သိဒ္ဓတ္ထမူခါဂျီ ရေးတဲ့ ကိုယ်ခန္တာတွေ နားစက်နေတာနဲ့ လှုပ်ရှားနေတာ

February 27, 2018

သိဒ္ဓတ္ထမူခါဂျီ ရေးတဲ့ ကိုယ်ခန္တာတွေ နားစက်နေတာနဲ့ လှုပ်ရှားနေတာ
ဘာသာပြန် မောင်ရစ် (နယူးယောက္ကာ မဂ္ဂဇင်း၊ ဇန် ၈၊ ၂၀၁၈) မိုးမခ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈

“အဖေအသက်ငင်နေတာထက် ခုထိအသက်ရှင်နေသေးတာက ပဟေဠိ ဖြစ်ပါတယ်”

(၁)

မနက် ၃ နာရီမှာ တယ်လီဖုံး ၀င်လာတယ်။ နယူးဒေလီက ကျနော့်အမေမှာ မျက်ရည်တွေနဲ့။ ‘နင့်အဖေ … ‘ အမေက ပြောတယ်၊ ချော်လဲပြန်ပြီ။ ပြီးတော့ အဖေက ကယောင်ကတန်းတွေ ပြောနေတယ်။ တယ်လီဖုံးကို အဖေဘက်ကို လှည့်ပြတယ်။ အဖေက ဘာတွေပြောနေမှန်းမသိ၊ လေးလေးပင်ပင်နဲ့ တတွတ်တွတ်ရွတ်လို့။ အသံက နှာသံစူးစူးထွက်နေတယ်။ အဖေက သူ့ငယ်နာမည်ကို ထပ်ကာ ထပ်ကာ ရွတ်နေတယ်။ ရှီဘူ … တဲ့။ ပြီးတော့ သူ့ငယ်ဘ၀က ရွာ။ ဒီဟာဂိုရီ။ သူပြောနေပုံက သူရဲ့ နောက်ဆုံးအမှာစကားကို ရေရွတ်နေသလို။

အဖေ့ကို ဆေးရုံပို့လိုက်။ ကျနော်က အမေ့ကို ခိုင်းလိုက်တယ်။ နယူးယောက်ကနေပြီးတော့။ ကျနော် မီရာလေယျာဉ်နဲ့ လိုက်လာခဲ့မယ်။

မလာနဲ့ အဲဒီကပဲ စောင့်နေ။ အမေက ပြန်ပြောတယ်။ အဖေက သူ့ဖာသာသူ ပြန်ကောင်းလာမှာ။ အမေ့အတွက်ကတော့ သူတို့ခေတ်တုန်းကလို လေယျာဉ်ပျံလက်မှတ် နေ့ပြီး ၀ယ်တယ်ဆိုတာ အတော်လွန်တဲ့ ကိစ္စပါ။ အလွန်ကြီးကျယ်ပြီး နိုင်ငံတကာလူဆိုးတွေ ရုပ်ရှင်စတားတွေပဲ လုပ်နိုင်တဲ့ ကိစ္စကိုး။ အမေသိတဲ့သူတွေထဲမှာ မိဘတွေအသက်မှီအောင် လာနိုင်တဲ့သူ မရှိပါဘူး။ သူတို့တွေခေတ်ရဲ့ အရာရာကို ချိုးခြံချွေတာရမယ်လို့ အကျင့်စွဲနေတာဟာ ရှေးရိုးစွဲအယူသီးမှုကို ခိုင်မာစေပါတယ်။ သည်လို အခုလာနိုင်လိုက်ရင်ကိုက မကျရောက်သေးတဲ့ အပျက်တရားကို ဖိတ်ခေါ်သလို ဖြစ်မှာ စိုးပုံရပါတယ်။

အိပ်ပြီးစောင့်လိုက်ပါ။ အမေက ပြောတယ်။ အမေ့မှာ စိုးရိမ်သောကတွေ တိုးလာနေပုံပါပဲ။ ကျနော်က ဖုံးချပြီးတာနဲ့ ကျနော့်ခရီးသွားလက်မှတ်ကိုယ်စားလှယ်ဆီ အီးမေးပို့လိုက်တယ်။ အမြန်ဆုံး နောက်ထွက်မယ့် အိန္ဒိယလေကြောင်းလက်မှတ်ကို ၀ယ်ထားဖို့။

ကျနော့်အဖေက ၈၃ နှစ်၊ ကျန်းမာရေးကလည်း တစစ ယိုယွင်းနေတာ ရက်သတ္တများပြီ။ အခု ညကြီးသန်းကောင်ဖုန်းခေါ်တာဟာ ဒီတခါတင်မကတော့သလို အခြေအနေပိုဆိုးနေတယ်ဆိုတာ ပြနေတယ်။ မုန်တိုင်းမလာခင် လှိုင်းတွေတက်လာသလိုမျိုးပေါ့။ အခုလိုမျိုး ချော်လဲတာ မတော်တဆတွေ ဖြစ်တာ များလာတယ်၊ ရတဲ့ ဒဏ်ရာတွေကလည်း ပိုဆိုးလာတယ်။ ဒီနှစ်ထဲမှာ အခုလို လဲတာ တခါမကတော့ပါဘူး။ လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ အိမ်ပေါ်ဝရန်တာမှာ အဖေလဲတယ်။ လက်ကျိုးတယ်။ အမေတွေ့တော့ သူ့လက်ကျိုးက သူ့ကိုယ်အောက်မှာ ပိနေတယ်။ အမေက ကပ်ကြေးနဲ့ သူ့အင်္ကျီကို ဖြတ်တော့ အဖေက ဝေဒနာ ၂ မျိုးနဲ့ အော်တယ်။ နောက်ကွယ်က ဝေဒနာဆိုတာ အကျီအကောင်းကြီးကို ကပ်ကြေးနဲ့ ဖြတ်ထုတ်လို့။ ဒါ သူ့ဦးနှောက်ထဲက စွဲလန်းနေတဲ့ အပိုင်းအစတွေ ဆွဲထုတ်လိုက်သလို။ ကျနော်သိတာပေါ့။ ဒါက ဟိုးတုန်းက သူ့အမေနဲ့ ရန်ဖြစ်ခဲ့ရတာလေ။ အဲသည်တုန်းက နယ်စပ်ကနေ ကလကတ္တားကို  ကလေး ၅ ယောက် ချီပိုးပြီး လာခဲ့ကြတာ။ အဲသည်တုန်းက အိန္ဒိယပြည်ကြီးကို ခွဲခြမ်းပစ်တုန်းက။ အဲသည်တုန်းက ၀တ်စရာ အ၀တ်တောင် မလုံလောက်လို့ အချင်းချင်း မျှပြီး ၀တ်ခဲ့ကြရတာ။ သူ့အမေသာဆိုရင် ဒီအင်္ကျီကို မပျက်စီးအောင် လုပ်ပေးနိုင်မှာ ဆိုပြီးတော့ …။

အဲသည်တုန်းကလည်း ကျနော့်အမေက လျော့ပေါ့ပြီး သက်သာအောင် ပြောခဲ့တာပါပဲ။ Kicchui na” တဲ့။ အမေပြောတာက “ဒါ ဘာမှမဟုတ်ပါဘူး” ပေါ့။  ဒါဟာ ကျနော်တို့မိသားစုတွေ တဖက်စောင်းနင်းမဖြစ်ရအောင် သုံးနေကြစကား။ ‘ငါတို့ အဆင်ပြေသွားမှာပါ’ အမေက ပြောခဲ့တယ်။ ကျန်ာကလည်း အမေ့စကားကို လက်ခံခဲ့တယ်။ သည်တခါတော့ ကျနော် သိပ်မသေချာတော့ဘူး။

(၂)

အမေခေါ်ပြီး နာရီ ၂၀ ကြာပြီးတဲ့အခါမှာ  ကျနော်ဟာ အလွန်ပူအိုက်ပြီး မီးခိုးတွေနဲ့ မှိုင်းနေတဲ့ ဒေလီကို ဆင်းသက်နေပြီ ဖြစ်ပါတယ်။ ကျနော့်မိဘအိမ်ကို တန်းသွားတယ်။ အထုပ်အပိုးတွေ ပစ်ချတယ်။ ပြီးတာနဲ့ တက္ကစီငှားပြီးတော့ ဦးနှောက်နဲ့ အာရုံကြော အရေးပေါ်ကို သွားပါတယ်။ အဲသည်ဆေးရုံဆိုတာက အလယ်မှာ အမိုးပွင့်နဲ့ အဆောက်အဦတွေက ၄ ပွင့် ဖိုခနောက်ဆိုင်ထားသလို ဖွဲ့စည်းထားတာပါ။ ကြမ်းခင်းတွေက ပြင်ဆင်ထားတယ်၊ ပေါ်လစ်တိုက်ထားတဲ့ ဖယောင်းပုဆိုးတွေ ခင်းထားတယ်။ သို့သော် အပေါက်အပြဲတွေကြားထဲကနေ အဆောက်အဦရဲ့ ရေပိုက်တွေ၊ မီးကြိုးတွေ၊ အုတ်သားမညီမညာတွေကို ဒိုးယိုပေါက် မြင်နေရပါတယ်။ အကယ်၍များ သင်ခလုတ်တိုက်လဲပြီး ကြမ်းပြင်နဲ့ ခေါင်း ရိုက်ခွဲမိမယ်ဆိုရင် ဦးနှောက်အထူးကုတွေက အဆင်သင့်ကို စောင့်ကြိုနေပြီးသားပဲပေါ့။

ကျနော့်အဖေဟာ ဆေးတွေကြောင့် တော်တော်ကြီးကို မိန်းမောနေပါတယ်။ ကျနော် သူ့ကို ခေါ်လိုက်တော့ သူ့ခေါင်းက ကျနော့်ဘက်ကို မှတ်မိသလိုမျိုး ချက်ချင်းလှည့်လိုက်တယ်။ ကျနော့်အပျော်က ကြာကြာမခံပါ။ အဖေက ခေါင်းကို ဟိုဘက် သည်ဘက် ယမ်းနေတာဖြစ်ပါတယ်။ ဒါကို ကျနော်သိတယ်။ ဒါက အလိုအလျောက်လှုပ်ရှားမှု၊ အကြိမ်ကြိမ် စီးချက်ကျကျ လှုပ်နေတာ။ သူ့ဦးနှောက်ဟာ ရှိထားပြီးသားအသိစိတ်ကနေ နောက်ပြန်ဆုတ်ပြီးတော့ အလိုအလျောက်တုန့်ပြန်မှုအဆင့် (Reptilian consciousness) ကို ပြန်သွားနေတာ။ သည်လိုမျိုး အသိမဲ့တဲ့ စက်ဝိုင်းသဏ္ဍာန် လည်ပတ်နေတဲ့ လှုပ်ရှားမှုကို ကြည့်နေရင်းကနေ ကျနော်အတွေးပေါက်မိတာက ဒါဟာ ဟိုးအောက်ဆုံး ငရဲပြည်ကနေပြီး ပို့လွှတ်လိုက်တဲ့ အချက်ပြမှုတွေလားလို့ပေါ့။

ဦးနှောက်နဲ့ အာရုံကြောဌာနက တာဝန်ကျနေတဲ့ ဆရာဝန်က ကျနော့်ကို လာတွေ့ပါတယ်။ သူက ကျနော်လည်း ဆရာဝန်တဦးဆိုတာ သိနေပါတယ်။ သူက ဒေါက်တာမူကာဂျီလား ဆိုပြီး လက်ဆွဲ နှုတ်ဆက်ပါတယ်။ သူ့ကြည့်ရတာ အသက် ၃၅ နှစ်လောက် ရှိပုံပါ။ မျက်နှာက ဖြူဖတ်ဖတ်၊ နားရွက်ကြီးကြီး၊ ပြီးတော့ လေလည်း ကျယ်ပုံရတယ်။ ကျနော်ကတော့ သူ့ကို ကြည့်ပြီး ချက်ချင်းကို မနှစ်သက်တော့သလို ဖြစ်လာပါတယ်။

ခင်ဗျားအဖေရဲ့ ဦးခေါင်းထဲမှာ အတွင်းသွေးယိုစီးတာ အများကြီး ဖြစ်ခဲ့တယ်။ သူက ပြောပြပါတယ်။ သူရဲ့ အရင်ကတည်းက သတိမကောင်းတဲ့ အခံနဲ့ဆိုတော့ ဘယ်လိုမျိုး သူနေပြန်ကောင်းလာနိုင်မလဲဆိုတာ ကျနော်တို့ မခန့်မှန်းနိုင်သေးပါဘူး။ သူက ထပ်ပြောတာကတော့ အဖေရဲ့ ဆိုဒီယမ်အဆင့်ကလည်း ၁၂၈ အောက်ကို ရောက်နေတယ်တဲ့။ အရမ်းကို နိမ့်ကျနေတာပါ။ ဒါက ဘာကိုပြနေသလဲဆိုတော့ အဖေရဲ့ ဦးနှောက်တစ်သျှူးတွေ ဆိုးဆိုးဝါးဝါးထိခိုက်နေတယ် ဆိုတာ ဖြစ်ပါတယ်။

ကျနော့်မှာ ပညာတတ်ဥာဏ်နဲ့ ယှဉ်တဲ့ ဒေါသမျိုး ထွက်လာပါတယ်။ ကျနော်လည်း စီတီစကင် ဖတ်တတ်ပါတယ်။ ဆိုဒီယံအားနည်းတယ်ဆိုတာ ဘာလဲဆိုတာ သိပါတယ်။ ကျနော်သည်လိုမျိုး ပြန်ပြောမလို့ စိတ်ပေါက်နေသော်လည်း ပါးစပ်ကို ပိတ်ထားလိုက်ပါတယ်။

ကျနော်တို့အားလုံး အခြေအနေကို ထိန်းသိမ်းထားလိုက်နိုင်ပါပြီ။ သူက ကျနော့်ကို အာမခံချက်ပေးပါတယ်။ ခင်ဗျားက သားတယောက်အလုပ် လုပ်ပါ။ ကျနော်တို့က ဆရာဝန်တယောက်အလုပ်ကို လုပ်ကြပါမယ်။ ပြောပြီးတာနဲ့ သူဟာ ကမန်းကတန်းပဲ အခြားလူနာတွေဆီ ထွက်သွားပါတော့တယ်။

မိနစ်အနည်းငယ်အတွင်းမှာပဲ ကျနော် သိလိုက်တာက စက်ပေါ်ကနေ ပြနေတဲ့ အဖေရဲ့ နှလုံးခုန်ချက်ဟာ အတော်ကြီးကို မြင့်မားနေတာ ဖြစ်ပါတယ်။ ကျနော်လည်း စောင်ထဲကနေ လိုက်နှိုက်ပြီးတော့ အဖေရဲ့ ယောင်ကိုင်းနေတဲ့ လက်ကောက်ဝတ်ကို စမ်းကြည့်ပါတယ်။ သွေးခုန်နှုန်းကို ရှာပါတယ်။ အဖေ့သွေးခုန်နှုန်းက ပုံမှန်ပါ။ စက်ကနေပြနေတာကတော့ ၂ဆလောက်ကို ပိုနေပါတယ်။ ကျနော်လည်း သူနာပြုကို ခေါ်ပါတယ်။ သူနာပြုအမျိုးသမီးဟာ ခပ်သေးသေး မျက်နှာကြည်ကြည်နဲ့ပါ။ သူမရဲ့ အပြာရောင်ဆာရီအပေါ်က ထပ်ပြီးတော့ သူနာပြုဝတ်စုံကို ၀တ်ထားပါတယ်။

အော် ဒါလား။ ဒီစက်က ဘယ်တော့မှ အလုပ်မလုပ်ဘူး။ သူမက စက်ကို လက်နဲ့ ညွှန်ပြရင်း ပေါ့ပေါ့ပဲ ပြောပါတယ်။  ဘီးတတ်ကစားစရာတခုလိုမျိုး သဘောထားသလိုပါ။ ပြီးတော့ သူမက စက်ကို ပိတ်ပစ်လိုက်ပါတယ်။ ကျနော့်မှာ မှင်တက်သွားပါတယ်။ စက်က တတီတီနဲ့ အလုပ်မလုပ်တော့ဘဲ ရပ်သွားပါပြီ။ ကျနော့်အဖေဟာ စက်ပေါ်မှာ သွေးခုန်နှုန်း မရှိတော့ပါ။ သို့သော်လည်း ခုနင်က ပြသနာကတော့ ပြေလည်သွားပါပြီ။ မှားနေတဲ့ သွေးခုန်နှုန်းကိစ္စ ပြေလည်သွားပြီမို့ သူမကတော့ အောင်မြင်သူတဦးလိုပုံနဲ့ နောက်ကုတင်ကို ချီတက်သွားပါတယ်။

နောက် တနာရီအကြာမှာ သူမ ပြန်လာပြီးတော့ အဖေ့ကို သန့်ရှင်းရေးလုပ်ပေးပါတယ်။ အဖေရဲ့ တ၀က်တပျက်ပွင့်နေတဲ့ ပါးစပ်ထဲက အာခံတွင်းမှာ သလိပ်တွေ အမြုပ်တွေ ရှိနေပါတယ်။ သူက လေစုတ်စက်ကနေ ပိုက်နဲ့ တတ်ပြီး စုတ်ထုတ်တာပါ။ စက်က အသံတိုးတိုးလေး ပုံမှန်မြည်နေရာကနေ ဟုတ်ခနဲ ရပ်ဆိုင်းသွားပါတယ်။ စက်နေ ပိုက်ဆီကိုသွားတဲ့ ရာဘာစကာတခုဟာ ပေါက်သွားပါပြီ။ သူနာပြုအမျိုးသမီးက တောင်းပန်တဲ့အမူအရာကို ပြပါတယ်။ ရာဘာစကာတခု အသဲအသန်သွားရှာပါတယ်။ ကျနော်တို့ ၂ဦးစလုံး သိထားပြီးသားကတော့ ဒီလိုအစားထိုးစရာ မရှိဘူးဆိုတာ ဖြစ်ပါတယ်။

ကျနော်ဆေးရုံကနေ ည ၁၁ နာရီမှာ ပြန်လာခဲ့ပါတယ်။ ကျနော်အိမ်မရောက်ခင် မိုင်အနည်းငယ်  ဟိုင်းဝေးပေါ်မှာ ဆိုင်ကယ်တစီး မှောက်နေတာတွေ့ရပါတယ်။ ဦးထုပ်မဆောင်းထားတဲ့ ယာဉ်မောင်းဟာ လေထဲကို ပျုံဝဲပြီး ကျသွားခဲ့ပါတယ်။ လူတချို့ကတော့ မီးကျီအနီတွေ ထွန်းပြီးတော့ ယာဉ်ထိခိုက်မှုနေရာကနေ ကွင်းနိုင်အောင် လုပ်ထားပါတယ်။ ကျနော့်တက္ကစီပြတင်းမှန်တွေကို မြို့တော်ရဲ့ လေပြင်းတွေက ဖုန်တွေ သဲတွေ အဆုပ်လိုက် အဆုပ်လိုက် ပက်နေကြတယ်။ အဲသည် မှုန်ဝါးဝါးပြတင်းကနေ မြို့တော်ကြီးကို ကြည့်လိုက်တော့ ပွဲတော်တခု မင်္ဂလာဆောင်တခု ကျင်းပနေသလို အရောင်တွေ စုံတဲ့ ပုံရိပ်တွေလို တရိပ်ရိပ်နဲ့။ အဲသည်လို ပုံပျက်ပမ်းပျက်တွေကို ကြည့်ရင်း ကျနော် ရယ်ချင်လာတယ်။ ဒေလီမြို့တော်ဟာ ဇောက်ထိုးမိုးမျှော်ဖြစ်နေတယ်။ မြို့တော်ကြီးကလည်း ကျိုးပဲ့နေတယ်။ ဆေးရုံကလည်း ကျိုးပဲ့နေတယ်။ ကျနော့်အဖေကလည်း ကျိုးပဲ့နေတယ်။

(၃)

ကျနော်တို့ဆီမှာ ကြေးမှုံပြင်လို ကြားခံထားတဲ့မြင်ကွင်းနောက်ကွယ်မှာ လှုပ်ရှားနေတဲ့ အလုပ်တွေ ရှိတယ်။ ကျနော်တို့တွေက အဲသည်မှန် အက်ကွဲကြောင်းပေါ်လာတော့မှာ၊ ပေါက်သွားတော့မှသာ အဲသည်နောက်ကို မြင်နိုင်တယ်။ “ကြည့်လေ၊ ဒါဘာမှ မဟုတ်ပါဘူး”။ ကျနော်တို့ဟာ ပုံမှန်အလုပ်လုပ်နေတဲ့ စက်ကြီးအတွင်းမှာ နေထိုင်ကြတော့ အဲသည်စက်ကြီး အလုပ်လုပ်နေတာကို ရိပ်မိသိရှိထားတာ မရှိကြဘူး။ ကျနော်တို့က ဒါကျနော်တို့ ရထားတဲ့ လက်ဆောင်ပဲလို ပေါ့ပေါ့ဆဆ၊ ဂရုမပြုမိဘဲ၊ ကျေးဇူးမတင်တတ်ဘဲ၊ ဆင်ခြင်မှုမရှိဘဲနဲ့ လက်ခံထားကြတယ်။ လွန့်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဆရာဝန်ပေါက်စလေးတဦးဟာ ငွေအပိုလိုချင်တာကြောင့် သာမန်ရပ်ကွက်တခုထဲက ဆေးရုံလေးတခုမှာ အချိန်ပိုသွား အလုပ်လုပ်ခဲ့တယ်။ ဘော်စတွန်ကနေ မိုင်အနည်းငယ် အကွာမှာပေါ့။ စနေနေ့မှာဆို ဆယ်နာရီကနေ ည ၈နာရီအထိ ကျနော် လုပ်ခဲ့တယ်။ ။ ညအလုပ်ပြီးချိန်ဆိုရင် အဲသည်နားက ထမင်းဆိုင်မှာ ဘီယာနဲ့ အမြည်းနဲ့ မောပန်းခဲ့သမျှကို ဖြေသိမ့်တယ်။

အဲသည်ဆေးခန်းဟာ ဘတ်ဂျက်နည်းနည်းလေးနဲ့ လစာငွေ မဖြစ်စလောက်နဲ့ လည်ပတ်တယ်။ အဲသည်ဆေးခန်းကို လည်ပတ်သူက အသက် ၆၀ လောက်ရှိတဲ့ သူနာပြုဆရာမကြီး။ သူ့တသက် သည်ဆေးခန်းမှာပဲ ကုန်ခဲ့ပုံရတယ်။ တမနက်ခင်းမှာတော့ နေ့တာ အတိုအရှည်ညှိတဲ့ အချိန်ပြောင်းထားတာ မသိလိုက်တဲ့ ကျနော် ဆေးခန်းကို တနာရီလောက် စောရောက်သွားတယ်။ အဲသည်မှာ သူနာပြုဆရာမကြီး ဆေးခန်းကို တနေ့တာအတွက် ပြင်ဆင်နေတာကို  ထိုင်ကြည့်နေမိတယ်။ လူနာခုတင်လွတ်ဘေးတိုင်းမှာ အောက်စီဂျင်ပေးတဲ့ မျက်နှာဖုံးအတွက် ပိုးသတ်ထားတဲ့ ပလတ်စတစ်ပိုက်တွေ စီနေတယ်။ ပြီးတော့ ဆရာမကြီးက အရေးပေါ်ဆေးဝါး ကိရိယာတွေ အဆင်သင့်ထည့်ထားတဲ့ အရေးပေါ်ဆေးလှည်းကို စစ်ဆေးတယ်။ ပြီးတော့ မနက်တိုင်းလုပ်နေကျ အူကြောင်ကြောင်နိုင်လှတဲ့ ၀တ္ထရားတွေကိုလည်း သူက နောက်ဆုံးအဆင့်မှာ ဆက်လုပ်ပါတယ်။ လွတ်နေတဲ့ လူနာအခန်းလေးတွေ တခုကနေ တခုကို ၀င်တယ်။ အိပ်ယာခင်းတွေ ဆွဲဆန့်တယ်။ သိမ်းပြီးသား စောင်အစတွေကို မွေ့ယာထဲ ထိုးသွင်းပြီး ထပ်သိမ်းဆည်းတယ်။ ပြီးတော့ ကုတင်ခေါင်းရင်းနဲ့ နံရံကြားထဲက နေရာလွတ်ကျဉ်းကျဉ်းလေးထဲ ကုန်းကုန်းကွကွနဲ့ ၀င်ပြီး နံရံမှာ တပ်ထားတဲ့ အောက်စီဂျင်ပေးတဲ့ ခေါင်းတွေကို ချောဆီသုတ်ပြန်တယ်။

ကျနော်ကတော့ သူရဲ့ နေ့စဉ်ဝတ္ထရားအလုပ်ကြီးအကိုင်ကြီးတွေကို သိပ်ပြီး အလေးမထားမိပါဘူး။ သို့သော် နောက်တပတ်အကြာမှာတော့ဖြင့် အဲသည်ရဲ့ အဓိပ္ပါယ်ကို သိရှိလိုက်ပါတော့တယ်။ ဆေးရုံလေးကို အသက်လတ်ပိုင်း အမျိုးသမီးတယောက် ရောက်လာတယ်။ မျက်လုံးတွေ ပြူးထွက်လို့၊ နှုတ်ခမ်းတွေက ပြာနှမ်း၊ အသက်ပုံမှန် မရှုနိုင်တော့။ အသက်ပါသွားနိုင်လောက်တဲ့ ပန်းနာရင်ကြပ်ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေတာ။ လူနာတင်ကားပေါ်ကနေ ထမ်းစင်နဲ့ ထမ်းလာပြီး ကုတင်ပေါ် တင်တာ တမိနစ်တောင် မကြာပါ။ ဒါဘာကြောင့်လဲဆိုတော့ ကုတင်မှာ အိပ်ယာခင်းတွေကို သေသေချာချာ ဆွဲဆန့် သိမ်းဆည်းထားတာမို့ အမျိုးသမီးဟာ လျောခနဲ့ ကုတင်ပေါ် ဆွဲတင်လိုက်ရုံပဲလေ။ အောက်စီဂျင်ပိုက်ခေါင်းကလည်း ချောချောချူချူ ဖွင့်လိုက်နိုင်တယ်။ ဘယ်သူက သိမှာလဲ သည်ပိုက်ခေါင်းတွေကို ဆီထိုးထားပေးတယ်ဆိုတာ။ ပြီးတော့ ကျနော်က အကြောဆေးသွင်းဖို့အတွက် လိပ်ပြာပုံ ဆေးထိုးအပ်ကို ရှာတော့ အဆင်သင့် ဆိုက်မှန်၊ အချိုးမှန် ရှိနေပြီလေ။ ကျနော်က အသက်လုနေရတဲ့ လူနာရဲ့ သူငယ်အိမ်ကိုပဲ ဂရုစိုက်ကြည့်နေဖို့သာ လိုပါတော့တယ်။

ဒါနဲ့ သူနာပြုဆရာမကြီးက အသက်ကယ်အရေးပေါ်လှည်းကို ဖွင့်တယ်။ ထိုးစရာ ဆေး epinephrine ကို ကျနော်က တောင်းတယ်။ အဲသည်ဆေးက ဆေးထိုးအပ်ထဲမှာ အဆင်သင့် သွင်းထားပြီးသား ဖြစ်နေပြီ။

‘လူနာကို အသက်ရှုပိုက် သွင်းတော့မလား’ ဆရာမကြီးက မေးတယ်။ ဒါက မေးတာထက် ညွှန်ကြားတဲ့သဘောတောင် ပိုဆောင်မလားပဲ။

ကျနော်ကတော့ ၀န်လေးနေမိတယ်။ မလုပ်ချင်တာက ကျနော် အဲသည်လို ပိုက်သွင်းတာ မကျွမ်းကျင်လို့ပါ။ စာထဲမှာ သင်ထားတဲ့ အသက်ရှုလမ်းကြောင်းတို့၊ အသံပိုက်တို့တွေဆိုတာ ကျနော့်အတွက် အထာမကျသေးဘူး။ သို့သော် ကျနော့်မှာ ရွေးစရာမရှိပါ။ အဲသည်အမျိုးသမီးရဲ့ ပါးစပ်ကို ဆွဲဟလိုက်တယ်။ ဆရာမကြီးက ‘အံကပ်တွေ’ လို့ အချိန်မီလေး သတိပေးလိုက်လို့ ကျနော်လည်း အံကပ်တွေ ဆွဲထုတ်လိုက်နိုင်တယ်။ သူ့အာခံတွင်းထဲကို လျာပေါ်ကနေဖိပြီးတော့ laryngoscope လို့ခေါ်တဲ့ ကိရိယာနဲ့ ပိုက်သွင်းဖို့ အ၀ကို မြင်ရတဲ့အထိ ပြင်ဆင်ပါတယ်။ ပြီးတော့ အောက်စီဂျင်ပိုက်ကို တောင်းပါတယ်။ ကျနော် ဂရုမထားမိလိုက်တာက အဲသည် စကုတ်ကိရိယာကို အာခံတွင်းထဲ ချောချောချူချူ ၀င်ဖို့ ဆီသုတ်ပေးထားတာကိုပါ။ ဒါကြောင့် လွယ်လွယ်ကူကူ ကျနော်လုပ်လိုက်နိုင်တာပေါ့။

ကိစ္စတွေပြီးတော့ ကျနော်တို့က အရေးပေါ်ကားကို ပြန်ခေါ်ပြီး တကယ်ဆေးရုံက အရေးပေါ်ဌာနကို ပို့ပေးဖို့ လုပ်ကြတယ်။ အဲသည်မှာ ကျနော့် ဂျူတီချိန်လည်း ပြီးသွားတယ်။ ကျနော် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကျနော် အရေးပေါ်လူနာကို ကယ်တင်ဖို့ အလျင်အမြန် ဆောင်ရွက်နေခဲ့စဉ်တုန်းက ကြမ်းပေါ်မှာ ပစ္စည်းတွေ ဖိတ်စင်ပျံ့ကျဲစေခဲ့တယ် ဆိုတာပါ။ ပိုက်တွေ၊ အစအနတွေ၊ ဆေးထိုးပြွန်၊ အခွံတွေ ပြီးတော့ အံကပ်တို့ ဘာတို့။ နောက်နေ့မနက်ခင်းမှာတော့ဖြင့် ဒါတွေ မရှိတော့ပဲ အားလုံး စနစ်တကျပြန်ရှင်းလင်းထားပြီးသား ဖြစ်နေတော့မယ်ဆိုတာ ကျနော် သိလိုက်ပါတယ်။ လူနာကုတင်က အိပ်ယာခင်းကလည်း ဆန့်ဆန့်ရန့်ရန့် ဖြစ်နေမယ်။ အရေးပေါ်ဆေးလှည်းကလည်း အားလုံး ဖြည့်ဆည်းထားပြီးသား ဖြစ်နေလိမ့်မယ်။ ပြီးတော့ ပိုက်ခေါင်းတွေလည်း ဆီသုတ်ထားပြီးသား ဖြစ်နေပြီပေါ့။

လွန်ခဲ့တဲံ့ ၁၉၂၀ ခုနှစ်များက ခန္တာဗေဒပညာရှင် ဝေါ်လတာကင်နွန်က ဝေါဟာရအသစ်တခု ထွင်ခဲ့တယ်။ homeostasis ဆိုတာပါ။ ဂရိဘာသာ homoios – ဆင်တူအောင် နဲ့ stasis – ငြိမ်သက်ခြင်း ။ သူပြောချင်တာကတော့ ခန္တာကိုယ်တွင်းအစိတ်အပိုင်းတွေရဲ့ အဓိကထူးခြားချက်က သူတို့အချင်းချင်းကြား ပုံမှန်လည်ပတ်နိုင်အောင် ထိန်းညှိနိုင်မှုအစွမ်းသတ္တိ ရှိတယ် တဲ့။ သူ့လေ့လာမှုတွေက ဘယ်က အစပြုခဲ့သလဲဆိုတော့ ပထမကမ္ဘာစစ်အတွင်း မဟာမိတ်စစ်တပ်မှာ အလုပ်လုပ်ခဲ့စဉ်ကတည်းက ဖြစ်ပါတယ်။ သူလေ့လာတာက သွေးပျက်ဖွယ် တုန်လှုပ်မှုကြောင့် ခန္တာကိုယ်တွင်း ပျက်စီးထိခိုက်ပုံတွေကို ဖြစ်ပါတယ်။ သူဒီလိုလေ့လာဖြစ်အောင် နိုးဆော်ခဲ့တဲ့အခြေခံကတော့ ၁၉ရာစု ပြင်သစ် ခန္တဗေဒပညာရှင် ကလောဒီဘားနဒ်ကြောင့်လို့ ဆိုပါတယ်။ သူက ဘာပြောခဲ့သလဲဆိုတော့ – အတွင်းကလီစာတွေ ပုံမှန်လည်ပတ်မှုဟာ လွတ်လပ်တဲ့ အမှီခိုကင်းတဲ့ အသက်ရှင်လိုမှုကြောင့် ဖြစ်ပါတယ် တဲ့။

ပုံမှန် ကောင်းစွာ အလုပ်လုပ်နေတဲ့ အဆောက်အအုံ အဖွဲ့အစည်းဆိုတာဟာ သူ့ကို ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ကိုယ်အပူချိန်ကို တချက်လောက် စဉ်းစားကြည့်ကြရအောင်။ ပတ်ဝန်းကျင်က အပူချိန်တွေ ဘယ်လောက် အကြီးအကျယ် ပြောင်းလဲနေပါစေ မိမိခန္တာကိုယ်တွင်းရဲ့ အပူချိန်ဆိုတာက အလွန်ကျဉ်းမြောင်းတဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိနေရပါတယ်။ ဖာရင်ဟိုက် ၉၇ ကနေ ၉၉ အတွင်း ဆိုတာ လူတွေရဲ့ ပုံမှန် ကိုယ်အပူချိန်ပါ။ အပြင်မှာ ဘယ်လောက်ပဲ ပြောင်းနေပြောင်းနေလေ။ ကျနော် နယူးယောက်က အလွန်အေးခဲနေတဲ့ ဆောင်းဥတုအတွင်းမှာ အိန္ဒိယလေကြောင်းလိုင်းပေါ် တက်လာခဲ့တယ်။ အဲသည် သတ္တုပိုက်ခေါင်းကြီးထဲကနေ သွန်ချလိုက်တော့ ပူပြင်းတဲ့ ဒေလီမြို့ကို ရောက်နေပြီ။ သို့သော် ကျနော်ရဲ့ ကိုယ်အပူချိန်ကို တိုင်းသာကြည့်မယ်ဆိုရင် တဒီဂရီလေးတောင်မှ ပြောင်းမသွားဘူး။ ၀င်ရိုးစွန်းက ပင်ဂွင်းငှက်တွေကတော့ လူတွေ ကိုယ်တွင်းအပူချိန်ထိန်းညှိတာထက်ကို ပိုပြီးတော့ တော်ကြတာပေါ့လေ။ သုညဒီဂရီအထက် ၇၀ ကနေ သုညဒီဂရီအောက် ၄၀ အထိ ပြောင်းချလိုက်မယ်ဆိုရင်တောင် ပင်ဂွင်းရဲ့ ကိုယ်အပူချိန်ဆိုတာ အလွန်ဆုံး ပြောင်းသွားလှမှ ၁ ဒီဂရီ ၂ ဒီဂရီလောက်ပဲ ရှိပါတယ်တဲ့။

ခန္တာကိုယ်တွင်းက ဆိုဒီယမ် ဆားဓာတ်ကို ထိန်းထားတယ်ဆိုတာက တလီတာ၏ ထောင်စိတ်ကလေး ၁၃၅ နဲ့ ၁၄၅ အတွင်းမှာ ထိန်းထားတာပါ။ (135 – 145 milliequivalent per liter )။ ဒါကို ထိန်းဖို့ ဦးနှောက်ထဲက အာရုံခံဆင်ဆာတွေက အခြားကလီစာတွေနဲ့ ချိတ်ဆက်ပြီးတော့ ကျောက်ကပ်ထဲက ရေနဲ့ ဆားအချိုးအဆအတွက် အလွန်တိကျတဲ့ ချိန်ဆမှုကို ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ကင်နွန် ရေးသားထားတာကတော့ – “ကျနော်တို့ ခန္တာကိုယ်လို ပတ်ဝန်းကျင်နဲ့တိုက်ရိုက်ထိတွေ့နေရတဲ့စနစ်ကို ပုံမှန်ငြိမ်နေအောင် ထိန်းသိမ်းထားဖို့ဆိုတာ စက်များလို ပုံမှန်လည်ပတ်မှုတခုခု လိုအပ်တယ်။ ရှိနေရမယ်။ တဲ့။ အဲဒါဟာ homeostasis ဖြစ်တယ်။ အစဉ်ထိန်းသိမ်းထားသော ငြိမ်သက်မှု ဆိုတာ မတော်တဆမှုတခု မဟုတ်ဘူး။ ဒါက ဘေးပယောဂ မလိုတဲ့ ကိုယ့်ဖာသာကိုယ် စနစ်တကျ အုပ်ချုပ်မှုတခုရဲ့ ရလဒ်ဖြစ်တယ်။”

ကင်နွန်ရဲ့ ထိုးထွင်းမှုဟာ နှစ်ပေါင်းများစွာ စွဲနေတဲ့ ယုတ္တိတခုကို ပြောင်းပြန်လှန်လိုက်ပါတယ်။ မျိုးဆက်ပေါင်းများစွာသော ခန္တာဗေဒပညာရှင်တွေဟာ တိရစ္ဆာန်တွေကို စက်ပစ္စည်းတွေနဲ့ နှိုင်းယှဉ်ပြီး သဘောထားခဲ့ကြပါတယ်။ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေ ပေါင်းစပ်ထားတာ တဲ့။ ကြွက်သားတွေဆိုတာက မော်တာတွေပါ။ နှလုံးဆိုတာက ရေပန့်လိုမျိုး။ အာရုံကြောတွေဆိုတာက မီးကြိုးတွေ။ စက်တွေဆိုတော့ သူတို့က ခုန်တာ၊ စီးတယ်၊ လှုပ်တယ်၊ မီးပွင့်တယ်။ ဒီဖွဲ့စည်းပုံကနေ အကျိုးအဖြစ် လှုပ်ရှားမှုတွေချည်း ဖြစ်ပေါ်နေတယ်လို့ သတ္တုချထားတယ်။ လုပ်နေတာတွေ၊ အလုပ်တွေ ….။ ” ရပ်မနေနဲ့လေ … တခုခု လုပ်နေ …” ဒါမျိုး သဘောထားတာ။

သို့သော် ခန္တဗေဒရဲ့အဓိကလေ့လာမှုအဖြစ် ‘လှုပ်နေတာတွေ လုပ်နေတာတွေ’ ကို အာရုံပြုနေတာကနေ မပြောင်းမလဲဖြစ်တည်မှု (ဖွဲ့စည်းမှု) ဆီကို ကူးပြောင်းလာတာတဲ့အမျှ  လူ၏ ခန္တာကိုယ်အလုပ်လုပ်နေပုံကို ကျနော်တို့ ရှုမြင်မှုကို ဘားနဒ်နဲ့ ကင်နွန်တို့က အခြေခံကျကျ ပြောင်းလဲစေခဲ့ပါတယ်။ ခန္တာဗေဒ၏ အဓိကအလုပ်က အမြဲလှုပ်ရှားအလုပ်လုပ်တာကို အာရုံစိုက်တာ မဟုတ်တော့ဘဲ ပုံမှန်ငြိမ်သက်နေမှု (stasis) ဖြစ်အောင် ဘယ်လိုလုပ်နေတာလဲ ဆိုတာ ဖြစ်သွားပါတယ်။ ‘တခုခု လုပ်မနေနဲ့လေ။ ငြိမ်နေလိုက်’ ဆိုတာပေါ့။

ကင်နွန်ကြောင့်ပဲ သီအိုရီထုတ်သူတွေဟာ ‘ကိုယ့်ဖာသာကိုယ် ပြုပြင်ထိန်းသိမ်းနေတဲ့စနစ်’ ဆိုတာကို စိတ်ဝင်စားတက်ကြွလာကြတယ်။ ပြင်ပပယောဂတွေကို ဆန့်ကျင်ပြီး မပြောင်းမလဲဖြစ်တည်နေမှုဆိုတာကို တွေးခေါ်လာကြတယ်။ ဗြိတိန်လူမျိုး ဇီဝဗေဒပညာရှင် အာသာတင်စလေက ၁၉၃၅ မှာ ecosystem ဆိုတဲ့ အသုံးကို ထွင်လာတယ်။ ဂေဟစနစ်ပေါ့။ သူပြောချင်တာက – ပတ်ဝန်းကျင် ဂေဟသဘာဝမှာ အမြဲတန်း ငြိမ်သက်မှုကို (မပြောင်းလဲမှု) ထိန်းသိမ်းရေး ဆိုတာကို ဖော်ပြတဲ့ အသုံးအနှုန်းပေါ့။ မကြာခင်မှာပဲ စီးပွားရေးပညာရှင်တွေကလည်း homeostasis ဆိုတာကို သူ့ဖာသာသူ ပြုပြင်နိုင်တဲ့ ဈေးကွက်စီးပွားရေးစနစ် (self correcting markets) ဆိုပြီး ဆက်စပ်ပြလာကြပြန်တယ်။ နော်ဘတ်ဝိုင်းနာဆိုတဲ့ သချာင်္ပညာရှင်တဦးက ဘာကို ဟောကိန်းထုတ်သလဲဆိုတော့ feedback loops ဆိုတဲ့ ကိုယ့်ကိုယ့်ကို ပြန်စစ်ဆေးပြီး အလိုအလျောက် မိမိဖာသာ ထိန်းညှိနိုင်တဲ့ စနစ်တခုကနေ သတ္တ၀ါတွေ စက်ပစ္စည်းတွေကို အုပ်ချုပ်နိုင်လိမ့်မယ်လို့ ဆိုလာပြန်ပါတယ်။ သူပြောချင်တာကတော့ – ဆဲလ်တွေ မြို့ရွာတွေ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဆောက်အအုံတွေဟာ ကိုယ့်ဖာသာကိုယ် ပြင်ဆင်ခြင်းတွေ ဟန်ချက်ကို ထိန်းညှိခြင်းတွေနဲ့  သူတို့ကိုယ်သူတို့ ထိန်းညှိနိုင်တယ် တဲ့။ လူဝစ်ကာရိုရေးတဲ့ ဇာတ်ကောင် အသည်းပုံအနီရောင်ဘုရင်မကြီးက သူတို့ရဲ့ ဧကရာဇ် ဖြစ်မယ် ထင်တယ်။ သူမက အယ်လစ်ဆိုတဲ့ ဇာတ်လိုက်မကို ဘာပြောသလဲဆိုတော့ ကမ္ဘာကြီးဟာ သူမရဲ့ ခြေထောက်အောက်မှာ မရပ်မနား လည်နေတယ်။ အရမ်းအမြန်ကို လည်နေတော့ ကိုယ့်ဖာသာကိုယ် ပြေးနိုင်သလောက်ပြေးနေဖို့က အဓိကပဲ။ ဒါဆိုရင် တနေရာတည်းကနေ မရွေ့တော့ဘူး တဲ့လေ။

ကင်န်ွန်က ၁၉၄၅ မှာ ကွယ်လွန်ပါတယ်။ သူ့ဘ၀မှာ ကမ္ဘာစစ်ကြီး ၂ ခုကြားထဲ ကုန်ဆုံးခဲ့ရတာမို့ ကိုယ့်ဖာသာကိုယ် ထိန်းညှိတဲ့ မင်းမဲ့တဲ့ အစိုးရစနစ်တရပ်ဖြစ်ဖို့ ဆိုတာ ခုနင်ကပြောတဲ့ ခန္တဗေဒဆိုင်ရာ အားထုတ်မှုချည်း သက်သက်နဲ့ ဖြစ်ထွန်းလာနိုင်တယ်လို့ သူကတော့ ယုံကြည်လိမ့်မယ် မထင်ပါဘူး။ သည်လိုအားထုတ်ဖို့ဆိုတာက စဉ်ဆက်မပြတ် စနစ်တကျနဲ့ လူမသိသူမသိ အားလုံး လွှမ်းခြုံနေဖို့ လိုပါတယ်။ အောက်စီဂျင်ပိုက်တွေ ဆီထိုးထားရမယ်၊ အိပ်ယာခင်းတွေ သိမ်းထားရမယ်၊ ဆေးဗီဒိုတွေ ဖြည့်ထားရမယ်၊ အမှိုက်တွေ ပစ်ထားရမယ်။ အပူပေးစနစ်တွေ အအေးပေးစနစ်တွေ စောင့်ကြည့် ညှိထားပေးရမယ်။ ဘယ်သူမှ မရိပ်မိအောင်လေ။ ပြီးတော့ အသက်ကို ရှု၊ ရှုသွင်းလိုက် ရှုထုတ်လိုက်၊ နောက်တကြိမ် ထပ်ရှု …။

ကျနော်က အဖေဆေးရုံပေါ် ရောက်ရတဲ့ အကြောင်းတွေကိုပဲ ဆင်ခြင်နေမိတယ်။ အဲသည်ရဲ့ ဆန့်ကျင်ဘက်မေးခွန်းကို ကိုယ့်ကိုယ်ကို နောက်ကျမှ ပြန်မေးမိတယ်။ ကျနော့်အဖေ အခုလို သိသိသာသာကြီး ယိုယွင်းမလာအောင် ဘယ်အကြောင်းတွေက ဆွဲဆန့်ထားခဲ့တာလဲ။ ကျနော့်အဖေမှာ သတိမေ့တဲ့ မှတ်ဥာဏ်ချို့ယွင်းတဲ့ ဝေဒနာတွေ တဖြေးဖြေး ဆိုးလာ တိုးလာ ဖြစ်လာနေတဲ့ကြားကနေ အခုလို လဲပြိုသွားအောင် သတိလစ်သွားအောင် ဦးနှောက်ထဲ သွေးယိုတဲ့အထိ ထိခိုက်မိအောင် ဆိုးဆိုးဝါးဝါးတွေ စောစောစီးစီးကတည်းက မဖြစ်ခဲ့တာ ဘာတွေက အကာအကွယ်တွေ ပေးထားခဲ့လို့ပါလဲ။

(ဆက်လက်ဖော်ပြပါမည်)

အပိုင်း (၂) ကို သည်မှာ ဆက်ဖတ်ပါ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, မောင်ရစ်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်