မောင်နောင်မွန် ● အမှိုက်၊ အဟောင်းဆိုင်လေးနှင့် ကျွန်တော့်အတွေး

March 17, 2018

● အမှိုက်၊ အဟောင်းဆိုင်လေးနှင့် ကျွန်တော့်အတွေး
(မိုးမခ) မတ်လ ၁၇၊ ၂၀၁၈

ကျွန်တော် အလုပ်သွားရာလမ်းတွင် ဈေးတခုနှင့် ကားဂိတ်တခုရှိသည်။ ကျွန်တော့်အလုပ်နှင့်အိမ်သည် တစ်ဆယ့်ငါးမိုင်ခန့်ဝေးကွာလွန်းသည်။ ကြားတွင်မြို့တမြို့ရှိသည်။ ထို့မြို့လေးကို တနေ့နှစ်ကြိမ် ကျွန်တော်ပုံမှန်ဖြတ်သန်းနေရသည်။

ကျွန်တော်ဖြတ်သွားဖြတ်လာလုပ်နေသော မြို့လေးတွင် ဈေးနှင့်ကားဂိတ်နေရာသည်  လူအရှုပ်ဆုံးနေရာဖြစ်သည်။ နံနက်ခင်းများတွင် ဆွမ်းခံကြွရဟန်းသံဃာများနှင့် ဆွမ်း လောင်းသူများကိုတွေ့ရများသည်။ ပုံမှန်ဈေးဝယ်သူအနည်းငယ်သာတွေ့ရသည်။ ဈေးရှေ့မို့ ဆိုင်ခန်းများစွာရှိသည်။ အဝတ်အထည်ဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင်များ၊ အိမ် ဆောက်ပစ္စည်းဆိုင်များနှင့် စားကုန်သောက်ကုန်ဆိုင်များဖြစ်သည်။ နေ့လယ်နေ့ခင်းများတွင် အနီးအနားရွာနီးစပ်ချုပ်မှ ဈေးသည်များ၊ ဈေးဝယ်သူများနှင့်စည်ကားနေသည်။ ညနေခင်းများတွင်လည်း ဈေးဝယ်သူများနှင့်ကားဂိတ်တွင် ကျောင်းမှပြန်လာသူများနှင့်စည်ကားနေပြန်သည်။ ဈေးအဝင်ဂိတ်ဘေးနားရှိနံရံတွင်မူ အမှိုက်မပစ်ရ၊ တွေ့ရှိပါက ဒဏ်ငွေ (၅၀၀၀၀ )ကျပ် ဟူသော စည်ပင်ဆိုင်းဘုတ်ကို တွေ့ရသည်။ ထိုဆိုင်းဘုတ်အောက်တွင် ပလတ်စတစ်အမှိုက်ပုံတပုံကိုတွေ့မြင်ရသည်။

လွန်ခဲ့သောနှစ်ရက်ခန့်က ဖေ့ဘုတ်ပေါ်တွင်တွေ့ရသောပုံမှာ ယခုမြင်ကွင်းထက်ပို၍ ရယ်စရာကောင်းသည်။ ရွာတရွာ၏ လမ်းဘေးဓာတ်တိုင်တတိုင်ကိုဓာတ်ပုံရိုက်ထားသော ပုံဖြစ်သည်။ အမှိုက်မပစ်ရ။ အမှိုက်ပုံတွင်ပစ်ပါ ဟူသောစာတန်းနှင့်အတူ ဓာတ်မီးတိုင်တွင် အမှိုက်ပုံလေးကိုချိတ်ထားပေးသည်။ ဓာတ်ပုံထဲတွင်မူ အမှိုက်ပုံတွင် အမှိုက်တစက် တလေမှမရှိချေ။ သို့သော် ဓာတ်တိုင်အောက်ခြေတွင် အမှိုက်များပြန့်ကျဲနေသည်။ ခေတ်သစ်လူနေမှု၏ စည်းကမ်းလိုက်နာမှုဖြစ်သည်။ မြို့အဝင်တွက်မူ စည်းကမ်း Jပည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဆိုင်းဘုတ်မှာ ခန့်ညားစွာစိုက်ထူထားသည်။

ရုံးပိတ်ရက်မို့ ကျွန်တော်အလုပ်မသွားရပေ။ သို့သော် အိမ်မှ ဒေါ်လေးကို မြို့ဈေးသို့ လိုက်ပို့ရသည်။ ဈေးထဲထိတော့ ကျွန်တော်မလိုက်သွားတော့ချေ။ အမျိုးသမီးများ ဈေးဝယ်သောအခါ အတော်ကိုရစ်တတ်သည့်သဘာဝရှိတတ်ရာ စိတ်မရှည်တတ်သည့်အပြင် အားနာတတ်လွန်းသောကျွန်တော်အကျင့်နှင့်မလိုက်ဖက်သောကြောင့် ဈေးသို့ပို့တိုင်း ဈေးဆိုင်တန်းထဲသို့မလိုက်တော့ဘဲ အပြင်ဘက် ဆိုင်ကယ်ရပ်သောနေရာတွင်သာ ကျွန်တော်စောင့်နေတတ်သည်။ ဖုန်းလေးထုတ်ကာ ဖေ့ဘုတ်ပွတ်ရင်း စောင့်နေတတ်သည်။ သို့သော် ယနေ့တွင်မူ ကျွန်တော်ဖေ့ဘုတ်မပွတ်ခင် ဘေးနားရှိအထည်ဆိုင်မှ မြင်ကွင်းတခုက ကျွန်တော်စိတ်ကိုဖမ်းစားသွားခဲ့သည်။

“ကြိုက်တာယူ တထည်နှစ်ထောင်ကျပ်” ဟူသော စာသားကို A4 စာရွက်ပေါ်တွင် ဆော့ပင် soft pen အပြာရောင် လေးနှင့်ရေးထားသည်ကို ဆိုင်ရှေ့တွင်ချိတ်ထားသည်။ ချိတ်ထားသောဆိုင်သည်ကာ ဤမြို့မှနာမည်ကြီးအဝတ်အထည်ဆိုင်တဆိုင်ဖြစ်သည်။ အဝတ်အထည်တံဆိပ်အမှန်များကို ဈေးနှုန်းအမှန်အတိုင်းရောင်းချသောကြောင့် ခါတိုင်းနေ့များတွင် ဆိုင်လေးထဲတွင် ဈေးဝယ်သူ တယောက်စ နှစ်ယောက်စသာတွေ့မြင်ရလေ့ရှိသည်။ ယခုမူ ထိုဆိုင်းဘုတ်ကြောင့် ဈေးဝယ်သူကြိတ်ကြိတ်တိုးစည်ကားနေလေသည်။ အဝတ်အထည်များကို ခါတိုင်းလို အဝတ်စင်များပေါ်တွင် သပ်သပ်ရပ်ရပ်စီထားသည်တော့မဟုတ်ပေ။ ခြင်တောင်းနှစ်လုံးတွင် အမျိုးသားဝတ်အင်္ကျီများ၊ အမျိုး သမီးဝတ်အင်္ကျီများနှင့်ဘောင်းဘီများကို သပ်သပ်စီခွဲထည့်ထားသည်။ ထိုအခင်းအကျင်းအောက်တွင် ဈေးဝယ်သူများက အလုအယက်ဝယ်ယူနေကြသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ကျွန်တော်တွေးမိသည်။ ဤဆိုင်လေးသည် ခါတိုင်းဈေးအမှန်အတိုင်းရောင်းစဉ်က ဝယ်သူအနည်း ငယ်သာ ရှိ သည်။ ယခုဈေးကို အဟောင်းတန်း ဈေးရောင်းသောအခါတွင်မူ ဝယ်ယူသူအများအပြားတိုးဝှေ့နေကြသည်။ အဘယ်သို့သောအကြောင်းများကြောင့်နည်းဟု ကျွန်တော်မှုန်မှုန်လေးတွေးမိနေခြင်းဖြစ်သည်။ သို့တိုင် ခေါင်းထဲတွင် ကျနော့်အတွေးစိတ်ကူးတို့တွင် အလင်းဖက်ထက် အမှောင်ဖုံးနေမြဲသာ။

ကျွန်တော်သည် ထို့ကဲ့သို့သောဆိုင်မျိုးများကို များစွာတွေ့ခဲ့ဖူးသည်။ ပုံမှန်ဆိုင်များထက် ထိုသို့သောဆိုင်များတွင် လူအများတိုးဝှေ့နေလေ့ရှိကြသည်။ ဂျပန်ကျ၊ တပတ်ရစ်နှင့် စက်ရုံကျဟုခေါ်သော ထိုဆိုင်များသည်ကား ကျွန်တော်တို့ပြည်သူများအတွက် အဝတ်အထည်များဝယ်ယူရန် နေရာဌာနတခုလို့ပင် ဆိုရမည်ပင်။  အဓိကအကြောင်းအရင်းမှာ ငွေရေးကြေးရေးနှင့် စားဝတ်နေရေးကြောင့်ဟု ကျွန်တော်တွေးထင်မိသည်။

နိုင်ငံခြားထုတ် နာမည်ကြီးအမှတ်တံဆိပ်အဝတ်အထည်ကုမ္မဏီတခုတွင်အလုပ်လုပ်သော သူငယ်ချင်းတယောက်ပြောသောစကားကိုသတိရမိသည်။ ” ဒီကလူတွေကွာ၊ ဘာကြောင့်မှန်းမသိဘူး၊ အဆင့်အတန်းတွေဘာတွေမသိကြဘူး။ သူများနိုင်ငံတွေမှာဆိုကွာ နာမည်ကြီးတံဆိပ်တွေဝတ်ကြတယ်။ ပွဲတွေတက်ကြတော့ လူရာဝင်တယ်ပေါ့ ကွာ။ ခုကွာ တို့ကုမ္မဏီ ပြခန်းတွေမြို့ကြီးတွေမှာဖွင့်ထားတယ်။ အလုပ်မဖြစ်ဘူးကွာ၊ ဘာမဟုတ်တဲ့ဘေထုပ်တွေ ဆိုင်ကျတွေရောင်းတဲ့ဆိုင်တော့ လူတွေတိုးနေရော” ဟု တခါကပြောဖူးသည်။ သူ့အလုပ်ရှင်အတွက် သူအားမလိုအားမရပြောသောစကားဖြစ်သည်။

ကျွန်တော်က “အေးပါကွာ၊ ဟုတ်ပါတယ်။ တို့တွေက လူရာဘယ်ဝင်မလဲ။ စားစရာတောင်အနိုင်နိုင်ကွ။ မင်းပြောတဲ့နာမည်ကြီးတံဆိပ်တွေက ငါတို့တလလုပ်စာ လောက်ရှိတယ်ကွ။ အလှထက်ဝမ်းရေးက ပိုခက်တယ် သူငယ်။ ခုမင်းကိုမေးမယ် မင်းဝတ်နေတဲ့အကျ၁ီကရော လူရာဝင်တဲ့အထည်လားကွ” ဟုပြန်မေးမိသည်။ ထိုအချိန်မှစ၍ ထိုသူငယ်နှင့် ပြန်မဆုံဖြစ်တော့ပေ။

ဆိုင်ကယ်ပေါ်ထိုင်ရင်းငေးရင်း စိတ်အစဉ်က ဟိုဒီပြေးလွှားနေသည်။ ဖတ်ခဲ့ဖူးသောစာစုများထဲတွင် တခါရွှေရောင်တိုင်းပြည်၊ အာရှကျား၊ အရှေ့တောင်အာရှရဲ့ အကြွယ်ဝဆုံး သော တိုင်းပြည်ကြီး။ မြန်မာကျပ်ငွေဖြင့်ရှင်းနိုင်သော ဘဏ်စာရင်းများ။ အိမ်နီးချင်းနိုင်ငံများကပင် လာရောက်သင်ယူခဲ့ကြရသည့် ပညာရေးစနစ်များ၊ ထိုအရာတို့သည် ခုအခါမှာတော့ အိပ်ရာဝင် တစ်ထောင့်တစ်ညပုံပြင်များ အဖြစ်ဖြင့်သာ ကျန်ရစ်တော့သည်။ ဒဏ္ဍာရီထဲက စိတ်ကူးအိပ်မက်များသာ ဖြစ်ကြကုန်သည်။

ကျွန်တော်တို့ခေတ်တွင်မူ ထိုစာစုတို့သည် မဖြစ်နိုင်သော ယုံတမ်းစကားစုများဖြစ်ခဲ့ကြရပြီဖြစ်သည်။ ရှင်ပြုစဉ်အခါက ရွှေထီးဆောင်းခဲ့သည်များကို သေခါနီးအရွယ်ထိ တမ်းတမ်းတတဖြစ်နေသောအဖြစ်ပမာ ဆန်လွန်းသွားတော့သည်။ ကျွန်တော်တို့နောက်မျိုးဆက်များအတွက်မူ ရယ်စရာဟာသများ အဖြစ်သာ ဖြစ်ရပေတော့မည်။

ကျွန်တော်တိုင်းပြည်ရှိလူအများစုတို့တွင် ကျပ်တည်းမှုများ ဒီရေပမာ တနေ့ချင်းတိုး၍တိုး၍သာတက်လာနေသည်။ လုပ်အားနှင့်မညီမျှသောလက်ခလစာများသည် ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိတော့ချေ။ ကျွန်တော်တို့ဒေသတွင် လက်ခလုပ်စားသည် အလွန်နည်းပါးသည့်အတွက် လူငယ်လူရွယ်များမှာ တဖက်နိုင်ငံသို့ ရေကြည်ရာမြက်နုရာပမာသဘောထားကာ ခြေဆန့်ထွက်ကြသည်။ ထိုအခါထိုကောင်းမွေဆိုးများကိုလည်း ခံကြရသည်။ မိဘ၊ မိသားစုနှင့်ဝေးကွာသောအခါ ဖြစ်ချင်သလိုနေကာ အထိန်းအကွပ် များ လွတ်ကုန်သူတို့ လွတ်ကုန်သည်။ ကျွန်တော့်ဒေသတချို့နေရာများတွင်လည်း ဆယ်ကျော်သက်ကလေးများသည် မိသားစုစားဝတ်နေရေးအတွက် ကျောင်းမှထွက်ကာ အလုပ်လုပ်နေကြရသည်။ အရွယ်မရောက် လူလားမမြောက်သေးခင် စာသင်ခန်းကိုကျောခိုင်းထွက်လာရခြင်းအကျိုးဆက်က ထိုကလေးများကို လမ်းဘေးရောက်သွားစေပြီး ဘဝကို ရေစုံမျောအလွယ်လမ်းလိုက်ကြစေကုန်သည်။ တချို့ မူးယစ်ဆေးတွေ စွဲကုန်သည်။ လောကနီတိတရားများ ခေါင်းပါးပစ်ပယ်လာကြသည်။ ဆုတ်ယုတ်ကြကုန်သည်။

အရင်းစစ်သော် အမြစ်မြေကဆိုသောစကားအတိုင်းပင်။ အရာရာသည် မည်သူမပြုမိမိမှုပင်ဖြစ်နေတာ့သည်။ ဂျာအေးသူ့အမေရိုက်နေသောပုံပမာ ပတ်ချာလှည့်ကာ သံသရာ လည်နေတော့သည်။ သီလစောင့်ရန်အတွက် အူမတောင့်ရန် လိုအပ်သည်မဟုတ်ပါလား။ စားဝတ်နေရေးမပြေလည်သောအခါ အသိပညာ အတတ်ပညာတို့ သည်ကား နောက်တွင် ကျန်ခဲ့သည်။ အသိပညာ အတတ်ပညာမလေ့လာသောအခါ အခြားသူများထက် နောက်ကျ၍ ကျပ်တည်းမြဲဖြစ်လာသည်။

သံယံဇာတပေါကြွယ်ဝသည်ဟူသော ရွှေနိုင်ငံသည်လည်း ထုတ်ယူသုံးစွဲရန်နည်းပညာခက်ခဲသောအခါ ကုန်းကြမ်းများသာ ထုတ်တတ်တော့သည်။ ပညာတတ်သော နိုင်ငံများက ကုန်ချောထုတ်ကာ ပြန်လည်ရောင်းချသောအခါ ဈေးများက မိုးပေါ်ထောင်တတ်နေသည်။ ထိုအခါ ကျွန်တော်လူမျိုးသည် မိမိတို့မြေကထွက်သည့်အရာကိုပင် အသစ်ဘဝမှာ မချဉ်းသီနိုင်ဘဲ တပတ်ရစ်ဖြစ်ခါမှ ထိုအဟောင်း ဆိုင်တန်းများတွင် တိုးကာဝှေ့ကာ ဝယ်ယူရတော့သည်။

အရာရာတွင် အသိပညာ၊ စေတနာနှင့် ရိုးသားမှုသာ အရင်းခံသည်ဟု ဆရာတယောက်မှပြောခဲ့ဖူးသည်။ စေတနာမပါသော လုပ်ရပ်အတွက် ခံစားရသော လူငယ်များ၏ ရလဒ်ကာ လမ်းဘေးတွင် အုပ်စုဖွဲ့ရမ်းကား၍ ဆေးသမား လူရမ်းကားများ ပေါများကုန်သည်။ ရိုးသားမှုအတွက်မေးခွန်းထုတ်စရာဖြစ်သော စားဝတ်နေရေး မပြေလည်သော အခါ အလိုမကျမှု၊ ခိုးယက်မှုတို့က ပေါများလာသည်။ အမှိုက်ကဲ့သို့ လူငယ်လေးများပေါများလာသည်။ လူငယ်တိုးတက်ရေးဖိုရမ်များပြုလုပ်ကာ ထိုသို့မဖြစ်အောင် ဟောပြော ကြသည်။ သို့သော် အရွေ့က ဖြစ်မလာသေးချေ။ စက်ခေါင်းသွားရာလမ်းကြောင်းအတိုင်းသွားနေရသောနောက်တွဲလေးများသည်လည်း စက်ခေါင်းက မောင်းနှင်စေစားရာ လမ်းမှားဆီ တမင်ပို့ဆောင်နေမှန်းသိလျက်နှင့်သော်လည်းကောင်း မသိလိုက်ဘာသာသော်လည်းကောင်း၊ ထိုလမ်းအတိုင်းပင် လိုက်နေရပေတော့ သည်။

ကျွန်တော်အတွေးတို့သည်ကာ တောင်စဉ်ရေမရောက် ဟိုဒီပြေးလွှာနေသည်။ “ဟဲ့ ကေး ဘာငေး၊ ဘာတွေးနေတာလဲ။ ငါခေါ်နေတာကြာနေပြီ”ဟု ဒေါ်လေးဖြစ်သူ၏ အသံကြောင့် ကျွန်တော်စိတ်သည် အတွေးရေယာဉ်ကြောမှ ပြန်လည်ဆိုက်ကပ်လာသည်။ ဖေ့ဘုတ်ပွတ်မည်ဟု အားခဲထားသောဖုန်းကိုဘောင်းဘီအိတ်ထဲပြန်ထည့်လိုက် သည်။

နိုင်ငံတော်အကြီးအကဲတယောက်၏ လူငယ်တွေအားနေရင် ဖုန်းဘဲမပွတ်နေကြနဲ့ဟူသောစကားကို လိုက်နာမိခဲ့သော ကြောင့် ကိုယ့်ကိုယ်ကိုပင် ကျေနပ်နေမိသည်။ ဈေးရှေ့နံရံက အမှိုက်မပစ်ရဆိုင်းဘုတ်အောက်တွင် ပလပ်စတစ်အမှိုက်များ ပလူပျံနေသည်။ ဈေးရှေ့က အဟောင်းဈေးနှင့်ရောင်းသောဆိုင်တွင်လည်း လူများ ကြိတ်ကြိတ်တိုး စည်ကားနေမြဲ။

ကျွန်တော်လည်း ဒေါ်လေးကိုတင်ကာ တပတ်ရစ်ယိုးဒယားဆိုင်ကယ်လေးကို မောင်းပြန်ခဲ့တော့သည်။

မောင်နောင်မွန်
၂.၁.၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်