သခင်ဇင် (၁၉၁၂ – ၁၉၇၅) -အပိုင်း (၁) – ထွန်းဝင်းငြိမ်း

March 13, 2018

သခင်ဇင် (၁၉၁၂ – ၁၉၇၅) -အပိုင်း (၁) 
ထွန်းဝင်းငြိမ်းပြုစုသည်။
(မိုးမခ) မတ် ၁၃၊ ၂၀၁၈

ငယ်ဘဝ

သခင်ဇင်ကို ၁၉၁၂ ခုနှစ်မှာ အဖ ဦးကျော်ဇော၊ အမိ ဒေါ်အေးညိုတို့က ညောင်လေးပင်နယ်၊ ဒိုက်ဦးမြို့နယ်ထဲက သုံးခွရွာမှာ မွေးဖွားခဲ့ပါတယ်။
ဖခင်က ပအို့ဝ်ဖြစ်ပြီး၊ မိခင်က မြန်မာလူမျိုးပါ။ မွေးချင်းလေးဦးအနက် ဒုတိယမြောက်သား ဖြစ်ပြီး မွေးချင်းတွေက ဒေါ်ပု၊ သခင်ဇင်၊ ဦးသီ၊ ဦးအိတို့ဖြစ်ပါတယ်။

ဒိုက်ဦးမြို့နေရှင်နယ်ကျောင်း ခုနှစ်တန်းအထိပညာသင်ကြားခဲ့ပြီး၊ညောင်လေးပင် နေရှင်နယ်ကျောင်းမှာ ဆယ်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက သူတပါး အပေါ် ကြင်နာတတ်မှု၊ ရိုးသားမှု၊ ပွင့်လင်းမှု၊ ဆက်ဆံရေးပြေပြစ်မှု၊ တည်ကြည်မှုတို့မှာ အရွယ်နဲ့မလိုက်အောင်ဖြစ်ပြီး အထူးသဖြင့် ဝတ်စားဆင်ယင်မှုမှာ အလွန်ရိုးသားကြောင်း
သူ့ရဲ့ ငယ်သူငယ်ချင်းတဦးဖြစ်သူ ဗကပတပ်မှူးဟောင်း ဦးဘကျော်ရဲ့မှတ်တမ်းမှာ ရေးသား ခဲ့တာတွေ့ရပါတယ်။

ဆယ်တန်းကျောင်းသားဘဝမှာ ဘွိုင်းစကောက်(Boy Scott) ကင်းထောက်လူငယ်ခေါင်း ဆောင်အဖြစ် တာဝန်ပေးခံရပါတယ်။ မြို့လူထုနဲ့ ကျောင်းသားထုရဲ့ ယုံကြည်လေးစားခြင်းခံ ရတဲ့အတွက် နှစ်စဉ်ကျင်းပတဲ့ ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ အကဲဖြတ်လူကြီး၊ မြို့ နယ်ပေါင်းစုံ မိုးရာသီဘောလုံးပွဲများမှာ ဒိုင်လူကြီးအဖြစ် ရွေးချယ်တာဝန်ပေးခံရသူလည်း ဖြစ်ပါ တယ်။

ကြီးပွားရေးမဂ္ဂဇင်းတိုက်မှာ

သစ်ကန်ထရိုက်တာတဦးရဲ့ကိုယ်စားလှယ်အဖြစ် ရဲနွယ်ချောင်း၊ ဗိုင်းဒါးချောင်း ဒေသတွေမှာ သစ်လုပ်ငန်းလုပ်ကိုင်ခဲ့ပါတယ်။ ၁၉၃၆ ခုနှစ်ဝန်းကျင်မှာ ညောင်လေးပင် တနယ် တည်းသားဖြစ်တဲ့ လူထုဦးလှရဲ့ရန်ကုန်က ကြီးပွားရေးမဂ္ဂဇင်းတိုက်မှာ မန်နေဂျာအဖြစ် ဆောင် ရွက်ခဲ့ပါတယ်။

အမှတ် ၂၆၊
၃၁၅၊ ၃၅လမ်းနဲ့ မောင်ဂိုမာရီလမ်းထောင့်က ကြီးပွားရေးတိုက်ဟာ ရုပ်ရှင်ကုမ္ပဏီ၊ ဂျာနယ် တိုက်၊ ဖိုင်းအတ်စတူဒီယို၊ ဦးဘလုံရဲ့ပန်းချီကျောင်းနဲ့ အလုပ်ခန်း၊ ဒီးဒုတ်ဘလောက်တိုက်၊ သခင်အဖွဲ့တို့ တည်ရှိရာဖြစ်တဲ့အတွက် နိုင်ငံရေးသမား၊ အနုပညာရှင်တွေနဲ့ သခင်ဇင်ထိတွေ့ ဆက်ဆံခဲ့ရပါတယ်။

အများက ကိုဇင်လို့ခေါ်ကြပေမယ့် လူထုဦးလှကတော့ ကိုရွှေဇင်လို့ ခေါ်ပါသတဲ့။ အဲဒီနာမည် က သခင်ဇင်ရဲ့အမည်ရင်းဖြစ်တယ်လို့ ကလောင်ပျံဦးဘကိုးက ရေးခဲ့ပါတယ်။ သခင်ဇင်ရဲ့ဆန္ဒအရ ကိုဇင်ဆိုပြီး ပြောင်းလဲ ခေါ်ဝေါ်ကြတာဖြစ်တယ်လို့ဆိုပါတယ်။

သခင်ဇင်ကြီးပွားရေးတိုက်မှာ မန်နေဂျာလုပ်ခဲ့စဉ်က အတူတူအလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ကလောင်ပျံ ဦးဘကိုးက သူတွေ့ကြုံခဲ့တာတွေကို ပြန်လည်ရေးသားရာမှာ –
”ကိုဇင်သည် စာရိတ္တကောင်းသူ ဖြစ်သည်။ အရက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစား၊လူပျို ဖြစ်သော်လည်း အပျော်အပါးမလိုက်စား၊ အမျိုးသမီးများနှင့် အရောတဝင်မလုပ်။ သူ့ကို အမျိုး သမီးတယောက်ယောက်နှင့် နောက်ပြောင်လျှင် မကြိုက်။ အလုပ်၌သာ စိတ်ဝင်စားသည်။ အလုပ်လုပ်ရာတွင် အလွန်စေ့စပ်သေချာသည်။
အမှားအယွင်းမရှိရအောင် အထပ်ထပ်စစ်ဆေးသည်။ အလုပ်ကို မြန်မြန်ပြီးခြင်းထက် သေသေ ချာချာရှိသည်ကို သူသဘောကျသည်။ အလုပ်ကို ပြီးစလွယ်ညံ့ဖျင်းအောင်လုပ်သည်ကို သူ မကြိုက်။ ထို့ကြောင့် အခြားသူများကို စိတ်မချ။
သူကိုယ်တိုင်လုပ်ရမှ ကျေနပ်သည်” လို့ တွေ့ရပါတယ်။

အဲဒီကာလ သခင်ဇင်ရင်းနှီးရသူတွေထဲမှာ လူထုဦးလှနဲ့ ဆွေမျိုးနီးစပ်တော်တဲ့ညောင်လေးပင်က
ဦးဘကြင်၊ ကိုဆောင်း(နောင်-ရဲဘော် သုံးကျိပ်ဝင်)၊ ဟံသာဝတီ ဦးဘခင်(ဟံသာဝတီ
ဦးညွန့်ရဲ့သမက်)၊ သခင်ကျော်စိန်၊ ကိုကျော်မြင့်လေး(နောင်-ဆိုရှယ်/wbr>လစ်ဝန် ကြီး)၊ သခင်သန်းထွန်း စသူတို့ပါဝင်ပါတယ်။

ဦးဘကြင်နဲ့ကိုဆောင်းတို့ကကန်ထရိုက်ယူပြီး ဗိုလ်ချုပ်လမ်းနဲ့သိမ်ဖြူလမ်းထောင့်မှာရှိတဲ့ ဟာရီ ကရစ္စနား ရုပ်ရှင်ရုံမှာ ခေတ်သစ်သဘင်ဆိုပြီး ညဝက်စနစ်နဲ့ ပြဇာတ်ရုံသွင်းကပြတဲ့အခါ ကိုဇင် လည်း မန်နေဂျာ၊ စာရင်းကိုင်လုပ်ပေးရပါတယ်။ အဲဒီအချိန်တုန်းက သခင်သန်းထွန်းနဲ့အများ ဆုံး တွဲခဲ့ပါသတဲ့။

သခင်သန်းထွန်းရဲ့စည်းရုံးမှုကြောင့် ကိုဇင်သခင်ဖြစ်လာရတာ၊ ကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့တာလို့ ကျော်လင်းစာပေထူထောင်သူတိုးတက်ရေးသခင်အုန်းမြင့်က ပြောပြဖူးပါတယ်။

၃၈ လမ်း၊ အခန်း ၂၂၇ ကို ကြီးပွားရေးမဂ္ဂဇင်းတိုက်ပြောင်းတဲ့အချိန်တုန်းက သခင်ဇင့်ကိုတွေ့ဖူးတဲ့ စာရေးဆရာမကြီးဒေါ်ခင်ဆွေဦးက ”ထူးလည်းထူးတဲ့ရဲရင့်သူတွေ” (ကလျာမဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂ဝ၁၅) ဆောင်းပါးမှာ အခုလိုရေးခဲ့တာကို တွေ့ရပါတယ်။

”ကျမတို့မိသားစု ၃၈ လမ်းမှာနေစဉ်ကာလ သခင်ဇင်က ဦးလေးလှ(လူထုဦးလှ)နှင့် ပါလာ တတ်တယ်။ ဦးလေးလှ ကြီးပွားရေးမဂ္ဂဇင်းမှာ ကျမဖေဖေ(မဟာဆွေ)ဟာ နေသူရိန်အမည်နှင့် ရေးခဲ့ဖူးပါတယ်။

ဒို့မေမေ၊ သူပုန်ကြီး၊ စစ်ထွက်သူလုံးချင်းဝတ္ထုတွေနဲ့ နာမည်ကြီးနေတဲ့အချိန်။ ရဲသတင်းစာတိုက်မှာ လခမယူဘဲ အယ်ဒီတာလုပ်နေတဲ့အချိန်။ သခင်ဇင်က ၃၈ လမ်းကိုလူထု ဦးလှနှင့်အတူရောက်လာကတည်းက ကျန်းမာရေးချို့ချို့တဲ့တဲ့ညီမလေးခင်ဆွေအေးကိုချီချော့ပြီး ဆေးတွေလည်း တိုက်ပေးတတ်ပါတယ်။ အိမ်မှုကိစ္စတွေ၊ တံမြက်စည်းလှည်းတာတွေ စသဖြင့် မေမေ့ကိုအကူအညီပေးတော့ ကျမမေမေက တသက်လုံး သခင်ဇင့်အကြောင်း ပြောလို့မဆုံးနိုင် ပါဘူး။”

၁၉၃၉ ခုနှစ်မှာ လူထုဦးလှဟာ ဒေါ်အမာနဲ့အိမ်ထောင်ကျပြီး ကြီးပွားရေးမဂ္ဂဇင်းတိုက် မန္တလေး ကိုပြောင်းသွားတော့ သခင်ဇင်ဟာ ပျဉ်းမနားကကိုထွန်းရှိန်ဆိုတဲ့မိတ်ဆွေနဲ့ပေါင်းပြီး ဆူးလေ ဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်က လေးထပ်တိုက် ပထမထပ်မှာ ကြံသကာအရောင်း အဝယ်လုပ်ငန်း လုပ်ခဲ့ကြပါတယ်။

မြေအောက်တော်လှန်ရေးသမား

၁၉၃၉၊ သြဂုတ်လ ၁၅ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ စတင်ဖွဲ့စည်းပြီး သိပ်မကြာခင်မှာပဲ သခင်ဇင်ဟာ ကွန်မြူနစ်ပါတီဝင် ဖြစ်လာခဲ့ကြောင်း၊ ထိုကာလတွင် သခင်ဇင်သည် တောင်သူ လယ်သမားပြဿနာကို ဇောင်းပေးလေ့လာကြောင်း၊ တို့ဗမာအစည်းအရုံးဗဟိုအမှုဆောင် တယောက်ဖြစ်လာကြောင်း ဗကပတပ်မှူးဟောင်း ဦးရဲလင်းရဲ့သခင်ဇင့်အကြောင်းရေးထားတဲ့ မှတ်စုမှာ တွေ့ရပါတယ်။

၁၉၃၉ ခုနှစ်၊ နိုဝင်ဘာ ၁ဝ ရက်၊ စနေနေ့မှာ တို့ဗမာအစည်းအရုံးအထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းနဲ့ သခင်လူငယ်မျိုးချစ် ကျောင်းသားတစုဟာ ဗမာ့မြေပေါ်ရှိ အင်္ဂလိပ်နယ်ချဲ့ တွေကို အမြန်ဆုံးဆုတ်ခွာပြေးသွားအောင် လက်နက်စွဲကိုင်ပြီး မောင်းနှင်တိုက်ခိုက်ကြမှ နိုင်ငံ့ လွတ်လပ်ရေးကိုအမှန်တကယ်ရရှနိုင်တော့မည်ဟုယုံကြည်ကြတဲ့အတွက် သခင်မြ(ဗဟိုအဖွဲ့ချုပ် ခေါင်းဆောင်)၊ သခင်အောင်ဆန်း(နိုင်ငံခြားဆက်သွယ်ရေးခေါင်းဆောင်)၊ အဖွဲ့ ဝင်တွေအဖြစ် သခင်လှဖေ၊ ကိုလှမောင်(ကျောင်းသား)၊ ကိုလှမောင်(မိတ္ထီလာ)၊ ကိုဗဟိန်း (ကျောင်းသား)၊ ကိုဗဆွေ(ထားဝယ်)၊ သခင်ချစ်၊ ကိုထွန်းရွှေ(နဂါးနီ)၊ ကိုကျော်ငြိမ်း (ကျောင်းသား) စသူတွေနဲ့ မြေအောက်တော်လှန်ရေးဗဟိုအဖွဲ့ချုပ် (Underground Unit) ကိုဖွဲ့စည်းခဲ့ကြပါတယ်။

၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ သခင်အောင်ဆန်းဂျပန်ကပြန်ရောက်လာပြီးတဲ့အခါ မြေအောက် တပ်ပေါင်းစုဖွဲ့ရန် ညွှန်ကြားတဲ့အတွက် မြေအောက်တော်လှန်ရေးဗဟိုအဖွဲ့ချုပ်ကို
ကျယ်ပြန့်တောင့်တင်းလာအောင် ဒေသအသီးသီးက နယ်စည်းရုံးရေးမှူးတွေနဲ့ ထပ်မံဖြည့်စွက် ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီဖွဲ့စည်းမှုမှာ သခင်ခင်မောင်(ဗစိန်၊ထွန်းအုပ်သခင်)၊ သခင်စံဖေ(မော်လမြိုင်)၊ သခင်တင် ထွန်း(ပျဉ်းမနား)၊ သခင်လင်း (နတ္တလင်း)၊ သခင်ပါ(သနပ်ပင်၊ ပဲခူး) တို့နဲ့ အတူ သခင်ဇင်ဟာ ပဲခူးနယ်စည်းရုံးရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း ၁၉၈၅ ခုနှစ် က ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနကပြုစုတဲ့ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိမူကြမ်း၊ စာ-၁၉၆-၁၉၇ မှာ တွေ့ရပါတယ်။

၁၉၄၂ ခုနှစ် ဂျပန်တပ်မတော်နဲ့ BIA (Burma Independent Army)တို့ပူးပေါင်းပြီး မြန်မာ ပြည်ကိုဝင်လာတဲ့အချိန်မှာ နယ်မြေအသီးသီးက သခင်တွေဟာ ဘီအိုင်အေဖွဲ့စည်းရေး၊ နယ်ချဲ့ ကို အပြီးအပိုင်မောင်းထုတ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားတပ်ဆင်ရေးတို့အတွက် ဖာပွန်စစ်ကြောင်းက ချီတက်တိုက်ပွဲဝင်ခဲ့သူ ရဲဘော်သုံးကျိပ်ဝင်တပ်မှူးကြီး ဗိုလ်ဇင်ယော်အား
သခင်ဇင်နဲ့အတူ ဒိုက်ဦးမြို့မှာတွေ့ဆုံခဲ့ပုံကို ဗကပတပ်မှူးဟောင်းဦးစောရင်က အခုလို ရေးသား ခဲ့ပါတယ်။

”ထိုစဉ်က သခင်ဇင်သည် ဗိုလ်မှူးဇင်ယော်နှင့်တွဲဖက်ခါ နယ်မှလာကြသောသခင်အပေါင်းနှင့် တွေ့ဆုံပြီး ဘီအိုင်အေဖွဲ့စည်းရေးနှင့် အုပ်ချုပ်ရေးယန္တရားတပ်ဆင်ဖွဲ့စည်းရေးလုပ်ငန်း တာဝန် များကို နယ်အလိုက်ညှိနှိုင်းပေးခဲ့ပါသည်။ ….”

”သခင်ဇင်သည် နယ်ခံပုဂ္ဂိုလ်ဖြစ်သည်ကတကြောင်း၊ မမှန်မကန်လုပ်ရပ်များကို အမြဲဆန့်ကျင် ခဲ့သည့်အစဉ်အလာရှိသည့် ပုဂ္ဂိုလ်တဦးဖြစ်သည့်အားလျော်စွာ အထက်အဖွဲ့အစည်းများမှ ညွှန် ကြားမှုအရ ဗိုလ်မှူးဇင်ယော်အား မည်သည့်နယ်မှ မည်သည့်ပုဂ္ဂိုလ်များသည် မည်သို့ရှိသည်၊
တည်ကြည်ဖြောင့်မတ်သည်၊ လုပ်သားပြည်သူတို့၏ကြည်ညိုလေးစားမှုခံယူရရှိသူဖြစ်သည်၊ စသည်တို့အား စကာတင် ထောက်ခံတင်ပြကာ ပဲခူးခရိုင်မြောက်ပိုင်းမှ တို့ဗမာ အစည်းအရုံးဝင်များကိုထောက်ခံကာ ဘီအိုင်အေဖွဲ့စည်းရေးနှင့် အုပ်ချုပ်ရေးယန္တရား ဖွဲ့စည်းရေး အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။”

၁၉၄၃ ခုနှစ် ဂျပန်ခေတ်မှာ ဒေါက်တာဗမော်ရဲ့ဆင်းရဲသားပါတီနဲ့ ဆရာကြီးသခင်ကိုယ်တော် မှိုင်းတို့ရဲ့တို့ဗမာအစည်းအရုံးဝင် သခင်တွေပူးပေါင်းပြီး ”တို့ဗမာဆင်းရဲသား အစည်းအရုံး” ဆိုတာဖွဲ့ခဲ့ပါတယ်။

အစည်းအရုံးမှာ သခင်ဇင်က အလုပ်အမှုဆောင်အဖြစ် ညောင်လေးပင်မြို့နယ်မှာ တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။
တို့ဗမာဆင်းရဲသားအစည်းအရုံးလုပ်ငန်းတွေလည်းလုပ်ရင်း သခင်ဇင်က ဂျပန် တော်လှန်ရေးအတွက် လျှို့ဝှက်ပြင်ဆင်ခဲ့ပုံကို ရဲဘော်ဖိုးသံချောင်းရဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ အသံလွှင့်ချက် (၁၅၊၃၊၂ဝ၁၄) မှာ အခုလို တင်ပြထားပါတယ်။

”ဂျပန်တော်လှန်ရေးမစခင် ဖြစ်ပေါ်ခါနီးကာလမှာ ဒေါက်တာဗမော်နဲ့ သခင်တွေ ပူးပေါင်းပြီး တော့ ”တို့ဗမာ ဆင်းရဲသားအစည်းအရုံး” ဆိုတာ ကိုထူထောင်ခဲ့ကြတယ်။ အဲဒီအစည်းအရုံးမှာ သခင်ဇင်ဟာ အစည်း ရုံးဝင်ဖြစ်ပြီး သူဟာ အဲဒီအစည်းအရုံးရဲ့လုပ်ငန်း တွေကို အပေါ်ယံဗန်းပြအဖြစ်လုပ်ပြီး လက်တွေ့မှာ ဂျပန်တော်လှန်ရေးအတွက် နယ်တွေဆင်းပြီး ပြင်ဆင်နေပါတယ်။ သူ့ရဲ့တကယ့်တာဝန်က အဲဒီအချိန်မှာ ဗမာပြည်ကွန်မြူ နစ်ပါတီရဲ့ ညောင်လေးပင်မြို့နယ်အတွင်းရေးမှူး ဖြစ်ပါတယ်။ သူအဲဒီလို လုပ် ကိုင်နေတာကို အဲဒီတုန်းက သူနဲ့အတူတူ တို့ဗမာဆင်းရဲသားအစည်းအရုံးထဲမှာ လုပ်နေတဲ့သူ တွေ ဘယ်သူမှမရိပ်မိကြပါဘူး။ နောက်ဆုံး ဂျပန်တော်လှန်ရေးပြီးတယ်ဆိုတော့မှ ‘သြော်
သခင်ဇင်ကလည်း သခင်ဗဟိန်း၊ သခင်သန်းဖေတို့နဲ့တန်းတူ ဒီဒေသမှာ ဂျပန်တော်လှန်ရေးကို ခေါင်းဆောင်ခဲ့သူ တယောက်ပါ လား’ လို့ သူတို့သိကုန်ကြတာပါ။”

(ဆက်လက်ဖော်ပြပါမည်)

ထွန်းဝင်းငြိမ်း  
(သခင်ဇင် စာအုပ်၊ ယဉ်မျိုး စာအုပ်တိုက်၊ ၂၀၁၆ ထုတ်မှ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ထွန်းဝင်းငြိမ်း, လူများ၊ ရုပ်ပုံလွှာများ, သမိုင်းနဲ့ အစဉ်အလာ, မြန်မာပြည်တွင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်