စိုးခိုင်ညိန်း ● လမ်းပေါ်တွင် ပေါက်ရောက်သည်

March 13, 2018

● လမ်းပေါ်တွင် ပေါက်ရောက်သည်
(မိုးမခ) မတ်လ ၁၃၊ ၂၀၁၈

ဒီတခေါက် မန္တလေးကိုရောက်တော့ မဟာမြတ်မုနိဘုရားကြီးကို သွားဖူးဖြစ်တယ်။ မန္တလေးကို မကြာခဏ ရောက်ဖြစ်ပေမဲ့ ဘုရားကြီးကိုတော့ မရောက်ဖြစ်တာ များပါတယ်။ ဒီတခေါက်တော့ တကူးတကပဲ ဝင်ဖူးလိုက်တယ်။ ပြီးတော့ ဟိုအရင်က နေခဲ့ဘူးတဲ့ နေရာဟောင်းဆီ သွားလည် ချင်တာလည်း ပါတာပေါ့။ ဘုရားကြီးနဲ့ သိပ်မဝေးတဲ့ မူလဆီးဘန်နီကျောင်းတိုက်နားက ရပ်ကွက်လေးမှာ သုံးလေးနှစ်လောက် နေခဲ့ဖူးတယ်လေ။ ဘုရားဖူးပြီးတာနဲ့ အရှေ့မုခ်ကနေ အရှေ့တည့်တည့်ကို လမ်း လျှောက် ထွက်ခဲ့လိုက်တယ်။ ရန်ကုန် မန္တလေး မီးရထားသံလမ်းကို ရောက်တော့ ရပ်ပြီး တောင်ဘက်ကို မျှော်ကြည့် လိုက်တော့ ရှမ်းစုဘူတာကို တွေ့ရတယ်။ တဆက်တည်း ရထားသံလမ်းအတိုင်း မြောက်ဘက်ကို မျှော်ကြည့်မိပြန် တယ်။ မြင်ကွင်းထဲ သံလမ်းဟာ အဝေးကြီးထိ ရှည်ထွက်သွားပြီး ကွေ့ဝင်သွားတယ်။ သံလမ်းနှစ်ခုရဲ့ကြားက ကွန်ကရစ်ဇလီ ဖားတုံးတွေဟာ လူတွေလမ်းလျှောက်ပါများထားလို့ ပြောင်ချောနေတယ်။ အခုတော့ တယောက်မှ လမ်းလျှောက်နေတာ မတွေ့ရဘူး။ နေခဲ့ဖူးတဲ့ ရပ်ကွက်လေးဆီ ဘုန်းကြီးကျောင်းဝင်းဘေးကနေ ဖြတ်ချမယ်စိတ်ကူးနဲ့ သံလမ်းနှစ်ခုကြားက ဇလီဖားတုံး တွေပေါ်ကနေ လျှောက်ခဲ့လိုက်တယ်။

ကျွန်တော်ဟာ သံလမ်းကို မျှော်ငေးကြည့်မိရင်း ဇလီဖားတုံးတွေ တတုံးပြီး တတုံး ဖြတ်ကျော်နေရင်းက ဟိုလွန်ခဲ့တဲ့ နှစ် ပေါင်းသုံးဆယ်ကျော်က အတိတ်ဆီကို ပြန်ရောက်သွားတယ်။ အဲဒီတုန်းက နေ၀င်ဖျိုးဖျအချိန်မှာပေါ့။

ကျွန်တော်တယောက်တည်း အခုလို သံလမ်းနှစ်ခုကြားကနေ ဘုရားကနေ လမ်းလျှောက်ပြီး ပြန်လာခဲ့တာပေါ့။ အဲဒီမှာ ကျွန်တော်လျှောက်ခဲ့တဲ့ သံလမ်းအတိုင်း မျက်နှာချင်းဆိုင် အသက်နှစ်ဆယ်ကျော်ကျော် ခပ်ချောချော မိန်းကလေးတယောက် လျှောက်လာနေတယ်။ သံလမ်းတလျှောက်လုံးမှာ ကျွန်တော်တို့ နှစ်ယောက်တည်းပဲ ဘယ်သူမှ မရှိဘူး။ ကျွန်တော် သူမ လျှောက်လာတာကို ကြည့်ရင်း စနောက်ချင်စိတ် ဖြစ်သွားတယ်။

ကျွန်တော်နဲ့ သူမ မျက်နှာချင်းဆိုင်ဆုံကြတော့ ကျွန်တော်က လက်နှစ်ဘက်ဆန့်တန်းပြီး သူမကို ရှောင်မပေးတဲ့အပြင် ထုတ်ဆီးတိုးသလို တားလိုက်တယ်။ သူမကလည်း ဟိုဘက်ရှောင်လိုက် ဒီဘက်ရှောင်လိုက်နဲ့ ပါးစပ်ကလည်း ဘာလုပ်တာလဲ ဒီမှာ သွားစရာရှိလို့ လို့ ပြောတယ်။ ကျွန်တော်က ဘယ်သွားမလို့လဲလို့ မေးတော့ ကွန်ဒုံးသွားဝယ်မလို့တဲ့။

ကျွန်တော်ဆန့်ထားတဲ့ လက်ကို ရုတ်လိုက်မိတယ်။ သူမက ကျွန်တော့်ကို ရှောင်ပြီး သံလမ်းအတိုင်း တောင်ဘက်ထဲကို ထွက်သွားတော့တယ်။ ကျွန်တော့်မှာ သူမရဲ့နောက်ကျောကို ငေးကြည့်မိရင်း အတွေးတွေနဲ့ ဝေဝါးကျန်ရစ်ခဲ့တယ်။ ကျွန်တော် ဒီရပ်ကွက်လေးကိုရောက်တာ မကြာသေးတော့ ဒီသံလမ်းတွေရဲ့ အကြောင်းကို ကျွန်တော် ကောင်းကောင်း မသိသေးတာလည်း ပါတာပေါ့။

နောက်တော့ ဒီသံလမ်းတွေအကြောင်းကို ကျွန်တော် တဖြည်းဖြည်း သိလာခဲ့တာပါပဲ။ ကျွန်တော်က ညနေတိုင်းနေတဲ့ ရပ်ကွက်ကလေးကနေ ဘုရားကြီးကို လမ်းလျှောက်သွားတယ်။ ပုံမှန် ဘုရားဝတ်ပြုတယ် ။ ပြီးရင်း လိပ်ကန်မှာ ခဏထိုင်ငေးတယ်။ ပြီးတာနဲ့ သံလမ်းအတိုင်း လမ်းလျှောက်ပြန်တာပဲ။ နောက်ရက်မှာ သံလမ်းအတိုင်း လမ်းလျှောက်ပြန် လာတော့ မှောင်ရီသန်းနေပြီ။

တနေရာအရောက်မှာတော့ သံလမ်းပေါ် မှာ ထိုင်နေတဲ့ မိန်းကလေးတယောက်ကို တွေ့ရတယ်။ ကြည့်လိုက်တော့ ဟိုနေ့က ကျွန်တော် စနောက် ခဲ့တဲ့ မိန်းကလေး ဖြစ်နေတယ်။ ကျွန်တော်က ဒီနေ့အဖို့ ဝယ်ပြီးပလားလို့ နှုတ်ဆက်လိုက်တယ်။ သူမက ရှင် တဲ့ အံ့သြတဲ့ အမူအရာနဲ့ ကြည့်နေ တယ်။ မင်း မမှတ်မိဘူးလား၊ ဟိုနေ့က ကျွန်တော် လက်နှစ်ဖက်နဲ့ ဟန့်တားပြီး စခဲ့သေးတယ်လေ လို့ ဆိုတော့ သူမက အော်တဲ့။ ဘယ်မှတ်မိမလဲရှင် ကျွန်မက လူအများနဲ့ တွေ့စုံနေရတာ ကိုးတဲ့။

ဒီလိုနဲ့ ကျွန်တော်က ညနေတိုင်း ဘုရားသွားလမ်းလျှောက် ပြန်လာတိုင်း တွေ့တွေ့နေတော့ တယောက်နဲ့ တယောက်က ခင်မင်ရင်းနှီးသလို ဖြစ်လာတယ်။ သူမကို နေ့ရက်တိုင်း တွေ့ရတာတော့ မဟုတ်ပါဘူး။ မတွေ့ရတဲ့ ရက်တွေဆို ဘယ်ကိုများ ပါသွားသလဲမသိဘူးဆိုပြီး ဟိုသည် ရှာကြည့်မိရုံပါပဲ။ ရထားလမ်းရဲ့ ဘေးတဖက်တချက်စီမှာ ချုံပုတ်ကောင်းကောင်းတွေ ရှိတယ်လေ။ နောက်တော့ တွေ့ပါများလာတော့ ကျွန်တော်နဲ့ က ပိုပိုရင်းနှီးလာတယ်။ ကျွန်တော်ကလည်း သူမနဲ့တွေ့ရင် နှုတ်ဆက် စကားပြောနေမိတာပဲ။

တရက်မှာတော့ နှစ်ယောက်သား သံလမ်းပေါ်မှာထိုင်ပြီး စကားပြောဖြစ်ကြတယ်။ ကျွန်တော်က သူ့ဘဝအကြောင်းကို စိတ်ဝင်စားတော့ သူမ ဘဝအကြောင်းကို မေးနေမိတာပေါ့။ သူမကလည်း ကျွန်တော့်ကို ရင်ဖွင့်ပါတယ်။ သူမရဲ့ နာမည်ကတော့ မိနန်းတဲ့။ တဆက်တည်း သူမအကြောင်း ရေးခဲ့ဘူးတဲ့ ကဗျာတပုဒ်ကိုလည်း သတိရလာပြန်တယ်။ အော် နမ်းလို့ အနံ့မထွက်တော့တဲ့ မိနန်း။

ကျွန်မအတွေးအခေါ်တွေ မာကြောကုန်ပြီလား
ခံယူချက်ကတော့ လုံလုံခြုံခြုံပါပဲ
ပေါက်ပြဲနေတဲ့ဘဝကို
သံလမ်းနဲ့ ချုပ်ရိုးသီထားတော့
ကျွန်မအပေါ် ဖြတ်မောင်းသွားတဲ့ ရထားတွေ
ဘယ်နှစ်စင်းရှိပြီဆိုတာလည်း ကျွန်မမသိတော့ဘူး။


သူမနေတာက မြို့သစ်က သိုးခြံမှာ နေတာတဲ့။ ဒီကို ရောက်တာကတော့ သိပ်မကြာသေးဘူး။ ဒီကိုဆိုတာက မန္တလေးကို ရောက်တာကို ပြောတာ ပါ။ အရင်က ဘယ်မှာလဲဆိုတော့ ရွှေလီမှာတဲ့။ အဲဒီမှာ ငါးနှစ်ကျော်ကျော်လောက် လုပ်ခဲ့တာတဲ့။ ဘယ်လိုလုပ် ဒီလိုဘဝမျိုးရောက်ခဲ့တာလဲ ဆိုတော့ သူမဇာတိက ဟို အောက် မြစ်ဝကျွန်းပေါ်ဒေသကလို့ ပြောတယ်။ အဖေက သူမငယ်ငယ်ကတည်းက ဆုံးတာတဲ့။ အမေက နောက်အိမ်ထောင်ယူတော့ ပထွေးက နှိပ်စက်ပြီးရိသဲ့သဲ့လည်း လုပ်တယ်၊ နောက်တော့ သူငယ် နှစ်ယောက်နဲ့ ရန်ကုန်မှာ အလုပ်ရှာလုပ်မယ် ဆိုပြီး ထွက်ခဲ့ကြတယ်။ အလုပ်လိုက်ရှာရင်းက ဈေးထဲမှာတွေ့တဲ့ မိန်းမကြီးတယောက်က ရွှေလီမှာ အလုပ်ရမယ် လခလည်း ကောင်းမယ်။ လုပ်မလားဆိုတော့ ဝမ်းသာအားရနဲ့ လိုက်လာခဲ့တာ၊ ဒီရောက်မှ ရောင်းစားခံရမှန်း သိရတော့တယ်။ ဘာမှမတတ်နိုင် ဘူးလေ၊ ဘဝက ဘာမှ ထူးမှာမှ မဟုတ်တာ။ အဲဒီက အနှိပ်ခန်းတခုမှ ငါးနှစ်လောက် လုပ်လိုက်ရတယ်လို့ ပြောတယ်။ နောက် အသစ်လေးတွေ ရောက်လာတော့ ကျွန်မ တို့က အိုဗာဖြစ်သွားပြီ။ မင်းတို့သွားချင်တဲ့ဆန္ဒရှိရင် သွားလို့ရတယ်ဆိုတော့ ကျွန်မလည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး ပိုက်ဆံတစ်သိန်းခွဲကို ကျစ်ကျစ် ဆုပ်ပြီး ထွက်ခဲ့လိုက်တယ်။ ထွက်သာ ထွက်ခဲ့လိုက်တာ ဘယ်သွားရမှန်းလည်း မသိဘူးလေတဲ့။

ကျွန်မတစ်ကိုယ်လုံးမှာ
အမှောင်နဲ့ ရှထားတဲ့ ဒဏ်ရာတွေ သွေးချင်းချင်းနီလို့။


ကျွန်မက ဒဏ်ရာတွေ အထပ်ထပ်ဖြစ်နေပေမဲ့ နာကျင်ရကောင်းမှန်းလည်း မသိတော့ပါဘူး။ အမှောင်ကိုလည်း ကြောက်ရကောင်းမှန်းလည်း မသိတော့ဘူးလေလို့ သူမက သွေးအေးအေးနဲ့ ပြောတယ်။ တယောက်တည်း မန္တလေးသွားတဲ့ ကားပေါ်တက်လိုက်ခဲ့လိုက်တယ်။ ကားပေါ်မှာ ခုံချင်းကပ်လျက်က အစ်မကြီးနဲ့ စကားပြောရင်း ရင်းနှီးသွားတယ်။ သူက ဘယ်သွားမှာလဲ မေးလို့ ဘယ်သွားရမှန်း မသိလို့ အစ်မကြီးတို့ရပ်ကွက်ထဲ အိမ်ခန်းငှားမဲ့သူများ မရှိဘူးလား မေးကြည့်မှ ရှိတယ်လိုက်ခဲ့ဆိုလို့ ဒီကို ရောက်လာတာပဲတဲ့။ ပြောနေတဲ့ သူမရဲ့ အသံဟာ ဘာခံစားမှုမှ ပါမနေတဲ့ အသံမျိုးပါပဲ။

ကရုဏာရှင်မျက်လုံးတွေက
ကျွန်မ ခြေလှမ်းတိုင်းဟာ
လမ်းပေါ်မှာပဲ ကျွံဝင်နေတယ်တဲ့၊
ဓါတ်တိုင်အောက် ကျွန်မဝင်လိုက်တာနဲ့
ဓာတ်တိုင်ကမီးလည်း မှောင်ကျသွားတယ်ဆိုလား
ပြောနေကြတာပဲ
ဘ၀အကြောင်း ကျမ်းကျေတဲ့ လူတွေ။


ဒီကိုရောက်လာတော့လည်း ကျွန်မ ဘာလုပ်စားရမှန်း မသိဘူး။ ရပ်ကွက်ထဲက မိန်းမတွေကလည်း အသစ်ရောက်လာတဲ့ ကျွန်မကို အကဲခတ် နေကြတယ်။ မမြင်ကွယ်ရာမှာ ကျွန်မအတင်းကို ပြောနေကြမှာပေါ့။ နောက်တော့လည်း ရပ်ကွက်ထဲမှာ ကျွန်မလို မိန်းမတွေ ရှိတယ်ဆိုတာ သိလာ ရတာပါပဲ ။ အခု ဒီသံလမ်းကို ရောက်လာတာ ရပ်ကွက်ထဲက မိန်းမတစ်ယောက်ရဲ့ အဆက်နဲ့ပေါ့တဲ့။ ကျွန်တော်က သူမပြောသမျှ အင်းအဲ လိုက်နေရတာပါပဲ။

အညှီနံ့ထွက်သွားမှာစိုးလို့ ကျွန်မအော်မရယ်တော့ပါဘူး
ကျွန်မ သိပ်ရယ်ချင်တာပဲ ကျွန်မ ပြောပြလိုက်ပါတယ်
ဟောဒီအိတ်ထဲက နှုတ်ခမ်းနီတောင့်ဟာ
ပင့်သက်တွေကို ခြွေခြွေချနေတဲ့ ကျည်ဆံပဲဆိုတာ
အဲဒီခြိမ်းခြောက်မှုနဲ့
ကိုယ့်ကိုယ်ကိုယ် တန်ဆာခံလုပ်ထားတာ။


လူတွေရဲ့ အကြည့်တွေကိုတော့ ကျွန်မတော်တော်လေး စိတ်ပျက်မိတယ် သိလား။ ကျွန်မအသားနဲ့များ ထိလိုက်ရင် တခုခု ဖြစ်သွားတော့မလိုမျိုး ကျွန်မကို ရွံနေကြတာ။ စိတ်ထဲမှာ ရယ်ချင်စိတ် ဖြစ်မိပေမဲ့ ညတိုင်ညတိုင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာတော့ ကြာပါပြီ။ ငါ သူတို့နဲ့ ဘာတွေများ ကွာခြားသွားလို့လဲလို့ တွေးတွေးနေမိတာပဲတဲ့။ သူမစကားတွေ နားထောင်နေရပေမဲ့ ကျွန်တော့်မှာ ကောင်းသည်ဆိုးသည် ဝေဖန်မှု မပြုမိပါဘူး။

ဒီခန္ဓာကြီး ရလာမှတော့
အရင်းအနှီးက လိုဦးမလား
ဆရာဝန်မဖြစ်နိုင်တဲ့ ကျွန်မက
ဖြစ်နိုင်တာနဲ့ တင်ဆက်ရတာပဲလေ။


ကျွန်မ ငယ်ငယ်က ကျောင်း ခုနှစ်တန်းလောက်အထိတော့ နေဘူးပါတယ်။ ဘွဲ့ရသည်အထိ နေချင်ပေမဲ့ အဆင်မပြေတော့ ကျောင်းထွက် လိုက်ရတယ်။ တကယ်လို့များ ကျွန်မဆယ်တန်းဖြေခဲ့ရရင် ဆေးကျောင်းအမှတ်မမှီဘူးလို့ ဘယ်ပြောလို့ရပါ့ မလဲ။ ကဲပါလေ ထားပါတော့ ချေးခြောက်ကို ရေနူးမနေချင် တော့ပါဘူးတဲ့။ ပြောရင်းက သူမက အမှောင်ထဲကို စိုက်ကြည့် နေတယ်။

ကျွန်မ ဟိုတုန်းက အချစ်ဦးနဲ့ ဒဏ်ရာရဘူးတယ်
အဲဒါ သွေးက အခုချိန်အထိ မတိတ်တော့ဘူး
ကျွန်မရဲ့ သွေးနဲ့ ထိရင်
ဘယ်အရာမှ စိမ်းလန်းနေလို့ မရဘူး
ကျွန်မအရိပ်မိတဲ့ မြက်ပင်တွေကို ကြည့်လေ ပိပြားလို့
ဘယ်သူနဲ့ ဖြစ်ဖြစ် ဆုံမှတ်မရှိတဲ့ သံလမ်းနှစ်ခုလို
ကျွန်မတွဲခေါ်သွားလိုက်တာပဲ။


ကျွန်မ မကောင်းတာ လုပ်နေပေမဲ့ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပါတယ်။ သွေးပုံမှန် စစ်တယ်။ ဆေးလည်း ပုံမှန်စားတာပဲ။ ဘယ်သူနဲ့ ဖြစ်ဖြစ် ကျွန်မက အကာအကွယ်နဲ့ပဲ သွားတာလို့ ပြောတယ်။ ကျွန်တော်က ကြားဖြတ်ပြီး ငယ်ငယ်က ရည်စားမထားခဲ့ဘူးလားလို့ မေးကြည့်တော့ ထားခဲ့ဘူးတာပေါ့ရှင်၊ ရန်ကုန်ကို ထွက်ခဲ့တဲ့ နေ့ကစပြီး အဆက်အသွယ်ပြတ်သွားတာပဲတဲ့။

ကျွန်မက တစ်လမ်းမောင်းလေ
ပြန်ခေါက်လို့ မရတော့ဘူး
တံတားကျိုးနေလည်း ဆက်သွားရမှာပဲ။


ကျွန်တော်က သူမကို ဒီဘဝကို စွန့်ပြီး ကောင်းရောင်းကောင်းဝယ်လေးနဲ့ လုပ်မစားချင်ဘူးလားလို့ မေးကြည့်တော့ မလုပ်ချင်တော့ပါဘူး။ လုပ်လည်း ဒီဘဝထက်ပိုလို့လည်း ချမ်းသာလာမှာ မဟုတ်ပါဘူးလို့ ပြောပြီး တဆက်တည်း သူမက ကဲ စကားပြောလို့လည်း ကောင်းတယ်။ ဘယ်နှစ်နာရီထိုးပြီလဲတောင် မသိဘူး။ ကျွန်မလည်း ဒီအနားတဝိုက် လှည့်လိုက်ဦးမယ် ဆိုပြီး သံလမ်းအတိုင်း ရှမ်းစုဘူတာဘက်ဆီ ထွက်သွား တော့တယ်။

ဒါနဲ့ ပြောရဦးမယ်
ရှင် ကျွန်မကို လမ်းမှာတွေ့ရင်
နှုတ်မဆက်နဲ့နော်
ကျွန်မ ရှင့်ကို မှတ်မိမှာ မဟုတ်ဘူး။


ကျွန်တော်တို့ နှစ်ယောက်ကတော့ တယောက်နဲ့ တယောက် မှတ်မိနေရုံသာမက တွေ့တိုင်း နှုတ်ဆက် စကားပြောလို့ ခင်မင်ရင်းနှီးနေသည့် အဆင့် သို့ပင် ရောက်နေခဲ့လေပြီ။ ကျွန်တော်က အတိတ်က အကြောင်းကိုတွေးနေရင်းက သံလမ်းပေါ်က ဖဲ့ဆင်းလိုက်ပြီး ဘုန်းကြီးကျောင်းဘေးက လမ်း ကျဉ်းလေးထဲ ကို ချိုးဝင်လိုက်တယ်။ အခုတော့ အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပြီ။ သံလမ်းပေါ်မှာတော့ ရထားတွေဟာ ပြေးလွှားနေဆဲ။

အော် မိနန်း မိနန်း ဘယ်တွေရောက်လို့ ဘယ်လိုတွေ ဖြစ်နေပါလိမ့်။ ။

စိုးခိုင်ညိန်း
၁၇၊ ၂၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments