မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅-၁၉၈ဝ) – အပိုင်း (၅၉)

March 13, 2018

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅-၁၉၈ဝ) – အပိုင်း (၅၉)
(မိုးမခ) မတ်လ ၁၃၊ ၂ဝ၁၈

● အရှေ့မြောက်စစ်ဒေသရှိ စစ်ဒေသယူနစ်များ
အရှေ့မြောက်စစ်ဒေသဌာနချုပ်၌ ခရိုင်များ အဓိကတပ်မဟာများအား ပံ့ပိုးနိုင်ရေးအတွက် အထောက်အကူပြု ယူနစ်များ ဖွဲ့စည်းထားရှိသည်။ အဓိကအရေးပါသောယူနစ်များမှာ ဆက်သွယ်ရေးဌာန၊ ဆေးဖက်ဆိုင်ရာဌာန၊ ထောက်ပံ့ရေးဌာနတို့ ဖြစ်သည်။

ဆက်သွယ်ရေးဌာန၌ ကြိုးမဲ့ကြေးနန်းယူနစ်။ တယ်လီဖုန်းဆက်သွယ်ရေးယူနစ်၊ ကြားဖြတ်ဆက်သွယ်ရေးယူနစ်များရှိ သည်။ ပါတီဗဟိုနှင့်၎င်း အောက်ခြေတပ်မဟာများ ခ၁ရိုင်များနှင့်၎င်း ကြိုးမဲ့ကြေးနန်းကိုင်တွယ်သည့်ရဲဘော်များ၊ ဝှက်စာ ကိုင်သည့်ရဲဘော်များ လေ့ကျင့်ရေးရော လက်တွေ့တာဝန်ပါထမ်းဆောင်ကြရသည်။ တယ်လီဖုန်းဆက်သွယ်ရေးနှင့်ပတ် သက်၍ အခြေခံဒေသအား ကာကွယ်ထားသည့်တောင်ကုန်းများနှင့် ဆက်သွယ်ရေးသာမက ပန်ဆန်းကွင်း၊ မုန်းကိုးကွင်း အတွင်းရှိ ဌာနယူနစ်ပေါင်းစုံချိတ်ဆက်နိုင်ရေးအတွက် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ တပ်ဆင်ခြင်း၊ အိပ်ချိန်းရုံးထားရှိဆောင်ရွက်ခြင်း၊ ထိမ်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ကြရသည်။ ဆက်သွယ်ရေးဌာနတွင် အရေးပါသော ယူနစ်မှာ ကြားဖြတ်ဆက်သွယ်ရေးယူနစ်ဖြစ်သည်။ အရှေ့မြောက်ရှိ အဆိုပါယူနစ်အား အမှတ် ၃ စက်စုဟုခေါ်သည်။ အစိုးရတပ်ရင်း၊ ဗျူဟာနှင့်တပ်မတို့ကြားရှိ ကြေးနန်းဆက်သွယ်ရေးအား ကြားဖြတ်ဖမ်းယူသည့် ယူနစ်ဖြစ်သည်။ ရေဒီယိုတယ်လီဖုန်းဖြင့် တိုက်ရိုက်ပြောခြင်းအား ဖမ်းယူနားထောင်ရသည်မှာ မခက်သော်လည်းကြိုးမဲ့ကြေးနန်းဖြင့်ပို့သော ဝှက်စာများကို ဖေါ်ယူရ သည်ကတော့ ခက်ခဲလက်ဝင်သည်။ အစိုးတပ်ဖွဲ့များ အထက်နှင့်အောက်အပြန်အလှန်ပေးပို့သော ဝှက်စာများမှ တပ်တည်၊ တပ်လှုပ်၊ စီမံချက်များရယူပြီး အစိုးရတပ်များ၏သတင်းကို ရယူည်။ ဤယူနစ်တွင် ထက်မြက်သော၊ ဉာဏ်ကောင်းသော ရဲဘော်များကို ရှာဖွေအသုံးပြုကြရသည်။ ဤယူနစ်သည် လျှို့ဝှက်ရန်လိုအပ်မှုကြောင့် မထင်ပေါ်သော်လည်း အရှေ့မြောက် စစ်ဆင်ရေးများတွင် အလွန်အရေးပါသောအခန်းက ပါဝင်ခဲ့သည်။ ထိုယူနစ်အား မူလက တရုတ်ပြည်မှလာသော ရဲဘော် များက တာဝန်ယူသော်လည်း ၁၉၇၅ နောက်ပိုင်းတွင် ပဲခူးရိုးမနှင့် ရှမ်းပြည်အလယ်ပိုင်းတို့တွင် ကြားဖြတ်အတွေ့အကြုံ ရှိသည့်ရဲဘော်များ ရောက်ရှိအားဖြည့်ပြီးနောက် ပိုမိုအားကောင်းလာခဲ့သည်။

ဆေးဖက်ဆိုင်ရာဌာနအနေနှင့် အရှေ့မြောက်စစ်ဒေသ၌ အဓိကတာဝန်ယူသူများမှာ ဦးကျော်စွာ (စစ်ချွမ်းရဲဘော်ဟောင်း) နှင့် ဆရာမကြီး မာရွယ် (ရဲဘော်နော်ဆိုင်းဇနီး) တို့ဖြစ်ကြသည်။ ထို့ပြင် ပန်ဆန်း၌ စစ်ဒေသ ဆေးရုံအားဖွင့်လှစ်ထားရှိသည်။ စစ်ဒေသဆေးရုံ၏နိုင်ငံရေးမှူးမှာ ရဲဘော်လွန်းမြော် (ကွေ့ကျိုးရဲဘော်ဟောင်း)၊ ဆေးရုံအုပ်မှာ ဆရာမဟဲလင် (ကွေ့ကျိုး ရဲဘော်ဟောင်း) တို့အပြင် ဆရာမ မာဂရက် (ကွေ့ကျိုးရဲဘော်ဟောင်း) တို့လည်း ပါဝင်ကြသည်။ ထိုဆေးရုံ၌ပင် ၁၉၇၃ မှ ၁၉၇၅ ခုနှစ်အတွင်း တရုတ်ပြည် လက်ဝဲကူညီရေးမှ ရဲဘော်များမှ ဆေးသင်တန်းဖွင့်လှစ်ခဲ့ပြီး ထိုဆေးသင်တန်းဆင်း ရဲ ဘော်များက စစ်ဒေသတွင်း ဖြန့်ခွဲတာဝန်ယူခဲ့ကြသည်။ စစ်ဒေသဆေးရုံသည် ပန်ဆန်းတွင် အခြေစိုက်သည်ဆိုသော်လည်းစစ်ဆင်ရေးကြီးများရှိပါက ထုတ်နုတ်အင်အားများဖြင့် ရှေ့တန်းသို့ အနီးကပ်သွားရောက်၍ စစ်မြေပြင်ဆေးရုံဖွင့်လှစ်ပေးရသည်။ စစ်မြေပြင်ဆေးရုံ၌ လိုအပ်သည့်အရေးပေါ်ကုသမှုပြုလုပ်ပြီးမှ နောက်တန်းဆေးရုံသို့ ပို့ဆောင်ရသည်။

စစ်ဒေသဆေးရုံသာမက ခရိုင်အလိုက်ဆေးရုံများလည်း ဖွင့်လှစ်ထားရှိသည်။ သို့သော် ပန်ဆန်းဆေးရုံ အားကောင်းသော ကြောင့် ဝ တောင်နှင့် ဝ မြောက်ရှိ လူနာများအား ပန်ဆန်းဆေးရုံသို့ ပို့ဆောင်ကြသောကြောင့် ဝ တောင်နှင့် ဝ မြောက် ခရိုင် ဆေးရုံများ အားမကောင်းခဲ့ပါ။ တရုတ်ရဲဘော်များတာဝန်ယူသည့် ကိုးကန်ခရိုင်ဆေးရုံနှင့် ဆရာမဒေါ်နှင်းရီတာဝန်ယူသည့် နမ့်ခမ်းခရိုင်ဆေးရုံတို့မှာ အသင့်တင့်လည်ပတ်နိုင်သည်ဟု ဆိုရမည်။ ပန်ဆန်းဆေးရုံပြီးလျင် အားအကောင်းဆုံးဆေးရုံမှာ ကွတ်ခိုင်ခရိုင်ဆေးရုံဖြစ်သော မန်ကန်ဆေးရုံဖြစ်သည်။

မန်ကန်ရွာသည် မုန်းကိုးကွင်း၏ အနောက်တောင်ဖက် တောင်ကြောပေါ်တွင်ရှိသည်။ ကချင်ရွာလေးဖြစ်သည်။ ကွတ်ခိုင် ခရိုင်ဆေးရုံသည် ကွတ်ခိုင်ခရိုင်သာမက တပ်မဟာ ၂ ဆေးအဖွဲ့မှလွှဲလာသော လူနာများလက်ခံရန်ရည်ရွယ်ထား၍ ပို၍ အားကောင်းအောင် ဖွဲ့စည်းထားခြင်းဖြစ်ပုံရသည်။ ဆေးရုံနိုင်ငံရေးမှူးမှာ ဆရာမဒေါ်ငွေ (ပြည်မမှရဲဘော်ဟောင်း)၊ ဆေးရုံ အုပ်မှာ ရဲဘော်လထော်ဂမ် (ကွေ့ကျိုးရဲဘော်ဟောင်း)၊ ဒုဆေးရုံအုပ်မှာ ရဲဘော်နော်မိုင် (ကွေ့ကျိုးရဲဘော်ဟောင်း) တို့ဖြစ် ကြသည်။ ထို့ပြင် ဆရာမခွမ်ရှောင် (ကွေ့ကျိုးရဲဘော်ဟောင်း) တို့လည်း ပါဝင်ကြသည်။ ၁၉၇၈ ခန့်တွင် ပန်ဆန်းဆေး ကျောင်းဆင်း ရဲဘော်မာထု (ဒေသခံရဲဘော်) စသည်တို့ဖြင့် ထပ်မံအားဖြည့်သည်။

အရှေ့မြောက်စစ်ဒေသအတွက် ကနဦးဆေးဘက်ဆိုင်ရာ တာဝန်ယူကြသူများသည် ကွေးကျိုးရဲဘော်ဟောင်းများဖြစ်သည့် ဗိုလ်နော်ဆိုင်းတပ်မှရဲဘော်များက ပို၍များသည်။ ဗိုလ်နော်ဆိုင်းတပ် တရုတ်ပြည်မဝင်မှီ နမ့်ခမ်းမြို့အားဝင်ရောက်စီးနင်းပြီး နမ့်ခမ်းဆေးရုံ (ဒေါက်တာဆီးဂရေ့ဆေးရုံ) မှ သူနာပြုဆရာမများကို သိမ်းသွင်းခေါ်ဆောင်သွားခဲ့သည်။ (ဖမ်းဆီးခေါ် ဆောင်သွားသည်ဟုလည်း ဆိုကြသည်)။ ထိုသူနာပြုဆရာမများ ဗိုလ်နော်ဆိုင်းအပါ ဗိုလ်နော်ဆိုင်းတပ်ဖွဲ့ဝင်များဖြင့် အိမ် ထောင်ကျခဲ့ကြပြီး အရှေ့မြောက်စစ်ဒေသဖွင့်လှစ်ရာတွင် ဆေးဘက်ဆိုင်ရာတာဝန်များယူခဲ့ကြသည်။

အရှေ့မြောက်စစ်ဒေသ ပန်ဆန်းတွင် ၁၉၇၃ မှ ၁၉၇၅ အထိ ဆေးသင်တန်းဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း ၁၉၇၅ ခုနှစ်၌ ယူနန် ပြည်နယ် ခွင်းမင်မြို့တွင် ဖွင့်လှစ်သည့် ဆေးကျောင်းသို့လည်း CPB မှ အင်အား ၂ဝ ခန့်စေလွှတ် သင်ကြားခဲ့သည်။ ထို ဆေးကျောင်းမှာ ၃ နှစ်သင်တန်းဖြစ်ပြီး ခွဲစိတ်ပညာ ဘာသာရပ်ပါ ပါဝင်သည်။ မြန်မာပြည် ကျန်းမာရေးမှူး ၂ နှစ်သင် တန်းထက်မြင့်ပြီး ယခင်အိန္ဒိယပေးသည့် LMP ဘွဲ့နှင့်ခပ်ဆင်ဆင်ဟု ဆိုနိုင်ပါသည်။ ထိုခွင်းမင် ဆေးကျောင်းဆင်းများသည် ၁၉၇၈ ခုနှစ်မှစ၍ ဒေသတွင်း ပြန်လည်တာဝန်ယူနိုင်ခဲ့ကြသည်။

အရှေ့မြောက်စစ်ဒေသ ထောက်ပံ့ရေးတာဝန်ခံကား ဦးကျော်စိန် (စစ်ချွမ်းရဲဘော်ဟောင်း) ဖြစ်သည်။ အရှေ့မြောက်စစ်ဒေ သသို့ တရုတ်ကကူညီသည့် ထောက်ပံ့ရေးပစ္စည်းများသည် အဓိကအားဖြင့် ပါတီဗဟိုထောက်ပံ့ရေးတာဝန်ခံ ဗဟိုကော်မတီ ဦးစံသူမှတဆင့်ဖြတ်သန်းပြီး ပန်ဆန်းသို့ရောက်ရှိသည်။ ထိုစဉ်က တရုတ်ကွန်မြူနစ်ပါတီက ထောက်ပံ့သော ပစ္စည်းများမှာ အဓိကအားဖြင့် ဆန်၊ ဆီ၊ စစ်ယူနီဖေါင်းနှင့် စစ်လက်နက်ပစ္စည်းခဲယမ်းမီးကျောက်များ၊ ဆေးပစ္စည်းများ၊ ဆက်သွယ်ရေး ပစ္စည်းများ၊ မော်တော်ယဉ်များပါဝင်သည်။ ထို့ပြင် မုန်းကိုးနှင့်ပန်ဆန်းတွင် ရေအားလျှပ်စစ်စက်ရုံတခုစီလည်း ၁၉၇၆/၇၇ အတွင်းဆောက်လုပ်ပေးခဲ့သည်။ အစောပိုင်းကာလက အယ်ဘေးနီးယားကွန်မြူနစ်ပါတီမှကူညီသော သက္ကလပ်စောင်ပြာ များလည်း ထောက်ပံ့ရေးပစ္စည်းများတွင် ပါဝင်သည်ကို တွေ့ရသည်။

စစ်ဒေသထောက်ပံ့ရေးဌာနသည် ဝ မြောက်ခရိုင်၊ ဝ တောင်ခရိုင်နှင့် ဝ နယ်ရှိ တပ်မဟာများ ဆက်လက်ဖြန့်ဝေသည်။ ၁၉၇၇/၇၈ ခန့်တွင် ပန်ဆန်းတွင် ကားလမ်းစတင်ဖေါက်လုပ်အသုံးပြုပြီဖြစ်၍ စစ်ဒေသထောက်ပံ့ရေးဌာန၌ မော်တော် ယဉ်ဌာနပါ ထပ်မံဖွင့်လှစ်ခဲ့သည်။သို့သော် ဒေသတွင်းလမ်းပမ်းဆက်သွယ်ရေးမှာ ခက်ခဲနေဆဲဖြစ်ရာ ကိုးကန့်ခရိုင်၊ ကွတ် ခိုင်ခရိုင်၊ နမ့်ခမ်းခရိုင်နှင့် တပ်မဟာ ၂ တို့အား စစ်ဒေသမှတဆင့်ထောက်ပံ့ရန် မဖြစ်နိုင်ခဲ့ပေ။ သို့ဖြစ်ရာ ပါတီဗဟို ထောက်ပံ့ ရေးဌာနနှင့် တရုတ်တို့၏ ညှိနှိုင်းစီစဉ်ဖြင့် ကိုးကန့်ခရိုင်အတွက် ကိုးကန့်ဒေက ရန်လုံကျိုက်သို့လည်းကောင်း၊ ကွတ်ခိုင် ခရိုင်နှင့် တပ်မ ဟာ ၂ အတွက် မုန်းကိုးသို့လည်းကောင်း၊ နမ့်ခမ်းခရိုင်အတွက် မန်ရှိုးသို့လည်းကောင်း၊ KIA အားတပ် ဆင် မည့်လက်နက်များအား ကောက်ကွတ်သို့လည်းကောင်း တိုက်ရိုက်ပို့ဆောင်ပေးခဲ့သည်။

ထို့ပြင် ၂ဝ၂ စစ်ဒေသအတွက် ထောက်ပို့ပစ္စည်းများအား မန်ရှိုးသို့ ပို့ဆောင်ပေးသည်။ ၂ဝ၂ ထောက်ပံ့ရေးဂိုဒေါင်အား မန်ရှိုးတွင် ဆောက်လုပ်ထားရှိပြီး၂ဝ၂ ထောက်ပို့တာဝန်ခံ ရဲဘော်ကြည်မောင် (စစ်ချွမ်းရဲဘော်ဟောင်း) က တာဝန်ယူသည်။ မန်ရှိုးမှတဆင့် ၂ဝ၂ ဒေသသို့ လူနှင့်ထမ်း၍လည်းကောင်း၊  လား၊ မြင်းများအသုံးပြု၍လည်းကောင်း အလီလီပြန်သယ်ရသည်။

တကယ်လက်တွေ့တွင် စစ်တိုက်ကြဖို့အတွက် လက်နက်ခဲယမ်းနှင့်စစ်သည်များသာ လိုအပ်သည်မဟုတ်ပေ။ စစ်မြေပြင် တွင် တိုက်ခိုက်သည့်တပ်ရင်းတပ်ဖွဲ့များအတွက် လိုအပ်သည့်ဆက်သွယ်ရေး၊ ဆေး၊ ထောက်ပံ့ရေးစသည့်လက်ရုံးတပ်ဖွဲ့ များဖွဲ့စည်းရန် လိုအပ်သကဲ့သို့ လိုအပ်သည့်နည်းပညာများ တတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေးရန် လိုအပ်သည်။ နိုင်ငံရေးအရ မကျေလည်၍ သူပုန်ထသည်ဆိုသည်ကလည်း လွယ်ကူလှသည်တော့ မဟုတ်ပေ။ မြောက်များစွာသောပြဿနာ များကို ဟန်ချက်ညီဖြေရှင်းပေးနိုင်ရန် လိုအပ်ပေသည်။

● တပ်မဟာ ၆၈၃
တပ်မဟာ ၅ အား ၆၈၅ နှင့် ၆၈၃ ဟူ၍ တပ်မဟာ ၂ ခုခွဲထုတ်လိုက်ပြီးနောက် တပ်မဟာ ၆၈၃ သည် အရှေ့မြောက်စစ်ဒေသ၏တပ်ဖြစ်သော်လည်း ပါတီဗဟိုစစ်ကော်မရှင်၏ ၇၅၁ဝ စစ်ရေးစီမံကိန်းတွင် နယ်မြေသစ်တိုးခဲ့ရေးတာဝန်ပေးခံရသည်။ အစောပိုင်းကာလတွင် ပါတီဗဟိုစစ်ကော်မရှင်နှင့် အရှေ့မြောက်စစ်ဒေသ၏ ပူးတွဲကွပ်ကဲမှုအောက်တွင်ရှိသည်ဟု ဆိုနိုင် သည်။

၇၅၁ဝ စီမံကိန်းအရ သံလွင်မြစ်အား မိုင်းရှူးနှင့် တန့်ယန်းကြားဖြတ်၍ ကျောက်ဂူ၊ နောင်ဝိုး၊ နောင်လုံအခြေစိုက် CPB ၁ဝ၈ စစ်ဒေသနှင့် သံလွင်မြစ်ကြား အခြေခံဒေသသစ်တည်ဆောက်ရန် တာဝန်ပေးခံရသည့် တပ်မဟာ ၆၈၃ ၏ ကနဦးပိုင်း ကာ လများသည် လွန်စွာခက်ခဲခဲ့သည်။ အစိုးရ တပ်မ ၇၇ ၏ ပြင်းထန်သော ထိုးစစ်များကို ကြုံခဲ့ရသည်။ ထို့ကြောင့် ၂ လခန့် အကြာတွင် မြစ်ကူး၍ မိမိတို့အခြေခံဒေသဟောင်းထဲသို့ ပြန်ဝင်လာရသည်။ နောက်ပိုင်း ထပ်မံပြန်လည်ဝင်ရောက်သောအခါ အဓိက SSPP ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရလလဖ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့တို့နှင့်တွဲ၍ လှုပ်ရှားခဲ့ရ သည်။ တရုတ်နယ်စပ်အား ကျောပေး၍ စစ်တိုက်လာခဲ့ရာမှ ရန်သူပတ်လည်ဝိုင်းနေသည့် ပြောက်ကျားဒေသတွင်း လှုပ်ရှား ရာတွင် စစ်ရေးအရ ပြန်လည်တုန့်ပြန်ရန် အသားကျရန် အချိန်ယူနေရပေသည်။

ကနဦးဝင်ရောက်သည့် တပ်မဟာ ၆၈၃ တွင် တပ်ရင်း ၃ ရင်းပါဝင်သည်။ ရင်း ၅ဝ၂၊ ရင်း ၄ဝ၄၅၊ ရင်း ၄ဝ၄၇ စသည့် တပ်ရင်း ၃ ရင်းဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် ရင်း ၄ဝ၄၆ ကို ထပ်မံအားဖြည့်သည်။ ကနဦး တပ်မဟာ ၆၈၃ ၏ နိုင်ငံရေးမှူးမှာ ရဲဘော် လီကျုံးချန်း (ကိုးကန့်)၊ တပ်မဟာမှူး ယန်ကြုံးဝေ၊ ဒုနိုင်ငံရေးမှူးလီစစ်ရို၊ ဒုတပ်မဟာမှူးရဲဘော်ပေါက်ယိုချမ်း (လက်ရှိ UWSA ခေါင်းဆောင်) တို့ဖြစ်ကြသည်။ (ထိုတပ်မဟာမှ ခေါင်းဆောင်များသည် လက်ရှိ UWSA ၏ အဓိက ခေါင်းဆောင် များဖြစ်လာကြသည်။ ဦးပေါက်ယိုချမ်းသည် လက်ရှိ UWSP/UWSA ၏ အဓိကခေါင်းဆောင်ဖြစ်သည်။ လီစစ်ရိုမှာ တရုတ် ပြည် ပေါက်စမ်းမြို့သား တရုတ်ဖြစ်သည်။ သူသည်လည်း ၁၉၈၉ ခုနှစ် UWSA ခွဲထွက်ရာတွင် ပါဝင်ခဲ့ပြီး UWSP ဗဟိုကော် မတီတဦးဖြစ်သည်။(လီစစ်ရိုမှာ ၂ဝဝဝ ခုနှစ်စွန်းစွန်းပိုင်းက ကွယ်လွန်သွားခဲ့သည်။) ရင်း ၄ဝ၄၆ ဒုရင်းမှူး ရဲဘော်ကျောက်ကျုံး တန်းမှာ လက်ရှိ UWSA ၏ ဒုတပ်မှူးကြီးနှင့် စစ်ဦးစီးချုပ်ဖြစ်သည်။)

၁၉၇၇ ခုနှစ်က ပါတီဗဟိုစစ်ကော်မရှင်၏ ၇၅၁ဝ စီမံကိန်း၏ အဆက်ဖြစ်သည် တပ်မဟာ ၆၈၃ ၏ နယ်မြေသစ်တိုးချဲ့ရေးသည် ပါတီဗဟိုစစ်ကော်မရှင်၏ အဓိကစစ်ရေးရည်မှန်းချက်ဖြစ်သည်။ ထိုအချိန်က တပ်မဟာ ၆၈၃ သည် အစိုးရတပ်မ ၇၇ ၏ ထိုးစစ်ကို ကြုံနေရသည့်ကာလဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်