ဇင်လင်း ● နိုင်ငံတကာရှေ့နေများ လူ့အခွင့်အရေးဆိုင်ရာ အစည်းအရုံး (IBAHRI) ၏ “မြန်မာနိုင်ငံ စစ်ဖက်ဆိုင်ရာနယ်ပယ်နှင့် တပ်မတော်အခန်းကဏ္ဍ” အပေါ် လေ့လာတွေ့ရှိချက်

March 17, 2018

ဇင်လင်း ● နိုင်ငံတကာရှေ့နေများ လူ့အခွင့်အရေးဆိုင်ရာ အစည်းအရုံး (IBAHRI) ၏
“မြန်မာနိုင်ငံ စစ်ဖက်ဆိုင်ရာနယ်ပယ်နှင့် တပ်မတော်အခန်းကဏ္ဍ” အပေါ် လေ့လာတွေ့ရှိချက်

(မိုးမခ) မတ်လ ၁၇၊ ၂ဝ၁၈

● နောက်ခံ အခြေအနေ
မြန်မာနိုင်ငံ၏ နိုင်ငံရေးလောကတွင် တပ်မတော်သည် အစဉ်အမြဲ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိသည်။  တပ်မတော်၏ အာဏာသိမ်းမှုကြောင့် မကောင်းသည့် သဘောထားကွဲလွဲစရာကိစ္စများ  ပေါ်ပေါက်ခဲ့သော်လည်း၊ ၎င်းအား အသိအမှတ်ပြုရမည့် အပြုသဘောဆောင်သော အောင်မြင်မှုများ ရရှိခဲ့သည်။ တပ်မတော်သည် ဗမာ့လွတ်လပ်ရေးတပ်မ တော် မှစတင် အခြေခံ ပေါ်ပေါက်ခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်၏ ဖခင်ဖြစ်သည် ဆိုသည့်အချက်ကို မြန်မာနိုင်ငံသားအားလုံး နိုင်ငံရေး လူမျိုးရေး ခွဲခြားသတ်မှတ်ချက်မရှိဘဲ လက်ခံကြသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော် ပုံကြီးတွင် ဝါရင့် အဆင့်မြင့် တပ်မတော်အရာရှိ အများ အပြားပါဝင်ခဲ့ကြသည်။ ၎င်းတို့ထဲမှ အချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)  တွင် အရေးပါသည့် တာဝန်များရယူခဲ့ကြသည်။

NLD ပါတီ၏ ဒုတိယ ခေါင်းဆောင် ဦးတင်ဦးသည် ယခင်က တပ်မတော် စစ်ဦးစီးချုပ်တဦးဖြစ်သည်။ သမိုင်းအရ လေးစား တန်ဖိုးထားမှုခံရသည့် တပ်မတော်က အရပ်ဖက်အားထိန်းချုပ်ရန် ကြေညာချက်ထုတ်ပြန်ခဲ့သောအခါ၊ အခြေအနေ ရှုပ်ထွေးစေခဲ့သည်။ အထူးသဖြင့် တပ်မတော်၏ လူမှုရေး စီပွားရေးလုပ်ငန်းဆောင်တာများတွင် ပါဝင်လာခြင်း အခြားမည် သည့်နေရာဒေသမှာ ထက်မဆို ပိုမို ရှုပ်ထွေးမှု ဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံ၏ ဆင်းရဲတွင်းနက်မှု၊ အောက်တန်းနောက်တန်းကျမှု အခြေအနေများကြောင့်၊ စစ်တပ်လူ့အဖွဲ့အစည်းသည် လူမှုရေးအရ ရွှေ့ပြောင်းနေထိုင်ရမှုများ အခြားလူ့အဖွဲ့အစည်းများ ထက် ပိုမိုကြီးမားစွာ ဖြစ်ပေါ်ခဲ့သည်။ ရည်မှန်းချက်ရှိသူများနှင့် ထူးချွန်သူများအား တပ်မတော်အတွင် ပါဝင်လာစေရန် ကျယ်ကျယ်ပြန့်ပြန့် ဖွဲဆောင်ခဲ့သည်။

အကျိုးဆက်အဖြစ် ယခုအခါ တပ်မတော် တွင် တက်ကြွစွာ စစ်မှုထမ်းနေသူပေါင်း ၄ဝဝ,ဝဝ အထိရှိသည်။ စစ်မှုထမ်းတို့၏ မိသားစု အရေအတွက်မှာ နှစ်သန်းဝန်းကျင်အထိ ရှိသည်။ တပ်မတော်တွင် ပစ္စည်းဥစ္စာအကျိုးစီးပွားအားဖြင့်လည်း ယှဉ်ပြိုင် နိုင်စွမ်းရှိသည်။ ၎င်းသည် ကုမ္ပဏီလုပ်ငန်းစုကြီး (၂) ခု မြန်မာဦးပိုင်ကုမ္ပဏီ လိမိတက် (Union of Myanmar Economic Holdings Limited) နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (Myanmar Economic Corporation) တို့ကို တိုက်ရိုက် ကွပ်ကဲထားသည်။ ၎င်းတို့သည် ပြင်ပ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် တွဲဖက်လုပ်ကိုင်လျှက်ရှိပြီး၊ နိုင်ငံခြားစီးပွးရေး ကုမ္ပဏီများနှင့် စာချုပ် ချုပ်ဆိုလုပ်ကိုင်နေသည့် လုပ်ငန်းများတွင် အလုပ်သမားပေါင်း ထောင်ပေါင်းများစွာ ခန့်ထားလုပ် ဆောင်နေသည်။ ၎င်းတို့သည် အစိုးရအသုံးစရိတ်ထဲမှလည်း အတော်များများ အကျိုးခံစားခွင့် ရရှိနေသည်။ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနအဆိုအရ၊ မြန်မာဦးပိုင်ကုမ္ပဏီလိမိတက်သည် ၂ဝ၁၂-၁၃ အစိုးရ အသုံးစရိတ် ဘတ်ဂျက် ငွေ၏ (၁၄. ၄) ရာခိုင်နှုန်းခန့် လက်ခံရရှိသည်။ ဤသည်မှာ ယခင်နှစ်ကထက် ၆ဝ ရာခိုင်နှုန်းနီပါး ပိုမိုရရှိခြင်းဖြစ်သည်ဟု ဆိုသည်။

● လက်ရှိ တရားဝင်ဖွဲ့စည်းပုံ
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက မြန်မာ့ တပ်မတော်သားများအား ကြီးလေးသော ဝန်ထုပ်ကို ထမ်းရွက်ရန် တာဝန်ပေး ထားသည်။ ၎င်းတို့အား နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ရေး၊  ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တန့်ခိုင်မြဲရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေး၊ နှင့် ပြည်ထောင်စုအားဆန့်ကျင်သည့် ပြည်တွင်းပြည်ပ ဘေးရန်အပေါင်းမှာ ကွယ်စောင့်ရှောက်ရေး အစရှိသည့် တာဝန်များပေးအပ်ထားသည်။ သမ္မတ ဦးသိန်းစိန်သည် အရပ်သားတဦးအနေဖြင့် တိုင်းပြည်ကို အုပ်ချုပ်သော်လည်း၊ တပ်မတော်က နိုင်ငံရေးတာဝန်များကို အညီအမျှခွဲဝေ ထမ်းဆောင်သည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားသူကြီး (၇) ဦး အနက်၊ တရားသူကြီးချုပ်အပါအဝင်(၄)ဦးသည် ယခင် တပ်မတော် အဆင့်မြင့် အရာရှိများဖြစ်ကြသည်။ ခန့်မှန်းခြေအားဖြင့် လွှတ်တော် ကိုယ်စားလှယ် (၈၉) ရာခိုင်နှုန်းသည် ယခင် နအဖအစိုးရတွင် ပါဝင်တာဝန်ထမ်းခဲ့သူများဖြစ်ကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (လက်ရှိ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်) က နိုင်ငံ၏ ဥပဒေပြုလွှတ်တော် အသီးသီး (ပြည်ထောင်စုအဆင့်၊ အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့်) သို့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အမည်စာရင်းတိုက်ရိုက်တင်သွင်းသည်။ တပ်မတော် စစ်ဦးစီးချုပ်က ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးများကို ရွေးချယ်ခန့်ထားသည်။  တပ်မတော် စစ်ဦးစီးချုပ်သည် စစ်ဖက်ဆိုင်ရာ တရားစီရင်ရေးစနစ် တရားရုံးများ၏အကြီးအမှူးလည်းဖြစ်သည်။ ထိုစစ်တရားရုံးများသည် ပုံမှန်တရားစီရင်ရေးစနစ်၏ သြဇာမှကင်းလွတ် သည်။ ထို့ပြင် တပ်မတော် စစ်ဦးစီးချုပ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် သမ္မတနှင့်အတူ ပူးတွဲ တာဝန် ထမ်းဆောင် သည်။ ထို ကောင်စီသည် အရေးပေါ်အခြေအနေတရပ်ကို ကြေညာနိုင်၍၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို တပ်မတော်သို့ လွှဲအပ်နိုင်သည်။ ဖွဲစည်းပုံအခြေခံဥပဒေ အပိုဒ် ၄ဝ (ဂ) တွင် ပြဋ္ဌာန်းထားချက်အရ တပ်မတော် စစ်ဦးစီးချုပ်သည် အချုပ်အခြာအာဏာကို ၎င်း၏ သဘောဆန္ဒအတိုင်း ရယူကျင့်သုံးနိုင်ခွင့် ရှိသည်။

တပ်မတော်သည် ဆက်လက်၍ သြဇာအာဏာရှိနေဆဲဖြစ်ကြောင်းကို ဖွဲ့စည်းပုံအခြေခံဥဒေ ပြဋ္ဌာန်းချက်နှစ်ခုဖြင့် ရှင်းလင်းထင်ရှားစွာ ဖေါ်ပြထားသည်။ ယင်းပြဋ္ဌာန်းချက်များတွင် အတိတ်က အမှားများကို ဥပဒေရတာဝန်ယူဖြေရှင်းထားသည်။ ကိုယ်တိုင်ပြင်ဆင်ချက် လုပ်နိုင်ရန်အတွက်၊ လုပ်ထုံးလုပ်နည်းများကို ကိုယ်တိုင်ချမှတ်ထားသည်။ ပြဋ္ဌာန်းချက် အပိုဒ် ၂ဝ၄ (ခ) တွင် သမ္မတအား ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့် အပ်နှင်းကြောင်း ဖေါ်ပြထားသည်။ လိုအပ်ပါက သမ္မတသည် “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးပိုင်ခွင့်ရှိသည်။”- -ဟု ခွင့်ပြုထားသည်။ ပို၍ ပေါ်လွင်သည့် ပြဋ္ဌာန်းချက်မှာ အပိုဒ် ၄၄၅ ဖြစ်သည်။ ၎င်းအပိုဒ်တွင် – “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ ယင်းအဖွဲ့၏ အဖွဲ့ဝင်တဦးဦး(သို့မဟုတ် အစိုးအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျှက် အရေးယူ ခြင်းမရှိစေရ။” – ဟု ဖေါ်ပြထားသည်။ ယင်းဥပဒေအပိုဒ်တို့ကို ပြင်ဆင်ရန် အဆိုတင်သွင်းမည်ဆိုပါက၊ လွှတ်တော်ကိုယ်စားလှယ် ၂ဝ% ၏ထောက်ခံမှု ရရှိမှ အဆိုပြုနိုင်သည်။ ယင်းအဆို အောင်မြင်ရန်အတွက်ဆိုလျှင်၊ လွှတ်တော်ကိုယ်စားလှယ် ၇၅% ကျော်၏ မဲ ရရှိဖို့လို အပ်သည်။ ထို့ကြောင့် စစ်တပ်ကခန့်ထားသည့် ကိုယ်စားလှယ်များအား လွှတ်တော်ထဲ၌ ထိရောက်သည့် ဗိတိုအာဏာ ပေးအပ်ထား သကဲ့သို့ဖြစ်သည်။

● တွေ့ရှိချက်များ  
IBAHRI မစ်ရှင်အဖွဲ့အနေဖြင့် တပ်မတော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပါ။ ဤအစီရင်ခံစာတွင် ဖေါ်ပြသည့် လက်ရှိ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်သော တပ်မတော်၏ အမြင်အယူအဆများမှာ တဆင့်ခံရရှိသည့် အချက်အလက်များအပေါ် အခြေခံ တင်ပြထားခြင်းဖြစ်သည်။ တပ်မတော်၏ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုမှာ တိုးတက်များပြားလာသော်လည်း အတော်ပင်နောက်ကျနေသည့် အချက်အား မှတ်သားရန်အရေးကြီးသည်။ ၂ဝ၁၂ ခုနှစ် နွေဦးရာသီတွင် ယခင်က သွားလာဝင်ထွက်၍ မရသော စစ်ပွဲဒေသများသို့ သွားရောက်နိုင်ရန် အစိုးရက စတင်စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများအရေးပေါ်ရံပုံငွေအဖွဲ့ (UNICEF) က တပ်မတော်လေ့ကျင့်ရေးကျောင်းများတွင် ကလေးစစ်သားစုဆောင်းမှု ကိစ္စနှင့် ပတ်သက်သော သင်တန်းများ ပို့ချလျှက်ရှိသည်။ မကြာသေးမီက ကာကွယ်ရေးဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာအလုပ်သမား သမဂ္ဂ (ILO) နှင့် ပူးတွဲလျှက် အဓမ္မလုပ်အားခိုင်းစေမှုသည် မြန်မာ့တရားဥပဒေအရ ရာဇဝတ်မှုဖြစ်ကြောင်း စစ်သည်များအား သတိ ပေးနှိုးဆော်ခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွှတ်တော်ကိုယ်စးလှယ်အဖြစ် ခန့်ထားသော ပါလီမန်လွှတ်တော် အတွင်းရှိ စစ်အရာရှိများသည်လည်း အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေးကို သဘောတူ လက်ခံလာကြောင်း တွေ့လာရသည်။

ဒေါ်အောင်ဆန်းစုကြည်က IBAHRI မစ်ရှင်အဖွဲ့အားပြောကြားခဲ့သည်မှာ – “ကျမတို့တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ် ပါတယ်။ ဒါကြောင့် ကျမ သူတို့နဲ့လက်တွဲ အလုပ်လုပ်ချင်တယ်လို့၊ ပွင့်ပွင့်လင်းလင်းပဲပြောပါတယ်။ ကျမတို့ပါလီမန်ထဲကို ဝင်ခဲ့တာ ဟာ သူတို့နဲ့ ဆက်ဆံမှု အဆင်ပြေစေချင်လို့ ဖြစ်ပါတယ်။သူတို့နဲ့အပြန်အလှန် နားလည်မှုရဖို့က သိပ်မခက်ခဲပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့သဘောထားက ကျမတို့ ထင်ထားတာထက် ပိုပြီး အဆင်ပြေလို့ပါပဲ။” – ဟုဖြစ်သည်။ IBAHRI မစ်ရှင်အဖွဲ့က အဆင့်မြင့် အစိုးရအရာရှိတဦး အားတွေ့ဆုံမေးမြန်းရာတွင်၊ ၁၉၆၇ ခုနှစ် သမ္မတဆူဟာတိုအာဏာသိမ်းစဉ်က အင်ဒိုနီးရှားစစ်တပ် သဘောနှင့် နှိုင်းယှဉ်၍ တပ်မတော်၏ အခန်းကဏ္ဍကို မြင်သည်ဟု ပြောပါသည်။ သူအမြင်အရ မြန်မာ့ကာကွယ်ရေးတပ်ဖွဲ့များသည် အင်ဒိုနီးရားစစ်တပ် ကျင့်သုံးခဲ့သည့် (dwifungsi) လမ်းနှစ်သွယ် လှုပ်ရှားမှုဝါဒကို ကျင့်သုံးဆောင်ရွက်သည်ဟု ဆိုသည်။ ထိုဝါဒ သဘောအရ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းရွက်ရန်အတွက် စစ်တပ်သည် နိုင်ငံရေးတာဝန်နှင့် စစ်ရေးတာဝန် နှစ်မျိုးလုံး ထမ်းဆောင်ရမည်ဖြစ်သည်ဟု ဆိုသည်။ ၎င်းကို အခြေခံ၍ှ အရေးကြီးနောက်ဆက်တွဲ သူ့အမြင်များကို ပြောပြသည်။ –

“နိုင်ငံလုံခြုံရေးကိစ္စက အရေးကြီးအခြေအနေမှာ ရှိနေဆဲပဲ။ ပြုပြင်ပြောင်းလဲရေးကိစ္စက အချိန်ယူရဦးမှာဖြစ်တယ်။ လာမယ့် အနာဂတ် လွှတ်ထဲမှာ တပ်မတော်ရဲ့ကိုယ်စားပြုမှုကို လျှော့ချလာစရာရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စက တပ်မတော်နဲ့ နိုင်ငံ ရေးဖြစ်စဉ် ဆက်စပ်နေမှုအပေါ် မူတည်ပါတယ်။ တကယ်လို့ တပ်မတော်အနေနဲ့ တာဝန်တခုကို လျှော့ချပေးရမယ် ဆိုရင်၊ အဲဒီ အတွက် တန်ရာတန်ကြေးတော့ တနည်းနည်းနဲ့ ပေးလျော်ရမယ်လို့ ထင်တယ်။”

IBAHRI မစ်ရှင်အဖွဲ့က အတိတ်က ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့်ပတ်သက်၍ တာဝန်ယူရေးကိစ္စကို အစည်း အဝေး အများအပြားတွင် ဆွေးနွေးခဲ့သည်။ သို့သော် ယခု ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွင်း ရာဇဝတ်မှုခင်းများရုံးတင်စစ်ဆေးရေး ကိစ္စကို တင်ပြဆွေးနွေးသူ တဦးမျှ မရှိပါ။ သို့သော် သဘောထားရပ်တည်ချက်များမှာ တနည်းတလမ်း အားဖြင့် အတော်အတန် ကွဲပြား ခြားနားမှုများ ဖြစ်လာပါသည်။ အခြားတဖက်တွင် မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ယခင်အတိတ်ကဖြစ်ပျက်ခဲ့သည့် မတော်မတရားမှုများကို ဖြေရှင်းပေလိုသော သဘော အလျဉ်းမရှိပေ။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် MNHRC ဥက္ကဋ္ဌ ဦးဝင်းမြက – “ကျနော်တို့အဖွဲ့ဟာ အနာဂတ်ဆီကိုပဲ မျှော်ကြည့်ပါတယ်။ ကျနော်တို့‘ပါရီ အခြေခံစည်းမျဉ်း’အပေါ်မှာ အခြေခံပါ တယ်။ ပါရီမူနဲ့အံဝင်ဂွင်ကျဖြစ်ဖို့အတွက် သီးခြားလွှဲအပ်တဲ့ လုပ်ပိုင်ခွင့်လည်း လိုအပ်မှာ ဖြစ်ပါတယ်။” – ၎င်းအပြင် ဦးဝင်းမြက ယခုကဲ့ သို့ IBAHRI အား ဆက်ပြောပါသည်။ – “မြန်မာနိုင်ငံက တခြားနိုင်ငံတွေနဲ့မတူ ထူးခြားတဲ့အခြေအနေရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်က အကြမ်းပတမ်းနည်းနဲ့မဟုတ်ဘဲ၊ ငြိမ်းချမ်းစွာ ဖြစ်ပေါ်ပြောင်းလဲ နေတာကြောင့်ပါပဲ။ အမှန်တရားဖေါ်ထုတ်ရေးနဲ့ပြန်လည်သင့်မြတ်ရေးကော်မရှင်ရဲ့ ရည်ရွယ်ချက်က၊ ပစ္စုပ္ပန်ကို အတိတ် ကနေ ကင်းလွတ်အောင် လုပ်တာဖြစ်ပါတယ်။ ဒါမှသာ လက်ရှိအစိုးရသစ်အနေနဲ့ နောက်ကြောင်းကို ပြန်ကြည့်နိုင်မှာ ဖြစ် ပါတယ်။ ဒါပေမယ့်  ကျနော်တို့စနစ်မှာ အတိတ်နဲ့ပစ္စုပ္ပန်ဟာ ဆက်စပ်နေပါတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ပါလီမန် လွှတ်တော်ကတဆင့် အလွန် သိမ်မွေ့ ငြင်သာစွာ ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။” –

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းချဉ်းကပ်ပုံအမြင်က တမျိုးတဘာသာဖြစ်သည်။ ရာဇဝတ်မှုဖြင့် တရားရုံးတင် စစ်ဆေး ရေးကို ဒေါ်အောင်ဆန်းစုကြည်က ဆန့်ကျင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လုပ်ရပ်ကို တပ်မတော်က လက်ခံနိုင်မည် မဟုတ်သဖြင့်ဖြစ်သည်။ သို့သော် ဒေါ်စုက ဓါးစာခံများကျေနပ်မှုအတွက် အစီအစဉ်တခုခု လုပ်ပေးရန်မှာလည်း အလွန် အရေးကြီး သည်ဟု စဉ်းစာမိကြောင်းပြောသည်။ – “အတိတ်က ဖြစ်ရပ်တွေကို မကုစားဘဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတည်ဆောက်နိုင် လိမ့်မယ်လို့ ကျမ မယုံကြည်ဘူး။” – ဟု ဒေါ်စုက ပြောသည်။ “လူဦးရေ (၈ဝ%) သူတို့ခံစားခဲ့ရတာကို အနည်းဆုံးတော့ အသိအမှတ် ပြုစေချင်တာပဲ။ မြန်မာနိုင်ငံမှာ မကျေနပ်ချက်ကို ရင်ထဲမှာပဲ မြိုသိပ်ထားပါလို့ ပြောတာမျိုးကို ယဉ်ကျေးမှုအရလက်ခံနိုင်မှာ မဟုတ်ပါ ဘူး။ တကယ်တော့ သူတို့ဘယ်လို ခံစားခဲ့ကြရတယ်ဆိုတာကို ဖွင့်ဟပြောဆိုဖို့ တိုက်တွန်းအားပေးတာမျိုးဖြစ်ဖြစ်တော့ လုပ်သင့်တာ ပေါ့။”- ဟုပြောသည်။  ဒေါ်စုအနေနဲ့ မည်ကဲ့သို့သော အစီအစဉ်မျိုး စဉ်းစားမိတာ ရှိပါသလဲဆိုသော မေးခွန်းကို ဖြေဆိုရာတွင်မူ၊ တောင်အာဖရိကနိုင်ငံမှ အမှန်တရားဖေါ်ထုတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်၏ အတွေ့အကြုံကို ရည်ညွှန်းပြောဆိုသွားပါ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးညာဏ်ဝင်းကလည်း တောင်အာဖရိကနိုင်ငံ အတွေ့အကြုံကို ရှင်းပြလျှက်၊ ၎င်းကိစ္စတွင် ဒဏ်ရိုက်ခြင်း သို့မဟုတ် ထောင်ဒဏ်အပြစ်ပေးခြင်း စသဖြင့် ပြုလုပ်ရန် အရေးမကြီးကြောင်း၊ အခြေခံအားဖြင့် လူထုအနေနဲ့ ဓါးစာခံများ၏ ဖြစ်ရပ်မှန်များကို ဂရုတစိုက် လက်ခံနားထောင်ပေးသင့်ကြောင်း၊ သူက  ပြောသည်။

● နိဂုံး
မြန်မာနိုင်ငံ၏ ကိုယ်စားပြု ဒီမိုကရေစီစနစ်ဆီသို့ လှမ်းတက်ရာတွင် တပ်မတော်၏ နိုင်ငံရေးစီးပွားရေးအရ အခွင့်ထူးခံအဆင့်အတန်း ရယူထားမှုသည် စိန်ခေါ်မှုတခု အဖြစ် အတားအဆီးဖြစ်၍ နေသည်။ တချိန်တည်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရဟောင်းမှ အရာရှိဟောင်းများ၏ လက်ရှိအစိုးရတွင် ပါဝင် တာဝန်ထမ်းရွက်မှုသည် အသွင်ကူးပြောင်းရေးကာလ အတော အတွင်း တွေ့ကြု့ရမည့် အဖုအထစ်အခက်အခဲများကို လျှော့ကျစေနိုင်သည်။ ဤ ဒိဋ္ဌဓမ္မအခြေအနေများသည် နိုင်ငံရေးပြုပြင်ပြောင်းလဲ မှု ပေါ်ထွန်းရေးအတွက်၊ တပ်မတော်၏ အကျိုးစီးပွားများကိုလည်း အပြုသဘောဖြင့် နေရာပေးရမည်ဟု အဓိပ္ပါယ်ရပေသည်။ ထိုသို့ အစီအစဉ်များကို ဆောင်ရွက်ရာတွင် တပ်မတော်အား အပြုသဘောဆောင်သော နိုင်ငံတကာနှုန်းစံများ ဖေါ်ထုတ်ပြသရန်လိုအပ်ပေ သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂ (ILO)၊ ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည် ဆိုင်ရာ ကလေးများအရေးပေါ်ရံပုံငွေ အဖွဲ့(UNICEF)နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC)စသည့် အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးရေးအစီအစဉ်များသည် တပ်မတော်အတွက် လည်း လက်ခံနိုင်ဖွယ်ရာ အပြုသဘောဆောင်သည့် အစီအစဉ်များဖြစ်ကြောင်း၊ IBAHRI မစ်ရှင်အဖွဲ့အနေဖြင့် ထောက်ခံချက်ပေးလို ပါသည်။ အတိတ်က မှားယွင်းသော လုပ်ရပ်များကို ပစ္စုပ္ပန်တွင် မည်သို့ ကုစားရမည်ကို စဉ်းစားရမည့် အချိန်ရောက်ရှိလာသောအခါ၊ လက်တွေ့အကျိုးမျှော်ဝါဒနှင့် မူဝါဒစည်းမျဉ်းစည်းကမ်းတို့အကြားမှ အခြေအနေတင်းမာမှုသည် အထူး ထင်ထင်ထင်ရှားရှားပေါ်ထွက် လာတတ်သည်။ စစ်ရေး နိုင်ငံရေးပဋိပက္ခများအတွက် အဖြေရှာရာတွင်၊ ကျယ်ပြန့်သော မျှော်လင့်ချက်တခု ဖြစ်ပေါ်လာစေရန်၊  မြန်မာနိုင်ငံ၏ ဒီမိုကရေစီဆီသို့ ရှေ့ရှုချီတက်မှုက အားပေးတိုက်တွန်းလျှက်ရှိပါသည်။ သို့ရာတွင် ဓါးစာခံတဦးအနေဖြင့် ရှာဖွေသည့် အဖြေအမျိုးအစားသည် ၎င်းအပေါ်မတရားလုပ်ခဲ့သူ၏ စဉ်းစား အဖြေထုတ်ယူပုံနှင့်တော့ သိသိသာသာခြားနားနေမည်ဖြစ်သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၄၄၅ အား ခပ်ကျဉ်းကျဉ်း အဓိပ္ပါယ်ဖွင့်ဆိုလျှင်ပင်၊ ကင်းလွတ်ခွင့်ပေးထားသည်ကို တွေ့ရမည်၊ ထို ပြဋ္ဌာန်းချက်က – “တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျှက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။” – ဟု ဆိုသဖြင့် ကြီးမားသော ရာဇဝတ်မှုကျူးလွန်ခြင်းကိုပင် အကာအကွယ် ပေးထားသည်။

IBAHRI မစ်ရှင်အဖွဲ့၏ အမြင်တွင်၊ ဤသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၄၄၅ အား အနက်ဖွင့်ပါက အကြီးအကျယ် မှားလိမ့်မည်။

မည်သို့သော ဖြစ်ရပ်တွင်မဆို၊ မြန်မာနိုင်ငံ၏ အခြေခံရပိုင်ခွင့်ကို ကိုင်စွဲလျှက် တရားစွဲဆိုပါက၊ တာဝန်ရှိအဖွဲ့များသည် ကြီးမားသော အခွင့်အရေးချိုးဖေါက်သည့် စွဲဆိုချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုလုပ်ရမည်၊ အသိအမှတ်ပြုရမည်၊ ထို့နောက် လျော်ကြေး ပေးဆောင်စေရန် ကြိုးပမ်းဆောင်ရွက်ပေးရမည်။ မြန်မာလူထုအနေဖြင့် ၎င်းတို့၏ အတိတ်က ဖြစ်ရပ်များနှင့် ပတ်သက်၍ မည်သို့ သဘောထားဆောင်ရွက်ရမည်ကို၊ အပြင်မှ ပုဂ္ဂိုလ်များက ညွှန်ကြား၍ မရနိုင်ပေ။ သို့သော် ၎င်းတို့အနေဖြင့် နိုင်ငံတကာဥပဒေ အခြေအနေနှင့် အခြားနိုင်ငံများ၏အတွေ့အကြုံများကို အကျိုးရှိစွာ လေ့လာကြည့်ရှုနိုင်ပေသည်။ တောင်အာဖရိက၊ ဆီယာရာလီယွန် နှင့် လက်တင်အမေရိကမှ အသွင်ကူးပြောင်းရေးဖြစ်စဉ်များတွင်၊ အတိတ်က မကျေနပ်ချက်များကြောင့်ပေါ်ပေါက်ခဲ့သော လူမှုရေး ထိခိုက်နစ်နာချက်များကို လိုလိုလားလားကုစားဖြေရှင်းသည့် ခြေလှမ်းသည် လိုအပ်ချက်တရပ်ဖြစ်သည်။ အလားတူ မကျနပ်ချက်များကို စဉ်းစားဖြေရှင်းပေးရန် မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်၌ ဥပဒေအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာ အမှန်ပင် လိုအပ်ပေသည်။ သို့သော် ကော်မရှင်အနေဖြင့် အကျိုးဆောင်ခွင့်အာဏာ လုပ်ပိုင်ခွင့်ကို အသုံးပြုလျှက်၊ ဥပဒေအရ အပ်နှင်းသည့် လုပ်ပိုင်ခွင့်အာဏာရရှိရေးအတွက် အလေးအနက်တင်ပြ အရေးဆိုရပေမည်။ အားလုံးအကြုံးဝင်သော လွတ်ငြိမ်းချမ်းသာခွင့်နှင့် အတိတ်က ကျူးလွန်မှုများကို စုံစမ်းရန် ရည်ရွယ်ချက်ရှိရှိ မျက်ကွယ်ပြုခြင်းတို့သည် (မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေကို လိုက်နာရန် တာဝန်ရှိမှုအရ) ရှေ့နောက်ညီညွတ်မှု မရှိဖြစ်နေပေသည်။ သို့ဖြစ်သဖြင့် ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းများအား ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးထားခြင်းကို ရှောင်ရှားနိုင်ရန်  မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး အစီအစဉ်များဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေ၌ အပြစ်ပေးအရေးယူရန် ယေဘုယျအားဖြင့် မလုပ်လိုသည့်သဘောထား ကျယ်ပြန့်နေသော်လည်း၊  မြန်မာနိုင်ငံတွင် ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး ဥပဒေ) နှင့် ရာဇဝတ် တရားရုံးများရှိကြောင်း၊ IBAHRI မစ်ရှင်အဖွဲ့ အနေဖြင့် နောက်ဆုံး လေ့လာတွေ့ရှိရပေသည်။ စစ်သားများအနေဖြင့် စစ်မှုတာဝန်ထမ်းဆောင်ရာတွင် ရာဇဝတ်မှုများကျူးလွန်ခဲ့ပါက၊ ပြစ်မှုအရ  တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်သင့်သည်ဆိုသည့် ကိစ္စမှာ လုံလောက်သော အကြောင်းပြချက် မဟုတ်ပါ။ မှတ်သားဖွယ်ရာ ဖြစ်ရပ်တခု မှာ၊ မစ်ရှင်အဖွဲ့ခရီးစဉ်အတွင်း တပ်မတော်သားအချို့ကို တရားစွဲဆိုမှု တခုရှိခဲ့ကြောင်း၊ တာလောကြီးဆိုသည့် ကချင်ရွာတွင် ၂ဝ၁၂ ဇန္နဝါရီလ တွေ့ဆုံမေးမြန်းမှုတခုအတွင်း သိရှိခဲ့ရသည်။ ၂ဝ၁၁ ခုနှစ် အောက်တိုဘာတွင် အမျိုးသမီး ဆွမ်လွတ်ဂျာအား စစ်သားများက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်၊ သတ်ဖြတ်ခဲ့သည့် အမှုအတွက်၊ သေသူ၏ ခင်ပွန်းက တရားစွဲဆိုခဲ့သည်ကို၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ၂ဝ၁၂ ခုနှစ် အစောပိုင်းတွင် လက်ခံကြားနာခဲ့သည်။ သို့သော် နောက်ပိုင်း၌ အမှုကို ပလပ်ခဲ့ သည်။ ဤအမှုမျိုးသည် ချွင်းချက်ဖြစ်သော်လည်း အလွန်အရေးကြီးသောကိစ္စလည်း ဖြစ်ပါသည်။ ရာဇဝတ်မှုများကို တရားရုံးတင် စစ်ဆေးခြင်းသည် သာမန်လုပ်ရိုးလုပ်စဉ်ကိစ္စ ဖြစ်ပါသည်။ တရားဥပဒေ လုပ်ထုံးလုပ်နည်းများသည် ဓါးစာခံများအား ကုစားမှု ဆောင် ရွက်ပေးရန် တည်ရှိနေခြင်းဖြစ်ပါသည်။အပြစ်မရှိသူများအားလည်း သူတို့၏အမည်များကို အပြစ်မှဖယ်ရှားပေးရန်ဖြစ်သည်။ ဤလေ့လာ တွေ့ရှိချက်များသည် မြန်မာနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော ကိစ္စများ မဟုတ်ပါ။ ၎င်းတို့မှာ မြန်မာနိုင်ငံ ကတိကဝတ်ပြုထားသော ဥပဒေစိုးမိုးရေးမှ ပေါ်ထွက်လာသည့် ဖြစ်ရပ်များဖြစ်သည်။ တရားဥပဒေအပြည့်အဝစိုးမိုးရေးကို ပြန်လည်ထူထောင်ခြင်းအားဖြင့် တပ်မတော်၏  အရေးပါသော အခန်းကဏ္ဍကိုလည်း ပြန်လည် ဖေါ်ဆောင်ပေးရာရောက်သည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ရိုးရာအစဉ်အလာနှင့်အညီ ဥပဒေစိုးမိုးရေးနှင့် တပ်မတော်တို့အား အသိအမှတ်ပြုရာရောက်ပေသည်။

မှတ်ချက်။     ။ “နိုင်ငံတကာရှေ့နေများ လူ့အခွင့်အရေးဆိုင်ရာ အစည်းအရုံး” International Bar Association’s Human Rights Institute (IBAHRI) ၏ အချက်အလက်ရှာဖွေလေ့လာရေး မစ်ရှင်အဖွဲ့ တဖွဲ့ကို ၂ဝ၁၂ ခုနှစ် သြဂုတ်လ (၁၁)မှ (၁၈)ရက်အတောအတွင်း မြန်မာနိုင်ငံရှိ အရေးပါသော မြို့ကြီးများသို့ စေလွှတ်ခဲ့ဖူးသည်။ ၎င်းအဖွဲ့၏ အစီရင်ခံစာ The Rule of Law in Myanmar: Challenges and Prospects (2012 December) မှ “စစ်ဖက်ဆိုင်ရာ နယ်ပယ်  –   တပ်မတော်၏ အခန်းကဏ္ဍ”  (The Military Sphere: the Role of the Army) ကဏ္ဍအပေါ် ရှုမြင်သုံးသပ်ချက်ကို မြန်မာပြန်ဆို တင်ပြထားခြင်းဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဇင်လင်း, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments