မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅-၁၉၈ဝ) – အပိုင်း (၅၇)

February 28, 2018
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅-၁၉၈ဝ) – အပိုင်း (၅၇)
(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၈

● အရှေ့မြောက်စစ်ဒေသ
၁၉၇၅ ပါတီဗဟို၏ အဓိကအခြေခံဒေသမှာ အရှေ့မြောက်စစ်ဒေသဖြစ်သည်။ မူလက ဖွဲ့စည်းခဲ့သောစစ်ဒေသများမှာ ၃ဝ၃ စစ်ဒေသနှင့် ၄ဝ၄ စစ်ဒေသများဖြစ်သည်။ စစ်ချွမ်းရဲဘော်ဟောင်းများဟုခေါ်ကြသော CPB ရဲဘော်ဟောင်းများနှင့် ကွေ့ ကျိုးရဲဘော်ဟောင်းများဟုခေါ်ကြသည့် ဗိုလ်နော်ဆိုင်းတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သံလွင်မြစ်အနောက်ခြမ်း မုန်းကိုး၊ ဖေါင်း ဆိုင်ဒေသ ၁၉၆၈ ခုနှစ်ဇန္နဝါရီလ ၁ နေ့တွင် စတင်ဝင်ရောက်သည်။ ထိုသံလွင်အနောက်ခြမ်းဒေသအား ၃ဝ၃ စစ်ဒေသဟု သတ်မှတ်ခဲ့သည်။ အလားတူ ကိုးကန့်ကာကွယ်ရေးမှ ဖုန်ကြားစင်း၊ ဖုန်ကြားဖူးတို့ခေါင်းဆောင်သောအဖွဲ့အား အခြေခံ၍ ရဲဘော်ဟောင်းများနှင့်ပေါင်းစပ်ကာ ၁၉၆၈ ခုနှစ်တွင် ၄ဝ၄ စစ်ဒေသဟုသတ်မှတ်ပြီး သံလွင်မြစ်အရှေ့ဖက်ခြမ်း ကိုးကန့် ဒေသ ရန်လုံကျိုက်၊ ရွှေဟော်၊ မော်ထိုက်၊ ကုန်းကြမ်းဒေသတို့အား ဝင်ရောက်သိမ်းပိုက်ခဲ့သည်။

၁၉၇ဝ ခုနှစ် ကွန်လုံ၊ ဟိုက်ကဘားတိုက်ပွဲအပြီး မုန်ယားဒေသတွင် ၃ဝ၃ စစ်ဒေသနှင့် ၄ဝ၄ စစ်ဒေသအားပူးပေါင်းပြီး အရှေ့ မြောက်စစ်ဒေသအ ဖြစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ အရှေ့မြောက်စစ်ဒေသနိုင်ငံရေးမှူးအဖြစ် ရဲဘော်သန်းရွှေ၊ တပ်မှူးအဖြစ် ရဲဘော်နော်ဆိုင်းတို့က တာဝန်ယူခဲ့သည်။ ထို့နောက် CPB အရှေ့မြောက်စစ်ဒေသတပ်ဖွဲ့များ၏ စစ်ရေးဦးတည်ချက်နှင့်အခြေခံဒေသသစ်တိုးချဲ့ရေးသည် ဝ နယ်တောင်တန်းများဆီသို့ ဦးတည်ခဲ့ပေတော့သည်။

ဤသို့ ပြောင်းလဲဖွဲ့စည်းခဲ့မှု နှင့် စစ်ရေးဦးတည်ချက်ပြောင်းလဲခဲ့ခြင်းသည် ၁၉၇ဝ ခုနှစ်များအတွင် ကွန်လုံ ဟိုက်ကဘားတိုက်ပွဲနှင့်လားရှိုးဒေသသို့ဦးတည်သည့် စစ်ဆင်ရေးများ အရေးနိမ့်ပြီး ရည်မှန်းချက်ပေါက်မြောက်အောင်မြင်ခဲ့ခြင်း မရှိခဲ့သော ကြောင့်ဟု သုံးသပ်ရသည်။ အမာကိုရှောင် အမွကိုတိုက်ဟူသော စစ်ရေးပေါ်လစီအရ အစိုးရတပ်များ အခိုင်အမာ ခံစစ်ယူ ထားသည့်ဒေသများအားရှောင်ကွင်းပြီး အစိုးရတပ်များအားနည်းသည့်ဒေသများဘက်သို့ စစ်ဦးလှည့်လိုက်ခြင်းဖြစ်သည်။ သို့နှင့် သံလွင်မြစ်အနောက်ခြမ်း၌ ရင်း ၄ ရင်းပါ တပ်မဟာ ၂ အား ချန်ထားခဲ့ပြီး ကျန်စစ်ဒေသတပ်များသည် ဝ နယ်သို့ ချီ တက်ခဲ့ကြသည်။

တချိန်တည်းတွင် ဝ ဒေသ၌ ကူမင်တန်တရုတ်ဖြူ ဆန့်ကျင်ရေးအတွက်တရုတ်ကွန်မြူနစ်ပါတီ စည်းရုံးထားသော အဖွဲ့များရှိ သကဲ့သို့ အစိုးရသြဇာမခံဘဲ ရပ်တည်နေသည့် လက်နက်ကိုင်အဖွဲ့များရှိသည်။ CPB တပ်ဖွဲ့များသည် ထိုအဖွဲ့များအား စည်းရုံးသိမ်းသွင်နိုင်ခဲ့ပြီးနောက် အင်အားကြီးထွားလာခဲ့သည်။ ဝ နယ်ရှိ လူမျိုးစုခေါင်းဆောင်များသိမ်းသွင်းနိုင်ခဲ့ခြင်းနှင့်အတူ ဝ လူငယ်အများအပြားသည် တပ်ထဲသို့ဝင်လာကြတော့သည်။ ထိုအချိန်က ဝ နယ်တွင် ရိက္ခာရှားပါးသည်။ ဝ နယ်တခု လုံး၏ ရိက္ခာထွက်နှုန်းနှင့် လူဦးရေကို မျှခြေပြုလျင် တနှစ်လုံးမှ လေးလစာရိက္ခာရသည်ဟု ဆိုပါသည်။ ထိုကာလတွင် လစာ မရသော်လည်း ရိက္ခာ ဝဝလင်လင်ရရှိသည့် CPB တပ်ဖွဲ့အတွင်းသို့ ဝ ရဲဘော်များ အလုံးအရင်းနှင့် ဝင်လာခဲ့ကြသည့် အကြောင့်အချက်ဟု အချို့ကသုံးသပ်ကြသည်။ သို့သော် မည်သို့သော အကြောင်းအချက်ရှိသည်ဖြစ်စေ CPB ၏ စည်းရုံးမှု၊ လူမျိုးစုခေါင်းဆောင်များ၏ ပူးပေါင်းပါဝင်မှုမရှိဘဲနှင့်တော့ ဖြစ်ပေါ်မလာနိုင်ပေ။

သို့နှင့် ဝ နယ်အား သိမ်းပိုက်ပြီးသည့်နောက် အရှေ့မြောက်ရှိ CPB ၏ တပ်ဖွဲ့အင်အားနှင့် ဒေသအင်အားမှာ တဟုန်ထိုး ကြီးထွားလာပြီး ၁၉၇၇ ခုနှစ်ကုန်ပိုင်းတွင် အရှေ့မြောက်အင်အားအနေအထားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အရှေ့ မြောက် စစ်ဒေသ ဌာနချုပ်အား ဝ နယ် ပန်ဆန်းတွင် အခြေစိုက်ထားသည်။ အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးမှူးမှာ ရဲဘော် တင်ရီခေါ် ဗိုလ်နေဝင်း ခေါ် ယန်ကွမ်း (စစ်ချွမ်းရဲဘော်ဟောင်း) ဖြစ်သည်။ သူသည် CPB ပေါလစ်ဗျူ ရိုအဖွဲ့ဝင်တဦးလည်း ဖြစ်သည်။ တပ်မှူးမှာ ရဲဘော်ဇော်မိုင် (ကွေ့ကျိုးရဲဘော်ဟောင်း) ဖြစ်သည်။ သူသည် CPB ဗဟိုကော်မတီဝင်တဦးလည်း ဖြစ်သည်။ ဒုနိုင်ငံရေးမှူးမှာ ရဲဘော်စိုးသိန်း ခေါ် လင်ထင် (စစ်ချွမ်းရဲဘော်ဟောင်း) ဖြစ်ပြီး ပါတီအရံဗဟိုကော်မတီဝင်ဖြစ်သည်။ စစ်ဒေသဒုတပ်မှူးမှာ ဖုန်ကြားစင်းဖြစ်ပြီး သူသည် ကွန်မြူနစ်ပါတီဝင်မဟုတ်ပေ။ သူ့အား ဒီမိုကရေစီပုဂ္ဂိုလ်အဖြစ် CPB က သတ်မှတ်ထားသည်။ စစ်ဒေသ နိုင်ငံရေးဌာနကြီးမှူးမှာ ရဲဘော်ကြည်ပြိုင် ခေါ် တိန်ကြည်ဖျင် ဖြစ်သည်။ စစ်ဒေသ စစ်ဦးစီး ဌာနကြီးမှူးမှာ ရဲဘော်ရဲဒင် ခေါ် ယီကျင့်ဖြစ်သည်။ နိုင်ငံရေးဌာန ကြီးမှူးနှင့်စစ်ဦးစီးဌာနကြီး နှစ်ဦးစလုံးမှာ စစ်ချွမ်းရဲဘော် ဟောင်းများဖြစ်ပြီး CPB အရံဗဟိုကော်မတီဝင်များ ဖြစ်ကြပါသည်။ ထောက်ပံ့ရေးဌာနကြီးမှူးမှာ ဦးကျော်စိန်ဖြစ်၍ စစ်ဆေးရုံတာဝန်ခံမှာ ဦးကျော်စွာဖြစ်ပြီး သူတို့နှစ်ဦး စလုံးမှာလည်း စစ်ချွမ်းရဲဘော်များဖြစ်ကြသည်။ သို့သော်ဗဟိုကော် မတီဝင်များတော့ မဟုတ်ကြပါ။ (မူလနိုင်ငံရေးမှူးဖြစ်သူ ဗိုလ်သန်းရွှေမှာ တာဝန်မှရက်ဆိုင်းခံထားရပြီး တပ်မှူးဗိုလ်နော်ဆိုင်း မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်)

အရှေ့မြောက်စစ်ဒေသလက်အောက်တွင် ဒေသအုပ်ချုပ်ရေးအတွက်
ခရိုင် ၅ ခရိုင်ဖွဲ့စည်းထားသည်။
၁။ နမ့်ခမ်းခရိုင်
၂။ ကွတ်ခိုင်ခရိုင်
၃။ ကိုးကန့်ခရိုင်
၎။ ဝ တောင်ခရိုင်
၅။ ဝ မြောက်ခရိုင်တို့ ဖြစ်ကြသည်။

နမ့်ခမ်းခရိုင်၏ အဓိက အခြေခံဒေသမှာ နမ့်ခမ်း မူစယ်ကြား ရွှေလီမြစ်တဖက်ကမ်း မန်ရှိုးဒေသဖြစ်သည်။ ရှမ်းရွာကြီး ၂ဝ ခန့်ရှိသည်။ မူလက ဗိုလ်ကမ်းရွဲခေါင်းဆောင်သည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခု လှုပ်ရှားချုပ်ကိုင်သည့်ဒေသ ဖြစ်သည်။ CPB တပ်ဖွဲ့များက ဗိုလ်ကမ်းရွဲတပ်ဖွဲ့များကို တဖက်ကတိုက် တဖက်က သိမ်းသွင်းစည်းရုံးပြီး ထိုဒေသ၌ ခြေ ကုပ်ယူနိုင်ခဲ့သည်။ ခရိုင်ရုံးအား မန်ရှိုးတွင်အခြေပြုပြီး ခရိုင်အတွင်းရေးမှူးမှာ ရဲဘော်ခွန်နော် (ကွေ့ကျိုးရဲဘော်ဟောင်း) ဖြစ်သည်။ နမ့်ခမ်းခရိုင်အတွင်း၌ မန်ရှိုးမြို့နယ်၊ ကွန်ဟိုင်းမြို့နယ် (နမ့်ခမ်းတဖက်ကမ်း)၊ နွမ်းအိမ်မြို့နယ် (ကြူကုတ်ပန် ဆိုင်း) နှင့် မုန်ဝီးမြို့နယ်တို့ ပါဝင်ကြသည်။ ထိုမြို့နယ်များအနက် မုန်းဝီးမြို့နယ်သည် နမ့်ခမ်းတောင်ဖက်ခြမ်းတွင်ရှိပြီး ပြောက်ကျားဒေသဖြစ်သည်။ ကျန်မြို့နယ်များကတော့ နယ်စပ်အခြေခံဒေသများဖြစ်သည်။ နမ့်ခမ်းခရိုင်၏ ခရိုင်တပ်မှာ ၈ဝ၁ တပ်ဖွဲ့ဖြစ်ပြီး တပ်ရင်းအဆင့် ဖွဲ့စည်းထားပြီး အင်အား ၁၅ဝ မှ၂ဝဝ ခန့်အထိရှိသည်။

ကွတ်ခိုင်ခရိုင်သည် သံလွင်အနောက်ခြမ်း၊ မူစယ်၏အရှေ့မြောက်ဖက်ရှိ မုန်းကိုးဒေသအား ဗဟိုပြုဖွဲ့စည်းထားသည်။ နမ့် ခမ်းခရိုင်ထက် အခြေခံဒေသကျယ်ပြန့်သည်။ ခရိုင်ရုံးအား မုန်းကိုးကွင်းအတွင်းရှိ ကောင်းဒပ်ရွာအနီး၌ အခြေပြုသည်။ ခ ရိုင်ပါတီကော်မတီအတွင်းရေးမှူးမှာ ရဲဘော်လှဖေ (စစ်ချွမ်းရဲဘော်ဟောင်း) ဖြစ်သည်။ ကွတ်ခိုင်ခရိုင်အတွင်း၌ မုန်းကိုးမြို့ နယ်၊ မုန်းပေါ်မြို့နယ်၊ မုန်ယားမြို့နယ်၊ မုန်းဟောင်မြို့နယ်နှင့် မုန်ကျီးမြို့နယ်တို့ ပါဝင်သည်။ မုန်ကျီးမြို့နယ် တခုသာ ပြောက်ကျားဒေသနှင့်ဆက်စပ်နေပြီး ကျန်မြို့နယ်များမှာ အခြေခံဒေသများဖြစ်သည်။ ကွတ်ခိုင်ခရိုင်တပ်အဖြစ် ၇၅၁ဝ စစ် ဆင်ရေးကာလအတွင်း တပ်မဟာ ၆ဝဝ ဟူ၍ ရင်း ၃ ရင်းပါ တပ်မဟာတခုဖွဲ့စည်းခဲ့သော်လည်း ၁၉၇၆ ခုနှစ်တွင် ရင်း ၆ဝ၁ တရင်းထဲအဖြစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အဆိုပါ ရင်း ၆ဝ၁ တွင် အင်အား ၁၅ဝ မှ ၂ဝဝ ကြားရှိပါသည်။

ကိုးကန့်ခရိုင်မှာ သံလွင်အနောက်ခြမ်း ချင်ရွှေဟော်မှအထက် ကိုးကန့်ဒေသတခုလုံးဖြစ်သည်။ မူလက ကိုးကန့်စော်ဘွားအုပ် ချုပ်သည့်နယ်မြေဖြစ်စည်။ စော်ဘွားများ အာဏာစွန့်လွှတ်ခဲ့ရစဉ်နောက်ပိုင်း ပုန်ကန်မှုများ စတင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ကိုးကန်စော်ဘွား ဂျင်မီယန်လက်နက်ချပြီး ကိုးကန့်ကာကွယ်ရေးတပ်မှ ဖုန်ကြားစင်းနှင့် ဖုန်ကြားဖူးတို့ခေါင်းဆောင်သည့်တရုတ်နယ်စပ်တွင် ခိုလှုံခဲ့ရာမှတဆင့် CPB နှင့် ပူးပေါင်းခဲ့ပြီး ၄ဝ၄ စစ်ဒေသအဖြစ်စတင်ခဲ့သည့် ဒေသဖြစ်သည်။ အရှေ့ မြောက်စစ်ဒေသဖွဲ့စည်းပြီးကိုးကန့်ခရိုင်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ခရိုင်ရုံးအား ရန်လုံကျိုက်၌ အခြေပြုသည်။ ခရိုင် ပါတီအတွင်းရေးမှူးမှာ ဝမ်ဟွင်လန်ဆိုသည့်အမျိုးသမီးဖြစ်သည်။ သူမသည်စစ်ချွမ်းရဲဘော်ဟောင်းတဦး၏ဇနီး ဖြစ်သည်။ ကိုးကန့်ခရိုင်အတွင်း လောက်ကိုင်မြို့နယ်၊ ချင်ရွှေဟော်မြို့နယ်၊ ကုန်ကြမ်းမြို့နယ်၊ ချုံကန်းမြို့နယ်တို့ပါဝင်သည်။ ကိုးကန့် ခရိုင်တပ်မှာ အင်အား ၁ဝဝ မှ ၁၅ဝ ကြားတွင်ရှိပါသည်။

ဝ မြောက်ခရိုင်သည် မူလ ဝ ဒေသ၏ မြောက်ဖက် ဟိုပန်၊ ပန်လုံ၏အရှေ့ဖက်ခြမ်းဖြစ်သည်။ ဝ မြောက်ခရိုင်ရုံးအား မိုင်းမော တွင်ရုံးစိုက်သည်။ ခရိုင်ပါတီအတွင်းရေးမှူးမှာ ရဲဘော်မြသောင်းဖြစ်ပြီး စစ်ချွမ်းရဲဘော်ဟောင်းတဦးဖြစ်သည်။ ဝ မြောက် ခရိုင်အတွင်း မိုင်းမောမြို့နယ်၊ နားဝီးမြို့နယ်၊မန်တုန်မြို့နယ်၊ နန်တောင်းမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ ဝမ်လိန်မြို့နယ်၊ ခွင်းမားမြို့ နယ်၊ ယင်ဖန်မြို့နယ်၊ အိုက်ချင်းမြို့နယ်၊ နားဖန်မြို့နယ်ဟူ၍ မြို့နယ် ၁ဝ ခုခွဲခြားအုပ်ချုပ်ခဲ့သည်။ ဝ မြောက်ခရိုင်တပ်အဖြစ် တပ်ရင်တရင်းဖွဲ့စည်းထားပြီး အင်အား ၁၅ဝ ခန့်ရှိသည်။

ဝ တောင်ခရိုင်အား တန့်ယန်း၏အရှေ့ဖက် ပန်ဆန်းဒေသအား အခြေပြုဖွဲ့စည်းထားသည်။ ခရိုင်ပါတီရုံးအား ပန်ဆန်း အနောက်ဖက် တောင်ကြောပေါ်ရှိ ဝိန်းကောင်တွင် အခြေစိုက်သည်။ ခရိုင်ပါတီအတွင်းရေးမှူးအဖြစ် ကွေ့ကျိုးရဲဘော်ဟောင်း ရဲဘော်ဒါရှီဂမ် ကတာဝန်ယူသည်။ ဝ တောင်ခရိုင်အတွင်း နမ့်ခမ်းဦးမြို့နယ်၊ ပန်ယန်းမြို့နယ်၊ ပန်ဆန်းမြို့နယ်၊ မော်ဖမြို့နယ်၊ ယုံအောမြို့နယ်၊ ဝိန်းကောင်မြို့နယ်၊ မုန်းပေါက်မြို့နယ်၊ ဟိုတောင်းမြို့နယ်တို့ ပါဝင်ဖွဲ့စည်းထားသည်။ ဝ တောင်ခရိုင်တပ် အဖြစ် တပ်ရင်းတရင်းဖွဲ့စည်းထားပြီး အင်အား ၁၅ဝ နှင့် ၂ဝဝ ကြားတွင်ရှိသည်။

အရှေ့မြောက်စစ်ဒေသ ခရိုင် ၅ ခု၌ ခရိုင်ပါတီကော်မတီက ခေါင်းဆောင်သည်။ ခရိုင်ပါတီကော်မတီအတွင်းရေးမှူးက ခရိုင် ပါတီကို ခေါင်းဆောင်သည်။ မြို့နယ်များတွင် ပါတီကော်မတီ ပါတီအတွင်းရေးမှူး ၊ မြို့နယ်မှူးတို့ဖြင့်ဖွဲ့စည်းထားသည်။ မြို့နယ်တိုင်းတွင် မြို့နယ်တပ်များဖွဲ့စည်းထားသည်။ အင်အားဆယ်ဂဏန်းများသာရှိပြီး အုပ်ချုပ်ရေးလုပ်ငန်းများကိုသာအဓိက ပြုလုပ်သည်။ ခရိုင်တပ်အများစုမှာလည်း အဓိကတပ်များကို ပံ့ပိုးသည့်တာဝန်ယူကြပြီး ဒေသလုံခြုံ ရေးကိုအဓိက ထားသည်။ တိုက်ခိုက်ရေးတာဝန် မယူကြပေ။ ခြွင်းချက်အနေနှင့် နမ့်ခမ်းခရိုင်တပ်ဖြစ်သည့် ရင်း ၈ဝ၁ ကတော့ နမ့်ခမ်း တောင်ဖက် မုန်းဝီးဒေသတွင် ဝင်ရောက်လှုပ်ရှားပြီး တိုက်ခိုက်ရေးဒေသတိုးချဲ့ရေး တာဝန်ယူသည်။ ထို့ပြင် ဝ မြောက်ခရိုင် တပ်သည်လည်း စစ်ဆင်ရေးကြီးများတွင် ပါဝင်လေ့ရှိသည်။

ခရိုင်နှင့်မြို့နယ်တို့သည် မိမိဒေသတွင်းရှိ ကျေးရွာအားလုံးတွင် ပြည်သူ့စစ်များ ဖွဲ့စည်းလက်နက်တပ်ဆင်ထားပြီး ဒေသ လုံခြုံရေး၊ သတင်းထောက်လှမ်းရေး၊ ရှေ့တန်းကူညီရေးတို့အား တာဝန်ယူစေပါသည်။ ဒေသတပ်နှင့်ပြည်သူ့စစ်များအား M21 ဆီမီးအော်တိုသေနတ်များကို အများစုတပ်ဆင်ပါသည်။ တိုက်ခိုက်ရေးတာဝန်ကို အဓိကတပ်များအဖြစဖွဲ့စည်းထား သည့် တပ်မဟာများကတာဝန်ယူပါသည်။ ခရိုင်နှင့်မြို့နယ်အောက်တွင် ဒိုင်နယ် (တိုက်နယ် သို့မဟုတ် ကျေးရွာအုပ်စု ) နှင့် ကျေးရွာများရှိပြီး အဓိက နယ်မြေအုပ်ချုပ်ရေးတာဝန်ယူသည်။ ထိုအချိန်ကာလက အရှေ့မြောက်စစ် ဒေသ ခရိုင် ၅ ခုအ တွင်း လူဦးရေ ၄ သိန့်းခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။

● ရဲဘော်သန်းရွှေနှင့် ရဲဘော်နော်ဆိုင်း

တကယ်တော့ အရှေ့မြောက်စသ်ဒေသ စဖွင့်စဉ်က နိုင်ငံရေးမှူးမှာ ရဲဘော်သန်းရွှေဖြစ်သော်လည်း နောက်ပိုင်းတွင် အရေး ယူခံရ၍ တာဝန်မှရပ်စဲခံရသည်။ ဗိုလ်သန်းရွှေအရေးယူခံရခြင်းသည် လူမှုရေးကိစ္စကြောင့်ဟုဆိုကြသည်။ သို့သော်တဖက်က လည်း ဗိုလ်သန်းရွှေနှင့် လက်ရှိနိုင်ငံရေးမှူးဖြစ်လာသူ ဗိုလ်နေဝင်း ခေါ်ရဲဘော်တင်ရီနှင့် သင့်မြတ်မှုမရှိ၍ ဂိုဏ်းအုပ်စုတိုက်ပွဲဂယက်ကြောင့်လည်းဖြစ်ပုံရသည်။

ဗိုလ်နော်ဆိုင်းမှာလည်း အရှေ့မြောက်စစ်ဒေသ ကနဦး တပ်မှူးကြီးဖြစ်သည်။ ငယ်စဉ်ကထဲက အမဲလိုက်ဝါသနာထုံပြီး သေနတ်ပစ်ရာ၌ လက်ဖြောင့်သော ဗိုလ်နော်ဆိုင်းသည် ဝတောင်းတန်းတနေရာ၍ အမဲပစ်ထွက်ရင်လျှိုထဲပြုတ်ကျ၍ ၁၉၇၂ ခုနှစ်ခန့်တွင် ကွယ်လွန်သွားခဲ့သည်။ ဗိုလ်နော်ဆိုင်းကွယ်လွန်သွားခဲ့ခြင်းနှင့်ပတ်သက်၍ CPB လုပ်ကြံသတ်ဖြတ်သည်ဟူ သောအထောက်အထားမဲ့ စွပ်စွဲချက်များစွာတွေ့ရသည်။ ထိုစဉ်က ဗိုလ်နော်ဆိုင်းသည် အရှေ့မြောက်စစ်ဒေသတွင် အား ထားရသည့်တပ်မှူးတယောက် ၊ အစဉ်အလာခေါင်းဆောင်တယောက်ဖြစ်သည့်အပြင် KIA နှင့် တပ်ပေါင်းစုဖွဲ့ရေးဆွေးနွေးရာတွင်လည်း အရေးပါသူတယောက်ဖြစ်ရာ CPB အနေနှင့် ၎င်းအားလုပ်ကြံရန် အကြောင်းမရှိသည့်ပြင် လုပ်ကြံ၍လည်း အကျိုးမရှိပေ။

ထို့ပြင် မိမိအရှေ့မြောက်စစ်ဒေသတွင် ဖြတ်သန်းခဲ့သည့်ကာလတလျောက် တွေ့ကြုံခဲ့ရသည့် ဗိုလ်နော်ဆိုင်း၏ဇနီး ဆရာမ ကြီး မာရွယ်နှင့် သူ၏သားသမီးများကလည်း သူဖခင်သေဆုံးမှုနှင့်ပတ်သက်ပြီး CPB အား သံသယရှိသည်ဆိုသည့်စကား မကြားခဲ့ဘူးချေ။ အလားတူ အရှေ့မြောက်စစ်ဒေသရှိ တပ်ဖွဲ့တိုင်းလိုလိုတွင်ရှိနေသည့် ဗိုလ်နော်ဆိုင်း၏တပ်ဖွဲ့ဝင် ရဲဘော် ဟောင်းများထံမှလည်း သူတို့ခေါင်းဆောင်ကွယ်လွန်မှုနှင့်ပတ်သက်၍ CPB အားသံသယရှိသည့် စကားတခွန်းတလေပင် မကြားဘူးခဲ့ပေ။

၁၉၇၇ ခုနှစ်ကာလတွင် ဗိုလ်နော်ဆိုင်း၏လက်ထောက်ခေါင်းဆောင်များဖြစ်သော ရဲဘော်ဇော်မိုင်နှင့် ရဲဘော်ဖရန်ဂန်ဒီးတို့ CPB ဗဟိုကော်မတီဝင်များဖြစ်နေပြီး ကျန်ရဲဘော်ဟောင်းများမှာလည်း တပ်မဟာအဆင့်၊ ခရိုင်အဆင့်ကေဒါများဖြစ်နေသည့်အပြင် ပါတီဗဟိုနှင့် အရှေ့မြောက်စစ်ဒေသရှိတပ်ဖွဲ့အသီးသီး၌ တာဝန်အသီးသီး ထမ်းဆောင်လျက်ရှိပေသည်။ အရှေ့ မြောက်စစ်ဒေသ ဖြစ်တည်လာခြင်းတွင် စစ်ချွမ်းရဲဘော်ဟောင်းနှင့် ကွေ့ကျိုးရဲဘော်ဟောင်းများဆိုသည့် CPB ရဲဘော် ဟောင်းများနှင့် ဗိုလ်နော်ဆိုင်းတပ်မှရဲဘော်ဟောင်းများသည် အခြေခံကျောရိုးများ ဖြစ်ခဲ့ကြသည်။

ဆက်လက်ဖေါ်ပြပါမည်။

မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်