ကျော်မောင် (တိုင်းတာရေး) ● ဘောလုံးကန်နေကြတာလား

March 18, 2018

● ဘောလုံးကန်နေကြတာလား
(မိုးမခ) မတ်လ ၁၈၊ ၂၀၁၈

သူတို့မြို့မှာက ဆောင်းအကုန် နွေအကူးလောက်ဆိုရင် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲလုပ်လေ့ရှိတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ ပွဲပဲ ဆိုပါစို့။ ဒီနှစ်မှာတော့ လူငယ်ခြေသစ်လေးတွေကို ရပ်ကွက်တိုင်းလိုလိုက ဘောလုံးကွင်းထဲ ရောက်အောင် ပို့ကြပုံရတယ်။ အရင်ပါနေကြ ကစားသမားဟောင်းကြီးတွေကတော့ နည်းပြတို့ လက်ထောက်တို့ ဖြစ်လာကြတာပေါ့။ မြို့ရဲ့ တခုတည်းသော ဘောလုံးကွင်းကြီးနားမှာရှိတဲ့ရပ်ကွက်ကိုတော့ ဘောလုံးကွင်းရပ်ကွက်လို့ ခေါ်ကြတယ်။ တခြားရပ်ကွက် တွေ အမှတ် (၁)၊ အမှတ် (၂) လို့ရှိရာမှာ သူက အမှတ် (၃) ရပ်ကွက်။ သူတို့ရပ်ကွက်ကို လူပုဂ္ဂိုလ်နာမည်အနေနဲ့လည်း မှည့်ဆိုထားကြသေးတယ်။ အဲဒီတော့ သုံးမည်ရ ရပ်ကွက်ဖြစ်တယ်။ ဒါပေမဲ့ ဘောလုံးကွင်းရပ်ကွက်လို့ပဲ လူသိများတယ်။
သူတို့ရပ်ကွက်မှာ နှစ်နှစ်ကြီး နှစ်နှစ်ငယ် ညီအစ်ကို နှစ်ယောက် အရွယ်ရောက်လာကြတယ်။ ဘောလုံးအသင်းဖွဲ့တဲ့အခါ ရပ်ကွက်အသင်းနည်းပြက မင်းသားကောလိပ်ဂျင်နေ၀င်းထက်တောင် စတိုင်ကျတဲ့သူ။ သူက ကျောင်းဆရာဟောင်း။ ဘောလုံးကန်ကောင်းခဲ့တဲ့သူ။ နှုတ်ခမ်းမွှေးသဲ့သဲ့နဲ့၊ နေကာမျက်မှန်နက်တပ်ပြီး မပြုံးမရယ်နေတဲ့သူ။ နည်းပြဖြစ်လာတဲ့အခါ ရပ်ကွက်ထဲ ဘောလုံးကစားကြတဲ့ လူငယ်တွေအထဲကနေ စိတ်ကြိုက်ရွေးပြီး အသင်းကို စနစ်တကျဖွဲ့တယ်။ ခုနက ညီအစ်ကိုနှစ်ယောက်ကိုလည်း ရပ်ကွက်အသင်းအတွက် ရွေးလိုက်တယ်။ အစ်ကိုဖြစ်သူကို ရှေ့တန်းတိုက်စစ်မှူးအနေနဲ့ သာမက အသင်းကပ္ပတိန်အဖြစ်ပါ အသင်းကို ဦးဆောင်စေတယ်။ ညီဖြစ်သူက အရပ်မြင့်မြင့်မားမားရှိတဲ့အတွက် နောက်တန်းမှာ ဂိုးသမားကို ကူညီရတယ်။ ကိုးတန်းကျောင်းသားဘ၀မှာ အားကစားအတော်လိုက်စားခဲ့တဲ့ လူငယ်။ မာရသွန်တို့၊ အမြင့်ခုန် အလွတ်ခုန်ပြိုင်ပွဲတို့ စတဲ့ ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ ပြိုင်ခဲ့ဖူးတဲ့ ဇ ရှိတဲ့သူ။

သူတို့ ညီအစ်ကိုနှစ်ယောက် ဒီလိုမျိုး ရပ်ကွက်လက်ရွေးစင်တွေ ဖြစ်နေတဲ့ သတင်း အိမ်ကို ပေးမသိရဲဘူး။ အဖေနဲ့ အစ်မက (သူတို့က သူတို့အမေကို အစ်မ လို့ ခေါ်ကြတယ်) ဘောလုံးကန်တာကို သဘောမကျဘူး။ သဘောမကျဘူးဆိုတာကလည်း ဒီ အားကစားနည်းက သူတို့ နယ်ဖက်မှာတော့ အတော်ကို တွန်းတွန်းတိုက်တိုက်ကစားကြတာများတယ်။ သူတို့ သားတွေ ထိမှာ ခိုက်မှာ ကျိုးမှာ ပဲ့မှာ ဒဏ်ရာဖြစ်မှာကို အလွန်စိုးရွံ့ကြတယ်။ နောက်တချက်က သူတို့မိသားစု အိမ်တွင်းလုပ်ငန်းအနေနဲ့ ပဲလှော်တဲ့ လုပ်ငန်းလည်း ရှိတာတကြောင်းပဲ။ သားနှစ်ယောက်က ပဲလှော်တဲ့နေရာမှာ အားကိုးနေရပြီ။ “ဗီတာမင် ပဲလှော်” ဆိုပြီးပဲလှော်ထုပ်တံဆိပ်ပေးထားတယ်။ အစ်မနှစ်ယောက်ကလည်း မောင်တွေ အကြောင်း  ဟိုက ဒီက ကြားပေမဲ့ အဖေနဲ့ အစ်မကိုတော့ သွားမပြောရဲကြဘူး။

အဲဒါနဲ့ နေ့တိုင်းနီးပါးလေ့ကျင့်ရတဲ့အခါ အစ်ကိုနဲ့ ညီက တယောက်တလှည့်စီ အိမ်က မသိအောင် အပြင်ထွက်ပြီး လေ့ကျင့်ကွင်းဆီ သွားကျင့်ကြရတယ်။ နောက်ပိုင်းကျတော့မှ အသင်းနည်းပြက အိမ်ကိုလာပြီး သေသေချာချာရှင်းပြ၊ သူကလည်း မိဘတွေနဲ့ ခင်မင်ရင်းစွဲရှိနေတာဖြစ်တဲ့အတွက် ၀မ်းသာအားရ လက်ခံပေးကြပါတယ်။ ပဲလှော်တဲ့ အချိန်တွေကို လျှော့ပြီး ဘောလုံးကန်လေ့ကျင့်ဖို့ အချိန်ရလာတယ်။ အဖေက မှာရှာတယ်၊ သူ့သားတွေ ဘောလုံးကစားရာမှာ ထိခိုက်အနာတရမဖြစ်စေဖို့နဲ့ ရန်မဖြစ်ကြဖို့။ အစ်မကတော့ ပြုံးပြီးပြောတယ် “အင်းလေ သူတို့ အဖေတုန်းကလည်း ကုန်ရောင်းကုန်ဝယ်လုပ်နေတာတောင်မှ ဘောလုံးကန်နေတာ မတွေ့လိုက်နဲ့၊ တွေ့တဲ့နေရာ အနီးအနား သယ်လာတဲ့ပစ္စည်းတွေ ချ၊ ပုဆိုးခါးတောင်းကျိုက်၊ ပြီးရင် ဘောလုံးကန်နေတဲ့သူတွေဟာ နယ်ခံလူဆိုးတွေဖြစ်ဖြစ် လူကောင်းတွေဖြစ်ဖြစ် လူရွေးမနေဘဲ ကွင်းပြောင်ပြောင်ထဲမှာ ဘောလုံးဝင်ကန်ခဲ့သူပဲ၊ အဖေတူတွေပေါ့တော်”တဲ့။ အဖေက ရယ်ရှာတယ်။

အုပ်စုပွဲတွေ တပွဲပြီး တပွဲ ကန်လာလိုက်ကြတာ သူတို့ အသင်းလည်း တဖြည်းဖြည်းနဲ့ ဗိုလ်လုပွဲအထိ တက်လာပါရော။ သူတို့ညီအစ်ကိုနှစ်ယောက်မှာလည်း နာမည်ကြီးလို့။ အစ်ကိုက တဖက်ဂိုးနားမှာ ပြစ်ဒဏ်ဘောသာရရင် ဂိုးအောင်ကန်နိုင်သူ။ အဲဒီကာလတုန်းက ဒေးဗစ်ဘက်ခ်ခမ်းတောင် မမွေးသေးဘူး။ ညီက ထောင့်ကန်ဘောကို ကန်ရာမှာ ဂိုးပေါက်ထဲကို တခါတည်း တိုက်ရိုက်ဝင်တဲ့သူ။ နောက်တန်းမှာလည်း တဖက်အသင်း တိုက်စစ်မှူးတွေ တိုက်စစ်ဆင်ရင်း ဂိုးသမားနဲ့ မတွေ့ခင် သူနဲ့အရင် တွေ့ရတာ။ သူဖျက်တာကို ကျော်နိုင်လွှားနိုင်မှ လိမ်ခေါက်နိုင်မှ ဂိုးသွင်းခွင့်ရကြတာ။ အဲဒီလို ညီအစ်ကိုနှစ်ယောက် ရှေ့တန်းနဲ့ နောက်တန်းမှာ အစွမ်းပြလာလိုက်ကြတာ ဗိုလ်လုပွဲတက်လာတဲ့အထိပဲ။

ဗိုလ်လုပွဲကန်မယ့် နေ့မရောက်ခင် ညဦးပိုင်းမှာ ရပ်ကွက်လူကြီးတွေ၊ နည်းပြတွေ အသင်းအုပ်ချုပ်သူတွေ တံခါးပိတ်ဆွေးနွေးမှုလုပ်ကြတယ်။ နည်းပြက “ခဏလေး ခဏလေး၊ ကျနော် ကပ္ပတိန်ကို ခေါ်ခိုင်းလိုက်ဦးမယ်”လို့ဆိုပြီး သွားခေါ်ခိုင်းလိုက်တယ်။

အသင်းခေါင်းဆောင်ရောက်လာတဲ့အခါ ဆွေးနွေးတိုင်ပင်ထားကြတာတွေကို ပြောကြဆိုကြတယ်။ ရှေ့တန်းတိုက်စစ်မှူးကြီး တဖြစ်လဲ ကပ္ပတိန်လည်း အစပိုင်းမှာ ရှူးရှူးရှဲရှဲနဲ့ ဒေါတွေကန်တာပေါ့။ ဘာကြောင့် ဒီလို ဒေါကန်သလဲဆိုရင် သူတို့ဆွေးနွေး နေတာက မနက်ဖြန်ကန်မယ့်ပွဲမှာ သရေဖြစ်အောင် ကန်ကြမယ်ဆိုတာပဲ။ အဲဒီခေတ်က အခုကာလလို အချိန်ပိုတွေ ပယ်နယ်တီတွေ မရှိသေးဘူး။ ပွဲချိန်စေ့လို့ နှစ်သင်းစလုံး ဂိုးမရကြလို့ပဲဖြစ်ဖြစ် ဂိုးအရေအတွက် တူနေလို့ပဲဖြစ်ဖြစ် သရေကျ နေရင် ပူးတွဲချန်ပီယံပဲ။ တစ်သင်းကို ခြောက်လစီ ဆုဖလားကို ပိုင်ဆိုင်ခွင့်ရှိတယ်။ သူတို့ ဒီညလုပ်နေတဲ့ တံခါးပိတ်ဆွေး နွေးပွဲမတိုင်မီမှာ ဟိုဘက်ရပ်ကွက်က တာဝန်ရှိသူတွေ လာညှိသွားတာလေးရှိတယ်။ ဟိုဘက်ရပ်ကွက်ဆိုတာ ဗိုလ်လုပွဲမှာ တွေ့မယ့် ပြိုင်ဘက်အသင်းရပ်ကွက်ပဲ။ သရေကန်ကြမယ်ပေါ့။ ဂိုးမရှိ သရေ။

လာညှိတာကို လက်မခံဘဲ သူနိုင်ကိုယ်နိုင်ကန်ရင် နိုင်ချင်လည်း နိုင်မယ်၊ ရှုံးချင်လည်းရှုံးမယ်။ သေချာတာက ပူးတွဲဆုဆိုတာ ရှိတဲ့အတွက် သရေကျအောင် ကန်နိုင်ရင် သူလည်း ချန်ပီယံ ငါလည်း ချန်ပီယံပဲ။ ဒါက ရာနှုန်းပြည့် သေချာတယ်။ စသဖြင့် လှည့်ပတ်ပြောကြပြီး အသင်းခေါင်းဆောင် လက်ခံသွားတဲ့အခါ အားလုံးက သူ့ကို တာဝန်ပေးလိုက်တယ်။ မနက်ဖြန် ပွဲမစမီမှာ မင်းပဲ ကိုယ့်အသင်းကိုယ် နားလည်အောင် ပြောထားပြီး ဟန်မပျက်အောင် ကန်ကြ။

ရပ်ကွက်ဘောလုံးအသင်းခေါင်းဆောင်ဟာ စိတ်ဆင်းရဲကြီးစွာနဲ့ အိမ်ကို ပြန်တယ်။ ရင်ထဲမှာတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲ။ ကန်ဆိုလည်း နိုင်အောင် ကန်ရမှာပေါ့။ ဘာ တ၀က် တ၀က်လည်း။ အဲဒီညက သူအိပ်မပျော်ဘူး။ အကြိတ်အနယ်ပြောဆိုခဲ့ကြတာမှာ“ကျနော် ဒီပွဲ မကန်တော့ဘူးဗျာ”လို့တောင် ပြောခဲ့မိသလားပဲ။ ဘေးနားမှာတော့ ညီဖြစ်သူ နောက်တန်းသမားကြီး၊ သူတို့အသင်းရဲ့ အုတ်တံတိုင်းကြီးက ဟောက်တောင် ဟောက်နေပြီ။ “ဟေ့ ဆွဲသွား ဆွဲသွား အပိုင်ကန်ထည့်”လို့တောင် ယောင်နေသေးတယ်။ ဒီကောင်က နောက်တန်းကသာဆိုတယ် ရှေ့တန်းတို့ အလယ်တန်းတို့မှာ ကန်နေတဲ့သူတွေကို သိပ်အားရတာမဟုတ်ဘူး။ ပွဲတိုင်းမှာ သူစောဒကတက်တဲ့အသံကို မနည်း သည်းခံပြီး ကစားနေရတာ။ ဘောလုံးကန်ရင် နိုင်စေချင်တဲ့အပြင် ကိုယ့်ဆီကနေလည်း တဂိုးမှ ပေးရတာမျိုး မဖြစ်စေအောင် စွမ်းစွမ်းတမံကန်တဲ့သူ။ ငါ မနက်ရောက်ရင် ဟိုအကြောင်းကို သူ့အရင် ပြောပြထားရင် ကောင်းမလား။ အစ်ကိုက တွေးနေရင်း တွေးနေရင်း စိတ်ပင်ပန်းလာပြီး မှေးကနဲ အိပ်ပျော်သွားတော့တယ်။

မနက်ရောက်တဲ့အခါ ညီရဲ့ အခြေအနေကို ကြည့်ရတယ်။ ဗိုလ်လုပွဲအတွက် တက်ကြွနေတဲ့ သူ့ညီကို ကြည့်ပြီး အခြေအနေကို  ပြောမထွက်ဘူးဖြစ်နေတယ်။ နောက်ဆုံးတော့ “မပြောလဲ ဖြစ်တာပဲ၊ ဂိုးသွင်းမှာ ဒို့ရှေ့တန်းကလူတွေပဲ သွင်းတာ များတာပဲ။ ထောင့်ကန်ဘောလဲ သူမကန်စေဘဲ ငါနဲ့ တခြားကစားသမားတွေပဲ ကန်ကြတာပေါ့” ဒီလိုလေး တွေးလိုက်ပြီး မနက်ပိုင်း လေ့ကျင့်ရာကွင်းဆီ သွားဖို့ ပြင်တယ်။ ဒီနေ့မှာမှ ဖြစ်ပုံက ပဲလှော်လာယူတဲ့ ဖောက်သည်တွေက များလာတယ်။ ဗိုလ်လုပွဲမှာ ရောင်းကြဖို့ပဲ။ ညီက သူမလိုက်သေးဘူး၊ နည်းပြကြီးကိုသာ ကြည့်ပြောထားလိုက်၊ အဖေ့ကို ကူပြီးမှ လိုက်ခဲ့မယ်လို့ ပြောတယ်။

အသင်းသားတွေနဲ့ တွေ့တဲ့အခါ ညက အစီအစဉ်ကို သူတို့ လက်ခံအောင် ပြောရဆိုရတယ်။ လေ့ကျင့်တဲ့ကွင်းကို ထောင့်ကန်ဘောပါရဂူက နောက်ကျပြီးမှ ရောက်လာတယ်။ ပဲလှော်အမှာတွေ ပြတ်အောင် ကူနေရလို့လို့ အကြောင်းပြတယ်။ ဖြူဝင်းတဲ့သူ့မျက်နှာမှာ ချွေးလေးတွေ စို့နေတာ တွေ့ရတယ်။

ပြိုင်ပွဲကျင်းပချိန်ရောက်တဲ့အခါ ဗိုလ်လုပွဲကစားကြပါတယ်။ ပွဲမစီမီ အသင်းကပ္ပတိန်နှစ်ယောက် လက်ဆွဲနှုတ်ဆက်ကြ တဲ့အခါ  တယောက်နဲ့ တယောက် ပြုံးပြကြတယ်။ တယောက်ရဲ့ အပြုံးကို တယောက်နားလည်ကြတယ်။ ပြိုင်ဖက်အသင်းရဲ့ ကပ္ပတိန်က သူနဲ့ အထက်တန်းကျောင်းမှာတုန်းက ကျောင်းနေဖက် သူငယ်ချင်းပဲ။ ရပ်ကွက်မတူလို့ အခုလို ဗိုလ်လုပွဲမှာ ကပ္ပတိန်တွေအနေနဲ့ လာတွေ့ကြတာ။ ဘောလုံးကစားတာ ကောင်းတယ်လို့ နာမည်ကျော်တယ်။ ဒိုင်လူကြီးကနေ ပွဲစမယ့် ခရာမတွတ်ခင်မှာ ဘောလုံးကွင်းရပ်ကွက် အသင်းခေါင်းဆောင်ဟာ သူစိတ်ထဲ တခုခုလိုနေသလို ခံစားလိုက်ရတယ်။ နောက်တန်းက သူ့ညီကို လှမ်းတွေ့လိုက်မှ ဟိုအကြောင်း ပွဲမစခင် ကပ်ပြောလိုက်ရင်ကောင်းမလားလို့ သတိရသွားပေမယ့် ပထမပိုင်းပွဲပြီးလို့ နားချိန်ရောက်မှ သူ့ညီနားလည်မယ့် စကားမျိုးနဲ့ ပြောမယ်လို့ စိတ်ထဲ တေးမှတ်ထားလိုက်တယ်။

ဘောလုံးပွဲဟာ မြို့ခံလူထုသာမက အနီးအနားရွာနီးချုပ်စပ်က နယ်ပရိတ်သတ် မြို့ပရိသတ်နဲ့ အတော်ကို စည်စည်ကားကား အားပေးကြည့်ရှုကြတဲ့ပွဲ ဖြစ်ပါတယ်။ နှစ်ဖက်အသင်းကလည်း ကွင်းလယ်လောက်မှာ တဖက်နဲ့ တဖက် သူတင်ကိုယ်တင် ကန်နေကြတယ်။ နှစ်သင်းစလုံးရဲ့ တူညီချက်က တဖက်ဂိုးနားရောက်ရင် ဂိုးပေါက်လွဲရတာနဲ့ ချော်လဲရတာနဲ့ ခပ်ပျော့ပျော့လေး ကန်သွင်းရတာနဲ့ တဖက်နောက်တန်းတွေရဲ့ ချေဖျက်မှုကို အသာတကြည်လက်ခံလိုက်ရတာနဲ့ ဖြစ်နေတာ များတာပါပဲ။

ပြစ်ဒဏ်ဘောတွေမှာ နာမည်ကြီးတဲ့ ဘောလုံးကွင်းရပ်ကွက်ကပ္ပတိန်လည်း ရတဲ့ဘောတွေ ကန်ချက်လွဲတာချည်းပဲ။ ပရိသတ်ကတော့ ဟာကနဲ ဟင်ကနဲပေါ့။ ထောင့်ကန်ဘောတွေ ရတဲ့အခါ ညီက ခါတိုင်းပွဲတွေလိုပဲ သူကန်မယ်ဆိုပြီး နောက်ကနေ ပြေးပြေးပြီးလာတယ်။ အစ်ကို ကပ္ပတိန်က “မင်း နေ နေ ငါကန်မယ်” ဆိုပြီး အရင်ဦးအောင် သွားသွားပြီး ကန်တယ်။ သူ့မကန်ခိုင်းလို့ ဒေါကန်တာက တကြောင်း၊ အစ်ကိုကန်တဲ့ ထောင့်ကန်ဘောတွေဟာ ဂိုးလွန်ဘောတွေပဲ ဖြစ်ဖြစ်နေတာ တကြောင်း၊ တဖက်အသင်းရဲ့ နောက်တန်းကို မဖောက်နိုင်ဘဲ ရှေ့တန်းတိုက်စစ်မှူးတွေ ဘယ်တောင်ပံရော ညာတောင်ပံရော ညံ့ချက်များနေတာ တကြောင်း၊ အလယ်တန်းကလည်း ခပ်အေးအေးပဲ ကွင်းလယ်မှာပဲ ဘောလုံးကို အချိန်ဆွဲပြီး လိမ်ဖယ်လိမ်ဖယ် ကန်နေတာ တကြောင်း စတဲ့ အကြောင်းများစွာကို ညီတစ်ယောက် ကန်နေရင်းမှာပဲ သတိထားမိလာတယ်။ အားမလို အားမရဖြစ်လာပြီး စပြီး အော်ပါတော့တယ်။

“ဟေ့ မင်းတို့ ဘောလုံးကန်နေကြတာလား” ဆိုတဲ့ စကားကို သူ့အသင်းက ကစားသမားတွေ သူလှမ်းပြောလို့ ရတဲ့ နေရာ ရောက်လာတိုင်း ပြောပြောနေတယ်။ နောက်ပိုင်းမှာ ထောင့်ကန်ဘောရရင် သူပဲ မရရအောင် အတင်း သွားကန်တယ်။ ဒေါကန်နေတဲ့အတွက် ကန်ရတာ အဆင်မပြေဘူး။ လက်ပစ်ဘောမြှောက်ရမယ်ဆိုလည်း သူပဲ သွားမြှောက်တယ်။ ပြစ်ဒဏ်ဘောဆိုလည်း သူ့အစ်ကို မကန်စေဘဲ သူပဲ ရအောင် ကန်တယ်။ ကန်နေကြမဟုတ်တဲ့အတွက် ဂိုးမ၀င်ဘူး၊ တဖက်က ဂိုးသမား အသာတကြည်နဲ့ ဖမ်းနိုင်တဲ့ အလုံးတွေ ဖြစ်ဖြစ်သွားတယ်။ အစ်ကိုကတော့ သူ့ညီကို ဒေါသလျှော့ဖို့ ခြေဟန်လက်ဟန်ပြရှာတယ်။

ဒီလိုနဲ့ ပထမပိုင်းပြီးလို့ ဘယ်အသင်းကမှ ဂိုးမရရှိသေးဘဲ သရေဖြစ်ပြီး အနားပေးချိန်ရောက်လာပါတော့တယ်။ ဒေါသထွက်ပြီး မျက်နှာတခုလုံး နီရဲနေတဲ့ ညီကို အသင်းနည်းပြလည်း ရှင်းပြဖို့ ၀န်လေးနေတယ်။ ညီကလည်း ကစားဖော်တွေ တယောက်ချင်းဆီ လိုက်ကြည့်ပြီး “ဟေ့ မင်းတို့ ဘောလုံးကန်နေကြတာလား” ဆိုတာပဲ ထပ်ခါတလဲလဲ ပြောတယ်။ အားလုံးကလည်း ညီကို အားနာတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ ဘယ်သူမှ ဘာမှ မပြောနိုင်ကြဘူး။ နားချိန်မှာ ပြောမယ်လို့ ကြံထားတဲ့ အစ်ကိုလည်း မပြောဖြစ်တော့ဘူး။

ဒုတိယပိုင်းကန်တဲ့အခါ ပွဲက ပိုပြီး ကြည့်ကောင်းလာတယ်။ နှစ်ဖက်အသင်းတွေရဲ့ ကန်ချက်တွေဟာ တဒိုင်းဒိုင်းနဲ့ ဖြစ်လာ တယ်။ ပွဲကြည့်ပရိသတ်တွေကလည်း ရပ်ကွက်နာမည်တွေ ခေါ်ပြီး ဘောလုံးကွင်း ဘောလုံးကွင်း ဒိုင်း ဒိုင်း ၊ အမှတ်တစ် အမှတ်တစ် ဒိုင်း ဒိုင်း လို့ ဟစ်ကြွေးသံတွေ သောသောညံနေကြတယ်။ နိုင်တဲ့သူက ဒိုင်းဆုရမှာ ဖြစ်တယ်။ ဒါကြောင့် ဒိုင်း ဒိုင်းလို့ အော်ကြတာ။ ပရိသတ်က ဘယ်လိုပဲ တက်တက်ကြွကြွနဲ့ အားပေးနေပေမယ့် ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ကြ သေးဘူး။ ဘယ်သွင်းနိုင်ကြပါ့မလဲ၊ ဂိုးမရှိ သရေကန်မယ်လို့ သဘောတူထားကြတာကိုး။

ဒီပွဲမှာ ရှေ့ပြေးလိုက် နောက်ဆင်းလိုက်နဲ့ တကွင်းလုံး လိုက်ကန်နေတာက တယောက်ပဲရှိတယ်။ အဲဒါ ညီပဲ။ သူက ကန်လည်း ကန်တယ်။ ပြောလည်း ပြောတယ်။ “ဘောလုံး ငါ့ကိုပေး ငါ့ကိုပေး” ဆိုတာ။ သူရရင် ဘယ်သူ့ကိုမှ မပေးတော့ဘူး။ သူတယောက်တည်းပဲ တဖက်ဂိုးအထိ ဆွဲပြေးပြီး ဂိုးသွင်းတယ်။ သဘောက အသင်းက ကစားသမားတွေကို သူမကျေ မနပ်ဖြစ်နေတာ။ မင်းတို့ မသွင်းရင် ငါသွင်းပြမယ်ဆိုတဲ့ ပုံစံချိုးတာ။ သူတို့ရဲ့ ရပ်ကွက်ပရိသတ်က သူ့ကို သောသောညံအောင် အားပေးတယ်။

ဒါပေမဲ့ ဘောလုံးကန်တယ်ဆိုတာ တယောက်တည်းကန်လို့မှမရတာ။ အသင်းလိုက် ညီညီညွတ်ညွှတ်နဲ့ အပေးအယူမျှမျှတတနဲ့ ကန်ရတာ။ တဦးတယောက်ကောင်း ကန်နေရင် အဲဒီကစားသမား မောမှာပဲ။ ခြေကျလာမှာပဲ။ အမှန်လည်း ညီ မောနေပြီ။ သက်လုံကောင်းပေမဲ့ ကြာလာတဲ့အခါ လှုပ်ရှားမှုတွေ လေးလံလာတယ်။ ပွဲမပြီးခင် မိနစ်ပိုင်းမှာ သူနောက်တန်းမှာပဲ ကစားတော့တယ်။

ပွဲပြီးသွားတယ်။ ညှိထားကြတဲ့အတိုင်း ဂိုးမရှိ သရေဖြစ်တဲ့အတွက် ပူးတွဲဒိုင်းကို နှစ်သင်းစလုံးရရှိသွားတယ်။ ညီဖြစ်သူ အကောင်းဆုံးဘောလုံးသမားဆု ရမရတော့ မသိဘူး။ ရခဲ့တယ်လို့လည်း ပြောသံမကြားရဘူး။ ရခဲ့ရင်လည်း ရခဲ့တဲ့အကြောင်း ကို သူပြောချင်စိတ်ရှိမှာ မဟုတ်ဘူး။ ညဖက်မှာ ရပ်ကွက်က ကျင်းပတဲ့ ဂုဏ်ပြုညစာစားပွဲပြီးလို့ အိမ်ရောက်တဲ့အခါ သူက အဖေ့ကို တိုးတိုးလေး ကပ်ပြောတယ်။ သူက ဘာသေရည်သေရက်မှ သောက်စားထားခြင်းမရှိဘူး။

“အဖေ ကျနော် ရိပ်မိလိုက်တာ ပထမပိုင်း မပြီးခင် မိနစ်ပိုင်းလေးမှာပဲ။ တဖက်အသင်း ကပ္ပတိန်က ကျနော့်ကို ကျော်ပြီး လိမ်ခေါက်သွားနိုင်ပေမဲ့ သေချာပေါက်ဂိုးသွင်းနိုင်ရမယ့်အလုံးကို သူမသွင်းခဲ့ဘူး။ ပြီးတော့ သူ ကျနော့်ကို ကြည့်သွားတဲ့ အကြည့်ကို ကျနော် နားလည်မိသွားလို့ပဲ။ သူ့အကြည့်က မင်းလည်း အားကစားသမားကောင်းပါ၊ ဒါပေမဲ့ အခြေအနေကို မင်းနားလည်ရမယ်ဆိုတဲ့ အကြည့်မျိုးပဲ”

နောင် နှစ်ပေါင်းနှစ်ဆယ်လောက်ကြာတဲ့အခါမှာ ညီ ဖြစ်သူဟာ ကွင်းလယ်ဒိုင် ဖြစ်လာခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်တုန်းက ရပ်ကွက်ဗိုလ်လုပွဲပြီးသွားပြီး နောက်ပိုင်းမှာ သူဟာ ကစားသမားအဖြစ်နဲ့ ကွင်းထဲမှာ ရှိမနေတော့ဘူး။ ကပ္ပတိန်ဖြစ်ခဲ့တဲ့ အစ်ကိုကတော့ အခုအသက်ခြောက်ဆယ်ပြည့်တော့မယ့်အထိ တီဗီကလာတဲ့ ဘောလုံးပွဲကိုတောင် ဘယ်သောအခါမှ ပွဲချိန်ပြည့်အောင် ကြည့်တယ်လို့ မရှိတော့ဘူး။

ဘာပဲပြောပြော တချိန်တခါကတော့ ဘောလုံးကွင်းရပ်ကွက်ဆိုတဲ့ အရပ်ကနေ ကိုယ်စားပြုပြီး  ညီအစ်ကိုနှစ်ယောက် တသင်းထဲ ဘောလုံးကန်ခဲ့ရုံသာမက ရပ်ကွက်အတွက် ဒိုင်းဆုကြီးကို နှစ်တ၀က်သိမ်းပိုက်ပေးနိုင်ခဲ့တာကတော့ ရပ်ကွက်သမိုင်းမှာ မြို့သမိုင်းမှာ မတွင်လည်း မိသားစုအစဉ်အဆက်ထဲမှာ ရှေးဟောင်းနှောင်းဖြစ်အနေနဲ့ ပြောကြဆိုနေကြဦး မှာပါပဲ။

ဘယ်လိုပဲ ဘောလုံးကွင်းစည်းမျဉ်းစည်းကမ်းတွေ ပြောင်းပြောင်း ဘောလုံးပွဲတွေကတော့ ရှိနေကြ ကန်နေကြဦးမှာပဲ။ ပူးတွဲချန်ပီယံဆိုတဲ့ စည်းကမ်းချက်ကလည်း ပျက်သုဉ်းခဲ့တာ ကြာခဲ့ပါပြီပကော။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်