fbpx

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈၀) အပိုင်း (၅၄)

February 22, 2018

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈၀) အပိုင်း (၅၄)
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၁၈

● နမ့်လင်းတိုက်ပွဲဖြစ်စဉ်
ရင်း ၁၀၇ မှတပဖွဲ့များသည် နံနက် ၃ နာရီခန့်တွင် သတ်မှတ်နေရာ
သို့ ရောက်ရှိနေရာယူထားပြီး မကြာခင်မှာပင် စခန်းတွင်းမှ အစိုးရတပဖွဲ့များက သိရှိသွားရာ တပ်ခွဲ ၂ အား ချက်ခြင်းပင် စခန်းအား တက်ထိုးစေခဲ့ရတော့သည်။ သို့နှင့်မနက် ၅ နာရီစွန်းစွန်းတွင် တိုက်ပွဲစတင်ခဲ့တော့သည်။ ဖေါက်ခွဲရေးတပ်စုက စခန်းအနီးလျင်မြန်စွာချဉ်းကပ်ပြီး သံဆူးကြိုးနှစ်ထပ်အား ဖေါက်ခွဲဖျက်ဆီးပြီး ခြေလျင်တပ်ဝင်ရန် လမ်းကြောင်းဖေါက်ပေး လိုက်သည်။ ထိုစဉ်က မဆလအစိုးရချုပ်ကိုင်ထားသည့် ရှေ့တန်းစခန်းအားလုံးသည် အနည်းဆုံး သံဆူးကြိုး သို့မဟုတ် ဝါးတပ်စည်းရိုး နှစ်ထပ်မှ သုံးထပ်အထိ ကာရံထားလေ့ရှိကြပြီး အဆိုပါတပ်စည်းများအတွင်း ဝါးညှောင့်များ မိုင်းများ ထောင် ထားလေ့ရှိရာ CPB ဖက်မှ ယမ်းထုပ် သို့မဟုတ် ယမ်းချောင်းများ အသုံးပြုဖေါက်ခွဲပြီး ၎င်းစည်းရိုးအားလည်းကောင်း တပ် စည်းရိုးများအတွင်းရှိ ညှောင့်များ မိုင်းများအားလည်းကောင်း ရှင်းလင်းပစ်ရသည်။ ထို့ကြောင့် ကျားတက်ထိုးမည့် ခြေလျင် တပ်ရှေ့တွင် ဖေါက်ခွဲရေးတပ်စုက အမြဲရောက်နေရပေသည်။ ဖေါက်ခွဲရေးတပ်စုက ဖေါက်ခွဲရှင်းပြီးသည်နှင့် ခြေလျင်တပ်က တဝေါဝေါပစ်ခတ်ပြီး ကျားတက်ထိုးရပေတော့သည်။ သို့နှင့် ဇန္နဝါရီ ၂၁ ရက် အရုဏ်ဦးတွင် မူစယ်ဒေသတခုလုံး ကြားကြရ သည့် ပေါက်ကွဲသံများ သေနတ်သံများစတင်ခဲ့ပေတော့သည်။

ရင်း ၁၀၇ တပဖွဲ့များသည် အချိန်တိုအတွင်းမှာပင် အမှတ် ၄ တောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့ပေသည်။ အမှတ် ၄ တောင် ကုန်းအား သိမ်းပိုက်ရရှိပြီးနောက် တပ်ခွဲ ၂ သည် အမှတ် ၂ ကုန်းအား ဆက်လက်တိုက်ခိုက်ရာ တဖက်တပဖွဲ့များက ပြင် ဆင်မှုရှိသွားပြီး ပြင်းပြင်းထန်ထန် ပြန်လည်ပစ်ခတ်သဖြင့် တောင်ကုန်းအား ချက်ခြင်းမသိမ်းနိုင်ဘဲ နှစ်ဖက်ရင်ဆိုင် ပစ်ခတ် နေရသည့်အခြေအနေသို့ ရောက်ရှိသွားပေတော့သည်။

တပ်မဟာ ၂ ရှေ့တန်းဌာနချုပ် ၊ ရင်း ၃ နှင့်အထူးတပ်ရင်းတို့သည်တောင်ဖက်မှ နမ့်လင်းစခန်းသို့ ဦးတည်ချီတက်ရာတွင် လမ်းမကျွမ်းကျင်ခြင်းညအချိန်ချီတက်ရခြင်းတို့ကြောင့် ရင်း ၁၀၇ မှ စတင်တိုက်ခိုက်သည့်အချိန်ထိသတ်မှတ်စခန်းများသို့ မရေက်နိုင်သေးပေ။ သို့နှင့် ဦးတည်ချက်ပြောင်းပြီးရင်း ၁၀၇ ထိုးဖေါက်သွားသည့် လမ်းအတိုင်း အမှတ် ၄ တောင်ကုန်း သို့ချီတက်ကြသည်။ ထိုတပဖွဲ့များ အမှတ် ၄ တောင်ကုန်းသို့ရောက်ရှိသည့် တချိန်တည်းလိုလိုပင် တပ်မဟာ ၂ မှ အမြောက် တပ်နှင့် စက်ကြီးအဖွဲ့သည် သတ်မှတ်ထားသည့် နမ့်လင်းနှင့် မီတာ ၁၅၀၀ ဝေးသည့် တောင်ဖက်တောင်ကြောသို့ ရောက ရှိသည်။ တပ်မဟာ ၂ တပ်ဖွဲ့များသည် လက်နက်ကြီးပစ်ကူဖြင့် စတင်ထိုးစစ်ဆင်ခဲ့သည်။

ထိုအခိုက်အတန့်တွင် CPB တပဖွဲ့များမှ အပြင်းအထန်တိုက်ခိုက်ခြင်းမခံရသည့် အစိုးရ အမြောက်တပ်မှ တပ်မဟာ ၂ တပ် ဖွဲ့များသို့ ပစ်ခတ်လာရာCPB ရဲဘော်များ ဒဏ်ရာရသူများပြားခဲ့သည်။ ထိုအခြေအနေတွင် တပ်မဟာ၂ မှ လက်နက်ကြီး စက်ကြီးအားလုံးကို အမှတ် ၂ တောင်ကုန်းအား စုပြုံပစ်ခတ်ပြီး လက်နက်ကြီးပစ်ကူနှင့် အမှတ် ၂ တောင်ကုန်းအားသိမ်းပိုက် နိုင်ခဲ့သည်။ အဆိုပါအောင်မြင်မှုအရှိန်နှင့် တဖက်တပ်အမိန့်ပေးဌာနရှိသည့် အမှတ် ၃ တောင်ကုန်းအားလည်း ဆက်တိုက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

စခန်း ၃ ခုအားတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျန်သော အမှတ် ၁ တောင်ကုန်းနှင့် ရင်ဆိုင်ရတော့သည်။ ထိုအချိန်တွင် တပ်မဟာ ၂ လက်နက်ကြီးတပ်ခွဲမှာ ၈၂ မမ နှင့် ၅၇ မမ တပ်စိတ်တို့ကို အမှတ် ၄ တောင်ကုန်းသိုပြောင်းရွှေ့ပြီး အမှတ် ၁ တောင်ကုန်းအား အနီးကပ် ပစ်ခတ်ဦးနှိမ်ခဲ့သည်။သို့သော် CPB တပဖွဲ့များအတွက် အားနည်းချက်တခုပေါ်လာပြီဖြစ်သည်။ ၎င်းမှာ တိုက်ပွဲအချိန်ကြာမြင့်လာသည်နှင့် လက်နက်ခဲယမ်းမီးကျောက်အားနည်းလာပြီဖြစ်သည်။ မိမိအခြေခံဒေသမှထွက်၍ တဖက်ခံစစ်ကြောင်းနောက်သို့ ထိုးဖေါက်တိုက်ခိုက်ရာတွင် ကြုံရသည့်ပြဿနာဖြစ်သည်။ ဤသို့စစ်ဆင်ရေးများတွင် တိုက် ပွဲဝင်ရဲဘော်တိုင်း ကျည် ၃၀၀ လက်ပစ်ဗုံး ၄ လုံး ခန့် အနည်းဆုံးသယ်ဆောင်ကြသည်။ ထို့ပြင် တပ်မဟာ ထောက်ပံ့ ရေးဌာနကလည်း လူ၊ မြင်း၊ လားတို့ဖြင့် အရံသယ်ဆောင်လေ့ရှိသည်။ သို့သော် အကန့်အသတ်ရှိသည်။ မိမိအခြေခံဒေသ ထောက်ပံ့ရေးဂိုဒေါင်နှင့်ဝေးကွာ တဖက်အစိုးရတပ်ဖွဲ့များ ထိမ်းချုပ်ထားသော ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ် သန်း၍ ခဲယမ်းသယ်ရန် မလွယ်ကူလှပေ။ သို့ဖြစ်ရာ တဖက်ခံစစ်ကြောင်းနောက်ဖက်သို့ ထိုးဖေါက်ဝင်ရောက်တိုက်ခိုက်သည့် တိုက်ပွဲစီမံကိန်းတိုင်းတွင် အရံလက်နက်ခဲယမ်းသယ်ဆောင်နိုင်မှုပေါ်မူတည်၍ စစ်ဆင်ရေးကို ကန့်သတ်ရလေ့ရှိပေသည်။

ဤသို့ တပ်မဟာ ၂ လက်နက်ကြီးတပဖွဲ့က မီးအားအပြင်းအထန်ပေးလာမှုအောက်တွင် အမှတ် ၁ တောင်ကုန်းမှ အစိုးရ တပ်ဖွဲ့များသည် စခန်းကို စွန့်ခွာသွားကြပြီး အထူးတပ်ရင်းမှ တပ်စုတစုမှ အမှတ် ၁ ကုန်းအား သိမ်းပိုက်နိုင်ခဲ့တော့သည်။ သို့နှင့် ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့် တိုက်ပွဲစတင်ပြီး ၃ နာရီခွဲခန့်အကြာတွင် နမ့်လင်းတောင်ကြောပေါ်ရှိ စခန်းအား လုံးကို သိမ်းပိုက်နိုင်ခဲ့ပါသည်။ ဤစခန်းသိမ်းတိုက်ပွဲဖြစ်စဉ်အတွင်း အမြောက်တပ်စုတစုနှင့် ခလရ ၄ မှ တစိတ်တပိုင်းအား ချေမှုန်းနိုင်ခဲ့သည်။ အစိုးရတပ်မှ သေဆုံး ၂၂ ယောက်၊ ဒဏ်ရာ ၁၅ ယောက်ရှိခဲ့ပြီး သုံ့ပမ်း ၇ ယောက် ဖမ်းဆီးရမိခဲ့သည်။ ၇၆.၂ မမ အမြောက် ၄ လက်ကိုဖျက်ဆီးနိုင်ခဲ့သည်။ မိမိအခြေခံဒေသနှင့် ဝေးကွာ၍ထိုအမြောက်များကို သယ်ဆောင်ရန် မဖြစ်နိုင်ခဲ့ပေ။ မဖျက်စီးမီ ထိုအမြောက်များဖြင့် အစိုးရတပ်စခန်းများကို ချိန်ရွယ်ပစ်ခတ်ခဲ့သေးသည်။ သို့သော်ကျွမ်းကျင်မှု မရှိ၍ ထိရောက်မှုတော့ကောင်းစွာမရှိခဲ့ပေ။ သိမ်းပိုက်ရရှိသည့်စခန်းတောင်ကုန်းများအား ခြေလျင်တပ်က ရှင်းလင်းရေးပြု လုပ်ခဲ့သည်။

ဆုတ်ခွာသည့် အစိုးရတပ်ဖွဲ့များသည် တောင်ခြေတဝိုက်တွင် ပြန်လည်စုဖွဲ့ခဲ့ကြသည်။ တပ်စိတ် ၅ စိတ်ပြန်လည်စုဖွဲ့ပြီး နေ့လည် ၁ နာရီခွဲခန့်တွင်တပ်မဟာ ၂ တပ်ဖွဲ့များတပ်စွဲထားသည့် နမ့်လင်းစခန်းကုန်းအား ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြသည်။ ထိုအချိန်တွင် CPB တပ်ဖွဲ့များတွင် ခဲယမ်းမီးကျောက်အားနည်းနေပြီး နောက်ပိုင်းမှ ထပ်မံပို့ရန် စီစဉ်ထားသည့် ထောက်ပို့အဖွဲ့များမှာလည်း အချိန်မီရောက်မလာပေရာ တပ်မဟာ ၂ ပါတီကော်မတီသည် စစ်မြေပြင်မှဆုတ်၍ မိမိဒေသ သို့ပြန်ရနိ ဆုံးဖြတ်ခဲ့ကြပေတော့သည်။

● တပ်မဟာ ၂ ၏ တိုက်ပွဲနိဂုံးချုပ်

ထိုတိုက်ပွဲနှင့်ပတ်သက်၍ CPB တပ်မဟာ ၂ အနေနှင့်အားသာခဲ့သည်မှာ မြေပြင်အနေအထားကို ကောင်းစွာကောင်းစွာအကဲခတ်ထောက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဆိုသော်လည်း အားနည်းချက်လည်းရှိနေသေးသည်။ တပ်မဟာဌနချုပ်နှင့် ရင်း ၃၊ အထူးတပ်ရင်းတို့ လမ်းကြောင်းတွက်ချက်မှုလိုအပ်ခဲ့သောကြောင့် တိုက်ခိုက်ရေးတပ်များ ပေါင်းစပ်တိုက်ခိုက်ရန် အချိန်မမီ တော့ခြင်း၊ တပ်အားလုံး ရင်း ၁၀၇ ထိုးဖေါက်သည့်နေရာမှ စုပြုံထိုးဖေါက်ရပေရာ မြေအနေအထားအကန့်အသတ်ရှိခြင်းနှင့် အောက်အဆင့် အမိန့်ပေးသူများ မညီညွတ်မှုကြောင့် တနေရာတည်းတွင် တပ်များစုပြုံနေရာ တဖက်၏လက်နက်ကြီး ဒဏ်ခံရပြီး ထိခိုက်အကျအဆုံးများခဲ့သည်။

နောက်ထပ်ပြသနာတခုမှာ နမ့်လင်းစခန်းများကို သိမ်းပိုက်ပြီးနောက်တပဖွဲ့အသီးသီးကို တာဝန်ရှင်းလင်းစွာ ပေးမထား၍ ရှုပ်ထွေးမှု များရှိခဲ့သည်။ မိမိလက်နက်ခဲယမ်း နည်းပါးသည့်အချိန်တွင် သိမ်းဆည်းရမိသောအစိုးရတပ်၏ လက်နက်ငယ်များ ကို ကိုင်တွယ်အသုံးပြုနိုင်ခြင်းမရှိခဲ့။ ထို့ပြင် စခန်းမှဆုတ်ခွာသွားသော တဖက်တပ်များနောက်သို့ လိုက်လံရှင်းလင်းမှုမပြု နိုင်ခဲ့သဖြင့် တဖက်မှတပ်အင်အားများ ပြန်လည်စုစည်းပြီး ပြန်လှန်ထိုးစစ်ဆင်နိုင်ခဲ့သည်။

တဖက်တွင် တပ်မဟာ ၂ အနေနှင့် အခြေခံဒေသအပြင်သို့ ထွက်လှုပ်ရှားနေချိန်တွင် ဒေသကာကွယ်ရေးအတွက် ပြည်သူ့ စစ်များကို တာဝန်ပေးနိုင်ခဲ့သည်။ ပြည်သူ့စစ်များကို အစိုးရထိမ်းချုပ်ရာဒေသအထိပါ လှုပ်ရှားစေနိုင်ခဲ့ပြီး ရှေ့တန်းစစ်မြေပြင် အထိ ခဲယမ်းပို့ဆောင်ခြင်းနှင့် ဒဏ်ရာရ ရဲဘော်များသယ်ဆောင်ခြင်းတို့ကို စည်းရုံးဆောင်ရွက်နိုင်ခဲ့သည်ဟု သုံးသပ်ခဲ့ကြ သည်။

နမ့်လင်းတိုက်ပွဲနှင့်ပတ်သက်၍ စခန်းကိုသိမ်းပိုက်ရရှိခြင်း၊ အမြောက် ၄ လက်အား ဖျက်ဆီးပစ်နိုင်ခြင်းတို့ကြောင့် CPB ဘက်မှ အောင်မြင်သည်ဟုဆိုနိုင်သော်လည်း တဖက်၏လက်နက်ကြီးဒဏ်ကြောင့် ထိခိုက်ကျဆုံးမှု မျှော်မှန်းထားသည် ထက်များခဲ့သည်ဟု  ဆိုရပါမည်။ မိမိတို့ မရောက်မီ ဖြစ်ပွားသောတိုက်ပွဲဖြစ်၍ CPB တပ်မဟာ ၂ ဘက်မှ အကျအဆုံးစာရင်း တော့မမှတ်မိတော့ပေ။ မှတ်တမ်းမှတ်ရာများလည်း ပျောက်ပျက်ခဲ့၍ဖြစ်ပါသည်။ သံလွင်မြစ်အနောက်ဖက်ခြမ်းတွင် CPB တပ်မဟာတခုလုံးအပြင် ဒေသတပ်များပါ ပါဝင်တိုက်ခိုက်ခဲ့ကြသည့် တိုက်ပွဲကြီးတပွဲအဖြစ် နမ့်လင်းတိုက်ပွဲအား မှတ်တမ်း ပြုရပေမည်။

● နမ့်လင်းတိုက်ပွဲနှင့် နှစ်ဖက်အမြင်
ထိုစဉ်က နမ်လင်းစခန်းအပါ မူစယ်ဒေသအား စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်ယူထားသည်မှာ ရင်းမှူးဒုဗိုလ်မှူးကြီးညွန့်ဆွေ ဦးစီး ရှေ့တန်း ခလရ ၄ တပ်ရင်းဖြစ်သည်။ ထိုစဉ်က ခလရ ၄ သည် တပ်မ ၉၉ လက်အောက်ခံဖြစ်သည်။ တပ်မ ၉၉ နောက်တန်းဌာနချုပ်မှာ မိတ္ထီလာဖြစ်သော်လည်း ရှေ့တန်းဌာနချုပ်အား လားရှိုးတွင် အခြေပြု ၍ စစ်ဆင်ရေးတာဝန်ယူသည်။ တပ်မမှူးမှာ ဗိုလ်မှူးကြီးမင်းဂေါင်ဖြစ်သည်။ ကွတ်ခိုင်အခြေစိုက်ဗျူဟာမှူးမှာ ဗိုလ်မှူးကြီးမျိုးညွန့်ဖြစ်သည်။

ရှေ့တန်းခလရ ၄ ၏ စစ်ဆင်ရေးနယ်မြေမှာ မူစယ်အားအခြေပြု၍ မူစယ်အနောက်ဖက် ဆယ်လန့်ကျေးရွာမှ ပန်ခမ်း၊ မူ စယ်နှင့်ပွိုင့် ၃၁၂၇ ခေါ်လွယ်တိန့်ခမ်း၊ ထိုတရုတ်နယ်စပ်မှသည် မူစယ်ကားလမ်းအတိုင်း တုန်ခန် ၊၁၀၅ မိုင် မုန်းယု၊ ကကြီး ကုန်း၊ စလုံးကုန်း၊ မော်တောင်းအထိ ၂၅ မိုင်ကျော်ရှည်လျားသည့်နယ်မြေအား စခန်းထိုင်တာဝန်ယူထားသည်။ ထိုနယ်မြေ တွင်းရှိ ပွိုင့် ၄၅၆၁ တွင် ၇၆ မမ အမြောက်တပ်စုထားရှိပြီး စစ်မျက်နှာတခုလုံးအား စိုးမိုးထားသည်။

ရှေ့တန်း ခလရ ၄ တပ်ရင်း၏ အဓိကစစ်ဆင်ရေးတာဝန်မှာ မူစယ်မကျရေး၊ မဆုတ်တမ်း ခံစစ်စခန်းတာဝန်ဖြစ်သည်။ မိမိတို့တပ်မဟာ ၂ တပ်လှုပ်ရှားမှုအား ရှေ့တန်းခလရ ၄ မှ တရက်ကြိုသတင်းရသည်ဆိုသော်လည်း မူစယ်အားတိုက်မည် ဟူသော မိမိတို့၏ယောင်ပြမှုအား အမှန်ဟုယူဆထားသည်။ သူတို့၏ အဓိကတာဝန်မှာလည်း မူစယ်မကျရေးဖြစ်၍ အဓိက တာဝန်ဖက်ကို ပိုအားသန်သည်ဟု ဆိုရမည်။ အထူးသဖြင့် ၂၁ ရက်မနက် ၈ နာရီခွဲခန့် နမ့်လင်းစခန်းအား CPB တပ်ဖွဲ့များ သိမ်းပိုက်ပြီးသည်အထိပင် ညပိုင်း၌ မူစယ်မြို့အား CPB တပ်ဖွဲ့များက လာရောက်တိုက်ခိုက်နိုင်သည်ဟု တွက်ဆပြင်ဆင် နေခဲ့ကြပေသည်။

သို့သော် နမ့်လင်းစခန်းကျ ပြီးနောက် တပ်မမှ စစ်ကူများ ရောက်မလာနိုင်ခင်မှာပင် ခလရ ၄ မှ ထုတ်နှုတ်တပ်စု ၄ စု (တပ် စိတ် ၁၁ စိတ်) စုဖွဲ့ပြီး နမ့်လင်းစခန်းအား ပြန်လည်ထိုးစစ်ဆင်နိုင်ခဲ့ခြင်းကတော့ ခလရ ၄ ၏ အားသာချက်ဟုဆိုရပါမည်။ (တပ်မဟာ ၂ မှ တပ်စိတ် ၅ စိတ်ခန့်ဟုသာ ခန့်မှန်းခဲ့သော်လည်း တကယ်က ၂ ဆပိုများပါသည်) ထိုသို့ ပြန်လှန်တိုက်ခိုက်နိုင်ခြင်းမှာလည်း မူလရေးဆွဲထားသည့် စစ်ဆင်ရေးရည်မှန်းချက်အတိုင်း စလုံးကုန်းခေါ် စပယ်တောင်ကုန်းမှ ၇၅ မမ တ လက်၊ သုံးလက်မစိတ်ပြောင်း ၂ လက်ဖြင့် နမ့်လင်းကုန်းအား ပြန်လည်ပစ်ကူပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်ရာ ခံစစ်စီမံချက်များ သည် စနစ်တကျရေးဆွဲနိုင်ပါက လက်တွေ့အသုံးဝင်သည်ကို တွေ့ရသည်။

ပြန်လည်ထိုးစစ်ဆင်ခြင်းနှင့်ပတ်သက်၍ ထိုစဉ်က ခလရ ၄ ရင်းမှူးဒုဗိုလ်မှူးကြီးညွန့်ဆွေသုံးသပ်ချက်မှာ CPB တို့သည် ပြောင်းလွယ် ပြင်လွယ်မရှိကြ ၊ ညွှန်ကြားချက်အတိုင်းသာ ပုံသေ တိုက်ခိုက်တတ်ကြသည်ဟူ၍ ဖြစ်သည်။ ( မောင်ဆွေသက်- ကဒူးမမှ မော်ဖသို့)

အမှန်ပင် CPB တပ်မဟာ ၂ တပဖွဲ့သည် နမ့်လင်းစခန်းအား သိမ်းပိုက်ပြီးသည့်နောက်တွင် တပ်ရင်းလိုက် မည်သည့်တာဝန် ယူရမည်ဆိုသည်ကို တိကျစွာ အထက်ကတာဝန်ပေးနိုင်ခြင်းမရှိသကဲ့သို့ တပ်ရင်းအလိုက်လည်း ဆုံးဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ CPB တပဖွဲ့များသည် စစ်ပွဲစီမံချက်များ ရေးဆွဲရာတွင်၎င်း စနစ်ကျမှုတွင်၎င်း အတန်ငယ်အားနည်းသည်။ CPB တပဖွဲ့များ ကို ကျားကုတ်ကျားခဲ တိုက်ခိုက်သည့်စိတ်ဓါတ်အပေါ်တွင်သာ အားပြုထားရသည်။ ထို့ပြင် နမ့်လင်းကုန်းသိမ်းပြီးနောက် မူလရည်မှန်းချက်ဖြစ်သော စစ်ကူအားဆွဲတိုက်ရန်ဆိုသော ရည်မှန်းချက်အားလည်း အကောင်အထည်ဖေါ်နိုင်ခြင်းမရှိပေ။ တပ်မမှ စစ်ကူရောက်မလာနိုင်ခဲ့၊ နမ့်လင်းတောင်ကုန်းတခုလုံးအားသိမ်းပိုက်ထားနိုင်ခဲ့သော်လည်း အောင်ပွဲမြင်မှု ဆက် လက်ချဲ့ထွင်နိုင်ခဲ့ခြင်းမရှိဟု ဆိုရပေမည်။

ပြသနာမှာ ထောက်ပို့အချိန်မှီမရောက်၍ လက်နက်ခဲယမ်းအားနည်းနေခြင်းကြောင့်လည်း ဖြစ်သည်။ ဤပြဿနာအား မိမိ အခြေခံဒေသမဟုတ်သည့် အစိုးရတပ်ထိမ်းချုပ်ထားသည့်ဒေသများတွင်းသို့ ထိုးဖေါက်တိုက်ခိုက်ရာတွင် တွေ့ကြုံရလေ့ ရှိသည်။ လမ်းမကျွမ်းကျင်ကြသဖြင့် မြေပုံပေါ်ကြည့်၍ လမ်းပြများပြောသည့်အတိုင်း အချိန်တွက်ချက်လျင် လွဲချော်လေ့ရှိ သည်။ အထူးသဖြင့် ညဖက်စစ်ချီတက်ရာ၌ လမ်းမှားပါက ပို၍ကြန့်ကြာတတ်ပေသည်။ သာမန်စစ်ချီတက်စဉ် ပြဿနာမကြီး သော်လည်း ချိန်ကိုက်စစ်ဆင်ရေးများတွင် လွဲချော်ပါက စစ်ဆင်ရေးတခုလုံးအား ထိခိုက်ပေတော့သည်။

နောက်ပြသနာတခုမှာ နမ့်လင်းစခန်းတခုလုံးသိမ်းဆည်းပြီး အစိုးရတပ်၏ လက်နက်ခဲယမ်းမီးကျောက်များသိမ်းဆည်းရမိသော်လည်း ၎င်းတို့ကို အကျိုးရှိစွာအသုံးပြုနိုင်ခြင်းမရှိပေ။ CPB ဗဟိုအနေနှင့် ရန်သူ့လက်နက်ကိုယ့်လက်နက်၊ ကျည်ဆံ တတောင့် ရန်သူတယောက်ဟူ၍ ကြွေးကြော်နေသော်လည်း လက်တွေ့တွင် အစိုးရတပ်လက်နက်များအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် လုံလောက်စွာလေ့ကျင့်ပေးထားခဲ့ခြင်းမရှိရာ စစ်မြေပြင်တွင် အခက်အခဲဖြစ်ခဲ့ပေသည်။

ခလရ ၄ အတွက် ပြန်လည်နံမည်ကောင်းရသွားသည်။ တပ်မမှ စစ်ကူမလာနိုင်မီမှာပင် နမ့်လင်းတောင်ကုန်းအား ပြန်လည် ထိုးစစ်ဆင်နိုင်ခဲ့သည်။ CPB တပဖွဲ့များကလည်း ပြန်လည်ဆုတ်ခွာရန် ဆုံးဖြတ်ပြီး နမ့်လင်းစခန်းသိမ်းပိုက်နိုင်သည့်အချက်နှင့်ပင် ကြေနပ်လိုက်ရာ ခလရ ၄ မှ တပ်ဖွဲ့များသည် ညနေ ၆ နာရီခန့်တွင် နမ့်လင်းစခန်းအား ပြန်လည်သိမ်းပိုက်လိုက်နိုင်ခဲ့ သည်။ ထိုအချိန်က အစိုးရတပ်ဘက်က လေတပ်ကအားနည်းပေရာ လေကြောင်းပစ်ကူက မိုးချုပ်ခါနီးမှရောက်လာ၍ ဗုံးကြဲ နိုင်သည်။ ခလရ ၄ မှတပ်များက လေကြောင်းပစ်ကူမရောက်မီ နမ့်လင်းကုန်းအား ပြန်သိမ်းနိုင်ခဲ့ပြီဖြစ်သည်။ ထို့အတွက် လည်း ခလရ ၄ မှ အရာရှိတဦး အခြားအဆင့် ၉ ဦး စုစုပေါင်း ၁၀ ဦး သူရဘွဲ့ရရှိသွားသည်။ တိုက်ပွဲတပွဲချင်းအနေနှင့် သူရ ဘွဲ့ အများဆုံးပေးခဲ့သည့်တိုက်ပွဲဟု ဆိုရပါမည်။

CPB တပဖွဲ့ဘက်က အောင်ပွဲကို မတိုးချဲ့ နိုင်သော်လည်း နမ့်လင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့၍ အောင်ပွဲရသည်ဟု သုံးသပ်ကြ သည်။ အစိုးရတပ်ဘက်ကလည်း စစ်ကူမရောက်မီ နမ့်လင်းကုန်းကို ပြန်သိမ်းနိုင်ပြီး မူစယ်မြို့ကို ကာကွယ်လိုက်နိုင်၍ အောင်ပွဲရသည်ဟု သုံးသပ်ကြသည်။ သို့သော် CPB တပ်မဟာ ၂ စီမံချက်တွင် မူစယ်မြို့သိမ်းရေးစီမံချက်မပါ။ မူစယ်မြို့နှင့် အနီးပတ်ဝန်းကျင် စခန်းတချို့အားတိုက်ခိုက်ခြင်းသည် ယောင်ပြသာဖြစ်သည်။ နှစ်ဖက်စလုံး ကိုယ့်တွက်ကိန်းနှင့်ကိုယ် အ ဆင်ပြေနေကြသည်ဟုဆိုရမည်။

● သူရညွန့်တင်
သူရညွန့်တင်အား မိမိသတိပြုမိသည်မှာ သိန်းဖေမြင့်၏ အရှေ့မြောက်တိုင်းတခွင် ဆောင်းပါးများ ဖတ်ရှုကတည်းကဖြစ် သည်။ ၁၉၇၀ ခုနှစ် ကွန်လုံ ဟိုက်ကဘားတိုက်ပွဲအပြီး သိန်းဖေမြင့် အရှေ့မြောက်သို့ရောက်သွားသောအချိန်တွင် ဒုဗိုလ်မှူး ကြီး သူရညွန့်တင်အား ကွန်လုံအခြေစိုက် ကချင်သနက ၃ တပ်ရင်းမှူးအဖြစ် ပုံဖေါ်ထားသည်ကို သတိပြုမိခဲ့သည်။

၁၉၇၅ ခုနှစ် နှစ်ဆန်းတွင် ဗိုလ်မှူးကြီးသူရညွန့်တင်အား တပ်မ ၉၉ ဒုတပ်မမှူးအဖြစ် မိမိမှတ်သားမိခဲ့သော်လည်း အချို့မှတ် တမ်းများတွင် တပ်မ ၉၉မှ နည်းဗျူဟာ ၉၉၁ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး သူရညွန့်တင်အဖြစ် ဖေါ်ပြထားပါသည်။ ထိုစဉ် ကာလက တပ်မဖွဲ့စည်းပုံတွင် တပ်မမှူးအောက်တွင် ဒုတပ်မမှူး ၃ ယောက်ရှိပြီး အဆိုပါဒုတပ်မမှူးများက နည်းဗျူဟာမှူး တာဝန်များလည်းယူရသည်။ ၁၉၇၇/၇၈ နောက်ပိုင်းတွင် တပ်မမှူး၊ ဒုတပ်မမှူးနှင့် နည်းဗျူဟာမှူး ၃ ယောက်ထားသည့်စနစ်သို့ ပြောင်းလဲသွားပါသည်။

နမ့်လင်းတိုက်ပွဲအပြီး နောက်တရက်တွင် တပ်မမှူးဗိုလ်မှူးကြီးမင်းဂေါင်က ဟတ်စကီးဖြင့် နေ့ပြန် မူစယ်လာပြီး တပ်စစ် ဆေးသည်။ နောက် ဇန္နဝါရီ ၂၅ ရက်နေ့တွင် ဗျူဟာမှူး သူရညွန့်တင် မူစယ်နှင့်နမ့်လင်းတောင် ကုန်းအားတပ်လာစစ်ဆေးသည်။ သူကား ယဉ်တန်းနှင့်လာသူဖြစ်သည်။ သူကံမကောင်းနိုင်ခဲ့ပါ။ သူလာသည့်သတင်းကို CPB တပ်မဟာ ၂ က သတင်းရသဖြင့် အပြန်တွင် လမ်းဖြတ်တိုက်ရန် စီစဉ်သည်။ မူစယ်ကားလမ်းပေါ်ရှိမော်တောင်းနှင့် နမ့်ပေါ်တံတားအကြားတွင်ဖြစ်သည်။ တဖက်တောင်ကြောတွင် လျှို့ဝှက်၍ ၇၅ မမ နောက်ပွင့်ဆင်ထားသကဲ့သို့ ကားလမ်းဘေးတွင်လည်း ကင်းပုန်းဝပ်သည်။ CPB တပ်ဖွဲ့သုံး ground sheet ခေါ် တာရပတ်များက တဖက်ကအစိမ်းရောင်ဖြစ်သော်လည်း တဖက်ကအမဲရောင် ဖြစ်သည်။ ကတ္တရာလမ်းအရောင်နှင့်ရောနေသည့် ထိုတာရပတ်များကို အမဲရောင်ဘက်အားအပေါ်ဘက်မှထားခင်း၍ တာရ ပတ်အောက်တွင် ရဲဘော်များအား ပက်လက်မှောက်ရက်အနေအထားဖြင့် ကားလမ်းဘေးတွင် ကင်းပုန်းဝပ်နေခဲ့ကြသည်။

သို့ဖြစ်ရာ ဇန္နဝါရီ ၂၆ ရက်နေ့ မူစယ်မှ ဒုဗိုလ်မှူးကြီးသူရညွန့်တင်၏ယဉ်တန်းအပြန်တွင် လမ်းဖြတ်၍ တိုက်ခိုက်နိုင်ခဲ့ကြသည်။ သူရညွန့်တင်လည်း ကျဆုံးခဲ့သည်။ အခြားကျဆုံးမှုများတော့ မမှတ်မိတော့။ ဗျူဟာမှူးနှင့်အတူ အမြောက်တပ် တပ်ရင်း မှူးလည်း ပါလာသေးသည်။ သူကျ မကျ မမှတ်မိသော်လည်း သူတို့နှင့်အတူပါလာသည့် ၁၂၀ မမကိုတော့ တပ်မဟာ၂ မှ သိမ်းပိုက်လာနိုင်ခဲ့သည်။ တပ်မဟာ ၂ အဖို့ နမ့်လင်းနောက်ဆက်တွဲအောင်မြင်မှုရခဲ့သည့် တိုက်ပွဲတပွဲဖြစ်ခဲ့သည်။

ဗိုလ်မှူးကြီးသူရညွန့်တင် ကျသည့်တိုက်ပွဲကာလက မိမိကား ဆေးကျောင်းတွင်ပင်ရှိသေးသည်။ သူ၏သမီးဖြစ်သူက မိမိသူ ငယ်ချင်း မောင်မောင်ထွေးတို့အတန်းကဆိုတော့ သူကျသည့်သတင်းကို စောစီးစွာကြားခဲ့ရသည်။ မိမိတို့ ၁၉၇၆ ခုနှစ် မုန်း ကိုးနိုင်ငံရေးဌာနရောက်တော့ ထမင်းစားရုံတွင် ထမင်းစားရန်အချက်ပေးသည့် သံချောင်းခေါက်သည့် သံပိုက်လုံးတခု ချိတ် ထားသည်ကိုတွေ့ရသည်။ မူလက ရိုးရိုးသံချောင်းထင်ခဲ့သော်လည်း ထိုတိုက်ပွဲမှရခဲ့သည့် ၁၂၀ မမ ပြောင်းဖြစ်နေဟု သိရသည်။ ပြောင်းရလာသော်လည်း မော်တာကျ ည်မရှိ၍ ထမင်းစားအချက်ပေးခေါက်သည် သံပိုက်လုံးဖြစ်နေရှာတော့သည်။ ၁၉၈၉ ခုနှစ် CPB ပြိုကွဲချိန်အထိ မြောက်ပိုင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများ၌ ကွတ်ခိုင်နှင့်မူစယ်ကြား၊ ကွတ်ခိုင်နှင့် တာမိုးညဲကြား၊ သိန္နီနှင့်ကွန်လုံကြားကားလမ်းများသည် အန္တရယ်များလွန်းလှသည်။ အကျအဆုံးများသည့် လမ်းဖြတ် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)