မောင်နောင်မွန် – နောက်ဆုံးလက်ကျန် အသက်ငွေ့ငွေ့

February 23, 2018

နောက်ဆုံးလက်ကျန် အသက်ငွေ့ငွေ့
မောင်နောင်
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၈

အားယူ၍ပွင့်ထွက်လာသောမျက်ဝန်းထဲတွင် မျှော်လင့်ချက်တစုံတရာပျော်ဝင်နေမှန်းသူသိသည်။

သို့သော် သူလက်မှစမ်း၍ရသောသွေးခုန်နှုန်းသည်ကာ သူဆီသို့တိုးတိတ်စွာသာ လာရောက် ထိခတ်နေတော့သည်။ အရိုးပေါ်အရေတင်နေသောရင်ဘတ်ပေါ်တွင် ဝါးလုံးချောင်းများစီထားသကဲ့သို့ နံရိုးချောင်းများအထင်းသား ပေါ်နေ သည်။ အခန်းမီးရောင်မှိန်မှိန်အောက်တွင် လက်ကျန်အချိန်လေးအတွက် လေထုထဲမှသက်စောင့်ဓာတ် အငွေ့အသက်များကို အားယူရှုရှိုက်နေမှန်းသူသိနေသည်။

လက်မောင်းရင်းတွင်ပတ်ထားသော သွေးပေါင်ချိန်တိုင်းကိရိယာ၏မီတာခွက်မှအတံလေးသည် လေဘော လုံးထဲမှလေ လျော့သံနှင့်အတူ တဖြည်းဖြည်းကျလာသည်။ နားထဲမှနားကြပ်တွင်ကြားရသောအသံသည် တိုးတိတ်လွန်း လှသည်။ မျှော်လင့်ချက်မျက်ဝန်းများစွာဖြင့် စူးစိုက်ကြည့်နေသောအကြည့်ဒဏ်ကို သူခံနိုင်ရည်မရှိတော့။ “ရေ သောက်ချင်တယ်” ဟူသော စကားသံလေးကိုလေသံဖြင့်တိုးတိုးလေးလူနာဆီမှကြားလိုက်ရသည်။ 

“ဂွမ်းလေးနဲ့ရေကိုဆွတ်ပြီနှုတ်ခမ်းပေါ်တင်ပေးလိုက်လေ။ သူရေဆာနေတယ်။ ဒီအတိုင်း တိုက်ရင် သီးနေမယ်။ ပြန်အန်ထွက်မှာကြောက်ရတယ်ကွဲ့” ဟု လူနာရှင်များဘက်လှည့်ပြီး သူပြောမိသည်။ ဒီအချိန်တွင် လူနာတယောက်၏စိတ်ချမ်းသာမှု သည် အရေးကြီးဆုံးသောအရာဖြစ်သည်ဟုခံယူထားသောကြောင့်ဖြစ်သည်။
ညနေခင်း၏အလှတွင် ချုပ်ငြိမ်းသွားတော့မည့်နေရောင်ခြည်၏အလှပဆုံးသောအလင်းရောင်လည်း ပါသည်။ အိပ်တန်းဝင်မည့်ငှက်ကလေးများ၏နှုတ်ဆက်တေးသံများကို သဲ့သဲ့ကြားနေရသည်။ တနေ့တာ ခွဲခွာခါနီးချစ်သူများ၏အလွမ်းမျက်ရည်များကျချိန်ဖြစ်သည်။
ထိုအချိန်သည် လူကြီးသူမများပြောသောအပုပ်ချိန်ဆိုတော့အချိန်ဖြစ်သည်။ သို့သော် အကျည်းတန်လှချိန်ဖြစ်သကဲ့သို့ နွားရိုင်းသွင်းချိန်သည် မကောင်းသောအချိန်ဖြစ်သည်ဟု ဆိုစမှတ်ပြုကြသည်။
……..

“ဆရာ၊ ဗိုက်ကတော့ တနေ့တခြားဖောင်းလာတယ်။ ဝမ်းကလည်းချုပ်တယ်ဗျာ”ဟူသောစကားသံကို သူတရက်ခြား တခါခန့်ကြားနေရသည်။ 
သူ့ဆေးခန်းလေး၏သက်တမ်းကြာလာသည်နှင့်အမျှ လူနာဦးရေတနေ့တခြားတိုးပွား လာ သည်။ ရောဂါမျိုးစုံကိုလည်း တဖြည်းဖြည်း တွေ့လာရသည်။

ဤလူနာသည်က သူ့ဆေးခန်းဖွင့်စကတည်းက ပုံမှန်လာရောက်နေရသည့်လူနာဖြစ်သည်။ စပြသောရောဂါလက္ခဏာသည် ယခုနှစ်နှစ်ခန့်ကြာတဲ့အထိ ထိုအရာ သာဖြစ်သည်။ 

စပြသောအကြိမ်တကည်းက သူအာထရာဆောင်းခေါ်သော တီဗွီဓာတ်မှန်ရိုက်ခိုင်းထား၍ရလာသော အဖြေ တွင် အူမကြီးတွင် ကင်ဆာကဲ့သို့သောအလုံးတွေ့ရှိရသည်ဟုအဖြေထွက်ခဲ့သည်။

စီပွားရေးပြေလည်သောအခြေအနေတွင် ထိုလူနာအားဆေးရုံမှာ ကျွမ်းကျင် သမားတော်များနှင့်သေချာပြသ၍ခွဲစိတ်ကုသရန် သူအကြိမ်ကြိမ်တိုက် တွန်းဖူးခဲ့သည်။ တိုက်တွန်းသည့်အခါတိုင်း သူပြန်ပြောလေ့ရှိ သည့် စကားက”ကျွန်တော်ကိုယ်ကျွန်တော်သိတယ်ဆရာ ဒီရောဂါ ဖြစ်နေတာကြာပြီ၊ ခွဲစိတ်ဆရာဝန်ကြီးနဲ့လည်း ပြခဲ့ဖူးတယ်ဆရာ၊ ဆရာဝန်ကြီးက အဲဒီ့အလုံးကိုခွဲစိတ်ထုတ်ပြီး ဗိုက်ပေါ်မှာ မစင်အိတ်ဖောက်မယ်ဆိုလို့ ကျွန်တော် ငြင်းခဲ့တာဆရာ။ ဒီမစင်အိတ်တကားကားနဲ့ကျွန်တော်လူဖြစ် ရှုံးမှာပေါ့။ လူရာဘယ်ဝင်တော့မလဲဆရာ” ဟူသောစကားသာ အမြဲကြားရ သည်။

တချို့သောသူများအတွက် လူရာဝင်မှုသည် အသက်ရှင်ခြင်းထက်ပိုမိုလိုအပ်သည်။ ဆေးခန်းသို့လာတိုင်း ဝမ်းပျော့ဆေးနှင့်ဗိုက်အောင့်ပျောက်ဆေးသာပေးနိုင်သည်။

 
“ဆရာ အဘိုးအိပ်ရာကနေထလို့မနိုင်ဘူးဆရာ ဝမ်းမသွားတာလည်း ၂ ရက်ရှိနေပြီ။ အဲဒါလူနာရှင်းရင် ဆရာအိမ်ကိုခဏကြွခဲ့ပေးပါလားဆရာ” ဟူသောစကားသံသည် သူလူနာကြည့်နေစဉ် အခန်းလိုက်ကာလေးကိုလှပ်ခနဲဖွင့်ရင်း
ကြားလိုက်ရသည်။ အဘိုးအိမ်မှာမြေးမလေးကို သူတွေ့လိုက်သည်။ 
 သူခေါင်းလေးညိတ်ကာ “အေးအေးသမီး၊ ဆရာခဏနေ လူနာရှင်းရင်လိုက်ခဲ့မယ်” ဟုပြောလိုက်မိ သည်။
……..

အိပ်ရာပေါ်တွင် ခွေခွေလေးကွေးနေသော အရိုးပေါ်အရေတင် အဘိုးသည်ကား သူဆီသို့ နှစ်ရက်တခါ သုံးရက်တခါ ဝမ်းပျော့ဆေးလာတောင်းနေသော လူနာဖြစ်သည်။ ရင်ဘတ်ကိုအားယူကာ လေကိုရှုရှိုက်နေပုံက ဖားဖိုကြီးလိုဟစိဟစိဖြစ်နေသည်။ လက်ဖျားလေးများပြာနှမ်းနှမ်းဖြစ် နေလေသည်။ ဝမ်းဗိုက်ကတော့ တအားကိုဖောင်းတင်နေလေသည်။ သူလူနာကိုမတွေ့တာတပတ်ကျော်ခန့်လောက်သာရှိမည်ထင်သည်။ သူကိစ္စတခုကြောင့် ခရီးတခုကိုသွားပြီးသည့်နောက်ပိုင်း ထိုလူနာကိုဆေးခန်းလာပြတာမတွေ့ရတော့ချေ။ 


ဤအချိန်အတောအတွင်း လူနာ၏အသွင်အပြင်သည်ကား လုံးဝကိုခြားနားသွားသည်။
“ဝမ်းမသွား လေမလည်တာ ၃ ရက်လောက်တောင်ရှိတော့မယ်ဆရာ” ဟု လူနာ၏သမီးဖြစ်ပုံရသောအမျိုး သမီးတဦး၏စကားသံကိုကြားရသည်။
သူ လူနာ၏ဝမ်းဗိုက်ကိုစမ်းသပ်ကြည့်သည်။ 
အူလမ်းကြောင်းလှုပ်ရှားမှုသံများကဆူညံနေသည်။
လေနှင့်ပြည့်ဝနေသောဝမ်းဗိုက်တခု။ ဘောလုံတလုံးလိုတင်းပြောင်နေလေသည်။ ပတ်ပတ်လည်တွင်ဝိုင်းနေသော လူနာ၏သားသမီးတစုကတော့ သူဆီသို့ မျှော်လင့်ချက်များစွာကို ငံ့လင့်သောအကြည့်မျိုးဖြင့်ကြည့်နေကြသည်။
သူလုပ်စရာရှိတာလုပ်သည်။ ဒီလိုအချိန်တွင်တော့သူ့မှာ လုပ်စရာများစွာလည်းမရှိတော့ပေ။ သက်သောင့် သက်သာရှိရေးသည်သာ သူလုပ်နိုင်တော့သည်။

ဘဝတခုချုပ်ငြိမ်းရေး အသက်တခုအဆုံးသတ်ရေးကို အလွယ်လေးလို လူတွေများစွာက တွေးမိကြမည်။
ဖြုတ်ခနဲ့ ချက်ကောက်ခါငင်ခါ ပြီးသွားမည့်ဇာတ်လမ်း၏ဇာတ်သိမ်းတခုဟုထင်ကြသည်။ သို့သော် ဘဝတခုရှင်သန်မှုအတွက် အစပြုရေးသည် ခက်ခဲသကဲ့သို့ အဆုံးသတ်ဖို့က လည်း လွန်စွာနာကျင်လွန်းလှသည်။
ဟဲမင်းဝေး၏ကယ်လီရိုး မင်နာဂျာရိုး ဝတ္ထုတိုလေးတွင် တောင်ပေါ်တက်ရင်းသစ်ငုတ်စူးရာက အနာရင်းသွားတော့ မင်းသား၏သေဆုံးခါနီးပုံကို သရုပ်ဖော်ထားပုံ ကိုပင် ပြန်လည်အမှတ်ရမိသည်။ သို့သော် လူသားများကအရာရာတိုင်းကို သက်သောင့်သက်သာဖြတ်သန်းချင်ကြသည်မဟုတ်ပါလား။


……

သူ သင်ကြားခဲ့သောပညာရပ်များတွင် လူနာအသက်ကယ်ခြင်းသည်သာပါသည်။ အသက်ကိုအဆုံးသတ်ခြင်းမပါချေ။
ကျမ်းသစ္စာဆိုခဲ့သော ဟစ်ပိုးခရေးတီးကျမ်းစာတွင် လူနာအားသေစေသောပစ္စည်း၊ ဆေးဝါးများမှရှောင်ကြဉ်ရမည်ဖြစ်သည်။
လူနာအား ကိုယ်ချင်းစာတရားလက်ကိုင်ထား၍ ပြုစုကုသပါမည်ဟုပါရှိသည်။ ထိုအရာသည်ပင် ဆေးပညာကိုသင်ယူခဲ့သောသမားတယောက်၏ခါးဝတ် ပုဆိုးဖြစ် သည်။ ထိုအရာကိုမလိုက်နာသော သူများသည် ဆေးပညာကိုတဖက်ကမ်းခတ်အောင် ကျွမ်းကျင်ပိုင်နိုင်ပါစေ သမားဂုဏ်ရှိသောသူဟုမသတ်မှတ်ချေ။ အရာရာတိုင်းတွင် ကိုယ်ချင်းစာတရားသည်အရေးကြီးသည်မဟုတ်ပါလား။ 
ဗုဒ္ဓပင်လျှင် ” ဥပဒါနံ အနုကမ္မဒယာ” ဟု မိန့်ကြားဖူးသည်။
လူနာများကို ကိုယ်ချင်းစာတရားလက်ကိုင်ထား၍ ပြုစုကုသပါမည်ဟု ပညာရှိများကအဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။

ဘဝတခုနေဝင်ချိန်သည်က အလွန်မှပင်ပန်းလှသည်။
ခက်ခဲလှသည်။ အလွန်မြင့်မားမတ်စောက်သောတောင်စောင်း တခုပေါ် ကုတ်ဖဲ့တက်နေရသကဲ့သို့ပင်ဖြစ်သည်။
ဘဝတခုအဆုံးသတ်ဖို့အရေးသည် လွယ်ကူလှသောအရာမဟုတ်ချေ။ အချို့သူများသည် ဘဝတခုချုပ်ငြိမ်းဖို့အရေးကိုလွယ်ကူသည်ဟု ထင်မှတ်ကြသည်။ ဆရာဝန်ကြီးတဦးပြောဖူးသောစကားတခွန်းကိုနားထဲမှာ ကြားယောင်မိသည်။ 

“လူတွေက သေတာကိုလွယ်ကူတယ်ထင်နေကြတယ်ကွာ၊ ဖြုတ်ခနဲကြွေကျကုန်မယ်ထင်တယ်။ မသေခင် ပင်ပန်း ဆင်းရဲမှုကိုခံစားရဖို့ကြိုမတွေးထားဘူး” ဟုပြောဖူးသည်။
ယခု သူလူနာသည်လည်း ထို့နည်းအတူဖြစ်သည်။ ဘာဝေဒနာမှခံစားခြင်းအလျဉ်းမရှိဘဲ
ဖြုတ်ခနဲကြွေကျ သေဆုံးသွား မည်ထင်နေမိသောသူတယောက်ဖြစ်သည်။
“ရေသောက်ချင်တယ်” ဟူသောစကားသံကို အားစိုက်ကဖွင့်ဟလာသံကိုကြားရသည်။ 
အသက်ကိုအားယူရှိုက်နေရသည်။ “သေမှာသိလေလူတွေကကြောက်လေပဲကွ။ အသိဉာဏ်ရှိလေ ကြောက် လေပဲ။ တွယ်တာလေပဲ။ ဘာမသိတဲ့သူတွေက သေတာတောင်ဘာမှန်းမသိတော့သေရမှာ ဝန်မလေးဘူးကွ။ အသိရှိတဲ့ သူတွေကတော့ ဘဝတချုပ်ငြိမ်း ဖို့အရေးက အင်မတန်ရင်လေးစရာပေါ့ကွာ” ဟူသောဆရာတယောက်၏ ဒဿနဆန်ဆန်သဘောတရားတခုကို တစွန်းတစပြန်လည်သတိရမိသည်။

…….

လူနာရှင်နှင့်လူနာ၏မျက်ဝန်းထဲတွင် တွေ့ရသောမျှော်လင့်ချက်များကို သူကြောက်ရွံ့နေမိသည်။
လူနာ၏နောက်ဆုံးအချိန်ကို အားလုံးသိထားကြသော်လည်း ရေနစ်သောသူအတွက် နောက်ဆုံးကောက်ရိုးတမျှင်သည်လည်း အားထားရာဆိုသည့် အတိုင်း သူတို့၏မျက်ဝန်းထဲတွင် အတိုင်းသားမြင်နေရသည်။ အခန်းထဲတွင် လူနာ၏အသက်ရှုသံပြင်းပြင်းရှရှကိုသာကြားနေရသည်။
မကြာသေးမီက သူကြည့်ခဲ့သောလူနာတယောက်အကြောင်းသတိရမိသည်။
ငွေရေးကြေးရေးပြည်စုံသောမိသားစု၏ မိခင်၏နောက်ဆုံးအချိန်။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ရင်အုပ်မကွာစောင့်ရှောက်ခဲ့သော မိခင်တယောက်လေဖြတ်ခံရသည့်အခြေအနေတွင် အသိစိတ်တို့ပျောက်နေလေသည်။
သူ၏လူနာဖြစ်သောကြောင့် ရောဂါခံစားသည်နေ့မှစ၍ သူကိုယ်တိုင်ကြည့်ရှု ကုသပေးသည်။ လိုအိပ်သောဆေးများကိုထိုး၊ လိုအပ်သောဆေးများကိုတိုက်ကျွေး ခဲ့သည်။ အောက်စီဂျင်ပေးထားခဲ့သည်။ တစ်ရက်နှစ်ရက်သုံးရက်။
ကိုမာအနေအထားနှင့်သတိမေ့နေသော လူနာအမေကို သားသမိးများက ပြုစုပေးသည်။
တနေ့ ၊ သူဆေးခန်းထိုင်နေချိန်တွင် ထိုလူနာ၏သမီးအကြီးဆုံးမှ ဆေးခန်းလာကာ လူနာအခြေအနေ အကြောင်းလာမေးသည်။ သူလည်း လူနာအခြေအနေသည် နောက်ဆုံးအချိန်ရောက်နေကြောင်း၊ ထိုသို့သာ သတိမေ့မျောနေမည်ဖြစ်ကြောင်းနှင့် တတ်နိုင်သရွေ့ပြုစုရန်လိုအပ်ကြောင်းပြောသည်။
သည်တွင် လူနာရှင်က သူတို့လူနာကို ဆေး ထိုးခြင်းမပြု လိုတော့ကြောင်း၊ အောက်စီဂျင်ဖြုတ်ချင်ကြောင်းနှင့် ပြုစုရန် သားသမီးများသည်လည်း ကိုယ်စီနှင့်မို့ အချိန်မပေးနိုင်ကြကြောင်းပြန်ပြောလာသည်။
ထိုအခါ သူက မိမိသဘောမတူကြောင်း၊ လူနာရှင်တို့၏ရွေးချယ်မှုသာဖြစ်ကြောင်း၊
သမားဂုဏ်နှင့်အညီ သူကတော့ လူနာအသက်ရှင်ရေးကိုခွင့်ပြုကြောင်းပြောခဲ့သည်။ ထိုနေ့မှစ၍ သူလည်းထိုလူနာကိုမကြည့်တော့ပေ။ သုံးရက်မြောက်သောနေ့တွင် ထိုလူနာ၏အသုဘအခမ်းအနားကို သိရသည်။
သူစိတ်ထဲတွင်မူ မိဘကိုပြုစုကုသရန်အချိန်မရှိသောသားသမီးများကို ထိုသို့ထပ်တူအကျိုးမပေးရန်သာဆုတောင်းပေးမိသည်။

………

“ဆရာ အဖေအသက်မရှုတော့ဘူး ခဏလောက်ကြည့်ပေးပါဦး” ဟု လူနာစောင့်များ၏အသံကိုကြားရသည်။
ရင်ဘတ်ပေါ်တွင် နားကြပ်လေးတင်ကာ နှလုံးခုန်သံလေးနားစိုက်မိသည်။ 
သူ့နားထဲတွင်နှလုံးခုန်သံအစား လေတိုးသံများသာကြားရသည်။ လူနာ၏သူငယ်အိမ်ကိုမီးထိုးကြည့်မိသည်။ သူငယ်အိမ်သည်ငြိမ်သက်နေချေပြီ။
သူပွင့်နေသော မျက်ဝန်းကိုမှိတ်ချလိုက်သည်။ 
ဝေဒနာခံစားနေရသောအဘိုးသည် ချုပ်ငြိမ်းသွားသည်။
သေဆုံးခြင်းတရားနှင့်ရှင်သန်ခြင်းတရားသည် အလွှာပါးပါးလေးသာ ခြားထားမှန်းသူသိခဲ့သည်။
ဖြစ်ချိန်တန်ဖြစ်ခဲ့သော လောကနိယာမတရားဖြစ်သည်။

ငိုသံလေးများတိုးတိုးတိတ်တိတ်ကြားနေရသည်။ နာရေးအတွက် မြေချသင်္ဂြိုဟ်ရန် စတင်လုံးပမ်းနေကြပြီ။ သူသည်ဆေးအိတ်ကိုဆွဲကာ ဆေးခန်း သို့ပြန်ခဲ့သည်။
ပြန်လည်ရှင်သန်ခြင်းအကြောင်းသူမသိ။ သေဆုံးခြင်းအကြောင်းသူမသိ။
သူသိသည်ကာ အသက်ရှင်သန်ရေးသည်ခက်ခဲသကဲ့သို့သေဆုံးခြင်းသည်ခက်ခဲသည်။

“လူတွေက သေတာကိုလွယ်တယ်ထင်နေကြတယ်။ သေဖို့ထက်မသေခင်ခံစားနေမဲ့အရာတွေက ပိုခက်ခဲ မှန်းမသိကြဘူး” ဟူသောဆရာကြီးစကားသာ နားထဲကြားမိသည်။ 

ညနေခင်းအလင်းရောင်မှိန်မှိန်ပျောက်ကာ လရောင်ဖြာဖြာနှင့် ညအချိန်ပင်ရောက်နေချေ သည်။
လမ်းထိပ်ကညောင်ပင်တွင် ဇီးကွက်အော်သံက စူးစူးဝါးဝါးကြားနေရသည်။
ဘဝတခုတွင် အသက်ငွေ့ငွေ့ရှင်သန်ရေးသည် တဖြည်းဖြည်းခက်ခဲလာမှန်းသူသိခဲ့လေသည်။  

မောင်နောင်မွန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, မြန်မာပြည်တွင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments