မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၅၈)

March 6, 2018

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၅၈)
(မိုးမခ) မတ်လ ၆၊ ၂၀၁၈

● အရှေ့မြောက်စစ်ဒေသ တိုက်ခိုက်ရေးတပ်များ
အရှေ့မြောက်စစ်ဒေသ၏ အဓိကတိုက်ခိုက်ရေးတပ်များအား တပ်မဟာများအဖြစ် ဖွဲ့စည်းထားသည်။ တပ်မဟာများ၌ လက်အောက်ခံတိုက်ခိုက်ရေးတပ်ရင်း ၃ ရင်းအထက် ဖွဲ့စည်းထားသည်။ တပ်မဟာတိုင်း၌ တပ်မဟာဌာနချုပ်ရုံးအဖွဲ့၊ ကြေးနန်းဆက်သွယ်ရေးအဖွဲ့၊ တပ်မဟာဆေးရုံ၊ ထောက်ပို့ဌာန၊ လက်နက်ကြီးတပ်ခွဲ၊ တပ်မဟာ ကိုယ်ရံတပ်ခွဲတို့ ထည့် သွင်း ဖွဲ့စည်းထားပါသည်။ တပ်မဟာလက်နက်ကြီးတပ်ခွဲတွင် ၇၅ မမ၊ ၅၇ မမ နောက်ပွင့်အမြောက်များ၊ ၈၂ မမ မော်တာတို့ တပ်ဆင်ထားသည်။ ကင်းတပ်ခွဲတွင် ကင်းတပ်စု ပွိုင့် ၅ စက်ကြီးတပ်စုနှင့် ဖောက်ခွဲရေးတပ်စုတို့ထည့်သွင်း ဖွဲ့ စည်းထား သည်။ ကင်းတပ်စုက တပ်မဟာဌာနချုပ်လုံခြုံရေးနှင့် တပ်ရင်းတပ်ဖွဲ့များသို့ ဆက်သားတာဝန်ယူသည်။ ဖေါက်ခွဲရေးတပ်စုက တော့ စခန်းသိမ်းတိုက်ပွဲများတွင် တပ်စခန်း တပ်စည်းရိုးများ ၊ မိုင်းကွင်း၊ ညှောင့်ကွင်း များအား ရှင်းလင်းရန်တာဝန်ယူသည်။ လမ်းဖြတ်တိုက်ပွဲများတွင် ဆက်သွယ်ရေးလမ်းကြောင်းများအား ဖောက်ခွဲဖြတ်တောက်ရန် တာဝန်ယူသည်။ ပွိုင့် ၅ တပ်စုက တော့ လေကြောင်းရန်ကာကွယ်ရေးနှင့် ပစ်ကူပေးရန် တာဝန်ယူပါသည်။

တပ်မဟာဆေးရုံအနေနှင့် နောက်တန်းရုံးအခြေစိုက်ဆေးရုံထားရှိသကဲ့သို့ ရှေ့တန်းစစ်မြေပြင်ဆေးအဖွဲ့များ စေလွှတ်နိုင် ရန် ပြင်ဆင်ထားရှိသည်။ ထို့ပြင် ဒဏ်ရာ (သို့မဟုတ်) ရောဂါ ပြင်းထန်သောရဲဘော်များအား စစ်ဒေသနောက်တန်းဆေးရုံသို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ရသည်။ ထောက်ပို့ဌာနကမူ ရှေ့တန်းတပ်ရှိ ရဲဘော်များ ရိက္ခာယူနီဖေါင်း စစ် လက်နက်ခဲယမ်းမီးကျောက်များအား ပုံမှန်ဖြည့်တင်းနိုင်ရေး စစ်ဆင်ရေးလိုအပ်ချက်နှင့်အညီ ဖြည့်တင်းနိုင်ရေးတို့အား တာဝန်ယူသယ်ဆောင်ဖြန့်ဝေပေးရသည်။ ရှေ့တန်းသို့ စစ်လက်နက်ခဲယမ်းမီးကျောက်များ ဖြည့်တင်းနိုင်ရေးအတွက် သယ်ဆောင်ရန် မြင်းလားတပ်ဖွဲ့များ ထည့်သွင်းဖွဲ့စည်းထားသည်။ လိုအပ်ပါက ဒေသခံပြည်သူ့စစ်များအား ဆင့်ခေါ်ပြီး ခဲယမ်းသယ်ပို့ရေး ဒဏ်ရာရလူနာသယ်ပို့ရေးတို့အား စီစဉ်ရသည်။

တောင်တန်းဒေသတွင် သယ်ယူပို့ဆောင်ရေးအတွက် တကယ်တမ်းအားထားရသည်မှာ လားများဖြစ်သည်။ မြင်းက အ ကောင်ကြီးသော်လည်း ဝန်လေးသိပ်မသယ်နိုင်ပေ။ မြည်းကတော့ အကောင်သေးသော်လည်း အရွယ်နှင့်မလိုက်အောင် အ လေးပင်သယ်နိုင်သည်။ သို့သော် ဝန်ထုပ်ဝန်ပိုးကြီးမားသည်များကို မြည်းပေါ်တင်ရန် အဆင်မပြေပေ။ တောင်ပေါ်သားများက ထိုအခြေအနေနှင့် လိုက်ဖက်သည့်သတ္တဝါကို ရှာဖွေထားသည်။ ထိုသတ္တဝါမှာ လားဖြစ်သည်။ လားဆိုသည်မှာ မြည်းအထီး နှင့် မြင်းအမတို့ သားစပ်၍ရလာသော သတ္တဝါဖြစ်သည်။ သဘာဝအတိုင်းစပ်၍ ထွက်ပေါ်လာသည်က တောင်ပေါ်သားတို့ တွေ့ရှိသလော၊ တောင်ပေါ်သားတို့ စမ်းသပ်သားဖေါက်သလောတော့ မိမိ မသိရှိခဲ့ပါ။ မိမိတွေ့ရှိသည့်အချိန်တွင် တောင် ပေါ်၌ မြည်းအထီးနှင့် မြင်းမ သားစပ်၍ လားသားဖေါက်၍ အသုံးပြုနေကြပေပြီ။လားသည် ထူးဆန်းသည့် သတ္တဝါဖြစ်သည်။ လားအချင်းအချင်း သားဖေါက်၍လား မရနိုင်ပေ။ အဆိုပါ မြည်းနှင့်မြင်း သားစပ်၍ရသော လားသည် အကောင်အရွယ်က မြင်းထက်ပင်ကြီးထွားပေသည်။ ဝန်တင်ရန် အဆင်ပြေသည်။ သတိပြု ရန်တခုမှာ ထိုလားအုပ်ကို ရှေ့ဆောင်ရန် မြင်း တကောင်တော့ လိုပါသည်။ ရှေ့ဆုံးက မြင်းတကောင်ရှိပါက လားအုပ်သည် ထိုမြင်းနောက်မှ တန်းတန်းမတ်မတ် လိုက်လေ့ ရှိသည်။ မြင်းမပါသောလားအုပ်အား ထိမ်းကျောင်းခရီးနှင်ရန် ခက်ခဲသည်။ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသော တောင်တန်း ဒေသတွင် မြင်းလားသည် ဝန်သယ်ရန် အလွန်အရေးပါသည်။ အရှေ့မြောက်တောင်တန်းများပေါ်မှ CPB တပ်ဖွဲ့များ အတွက်လည်းမြင်း၊ လားတပ်ဖွဲ့သည် အရေးပါသည်။ ထို့အတူ အဆိုပါ မြင်း၊ လားတို့အတွက် မြင်းစာ လားစာသည် အရေး ပါသည်။ မြက်ရိတ်ကြွေးရုံနှင့်တော့မရ၊ မြင်းလားတို့ သန်မာ၍ ဝန်တင်နိုင်ရန် အစာအဖြစ် ပြောင်းဖူးကို အဓိက အား ထားရသည်။ ထို့အတူ ရှေ့တန်းစစ်မျက်နှာသို့ ချီတက်ရာတွင် တောင်ကြောများ၌ မြင်း၊ လားများ သွား၍ ရမရသည်၎င်း မြစ်ချောင်းများဖြတ်ရာတွင် မြင်း၊ လားတပ်ဖွဲ့များဖြတ်သန်းနိုင်ရေးအတွက်သည်၎င်း မဖြစ်မနေ ထည့်သွင်းစဉ်းစား ရပါတော့ သည်။ ထောက်ပံ့ရေးတာဝန်ယူရသူများကား လူအပြင် တိရိစ္ဆာန်များကိုပါ တာဝန်ယူအုပ်ချုပ်ရပေသည်။ ဒေသခံများကတော့ နွားများကိုပါ ဝန်တင်အဖြစ်အသုံးပြုပါသည်။

တပ်မဟာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့သည် တပ်မဟာနှင့်စစ်ဒေသ၏ ကြေးနန်းဆက်သွယ်ရေးကို တာဝန်ယူရသကဲ့သို့ တပ်မဟာနှင့် လက်အောက်ခံတပ်ရင်းများ၏ ကြေနန်းဆက်သွယ်ရေးကို တာဝန်ကိုလည်းယူရသည်။ တပ်ရင်းများသို့ ကြေးနန်းရဲဘော်များနှင့်ဆက်သွယ်ရေးစက်များအား အလှည့်ကျ စေလွှတ်တာဝန်ပေးရသည်။ ကြေးနန်းစက်ကိုင်နှင့် ဝှက်စာ သမားများအား လျှို့ဝှက်ချက်စောင့်ထိမ်းမှုကို တာဝန်ယူရသည်။ CPB တပ်ဖွဲ့များ၌ တပ်ရင်းနှင့်တပ်ခွဲကြားတွင် ဆက်သွယ် ရေးစက် အသုံးမပြုနိုင်ပါ။ နှုတ်မိန့်နှင့် ဆက်သားရဲဘော်ကိုသာ အသုံးပြုရသည်။

ကြေးနန်းစက်သွယ်ရေးအပြင် တယ်လီဖုန်းဆက်သွယ်ရေးပါ ချိတ်ဆက်လုပ်ဆောင်သည်။ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး သည် လေလှိုင်းမှတဆင့်ဖြစ်၍ RT ခေါ် ရေဒီယိုတယ်လီဖုန်းနှင့် ဆက်သွယ်ပြောဆိုသည်ဖြစ်စေ၊ ဝှက်စာဖြင့်ပေးပို့သည်ဖြစ်စေ တဖက်မှ ဖမ်းယူနားထောင်နိုင်သည်။ မည်မျှခက်သည့် ဝှက်စာဖြစ်စေ အချိန်တခုကြာလျင် ဖေါ်နိုင်သည်။ ထို့ပြင် ကြေနန်း ဆက်သွယ်ရေးသည် အချိန်မရွေးဆက်သွယ်ရန် အခက်အခဲရှိသည်။ သတ်မှတ်ချိန်များတွင်သာ ဆက်သွယ်နိုင်သည်။ သို့ဖြစ်ရာ အချိန်မရွေးဆက်သွယ်နိုင်သည့် ကြိုးဖြင့်ချိတ်ဆက်သည့် တယ်လီဖုန်းဆက်သွယ်ရေးစနစ်ကိုလည်း အသုံးပြု ကြ သည်။ သို့သော် ကြိုးဖြင့်ချိတ်ဆက်သည့် တယ်လီဖုန်းစနစ်အားလှုပ်ရှားစစ်မြေပြင်များတွင် အသုံးမပြုနိုင်ပေ။ အခြေခံဒေသ ခံစစ်ယူထားသည့် စစ်မြေပြင်များတွင်သာ အသုံးပြုနိုင်သည်။ တလုံးနှင့်တလုံးကြိုးသွယ်၍ ချိတ်ဆက်အသုံးပြုသကဲ့သို့ အိတ်ချိန်း (Exchange) ခုံထောင်၍ တယ်လီဖုန်း ၁ဝ လုံးမှ ၂ဝ လုံးထိ ချိတ်ဆက်အသုံးပြုကြပါသည်။

၁၉၇၇ ခုနှစ်တွင် အရှေ့မြောက်စစ်ဒေသ လက်အောက်၌ တပ်မဟာ ၄ ခုရှိသည်။ သံလွင်မြစ်အနောက်ဖက်ကမ်း ရွှေကျင်ဝမ် တာပန်ဒေသ၌ တပ်မဟာ၂ ရှိသည်။ တပ်မဟာ ၂ လက်အောက်၌ ရင်း ၃ဝ၃၁ (အထူးတပ်ရင်း)၊ ရင်း ၃ဝ၃၃ (ရင်း ၁)၊ ရင်း ၃ဝ၃၇ (ရင်း ၃) နှင့် ရင်း ၁ဝ၇ တို့ ရှိကြသည်။ တပ်မဟာ၂ နိုင်ငံရေးမှူးမှာ ရဲဘော်အင်ဖန်းဂမ် (ကွေ့ကျိုးရဲဘော်ဟောင်း)၊ တပ်မဟာမှူး ရဲဘော်စောထွန်းတင် (ကွေ့ကျိုးရဲဘော်ဟောင်း)၊ တပ်မဟာဒုနိုင်ငံရေးမှူးမှာ ရဲဘော်ဟုန်စစ်လျံခေါ် ဆရာ ဟုန် (ရန်ကုန် တရုတ်ကျောင်းတခုမှ ကျောင်းဆရာ၊ ၁၉၆၇ တရုတ်-ဗမာအရေးအခင်းပြီး ရောက်လာသူ) ဒုတပ်မဟာမှူး ရဲဘော်ကြည်မြင့်ခေါ် ကျန်းစစ်မင်တို့ဖြစ်ကြသည်။ ၁၉၇၇ ခုနှစ်ထဲတွင် ရဲဘော်အင်ဖန်းဂမ်းအား စစ်ဒေသဌာနချုပ် ပန်ဆန်းသို့ပြောင်းရွှေ့ခဲ့ပြီးနောက် နိုင်ငံရေးမှူး အသစ်ခန့်အပ်ခြင်း မရှိတော့ပေ။

အရှေ့မြောက်စစ်ဒေသ ဝ နယ်၌ တပ်မဟာ ၆၈၅၊ တပ်မဟာ ၈၊ တပ်မဟာ ၁၂ တို့ရှိသည်။ တပ်မဟာ ၆၈၅ လက်အောက်တွင် ရင်း ဝ၄၂၊ ရင်း ဝ၇၂ရင်း ၆၈၅၅ (ရင်း ၁၅ ) စသည့် တပ်ရင်း ၃ ရင်းရှိသည်။ ထိုစဉ်ကာလက ဝ နယ်ရှိ တပ်ရင်းများသည် တရင်းလျှင် အင်အား ၆ဝဝ အထက်ရှိလာသဖြင့် ထိုအင်အားများကိုခွဲ၍ တပ်ရင်းအသစ်များဖွဲ့စည်းခဲ့သည်။ ရင်း ၄ဝ၄၅ မှ အင်အားများကိုခွဲ၍ ရင်း ဝ၄၂ အဖြစ်၎င်း၊ ရင်း ၄ဝ၄၇ အင်အားများကိုခွဲ၍ ရင်း ဝ၇၂ အဖြစ်၎င်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုအတူ တပ်မဟာ ၅ အားလည်း တပ်မဟာ ၆၈၃ နှင့် တပ်မဟာ ၆၈၅ အဖြစ် ၂ ခုခွဲ၍ ဖွဲ့စည်းခဲ့သည်။ တပ်မဟာ ၆၈၅ ၏ နိုင်ငံရေးမှူးမှာ ရဲဘော်လီတဲ့ခိုင်၊ တပ်မဟာမှူး ရဲဘော်ဇင်ခန်တန် (ကွေ့ကျိုးရဲဘော်ဟောင်း) တို့ဖြစ်ကြသည်။

တပ်မဟာ ၈ လက်အောက်တွင် ရင်း ၅ဝ၁၊ ရင်း ၄ဝ၄၈၊ ရင်း ရင်း ၃ဝ၃၅၊ ရင်း ၅ဝ၃ စသည့် တပ်ရင်း ၄ ရင်းရှိသည်။ ထိုစဉ် ကာလက တပ်မဟာ ၈ သည် CPB အရှေ့မြောက်အဓိကတပ်များတွင် တိုက်ရည်ခိုက်ရည်နှင့်ပတ်သက်၍ အမာဆုံးတပ်ဖြစ် သည်။ လက်အောက်ခံတပ်ရင်းတိုင်းသည်လည်း တိုက်ခိုက်ရေးတွင် မာကျောသည်။ တပ်မဟာ ၈ ၏ နိုင်ငံရေးမှူးမှာ ရဲဘော် အုန်းကြည် ခေါ် ဝမ်စစ်မင် (စစ်ချွမ်းရဲဘော်ဟောင်း) ၊ တပ်မဟာမှူးဦးဖုန်ကြားဖူး (ကိုးကန့်)၊ ဒုနိုင်ငံရေးမှူးရဲဘော်ဇော်လီ ( ကွေ့ကျိုးရဲဘော်ဟောင်း)၊ ဒုတပ်မဟာမှူး ရဲဘော်နော်လွန်တို့ ဖြစ်ကြသည်။

တပ်မဟာ ၁၂ လက်အောက်တွင် ရင်း ၁၊ ရင်း ၆၊ ရင်း ၉၊ ရင်း ၁၈၊ ရင်း ၂၂ စသည့် တပ်ရင်း ၅ ရင်းရှိပါသည်။ တပ်မဟာ ၁၂ သည် ဝ နယ်မြောက်ပိုင်း၌ အခြေပြု ဖွဲ့စည်းသည်။ တပ်မဟာ နိုင်ငံရေးမှူးမှာ ရဲဘော်ဇော်လွန် (ကွေ့ကျိုးရဲဘော်ဟောင်း)၊ တပ်မဟာမှူးရဲဘော်ဝင်းဆွေ (စစ်ချွမ်းရဲဘော်ဟောင်း)၊  ဒုနိုင်ငံရေးမှူး ရဲဘော်မြသောင်း (စစ်ချွမ်းလောက်ပင်း)၊ ဒုတပ်မဟာ မှူး ရဲဘော်ကျောက်ညီလိုင် (ဒေသခံ) တို့ဖြစ်ကြသည်။ ရဲဘော်မြသောင်းသည် ဝ မြောက်ခရိုင်အတွင်းရေးမှူးအဖြစ်၎င်း၊ ရဲဘော်ကျောက်ညီလိုင်သည် ဝ မြောက်ခရိုင်မှူးအဖြစ်၎င်း တွဲဖက်တာဝန်ယူသည်။

ထိုစဉ်က CPB အဓိက တိုက်ခိုက်ရေးတပ်ရင်းများအား ရင်းဌာနချုပ်၊တပ်ခွဲ အနည်းဆုံး ၃ ခွဲနှင့် လက်နက်ကြီးတပ်စုတစုပါ သည်။ ရင်းရုံးတွင် တပ်ရင်းနိုင်ငံရေးမှူး၊ တပ်ရင်းမှူး၊ တပ်ရင်းဒုနိုင်ငံရေးမှူးနှင့် ဒုရင်းမှူးတို့ကဦးဆောင်သည်။ ရင်းရုံးတွင် တပ်ရင်းဆေးမှူး၊ တပ်ရင်းရိက္ခာမှူး၊ ကြေးနန်းဆက်သွယ်ရေးရဲဘော်များ တွဲဖက်ထားသည်။ တပ်ခွဲတွင် ခွဲနိုင်ငံရေးမှူး၊ခွဲမှူး၊ ခွဲဒုနိုင်ငံရေးမှူး၊ ဒုခွဲမှူးတို့ရှိပြီး ခွဲရုံးတွင် တပ်ခွဲရိက္ခာမှူးနှင့် ဆေးတပ်သားတို့ တွဲဖက်ထားသည်။ တပ်စုတွင် တပ်စုနိုင်ငံရေး မှူးနှင့် တပ်စုမှူးတို့ကဦးဆောင်သည် တပ်စုမှူးက ဦးဆောင်သည်။ တပ်စုရုံး မထားရှိပါ။ နိုင်ငံရေးမှူးတာဝန်ယူသူသည် ပါတီဝင်ဖြစ်ရပြီး တပ်မှူးတာဝန်ယူသည် ပါတီဝင် မဖြစ်လည်းရသည်။

တပ်ခွဲ တခွဲလျှင် တပ်စု ၃ စုရှိပြီး တပ်စုတစုတွင် တပ်စိတ် ၃ စိတ်ရှိသည်။ ဖွဲ့စည်းပုံအရ ၃ ယောက်တဖွဲ့၊ ၃ ဖွဲ့ တစိတ်၊ ၃ စိတ် တစု။ ၃ စု တခွဲ၊ ၃ ခွဲတရင်း ဖြစ်သည်။ သို့သော် ထိုစဉ်က တပ်မဟာ ၂ တပ်ရင်းများမှာ ဖွဲ့စည်းပုံမပြည့်ချေ။ တရင်းလျှင် အင်အား ၂ဝဝ အောက်တွင်သာ ရှိသည်။ ဝ နယ်မှ တပ်မဟာများကတော့ ဖွဲ့စည်းပုံပြည့် အင်အားပြည့်ရှိကြသည်။ တပ်ရင်း အလိုက် လက်နက်တပ်ဆင်ရာတွင် အများစု M 22 မောင်းပြန်သေနတ်ကိုအဓိက တပ်များတွင် ကိုင်ဆောင်ကြသည်။ တပ်စု တစုလျှင် M 23 စက်ကလေးတလက်၊ ဘဇူကာ တလက်တပ်ဆင်လေ့ရှိသော်လည်း ပုံမှန်တော့မဟုတ်ပေ။ စစ်ဆင်ရေးအခြေ အနေအရ ပြောင်းလဲတပ်ဆင်လေ့ရှိသည်။

ထို့ပြင် ဖွဲ့စည်းပုံ အင်အားမပြည့်သော တပ်စုများတွင် M 23 စက်ကလေး သယ်ဆောင်လေ့မရှိကြပါ။ တပ်ရင်း၊ တပ်ခွဲကေဒါ များက ပစ္စတို M 20 သာကိုင်ဆောင်လေ့ရှိပြီး ၎င်းတို့အား ကိုယ်ရံနှင့် ဆက်သားရဲဘော်များ ထားရှိခွင့်ပြုသည်။ CPB တပ် ရင်း၊ တပ်မဟာကေဒါများ၊ စစ်ဒေသကေဒါများ၊ ဒေသမှခရိုင်အဆင့်ကေဒါများအား စီးမြင်းစီးခွင့်ပြုထားပါသည်။ M 21 သေနတ်ကတော့ တတောင့်ချင်းသာ ပစ်ခတ်၍ရသဖြင့် ချေမှုန်းရေးတိုက်ပွဲတာဝန်ယူရသည့် အဓိကတပ်များတွင် တပ်ဆင် လေ့မရှိပေ။

တပ်ရင်းရှိ လက်နက်ကြီးတပ်စုတွင် ၅၇ မမ၊ ၈၂ မမနှင့် ပွိုင့် ၅ စက်ကြီးတလက်စီ တပ်ဆင်လေ့ရှိသော်လည်း လူအင်အား ဖွဲ့စည်းပုံအခြေအနေနှင့် စစ်ဆင်ရေးအခြေမနေပေါ်မူတည်၍ ပြောင်းလဲတပ်ဆင်လေ့ရှိသည်။ လက်နက်ကြီးများ သယ် ဆောင်ရာတွင်လား၊ မြင်းများဖြင့် သယ်ဆောင်ရန်လိုအပ်သဖြင့် စစ်ဆင်ရေးအခြေအနေနှင့် လူအင်အားအခြေအနေပေါ်တွင် မူတည်ဆုံးဖြတ်ကြခြင်းဖြစ်ပေသည်။

အရှေ့မြောက်စစ်ဒေသဌာနချုပ်တွင် ကင်းတပ်ရင်းတရင်းနှင့် လက်နက်ကြီးတပ်ရင်းတရင်း ဖွဲ့စည်းထားသည်။ လက်နက် ကြီး တပ်ရင်းတွင် ၅၇ မမ၊ ၈၂ မမ၊ ၇၅ မမ နှင့် ပွိုင့် ၅ တို့တပ်ဆင်ထားသည်။ လက်နက်ကြီးတပ်ရင်း ဝါ အမြောက်တပ်ရင်း၏ နိုင်ငံရေးမှူး ရဲဘော်ပေါက်ယိုရိ (လက်ရှိ UWSP အတွင်းရေးမှူး၊ ပေါက်ယိုချမ်း၏အကို) ဖြစ်ပြီး၊ တပ်ရင်းမှူးမှာ ရဲဘော်ထင် ကော့ဖုန်း (ဝ ရဲဘော်၊ နောင် ရေနစ် ကွယ်လွန်) တို့ဖြစ်ကြသည်။

အရှေ့မြောက်စစ်ဒေသ တိုက်ပွဲများတွင် ထူးချွန်သောတပ်မှူးများလည်း ထွက်ပေါ်လာသည်။ မြစ်အနောက်ဖက်တွင် ဖုန် ကြားဖူး၊ မြစ်အရှေ့ဖက်တွင် စောထွန်းတင်နှင့် ကျန်းစစ်မင် ခေါ် ကိုကြည်မြင့်တို့ဖြစ်သည်။ အောက်ခြေတပ်ရင်းများတွင်လည်း တိုက်ရည်ခိုက်ရည်ရှိသော ဝ တပ်မှူးများထွက်ပေါ်လာသည်။ရင်း ၅ဝ၁ မှ ဆမ်ပရူးနှင့် အိုက်ငင်း၊ ရင်း ၄ဝ၄၈ မှ လင်နမင်ခေါ် လင်ညီမိန်း၊ ရင်း ၆ မှ ကြိုးမင်လိုင် စသူတို့ စတင်နာမည်ရလာကြသည်။

၁၉၇၅ ပါတီဗဟို အောက်တွင် ၁၉၇၇ ခုနှစ်ကာလပိုင်း၌ အရှေ့မြောက်စစ်ဒေသသည် အဓိကအခြေခံဒေသဖြစ်ပြီး နမ့်ခမ်း ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ ကိုးကန့်ခရိုင်၊ ဝ မြောက်ခရိုင်၊ ဝ တောင်ခရိုင်ဟူ၍ ခရိုင် ၅ ခုဖွဲစည်းထားရှိပြီး အဓိက တိုက်ခိုက်ရေး တပ်များအဖြစ် တပ်မဟာ ၂၊ တပ်မဟာ ၈၊  တပ်မဟာ ၁၂ နှင့် တပ်မဟာ ၆၈၅ ဟူသည် အဓိကတပ်မဟာများအပြင် ခရိုင် တပ်၊ မြို့နယ်တပ်၊ ပြည်သူ့စစ်များ ဖွဲ့စည်းတည်ဆောက်ထားရှိသည်။

ဆက်လက်ဖေါ်ပြပါမည်။

မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်