မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၂)

March 4, 2018

မောင်အောင် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၂)
(မိုးမခ) မတ်လ ၄၊ ၂၀၁၈
ဗြိတိသျှရာဇဝင်သင်ရ၍ ၁၉၆၂ ခု၊ မတ်လ (၂) ရက်ကို နားလည်ခြင်း

(၁)
၁၉၅၁-၅၂ အကြိုတက္ကသိုလ်ဝင်တန်းနှင့် ၁၉၅၂-၅၃ တက္ကသိုလ်ဝင်တန်းတို့တွင် ကျွန်တော်တို့ ဗြိတိသျှရာဇ၀င် သင်ခဲ့ကြရ၏။ ရန်ကုန်တက္ကသိုလ်က ပြဌာန်းသော သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြရခြင်းပါ။ ဦးကြည်ရေးသော စာအုပ်အပြင်၊ ဒေါက်သန်းထွန်း၏ စာအုပ်လည်း ၀ယ်ဖတ်၏။ အင်္ဂလိပ်ခေတ်က B.A အောင်ခဲ့သူဆရာက သင်ကြားပို့ချရာ၌ အင်္ဂလိပ်လိုရေးထားသော စာအုပ်ဖတ်သည်ကိုလည်း မြင်ဖူးလိုက်၏။

စာမေးပွဲတွင် မြန်မာရာဇ၀င်နှင့် ဗြိတိသျှရာဇ၀င် မှတ်(၅၀)စီဖိုး ဖြေကြရမည်။

ထို့ကြောင့် ဦးဘသန်း ရေးသော မြန်မာရာဇ၀င်ကိုလည်း သင်ကြရ၏။ မြန်မာရာဇ၀င်နှင့် ဗြိတိသျှရာဇ၀င် နှိုင်းယှဉ်၍လည်း မသင်၊ စာမေးပွဲ၌လည်း ထိုသို့မမေးပါ။ မြန်မာရာဇ၀င်သင်ရချိန် ပုဂံ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များကို မှန်းကြည့်သလို ဗြိတိသျှရာဇ၀င်သင်ချိန် အင်္ဂလန်နိုင်ငံကို မှန်းကြည့်ခဲ့ဖူး၏။

ထိုစဉ်က သမိုင်းဟုမခေါ်သေး၊ ရာဇ၀င်ဟူ၍သာ သုံးသည်။

(၂)
မဲပေးခွင့်ရှိသူများက ရွေးကောက်ပွဲတွင် မဲပေးကြသည်၊ ယှဉ်ပြိုင်သူ အမတ်လောင်းများအနက် မဲအများဆုံးရသူကို အရွေးခံရသူ အနိုင်ရသူဟု သတ်မှတ်သည်။ အဓိက နိုင်ငံရေးပါတီကြီးများ ဖြစ်ကြသော လေဘာနှင့် ကွန်ဆာဗေးတစ်တို့ ကအမတ်လောင်းများအပြင် တသီးပုဂ္ဂလအမတ်လောင်းများ အချို့နေရာတို့၌ ၀င်ပြိုင်ကြသည်။

ပါလီမန်ရွေးကောက်ပွဲဟုခေါ်၏။

အမတ်အများဆုံး အရွေးခံရသော နိုင်ငံရေးပါတီခေါင်းဆောင်က ဘုရင် သို့မဟုတ် ဘုရင်မအား သွားတွေ့သောအခါ ရရှိခဲ့သော ခွင့်ပြုချက်အရ အစိုးရဖွဲ့ရန် ၀န်ကြီးများရွေး၏။ သူကမူ ၀န်ကြီးချုပ်လုပ်၏။ ပါလီမန်ဒီမိုကရေစီ စနစ်ကျင့်သုံးခါစက ၀န်ကြီးများအစည်းအဝေး အခန်းကျဉ်းလေးထဲ၌ လုပ်၍နောက်ပြီး Cabinet ဟုခေါ်ဆိုကြသည်။

ရှုံးသောနိုင်ငံရေး ပါတီခေါင်းဆောင်ကို ပါလီမန်ထဲတွင် အတိုက်အခံခေါင်းဆောင်အဖြစ် ၀န်ကြီးချုပ်နှင့် မျက်နှာချင်းဆိုင်၌ နေရာပေးရ၏။

ပါလီမန် ဒီမိုကရေစီစနစ်ကို သဘောပေါက်နားလည်ရန် ဗြိတိန်နိုင်ငံကို စိတ်ကူမျှော်တွေးရန်မလိုပါ၊ ရန်ကုန်မြို့တွင် ပါလီမန်လွှတ်တော်ရှိပြီး ဖဆပလ ကအနိုင်ရပါတီ၊ ဥက္ကဋ္ဌ ဦးနုက ၀န်ကြီးချုပ်ဖြစ်နေသည်။

အတိုက်အခံ ပမညတ ခေါင်းဆောင် တစ်ဦးဖြစ်သူ သခင်လှကြွေ ကျွန်တော်တို့ ပဲခူးမှာ မဲဆွယ်တရား လာဟောသည်ကို သွားနားထောင်ဖူး၏။ ဖဆပလ တရားပွဲများကား အလွန်များ၍ အကုန်နားမထောင်ဖြစ်ပါ။

(၃)
အရွေးခံရသော အမတ်ဦးရေသည် ၅၀% မကျော်ပါက နိုင်ငံရေးပါတီငယ်က အမတ်များ၊ တသီးပုဂ္ဂလ အမတ်များနှင့် အပေးအယူလုပ်က ညွန့်ပေါင်းအစိုးရ (Coalition Government) ဖွဲ့ရသည်။ ထိုသို့မှ အစိုးရမဖွဲ့နိုင်ကြလျှင် ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပရသည်။

နိုင်ငံအတွက် အရေးကြီးသော ကိစ္စရပ်များ အစိုးရကိုင်တွယ်ပုံ မကျေနပ်လျှင် အတိုက်အခံပါတီက အစိုးရပေါ် အယုံအကြည်မရှိ ပါလီမန်ထဲတွင် တင်သွင်းလိုပါက သင့်မသင့် ပါလီမန်လွှတ်တော်ဥက္ကဋ္ဌ (House Speaker) ကဆုံးဖြတ်ရသည်။ သူသည် အာဏာရပါတီဝင်ဖြစ်သော်လည်း လွှတ်တော်အကြီးအကဲ ဖြစ်လာပြီမို့ သမာသမတ်ရှိရပြီး ရှိလည်းရှိကြ၏။

အစိုးရအပေါ် အယုံအကြည်မရှိအဆို (No Confidence) ကို အခြေအတင်ဆွေးနွေးကြခြင်းကို (Debate) ဟုခေါ်သည်။ အစိုးကိုယ်စား ၀န်ကြီးချပ်က ပြန်လည်ရှင်းတင်ပြအပြီး မဲခွဲကြရသည်။ နိုင်ငံနှင့် သက်ဆိုင်သော ကိစ္စရပ်ဖြစ်သောကြောင့် အာဏာရပါတီဝင် အမတ်အားလုံးက အစိုးရဘက်က ထောက်ခံချင်မှ ထောက်ခံမည်။

အယုံအကြည်မရှိအဆိုကို ထောက်ခံသူ အမတ်ဦးရေ ပိုများသွားပါက အစိုးရပြုတ်ကျ၏။

(၄)
အစိုးရက နိုင်ငံကိုမပိုင်ပါ။

နိုင်ငံတွင်း နေထိုင်ကြသော ပြည်သူလူထုကသာပိုင်သည်။ ထို့ကြောင့် နိုင်ငံတော်အတွက် ဘဏ္ဍာရေးနှစ် (Financial Year) အတွက် အစိုးရသုံးစွဲရန် ရာထားသော ရသုံးခန့်မှန်ခြေငွေစားရင်း (Budget) ကို ပါလီမန်သို့ တင်သွင်းအတည်ပြုချက် ရယူရသည်။ အမတ်များက ဆွေးနွေးကြ၊ ဖြတ်တောက်ရေး အဆိုတင်ကြနှင့်မို့ လွယ်ကူစွာ အတည်မဖြစ်နိုင်။
လွှတ်တော်က အတည်မပြုလျှင် အစိုးရပြုတ်ကျ၏။

ဝန်ကြီးဌာန တစ်ခုချင်းအတွက် ရသုံးခန့်မှန်ခြေငွေစားရင်း (Budget) လည်းတင်သွင်းရသည်။ မှတ်မိသလောက် စစ်အသုံးစားရတ် ကာကွယ်ရေးဝန်ကြီး တင်သွင်းတိုင်း ကြာရှည်စွာ ငြင်းခုန်ဆွေးနွေးကြ၏။ ပြည်တွင်းစစ်က ကျန်နေသေး၍ တောင်းဆိုသော ငွေကများလွန်းသကိုး။

ခွင့်ပြုသောငွေထဲက ကာကွယ်ရေးဌာ အတွင်းဝန်ခွင်ပြုသလောင်ငွေကိုသာ စစ်ရုံးကရသည်။

အစိုးရအဖွဲ့အကြီးအကဲက ၀န်ကြီးချုပ်၊ သူ့အောက်က ကာကွယ်ရေးဝန်ကြီး၊ သူ့အောက်က ကာကွယ်ရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန်၊ အဲဒီနောက် အမြဲတမ်းအတွင်းဝန် (Permanent Secretary)က နိုင်ငံရေးရာထူးမဟုတ်၊ အစိုးရ၀န်ထမ်း။ အများအဖြင့် ICS နောက်ပိုင်းBCS—တိုင်းမင်းကြီးအဆင့်မျိုး။

(၅)
ဗြိတိသျှရာဇ၀င် သင်ရိုးထဲမှာ အင်္ဂလိပ် မြန်မာစစ်ပွဲ အကြောင်းမပါပါ။ မြန်ာရာဇ၀င်၌သာ ပထမစစ်ပွဲ၊ ဒုတိယ–တတိယစစ်ပွဲ စသည်တို့ကို သင်ကြရ၏။ စာမေးပွဲတွင်လည်း မြန်မာရာဇ၀င်အပိုင်း၌သာမေး၏။ ဗြိတိသျှရာဇ၀င်တွင် နိုင်ငံရေးစနစ်သာပါ၍ အင်္ဂလိပ်တို့အား အမွှန်းတင်သည်များမပါပါ။

သူတို့၏ အစဉ်အလာကို မြတ်နိုးထိန်းသိမ်းပုံ ကိုတော့ကျွန်တော် မှတ်မိနေသည်။

အတန်းထဲ၌ ဆရာက မြန်မာလိုရှင်လင်းစွာ သင်ကြားပေး၏။ အခေါ်အဝေါ်များကိုမူ အင်္ဂလိပ်လို အခေါ်အဝေါ်အတိုင်းသုံး၍ ကက်ဘိနက်၊ ပါလီမန်၊ ဘတ်ဂျက် စသည်တို့ နားရည်ဝနေခဲ့သည်။ နောက်တစ်ခုက အိမ်စောင့်အစိုးရ (Care Taker Government) ဆိုသည်ကိုလည်း ရှင်းပြသည်မှာ စိတ်ဝင်စားစရာ ကောင်းပါဘိ။

ပါလီမန်ထဲတွင် အယုံအကြည်မရှိအဆို (No Confidence) နိုင်သွား၍ဖြစ်စေ၊ ရသုံးခန့်မှန်ခြေ ငွေစားရင်း (Budget) အတည်မဖြစ်လျှင်ဖြစ်စေ၊ စိုးရပြုကျပြီး၊ အရေးနိမ့်ဝန်ကြီးချုပ်ကပင် ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ်ကျင်းပ ချိန်ထိ အိမ်စောင့်အစိုးရ (Care Taker Government) ကို ဦးဆောင်ရသည်။

ကိုကာလအတွင်း နိုင်ငံတော်အတွက် အရေးကြီးသော ကိစ္စရပ်များလုပ်လေ့မရှိ။

(၆)
၁၉၅၂ ခု၊ နှစ်ကုန်လောက်တွင် ရန်ကုန်မြို့ လေတပ် (BAF)က ဘောလုံးအသင်း တစ်သင်း ပဲခူးတွင် ချစ်ကြည်ရေး လာကစားသည်။ တကယ့်အသင်းကြီးမဟုတ်၊ တပ်ခွဲတစ်ခုခုက ဖြစ်ပါလိမ့်မည်။ အိမ်ရှင်အသင်းက ၂ ဂိုး ၁ ဂိုးနှင့် နိုင်လိုက်သည်။ အခမဲ့ပွဲမို့ ကွင်းစပ်အအထိ ကျွန်တော်တို့ကြည့်လို့၏။ ပွဲအပြီးတွင် လေတပ်အသင်း captain က အင်္ဂလိပ်လို ပြောပြီး ကျန်ဘောလုံးသမားများကလည်း အင်္ဂလိပ်လို သံပြိုင်အော်ကြသည်။

ထိုအတိုင်း (၃) ကြိမ်တိတိပါ။

ကွှန်တော်တို့ နားမလည်ပါ၊ သိချင်ပါ၏။ နောက်နေ့ ဗြိတိသျှရာဇ၀င် သင်သောဆရာအား မေးကြည့်ရာ
လေတပ်အသင်း captain က Three cheers for the winning team ဟုတိုင်ပေးသည်၊ ကျန်ဘောလုံးသမားများက Hu Rah ဟုဝိုင်းဆိုကြခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာမူ အနိုင်ရသွားတဲ့အသင်းကို သုံးကြိမ်ကောင်းချီးပေးကြပါစို့ဟု တိုင်ပေးပြီး၊ အောင်ပါစေဟု ဆိုလိုကြောင်း ရှင်းပြသည်။

ဘောလုံးပွဲဟူသည်၊ အားကစား၊ ယဉ်ကျေးမှုဟု ဆရာကပြောပြီး ဆက်လက်ရှင်ပြ၏။
အင်္ဂလိန်နှင့်ပြင်သစ် စစ်ဖြစ်လျှင်လည်း အနိုင်အရှုံးရှိ၏။ သေနိုင်သလောက်သေ–ပျက်စီးနိုင်သလောက် ပျက်စီးအောင် အစွမ်းကုန်တိုက်ကြသည်။

သို့သော် အင်္ဂလန်ဘောလုံးအသင်းနှင့် ပြင်သစ်ဘောလုံးအသင်းတို့ ကန်လျှင်မူ ဘောလုံးစည်းကမ်းအတိုင်းသာ ကန်ကြရသည်။ အနိုင်ရလိုကြသော်လည်း ပိုတော်သောအသင်းကသာ နိုင်သည် ( Better team wins) ဟု လည်းဆရာပြောပြ၏။

ဆရာ့ကျေးဇူးကြောင့် ကျွန်တော်ဘောလုံးပွဲ ကြည့်တတ်လာခဲ့သည်။


(၇)
၁၉၅၃ ခု၊ နှစ်တွင် ကျွန်တော် ရန်ကုန်တက္ကသိုလ်သို့ရောက်၏။
Physics, Chemistry Maths ဘာသာတွဲယူ၍ ဗြိတိသျှရာဇ၀င်နှင့် အဆက်ပြတ်သွားပြီ။ လက်ဝဲကျောင်းသားအဖြစ် နိုင်ငံရေးစားအုပ်များ ဖတ်သောအခါ၊ များစွားအထော်အကူပြုပုံ သတိထားမိ၏။
၁၉၅၅ ခု၊ နှစ်တွင် ဘုတလင် ပမညတ အမတ် ဦးသိန်းဖေမြင့်၏ ဧည့်သည်အဖြစ် ပါလီမန်လွှတ်တော်ကျင်းပပုံ ကိုယ်တွေ့ကြည့်ဖူးလိုက်၏။

ဘဏ္ဍာရေးဌာန အတွင်းဝန်ဟောင်း ဦးဘညိန် (ICS) က ရသုံးခန့်မှန်ခြေငွေစားရင်း (Budget) ကို ဝေဖန်ပုံကိုလည်း နားထောင်ဖူးလိုက်၏။ ကျောင်းကထွက် လုပ်ရှာဆဲ ၁၉၅၈ ခု၊ အိမ်စောင့်အစိုးရဆိုသည် ဟုတ်မဟုတ်ကိုလည်း ချိန်ထိုးနိုင်ခဲ့၏။

၁၉၆၂ ခု၊ နှစ်မတ်လ(၂)ရက်နေ့တွင် (က) ဖွဲ့စည်းပုံဥပဒေ၊ (ခ) ပါလီမန်လွှတ်တော်၊ (၈) လူမျိုးစုလွှတ်တော်၊ (ဃ) တရားရုံးချုပ်၊ (င) အစိုးရအဖွဲ့ စသဖြင့် အားလုံးပျက်ရခြင်းကိုလည်း နားလည်နိုင်၏။

ဗြိတိသျှရာဇ၀င် သင်ခဲ့ရခြင်း၏ အကျိုးကျေးဇူး–။

ကျွန်တော် ထူးချွန်စွာ၊ သို့မဟုတ် ထူးခြားစွာ တော်၍မဟုတ်၊ ထိုခေတ်က ပညာရေးစနစ်ကြောင့်မို့ ထောင်သောင်းများစွာသော ကျောင်းသားများလို–သူလိုငါလိုသာမန်မျှသာဖြစ်သည်ဟု တွေးမိကြောင်းပါ။

၂၀၁၈ ခု၊ မတ်လ (၂) ရက်နေ့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်အောင်မွန်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်