fbpx

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅- ၁၉၈ဝ) – အပိုင်း (၅၅)

February 26, 2018

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅- ၁၉၈ဝ) – အပိုင်း (၅၅)
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈

● CPB အခြေအနေ (၁၉၇၇ ခုနှစ်)
မိမိတို့ရောက်ရှိစဉ် ၁၉၇၇ ခုနှစ် ပတ်ဝန်းကျင်က CPB ၏ အခြေအနေမှာ အားတက်ဘွယ်အခြေအနေဟုဆိုရပါမည်။ CPB ပါတီဗဟို ယူနစ်များ၊ အရှေ့မြောက်စစ်ဒေသ၊ ၁ဝ၁ စစ်ဒေသ၊ ၂ဝ၂ စစ်ဒေသ၊ ၈၁၅ စစ်ဒေသ၊ တပ်မဟာ ၇၆၈၊ တပ်မဟာ ၆၈၃ ၊ ၁ဝ၈ စစ်ဒေသ၊ ပြည်နယ်၊ အနောက်မြောက်ပိုင်းတိုင်း၊ တနင်္သာရီတိုင်းတို့တွင် လက်နက်ကိုင်တပ်နှင့် အခြေခံ
ဒေသများရှိသကဲ့သို့ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် မြေအောက်လုပ်ငန်းရဲဘော်များ တက်ကြွစွာ စုဖွဲ့နိုင်ပြီး လှုပ်ရှားနေသည့် ကာလများဖြစ်သည်။ ဆိုရလျင် မိမိ၏ နီစွေးသောအိပ်မက်များသည် ထိုအခြေခံများပေါ်မှပေါ်ထွက်လာခဲ့ခြင်းဖြစ်ပေသည်။

● ပါတီဗဟိုဌာချုပ်နှင့် ဗဟိုယူနစ်များ
ထိုစဉ်က ပါတီဗဟိုဌာနချုပ်သည် တရုတ်ပြည်တွင်း၌ပင်ရှိသေးသည်။ တရုတ်မြန်မာနယ်စပ်အနီး ၊ ကချင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တေဟုန်တိုင်း၏ တိုင်းမြို့ဖြစ်သော မန်စီခေါ် မုန်းခွမ်အနီး ရုံးစိုက်သည်။ ပါတီဗဟိုရုံးစိုက်ရာစခန်းအား ၁၈၁ စခန်းဟု ခေါ်ကြသည်။ ပါတီဗဟိုဌာနချုပ်တွင် ဥက္ကဌသခင်ဗသိန်းတင်၊ ဒုဥက္ကဌများဖြစ်သည့် သခင်ဖေတင့်နှင့် ရဲဘော်ခင် မောင်ကြီး၊ ရဲဘော်ထွန်း ခေါ် ဗိုလ်ကျင်မောင်၊ ရဲဘော်အောင် ခေါ် ဗိုလ်မျိုးမြင့်စသည့် ပေါလစ်ဗျူရို အဖွဲ့ဝင် ၅ ဦးရှိသည်။ ထို့ပြင် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်ဗိုလ်ကျော်ဇော၊ ဗဟိုထောက်ပံ့ရေးတာဝန်ခံ အရံဗဟိုကော်မတီဝင် ရဲဘော်စံသူ ခေါ် လင် စန်းနှင့် ရုံးအဖွဲ့ဝင်များ၊ ဆက်သွယ်ရေးအဖွဲ့ဝင်များရှိသည်။

ဗဟိုရုံးနှင့်အတူ မန်စီအနီး၌ ၁၈၂ ဟူသည့် စခန်းတခုလည်း ရှိသည်။ ၁၈၂ စခန်းမှာ စစ်ချွမ်းရဲဘော်ဟောင်းများနှင့် ကွေ့ကျိုး ရဲဘော်ဟောင်းများ၏သားသမီးများအား စုစည်းထားသည့် ဘော်ဒါနှင့်အတူ တွဲထားသည့် စာသင်ကျောင်းဖြစ်သည်။ ၁၉၆၈ ခုနှစ်မှစ၍ ရဲဘော်များကလည်း စစ်မြေပြင်ထွက်၊ ၎င်းတို့၏ဇနီးအချို့ကလည်း ဆေး၊ ထောက်ပံ့ရေး၊ ကုန်သွယ်ရေး၊ ဆက် သွယ်ရေးစသည့်တာဝန်များယူကြရာ ရဲဘော်ဟောင်းသားသမီးများအား စုစည်းတာဝန်ယူရန် ဖွင့်လှစ်ထားသည့် စခန်း ဖြစ်သည်။ အဆိုပါ ၁၈၂ အား ၁၉၇၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်အဖြစ် ဒေါ်စန်းရီ (ဦးစံသူ၏ဇနီး) က တာဝန်ယူသည်။ အချို့ကလေးများမှာ ငယ်ရွယ်သေး၍ ရဲဘော်ဟောင်းများ၏ဇနီးများက လိုက်ပါစောင့်ရှောက်ရင်း နေထိုင် ကြ သည်။ ထို့ပြင် ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ရန် မသင့်သော ရဲဘော်ဟောင်းတို့ဇနီးနှင့် ယောက္ခမများလည်း ထို ၁၈၂ စခန်းတွင် ထားရှိခဲ့သည်။ သို့ဖြစ်ရာ ၁၈၂ သည် ရဲဘော်ဟောင်းများ၏ သားသမီးများ စာသင်ရန်ဖြစ်သကဲ့သို့ ရဲ ဘော်ဟောင်းများ၏ နောက်တန်းအိမ်ထောင်သည် စခန်းလည်းဖြစ်ခဲ့သည်။

၁၈၂ စဖွင့် စဖွင့်စဉ်က ကျောင်းသား ၄ဝ ကျော်နှင့် မိသားစုဝင် ၁ဝဝ ကျော်ခန့်ရှိပြီး တရုတ်ပြည်အတွင်းပိုင်း (အထူးသဖြင့် ကွေ့ကျိုးပြည်နယ်ရှိ ) မိသားစုများ တစ တစ ပြောင်းရွှ့ရာ ၁၉၇၅ ခုနှစ်ခန့်တွင် ကျောင်းသား၂ဝဝ ကျော်နှင့် မိသားစုဝင် ၃ဝဝ ကျော်ထိ ရှိလာခဲ့သည်။ ၁၉၇၅ ခုနှစ်နောက်ပိုင်း အရှေ့မြောက်အခြေခံတည်ငြိမ်ပြီး အိမ်ထောင်သည်အများစု ခြေခံဒေ သတွင်းသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ကျောင်းရှိဆရာများမှာ မူလက တရုတ်ဆရာများ၊ ပင်လယ်ရပ်ခြား တရုတ်များ၊ ရဲဘော် ဟောင်းဇနီးများက တာဝန်ယူသင်ကြားကြသည်။ ၁၉၇၆ ခုနှစ်တွင် ဗန်းမော်ကရောက်လာကြသည့် စိုးစိုး၊ မိုးမိုး၊ ဆွေဆွေ၊ ခွမ်းလိန်တို့ ၄ ယောက်လည်း ၁၈၂ ကျောင်းသို့ ဆရာမအဖြစ် သွားရောက်တာဝန်ယူခဲ့ရသည်။

အခြားဗဟိုယူနစ်တခုဖြစ်သည့် ၁၈၃ စခန်းမှာ ပြည်သူ့အသံဖြစ်သည်။ CPB ၏ အာဘော်ဖြစ်သည့် ပြည်သူ့အသံကို တရား ဝင်အားဖြင့်၁၉၇၁ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့သည်။ ထိုစဉ်က မဆလအစိုးရအား ဖွင့်ချ ထိုးနှက် တိုက်ခိုက်နေသည့် အသံလွှင့်ဌာနဖြစ်သည်။ သို့ဖြစ်ရာ မီတာ ၆ဝ မှ ထုတ်လွှတ်သည့်အသံလှိုင်းအား အစိုးရဘက်များအသံလှိုင်းဖျက်စက်များအသုံးပြုပြီး အမြဲတမ်းဖျက်လျက်ရှိသည်။ ထိုစဉ်က မီတာ ၆ဝ မှနေ၍ မနက် ၆ နာရီတကြိမ်၊ ညနေ ၆ နာရီ တကြိမ် နေ့စဉ် ၂ ကြိမ် အသံလွှင့်ခဲ့သည်။

အသံလွှင့်ဌာန နိုင်ငံရေးမှူးမှာ PB အဖွဲ့ဝင် ရဲဘော်ထွန်းဖြစ်သည်။ တပ်မှူးမှာ ဦးထွန်းအောင် ခေါ် ဦးခင်ဝင်းဖြစ်သည်။ ဦးထွန်းအောင်သည် ၁၉၅ဝ ခုနှစ်ခန့်က ချက်နိုင်ငံ ပရဂ်မြို့တွင် ကမ္ဘာ့ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများတွင် ဦးစိမ်းမောင် ခေါ် မင်းလတ်ရဲခေါင်တို့နှင့်အတူ ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ သူတို့နှင့်ခေတ်ပြိုင်နိုင်ငံတကာကျောင်းသားများထဲမှ ထင်ရှား လာသူများကတော့ ချက်သမတဖြစ်လာသူ ဗားကလက်ဟာဗယ်နှင့် ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရဖတ်တို့ဖြစ် သည်။ အသံလွှင့်ဌာန ဒုနိုင်ငံရေးမှူးမှ လရှီတူးဖြစ်သည်။ လရှီတူးမှာ ဗိုလ်နော်ဆိုင်းတပ်မှ ရဲဘော်ဟောင်းဖြစ်သည်။ ကိုဟန် စိန် (ရဲဘော်ထွန်း၏ယောက္ဖဖြစ်သူ) ကတော့ ထိုစဉ်ကထဲက ဒုတပ်မှူးဖြစ်ပြီလော သို့မဟုတ် ၁၉၇၉ ခုနှစ် ပန်ဆန်းသို့ ပြောင်းရွှေ့မှ ဒုတပ်မှူးဖြစ်သည်လော မသေချာတော့ပေ။

အသံလွှင့်အစီအစဉ်များမှ ၁၉၇၇ ခုနှစ်ခန့်တွင် မြန်မာဘာသာအပြင် ရှမ်းဘာသာ၊ ကချင်ဘာသာ၊ ကရင်ဘာသာ၊ ဝ ဘာ သာနှင့် တရုတ်ဘာသာတို့ပါ ထုတ်လွှင့်နေပြီဖြစ်သည်။ မြန်မာဘာသာထုတ်လွှင့်ကြသူများမှာ ကိုဟန်စိန်၊ မထွေးကြည်၊ ကိုခါးသူတို့ဖြစ်သည်။ ကိုဟန်စိန်မှာ ရဲဘော်ထွန်း၏ယောက္ဖဖြစ်ပြီး ကိုဟန်စိန်နှင့် မထွေးကြည်တို့လင်မယားမှာ မြန်မာပြည် ပေါက်တရုတ်များဖြစ်ပြီး တရုတ်ဗမာအရေးအခင်းကာလက တရုတ်ပြည်သို့ ရောက်လာကြသူများဖြစ်သည်။ မူလက ပီကင်း အသံလွှင့်ဌာနတွင်လုပ်ကိုင်နေကြရာမှ CPB သို့ လွှဲပြောင်းပေးလိုက်သူများဖြစ်သည်။ ကိုခါးသူကတော့ ကိုသက်ခိုင်နှင့်အတူ ၁၉၇ဝ ခန့်က မန္တလေးမှ အရှေ့မြောက်သို့ရောက် လာသူဖြစ်ပြီးပြည်သူ့အသံတွင် တာဝန်ပေးခံရသူဖြစ်သည်။

တရုတ်ဘာသာဖြင့်အသံလွှင့်သူများမှာ ကိုထွန်းလင်းနှင့် ရန်ရှောက်ဟွာဆိုသည့် oversea တရုတ်ရဲဘော် နှစ်ဦးဖြစ်သည်။ တရုတ်ဗမာအရေးအခင်းနှင့် ယဉ်ကျေးမှုတော်လှန်ရေးအရှိန်နှင့် CPB သို့ ရောက်လာကြသူများဖြစ်သည်။ ရှမ်းဘာသာဖြင့် အသံလွှင့်သူများမှာ စိုင်းချစ်ညွန့်နှင့် ဦးကောလိန်တို့ဖြစ်ကြသည်။ အဆိုပါ ရှမ်းရဲဘော်နှစ်ဦးမှာ မူလက မူစယ်၊ နမ့်ခမ်းအနီး မန်ဟီးရိုးဒေသ၌လှုပ်ရှားနေသည့် ဗိုလ်ကမ်းရွဲခေါင်းဆောင်သည့် ရှမ်းတပ်ကဖြစ်သည်။ ၁၉၇ဝ ခုနှစ်ခန့်က CPB ၏ စည်းရုံး သိမ်းသွင်းမှုကြောင့် CPB သို့ ရောက်ရှိလာကြသူများဖြစ်သည်။

ကရင်ဘာသာဖြင့် အသံလွှင့်ကြသူများမှာ စောကိုဦးနှင့် ဆရာမ နော်ဇိနတို့ဖြစ်သည်။ အဆိုပါ ကရင်ရဲဘော်များသည် မူလ က KNU မှ ဖြစ်ကြပြီး ၁၉၇ဝ ဝန်းကျင်ခန့်က ရှမ်းပြည်အလယ်ပိုင်းရှိ CPB ၁ဝ၈ စစ်ဒေသနှင့်လာရောက်ပူးပေါင်းခဲ့ကြသူများဖြစ်သည်။ ကချင်ဘာသာဖြင့် အသံလွှင့်ကြသူများမှာ ဒုနိုင်ငံရေးမှူး လရှီတူး၊ မန်ဂျီ ဇောင်းခေါင်နှင့် ရွယ်ဂျီဆိုသည့်အမျိုးသမီးရဲဘော်တို့ဖြစ်သည်။ မန်ဂျီ ဇောင်းခေါင်းမှာ ၁ဝ၁ စစ်ဒေသမှ ကချင်ရဲဘော်ဖြစ်ပြီး ရွယ်ဂျီကတော့ မုန်းကိုးဒေသမှ ဒေသ ခံရဲဘော်မ ဖြစ်သည်။ ဝ ဘာသာဖြင့်အသံလွှင့်သူမှာ ရဲဘော်ငို့ကပ်နှင့် ရဲဘော်ညီစင်း စသည့်ဝရဲဘော်များဖြစ်ကြသည်။ ငို့ ကပ်မှာ လားရှိုးတွင် ကျောင်းတက်ခဲ့သူဖြစ်ပြီး ကျောင်းသားဘဝက သံလုံးပစ်ချန်ပီယံဖြစ်ခဲ့သူ သန်မာထွားကြိုင်းသော ဝ ရဲ ဘော်တဦးဖြစ်သည်။ ၁၉၆၈ ခုနှစ်နောက်ပိုင်း ဝ ပုန်ကန်မှုများတွင် ပါဝင်ခဲ့သူဖြစ်သည်။

စက်ပိုင်းဆိုင်ရာတာဝန်ယူသူများမှာ အသံဖမ်းသည့်အပိုင်းတွင် ကိုရဲအောင်နှင့် လွန်းခေါင်တို့တာဝန်ယူကြသည်။ ကိုရဲ အောင်က ဟွာချောင်ရဲဘော်တဦးဖြစ်သည်။ (Oversea တရုတ် သို့မဟုတ် ပင်လယ်ရပ်ခြားတရုတ် သို့မဟုတ် မြန်မာပြည် ပေါက်တရုတ်တို့အား တရုတ်ဘာသာဖြင့် ဟွာချောင်ဟုခေါ်ပါသည်။ စကားလုံးတိုသော ဟွာချောင်ဟုသော စကားလုံးအား နောက်ပိုင်းတွင် ဆက်လက်သုံးစွဲပါမည်) လွန်းခေါင်ကတော့ ၁ဝ၁ စစ်ဒေသမှ ကချင်ရဲဘော်ဖြစ်သည်။ အသံထုတ်လွှင့် ပိုင်းအား တာဝန်ယူသူမှာ ဟွာချောင်တဦးဖြစ်သူ ကိုတင်ကိုဖြစ်သည်။ မူလက တရုတ်ပြည်မှ ပညာရှင်များက ပြည်တွင်းမှ ရဲဘော်များအား သင်ကြားလွှဲပြောင်းပေးခဲ့ပုံရသည်။ ၁ဝ၁ စစ်ဒေသမှ ခေါ်ယူထားသည့် အမျိုးသမီးရဲဘော်ချမ်းဝင်းကတော့ ပြည်သူ့အသံ ရုံးအဖွဲ့တွင် တာဝန်ယူသည်။

ပြည်သူ့အသံတွင် ၁ဝ၁ စစ်ဒေသမှ လရှီ ၊ မရူ စသည့် ကချင်ရဲဘော်များ၊ ၈၁၅ စစ်ဒေသမှ အခါရဲဘော်များ၊ အရှေ့မြောက်မှ ဒေသခံ ရဲဘော်များ၊ ပြည်မမှတက်လာသည့်ကျောင်းသားရဲဘော်များ၊ ဟွာချောင်ရဲဘော်များနှင့် ပေါင်း စပ်ဖွဲ့စည်းထားသည်။ ဟွာချောင်ရဲဘော်များသည် တရုတ်ဗမာအရေးအခင်းနှင့်ယဉ်ကျေးမှု တော်လှန်ရေးအရှိန်နှင့် ရောက်လာကြသူများဖြစ်သည်။ သို့သော် အချို့လည်း ထို့မတိုင်မီကထဲက ပါဝင်နေကြသူများလည်းရှိသည်။ ဗမာဘာသာဖြင့် အသံလွှင့်သည့် မထွေးကြည် သည် ပြည်ဇာတိဖြစ်ပြီး သူမအကိုဖြစ်သူသည် ပဲခူးရိုးမ ပြည်ခရိုင် ပါတီကော်မတီတဦးဖြစ်သူ ရဲဘော်လှကြည်ဖြစ်ပြီး ပဲခူးရိုး မတွင် ကျဆုံးခဲ့သည်။

ပြည်သူ့အသံသည်ဒေသပေါင်းစုံမှ လူမျိုးပေါင်းစုံ ရဲဘော်များအားစုစည်းထားရှိနိုင်ပြီး ဘာသာစကား ၆ မျိုးဖြင့် မီတာ ၆ဝ မှနေ၍ နေ့စဉ် နှစ်ကြိမ် အသံလွှင့်နိုင်သည့်ကာလဖြစ်သည်။ ထို့ပြင် ထိုအသံလွှင့်ဌာန၌ တာဝန်ယူကြသူများလည်း နောင် တွင် လက်ထပ်ကြသည့်စုံတွဲများဖြစ်လာကြသည်။ ကိုဟန်စိန်နှင့် မထွေးကြည်၊ စိုင်းချစ်ညွန့်နှင့် ရန်ရှောက်ဟွာ၊ မန်ဂျီ ဇောင်းခေါင်နှင့် ချမ်းဝင်း၊ ကိုရဲအောင်နှင့်ရွယ်ဂျီ စသူတို့ဖြစ်သည်။ အိုးချင်းထား၍ ကြိုး ညိကြပုံရပါသည်။ CPB ပြည်သ အသံသည် မဆလအစိုးရအား၎င်း စစ်အာဏာရှင်အစိုးရအား၎င်း အစောဆုံးဖွင့်ချ တိုက်ခိုက်ခဲ့သည့် အသံလွှင့်ဌာနတခုဖြစ်ခဲ့ သည်။ ပြည်သူ့အသံ အသံလွှင့်ဌာန၏ ပျံ့နှံ့မှုအား မေးခွန်းထုတ်စရာဖြစ်သော်လည်း ထိုစဉ်ကာလက လက်ဝဲလိုလားသူ များကြား၊ ဒီမိုကရက်များကြား၊ တက်ကြွလှုပ်ရှားသူများကြားတွင်တော့ သြဇာသက်ရောက်ခဲ့သည်ကတော့ ငြင်းဖွယ်မရှိပေ။ သို့သော် ပြည်သူ့အသံ၏ အသံလွှင့်ချက်များသည် ကွန်မြူနစ်ဝါဒပေါ်အခြေပြုသည်ဖြစ်ရာ လက်ဝဲဝါဒကို မနှစ်သက်သူများ အဖို့တော့ လက်ခံနိုင်ဘွယ်ရှိမည်မဟုတ်ပေ။

အထက်ပါ ၁၈၁ ၊ ၁၈၂ ၊ ၁၈၃ စသည့် ပါတီဗဟို ယူနစ် ၃ ခုသည် ထိုအချိန်ကာလက တရုတ်ပြည်နယ်စပ်၌ အခြေစိုက်၍ လျက်ရှိသည်။ ထိုဗဟို ယူနစ် ၃ ခုအား တရုတ်ကွန်မြူနစ်ပါတီ ကူညီထောက်ပံ့မှုနှင့်ရပ်တည်ခဲ့ခြင်းဖြစ်သည်ဆိုသည်ကို အထူးပြောရန် လိုမည်မဟုတ်ပါ။ တရုတ်ကွန်မြူ နစ်ပါတီကလည်း လူနင့်ယိဆိုသည့် တရုတ်ပါတီဗဟိုကော်မတီဝင်တဦးအားနယ်စပ်တွင်ထားရှိပြီး CPB နှင့်ဆက်သွယ်လုပ်ဆောင်ရန် တာဝန်ပေးခဲ့သည်ဟုဆိုပါသည်။

● အရှေ့မြောက်စစ်ဒေသရှိ ဗဟိုယူနစ်များ (၁၉၇၇)
(နယ်စပ်ဒေသအုပ်ချုပ်ရေးရုံး)

၁၉၇၇ ခုနှစ်ကာလပိုင်းက ပါတီဗဟိုရုံးနှင့်ပြည်သူ့အသံတို့မှာ တရုတ်ပြည်တွင်း၌သာရှိသေးသော်လည်း ပါဗဟိုအဖွဲ့အစည်းအချို့ကတော့အရှေ့မြောက်စစ်ဒေသနယ်မြေအတွင်း အခြေစိုက်စပြု နေပြီဖြစ်သည်။ ၁၉၇၅ခုနှစ် မေလပါတီဗဟိုအသစ်ပြန်လညဖွဲ့စည်းပြီးနောက် နယ်စပ်ဒေသအုပ်ချုပ်ရေးအဖွဲ့အားဖွဲ့စည်းပြီး မုန်းကိုးကွင်းအတွင်း နောင်ခမ်းရွာအနီး၌ ရုံးစိုက်ခဲ့ သည်။ ထိုရုံးနေရာသည် အချက်အခြာကျပုံရသည်။ ၁၉၈ဝ ခုနှစ်တွင် CPB မြောက်ပိုင်းဗျူ ရိုရုံးစိုက်ခဲ့ပြီး ယနေ့ကာလမှာတော့ တပ်မတော် စစ်ဗျူဟာရုံးစိုက်သည်ဟု သိရသည်။

နယ်စပ်ဒေသအုပ်ချုပ်ရေးရုံးတွင်တာဝန်ယူသူများမှာ ပါတီဗဟိုကော်မတီဝင်များဖြစ်ကြသည့် ရဲဘော်ရဲထွန်း၊ ရဲဘော်ဖရန်ဂန် ဒီးနှင့် အရံဗဟိုကော်မတီဝင် ရဲဘော်မောင်မောင်စိန်တို့ဖြစ်ကြသည်။ ရဲဘော်ရဲထွန်းမှာ ပါတီဗဟိုကော်မတီဝင်များကြား အသက်အကြီးဆုံးဖြစ်ပြီး CPB လက်နက်ကိုင်တော်လှန်ရေးအစ ပျဉ်းမနား လယ်ဝေးသူပုန်ကထဲက ပါဝင်ခဲ့သည့် ပါတီရဲ ဘော်ဟောင်းကြီးဖြစ်သည်။ ရဲဘော်ဖရန်ဂန်ဒီးကား ကချင်မျိုးနွယ်စုဝင် ခနုံတိုင်းရင်းသားဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ပြန်လညဖွဲ့စည်းသည့် ဗမာ့တပ်မတော် Burma Army ကချင်သနက ၁ မှ အရာရှိတဦးဖြစ်ပြီး ဗိုလ်နော်ဆိုင်းနှင့်အတူ ပုန်ကန်ရာတွင် ပါဝင်ခဲ့သူဖြစ်သည်။ ရဲဘော်မောင်မောင်စိန်သည်လည်း ပါတီရဲဘော်ဟောင်းဖြစ်သည်။ ရဲဘော်ရဲထွန်းနှင့်ရဲဘော်မောင်မောင်စိန်တို့မှာ တရုတ်ပြည်သို့ ပါသွားသည့်သူများမဟုတ်ဘဲ အောက်ဗမာပြည်ရှမ်းပြည်တို့တွင် လှုပ်ရှားသည့် ပြည်တွင်းတပဖွဲ့များမှရဲဘော်ဟောင်းများဖြစ်ကြသည်။

တရုတ်ကွန်မြူ နစ်ပါတီ လက်နက်ကိုင်တော်လှန်ရေးကာလက ယင်အန်းတွင် အခြေစိုက်ပြီးနောက် ရှန်စီး၊ ကန်စု၊ နင်ရှ နယ်စပ်ဒေသပြည်သူအစိုးရဖွဲ့စည်းသကဲ့သို့ အရှေ့မြောက်နယ်စပ်ဒေသ အုပ်ချုပ်ရေးနှင့် ပြည်သူ့အစိုးရတရပဖွဲ့စည်းရေးအတွက် ရှေ့ရှုခဲ့သည့် ခြေလှမ်းတရပ်ဖြစ်သည်။ သို့သော် ၁၉၇၇ ခုနှစ်ကာလပိုင်းက နယ်စပ်ဒေသအုပ်ချုပ်ရေးအဖွဲ့သည် နယ်စပ် ဒေသတခုလုံးအား လက်လှမ်းမမှီဘဲ ကွတ်ခိုင်ခရိုင်အတွင်းရှိ မြေယာလုပ်ငန်းကိုသာ အာရုံပြုလုပ်ဆောင်လျက် ရှိသည်။ ထို့ပြင် ခရိုင်ပါတီကော်မတီ၏အုပ်ချုပ်မှု လုပ်ငန်းများ၊ စစ်ဒေသ၏ကွပ်ကဲမှုနှင့် နယ်စပ်ဒေသအုပ်ချုပ်ရေးအဖွဲ့တို့၏ လုပ်ပိုင် ခွင့်တို့ကြား ရှင်းရှင်းလင်းလင်းမရှိ၍ နယ်စပ်ဒေသအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းများမှာ အကန့်အသတ်ရှိနေပုံရသည်။

● ဗဟိုဘာသာပြန်နှင့် ပုံနှိပ်ဌာန
နောက်ထပ် ဗဟိုယူနစ်တခုမှာ အရံဗဟိုကော်မတီဝင်တဦးဖြစ်သူရဲဘော်သိန်းအောင် ခေါ် ရဲဘော်လွင် ဦးစီးသည့် ဗဟိုဘာ သာပြန်နှင့် ပုံနှိပ်တိုက်ဖြစ်သည်။ ရဲဘော်လွင်သည် ဂျပန်ခေတ် စတုတ္ထပတ်ဗိုလ်သင်တန်းဆင်းတဦးဖြစ်ပြီး ဆိုဗီယက်ရုရှား တွင် ဂျာနယ်လစ်ဇင်နှင့်ပတ်သက်၍ မဟာဘွဲ့ယူခဲ့သူဖြစ်သည်။ တရုတ် ဆိုဗီယက် သဘောထားကွဲလွဲသည့်နောက်ပိုင်း တရုတ်ပြည်ရှိ CPB အဖွဲ့များနှင့် ပြန်လည်ပေါင်းခဲ့သူဖြစ်သည်။ ဘာသာပြန်နှင့် ပုံနှိပ်တိုက်အား မုန်းကိုးကွင်းအတွင်းရှိ မန်ပန်ရွာ အနီးတွင် အခြေပြုထားသည်။ ပုံနှိပ်တိုက်တွင် ၁၉၇၅ ခုနှစ်ခန့်ကအရှေ့မြောက်ရောက်လာကြသည့် ဗန်းမော်မှ ကိုအောင်ပန်းနှင့် ကိုအိုက်ထွန်းတို့အား တာဝန်ချ ထားသည်ကို တွေ့ရသည်။

● ဗဟိုမြေအောက်လုပ်ငန်းဌာန
ရဲဘော်ထွန်းဦးစီးသည့် မြေအောက်လုပ်ငန်းယူနစ်အားလည်း ပုံနှိပ် တိုက်အနီးတွင်တွဲ၍ အခြေပြု ထားသည်။ ထိုအဖွဲ့အား ရဲဘော်ဇော်ဝင်းကဦးစီးသည်။ ရဲဘော်ထွန်းကတော့ ထိုစဉ်က တရုတ်ပြည်တွင်းရှိ ပါတီဗဟိုရုံးတွင်သာ ရှိနေသေးသည်။ ဦးဇော်ဝင်းနှင့်အတူ အရှေ့မြောက်စစ်ဒေသသို့ စောစွာကပင် ဆက်သွယ်ရောက်ရှိနေသော ကိုသက်ခိုင်၊ ကိုအောင်ငွေ၊ ကိုကျော်ရစသည့် မန္တလေး ပုလင်းဝင်းသားများရှိသည်။ မန္တလေး မြေအောက်တာဝန်ခံတဦးဖြစ်သူ ကိုကျော်စိုး ခေါ် ကိုမောင် မောင် (စာရေးဆရာ နေဦးဝေ) လည်း ရှိသည်။ သူကား CPB အားလာရောက်ဆက်သွယ်ပြီး မြေပေါ်အပြန်အဆင်း ၂ဝ၂ ဒေသအတွင်း KIA နှင့် တိုက်ပွဲဖြစ်ပွားစဉ် ဒဏ်ရာရပြီး ခြေတဖက်ဖြတ်လိုက်ရ၍ အောက်ပြန်မဆင်းနိုင်တော့ပေ။ ထို့ပြင် ၁၉၇၅ ခုနှစ် နောက်ပိုင်းမြေပေါ် သပိတ်တိုက်ပွဲတိုက်ပွဲများအပြီး တဖွဲဖွဲရောက်လာကြသူများလည်းရှိသည်။ အချို့အား မြေ ပေါ်သို့ပြန်လွှတ်ရမည်ဖြစ်၍ မုန်းကိုးတွင် လျှို့ဝှက်သိပ်သည်းစွာနေသည့် စခန်းတခုဖြစ်သည်။

ထိုစခန်းတွင် အသံသွင်းစတူဒီယိုတခုလည်းထားရှိသည်။ မန္တလေးမှ ခေါ်လာသည့် ဆိုင်းဆရာ ဦးသက်ရှည်အား ဗဟိုပြု ကာ ရောက်လာကြသည့် ဗမာရဲဘော်များထဲမှ အနုပညာဝါသနာပါသူများ စုစည်း၍ ဗမာဆိုင်းဝိုင်းနှင့် တော်လှန်ရေးသီချင်းများ အသံသွင်းပြီး ပြည်သူ့အသံမှ အသံလွှင့်ရန်စီစဉ်ဆောင်ရွက်ခဲ့သည်။ ထိုကာလက ဗဟိုမြေအောက်ဌာန၊ ဘာသာပြန်နှင့် ပုံနှိပ်ဌာန၊ အသံသွင်းစတူဒီယိုတို့အား မုန်းကိုးဒေသ မန်ပန်နှင့် နောင်ခန်းရွာကြားတွင် တဆက်တည်းဆောက်လုပ်ထားပြီး ထိုဌာနများမှ ရဲဘော်များမှာလည်း သီးခြားတာဝန်ယူမှုရော စုစည်းတာဝန်ယူမှု ပါရောထွေးနေသည်။ စတင်ဖွဲ့စည်းစ ကာလ ဖြစ်၍ ရှင်းလင်းမှုမရှိသေးပေ။

၁၉၇၉ တွင် ပါတီဗဟိုရုံးအား ဝ နယ် ပန်ဆန်းသို့ပြောင်းရွှေ့အခြေချခဲ့ကြသည်။ သို့သော် ၁၉၇၇ ခုနှစ်ပိုင်းတွင် ပါတီဗဟို ယူနစ်အချို့အား မုန်းကိုးတွင် အခြေပြုခဲ့ပြီး အချို့အား တရုတ်နယ်စပ်တွင် အခြေပြုခဲ့သည်။

ဆက်လက်ဖေါ်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)