နိုင်​ဝင်းသီ ● လူနာ​ဆောင်​အမှတ်​​ခြောက်​နှင့်​​ တွေ့ဆုံခြင်း

March 16, 2018

နိုင်​ဝင်းသီ ● လူနာ​ဆောင်​အမှတ်​​ခြောက်​နှင့်​​ တွေ့ဆုံခြင်း
(မိုးမခ) မတ်လ ၁၆၊ ၂၀၁၈

နှင်း​တွေ …
နှင်း​ရေစက်​​တွေ …
ဘယ်​​နေရာကြည့်​လိုက်​  ကြည့်​လိုက်​ဆွတ်​ဖြူနုလွ​နေ​သော နှင်းဖတ်​နှင်းခဲ​တွေကို သာ လှမ်း၍ မြင်​​နေရသည်​။

ကြည်​လင်​​အေးစက်​​နေ​သော ကန်​​ရေပြင်​ ဟိုဖက်​ဆီမှ ပင်​လယ်​ကဗွီးပင်​ကြီးများ ပင်​ နှင်းမြူထဲမှာ နစ်​မြုပ်​​နေ​လေသည်​။

သူကပဲ ​စောပြီး​ရောက်​​နေလို့လား။ ဒါမှမဟုတ်​ နှင်း​ရေစက်​​တွေကပဲ  သည်းသည်းရိုင်းရိုင်း ပြိုအိကျ​နေလို့ပဲလား​တော့မသိ။

ရေပြာကန်​န​ဘေးက ​မြေဝါလမ်း​ကွေး​ကွေး​လေး​ပေါ်မှာ ခါတိုင်းရက်​များကလို လမ်း​လျှောက်​​နေသူ တဦးတ​ယောက်​ကိုမှ သူ မ​​တွေ့ရပါ။

ခြေလှမ်းမှန်​မှန်​နှင့်​ သူလျှောက်​​နေစဉ်​မှာပင်​ သူ့​ရှေ့ခပ်​လှမ်းလှမ်း နှင်းသားပြာပြာထဲမှ ကုပ်​ကုပ်​ရုပ်​ရုပ်​ထွက်​လာ​သော လူတယောက်​​ကို ရုတ်ချည်းသူ မြင်​လိုက်​ရသည်​။

ထူးခြားမှုတ​ခုမှာ ထိုလူသည်​ လမ်း​လျှောက်​လာရင်းနှင့်​ ​ချောင်း​တွေတဟွပ်​ဟွပ်​ဆိုးလာခြင်းပင်​။

သူ၏​ချောင်းဆိုးပုံမှာ ပြင်းထန်​လွန်းလှ​သော​ကြောင့်​ သူ့​ရှေ့မှ နှင်းစက်​များပင်​ လွင့်​ရှဲသွား​လေမလားဟု ထင်​မှတ်​ရ​လေသည်​။

တခါတ​ရံမှာ​တော့ ​ချောင်း​တွေ အဆက်​မပြတ်​ထ ထဆိုး​နေတာကိုပဲ စိတ်​မရှည်​​တော့လို့ပဲလား။ ဒါမှမဟုတ်​ တ​စုံတခုခုကို မ​ကျေမနပ်​ ဖြစ်​​နေလို့ပဲလား​တော့မသိ။ ချောင်း​တွေ တဟွပ်​ဟွပ်​ဆိုး​နေရင်းကပဲ ခုန်​​ပေါက်​​နေပြန်​​လေသည်​။

ထိုလူ့ကိုကြည့်​ပြီး​တော့ သူ အ​တော့်​ကိုစိတ်​ပျက်​သွားပါသည်​။

ဒီ​လောက်​​ချောင်းဆိုး​နေတဲ့ လူတ​ယောက်​ဟာ အခုလို နံနက်​ခင်းမျိုးမှာ လမ်းထ​လျှောက်​ဖို့ မ​ကောင်းလှပါဘူး။

ထိုလူသည်​ ​ချောင်း​တွေတဟွပ်​ဟွပ်​ဆိုး​နေရင်းကပင်​  မျက်​နှာချင်းဆိုင်​မှ လျှောက်​လာ​သော သူ့ကို တချက်​က​လေးငဲ့ကြည့်​​ဖော်​မရဘဲ ​ရှေ့ဆက်​၍ ​လျှောက်​သွား​လေသည်​။

သူနှင့်​ အနီးကပ်​ဆုံး​နေရာမှ ဖြတ်​​လျှောက်​သွား​သော ထိုလူ့ကို မြင်​လိုက်​​ရ​​သောအခါ သူ့ မျက်​လုံး​တွေက ဝိုင်းစက်​အံ့သြသွား​လေသည်​။

ပန်းနု​ရောင်​မျက်​နှာ၊ ပါးလှပ်​ချွန်​မြ​နေ​သော နှာတံ၊​သွေ့ခြောက်​ညိုးရီ​နေ​သော မီးခိုး​ရောင်​မျက်​လုံးများ။

ဟုတ်​ပြီ …ဟုတ်​ပြီ …

ထိုလူ့​နောက်​ကို သူ အ​မောတ​ကော​ပြေး၍ လိုက်​သွားပြီး …

“လူ …လူကြီးမင်းဟာ ချက်​​ကော့ဗ်​ပါလားခင်​ဗျာ”

ရှေ့တည့်​တည့်​မှ ပိတ်​ရပ်​လိုက်​ပြီး သူစိတ်​လှုပ်​ရှားစွာ ​မေးလိုက်​​သော်​လည်း ထိုလူသည်​ သူ့ကို နည်းနည်း​လေးမှ စိတ်​ဝင်​စားပုံမရပါ။ သူ့မျက်​နှာကို ဖျပ်​ခနဲ တ​ချက်​ကြည့်​လိုက်​​သော်​လည်း စကားတ​ခွန်းမှ သူ့ကိုပြန်​မ​ပြောပါ။

“လူ …လူကြီးမင်းဟာ ချက်​​ကော့ဗ်​ ပါလား ခင်​ဗျာ”

ဒုတိယအကြိမ်​ ကျိုးနွံ​သော​လေသံမျိုးနှင့်​ သူ ​မေး​တော့မှ ထိုလူ့ဆီက တိုးတိတ်​​သော လေသံက​လေးနှင့်

“ဟုတ်​ပါတယ်​။ ကျုပ်​ဟာ ချက်​​ကော့ဗ်​ပါပဲ”

ထိုလူ၏ နူတ်​ဖျားမှ ချက်​​ကော့ဗ်​ဟု​ပြောလာ​လေ​သောအခါ သူစိတ်​​တွေ တအားလှုပ်​ရှားသွားပြီး

“ချက်​ …ချက်​ …ချက်​​ကော့ဗ်​။  လူ ..လူကြီးမင်းဟာ ချက်​​ကော့ဗ်​ ဟုတ်​ပါတယ်​​နော်​”

ထိုလူ၏ မျက်​လုံး​တွေက အနည်းငယ်​တင်းမာသွားပြီး”ကျုပ်​ကိုကျုပ်​ ချက်​​ကော့ဗ်​လို့ ​ပြောပြီးပြီပဲဗျာ။ ဘာလဲ..ကိုယ့်​လူတို့ ဆီမှာ အင်​တန်​ချက်​​ကော့ဗ်​အပြင်​ အဇာဘိုင်​ဂျန်​ချက်​​ကော့ဗ်​တို့၊ အာ​မေးနီးယန်းချက်​​ကော့ဗ်​တို့များ ရှိ​နေ​သေးလို့လား”

သူ အထစ်​ထစ်​ အ​ငေါ့​ငေါ့ဖြင့်

“မ .. မ .. မဟုတ်​ရပါဘူးခင်​ဗျာ။ အ ..အမှားအယွင်းယွင်း​တွေ ဖြစ်​ကုန်​မှာ စိုးလို့ပါခင်​ဗျာ။ လူကြီးမင်းဟာ ချက်​​ကော့ဗ်​ဆိုရင်
တော့ ​ကောင်း​သောနံနက်​ခင်းပါလို့ နူတ်​ခွန်းဆက်​ပါရ​စေခင်​ဗျာ”

ထိုလူသည်​ ​ချောင်းတဟွပ်​ဟွပ်​ဆိုး​နေရာက ​ခေါင်းကို ​လေးတွဲ့စွာခါရမ်းလိုက်​ရင်း

“ဘယ်​လိုလုပ်​ပြီး ​ကောင်း​သောနံနက်​ခင်း ဖြစ်​မှာလဲ ကိုယ့်​လူရာ။ နှင်း​တွေ​​သောက်​ကျိုးနည်း ကျ​နေတာကွ ​မောင်​ရင်​​လေးရ”

“ဟုတ်​ပါတယ်​ခင်​ဗျာ။ နှင်း​တွေ တအားကျ​နေပါတယ်​။ ပြောမယ်​ဆိုရင်​​တော့ အခုရာသီဟာ နှင်း​တွေကျရမယ့်​ ရာသီဥတုမျိုး မဟုတ်​ပါဘူး။ ရာသီဥတုကလည်း ဟိုဖက်​နှစ်​​တွေတုန်းကလို မဟုတ်​​တော့ပါဘူးခင်​ဗျာ။ ပုံသဏ္ဌာန်​အမျိုးမျိုးနဲ့ ​ဖောက်​ပြန်​​နေပါပြီ”

ရာသီဥတု​ဖောက်​ပြန်​မှု အ​ကြောင်းကိုစကားစပြီး ချက်​​ကော့ဗ်​၏မျက်​နှာကို သူ မသိမသာ အကဲခတ်​လိုက်​​သော်​လည်း ချက်
ကော့ဗ်​၏ မျက်​လုံး​တွေက နှင်းပြာ​တွေ အိကျ​နေ​သော ကန်​​ရေပြင်​ကိုသာ ​ငေးကြည့်​​နေ​လေသည်​။ နှင်းရိုင်း​တွေ မိုးရွာချသလို ပြိုကျ​နေ​သော အရပ်​​ဒေသမှာ ​နေလာခဲ့တဲ့ လူမို့လို့ပဲလား။ ဒါမှမဟုတ်​ သူနှင့်​ပဲ စကားမ​ပြောချင်​လို့ပဲလား။ ချက်​​ကော့ဗ်​၏နူတ်​ဖျားက မည်​သည့်​ စကားသံမှ ထွက်​မလာခဲ့ပါ။

ချက်​​ကော့ဗ်​ကသာ သူ့ကို စိတ်​မဝင်​စား​သော်​လည်း သူက​တော့ ချက်​​ကော့ဗ်​ကို အရမ်းစိတ်​ဝင်​စားလှသည်​။ သူ၏ အစွဲအလမ်း​တွေထဲမှာ ပါရီက ​မတ်​ရပ်​ကွက်​ပါသည်​။

ရိုတွန်းက​ဖေးပါသည်​။ ပွတ်​ရှ်​ကင်​၏ ​ကြေးမြင်းသည်​​တော်​ပါသည်​။ အလန်​ဂျင်းစ်​ဘတ်​ပါသည်​။ ဟိန်း ပါသည်​။ ဖရီဒါခါလို ပါသည်​။

သူ့လိုပဲ မြို့ပြကို ခုံမင်​တပ်​မက်​လွန်း​သော ဖရန့်​ခ်​ အိုဟာရာ ပါသည်​။ ဟာရိုးပင်​တာ၏ပြဇာတ်​တချို့လည်း ပါသည်​။ ချက်​​ကော့ဗ်​၏ လူနာ​ဆောင်​အမှတ်​​ခြောက်​လည်း အ​သေအချာ ပါဝင်​ခဲ့ပါသည်​။
ချက်​​ကော့ဗ်​၏ ဝိဥာဉ်​ ပူးကပ်​​ပျော်​ဝင်​​နေ​သော လူနာ​ဆောင်​အမှတ်​​ခြောက်​​ကို​တော့  သူ စွဲမက်​လွန်းလှသည်​။ လူနာ​ဆောင်​အမှတ်​​ခြောက်​ကို ဖတ်​မိတိုင်းလည်း ထိုလူနာ​ဆောင်​ထဲသို့ သူကိုယ်​တိုင်​ ​ရောက်​ရှိသွားသလို အမြဲတမ်း ခံစားခဲ့ရ​လေသည်​။

ဆိုးရွားနံ​စော်​​နေ​သော အနံ့အသက်​များ၊​ သွေ့​ခြောက်​မွဲရီ​နေ​သော သက်​ငြိမ်​မျက်​လုံးများ၊ ပျင်းရိပျင်းတွဲလှုပ်​ခုန်​​နေ​သော​ ​သွေးခုန်​သံများ၊ ထစ်​အတုန်​ရီ​နေ​သော အသက်​ရှူသံပြင်းပြင်းများ။

တခါတ​ခါ​တော့လည်း လူနာ​ဆောင်​အမှတ်​​ခြောက်​၏ အခြား​သောတ​ဖက်​မှာ ဘယ်​လိုအရာ​တွေများ ရှိ​နေပါလိမ့်​ဟု မွတ်​သိပ်​စွာ သူ သိ​ချင်​​နေမိပြန်​သည်​။

တခါတ​ခါမှာ​တော့ အဲဒီလူနာ​ဆောင်​ထဲက လူနာ​တွေဟာ သူတို့ရဲ့လက်​ကျန်​အချိန်​​တွေကို  မည်​ကဲ့သို့များ ကုန်​လွန်​ခဲ့မှာပါလိမ့်​ဟူ​သော အ​တွေးဖြင့်​ သူ့ရင်​သည်​ ပူ​လောင်​မွန်းကျပ်​​နေ​လေသည်​။

အထူးသဖြင့်​​တော့ ​ဒေါက်​တာအန်​ဒ​ရေရာဂင်​​ပေါ့။

မည်​ကဲ့သို့​သော ညွှတ်​နူးမှုမျိုးလည်း​မသိ။ ​ဒေါက်​တာ အန်​ဒ​ရေရာဂင်​ကို​တော့ သူ အရမ်းစိတ်​ဝင်​စားလှသည်​။ လူနာ​ဆောင်
အမှတ်​ခြောက်​အ​ကြောင်းကို စဉ်းစားမိလျှင်​ သူနှင့်​ အနီးကပ်​ဆုံး​နေရာသို့ ​​ဒေါက်​တာအန်​ဒ​ရေရာဂင်​ ​ရောက်​ရှိ​​နေသလိုပင်​ သူ့စိတ်​ထဲမှာခံစားခဲ့ရသည်​။ တိတ်​ဆိတ်​မှု​တွေပြင်းထန်​အား​ကောင်း​သော လမိုက်​ညမျိုးဆိုလျှင်​  ​ဒေါက်​တာအန်​ဒ​ရေရာဂင်​၏ အသက်​ရှူသံပြင်းပြင်းကို ကြားရသည်​အထိ ထိုဆရာဝန်​သည်​ သူ့ကို ဖမ်းစားနိုင်​ခဲ့​လေသည်​။

သို့​သော်​လည်း လူနာ​ဆောင်​အမှတ်​​ခြောက်​ထဲက လူနာ​တွေကို ​ဆေးကုသ​ပေးခဲ့​သော ထိုဆရာဝန်​သည်​ လူနာ​ဆောင်​ အမှတ်​​ခြောက်​ထဲမှာပင်​ တိရိစ္ဆာန်​တကောင်​လို​သေဆုံးသွားခဲ့​သောအခါ သူ တုန်​လှုပ်​​ချောက်​ချားသွားပါသည်​။

သူ၏ အ​တွေးအထင်​အရဆိုလျှင်​​တော့ ​ဒေါက်​တာအန်​ဒ​ရေရာဂင်​သည်​ လူ​တော်​တ​ယောက်​ဖြစ်​ပါသည်​။ ထူးချွန်​ထက်​မြက်​​သော လူ​တော်​တစ်​​ယောက်​ဟာ ဘယ်​လိုနည်းမျိုးနဲ့ပဲဖြစ်​ဖြစ်​  သူကျင်​လည်​ခဲ့ရာ​ခေတ်​ကြီးထဲမှာ ​ခွေး​သေဝက်​​သေ ပိုးစိုးပက်စက်​​တော့ မ​သေဆုံးသင့်​ဘူး​ပေါ့။ အထူးအားဖြင့်​ သူ​ဆေးကုသ​ပေးခဲ့တဲ့ လူနာ​ဆောင်​အမှတ်​​ခြောက်​ထဲမှာ အရူးအနှမ်းတယောက်​လို ပိုပြီး​တော့ မ​သေသင့်​ဘူး​ပေါ့။

ထိုအဖြစ်​အပျက်​​တွေနှင့်​ ပတ်​သက်​ပြီး ချက်​​ကော့ဗ်​တယောက်​ သူ့ကို တခုခု ​ပြောပြနိုင်​ပါလိမ့်​မည်​။

စိတ်​ရှုပ်​​ထွေး​နေပုံရ​သော ချက်​​ကော့ဗ်​၏မျက်​နှာကို သူ ​တ​လေးတစားကြည့်​လိုက်​ပြီး

“ဒေါက်​တာ အန်​ဒ​ရေရာဂင်​ဟာ လူ​တော်​တ​ယောက်​ပါခင်​ဗျာ။ ကျွန်​​တော့်​ရဲ့ထင်​မြင်​ယူဆချက်​ကို ​ပြောရရင်​​တော့ ​ဒေါက်​တာအန်​ဒ​ရေရာဂင်​ ​သေဆုံးသွားရတဲ့ကိစ္စမှာ အဲဒီ​ခေတ်​ကာလ လူ့အဖွဲ့အစည်းရဲ့ပ​ယောဂလည်း အနည်​နဲ့အများ​တော့ ပါဝင်​ ပတ်​သက်​လိမ့်​မယ်​လို့ ယူဆမိပါတယ်​။ အဲဒီကိစ္စနဲ့ပတ်​သက်​ပြီး လူကြီးမင်းရဲ့သ​ဘောထားမှတ်​ချက်​​လေးကို သိပါရ​စေခင်​ဗျာ”

ချက်​​ကော့ဗ်​က မျက်​​မှောင်​ကြုပ်​ပြီး သူ့ကို လှမ်းကြည့်​လိုက်​သည်​။

“ဒေါက်​တာအန်​ဒ​ရေရာဂင် … ဟုတ်​လား။ ဘယ်​က​ ​ဒေါက်​တာအန်​ဒ​ရေရာဂင်​များပါလိမ့်​။ ကိုယ့်​ အသိအကျွမ်း​တွေထဲမှာ လည်း အန်​ဒ​ရေရာဂင်​ဆိုတာ တယောက်​မှ မရှိပါလားကွာ”

“လူကြီးမင်းရဲ့ အသိအကျွမ်း​တွေထဲက ​ဒေါက်​တာ အန်​ဒ​ရေရာဂင်​ကို ​ပြောချင်​ မဟုတ်​ပါဘူးခင်​ဗျာ။ လူကြီးမင်း​ရေးခဲ့တဲ့ လူ
နာ​ဆောင်​အမှတ်​​ခြောက်​ထဲက  ​ဒေါက်​တာအန်​ဒ​ရေရာဂင်​ကို ​ပြောတာပါခင်​ဗျာ”

လူနာ​ဆောင်​အမှတ်​​ခြောက်​ဟူ​သော စကားလုံး​အတွဲအဆက်​ကို ကြားလိုက်​ရသည်​နှင့်​ ချက်​​ကော့ဗ်​၏ မျက်​လုံးအစုံသည်​ နှင်းမြူရိပ်​​အောက်​မှာ နူညံ့ညင်​သာသွား​လေသည်​။ စက္ကန့်​အနည်းငယ်​ ကြာမြင့်​သွားပြီးမှ “ဟုတ်​ပြီ ..ဟုတ်​ပြီ။ ကျုပ်​​မှတ်​မိသွားပါပြီ။ လူနာ​ဆောင်​အမှတ်​​ခြောက်​ကို​ရော၊ ​ဒေါက်​တာ အန်​ဒ​ရေရာဂင်​ကို​ရော ဘုရားသခင်​ရဲ့​ကျေးဇူး​တော်​​ကြောင့်​ ကျုပ်​ အ​သေအချာ မှတ်​မိသွားပါပြီ”

တ​အောင့်​​နေ​တော့ ချက်​​ကော့ဗ်​၏ နူတ်​ဖျားက…

“​ဒေါက်​တာ အန်​ဒ​ရေရာဂင်​ ..ပြီး​တော့ နီကီတာ..မိုးဇက်​..အိုင်​ဗင်​ဂရို​မော့ဗ်​ ..​နောက်​ တယောက်​ရှိ​သေးတယ်​ ..ဆာဂျီ”

လူနာ​ဆောင်​အမှတ်​​ခြောက်​နှင့်​ ချက်​​ကော့ဗ်​တို့ကြားမှာ ကာရံထား​သော နံရံမှာ ပွင့်​ထွက်​သွားပုံရသည်​။ လူနာ​ဆောင်​အမှတ်​​ခြောက်​ထဲမှ ညည်းညူသံများနှင့်​ လူနာများသည်​ ချက်​​ကော့ဗ်​၏ အာရုံထဲကို တ​ယောက်​ပြီးတ​ယောက်​ ခုန်​ဝင်​လာခဲ့​လေသည်​။

ချက်​​ကော့ဗ်​က ​လေသံတိုးတိုး​လေးဖြင့်

“ဟုတ်​ပြီ ..ဟုတ်​ပြီ ..ဟုတ်​ပါပြီ ..အားလုံးကို ကျုပ်​ ​သေ​သေချာချာ မှတ်​မိသွားပါပြီ။ ဒါနဲ့ ​နေစမ်းပါဦး ကိုယ့်​လူရ။ ​စော​စော
တုန်းက ​ဒေါက်​တာအန်​ဒ​ရေရာဂင်​နဲ့  ပတ်​သက်​ပြီး ကိုယ့်​လူ တ​ခုခု​ပြောလို​က်​တယ်​​အောက်​​မေ့လို့”

ချက်​​ကော့ဗ်​ ​ချောင်း​တွေတဟွပ်​ဟွပ်​ဆိုးပြန်​သည်​။ သူ ​ချောင်းဆိုးတာ ရပ်​တန့်​သွားမှ

“ဒီလိုပါခင်​ဗျာ။ ဒေါက်​တာအန်​ဒ​ရေရာဂင်​ဟာ လူ​တော်​တ​​ယောက်​ပါ။ သူ ​သေဆုံးသွားခဲ့တဲ့ ဖြစ်​စဉ်​ကို သုံးသပ်​ကြည့်​လိုက်​ရင်​အဲဒီ​ခေတ်​လူ့အဖွဲ့အစည်းရဲ့ ပ​ယောဂလည်း မကင်းဘူးလို့  ​ကောက်​ချက်​ချမိလို့ပါ။ အဲဒီကိစ္စနဲ့ပတ်​သက်​ပြီး လူကြီးမင်းရဲ့ထင်​မြင်ယူဆချက်​​လေးကို သိခွင့်​ရပါရ​စေခင်​ဗျာ”

ချက်​​ကော့ဗ်​က ​ခေါင်းတရမ်းရမ်းနှင့်

“အားလုံးဟာ ပြီးဆုံးသွားခဲ့ပါပြီ ကိုယ့်​လူရာ။ လူနာ​ဆောင်​အမှတ်​​ခြောက်​ဟာလည်း ပြီးဆုံးသွားခဲ့ပြီ။ ဒေါက်​တာအန်​ဒ​ရေရာဂင်​လည်း ပြီးဆုံးသွားခဲ့ပြီ။ နောက်​ပြီး​ နီကီတာ၊ မိုးဇက်​၊ အိုင်​ဗင်​ဂရို​မော့ဗ်​…ဟုတ်​လား။ သူတို့အားလုံးလည်း ပြီးဆုံးသွားခဲ့ပြီ။

အားလုံးဟာ အချိန်​ကာလတ​ခု​အောက်​မှာ ပြီးဆုံးသွားခဲ့တာချည်းပဲ မဟုတ်​လား”

ချက်​​ကော့ဗ်​သည်​ ​ချောင်းတဟွပ်​ဟွပ်​ဆိုး​နေပြန်​သည်​။ အတန်​ကြာမှ

“လူ့အဖွဲ့အစည်းထဲက ငတုံး​တွေ၊ ငလုံးတွေအ​ကြောင်းကို​တော့ အချိန်​ကုန်​ခံပြီး  ​ပြောမ​နေစမ်းပါနဲ့ကိုယ့်​လူရာ။ အဲဒီငတုံး​တွေငလုံး​တွေ အ​ကြောင်းကို ထိုင်​​ပြော​နေလို့လည်း ထူးခြားလာမှာမှ မဟုတ်​တာ။ ကျုပ်​စဉ်းစားလို့မရတာတခုက ဘုရားသခင်​ဟာဘယ်​လိုရည်​ရွယ်​ချက်​နဲ့ အဲဒီငတုံး​တွေ ငလုံး​တွေကို ဒွန္နယာထဲ ​စေလွှတ်​လိုက်​သလဲဆိုတာပါပဲ”

နံနက်​ခင်းသည်​ နှင်းမြူများဖြင့်​ ပိုပြီးပြာ​မှောင်​လာ​လေသည်​။ ချက်​​ကော့ဗ်​က ​ချောင်း​တွေ အဆက်​မပြတ်​ဆိုး​နေပြန်​သည်​။သူ ​ချောင်းဆိုး​ပုံမှာ ပြင်းထန်​လွန်းလှ​သော​ကြောင့်​ ပါးလှပ်​​နေ​သော အ​ရေပြား​အောက်​က အဆုတ်​တုံးများပင်​ ကျွတ်​ထွက်​လာ​လေမလားဟု ထင်​မှတ်​ရ​လေသည်​။
ဘာပဲ​ပြော​ပြော ချက်​​ကော့ဗ်​ကို​တော့ သူ ​လေးစားပါသည်​။ နောက်​ပြီး ချက်​​ကော့ဗ်​က ဘဝမှာ ​သေခြင်းတရားရှိတာကို လက်​ခံယုံကြည်​သူဖြစ်​သည်​။

ပြောမည်​ဆိုလျှင်​ ​သေခြင်းတရားဟာ အမှန်​တရားတခုဖြစ်​ပြီး ​သေခြင်းတရားကို သက်​ဝင်​ယုံကြည်​တာဟာ ဘုရားသခင်​အ​ပေါ် ယုံကြည်​မှုရှိသွားတာပဲမဟုတ်​လား။

ချောင်းဆိုးရလွန်း​သော​ကြောင့်​ နွမ်းလျလာပုံရ​သော ချက်​​ကော့ဗ်​ကို သူ ဦးညွှတ်​၍နှုတ်​ဆက်​လိုက်​ပြီး …

“အခုလို မ​မျှော်​လင့်​ဘဲနဲ့ ​တွေ့လိုက်​ရတာကို ဝမ်းသာရပါတယ်​ခင်​ဗျာ။ သိချင်​​နေတဲ့ ​မေးခွန်းတချို့ကို ​ဖြေကြား​ပေးတဲ့ အတွက်​လည်း အလွန်​ပဲ ဝမ်းသာဂုဏ်​ယူမိပါ​တယ်​ခင်​ဗျာ။ ဒါထက်​ ​မေးစမ်းပါရ​စေဦး။ လူကြီးမင်းဟာ ဘုရားသခင်​ဆီကို သွား​နေတာများလားခင်​ဗျာ”

ချက်​​ကော့ဗ်​က သူ၏ဦး​ခေါင်း​ပေါ်တွင်​ ငြိကပ်​​နေ​သော နှင်းခဲနှင်းဖတ်​များကို လက်​နှင့်​သပ်​ချလိုက်​ရင်း

“ဘုရားသခင်​ ..ဟုတ်​လား။ ဒီ​လောက်​ဆိုးရွား​နေတဲ့ ရာသီဥတုကြားမှာ ဘုရားသခင်​ဆီကို ကျုပ်​က ဘာသွားလုပ်​ရမှာလဲကိုယ့်​လူရာ..ကိုယ့်​လူပဲ စဉ်းစားကြည့်​ပါဦး။ ဘုရားသခင်​ကလည်း အခုလိုရာသီဥတုမျိုး မှာ ​နွေး​နွေး​ထွေး​ထွေး ​နေချင်​မှာ​ပေါ့။ ကျုပ်​ကို ​တွေ့ချင်​ပါ့မလား။ သူ့ဘက်​ကလည်း စဉ်းစားကြည့်​ပါဦး။ အမှန်​အတိုင်း​ပြောရရင်​ ​တော့ ​ဗော့ဒဂါတ​ခွက်​​လောက်​ ​သောက်​ချင်​လို့ ဒီဘက်​ကို ​ရောက်​လာတာဗျ ကိုယ့်​လူရ။ ကိုယ့်​လူနဲ့ စကား​ပြော​နေတာနဲ့ ​နောက်​​တောင်​ကျ​နေပြီလားမသိဘူး”

သူတို့မြို့က​လေးက အ​ခေါ်အ​ဝေါ် အတိုင်းသာဆိုလျှင်​ ချက်​​ကော့ဗ်​ သွား​နေ​သောယမကာဆိုင်​​လေးမှာ”ထန်းပင်​ကုန်း” အရက်​ဆိုင်​​​လေး​တွေဆီကို ဦးတည်​​နေခြင်းပင်​။

ထိုဆိုင်​စုစု​လေး​တွေမှာ မနက်​သွား ညပြန်​ မြို့ပြလူသားများဖြင့်​  ရှုပ်​​ထွေးလှုပ်​ခတ်​​နေတတ်​ပြီး အမြဲတမ်းဆူညံပွက်​​လောထ​နေ​သော ပစန္တရစ်​အရပ်​က​လေးပင်​ ဖြစ်​သည်​။

ထို​နေရာ​လေးကို ​ရောက်​ရှိလာသူများမှာ ​မွန်းကျပ်​ခါးသက်​​နေ​သော ဘဝ​တွေထဲမှ ရုန်းထွက်​လာသူ​တွေဖြစ်​ပြီး အခန့်​ မသင့်ခဲ့လျှင်​ တယောက်​၏​ခေါင်းကို တယောက်​က ရိုက်​ခွဲပစ်​ဖို့ ဝန်​​လေးသူများ မဟုတ်​​ကြ​ကြောင်းနှင့်​ ​ဗော့ဒဂါဆိုသည်​မှာ ဖြူသလားမည်းသလားပင်​ မြင်​ဖူးကြသည့်​ လူများမဟုတ်​​ကြောင်း ထို​နေ့က ချက်​​ကော့ဗ်​ကို သူ မ​ပြောလိုက်​ပါ။  ။

နိုင်​ဝင်းသီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်