေါပေါများများ ဖေါဖေါသီသီ သုံးစွဲနေကြသည်။ တနိုင်ငံလုံးလူဦးရေ၏ (၈၆) ရာခိုင်နှုန်းသည် သန့်စင်သောသောက်သုံးရေကို ရနှေကြသည်။ သို့သော် ရေကို စနစ်တကျအသုံးပြုမူ့ နဲနေသေးသည်။

ရေမကြွယ် ထင်းမကြွယ်တဲ့ အညာဒေသရှိ ရှေးလူကြီးစကားမှန်၏။ ရေကို လိုအပ်သည့်အချိန်မှာ  လိုသလောက်ရအောင် ရှိနေစေရမည်။ ရေကို ချွေတာစုဆောင်းသည့် အလေ့အကျင့်ရှိရမည်။ ဆင်းရဲချမ်းသာမရွေး၊ သောက်သုံးရေမရှိဘဲ နေလို့မရပါ။ မြန်မာနိုင်ငံ၊ မြို့ပြနေ လူများ၏ တနေ့ပျမ်းမျှ သောက်သုံးရေ သုံးစွဲမူ့သည် (၂၅) ဂါလံ / (၉၅)လီတာ ဖြစ်သည်ဟု ထားပါမည်။ ကျေးလက်ဒေသနေသူများ၏ သုံးစွဲနှန်းသည် ထိုတစ်ဝက်ခန့် (၁၅) ဂါလံ / (၅၇) လီတာရှိမည်။ လက်ရှိမြို့ပြနေသူများ၏ ရေသုံးစွဲမူ့ကို ခန့်မှန်းတွက်ချက်ကြည့်ပါက တနေ့ ရေဂါလံ (၄၃၈) သန်း ဖြစ်နေသည်။ ထိုသုံးစွဲနေသည့် ပမာဏထဲက လူတစ်ယောက်ရေချိုးသည်အခါ (၁၀) လီတာလျော့ ချိုးခြင်း။ နံနက် မျက်နှာသစ် သွားတိုက်ပြုလုပ်သည့်အခါ ဘုံပိုင်ရေကို တိုက်ရိုက်ဖွင့်မချဘဲ ရေခွက်ကို အသုံးပြုခြင်း။ (ရေ (၅) လီတာ ချွေတာနှိင်ခြင်း)။ မီးဖိုချောင်တွင် သုံးစွဲသည့်ရေကို ဘုံပိုင်က တိုက်ဖွင့် မသုံးစွဲဘဲ ခွက်၊ ဇလုံများ အသုံးပြုခြင်းဖြင့် ရေ (၁၂) လီတာ ချွေတာနိုင်ခြင်း။ စုစုပေါင်း တနေ့ရေ (၇.၁၀) ဂါလံ / (၂၇) လီတာ ချွေတာနိုင်မည်။ လူ (၅) ယောက်ရှိသည့် အိမ်တွင် တနေ့ ရေ (၁၃၅) လီတာ / ၃၅.၅) ဂါလံ ချွေတာနိုင်လာမည်။ အလေ့အကျင့်သည် ပြုလုပ်ယူ၍ ရ၏။ တစ်ဦး၊ တစ်ယောက်ချင်းမှသည် တရပ်ကွက်လုံး၊ တမြို့နယ်လုံး၊ တတိုင်းလုံး၊ တပြည်လုံးအထိ လေ့ကျင်ယူခြင်းဖြစ်နိုင်ပါသည်။

အထက်ဖေါ်ပြပါ ရေချွေတာရေး အစီအမံကို အသုံချမည်ဆိုပါက တစ်နိုင်ငံလုံးအတိုင်းအတာ (မြို့နေ လူဦးရေ (၁၇.၅၃) သန်းကို အခြေခံတွက်ကြည့်လျှင် တနေ့ ရေဂါလံ (၁၂၄.၄၆) သန်း ချွေတာနိုင်မည်ဖြစ်သည်။ ထိုအတိုင်း (၃) ရက် ချွေတာပါက ထို (၃) ရက် အတွင်း စုဆောင်းရသည့် ရေပမာဏသည် နောက်နေ့အတွက် လုံလောက်စေမည်။ ထိုရေဂါလံ (၁၂၄.၄၆) သန်းသည် မြို့နေပြည်သူများ နေ့စဉ်သုံးစွဲနေသည့်အထဲက စုဆောင်းရမည့် ရေပမာဏဖြစ်သည်။ တစ်လလျှင် ရေဂါလံ (၃၇၃၃.၈) သန်း စုဆောင်းနိုင်မည်။

ရေကို တစ်ဦးတစ်ယောက်ချင်း ချွေတာသကဲ့သို့ စက်ရုံအလုပ်ရုံများကလည်း မိမိစက်ရုံ နေ့စဉ်သုံးစွဲနေသည့် ရေပမာဏ၏ (၅) ရာခိုင်နှုန်း ချွေတာသင့်သည်။ (ဥပမာ – ရန်ကုန်မြို့တော်၊ မင်္ဂလာဒုံမြို့နယ် အတွင်းရှိ မြန်မာဘီယာချက်ရုံကို နမူနာထား တွက်ချက်ကြည့်ပါစို့)။ မြန်မာဘီယာစက်ရုံသည် တနေ့ ရေဂါလံ (၄၀,၀၀၀) အနဲဆုံး သုံးစွဲနေ၏။ ထိုအထဲက (၇) ရာခိုင်နှန်းဖြစ်သည့် ရေဂါလံ (၂၈၀၀) ကို ချွေတာကြည့်ပါက တစ်လလျှင် ရေဂါလံ (၈၄,၀၀၀) ချွေတာနှိင်မည်။ ထိုစက်ရုံမျိုး ရန်ကုန်တိုင်းအတွင်း အနဲဆုံး (၁၀၀) ဖြင့် တွက်ကြည့်ပါက တလ ရေဂါလံ (၈.၄) သန်း စုနိုင်မည်။ မြန်မာနှိင်ငံတိုင်းအသီးသီးရှိ စက်ရုံအလုပ်ရုံများ (စက်ရုံအလုပ်ရုံ ပေါင်း – ၅,၀၀၀) ကို အခြေခံ တွက်ကြည့်ပါက ရေဂါလံ သန်းပေါင်း (၄၂,၀၀၀) သန်း စုနိုင်မည်။

ထို့ပြင် စက်ရုံအလုပ်ရုံများ၏ ရေသုံးစွဲမှုပမာဏကိုလည်း သုံးစွဲမှု ပမာဏ အနဲအများ သတ်မှတ်ပြီး ထိုသတ်မှတ်ထားသည့် ပမာဏအလိုက် တန်ဘိုးအသီးသီး သတ်မှတ်၍ ထိန်းချုပ်သင့်သည်။ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပညာရှင်များ ပူးပေါင်းဆောင်ရွက်က ရနှိင်သည်။ သို့သော် အာဏာရှင်က အမြဲရှိနေပြီး ပညာရှင်က ဘေးရောက်နေရင်လည်း မဖြစ်နှိင်ပေ။ ပညာရှင်၊ ပညာတန်ဘိုး ကိုသိရမည်။ ပညာလည်း တကယ်တတ်သည့်သူ ဖြစ်ရမည်။

စိုက်ပျိုးရေးကဏ္ဍတွင်လည်း ရေသုံးစွဲမူ့ကို ထိုသို့ဆောင်ရွက်ရမည်။ အထူးသဖြင့် စစ်ကိုင်းတိုင်း ယင်းမပင်မြို့နယ်၊ အရာတော်မြို့နယ်တို့တွင် ရေလျံတွင်းများ (အထူးသဖြင့် တောင်သူပိုင် ရေလျံတွင်းများကရေများ) အထိန်းအသိမ်းမရှိ၊ စိုက်ပျိုးရေအတွက် မလိုသည့်အချိန်များတွင်လည်း ရေများလျံကျ၍ အဟောသိကံဖြစ်နေခြင်းများကို ထိန်းချုပ်ရမည်။ ထိုဒေသ၏ မြေအောက်ရေဆိုင်ရာ မှတ်တမ်းစာရင်းဇယား (လွန်ခဲ့သော ငါးနှစ်ကော်ျက) အရ ရေလျံတွင်းပေါင်း (၁၂၀၀) ရှိနေသည်။ လက်ရှိအခြေအနေတွင် ထိုဒေသရှိ မြေအောက်ရေဌာနအဖွဲ့အစည်းများက တောင်သူများကိုစည်းရုံးကာ ရေလျံတွင်း (၃၅) တွင်းက ရေလျံခြင်းကို ထိန်းသိမ်းကြရာ တနေ့ ရေဂါလံ (၆.၅) သန်း ချွေတာနှိင်သည်။ တွင်းပေါင်း (၁၂၀၀) က ပိုလျံကျလာသော ရေကို ထိန်းသိမ်းနိုင်ပါက ရေဂါလံ (၂၄) သန်းကျော် ထိန်းသိမ်းနိုင်မည်။ တောင်သူများ ရေတွင်းတူးဖေါ်ခြင်းသည် မိမိသဘောအတိုင်း ဖြစ်နေသည်။ ဤသို့မဖြစ်အောင် အာဏာပိုင်အဖွဲ့အစည်းက ထိန်းချုပ်ရမည်။

နိုင်ငံတကာရေအဖွဲ့အစည်းများနှင့် ပြည်တွင်းရေသုံးစွဲသည့်ဌာနများ၏ သတင်းအချက်အလက်များအရ မြန်မာနိုင်ငံ၏ ယနေ့ရေသုံးစွဲမူ့သည် အောက်ပါ ပုံပြဂရပ်အတိုင်း ရှိနေနိုင်မည်။

ယခုကာလမှ နောက်နှစ်ပေါင်းများစွာအထိ သန့်စင်သောရေသောက်သုံးနိုင်ရန်အတွက် ယနေ့အချိန်သည် အရေးကြီးဆုံးအချိန်ဖြစ်သည်။ ယခုကစ၍ စီမံကိန်းချ ဆောင်ရွက်သင့်နေပြီ။ ဒီနေ့၊ ဒီလ၊ ဒီနှစ် ရေရှိရုံ နှင့် မပြီးတော့။ အနာဂတ်အတွက် ရေရှိနေဘို့လည်း အရေးကြီးလာပြီ။

မြန်မာနိုင်ငံသည် လူဦးရေနှင့် သောက်သုံးရေအချိုးကို တွက်ကြည့်ပါက သောက်သုံးရေသည် အဆ ပေါင်းများစွာ ပိုနေ၏။ သို့သော် အိမ်နားနီးချင်းနိုင်ငံများက မိမိတို့နိုင်ငံပိုင်ရေကို မည့်မျှ ရယူသုံးစွဲနေသည်ကို သိထားရမည်ကာလ၊ ပြန်လည်းတွက်ချက်ရမည့်ကာလ ဖြစ်နေပြီ။

လက်ရှိ သောက်သုံး၍ ရနိုင်သောရေကို ရေအရည်အသွေးမပျက် သန့်ရှင်းကောင်းသောရေ ပမာဏ လျော့နည်းသွားပါက လူနှင့် တိရစ္ဆာန်များအားလုံးနှင့် သန့်ရှင်းသောပတ်ဝန်းကျင်သည် တစတစ ပျက်ပြားလာပေမည်။ ရေကို စနစ်တကျ ချွေချွေတာတာ သုံးစွဲခြင်း၊ ရေနှင့် ပတ်ဝန်းကျင်မညစ်နွမ်းအောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်သည် လူ့တာဝန်ဖြစ်သည်။ သို့မှသာ လူ့နှင့်ပတ်ဝန်းကျင်ကို များစွာတိုးတက် ပြောင်းလာစေမည်။

(၂၀၃၀) နှောင်းပိုင်းတွင် လူနှင့် ရေ ဆက်နွယ်မှုများ ပိုမိုခက်ခဲလာမည်။ မိမိလုပ်ငန်းအဆင်ပြေရန် လိုသောရေ ရဘို့ တစ်ယောက်နှင့် တစ်ယောက် အချေအတင်များ၊ ပြောဆိုလုပ်ကိုင်မှုများ ဖြစ်လာမည်။ ရေနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ပိုမိုများပြားလာမည်။ ၂၁ ရာစု အတွင်းနှင့် နှောင်းပိုင်းကာလများတွင် ကမ္ဘာရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ ကမ္ဘာကြီး ပိုမိုပူနွေးလာမှုကြောင့်လည်း ရေအရင်းအမြစ်များကို များစွာ ထိခိုက်ပျက်စီးစေမည်ဖြစ်သည်။ ထိုအခါ နေရာအနှံအပြားတွင် ရေကို တန်ဘိုးထားပြီး ငွေကြေးနှင့် တန်ဘိုးဖြတ် ရယူအသုံးပြုသည့် အခြေအနေဖြစ်လာမည်။ မြန်မာနိုင်ငံတွင် သောက်သုံးရေ အလွန်ရှားပါးသောနေရာဒေသများတွင်း  ရေကို ၀ယ်ယူ အသုံးပြုခဲ့ကြရသည်။ ယနေ့လည်း အသုံးပြုနေဆဲဖြစ်သည်။ နောင်တချိန်၌ ထိုဒေသများသည် ပိုမိုဆိုးရွားသည့် အခြေအနေကို ရင်ဆိုင်ရဘွယ်ရှိသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရသည့်အချိန်ကာလကစ၍ ယနေ့အထိ ရေကို အလျံပယ်သုံးစွဲနေကြသည်။ နှစ် ၇၀ ကျော်လွန်ခဲ့ပြီ။ လူဦးရေလည်း နှစ်ဆမက တိုးလာခဲ့သည်။ ယခုအချိန်သည် ရေကို စည်းစနစ်တကျ အုပ်ချုပ်ရေးဥပဒေ၊ ပညာရပ်ဆိုင်ရာဥပဒေများ၏ ထိန်းကွပ်မှုဖြင့် သုံးစွဲရမည့်ကာလ ဖြစ်နေပြီ။

နှစ်ရှည် စီမံကိန်းအစီအစဉ်များကို နှစ် (၃၀) နှစ် (၅၀) စသည်ဖြင့် လုပ်ဆောင်သင့်သည်။ နှစ်တို နှစ်ရှည် ရေလိုအပ်ချက်၊ လူဦးရေတိုးပွားနှုန်းနှင့် စီးပွားရေးစီမံကိန်းများကို အခြေခံ၍ စီမံရမည်။ မိုးရေလှောင် သုံးစွဲသည့်အလေ့အထကို လေ့ကျင့်ရမည်။ မိုးရေကို လှောင်နည်း သုံးစွဲနည်းများကို ဦးဆောင်လမ်းပြရမည်။ ပြည်သူများ မိုးရေလှောင်သုံးစွဲခြင်းကို ရေအလွန်ခက်ခဲသောနေရာ၊ ဒေသများတွင်သာ လူတစ်စု သုံးစွဲကြ
ခြင်းသာ ရှိသေးသည်။ ကျယ်ကျယ်ပြန့်ပြန့်  လုပ်ဆောင်လာအောင် စည်းရုံးရမည် လုပ်ဆောင်စေမည်။ မိုးရေကို နိမ့်ရာသို့ ရေဆိုးမြောင်းများ မြစ်ချောင်းများသို့ အထိန်းအချုပ်မရှိ မစီးဆင်းစေခြင်းမှသည် စနစ်တကျရှိစေရမည်။ အလေအလွင့်မရှိ သိုလှောင်သုံးစွဲသည့်စနစ် ဖြစ်လာအောင်ဆောင်ရွက်ရမည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်သုံးစွဲနှိင်သော မြေပေါ်ရေ အရင်းအမြစ် ကုဗ ကီလို မီတာပေါင်း (၁၀၈၂) နှင့် မြေအောက်ရေ အရင်းအမြစ် ကုဗ ကီလို မီတာပေါင်း (၄၉၅) ရှိပါသည်။ မြေပေါ်မြေအောက် စုစုပေါင်း ရေအရင်းအမြစ် ပမာဏ (၁၅၇၇) ကုဗ ကီလို မီတာ၊ နှစ်စဉ် ပြည်တွင်း ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ရေပမာဏ (၈၈၀.၆၀) ကုဗကီလိုမီတာ၊ နှစ်စဉ် ထုတ်လုပ်ပေးသည့် မြေအောက်ရေပမာဏ (၁၅၆) ကုဗကီလိုမီတာ၊ နှစ်စဉ် ထုတ်လုပ်ပေးသည့် မြေပေါ် ရေပမာဏ (၈၇၆.၆၀) ကုဗကီလိုမီတာ၊ မြေပေါ်ရေ၊မြေအောက်ရေ ဆက်စပ်နေသည့် ကဏ္ဍတွင် နှစ်စဉ် ရေပြန်လည်ဖြည့်တင်းပေးနှိင်မှု (၁၅၀) ကုဗကီလိုမီတာ၊ ရေအရင်းအမြစ် စုစုပေါင်း၏ နှစ်စဉ်ပြန်လည်ဖြည့်တင်ပေးနိုင်မှု ပမာဏ (၁၀၄၅.၆၀) ကုဗမီတာ ဖြစ်ပါသည်။

စိုက်ပျိုးရေးအတွက် ရေအသုံးပြုမှုမှာ (၃၀) ကုဗကီလိုမီတာခန့်နှင့် စက်ရုံအလုပ်ရုံနှင့် အများပြည်သူတို့၏ သောက်သုံးရေမှာ (၃) ကုဗကီလိုမီတာခန့် ရှိသည်။ မြေပေါ်ရေ သုံးစွဲနှိင်မှုပမာဏ၏ (၁၀) ရာခိုင် နှုန်း အောက်တွင်သာ ရှိပါသည်။ မြေအောက်ရေ၏ (၁၀) ရာခိုင်နှုန်းခန့်သာ အိမ်သုံး၊ သောက်သုံးရေအဖြစ် အသုံးပြုကြပြီး စိုက်ပျိုးရေအတွက် (၅) ရာခိုင်နှုန်းသာ အသုံးပြုသည်။ မြန်မာနိုင်ငံ လူထု အသုံးပြုရန် ရေအ
ရင်းအမြစ် (မြေပေါ်၊မြေအောက်) များစွာ ရှိနေပါသေးသည်။

တကမ္ဘာလုံးအတိုင်းအတာဖြင့် လေ့လာကြည့်ပါက ကမ္ဘာ့ရေထု၏ (၉၈) ရာခိုင်နှုန်းသော ရေ (ပင်လယ်ရေနှင့် ဒီရေအတက်အကျရှိသည့် ပင်လယ်စပ်အနီးအနားရှိ မြစ်ချောင်းအင်းအိုင်များ၊ ဆားငံရေအိုင်များနှင့် အငံဓါတ်ပျော်ဝင်နေသော မြေအောက်ရေ) တို့သည် သောက်သုံး၍ မရနှိင်သော ရေငံများဖြစ်ပါသည်။ ကျန် (၂.၀) ရာခိုင်နှုန်းသော ရေသည်သာ သောက်သုံးနိုင်သောရေ ဖြစ်ပါသည်။

ထိုသောက်သုံးနိုင်သောရေများတွင် ရေခဲမြစ်များ၊ ရေခဲတောင်များ၊ မြေပေါ်ရေချိုနှင့် မြေအောက်ရေချိုများ ပါဝင်ပါသည်။ ရေခဲမြစ်များ၊ ရေခဲတောင်နှင့် နှင်းတောင်များ မပါဝင်ပါက အမှန်တကယ် သောက်သုံးနှိင်သည့် ရေပမာဏမှာ (၁၃) ရာခိုင်နှုန်း၊ (မြေပေါ်ရေ (၁) ရာခိုင်နှုန်းနှင့် မြေအောက်ရေ (၁၂) ရာခိုင်နှုန်းသာလျှင် ရှိပါသည်။

ရေအရင်းအမြစ်ဆိုသည်မှာ လူနှင့်ပတ်ဝန်းကျင်အတွက် စိတ်ချစွာ အသုံးပြုနှိင်သောရေ (မြေပေါ်ရေနှင့် မြေအောက်ရေ) ကို ခေါ်ဆိုပါသည်။ မြေပေါ်မြေအောက် ရေအရင်းအမြစ်မှာ သဘာဝအလျောက်ဖြစ်တည်နေသည်။

ကမ္ဘာတ၀ှမ်း ရေသုံးစွဲမှုပမာဏသည် တိုးတက်သောနေရာ ဒေသနိုင်ငံအလိုက် ကွဲပြားသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စစ်တမ်းကောက် သုတေသနပြုရာ အိမ်သုံးသောက်သုံးရေသည် ၈% စက်ရုံအလုပ်ရုံသုံးသည် ၂၂% နှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ၇၀% ဖြစ်နေသည်။ လူတစ်ဦးချင်းစီ၏
တနေ့ ပျမ်းမျှရေသုံးစွဲမှုပမာဏသည် (၂၃ ဂါလံ / ၈၇ လီတာ) ဖြစ်သည်။

ဖွံဖြိုးဆဲနိုင်ငံများသည် လုပ်ငန်းသုံးရေကို ထိန်းထိန်းသိမ်းသိမ်း သုံးစွဲမှု နည်းနေသည်။ ဖွံဖြိုးပြီးနိုင်ငံ များသည် ရေကို စနစ်တကျအသုံးပြုကြောင်း ကိန်းဂဏန်းများဖြင့် နှိုင်းယှဉ်ခြင်းဖြင့် သိသာနေသည်။

ဖွံဖြိုးဆဲနိုင်ငံနေရာဒေသအများစုတွင် မြေပေါ်ရေကို သောက်သုံးရေအဖြစ် အများအပြားအသုံးပြုနေ ကြပါသည်။ မြေပေါ်ရေရှိမှု အလားအလာနည်းပါးသည့် နေရာဒေသများနှင့် မြေပေါ်ရေနှင့် ဝေးလွန်းသည့်နေရာဒေသများတွင်သာ မြေအောက်ရေကို ထုတ်ယူ အသုံးပြုကြပါသည်။ မိုးရေကို အသုံးပြုကြရသည်။

ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ ကမ္ဘာကြီး ပိုမိုပူနွေးလာ၏။ မိုးရွာသွန်းမှု လျော့နဲလာ၍ အငွေ့ပျံနှုန်း ပိုမိုလာပြီး ရေအရင်းအမြစ်များသည် ရေပမာဏ လျော့နည်းလာသည်။ တကမ္ဘာလုံးရှိ ၄၀% သော လူဦးရေသည်သာ ရေကို ပြည့်ပြည့်၀၀ သုံးပြုနေပေသေးသည်။ ကမ္ဘာပေါ်တွင် ရေသည် နေရာဒေသနှင့် အချိန်ကာလအလိုက် ပြန့်နှံ့တည်ရှိနေသည်။ အချို့နေရာများတွင် လူသားတို့၏ လုပ်ဆောင်မှုများအတိုင်း တည်ရှိနေရသည်။ (ဥပမာ – ရေလွဲတူးမြောင်း၊ ရေလှောင်ကန်၊ ဆည်မြောင်း)။ ထိုရေများကို စနစ်တကျ စီမံ ခွဲဝေ သုံးစွဲစေရမည်။

ရေကောင်းရေသန့်သည် လူတို့အတွက် အဓိက အခြေခံလိုအပ်ချက် ဖြစ်သည်။ ရေလိုအပ်ချက်သည် အချိန်နှင့်အမျှ ရှိနေသည်။ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် တိုး၍ တိုး၍ လိုနေမည်။ ရေကို ယခု တင်စားခေါ်ဝေါ် အသုံးပြုနေကြသည့်နာမည်သည် ရေပြာ (Blue water)။ အနာဂတ်တွင် နာမည်အသစ် ရွှေရည် (ရေ) (New Liquid Gold) ဟု တင်စားခေါ်လာမည့် အခြေအနေရောက်လာနိုင်သည်။

နိဂုံးစကား။ ။ မြန်မာနိုင်ငံသည် နိုင်ငံတွင်းရှိ ရေအရင်းအမြစ်ပမာဏ၏ (၁၂) ရာခိုင်နှုန်းသာ သုံးစွဲနေသဖြင့် ရေအတွက် ပူစရာမလိုဟု ယူဆနေကြသည်။ အိမ်နားနီးချင်းနိုင်ငံများက မည်၍မည်မျှ ထုတ်ယူနေကြသည်ကို သတိမမူ ဂူမမြင် ဖြစ်နေကြသည်။ ခလုပ်ထိမှ အမိ တ မည်ဖြစ်သည်။ သို့ပါ၍ အနာဂတ်ရေအရေးကို ကြိုတင် စီစဉ် ဆောင်ရွက်သင့်သည်။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ရေတန်ဘိုးကို သုံးစွဲသူများ၊ လုပ်ငန်းကဏ္ဍအလိုက် သတ်မှတ်ရန်၊ ရေတန်ဘိုး နားလည်အောင် လုပ်ဆောင်ရမည်။ ဌာနဆိုင်ရာအနေနှင့် ရေကဏ္ဍ စီမံအုပ်ချုပ်မှု ပိုမိုပီပြင်အောင် ပညာရှင်များ ပူပေါင်းပါဝင်ရမည်။ အစိုးရ အဖွဲ့အစည်းများက အတွေ့အကြုံရှိ အငြိမ်းစားပညာရှင်များနှင့် လုပ်ဆောင်ပါက ပိုမိုကောင်းမွန်သော ရေစီမံခန့်ခွဲမှု ဖြစ်လာမည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ လူဦးရေ ၃၀% သည် သန့်ရှင်းကောင်းမွန်သော သောက်သုံးရေကို မရရှိကြောင်း မှတ်တမ်း ၀င်ထားသည်။ ထိုအချက်ကို အဓိကထား စဉ်းစားရမည်။ ရေသည် နိုင်ငံ ဖွံဖြိုးတိုးတက်ရေးအတွက် အဓိက အလိုအပ်ဆုံးဖြစ်သည်။ လက်ရှိ ရေအရင်းအမြစ်များကို ရေရှည်အသုံးပြုနိုင်အောင်၊ အစဉ် သန့်စင်နေအောင် ထိန်းသိမ်းသွားရန်နှင့် ရေအရင်းအမြစ်အသစ်များကိုလည်း ရှာဖွေဖေါ်ထုတ်ရမည်ဖြစ်ပါသည်။

မြန်မာနှိင်ငံ၏ ရေအရေး အနာဂတ်သည် အပေါင်းလက္ခဏာ မဖြစ်သေးပေ။ လက်ရှိအခြေအနေ၊ အနေအထားများအတိုင်း လုပ်ဆောင် သုံးစွဲနေပါက နောင်အနှစ် (၂၀) ကျော်၌ အနှုတ်လက္ခဏာပြမည့် အနေအထားကို ရောက်လာနိုင်သည်။ ထိုသို့ မဖြစ်အောင် ယခုကစ ကြိုတင်စီမံ ဆောင်ရွက်ပါက အကောင်းဆုံးအခြေအနေတွင် ရှိနေပါမည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် ရေဥပဒေသည် မထွက်ပေါ်လာသေးပေ။ ပြုစုနေဆဲရှိသေးသည်။ လူတို့ သောက်သုံးရေ၊ စက်ရုံအလုပ်ရုံ သုံးရေ၊ စိုက်ပျိုးရေတို့အတွက် ရေဥပဒေ၊ ရေမူဝါဒများ လိုအပ်လာနေသည်။ (IWRM) ဘက်စုံ ရေအရင်းအမြစ် စီမံခန့်ခွဲမှုအဖွဲ့သည်လည်း နိုင်ငံတော်အဆင့်ဖြင့် လည်ပတ်နေသည်။ ရေအရင်းအမြစ် ဘက်စုံဖွံဖြိုးရေအတွက် အဓိကအဖွဲ့အစည်းဖြစ်သည်။ လျင်လျင်မြန်မြန် ပိုမိုတိုးတက်အောင် ၀ိုင်းဝန်းလုပ်ဆောင်ရမည်။ ရေဥပဒေသည် ယနေ့အထိ အတည်ပြု သက်ဝင် လှုပ်ရှား မလာသေးပေ။

ရေဥပဒေကို အမြန်ဆုံး အကောင်အထည်ဖေါ်သင့်သည်။ ရေဥပဒေရေးဆွဲရာတွင်လည်း ရေသုံးစွဲ သည့်ဌာနအားလုံး၊ အသင်းအဖွဲ့ အားလုံးပါဝင်သင့်သည်။ လက်ရှိအနေအထားသည် နေရာဒေသ၊ တိုင်းမြို့နယ်အလိုက် စီမံခန့်ခွဲအုပ်ချုပ်မှုသာ ရှိနေသေးသည်။

သန့်ရှင်းကောင်းမွန်သောရေသည် လူသားအားလုံး၏ ကျန်မာရေးနှင့် သန့်ရှင်းသောပတ်ဝန်းကျင်အတွက် အရေးကြီးသော၊ တန်ဘိုးရှိသော လာဘ်တပါးဖြစ်ပါသည်။ စိတ်ချစွာ သောက်သုံးနိုင်သောရေနှင့် သန့် စင်သော လေ ရရှိရေးသည် လူသားအားလုံးအတွက် မွေးရာပါ ရပိုင်ခွင့်ဖြစ်ပါသည်။ ထိုရေကို အနာဂတ်အတွက် အမြဲသန့်စင်နေအောင် ဆောင်ရွက်လျှင်၊ ရေကို တန်ဘိုးထားသုံးစွဲလာလျှင် ငါတို့ အနာဂတ်သည် တိုးတက် ကြည်လင် နေမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈) ရက်နေ့၌ နေပြည်တော်တွင် ကျင်းပမည့် မြန်မာနိုင်ငံ၊ ကမာ့္ဘရေနေ့ အခမ်းအနားကို ဤဆောင်းပါးဖြင့် ကြိုဆိုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Maung Kyay Yay, သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်